အခန်း (၈၁၅-၈၁၇)
Vol. 55 Ch. 815-817
အခန်း ၈၁၅ - လှုပ်ရှားခြင်းအဆင့်သို့ ရောက်ရှိခြင်း
ဘိုင်ချန်သည် အမှန်တကယ်ပင် ကျရှုံးခဲ့ခြင်း ဖြစ်သည်။ သူသည် ယီယွင်ကို လှမ်းမေးခဲ့ခြင်းမှာ မိမိထက် ပိုညံ့သော အဖော်တစ်ဦးကို ရှာဖွေပြီး စိတ်သက်သာရာ ရလိုခြင်းကြောင့်သာ ဖြစ်သည်။ အကယ်၍ ယီယွင်သည် သူ့ထက် ပိုညံ့နေပါက စိတ်ဓာတ်ကို ပြန်လည် တည်ငြိမ်စေရန်အတွက် အောက်ဆုံးတွင် အဖော်လုပ်ပေးမည့်သူ တစ်ဦးရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း ယီယွင်က နတ်ဘုရားကျောက်တိုင်၏ အသိအမှတ်ပြုမှုကို ရခဲ့သည်ဟု ဆိုလိုက်သောကြောင့် သူ မယုံကြည်နိုင် ဖြစ်နေသည်။
လော့ဖုန်းလင်၏ ပုံစံအရ သူမသည်ပင် ခုနစ်ရောင်ခြယ် ဖီးနစ်ကျောက်တိုင်၏ အသိအမှတ်ပြုမှုကို ကပ်သီးကပ်သတ်သာ ရရှိထားပုံရသည်။ ထိုသို့ဆိုလျှင် သူတစ်ယောက်တည်းသာ ကျရှုံးခဲ့သော လူသစ်ဖြစ်နေသလား သို့မဟုတ် ယီယွင်က ကြွားလုံးထုတ်နေခြင်းလော။
"ကဲ... အပိုစကားတွေ တော်တော့ ဖီးနစ်ဖာမီယားနားပြည်နယ်က ကျင့်ကြံသူတွေ ဘေးမှာ စောင့်နေကြ၊ မကြာခင် မင်းတို့အလှည့် ရောက်လိမ့်မယ်။ မီးလျှံတိမ်တိုက်ပြည်နယ်က ကျင့်ကြံသူတွေ ဒီဘက်ကို လာခဲ့ကြ" အရှင်ကန်းမန်သည် တပည့်များကြားမှ ပဋိပက္ခကို အရေးမစိုက်ပေ။
"ဖေးတစ်သောင်းကောင်းကင်ဘုံ" တွင် ရှင်သန်ရန်အတွက် ပြင်းထန်သော ပြိုင်ဆိုင်မှုမှာ မရှိမဖြစ် လိုအပ်သည်။ မဟုတ်ပါက လော့မျိုးနွယ်စုသည် ဤမျှကြာအောင် ရှင်သန်နိုင်မည် မဟုတ်ပေ။
"ဖွင့်စေ"
အရှင်ကန်းမန်သည် ခြေတစ်ဖက်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ၏ ကိုယ်ပေါ်မှ မြွေကြီးမှာ ပါးစပ်ဟပြီး အနီရောင်လျှာကို ထုတ်လိုက်သည်။
မြွေလျှာပေါ်တွင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသော တောက်ပသည့် မှော်စာလုံးများပါရှိသည်။ ထိုမှော်စာလုံးများကို အရှင်ကန်းမန်က မြွေပါးစပ်ထဲသို့ ကြိုတင် ထည့်သွင်းထားခြင်းလော သို့မဟုတ် မြွေကပင်လျှင် စုစည်းပေးလိုက်ခြင်းလော ဆိုသည်ကို မသိနိုင်ပေ။
မှော်စာလုံးများသည် အလွန် ရှုပ်ထွေးလှပြီး တစ်ချက်ထက်ပို၍ ကြည့်မိသူတိုင်းကို မျက်စိကျိန်းစေသည်။
"ရှေးဟောင်းဖေးနတ်ဘုရား ကျောက်တိုင် ၁၂ တိုင်ကို ဖွင့်ဖို့အတွက် သော့တစ်ခုလိုပဲ အထူးမှော်စာလုံးတစ်ခု လိုအပ်တယ်"
ဖေးနတ်ဘုရားကျောက်တိုင် ၁၂ တိုင်ကို လော့မျိုးနွယ်စု၏ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက သူတို့၏ မျိုးဆက်များ အလင်းပွင့်စေရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ကာကွယ်ရန် နည်းလမ်းများ သဘာဝအတိုင်း ရှိနေမည်ဖြစ်သည်။
အရှင်ကန်းမန် ပြောဆိုနေစဉ်မှာပင် မြွေလျှာသည် လျှပ်စီးကဲ့သို့ ရှေ့သို့ ထိုးထွက်လိုက်ရာ မှော်စာလုံးများသည် ကောင်းကင်သို့ ပျံတက်သွားပြီး ပေါက်ကွဲသွားတော့သည်။
ဝုန်း ဟူသော အသံသည် ဘယ်ကလာသည်ကို မသိနိုင်သော်လည်း လူတိုင်း၏ စိတ်ထဲတွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားသည်။
ထိုစဉ် ရှေးဟောင်းဖေးနန်းတော်၏ ကြယ်ပွင့်ကောင်းကင်ယံမှ မြူဆိုင်းသော အလင်းတန်းတစ်ခု ကျဆင်းလာပြီး မီးလျှံတိမ်တိုက်ပြည်နယ် ကျင့်ကြံသူ တစ်ဦးကို လွှမ်းခြုံလိုက်သည်။
ထိုတပည့်သည် ထိတ်လန့်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိဘဲ အနည်းငယ် စိုးရိမ်နေသော ပုံစံသာ ရှိသည်။ တစ်ပြိုင်နက်တည်းမှာပင် ဖေးနတ်ဘုရားကျောက်တိုင် တစ်ခုတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
၎င်းမှာ "ကုန့်ဖန်" ကျောက်တိုင် ဖြစ်သည်။ ကျောက်တိုင်ပေါ်ရှိ ထွင်းထုထားသော ကုန့်ဖန်ငှက်ကြီးမှာ သက်ရှိကဲ့သို့ ဖြစ်လာပြီး ၎င်း၏ ခြေသည်းတစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ထိုတပည့်သည် အသက်ရှူပင် မဝံ့ဘဲ စိုးရိမ်တကြီး စောင့်ကြည့်နေသည်။ ဖေးနတ်ဘုရားကျောက်တိုင် ၁၂ တိုင်၏ အသိအမှတ်ပြုမှု အတိုင်းအဆမှာ လော့မျိုးနွယ်စု တပည့်များက ရှေးဟောင်းဖေးနတ်ဘုရားကို မည်မျှအထိ နိုးထစေနိုင်သလဲ ဆိုသည့်အပေါ်တွင် မူတည်သည်။
ထိုစဉ် ကုန့်ဖန်က နောက်ထပ် ခြေသည်းတစ်ဖက်ကို မြှောက်လိုက်သဖြင့် ထိုတပည့်မှာ စိတ်လှုပ်ရှားသွားသည်။ သို့သော် ခြေသည်းမှာ တစ်ဝက်ခန့်တွင် ရပ်တန့်သွားပြီး ကုန့်ဖန်ကြီးမှာ ပြန်လည် အိပ်ပျော်သွားသကဲ့သို့ ဖြစ်သွားသည်။ ဤမီးလျှံတိမ်တိုက်ပြည်နယ် တပည့်၏ ပါရမီမှာ ၎င်းကို နိုးထစေရန် မလုံလောက်ခဲ့ပေ။
တပည့်ပေါ်ရှိ အလင်းတိုင်မှာ ဖြူဖျော့ဖျော့အရောင်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
"အဆင့်သတ်မှတ်ချက် - လှုပ်ရှားခြင်း " ဟု အရှင်ကန်းမန်က ဆိုသည်။
ထိုတပည့်၏ မျက်နှာမှာ အလွန် စိတ်ပျက်သွားသဖြင့် ညှိုးငယ်သွားသည်။
လှုပ်ရှားခြင်းအဆင့်မျှသာ... သူ၏ ရည်မှန်းချက်မှာ "မျက်လုံးဖွင့်ခြင်း" အဆင့်အထိ ရောက်ရန် ဖြစ်သည်။ မျက်လုံးဖွင့်ခြင်း အဆင့်သို့ ရောက်ရန်အတွက် ကုန့်ဖန်ကြီးက ၎င်း၏ မျက်လုံးများကို ဖွင့်ကြည့်ရန် လိုအပ်သည်။
သို့သော် သူ၏ ပါရမီ၊ သိမြင်နိုင်စွမ်း၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဥပဒေသ အသိအမြင်များ အားလုံး ပေါင်းစပ်လိုက်သည့်အခါ ကုန့်ဖန်ကြီး၏ ခြေသည်းကိုသာ လှုပ်ခတ်စေနိုင်ခဲ့သည်။
မျက်လုံးဖွင့်စေရန်အတွက်မူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ အခြေခံအကျဆုံး ဖြစ်သော လှုပ်ရှားခြင်းအဆင့်သည် ရှေးဟောင်းဖေးနန်းတော်မှ ရတနာများကို ရရှိရန် သို့မဟုတ် ကုန့်ဖန်ကျောက်တိုင်၏ တံခါးကို ဖွင့်ရန်အတွက် မလုံလောက်ပေ။
ယီယွင်က "အဆင့်တွေကို ဘယ်လို ခွဲခြားထားတာလဲ" ဟု မေးသည်။
"အသိအမှတ်ပြုမှု အနည်းငယ် ရရုံဆိုရင် လှုပ်ရှားခြင်း အဆင့်ပဲ။ အဲဒါက ဥပဒေသတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှေးဟောင်းဖေးကို အနည်းငယ် လှုပ်ရှားသွားစေတာကို ဆိုလိုတာ။
အဲဒီအထက်မှာ မျက်လုံးဖွင့်ခြင်း ၊ ဆောင်းခိုရာမှ နိုးထခြင်း ၊ နိုးထခြင်း စသဖြင့် အဆင့်တွေ ရှိသေးတယ်"
"အခု ဒီစီနီယာအကိုက ကုန့်ဖန်ကို နည်းနည်း လှုပ်သွားစေပေမဲ့ သူ့ကို ကြည့်ဖို့ မျက်လုံးမဖွင့်ခဲ့ဘူး၊ အဲဒါကြောင့် ဒါက အနိမ့်ဆုံး အသိအမှတ်ပြုမှုပဲ" ဟု လော့ဖုန်းလင်က တိုးတိုးလေး ရှင်းပြသည်။
ဘိုင်ချန်မှာမူ အနိမ့်ဆုံး အဆင့်ကိုပင် မရရှိခဲ့သဖြင့် မျက်နှာပျက်နေသည်။ အလင်းတိုင်များ ပေါ်လာသည့်အခါ ၎င်းအတွင်းသို့ ရောက်သွားသော တပည့်များမှာ စိုးရိမ်တကြီး တင်းမာနေကြသည်။
သူတို့သည် သက်ဆိုင်ရာ ကျောက်တိုင်များ၏ အသိအမှတ်ပြုမှုကို ရခဲ့သည်ဟု သိထားသော်လည်း မည်သည့်အတိုင်းအဆအထိ ရသည်ကိုမူ မသေချာကြပေ။
ပထမဆုံး တပည့်ပြီးနောက် နောက်ထပ် သုံးဦးမှာလည်း "လှုပ်ရှားခြင်း" အဆင့်များသာ ရရှိခဲ့ကြသည်။ ကျင့်ကြံသူများကြားတွင် ဤအဆင့်ကို ရရှိခြင်းမှာ အဖြစ်အများဆုံးပင် ဖြစ်သည်။
ထိုသို့ လှုပ်ရှားခြင်းအဆင့် ရရှိသူများထဲတွင် လီယာလည်း ပါဝင်သည်။ အရှင်ကန်းမန်က ရလဒ်ကို ကြေညာလိုက်သည့်အခါ လီယာ၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်သွားသည်။
အမှန်စင်စစ် သူသည် ကျောက်တိုင် ၁၂ တိုင်၏ အခြေအနေကို သူ၏ မိသားစုထံမှ ကြိုတင် လေ့လာထားခဲ့ပြီး ကုန့်ဖန်ကျောက်တိုင်ကိုပင် စမ်းသပ်မှု အောင်မြင်ရန်အတွက် ကြိုတင် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် အနည်းဆုံးတော့ "မျက်လုံးဖွင့်ခြင်း" အဆင့်သို့ ရောက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ လှုပ်ရှားခြင်းအဆင့်မှာ သာမန်မျှသာဖြစ်ပြီး အဆိုးဆုံးမှာ မည်သည့် ဆုလာဘ်မျှ မရှိခြင်းပင် ဖြစ်သည်။
နှိုင်းယှဉ်ချက်အရ မျက်လုံးဖွင့်ခြင်း အဆင့်သည် ထူးချွန်သော အဆင့်ဖြစ်သဖြင့် အရင်းအမြစ် အချို့ကို ရရှိနိုင်သည်။
လီယာသည် မိမိကိုယ်မိမိ အထင်ကြီးသူ ဖြစ်သည်။ ထို့ကြောင့် ရန်ယွီ၊ ကုလော့ သို့မဟုတ် တျန်းရှီနှင့် လော့ထျန်တို့ကဲ့သို့ လူထူးလူဆန်းများနှင့် မပြိုင်လိုသော်လည်း အခြားသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များထက် ပိုသန်မာသည်ဟု သူ ယူဆထားသည်။ သို့သော် နောက်ဆုံးရလဒ်မှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းနေခဲ့သည်။
သူသည် ယီယွင်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ အခြားလူများမှာ စိုးရိမ်နေကြသော်လည်း ယီယွင်မှာမူ ကောင်းကင်ဘုံသို့ အလည်ရောက်နေသော နတ်သားတစ်ပါးကဲ့သို့ အေးဆေးနေသည်ကို မြင်ရသည့်အခါ လီယာမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။
"ဒီကောင်ကတော့ အခုထိ ဟန်ဆောင်နေတုန်းပဲ၊ သေချင်နေတာလား"
လီယာသည်ပင် လှုပ်ရှားခြင်းအဆင့်သာ ရရှိခဲ့ရာ ယီယွင်ကဲ့သို့ လူတစ်ယောက်မှာ မည်သည့် အသိအမှတ်ပြုမှုကိုမျှ ရလိမ့်မည်ဟု သူ မယုံကြည်ပေ။ ဈေးဝယ်ထွက်သကဲ့သို့ လုပ်နေသူတစ်ဦးက မည်သို့လျှင် အသိအမှတ်ပြုမှု ရနိုင်မည်နည်း။
သို့သော်လည်း အကယ်၍ ယီယွင်က သူပြောသကဲ့သို့ အမှန်တကယ်ပင် ကံကောင်းထောက်မစွာ အသိအမှတ်ပြုမှု ရရှိခဲ့ပါက ယီယွင်၏ ရလဒ်သည် သူနှင့် အတူတူပင် ဖြစ်နေမည် မဟုတ်ပါလား အသိအမှတ်ပြုမှု ရသည်နှင့် လှုပ်ရှားခြင်း အဆင့်ပင် ဖြစ်သည်။ လှုပ်ရှားခြင်း အဆင့်နှစ်ခုကြားတွင် မည်သည့် ကွာခြားချက်မျှ မရှိပေ။
"စီနီယာအကို ဘိုင်ချန်" လော့ဖုန်းလင်က အမူအရာ ပြောင်းလဲသွားရင်း ရုတ်တရက် ခေါ်လိုက်သည်။
ဘိုင်ချန်သည် အလင်းတိုင်တစ်ခုအတွင်းသို့ ရောက်သွားပြီး သူ၏ မျက်နှာမှာ ပြာနှမ်းသွားကာ အံကြိတ်ထားသည်။ ခုနစ်ရောင်ခြယ် ဖီးနစ်ကျောက်တိုင်မှာ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ မကြာမီမှာပင် အလင်းတိုင်မှာ ပျောက်ကွယ်သွားတော့သည်။ အလင်းတိုင်ထဲ ရောက်နေစဉ် အာရုံစိုက်ခံရခြင်းမှာ သူ့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ နှိပ်စက်မှုတစ်ခု ဖြစ်နေခဲ့သည်။
"ဘိုင်ချန်... အဆင့်မရှိ အသိအမှတ်ပြုမှု မရရှိခဲ့ဘူး" အရှင်ကန်းမန်က သူ့ကို တစ်ချက်ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။
ဘိုင်ချန်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး မျက်နှာမှာ ပို၍ ဖြူဖျော့သွားသည်။ သူ၏ တုန်ရီနေသော နှုတ်ခမ်းများမှာ စကားတစ်လုံးမျှ မဟနိုင်တော့ပေ။ သူသည် အသိအမှတ်ပြုမှု မရဘဲ ကျရှုံးသော ပထမဆုံးလူ မဟုတ်ပေ။ အခြား မီးလျှံတိမ်တိုက်ပြည်နယ် တပည့်တစ်ဦးလည်း ကျရှုံးခဲ့ဖူးသည်။
"ဟားဟားဟား... ရန်ယွီ၊ ဒါလား မင်းပြချင်တဲ့ မီးလျှံတိမ်တိုက်ပြည်နယ် တပည့်တွေရဲ့ မြင့်မြတ်မှုဆိုတာ လှုပ်ရှားခြင်းအဆင့် လေးယောက်နဲ့ အသိအမှတ်ပြုမှုတောင် မရတဲ့သူ နှစ်ယောက်လား။ ဒီရလဒ်က တကယ်ကို အံ့သြစရာပဲ။ တစ်ခါမှ မမြင်ဖူးဘူး" လော့ထျန်က မောက်မာစွာ လှောင်ပြောင်လိုက်သည်။
ဖီးနစ်ဖာမီယားနားပြည်နယ် တပည့်များကလည်း ဝိုင်းဝန်း လှောင်ပြောင်ကြသဖြင့် မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ မျက်နှာပျက်ကုန်ကြသည်။
လီယာမှာလည်း အလှောင်ခံရသူများထဲတွင် ပါဝင်နေသဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူသည် ဘိုင်ချန်၊ ယီယွင်တို့နှင့် တစ်အုပ်စုတည်းဟု သတ်မှတ်ခံလိုက်ရသကဲ့သို့ပင်။
အမှန်စင်စစ် လှုပ်ရှားခြင်းအဆင့်မှာ အလွန်ဆိုးရွားလှသည် မဟုတ်ပေ။ ဖီးနစ်ဖာမီယားနားပြည်နယ် တပည့်များထဲမှ အများစုမှာလည်း ဤအဆင့်ကိုသာ ရရှိကြလိမ့်မည်ဖြစ်သည်။
သို့သော် ဖီးနစ်ဖာမီယားနား တပည့်များ၏ အမူအရာအရ သူတို့ထဲတွင် အသိအမှတ်ပြုမှု မရသောသူ ရှိလိမ့်မည်ဟု မယူဆကြပေ။ နှိုင်းယှဉ်ချက်အရ မီးလျှံတိမ်တိုက်ပြည်နယ်တွင် ကျရှုံးသူ နှစ်ဦးရှိနေပြီဖြစ်ပြီး မကြာမီ ယီယွင်ပါ ထပ်တိုးပါက သုံးဦးအထိ ဖြစ်လာကာ ကွာခြားချက်မှာ အလွန်ပင် ရုပ်ဆိုးသွားပေတော့မည်။
"လော့ထျန်... အရမ်း စောစောစီးစီး မဝမ်းသာလိုက်ပါနဲ့ဦး" မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များ၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်မှာ ရန်ယွီအတွက် အရေးမကြီးပေ။
သူသည် သူ၏ကိုယ်ပိုင် အဆင့်သတ်မှတ်ချက်နှင့် လော့ထျန်၏ ရိုင်းစိုင်းသော ပါးစပ်ကို ပိတ်နိုင်ရန်သာ အာရုံစိုက်နေပေတော့သည်။
အခန်း ၈၁၆ - ဆောင်းခိုရာမှ နိုးထခြင်း
"ဒီတစ်ခါတော့ မင်း တော်တော် ယုံကြည်မှု ရှိနေပုံပဲ" လော့ထျန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူက ဆက်ပြောသည်။ "မှန်ပါတယ်... ဒီလို သာမန်တပည့်တွေက ဘာမှ အရေးမပါဘူး။ လာမယ့် စမ်းသပ်ပွဲတွေမှာ သူတို့က ပါဝင်ယှဉ်ပြိုင်သူတွေ မဟုတ်ဘဲ အရေအတွက် လာဖြည့်ပေးရုံပဲ။
တကယ့် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေက ငါတို့လိုလူတွေပဲ။ ရန်ယွီ... မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."
သူ စကားမဆုံးမီမှာပင် ကောင်းကင်မှ အလင်းတိုင်တစ်ခု ကျဆင်းလာပြီး ရန်ယွီ ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ လော့ထျန်သည် စကားကို ရပ်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းရဲ့ စကားတွေအတိုင်း မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ကြတာပေါ့"
အခြားသော သာမန်ကျင့်ကြံသူများသည် လော့ထျန်၏ စကားကြောင့် ဒေါသထွက်သွားကြသော်လည်း ရန်ယွီ၏ အကဲဖြတ်မှု စတင်နေပြီဖြစ်သဖြင့် သူ့ကို အာရုံမစိုက်အားကြပေ။
ရန်ယွီသည် မီးလျှံတိမ်တိုက်ပြည်နယ်၏ ထိပ်သီးစွမ်းအားရှင် ဖြစ်သည်။ အကယ်၍ သူသာ ကျရှုံးခဲ့ပါက ဖီးနစ်ဖာမီယားနားပြည်နယ်မှ လူများ၏ ကဲ့ရဲ့လှောင်ပြောင်မှုကို အကြီးအကျယ် ခံရပေတော့မည်။
ရန်ယွီသည် အလင်းတိုင်အတွင်းတွင် တည်ငြိမ်စွာ ရပ်နေပြီး သူ၏ မျက်လုံးများမှာ ယုံကြည်ချက် အပြည့်ရှိနေသည်။ မောက်မာသော လော့ထျန်ပင်လျှင် သူ၏ အထင်အမြင်သေးသော အမူအရာကို ရပ်တန့်လိုက်ရသည်။ ရန်ယွီသည် အလွန် မာနကြီးသူဖြစ်ပြီး မိမိကိုယ်မိမိ ကျရှုံးမှုကို ဘယ်သောအခါမှ ခွင့်မလွှတ်သူ ဖြစ်သည်။
"နဂါးဧကရာဇ် နတ်ဘုရားကျောက်တိုင်ပဲ"
ကျင့်ကြံသူများက ကျောက်တိုင်တစ်ခုတွင် ထူးခြားမှုများ ဖြစ်ပေါ်လာသည်ကို သတိပြုမိလိုက်ကြသည်။
ယခင် တပည့်တစ်ဦး စမ်းသပ်စဉ်က နဂါးဧကရာဇ်သည် အလွန်အားနည်းသော တုံ့ပြန်မှုသာ ပြခဲ့သော်လည်း ရန်ယွီ၏ အလှည့်တွင်မူ ကျောက်တိုင်ပေါ်ရှိ နဂါးကြေးခွံများမှာ ချက်ချင်းပင် ထောင်ထလာခဲ့သည်။
ယခင်လူမှာ ခြေသည်းကိုသာ အနည်းငယ် လှုပ်ခတ်စေနိုင်ခဲ့သော်လည်း ရန်ယွီမှာမူ ကြေးခွံအားလုံးကို နိုးထစေခဲ့သဖြင့် ကွာခြားချက်မှာ သိသာလှသည်။
ထို့နောက် ပို၍ ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး နဂါးဧကရာဇ်သည် ၎င်း၏ ဦးခေါင်းကို ခါယမ်းကာ မျက်လုံးနှစ်ဖက်လုံးကို ရုတ်တရက် ဖွင့်လိုက်တော့သည်။
ထိုမျက်လုံးတစ်စုံမှာ ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး အေးစက်လှသည်။ လူသားများကို ပုရွက်ဆိတ်များကဲ့သို့ အထင်သေးစွာ ကြည့်နေသကဲ့သို့ပင်။
"နဂါးဧကရာဇ် - မျက်လုံးဖွင့်ခြင်း "
သူသည် မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များထဲတွင် ဒုတိယအဆင့်ဖြစ်သော "မျက်လုံးဖွင့်ခြင်း" ကို ရရှိသည့် ပထမဆုံးလူ ဖြစ်လာသည်။ နဂါးဧကရာဇ်သည် ၎င်း၏ ခြေသည်းတစ်ဖက်ကို မြှောက်ကာ ကျောက်တိုင်ကို ဆုပ်ကိုင်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ရုန်းကန်လှုပ်ရှားတော့မည့်ပုံ ပေါ်နေသည်။
"ဒါက..." လီယာ၏ မျက်နှာ ပျက်သွားသည်။
အကယ်၍ နဂါးဧကရာဇ်က တစ်ကိုယ်လုံး လှုပ်ရှားလာပါက ၎င်းမှာ တတိယအဆင့်ဖြစ်သော "ဆောင်းခိုရာမှ နိုးထခြင်း" သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ၎င်းမှာ နှစ်ပေါင်း ဘီလီယံနှင့်ချီ၍ အိပ်မောကျနေသော ရှေးဟောင်းဖေးကို လှုပ်ရှားသွားစေခြင်းပင် ဖြစ်သည်။
ဖီးနစ်ဖာမီယားနားပြည်နယ်မှ ကျင့်ကြံသူများလည်း တုန်လှုပ်သွားကြသည်။ ရန်ယွီသည် အမှန်တကယ်ပင် ဆောင်းခိုရာမှ နိုးထခြင်းအဆင့်ကို ရနိုင်မည်လော အရှင်ကန်းမန်ပင်လျှင် ရန်ယွီကို အာရုံစိုက်ကာ ကြည့်လိုက်သည်။ သို့သော် ရုတ်တရက် အလင်းတိုင်မှာ အလွန်တောက်ပသွားပြီးနောက် ကွယ်ပျောက်သွားသည်။
"အဆင့်သတ်မှတ်ချက် - မျက်လုံးဖွင့်ခြင်း" ဟု အရှင်ကန်းမန်က ကြေညာလိုက်သည်။
လော့ထျန်က နှာခေါင်းရှုံ့ကာ "ကျောက်တိုင်တွေ အများကြီးထဲကမှ နဂါးဧကရာဇ်ကိုပဲ ရွေးထားပြီး မျက်လုံးဖွင့်ခြင်း ရတာက ဘာမှ မထူးဆန်းပါဘူး" ဟု ပြောလိုက်သည်။
ရန်ယွီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး
"အို... ဒါဆိုရင် မြေကမ္ဘာနတ်ဘုရားသစ်ပင် က မင်းရဲ့ အမြင်ကို ပြောင်းလဲပေးနိုင်မလား ကြည့်ရအောင်" ဟု ဆိုလိုက်သည်။
လော့ထျန်၏ မျက်သူငယ်အိမ်များမှာ ကျုံ့သွားသည်။ အလင်းတိုင်မှာ ကွယ်ပျောက်မသွားဘဲ နောက်ထပ် ကျောက်တိုင်တစ်ခုဖြစ်သော မြေကမ္ဘာနတ်ဘုရားသစ်ပင် တွင် အပြောင်းအလဲများ စတင်လာသည်။ ရန်ယွီသည် ကျောက်တိုင်နှစ်တိုင်၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးစားနေခြင်းပင်။ နတ်ဘုရားသစ်ပင်ထံမှ အပြာရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ရန်ယွီကို ဝန်းရံလိုက်သည်။
သို့သော် ထိုအခိုးအငွေ့များမှာ တစ်စုံတစ်ခုအဖြစ်သို့ မဖွဲ့စည်းနိုင်မီမှာပင် ပြန်လည် ပျောက်ကွယ်သွားသည်။
"အဆင့်သတ်မှတ်ချက် - လှုပ်ရှားခြင်း " ဟု အရှင်ကန်းမန်က ဆိုသည်။
ရန်ယွီသည် အနည်းငယ် စိတ်ပျက်သွားသည်။ ဥပဒေသ ၃၀၀၀ စုစည်းထားသော နတ်ဘုရားသစ်ပင်၏ အသိအမှတ်ပြုမှုကို ရရန်မှာ အလွန်ပင် ခက်ခဲလှသည်။ သို့သော် ကျောက်တိုင်နှစ်တိုင်၏ အဆင့်များကို ရရှိထားသဖြင့် လော့ထျန်နှင့် အဖွဲ့မှာ ခဏတာ ဆိတ်ဆိတ်နေသွားကြသည်။
ထိုစဉ် နောက်ထပ် အလင်းတိုင်တစ်ခုက ကုလော့ ကို လွှမ်းခြုံလိုက်သည်။ ကုလော့သည် အလင်းတိုင်ထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။
ဝုန်း.......
ကုန့်ဖန် ကျောက်တိုင်ပေါ်ရှိ ကုန့်ဖန်ငှက်ကြီးသည် တိမ်တိုက်ပင်လယ်ထဲတွင် လူးလိမ့်နေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ကျောက်တိုင်ထဲမှ ထွက်လာကာ ကောင်းကင်ထက်တွင် အရိပ်အယောင်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းသည် မျက်လုံးနှစ်ဖက်လုံးကို ဖွင့်လိုက်တော့သည်။
ကုလော့၏ အရှိန်အဝါကြောင့် ကုန့်ဖန်ကြီးသည် အတောင်ပံများကို ခတ်ထုတ်လိုက်ရာ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ကျင့်ကြံသူများမှာ မလဲကျအောင် အတင်းထိန်းထားကြရသည်။
"ဒါက... ဆောင်းခိုရာမှ နိုးထခြင်း ပဲ" ဟု တစ်ယောက်က အော်ဟစ်လိုက်သည်။
ရန်ယွီ၏ မျက်သူငယ်အိမ်များမှာ အပ်ဖျားခန့်အထိ ကျုံ့သွားသည်။ သူနှင့် ပြည်နယ်တစ်ခုတည်းမှ ဖြစ်သော ကုလော့သည် သူထက်ပင် သာလွန်ကာ ကုန့်ဖန်နတ်ဘုရားကို နိုးထစေပြီး
"ဆောင်းခိုရာမှ နိုးထခြင်း" အဆင့်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။
အခန်း ၈၁၇ - တစ်ဦးတည်းသော ဗလာနတ္ထိ
လော့ထျန်သည် သူ၏ လက်မောင်းများကို ရင်ဘတ်တွင် ပိုက်ထားပြီး ကုလော့ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ကုလော့... မင်းက တကယ်ကို မထင်မှတ်ထားတဲ့သူပဲ။ တစ်ခါမှ မိုးမရွာဖူးပေမဲ့ ရွာချလိုက်ရင်လည်း အုန်းအုန်းခြိမ်းခြိမ်း ရွာချလိုက်တာပဲ"
အခြားသော လော့မျိုးနွယ်စု တပည့်များလည်း တိတ်တဆိတ် ထိတ်လန့်သွားကြသည်။ လော့ထျန်က ထိုသို့ ပြောဆိုခြင်းမှာ ကုလော့သည် "ဆောင်းခိုရာမှ နိုးထခြင်း" အဆင့်ကို ရရှိသွားခြင်းကြောင့်ပင် ဖြစ်သည်။
လှုပ်ရှားခြင်းမှသည် မျက်လုံးဖွင့်ခြင်း၊ ထိုမှတစ်ဆင့် ဆောင်းခိုရာမှ နိုးထခြင်းအထိ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။ ကုလော့သည် လူမသိအောင် တိတ်တဆိတ်ပင် ဤမျှ မြင့်မားသော အသိအမှတ်ပြုမှုကို ရယူသွားခဲ့ပြီ။
အထူးသဖြင့် လီယာ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အံကို တင်းတင်းကြိတ်ထားမိသည်။ သူနှင့် တူညီသော ကုန့်ဖန် ကျောက်တိုင်ပင် ဖြစ်သော်လည်း ကုလော့သည် သူကုန်ဆုံးခဲ့သော အချိန်၏ ထက်ဝက်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ ရရှိခဲ့သော အသိအမှတ်ပြုမှုမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေခဲ့သည်။
"ကွာခြားချက်က ဒီလောက်တောင် ကြီးမားနိုင်လို့လား..." လီယာသည် အမှန်တရားကို လက်ခံရန် ခက်ခဲနေသည်။
"သူက ဆောင်းခိုရာမှ နိုးထခြင်း အဆင့်ကို တကယ်ပဲ ရနိုင်တာလား" ရန်ယွီ၏ မျက်လုံးများမှာ တည်ငြိမ်မှု မရှိတော့ပေ။
ကျင့်ကြံသူများ စာရင်းတွင် သူ၏ အဆင့်မှာ ကုလော့ထက် မြင့်မားသည်။ သူသည် ကုလော့ကို သတိထားမိသော်လည်း သူ၏ အစစ်အမှန် ပစ်မှတ်မှာ တျန်းရှီ သာ ဖြစ်သည်။ အထူးသဖြင့် ယခုတစ်ကြိမ်တွင် တျန်းရှီမှာ အထူးပြုစုပျိုးထောင်ခံရန်အတွက် ကြိုတင် ခေါ်ဆောင်သွားခြင်း ခံရသဖြင့် ရန်ယွီသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ မကျေမနပ် ဖြစ်နေခဲ့သည်။
ရန်ယွီသည် တျန်းရှီကဲ့သို့ အထူးဂရုစိုက်မှု မရရှိသော်လည်း ရှိရင်းစွဲ အရင်းအမြစ်များဖြင့်ပင် သူသည် မည်သူ့ထက်မျှ မနိမ့်ကျကြောင်း သက်သေပြလိုခဲ့သည်။ သို့သော် ယခုအခါ ကုလော့က ဆောင်းခိုရာမှ နိုးထခြင်း အဆင့်ကို ရရှိသွားခဲ့ပြီ။
လူတိုင်း၏ အကြည့်မျိုးစုံအောက်တွင် ကုလော့သည် နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ သူသည် မျက်တောင်ပင် မခတ်ဘဲ မလှုပ်မယှက် ရပ်နေသည်။ သူ၏ အရှိန်အဝါမှာ လမ်းလျှောက်နေသော အလောင်းတစ်ကောင်ကဲ့သို့ သေခြင်းတရား ရနံ့များ လွှမ်းခြုံနေသည်။
ရှေးဟောင်း ကုန့်ဖန်ငှက်ကြီး၏ အားကောင်းသော အတောင်ပံ ခတ်သံများကပင် သူ့ကို မလှုပ်ရှားစေနိုင်ခဲ့ပေ။
ထိုအချိန်တွင် ကုန့်ဖန်ကြီး၏ အရိပ်အယောင်မှာ ပေါက်ကွဲပျံ့လွင့်သွားပြီး ကုန့်ဖန်ကျောက်တိုင်မှာ ယခင်အတိုင်း ပြန်ဖြစ်သွားသည်။
"အဆင့်သတ်မှတ်ချက် - ဆောင်းခိုရာမှ နိုးထခြင်း" ဟု အရှင်ကန်းမန်၏ အသံ ဟိန်းထွက်လာသည်။
အရှင်ကန်းမန်က ကုလော့ကို စူးစိုက်ကြည့်လိုက်သည်။ သို့သော် ကုလော့၏ ကိုယ်ပေါ်မှ အလင်းတိုင်မှာ ပျောက်ကွယ်မသွားသေးပေ။
"နောက်ထပ် ကျောက်တိုင်တစ်ခု ကျန်သေးတယ်။ ဘာကျောက်တိုင်လဲ" ကျင့်ကြံသူများ အပြေးအလွှား ကြည့်လိုက်ကြသည်။
"အဲဒါ တစ်ဦးတည်းသော ဗလာနတ္ထိ ကျောက်တိုင်ပဲ ကုလော့က ကုန့်ဖန်ကျောက်တိုင်ကို မသွားခင် ဗလာနတ္ထိကျောက်တိုင်ကို အရင်ရွေးခဲ့တာ။ ဒီတစ်ခါရော သူ ဘာအဆင့် ရမလဲ မသိဘူး" ဟု မျက်စိလျင်သူ တစ်ဦးက အော်ပြောလိုက်သည်။
ကိုးခုမြောက် ဖေးနတ်ဘုရား ဖြစ်သော "တစ်ဦးတည်းသော ဗလာနတ္ထိ" သည် အဆုံးမဲ့ ဟာလာဟင်းလင်း ပြင်ကြီးပင် ဖြစ်သည်။ ၎င်းမှာ ကမ္ဘာကြီးများ၏ သင်္ချိုင်းဖြစ်ပြီး ထာဝရ တိတ်ဆိတ်ခြင်းကို ကိုယ်စားပြုသည်။
ကျောက်တိုင်ပေါ်တွင် မည်သည့်အရာမျှ မရှိဘဲ ဗလာဖြစ်နေသဖြင့် အစပိုင်းတွင် မည်သူမျှ သတိမထားမိခြင်းမှာ မထူးဆန်းပေ။ ၎င်းမှ ထွက်ပေါ်လာသော အပြောင်းအလဲများမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားသည့် မမြင်နိုင်သော ရေလှိုင်းလေးများသာ ဖြစ်သည်။
ထိုလှိုင်းများ ဖြတ်သန်းသွားသည့်အခါ လူတိုင်း၏ မျက်စိများမှာ ဝေဝါးသွားပြီး ဗလာနတ္ထိ၏ ခန္ဓာကိုယ်ထဲသို့ ဝါးမြိုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အရာအားလုံး ကင်းမဲ့နေသော ကမ္ဘာတစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။ ဤခံစားချက်မှာ ခဏတာမျှသာ ဖြစ်သော်လည်း ကျင့်ကြံခြင်း အဆင့်နိမ့်သော သူအချို့မှာမူ သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
"ခုနက ခံစားချက်က သေခြင်းတရားလိုပဲ။ ဒီ ဗလာနတ္ထိ ဖေးနတ်ဘုရားက တကယ် ထူးဆန်းတာပဲ" ဘိုင်ချန်သည်လည်း ထိုသူများထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံး တုန်ရီနေပြီး နဖူးတွင် ချွေးစေးများ ထွက်နေသည်။ သေခြင်းနှင့် ရှင်ခြင်း နယ်နိမိတ်မှာ အလွန် ကြောက်စရာ ကောင်းလှသည်။
ယီယွင်သည် ဗလာနတ္ထိကျောက်တိုင်ကို ကြည့်လိုက်သည်။ ထိုအရှိန်အဝါမှာ "သေမင်းဝိညာဉ်သစ်သား" ပင်လျှင် စုပ်ယူ၍ မရနိုင်သော အရာဖြစ်သည်။ သို့သော် သေမင်းဝိညာဉ်သစ်သားနှင့် ခရမ်းရောင်သလင်းကျောက် တို့ကြောင့် ယီယွင်မှာ မည်သည့် ထိခိုက်မှုမျှ မရှိပေ။
သူသည် ကုလော့ကို စဉ်းစားစရာတစ်ခုအဖြစ် ကြည့်နေမိသည်။ ကုလော့မှာ မည်သည့် မျိုးနွယ်ဖြစ်ပြီး မည်သည့် ကျင့်စဉ်ကို ကျင့်ကြံသနည်း သို့သော် သူ၏ ပုံစံအရ သူသည် ဗလာနတ္ထိကျောက်တိုင်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် ဤကျောက်တိုင်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ခြင်း ဖြစ်သည်။
ဗလာနတ္ထိကျောက်တိုင်နှင့် မြေကမ္ဘာနတ်ဘုရားသစ်ပင် ကျောက်တိုင်တို့၏ အသိအမှတ်ပြုမှုကို ရရန် ခက်ခဲမှုမှာ အတူတူပင် ဖြစ်သည်။ ကုလော့မှာ ဤကျောက်တိုင်မှ မည်သည့်အဆင့် ရရှိမည်နည်း။
"အဆင့်သတ်မှတ်ချက် - လှုပ်ရှားခြင်း" ဟု အရှင်ကန်းမန်က ကြေညာလိုက်သည်။ ထို့နောက် သူက ကုလော့ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
စောစောက ရေလှိုင်းမှာ ဗလာနတ္ထိကျောက်တိုင်၏ "လှုပ်ရှားခြင်း" အဆင့်မျှသာလား။
ကုန့်ဖန်ကျောက်တိုင် - ဆောင်းခိုရာမှ နိုးထခြင်း ဗလာနတ္ထိကျောက်တိုင် - လှုပ်ရှားခြင်း
"ဒီအဆင့်တွေကတော့"
ဖီးနစ်ဖာမီယားနားပြည်နယ်မှ ကျင့်ကြံသူများ အပါအဝင် အားလုံးမှာ အံ့အားသင့်စွာဖြင့် ခေါင်းခါလိုက်ကြသည်။
နှိုင်းယှဉ်စရာပင် မရှိတော့ပေ...
ရန်ယွီ၏ မျက်နှာမှာမူ အလွန်ပင် ပျက်ယွင်းနေပြီ ဖြစ်သည်။
"ဖြောင်း ဖြောင်း"
လော့ထျန်က လက်ခုပ်တီးလိုက်သည်။ ထိုလက်ခုပ်သံမှာ ရန်ယွီ၏ ပါးကို ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ခံစားရစေသည်။
"တော်တယ်... တကယ် တော်တယ်" ဟု လော့ထျန်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
"ရန်ယွီ... ဒါကြောင့်လည်း မင်းက ငါ့ကို အရမ်း စောစောစီးစီး မရယ်နဲ့လို့ ပြောခဲ့တာကိုး" ဟု လော့ထျန်က ပြုံးစစဖြင့် ဆိုလိုက်သည်။ ရန်ယွီ၏ မျက်လုံးထောင့်များမှာ တုန်ခါသွားသည်။ လော့ထျန်သည် သူ၏ အနာကို ဆားနှင့် ပက်နေခြင်းပင်။
"လော့ထျန်... မင်းတို့ ဖီးနစ်ဖာမီယားနားပြည်နယ်က အခုတော့ လက်ခံသွားပြီ မဟုတ်လား"
မီးလျှံတိမ်တိုက်ပြည်နယ်မှ အမျိုးသမီး တပည့်တစ်ဦးက ဒေါသဖြေသည့်အနေဖြင့် ပြောလိုက်သည်။
ကုလော့၏ အဆင့်မှာ အလွန် မြင့်မားနေပြီး ရန်ယွီမှာလည်း သူ့ထက် အနည်းငယ်သာ နိမ့်ကျသည်။ သူတို့၏ စွမ်းဆောင်ရည်မှာ အလွန် ပြောင်မြောက်သည်ဟု ဆိုနိုင်သည်။ ဖီးနစ်ဖာမီယားနားပြည်နယ်မှ လူများ တိတ်ဆိတ်သွားသည်ကို မြင်ရသဖြင့် မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များမှာ ခေါင်းမော့နိုင်သွားကြသည်။
"ကုလော့... မင်းကို အထင်သေးခဲ့မိတာ ငါ့အမှားပဲ" ဟု လော့ထျန်က ဝန်ခံလိုက်သည်ကို ကြားရသည့်အခါ မီးလျှံတိမ်တိုက်ပြည်နယ်မှ အမျိုးသမီးတပည့်မှာ ပြုံးလိုက်မိသည်။
သို့သော် စကားမပြောရသေးမီမှာပင် လော့ထျန်၏ အမြီးမှာ လှုပ်ခတ်သွားပြီး သူ၏ မျက်နှာတွင် မောက်မာသော အမူအရာ ပြန်လည် ပေါ်ပေါက်လာပြန်သည်။
"ဒါပေမဲ့ ဆောင်းခိုရာမှ နိုးထခြင်းနဲ့ လှုပ်ရှားခြင်းအဆင့် ဆိုတာ ငါ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး။ အကယ်၍ မင်းသာ ဗလာနတ္ထိကျောက်တိုင်ကနေ မျက်လုံးဖွင့်ခြင်း ရခဲ့ရင်တော့ ငါ အထင်ကြီးမိမှာပါ။ အခုတော့ မင်းက လှုပ်ရှားခြင်းအဆင့်ပဲ ရတာ။ ကုန့်ဖန်ကျောက်တိုင်က ဆောင်းခိုရာမှ နိုးထခြင်းအဆင့်နဲ့ ငါ့ကို အနိုင်ယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး"
လော့ထျန်၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
ရန်ယွီက မျက်နှာပျက်ပျက်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
"တကယ့်ကို မောက်မာတာပဲ"
အကယ်၍ ကုလော့သည်ပင် ဘာမှမဟုတ်ပါက သူသည် လုံးဝ လက်ခံနိုင်စရာ မရှိတော့ပေ။
"ငါ့ရဲ့ အဆင့်သတ်မှတ်ချက်ကို ကြည့်ဖို့ မင်းတို့ နောက်ထပ် တစ်ရက်လောက် စောင့်နေဦးမယ်ဆိုရင်လည်း ငါ မကန့်ကွက်ပါဘူး" ဟု လော့ထျန်က ဆိုသည်။
ရန်ယွီ၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ခု ပေါ်လာသည်။ လော့ထျန် ပြောသည်မှာ သူသည် အစစ်အမှန် ယုံကြည်မှု ရှိနေခြင်းပင်။ အကယ်၍ သူ၏ အဆင့်မှာ ကုလော့ထက် နိမ့်ကျနေပါက သူသည် မျက်နှာ လုံးဝ ပျက်ရပေလိမ့်မည်။
အခြားသော မီးလျှံတိမ်တိုက်ပြည်နယ် တပည့်များလည်း ဤအချက်ကို နားလည်ပြီး အံ့သြနေကြသည်။ ရန်ယွီနှင့် ကုလော့တို့၏ အဆင့်မှာ အခြားသူများထက် မိုင်ပေါင်းများစွာ သာလွန်နေပြီ ဖြစ်သော်လည်း လော့ထျန်က သူတို့ထက်ပင် သာလွန်နေသလား။
"သူက နတ်ဘုရားကျောက်တိုင် သုံးတိုင်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်လို့လား" ဟု မီးလျှံတိမ်တိုက်ပြည်နယ် တပည့်တစ်ဦးက ပြောလိုက်သည်။ သို့သော် သူ စကားမဆုံးမီမှာပင် ၎င်းမှာ မဖြစ်နိုင်ကြောင်း ခေါင်းခါလိုက်သည်။
ဖီးနစ်ဖာမီယားနားပြည်နယ် တပည့်များသည်လည်း သူတို့ကဲ့သို့ပင် တစ်ရက်သာ အချိန်ရကြခြင်း ဖြစ်သည်။ ကျောက်တိုင်နှစ်တိုင်ကို ဆင်ခြင်ရန်အတွက် တစ်တိုင်လျှင် အချိန်ဝက်စီ ရသည်။ အကယ်၍ သုံးတိုင်ဆိုပါက တစ်တိုင်လျှင် နေ့တစ်ဝက်၏ သုံးပုံတစ်ပုံသာ ရမည်ဖြစ်သည်။ ၎င်းမှာ အလွန် ခက်ခဲလွန်းလှသည်။
လက်ရှိ အခြေအနေတွင် ကျန်ရှိနေသော အကဲဖြတ်မှုများကို မည်သူမျှ အာရုံမစိုက်ကြတော့ပေ။ ထိုစဉ် လူအုပ်ကြားထဲမှ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အလင်းတိုင်တစ်ခုက လင်းထိန်စေလိုက်သည်။
"ဂျူနီယာညီလေး ယီယွင်"
လော့ဖုန်းလင်နှင့် သူမ၏ အနီးနားရှိ လူအနည်းငယ်သာလျှင် အလင်းတိုင် လွှမ်းခြုံခံရသူမှာ ယီယွင် ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ အခြားသူများမှာလည်း သတိထားမိသော်လည်း ချက်ချင်းပင် အကြည့်လွှဲသွားကြသည်။
ရန်ယွီနှင့် ကုလော့တို့ကဲ့သို့ လူများ ရှိနေသည့်အခါ ယီယွင်၏ အဆင့်သတ်မှတ်ချက်ကို မည်သူက အာရုံစိုက်နေတော့မည်နည်း ယခုအခါ လူတိုင်းမှာ လော့ထျန် မည်သို့သော စွမ်းဆောင်ရည်များ ပြသမည်ကိုသာ ခန့်မှန်းနေကြပေတော့သည်။