အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
41
“နတ်မင်းကြီး ကျောက်စိမ်းဧကရာဇ်က လောင်ဇီကို လူ့ပြည်ဆင်းခိုင်းတုန်းက အကြောင်းကို မှတ်မိသေးလား”
ကျိုးဟောက်ယွီ အကဲခတ်ရင်း မေးလိုက်သည်။
ဝူခုန်း သူ၏နားကို ကုတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လက်ခါပြကာ ခပ်ပေါ့ပေါ့ပင် ပြန်ဖြေ၏။
“ကြားတော့ ကြားဖူးတယ်”
“ဒါဆို သူ နတ်ပြည်ပြန်ရောက်ပြီးနောက်မှာရော နတ်ပြည်ရဲ့ အခြေအနေက ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုး ရှိလား”
ကျိုးဟောက်ယွီ ဆက်မေးသည်။
“ဘာထူးခြားရမှာလဲ၊ ကျောက်စိမ်းဧကရာဇ်ကတော့ နေ့တိုင်း နတ်သမီးလေးတွေ ကတာကြည့်နေတာပဲ၊ တခြားနတ်ဘုရားတွေလည်း မာကျောက်ကစားလိုက်၊ ပွဲလုပ်လိုက်နဲ့ အလုပ်ရှုပ်နေကြတာ၊ ငါ့မှာသာ ပျင်းလွန်းလို့ သေတော့မယ်”
ဝူခုန်း ညည်းတွားလိုက်၏။
ဤအကြောင်းအရာများသည် ဝူခုန်း စိတ်ဝင်စားသည့်အရာများ မဟုတ်မှန်း ကျိုးဟောက်ယွီ နားလည်သွားသည်။ ထို့ကြောင့်လည်း သူ ကျားလိုက်ဖမ်းရန် လူ့ပြည်ဆင်းလာခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် နတ်ပြည်၏ အေးချမ်းသာယာနေသော ပုံစံမှာ ကျိုးဟောက်ယွီကို ဇဝေဇဝါ ဖြစ်စေ၏။ သူ တွေးလိုက်သည်။
'အရင်တစ်ခေါက် လောင်ဇီကို ကြည့်ရတာ တစ်ခုခု အကြီးအကျယ် ဖြစ်တော့မယ့်အတိုင်း အရမ်းထိတ်လန့်နေတာ၊ ဘာလို့ နတ်ပြည်မှာ ဘာမှမလုပ်ကြတာလဲ’
‘ခွန်းလွန်တောင်မှာ လောင်ဇီကို ဤမျှ ထိတ်လန့်စေခဲ့သည့် ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ၊ ဘာလို့ အခုကျတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး အေးဆေး ဖြစ်သွားရတာလဲ’
ကျိုးဟောက်ယွီ အကြာကြီး စဉ်းစားပြီးနောက်တွင်တော့ သူကိုယ်တိုင် အလွန်အကျွံ တွေးနေမိခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်၏။ ခွန်းလွန်တောင်မှပြဿနာမှာ နတ်ဘုရားတစ်ပါး လက်ဖျောက်တစ်ချက်တီးရုံနှင့် ပြေလည်သွားသော ကိစ္စလေးသာ ဖြစ်နိုင်သဖြင့် ယခုလို ငြိမ်သက်နေခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့တွေးလိုက်မှ ကျိုးဟောက်ယွီ စိတ်အေးသွား၏။
သို့သော် သူ ချန်အယ်ကို စတင်လွမ်းဆွတ်လာမိသည်။
“နတ်မင်းကြီး အစ်မတော်ချန်အယ်ရော အခုတလော ဘာတွေ အလုပ်ရှုပ်နေလဲ သိလား”
ကျိုးဟောက်ယွီ ရှက်ကိုးရှက်ကန်းနှင့် မေးလိုက်၏။
“သူက ဘာလုပ်ရမှာလဲ၊ လနန်းတော်မှာပဲ နေတာပေါ့၊ ဒါပေမဲ့ ဟိုငတုံးကတော့ အခုတလော နေ့တိုင်း အဲဒီကို သွားနေတယ်”
ဝူခုန်း အမှန်အတိုင်း ပြောပြသည်။
ယင်းအား ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ လန့်သွား၏။ ပါကျဲ ချန်အယ်အပေါ် စိတ်ဝင်စားနေသည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက် ဖြစ်သည်။ ဟို့ယီမှာလည်း ကျောက်စိမ်းဧကရာဇ်၏ တာဝန်ပေးချက်ဖြင့် အဝေးသို့ ရောက်နေချိန်ဖြစ်ရာ ချန်အယ် တစ်ယောက်တည်းရှိနေစဉ် ပါကျဲနှင့် တစ်ခုခု ဖြစ်သွားမည်ကို သူ စိုးရိမ်မိ၏။
“ဒုတိယအစ်ကိုမှာ မိသားစုရှိနေတာပဲ၊ ဘာလို့ လနန်းတော်ကို နေ့တိုင်း သွားနေရတာလဲ၊ ဒါက မတရားဘူးလေ”
ကျိုးဟောက်ယွီ သူ၏စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ ဒေါသသံဖြင့် ပြောလိုက်မိသည်။
ဤအခိုက်အတန့်တွင် သူသည် နတ်ဘုရားတစ်ပါး မဟုတ်သဖြင့် ချန်အယ်၏ဘေးနားမှာ မရှိနိုင်ခြင်းကို မကျေမနပ် ဖြစ်နေမိပြီး ရင်ထဲမှာ ဟာတာတာနှင့် ဆုံးရှုံးမှုတစ်ခုကို ခံစားနေရ၏။
“ငါကတော့ သူ့ကိစ္စတွေ စိတ်မဝင်စားပါဘူး”
ဝူခုန်း ဆိုသည်။
သူကတော့ ကိုယ့်ပျော်ရွှင်မှုကိုယ်သာ ရှာတတ်သူဖြစ်ပြီး တခြားသူ၏ အရှုပ်အထွေးများကို စိတ်မဝင်စားပေ။
ကျိုးဟောက်ယွီမှာတော့ ချန်အယ်နှင့် မည်သို့ ပြန်ဆုံနိုင်မလဲ၊ နောက်တစ်ကြိမ်ဆုံလျှင် သူမကို သွေးဆောင်မှုများကို မည်သို့ တွန်းလှန်ခိုင်းရမလဲဟုသာ စဉ်းစားနေမိသည်။ သို့သော် ပြန်တွေးကြည့်လျှင်လည်း ပါကျဲမှာ ဝက်မျက်နှာနှင့်ဖြစ်၍ ချန်အယ်မှ ယခင်ကတည်းက ငြင်းထားပြီးသားဖြစ်ရာ ယခုလည်း လက်ခံမည်မဟုတ်မှန်း သူသိသည်။ ဤသို့တွေးမိမှသာ ကျိုးဟောက်ယွီ ပြုံးမိသွားပြီး အလွန်အကျွံ စဉ်းစားနေမိခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်၏။
“ဘာတွေ ပြုံးနေတာလဲ၊ လမ်းကျော်သွားပြီလေ”
ဝူခုန်း သတိပေးလိုက်သည်။
ကျိုးဟောက်ယွီ မော့ကြည့်လိုက်မှ တိရစ္ဆာန်ရုံသို့ ရောက်နေမှန်း သိလိုက်ရသည်။ ကားမှာ ဂိတ်တံခါးကို ကျော်သွားသဖြင့် သူ ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်လိုက်ရ၏။
ထိုစဉ်မှာပင် ကောက်ကြောင်းအလှ အထင်သားပေါ်လွင်သော အမျိုးသမီးတစ်ဦးသည် ကားရှေ့မှ ဖြတ်လျှောက်သွားသည်။ သူမ၏ ဝတ်စုံမှာ အနည်းငယ် ဟော့နေ၏။ ရုတ်တရက် လေတစ်ချက်အဝေ့တွင် သူမ၏စကတ်လေး လွင့်တက်သွားရာ မည်မျှပင် ဖြောင့်မတ်သော အမျိုးသားဖြစ်ပါစေ မကြည့်ဘဲ မနေနိုင်သော မြင်ကွင်းမျိုး ဖြစ်သည်။
ကျိုးဟောက်ယွီ၏မျက်လုံးများမှာ ဝင်းလက်သွားပြီး တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုကြောင့် သွေးများ ဆူပွက်လာကာ နှာခေါင်းသွေးပင် ထွက်လုမတတ် ဖြစ်သွားရ၏။
“မကြည့်သင့်တာကို မကြည့်နဲ့”
ဝူခုန်း လက်ညှိုးနှစ်ချောင်းဖြင့် ကျိုးဟောက်ယွီ၏ မျက်လုံးကို ထိုးလိုက်သည်။
ကျိုးဟောက်ယွီ သူ၏မျက်လုံးများထဲတွင် စူးခနဲ နာကျင်သွားပြီး ပူလောင်လာသကဲ့သို့ ခံစားလိုက်ရ၏။
“နတ်မင်းကြီး ဘာလုပ်တာလဲ”
ကျိုးဟောက်ယွီ ဒေါသထွက်သွားသော်လည်း ဝူခုန်းကိုတော့ မဆဲရဲပေ။ အခြားသူသာဆိုလျှင် သူ ဆဲမိနေလောက်ပြီ။ မျက်လုံးဆိုသည်မှာ လူတစ်ယောက်အတွက် အလွန်အရေးကြီးသည် မဟုတ်ပါလား။
ဝူခုန်း ကားပေါ်မှဆင်းကာ ရွှေတုတ်ကို ပုခုံးပေါ်ထမ်းလျက် တိရစ္ဆာန်ရုံထဲသို့ ခန့်ညားစွာ လျှောက်ဝင်သွားတော့သည်။ ကျိုးဟောက်ယွီ မျက်လုံးကို ပွတ်နေရင်း ငါ မျက်စိကန်းပြီလားဟု တွေးနေသည်။
သို့သော် သူ မော့ကြည့်လိုက်သောအခါ မျက်စိကန်းမသွားသည့်အပြင် ယခင်ကထက် ပို၍ ကြည်လင်ပြတ်သားစွာ မြင်နေရသည်ကို တွေ့လိုက်ရ၏။ ငါးမီတာ၊ ခြောက်မီတာလောက် အကွာက သစ်ပင်ပေါ်မှာ သွားနေသော ပုရွက်ဆိတ်အုပ်ကိုပင် အတိုင်းသား မြင်နေရ၏။
“ဟိုက် ဒါ ဘာဖြစ်တာလဲ”
ကျိုးဟောက်ယွီ လန့်သွားသည်။ သူ မျက်လုံးကို ထပ်ပွတ်ပြီး သစ်ပင်ပေါ်က ပုရွက်ဆိတ်များကို အာရုံစိုက်ကြည့်လိုက်ရာ ပုရွက်ဆိတ်များက သစ်ပင်အတွင်းပိုင်းကို ဖောက်စားနေသည်ကိုပင် မြင်နေရ၏။ သစ်ပင်ထဲက လမ်းကြောင်းလေးများကိုပါ ကွင်းကွင်းကွက်ကွက် မြင်နေရခြင်း ဖြစ်သည်။
ကျိုးဟောက်ယွီ ရင်တုန်ပန်းတုန်ဖြင့် ရေရွတ်မိ၏။
“သူ ငါ့ကို သူရဲ့ရွှေမျက်လုံးပေးလိုက်တာလား”
ဖြစ်နိုင်ခြေ အလွန်များသဖြင့် သူ ဝမ်းသာအားရ ဖြစ်သွားပြီး ခုနက ဖြတ်သွားသောအမျိုးသမီးကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ သူမ၏ ကျောပြင်ကို အကြာကြီး စိုက်ကြည့်နေသော်လည်း မည်သည့် ထူးခြားမှုကိုမှမတွေ့ရပေ။
ထိုအခါမှ ဝူခုန်း ပြောခဲ့သော စကားကို သတိရသွားပြီး တွေးမိသည်။
“မကြည့်သင့်တာ မကြည့်နဲ့လို့ သူ ပြောခဲ့တာပဲ”
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဝူခုန်း ပေးလိုက်သော အရည်အချင်းတစ်ခု ဖြစ်ရာ လူတွေကို ဖောက်ထွင်းမမြင်ရလျှင်ပင် အမြင်အာရုံ အလွန်ကောင်းသွားခြင်းမှာ မမျှော်လင့်ဘဲ ရလိုက်သော အမြတ်ပင် ဖြစ်၏။
“နေဦး နတ်မင်းကြီးက တိရစ္ဆာန်ရုံထဲက ကျားတွေကို သွားသတ်မလို့လား”
ကျိုးဟောက်ယွီ ရုတ်တရက် အော်မိသည်။ သူ ကားတံခါးဖွင့်ပြီး တားရန် ပြင်သော်လည်း ဝူခုန်းက နတ်ဘုရားတစ်ပါးဖြစ်ရာ သူ ကူညီစရာမလိုမှန်း သတိရသွားသည်။
“ဒင်”
ကားထဲတွင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ကျိုးဟောက်ယွီ သူ၏ဖုန်းကို ကြည့်လိုက်သော်လည်း မည်သူမှ မခေါ်ထားပေ။ သို့သော် မြည်သံကတော့ ဆက်ထွက်နေဆဲပင်။ သူ ရှာကြည့်လိုက်ရာ ရှေ့ခန်း ထိုင်ခုံအောက်တွင် ဝေ့ရှီယု၏ဖုန်းကို တွေ့လိုက်ရသည်။
“ငါ့ဖုန်း နင့်ဆီမှာလား”
ဝေ့ရှီယု၏အသံကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ ပြန်ဖြေ၏။
“ဟုတ်တယ်၊ မင်း ဟိုတယ်မှာ ရှိသေးလား၊ ငါ အခု လာပို့ပေးမယ်”
“ငါ အိမ်ပြန်ရောက်နေပြီ၊ အိမ်ကိုပဲ လာခဲ့လိုက်တော့”
“ဪ ကောင်းပြီ”
ဝေ့ရှီယု၏အသံမှာ နှာစေးနေသကဲ့သို့ ဖြစ်နေသဖြင့် ကျိုးဟောက်ယွီ စိုးရိမ်တကြီး မေးလိုက်သည်။
“မင်း အသံက တစ်မျိုးပဲ၊ နေမကောင်းဘူးလား”
ထို့သို့ပြောပြီးမှ ကျိုးဟောက်ယွီလည်း မနေနိုင်ဘဲ နှာချေမိသွား၏။
“အင်း နည်းနည်း အအေးမိသွားလို့”
ဝေ့ရှီယုက ခေတ္တမျှ တိတ်သွားပြီး မေးလိုက်သည်။
“နင်လည်း အအေးမိနေတာလား”
“ဟုတ်တယ်၊ ငါ မနက်က ဆေးဝယ်ထားတယ်၊ မင်းအတွက်ပါ မျှပေးမယ်၊ အိမ်မှာ စောင့်နေနော်၊ အခု လာခဲ့မယ်”
ကျိုးဟောက်ယွီဖုန်းချလိုက်ပြီး ဝေ့ရှီယု၏အိမ်သို့ မောင်းထွက်လာခဲ့၏။
ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်သော်လည်း ဝေ့မိသားစု၏ ဗီလာကြီးမှာ ကျိုးဟောက်ယွီအတွက် အံ့မခန်း ခမ်းနားနေဆဲပင်။ သူ၏ ရင်ထဲတွင်လည်း ရည်မှန်းချက်များ တဖွားဖွား ပေါ်ပေါက်လာသည်။
“တစ်နေ့ကျရင် ငါလည်း ဒီလို အိမ်ကြီးမှာ နေရရမယ်”
ဗီလာရှေ့တွင် Rolls-Royce ကားတစ်စီး ရပ်ထားသည်ကို တွေ့ရသဖြင့် ဝေ့မိသားစုထံသို့ အရေးကြီးသော ဧည့်သည်တစ်ဦး ရောက်နေမှန်း ကျိုးဟောက်ယွီ ရိပ်မိလိုက်သည်။ သူ လူခေါ်ဘဲလ်ကို နှိပ်လိုက်ရာ အိမ်တော်ထိန်း အဘိုးကျန်း လာဖွင့်ပေး၏။
ဝေ့ကျန်းဟွာမှာ ကျိုးဟောက်ယွီသည် အရေးကြီးသောဧည့်သည်ဖြစ်သဖြင့် ကောင်းမွန်စွာ ဧည့်ခံရန် မှာထားဖူးသည်။ ထို့ကြောင့် အဘိုးကျန်း ယဉ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်တော့သည်။
“မစ္စတာကျိုး သခင်ကြီးက ဧည့်ခန်းမှာ အရေးကြီးတဲ့ဧည့်သည်နဲ့ တွေ့နေလို့ပါ၊ ကျွန်တော်နဲ့အတူ ဘေးခန်းမှာ ခဏ စောင့်ပေးပါဦး”
42
"မလိုပါဘူး၊ ရှီယုနဲ့ တွေ့ဖို့လာတာပါ"
ဝေ့ကျန်းဟွာနှင့် သူ၏ဧည့်သည်တို့၏ တွေ့ဆုံမှုကို ကျိုးဟောက်ယွီ မနှောင့်ယှက်ချင်ပေ။
အဘိုးကျန်း ဘေးသို့ဖယ်ပေးကာ ဝင်ရန် အချက်ပြရင်း ဆိုသည်။
"သခင်မလေးက ဒုတိယထပ်မှာပါ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ"
ကျိုးဟောက်ယွီ အထဲသို့ဝင်သွားပြီးနောက် ရေချိုးခန်းထဲမှထွက်လာသော လုဟန်နှင့် တည့်တည့်တိုးတော့၏။
ရန်သူချင်းဆုံလျှင် မျက်လုံးချင်း တောက်တောက်စင် ဆိုသကဲ့သို့ပင်။ လုဟန်သည် ကျိုးဟောက်ယွီကို မြင်လိုက်ရသည်နှင့် တိုက်ကြက်တစ်ကောင်အလား အမွှေးအမျှင်များ ထောင်တက်သွားတော့သည်။
"အိမ်သာဆေးတဲ့ကောင် မင်း လာတာ အချိန်ကိုက်ပဲ၊ ငါ အိမ်သာတက်လို့ ပြီးသွားပြီ၊ သွားပြီး ဆေးကြောလိုက်ဦး"
လုဟန် အရင်တစ်ခေါက်က အဖြစ်အပျက်ကို ပြန်သတိရကာ ကျိုးဟောက်ယွီကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေ၏။
ကော်ပိုရေးရှင်းကြီးတစ်ခု၏ သားကြီးဖြစ်သူ သူသည် ဤမျှလောက် အရှက်ကွဲမှုမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ အခြားသူများ၏ ထူးဆန်းသော အကြည့်များအောက်တွင် ကိုယ်လုံးတီး ပြေးလွှားခဲ့ရသည် မဟုတ်ပါလား။ နောက်ဆုံးတွင် အမှိုက်ပုံထဲမှ ကတ်ထူဖာတစ်ခုကို ယူ၍ ကိုယ်ကိုဖုံးကာ ကြွက်တစ်ကောင်ကဲ့သို့ ထောင့်တစ်နေရာတွင် ပုန်းရင်း ကယ်တင်မည့်သူကို စောင့်ခဲ့ရသည်။
ကျိုးဟောက်ယွီမှာတော့ သူ့လောက် အဆင့်မနိမ့်သဖြင့် ထိုစကားများကို အာရုံမစိုက်ပေ။
“မစ္စတာလု သခင်ကြီးက မစ္စတာကျိုးကို အရေးကြီးတဲ့ ဧည့်သည်အဖြစ် သတ်မှတ်ဖို့ မှာထားပါတယ်၊ စကားပြောဆင်ခြင်ပေးပါ”
အဘိုးကျန်း ယဉ်ကျေးစွာ ကြားဖြတ်ပြောလိုက်၏။
လုဟန်သည်လည်း အရေးကြီးသည့် ဧည့်သည်ဖြစ်နေသဖြင့် အဘိုးကျန်းမှာ ကြားညပ်နေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေရသည်။
“ငါစကားပြောနေတာ မင်းဝင်ပြောစရာ လိုလို့လား”
လုဟန် ဒေါသတကြီး အော်လိုက်၏။
ကျိုးဟောက်ယွီ အဘိုးကျန်းကို အခက်မတွေ့စေချင်သဖြင့် လုဟန်ကို ကြည့်ကာ ဆိုသည်။
“ငါတို့ကြားက ကိစ္စတွေကို နောက်မှ ဖြေရှင်းလို့ရပါတယ်၊ ဒါက ဝေမိသားစုရဲ့အိမ်လေ၊ ငါတို့က အပြင်လူတွေပဲဟာ၊ မင်းက”
“မင်းက အပြင်လူဆိုတာ သိနေတာပဲလား၊ အပြင်လူဆိုရင်လည်း ဒီကနေ အခုချက်ချင်း ထွက်သွားလိုက်တော့၊ မင်းက အိမ်သာဆေးဖို့တောင် အရည်အချင်း မရှိဘူး”
လုဟန် မောက်မာစွာဖြင့် ကျိုးဟောက်ယွီ၏ စကားကို ဖြတ်ပြောလိုက်၏။
ကျိုးဟောက်ယွီမှာ အရင်တစ်ခေါက်မှ သင်ခန်းစာက နည်းနေသေး၍လားဟု တွေးမိသည်။
“မင်းလည်း ဒီမှာ အပြင်လူပဲလေ၊ ငါ့ကို နှင်ထုတ်ပိုင်ခွင့် မင်းမှာမရှိဘူး”
ကျိုးဟောက်ယွီ။ပြန်ပြောကာ ပဋိပက္ခမဖြစ်ချင်သဖြင့် လှေကားဘက်သို့ လျှောက်သွား၏။
လုဟန် ကျိုးဟောက်ယွီ၏လမ်းကို ပိတ်ဆို့လိုက်ပြီး ခပ်တည်တည် ပြောသည်။
"ငါ့ညီမလေး နေမကောင်းဘူး၊ ဒါကြောင့် သူ မင်းကို တွေ့မှာမဟုတ်ဘူး"
"သူ နေမကောင်းတာ သိလို့ပဲ ဆေးလာပို့တာလေ"
ကျိုးဟောက်ယွီ လက်ထဲမှ အအေးမိပျောက်ဆေးကို မြှောက်ပြလိုက်၏။
လုဟန်သည် သူ၏ဂရုစိုက်မှုမှာ အားနည်းသွားသည်ကို ရုတ်တရက် သတိပြုမိသွားသည်။ ကျိုးဟောက်ယွီ ဤအချိန်တွင် ဝေ့ရှီယုကို ဆေးလာပို့ပေးလျှင် သူမ၏အထင်ကြီးမှုကို ပိုရသွားမည်ကို သူ စိုးရိမ်မိသွား၏။ ထို့ကြောင့် ကျိုးဟောက်ယွီကို အပေါ်သို့ အတက်မခံနိုင်ပေ။
"ငါ မင်းကို ထွက်သွားလို့ ပြောနေတယ်လေ၊ လူစကား နားမလည်ဘူးလား"
လုဟန် ဒေါသတကြီးဖြင့် ကျိုးဟောက်ယွီကို အားဖြင့် တွန်းလိုက်သည်။
ဘေးတွင်ရပ်နေသော အဘိုးကျန်းမှာ မကြည့်ရက်တော့ဘဲ ဝင်ပြောရန် ပြင်သော်လည်း ကျိုးဟောက်ယွီ တားလိုက်၏။ ဤသည်မှာ သူနှင့် လုဟန်တို့ကြားက ရန်ငြိုးဖြစ်ရာ အခြားသူများကို မပတ်သက်စေချင်ပေ။
"ဒါဆို မင်းက ဘာအခွင့်အရေးနဲ့ ငါ့ကို နှင်ထုတ်တာလဲ"
ကျိုးဟောက်ယွီ လုဟန်တွန်းလိုက်သော သူ၏ ဘယ်ဘက်ပုခုံးကို ပုတ်ခါလိုက်ရင်း လှောင်ပြုံးဖြင့် မေးလိုက်သည်။
လုဟန်၏အော်သံများအား ဧည့်ခန်းထဲမှ ဝေ့ကျန်းဟွာ ကြားသွားခဲ့၏။
"အဘိုးကျန်း အပြင်မှာ ဘယ်သူလဲ"
ဝေ့ကျန်းဟွာ လှမ်းမေးလိုက်သည်။
"သခင်ကြီး မစ္စတာကျိုး ရောက်နေတာပါ"
အဘိုးကျန်း ပြန်ဖြေ၏။
ယင်းအား ကြားလိုက်ရသောအခါ ဝေ့ကျန်းဟွာ၏ မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားရသည်။
"ဟောက်ယွီလား၊ မြန်မြန် သူ့ကို ဒီဘက် ခေါ်ခဲ့ပါဦး"
ဝေ့ကျန်းဟွာကိုယ်တိုင် စကားပြောလိုက်ပြီဖြစ်ရာ လုဟန် မည်သည်ကိုမှထပ်မပြောရဲတော့ဘဲ ကျိုးဟောက်ယွီကိုသာ ဒေါသတကြီး စိုက်ကြည့်ပြီး လည်ပင်းလှီးပြသော အမူအရာ လုပ်ပြနေတော့သည်။ ကျိုးဟောက်ယွီမှာတော့ မမြင်ချင်ယောင်ဆောင်ကာ အဘိုးကျန်းနောက်မှတစ်ဆင့် ဧည့်ခန်းထဲသို့ ဝင်လာခဲ့၏။
ကျိုးဟောက်ယွီ ဧည့်ခန်းထဲတွင် ခန့်ညားထည်ဝါသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့ကို သေသေချာချာ မကြည့်ရသေးခင်မှာပင် စားပွဲပေါ်ရှိ မုန်လာထုပ်ပုံစံနှင့် တူသော်လည်း အရောင်မှာ မုန်လာထုပ်နှင့် မတူသော အရာတစ်ခုထံသို့ သူ၏အကြည့်များ ရောက်ရှိသွားသည်။
ကျိုးဟောက်ယွီ၏မျက်နှာတွင် အံ့ဩရိပ်လေး ဖြတ်ပြေးသွားသည်ကို ဝေ့ကျန်းဟွာ မြင်လိုက်ရသဖြင့် ပြုံးလျက် မေးလိုက်၏။
"ဟောက်ယွီ မင်း ဒီလိုကျောက်စိမ်းမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"
ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။
'ဒါက ကျောက်စိမ်းလား မဖြစ်နိုင်တာ’
"ဟားဟား အဘိုးကြီးလု၊ မိတ်ဆက်ပေးပါရစေ၊ ဒါက ပြီးခဲ့တဲ့တစ်ခေါက် ငါ့အသက်ကို ကယ်ခဲ့တဲ့ လူကောင်းလေး ကျိုးဟောက်ယွီပဲ"
ဝေ့ကျန်းဟွာ ပြုံးရွှင်စွာဖြင့် ထိုလူလတ်ပိုင်းအမျိုးသားကို မိတ်ဆက်ပေးလိုက်၏။
ဝေ့ကျန်းဟွာ ထိုလူကို "အဘိုးကြီးလု" ဟု ခေါ်သည်ကို ကြားလိုက်ရသဖြင့် ကျိုးဟောက်ယွီ သူ၏အမည်ကို ခန့်မှန်းမိလိုက်သည်။ သူ သံသယရှိခဲ့သည့်အတိုင်းပင် ထိုလူမှာ လုဟန်၏ ဖခင် ‘လုကော်ရှင်း’ ဖြစ်သည်။
လုဟန်နှင့် ကျိုးဟောက်ယွီတို့၏ ပြဿနာမှာ လုကော်ရှင်းထံသို့ မရောက်သေးသဖြင့် သူ ကျိုးဟောက်ယွီကို ချီးကျူးသောအကြည့်ဖြင့် ကြည့်နေဆဲပင်။
"တကယ်ပဲ ချောမောတဲ့ လူငယ်လေးပဲ၊ ဒီမစ္စတာကျိုးက ဘယ်ဆေးရုံက ပါရဂူလဲဆိုတာ မေးပါရစေဦး"
လုကော်ရှင်း ယဉ်ကျေးစွာ မေးလိုက်၏။
သူ၏သား လုဟန်နှင့်မတူဘဲ လုကော်ရှင်းမှာ အတော်လေး သဘောကောင်းပုံရပြီး မောက်မာသော အမူအရာလည်း မရှိပေ။
ဤမေးခွန်းက ကျိုးဟောက်ယွီကို အနည်းငယ် ရှက်သွားစေသော်လည်း သူ ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ၊ ကျွန်တော်က ဒီဒီ မောင်းတာပါ၊ ဘယ်ဆေးရုံကမှ ပါရဂူ မဟုတ်ပါဘူး"
မည်သည့်အလုပ်မဆို ဂုဏ်ငယ်စရာမရှိဟု သူယူဆထားသဖြင့် မိမိအလုပ်ကို ဝှက်ကွယ်မထားပေ။
လုကော်ရှင်း ခေတ္တမျှ ကြောင်သွားပြီး ဇဝေဇဝါဖြစ်သော အကြည့်ဖြင့် ဝေ့ကျန်းဟွာကို ကြည့်လိုက်၏။
"ဒီနေ့တော့ အဲဒီကိစ္စတွေကို မပြောကြရအောင်"
ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီကို လက်ယမ်းပြကာ ဆိုသည်။
"ဟောက်ယွီ လာပါဦး၊ ဒီမှာ အတွေ့အကြုံသစ်လေး လာကြည့်စမ်း"
ကျိုးဟောက်ယွီ အနီးသို့ လျှောက်သွားသောအခါ ထိုကျောက်စိမ်းမုန်လာထုပ်မှာ အလွန်ပင် လက်ရာမြောက်ပြီး သက်ရှိထင်ရှားနှင့် တူနေသည်ကို တွေ့ရသည်။ သို့သော် သူ၏အမြင်တွင် ထိုအရာ၏တောက်ပမှုမှာ အနည်းငယ် ထူးဆန်းနေပြီး လွန်လွန်ကဲကဲ တောက်ပနေသကဲ့သို့ ခံစားရ၏။
ကျိုးဟောက်ယွီ ထိကြည့်ရန် ပြင်လိုက်စဉ်မှာပင် လုဟန် ချက်ချင်း တားလိုက်ပြီး ဆိုသည်။
"မဆင်မခြင် မထိနဲ့၊ ဒါက ကွဲသွားရင် မင်း လျော်နိုင်မှာ မဟုတ်ဘူး၊ ငါ ဒါကို ငါ့ဦးလေးအတွက် လက်ဆောင်အဖြစ် ယွမ်ငါးသန်းပေးပြီး ဝယ်ထားတာ၊ ပြီးတော့ ကျွမ်းကျင်သူကို ယွမ်တစ်သိန်းပေးပြီး စစ်ခိုင်းထားသေးတယ်၊ အဲဒီကျွမ်းကျင်သူက ဒါဟာ စုဆောင်းထားသင့်တဲ့ တန်ဖိုးကြီးပစ္စည်းဖြစ်ပြီး နောက်နှစ်အနည်းငယ်နေရင် တန်ဖိုးက အဆပေါင်းများစွာ တက်လာလိမ့်မယ်လို့ ပြောထားတာ"
လုဟန်၏ မောက်မာသော အမူအရာမှာ ကျိုးဟောက်ယွီရှေ့တွင် တမင်ကြွားလုံးထုတ်နေခြင်း ဖြစ်သည်။ သို့သော် လူကြီးနှစ်ယောက်ရှေ့ဖြစ်၍ သူ့အသံကို အနည်းငယ် ထိန်းထားရ၏။ သို့မဟုတ်လျှင် ကျိုးဟောက်ယွီကို ကြည့်ခွင့်ပင် ပေးမည်မဟုတ်ပေ။
“ဟုတ်တယ်၊ သူ ဒီတစ်ခါတော့ တကယ် စေတနာပါပါတယ်၊ မင်း ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ဝါသနာပါမှန်း သိလို့ သူ ဒီကျောက်စိမ်းမုန်လာထုပ်ကို ဈေးကြီးပေးပြီး ဝယ်လာခဲ့တာ၊ ငါထင်တာတော့ ပိုက်ဆံပေးရတာ တန်ပါတယ်”
လုကော်ရှင်း ပြုံးရွှင်စွာဖြင့် ဝင်ပြောလိုက်သည်။ သို့သော် သူ၏ အမူအရာမှာ လုဟန်နှင့်မတူဘဲ ကြွားလုံးထုတ်လိုခြင်း မဟုတ်ဘဲ ဝေ့ကျန်းဟွာကို သူ၏ စေတနာကို သိစေချင်ရုံမျှသာ ဖြစ်၏။
လုမိသားစု၏ လုပ်ငန်းမှာ ဝေမိ့သားစုအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်ဟု ဝေ့ရှီယု ပြောဖူးသည်ကို ကျိုးဟောက်ယွီ သတိရလိုက်၏။ ထို့ကြောင့် ဤသားအဖနှစ်ယောက်မှာ ကျောက်စိမ်းမုန်လာထုပ်ကို အသုံးချပြီး ဝေ့ကျန်းဟွာ၏မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားနေမှန်း သူ နားလည်လိုက်သည်။
“ဒါက ဒီလောက်တန်ဖိုးရှိတာကိုတော့ ငါ အလကား မယူနိုင်ပါဘူး၊ ငါ့ဘာသာငါပဲ ပိုက်ဆံပေးဝယ်မယ်”
ဝေ့ကျန်းဟွာဆိုကာ လက်ဟန်ပြလိုက်ရာ အဘိုးကျန်း ချက်လက်မှတ်နှင့် ဘောပင်ကို လှမ်းပေးလိုက်၏။
ဘေးမှာရပ်နေသော ကျိုးဟောက်ယွီမှာမူ တွေးရင်း အံ့ဩနေမိသည်။
'သူဌေးတွေကတော့ တကယ့်ကို စိတ်ထင်တိုင်းပဲ၊ ဒီအမှိုက်စုတ်ကြီးကို ယွမ်ငါးသန်းတောင် ပေးတယ်'
"ဟေး တို့တွေက ဆွေမျိုးတွေပဲဟာ၊ ပိုက်ဆံအကြောင်း ပြောနေတာက သိပ်ပြီး ရိုင်းသလို ဖြစ်နေလိမ့်မယ်၊ ဒါက လက်ဆောင်လို့ ပြောပြီးသားပဲလေ၊ တို့က ဒါကို လာရောင်းတာမှ မဟုတ်တာ၊ မင်းက ပိုက်ဆံပေးမယ်ဆိုရင်တော့ သိပ်ပြီး အစိမ်းဆန်သွားလိမ့်မယ်"
လုကော်ရှင်း ချက်လက်မှတ်ကို ကိုင်ထားရင်း အလေးအနက် ပြောလိုက်၏။