ငါ့ရဲ့ သူငယ်ချင်း အသစ်တွေ
Vol. 25 Ch. 343
“ဟင်း... မင်းကြားပြီးပြီလား။ ငါတို့ရဲ့ ဂိုဏ်းချုပ်လေးက သူမကို ဓားတစ်ချောင်း သွန်းပေးဖို့ သူမအမေကို သေစေခဲ့တယ်တဲ့။”
“ဟဲ့... အဲ့အကြောင်းကို လျှောက်ပြောမနေနဲ့။ အဲ့တာက ကိုယ့်ဟာကို သိမ်းထားတာပဲ အဆင်ပြေတယ်။”
“ငါကြားတာတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တပည့်ကောင်လေးတစ်ယောက် သူမနဲ့ လေ့ကျင့်ရင်း ဒဏ်ရာတွေ အများကြီး ရသွားတယ်တဲ့။”
“အဲ့တာ အမှန်မဟုတ်လောက်ပါဘူး။ သူမက အခုဆို အဲ့လောက်တောင် ရိုင်းစိုင်းနေပြီလား။”
“အဲ့တာကြောင့် အခုဆို ဘယ်သူမှ သူ့နားမကပ်ရဲတော့တာ...”
လျှိုချင်ဟွမ်က ခြေလှမ်းအနည်းငယ် အကွာတွင် ထိုင်နေသည်ဖြစ်၏။ နွေးထွေးသော နေရောင်က သူမ၏ အေးစက်ပြီး ခံစားချက်မဲ့ မျက်နှာကို ရိုက်ခတ်နေပြီး သူမကို ပိုမို၍ အေစက်ကာ အထီးကျန်သည့်ပုံ ပေါက်စေ၏။
သူမက ကြီးမြတ်ရေခဲဓားနှင့် အလွန်သန်မာသော စိတ်ဝိညာဥ် ဆက်သွယ်ချက်ရှိပြီး သူမ၏ အကြအာရုံမှာလဲ အထူးကောင်းမွန်ပေသည်။
သူမက ထိုတပည့်နှစ်ယောက် တီးတိုးပြောနေသော စကားလုံးတိုင်းကို ကြားနေရပေ၏။
သို့သော်လည်း သူမက ဒေါသမထွက်တော့ပါချေ။ သူမက ခပ်ဝေးဝေးတွင်ထိုင်နေရင်း တိတ်ဆိတ်နေပေတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူမက ထိုသူများပြောသည်မှာ အပြည့်အဝ မှန်ကန်သည်ဟု ခံစားမိ၍ပင်။
သူမတွင်လည်း သူငယ်ချင်း မရှိပါပေ။ အတိတ်ကို ပြန်တွေးကြည့်ပါက သူမ၏ အမေက သူမအတွက် တစ်ဦးတည်းသော အဖော်ဖြစ်ခဲ့ပုံရသည်။
သူမ၏ အမေက သူမအတွက် တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ကာ ယခုတွင်တော့ သူမကို သေစေခဲ့သည်။
ထို အမျိုးသားတပည့်လေးမှာ သူမအား စေတနာဖြင့် လေးကျင့်ပေးလေ၏။ သူမက သူမအမေနှင့်တုန်းကလို ပြန်လည် လေ့ကျင့်တိုက်ခိုက်လိုက် သော်လည်း ရလာဒ်အနေဖြင့် ထိုသူအား ဒဏ်ရာကြီးတစ်ခု မတော်တဆ ဖြစ်စေမိသည်...။
“မေမေ၊ သူငယ်ချင်းတွေ ထပ်ထားဆိုတာက လွဲရင် မေမေပြောတဲ့ တခြားဟာတွေ အကုန် လုပ်ပြီးပါပြီ။ ဓားသိုင်းကို တစ်နေ့ ရှစ်နာရီလေ့ကျင့်တယ်။ စိတ်ကြီးမဝင်တော့ဘူး။ သိုသိုသိပ်သိပ်နေတယ်။ သမီးရဲ့ စည်းစိမ်တွေရော နောက်ခံရောကို မကြွားတော့ဘူး။ ပြီးတော့ သမီးက အစားလဲ မရွေးတော့ဘူး...”
“ဟွမ်ဟွမ် အောင်တယ်မလားဟင်။”
ကလေးမလေးက အပြာရောင် ကောင်းကင်ကြီးကို ခပ်ငေးငေးကြည့်လိုက်၏။ သူမက တစ်ခုခုကို တွေ့ချင်၏။ ပြန်ဖြေသံတစ်ခုခုကို ကြားချင်လှ၏။ သို့သော် သူမကြားရသမျှမှာ ဆောင်းဦးလေပြည်နှင့် တိတ်ဆိတ်ခြင်းသည်သာ။
...
ငါးနှစ်ကြာပြီးနောက်...။
လျှိုချင်ဟွမ်မှာ ယခုတွင် ဆယ့်ငါးနှစ် ရောက်ပြီဖြစ်၏။ သူမ၏ နက်စွေးစွေးဆံပင်များက နောက်ကျောနှင့် ခါးပေါ်တွင် ရှိနေပြီး သူမ၏ သွင်ပြင်မှာ သွယ်လျပြီး ကျက်သရေရှိလှသည်။ သူမ၏ ရုပ်ရည်မှာ အလွန်အမင်းလှပသော်လည်း အေးစက်ပြီး တိတ်ဆိတ်နေ၏။ သူမက ဂိုဏ်း၏ ရေခဲမင်းသမီး အဖြစ် ကျော်ကြား၏။
သူမတွင် သူငယ်ချင်း မရှိသေးပါချေ။
ထိုသည်မှာ မည်သူကမှ သူမအား မချဉ်းကပ်သောကြောင့် မဟုတ်ပါပေ။ အမှန်တွင်တော့ သူမက လှပလွန်းသည်မို့ အေးစက်ပြီး တိတ်ဆိတ်သော်လည်း သူမအား ချဉ်းကပ်ချင်သူ အမြောက်အများ ရှိနေသေး၏။ လျှိုမင်ဟွမ်သည်လည်း ငယ်ရွယ်သောတပည့်များကို သူမဆီသို့ ချဉ်းကပ်ဖို့ ကြိုးစားရန် တွန်းအားပေးခဲ့သည်ကို ထည့်ပြောစရာမလိုသေးပါ။
သို့သော်လည်း ထိုအရာများ အားလုံးမှာ အကျိုး သက်ရောက်မှု အနည်းငယ်သာရှိပါသည်။ သူမက သူမကိုယ်သူမ ပြင်ပလောကမှ ချိတ်ပိတ်ထားပြီးဖြစ်၏။
သူမက ဓားသိုင်းကို တစ်ယောက်တည်းလေ့ကျင့်၏။ တစ်ယောက်တည်း စာလေ့လာ၏။ ဂိုဏ်း၏ တောင်းတန်းများမှ ရှုခင်းများကို တစ်ယောက်တည်း ကြည့်ရှုလေသည်။
ထိုသည်မှာ သူမ၏ အစ်ကိုက ကျောင်းမှ ထူးဆန်းသော အရုပ်ကလေးကို ယူမလာခင် အထိသာဖြစ်၏။
“အဲ့တာက ဘာလဲဟင်။”
“အို... ဒီအဆင်တန်ဆာက ဖုန်းလို့ခေါ်တယ်။ ဒီလှုပ်ရှားနေတဲ့ အရုပ်ကလေးတွေက ဂိမ်းလို့ခေါ်တယ်။”
“ဒါက သေမျိုးလောကက အံ့အားသင့်ဖွယ် ဖန်တီးမှုလေ။ ငါက အဲ့တာကို လျှပ်စစ်မီး အစား သပ်ရှိစွမ်းအင်နဲ့ အားသွင်းလို့ရအောင် အထူးပြုထားတာ။ စမ်းသုံးကြည့်ချင်လား။”
အရောင်စုံ ဖုန်းဖန်သားပြင်သည် လျှိုချင်ဟွမ်၏ ခရမ်းရောင်မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေကာ သူမက ထိုသည်အား အတန်ကြာအောင် ငေးကြည့်နေလေ၏။
ထိုဖန်သားပြင်ထက်က ရုပ်ပုံများမှာ အနည်းငယ် အကြမ်းဖျင်းဆန်ပြီး စင်းလုံးချောမဟုတ်သော်လည်း ဤကစားစရာမှာ အတော်လေးပင် လန်းဆန်းစေကာ စိတ်ဝင်စားဖွယ်ပင်။
ထိုသည်က ပြင်ပကမ္ဘာကြီးမှ သီးခြားဖြစ်ပေးပြီး သူမက ထိုစိတ်ကူးယဉ် ကမ္ဘာဆီသို့ ဝင်လိုက်သည်နှင့် လူသစ်တစ်ယောက်ပြောင်းသွားနိုင်၏။ သူမက လေယာဉ်မောင်းတစ်ဦး ဖြစ်နိုင်သည်။ သူမက ဗိုလ်ချုပ်တစ်ဦးဖြစ်နိုင်သည်။ သို့မဟုတ် သူမက စစ်သားတစ်ဦးလဲ ဖြစ်နိုင်သေးသည်...။ သူမက အမေကို သေစေခဲ့သော ကြီးမြတ်ရေခဲဓား ကိုင်ဆောင်ထားသော လျှိုချင်ဟွမ် မှလွဲ၍ အရာအားလုံးဖြစ်နိုင်ပေသည်။
သူမက မိုလ်ဘိုင်းဖုန်းများနှင့် ချစ်ကျွမ်းဝင်လာ၏။ သူမက ဂိမ်းများကို ကြိုက်နှစ်သက်လာသည်...
သူမက သူမကို ပျော်ရွှင်စေသော အဖော်၊ သူငယ်ချင်းကို ရှာတွေ့လေပြီ။
အင်... ထိုသူငယ်ချင်းမှာ ဖုန်းပင်ဖြစ်သည်။
အချိန်တစ်ခုအကြာတွင် သူမက ဖုန်းများကို စွဲလမ်းစပြုလာပေ၏။
မပြောင်းလဲသည့် ဓားသိုင်းလေ့ကျင့်ခြင်း အကျင့်မှလွဲ၍ သူမအား အဖော်ပြုပေးသော တခြားအရာမှာ ဤမိုလ်ဘိုင်းဖုန်းပင် ဖြစ်သည်။
သူမက တဖြည်းဖြည်းနှင့် ပို၍ အကောင်းမြင်တတ်လာပြီး သူမက မီခိုအားကိုးရသော အဖော်တစ်ဦးရှာတွေ့လိုက် သကဲ့သို့ပင်။ သူမက ရည်ရွယ်ချက်အသစ်များစွာလဲ ဖြစ်ပေါ်လာလေ၏။ သူမက တရုတ်စကားလုံးများကို လေ့လာချင်သည်။ သူမက တရုတ်ဘာသာစကားကို လေ့လာချင်သည်။ သူမက သေမျိုးလောကမှ အရာရာတိုင်းကို လေ့လာချင်၏...
ထိုအချိန်၌ သူမ အမေ၏ နောက်ဆုံး လိုအပ်ချက်ကို နောက်ဆုံးတွင်တော့ ဖြည့်ဆည်းပြီးသွားပြီဟု သဘောပေါက်လာတော့သည်။
“မေမေ၊ သမီးမှာ အခု သူငယ်ချင်းတွေ ရှိနေပြီ။ ပျော်ရွှင်မှုကိုလဲ ရှာတွေ့ပြီ။ သမီးက နေ့တိုင်း အရမ်းပျော်နေပြီ။ ဒီမှာ သမီး ကစားလို့ရတဲ့ ဂိမ်းတွေလဲ အများကြီးပဲ ရှိတယ်။”
“ဟွမ်ဟွမ် လုပ်တာတော်ရဲ့လား။ ကျေးဇူးပြုပြီး မြန်မြန်လေး သမီးကို ချီးကျူးပေးပါအုံး။”
အမျိုးသမီးငယ်လေးက ဖုန်းထဲမှ ခလုပ်တစ်ခုကို နှိပ်ကာ ပျော်ရွှင်စွာ ပြောလာ၏။
မျက်ရည်တစ်စက်က အမှတ်တမဲ့ ဖုန်းဖန်သားပြင်ပေါ်သို့ စီးကျသွားကာ ထိုသည်က အပြင်ဘက်သို့ ကြာပန်းအကြည်လေးသဖွယ် ဖူးပွင့်လာ၏။ ထို့နောက် ထိုသည်ကို သုတ်ပစ်လိုက်လေတော့သည်။
...
လျှိုချင်ဟွမ်၏ ဓားကြောင့် ဒဏ်ရာရသွားပြီးနောက် ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီးက နောက်သို့မဆုတ်ပါချေ။ ထိုအစား ထိုသည်က ရှေ့သို့ ပို၍ပင် ဒေါသတကြီး ခုန်တက်လာတော့သည်။ အရောင်စုံ အလင်းတန်းများက သူ့ခန္ဓာကိုယ်ဆီသို့ စုစည်းလာကာ တဖြည်းဖြည်းနှင့် သံချပ်ကာ ဝတ်ရုံသဖွယ် ဖြစ်တည်လာ၏။
လျှိုချင်ဟွမ်က အရှိန်အဝါ တဖြည်းဖြည်း တက်လာသော ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီးကို ကြည့်ရင်း အလွန်စိတ်ပါလာပုံရပြီး အပြာရောင် အလင်းတန်းတစ်ခုက သူမ၏ မျက်လုံးကိုဖြတ်ကာ လင်းလက်လာ၏။
“အေးမြကောင်းကင်ဘုံ...” ထိုအသံနောက်မှ အေးစက်စက် အပြာရောင်လေများ ထွက်ပေါ်လာပြီး သူမ၏ လှပပြီး ကျက်သရေရှိသည့် ခန္ဓာကိုယ်အား ကာရံထားသော အရောင်စုံပိုး ပုဝါတစ်ခုအသွင်ပြောင်းသွားတော့သည်။
သူမ၏ ပတ်ဝန်းကျင်ရှိ ထူးဆန်းပြီး ပုံပျက်နေသောလေများက ရုတ်တရက် အေးခဲလာပြီးနောက် ဆန်းကြယ်စွာပျောက်ဆုံးသွားလေ၏။
ဤ လောကကြီးထဲတွင် အဖြူနှင့် အပြာသာကျန်ရစ်ခဲ့ပြီး အေးမြသော နှင်းစက်များ ကျဆင်းလာကာ အရိုးထိအောင့် စိမ့်အေးသော ခိုက်ခိုက်တုန်နေသည့် အအေးဓာတ်ကို ခံစားလာရ၏။
ထိုအရာအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်းတွင်ဖြစ်သွားခြင်းပင်။
အရာအားလုံးမှာ အလွန်အမင်း ငြိမ်သက်သွားပြီး ကောင်းကင်ကြီးမှာ ရေခဲများ၊ နှင်းစက်များနှင် ခြယ်သခြင်း ခံလိုက်ရပေတော့သည်။
ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီး၏ မျက်လုံးထဲရှိ တောက်လောင်နေသော မီးတောက်များသည်လည်း ပြင်ပမှ အအေးဓာတ်များကြောင့် အေးခဲသွားတော့မလိုပင်။
ထိုအရာ၏ ခန္ဓာကိုယ်ကြီးမှာ မှုန်ဝါးလာကာ အရှိန်မှာလဲ ထူးထူးဆန်းဆန်းလျော့နည်းသွားတော့သည်။ အမျိုးသမီးနှင့် သုံးပေခန့် အကွာအဝေးရောက်သောအခါ ထိုသည်မှာ နေရာမှာပင် အေးခဲသွားပြီး နောက်ထပ်မလှုပ်နိုင်တော့ပါပေ။
ပထမဆုံးအကြိမ်အဖြင့် အကြောက်တရား အရိပ်အယောင်များက စိတ်ဝိညာဉ် ဟာလာပြင် ဘုရင်ကြီး၏ မျက်လုံးထဲတွင် ပေါ်ထွက်လာပြီး ကြောက်လန့်တကြား အအေးဓာတ်ကြီးက သူ့ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံသွား၏။
လျှိုချင်ဟွမ်၏ အမူအရာမှာ မပြောင်းလဲပါပေ။ သူမက သူမ၏ ကြီးမြတ်ရေခဲဓားကို မြှောက်လိုက်ပြီး ခုခံကာကွယ်နိုင်စွမ်းမရှိသော ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီးကို ခုတ်ပိုင်းလိုက်လေတော့သည်။ ဤကဲ့သို့ပင် သန့်စင်သော အပြာရောင် ဓားအလင်းတန်းက ခုတ်ပိုင်းပစ်လိုက်တော့သည်။
ထိုနေရာ၌ မည်သည့် တန်ခိုးကြီးသော သို့မဟုတ် ကြီးကျယ်ခန်းနားသော မြင်ကွင်းမှ မရှိပါချေ။ သို့သော် ထိုဓားချက်မှာ တစ်စုံတစ်ယောက်၏ အံ့ချီး စိတ်အာရုံကို ခံစားမိစေနိုင်သော စစ်မှန်သည့် စိတ်ဆန္ဒတစ်ခု ပိုင်ဆိုင်လေ၏။
ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီး၏ ခန္ဓာကိုယ်တွင် အဖြူရောင် မျဉ်းကြောင်းတစ်ခု ပေါ်ထွက်လာပြီး နှစ်ပိုင်းကွဲသွားလေတော့သည်။ ထိုအရာ၏ အဖြူရောင် အလောင်းကြီးက နှင်းဖုံးလွှမ်းနေသောအဖြူရောင် မြေကြီးဆီသို့ ပုံကျသွားကာ အစိမ်းရောင် မီးခိုးငွေ့များအဖြစ်သို့ ပျောက်ကွယ်သွားတော့သည်။ ထိုသည်က တိတ်တိတ်ဆိတ်ဆိတ် တည်တည်ငြိမ်ငြိမ်နှင့် သေဆုံးသွားလေသည်။
“ဂုဏ်ယူပါတယ်။ သင်ဟာ ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စု၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးပါပြီ။”
လျှိုချင်ဟွမ်က ဓားကိုသိမ်းလိုက်ပြီး သူမ၏ အေးမြကောင်းကင်ဘုံ နယ်ပယ်ကို ရုတ်သိမ်းလိုက်၏။ အေးစက်ပြီး တိတ်ဆိတ်သော အမူအရာများကလည်း သူမဆီမှ အရည်ပျော်သွားလေပြီ။
“ပျင်းစရာ ကောင်းလိုက်တာ။ ငရဲနည်းလမ်းဆိုလို့ ဘယ်လောက်များခက်မှာလဲလို့တွေးနေတာ။ တကယ့်ကို အမှိုက်ပဲ။”
“အဲ့လို ဟာလာပြင်စိတ်ဝိညာဉ် ဘုရင်ကြီးလား... ။ ငါက အဲ့လိုဆယ်ကောင်လောက်နဲ့တောင် တိုက်နိုင်တယ်။”
သူမက ထိုစမ်းသပ်ချက်ကို အညှာအတာမဲ့စွာ ဟာသလုပ်နေပြီး ကောင်းကင်မှ ဆင်းသက်လာသော အမွေကို လက်ခံလိုက်၏။
...
အလင်းမှိန်မှိန် အခန်းလေးထဲတွင်...
အမှိုက် စမ်းသပ်မှု။ ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီး ဆယ်ကောင်ကို တိုက်မှာ။
ထိုသည်ကို ကြားသည်နှင့် ကတုံးနှင့် အမျိုးသား၏ မျက်နှာတွင် စိတ်ပျက်အားငယ်သည့် ပုံရိပ်များ ပျံ့နှံသွားလေတော့သည်။
အို... ချစ်လှစွာသာ နတ်ဘုရားမလေးရယ်။ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အနားပေးပါအုံး။
အဲ့တာက ဟာလာပြင် စိတ်ဝိညာဉ် ဘုရင်ကြီး အားနည်းနေလို့ မဟုတ်ပါဘူး။ မင်းရဲ့ စွမ်းအားက လူသားမဆန်နေတာပါ။ ဟုတ်ပြီလား။
...
ကျောက်ခန်းမထဲတွင် လျှိုချင်ဟွမ်က သူမကို စောင့်ဆိုင်းနေသော အဖွဲ့ဝင်များကို တွေ့လိုက်ရ၏။
“ဟမ်... အမလျှို ဘာလို့ အရမ်းနှေးနေတာလဲ။ အဲ့ထဲမှာ ဂိမ်းဆော့နေတာတော့ မဟုတ်ဘူးမလား။” အန်လင်းက ခပ်ဖြီးဖြီးနှင့် နောက်ပြောင်လိုက်ပြီး လျှိုချင်ဟွမ်ကို နှုတ်ဆက်လိုက်လေသည်။
လျှိုချင်ဟွမ်က ဟိုက်ဖိုက်လုပ်လိုက်ကာ အန်လင်းအား မှုန်ကုတ်ကုတ်နှင့် ပြောလာ၏။ “အထဲမှာ ဂိမ်းဆော့နေတာ မဟုတ်ပါဘူး။ ငရဲနည်းလမ်း စမ်းသပ်ချက်ရဲ့ အစပျိုးခြင်းက အရမ်းကိုကြာနေတာ။ ဘော့စ်မပေါ်လာခင် ငါက အကြာကြီး စောင့်လိုက်ရတာ။ ပြီးတော့ ဘော့စ်က တိုက်ပွဲထဲမှာ အသွင်ပြောင်းသွားတော့လဲ ထပ်စောင့်ရသေးတယ်...”
“ဝိုး... အစ်မလျှိုက ငရဲနည်းလမ်း အခက်အခဲကို သတ်မှတ်ခံရတာလား။ အထဲက သတ္တဝါက သန်မာလား။” ထျန်းလင်းလင်းက ငရဲနည်းလမ်းခက်ခဲမှု စမ်းသပ်ချက်ကို ကျော်လွှားခဲ့သည်ဟု ကြားသောအခါ လျှိုချင်ဟွမ်ကို တရိုတသေ ငေးကြည့်လိုက်၏။
“အဲ... အဲ့တာက အားနည်းလွန်းတယ်။ ငါအဲ့တာကို ဓားနှစ်ချက်တည်းနဲ့ သတ်လိုက်တာ။ ငါ့ရဲ့ အထူး လှုပ်ရှားမှုတောင် သုံးစရာမလိုလိုက်ဘူး။”
လျှိုချင်ဟွမ်က ခေတ္တမျှ စဉ်းစားကာ အတည်ပေါက် ပြန်လည် အဖြေပေးလာတော့၏။
သူမက ဘာမှ မပြောခဲ့ပါက အဆင်ပြေအုံးမှာဖြစ်သည်။ ထိုသည်ကို ကြားပြီးနောက် ထျန်းလင်းလင်းက သူမ၏ ပရိသတ်ဖြစ်လာတော့မည့် နီးပါးပင်။
အန်လင်းက သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်၏။ သူက လျှိုချင်ဟွမ်သည် သူ့လောက်နီးပါး စွမ်းအားကြီးသည်ဟု ခံစားရသည်။ သူက အတော်လေး စိတ်ကျေနပ်နေ၏။
“ဟင်... ထန်ရှီမန်က အခုထိ ထွက်မလာသေးဘူးလား။” လျှိုချင်ဟွမ်က သူမက နောက်ဆုံးရောက်သော သူဟု ထင်နေတာဖြစ်သည်။ သူမသတိထားမိသောအခါ တစ်ယောက်ကျန်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။
ထိုအချိန်၌ ထန်ရှီမန်မှာတော့ နဂါးနက်၏ နောက်ကိုလိုက်နေရဆဲဖြစ်သည်။ သို့သော် သူက ဘာပဲလုပ်လုပ် ထိုသည်ကိုမဖမ်းနိုင်ပဲ ရှိနေ၏...
***