အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
43
ဝေ့ကျန်းဟွာ အလျှော့မပေးဘဲ တင်းခံနေသော်လည်း လုကော်ရှင်း၏ ထူးခြားသော ဖော်ရွေမှုနောက်ကွယ်တွင် တစ်ခုခုရှိနေသည်ကို သူရိပ်မိနေသည်။
လုကော်ရှင်း ပိုက်ဆံလက်မခံသဖြင့် ဝေ့ကျန်းဟွာ အကဲခတ်သည့်အနေဖြင့် ဆို၏။
"ဒီလောက် တန်ဖိုးရှိတဲ့ပစ္စည်းကို အလကားတော့ လက်မခံနိုင်ဘူး၊ ခင်ဗျားက ပိုက်ဆံမယူဘူးဆိုမှတော့ တခြားနည်းနဲ့ ပြန်ပေးဆပ်ဖို့ ငါစဉ်းစားပေးပါ့မယ်"
သူစဉ်းစားဟန်ပြုရင်း လုကော်ရှင်း၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်လိုက်သည်။
ဤသည်ကို ဘေးမှမြင်နေရသော ကျိုးဟောက်ယွီ တိတ်တဆိတ် ချီးကျူးမိ၏။
'တကယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးပဲ၊ လက်ဆောင်ပေးတာရဲ့ နောက်ကွယ်မှာ အကြံအစည်ရှိနေတာကို ချက်ချင်း သိတာပဲ'
ထို့အပြင် ဝေ့ကျန်းဟွာသည် ထိုကျောက်စိမ်းမုန်လာထုပ်အား တကယ်သဘောကျနေသည်ကို ကျိုးဟောက်ယွီ မြင်နေရသဖြင့် နောက်ထပ် မည်သည့်အရာများ ဆက်ဖြစ်မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။
လုကော်ရှင်း လက်ဖက်ရည်တစ်ငုံသောက်ကာ လေသံကို အလေးအနက်ထားပြီး ဆို၏။
"အနောက်ပိုင်းခရိုင်က မြေကွက်တွေကို ဖွံ့ဖြိုးရေးလုပ်တော့မယ်လို့ ကြားတယ်၊ အဲဒါ"
စီးပွားရေးသမားများမှာ ပါးနပ်လှ၏။ သူတို့သည် လိုချင်သောအရာကို တည့်တည့်မပြောဘဲ အရိပ်အမြွက်သာ ပြောလေ့ရှိသည်။
ဝေ့ကျန်းဟွာ သူ၏ဆိုလိုရင်းကို နားလည်သွားပြီး မေးလိုက်၏။
"ခင်ဗျားက အနောက်ပိုင်းခရိုင် စီမံကိန်းကို လိုချင်တာကိုး"
"ဟုတ်ပါတယ် အဲဒါ အတည်ပြုပြီးပြီလားလို့ သိချင်တာပါ"
လုကော်ရှင်း မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။
ဝေ့ကျန်းဟွာ အေးအေးဆေးဆေးပင် ပြုံးလျက် ဆို၏။
"ငါတို့တွေက ဆွေမျိုးတွေပဲဟာ၊ လုပ်ငန်းရှိရင် ကိုယ့်လူကိုပဲ အရင်ဦးစားပေးမှာပေါ့၊ အဲဒီစီမံကိန်းကို ခင်ဗျားပဲ ယူလိုက်ပါ"
ယင်းအား ကြားလိုက်ရသောအခါ လုကော်ရှင်းမှာ ပျော်လွန်း၍ မျက်လုံးလေးများပင် ပိတ်သွားတော့သည်။
"ဒါဆို နောက်နေ့ကျရင် ကုမ္ပဏီကို စာချုပ်လာပို့ပါ့မယ်"
လုကော်ရှင်း မတ်တတ်ရပ်ကာ သူ၏ဝတ်စုံကို ပြန်ပြင်ရင်း ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်၏။
"ဒီနေ့တော့ ကျွန်တော်ပဲ ဧည့်ခံပါရစေ၊ ဟိုတယ်မှာ သွားပြီး အောင်ပွဲခံကြတာပေါ့၊ မစ္စတာကျိုးလည်း လိုက်ခဲ့ပါဦး"
လုကော်ရှင်းမှာ စိတ်ကြည်လင်နေသဖြင့် ကျိုးဟောက်ယွီကိုပါ ထည့်သွင်းဖိတ်ကြားခြင်း ဖြစ်သည်။
ကျိုးဟောက်ယွီ ကျေးဇူးတင်စကား ပြောရန်ပြင်စဉ်မှာပင် လုဟန် ကြားထဲမှ နှာခေါင်းရှုံ့ကာ ဆို၏။
"ဖေဖေကလည်း၊ သူက ဘယ်သူမို့လို့လဲ၊ ကျွန်တော်တို့က မိသားစု ထမင်းဝိုင်းလုပ်မှာလေ၊ သူလို အပြင်လူက ဘာလိုက်လုပ်မှာလဲ"
ပြောပြီးနောက် လုဟန် ကျိုးဟောက်ယွီကို အရှက်မကွဲချင်လျှင် မလိုက်ခဲ့နှင့်ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်သေးသည်။
ကျိုးဟောက်ယွီမှာတော့ မူလကတည်းက လိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် လုဟန်၏ မောက်မာသော အမူအရာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။
"ကျွန်တော်က ကားဆရာလေး တစ်ယောက်ပဲဟာ၊ ဒီလို လူကြီးမင်းတွေနဲ့အတူ ထမင်းစားဖို့ ဘယ်ဂုဏ်ရှိပါ့မလဲ၊ လူကြီးမင်းတို့ပဲ သွားစားကြပါ၊ ကျွန်တော်ကတော့ ယွမ်ငါးသန်းတန်တဲ့ ဒီကျောက်စိမ်းကြီးကိုပဲ သေချာ ထိုင်ကြည့်နေပါ့မယ်"
ပြောရင်းဖြင့် ကျောက်စိမ်းမုန်လာထုပ်ကို ဂရုတစိုက် မလိုက်သည်။
ဝေ့ကျန်းဟွာ၏အမြင်တွင် ကျိုးဟောက်ယွီမှာ သာမန်ကားဆရာ မဟုတ်ဘဲ နက်နဲသော အစွမ်းရှိသူတစ်ဦး ဖြစ်နေ၏။
"ဒီနေ့က စီးပွားရေးအကြောင်း ပြောမှာမဟုတ်ဘူး၊ ဒါကြောင့် ဟောက်ယွီလည်း အားမနာပါနဲ့၊ အဘိုးကြီးလုက ဖိတ်နေတာပဲ၊ ငါ့မျက်နှာကို ထောက်ပြီး လိုက်ခဲ့ပါ"
ဝေ့ကျန်းဟွာ ယဉ်ကျေးစွာ ထပ်မံဖိတ်ကြားသည်။
"ထမင်းစားဖို့က စောပါသေးတယ်၊ ခဏနေမှ ပြောကြတာပေါ့"
ကျိုးဟောက်ယွီ ခပ်အေးအေးပင် ပြန်ဖြေ၏။
ဝေ့ကျန်းဟွာ၏ဖိတ်ကြားမှုကို ဂရုမစိုက်ဟန်ပြနေသော ကျိုးဟောက်ယွီကို ကြည့်ပြီး လုဟန်မှာ ဒေါသပေါက်ကွဲတော့မတတ် ဖြစ်နေသည်။
"ငါ အခုလေးတင် မကိုင်နဲ့လို့ ပြောထားတယ်လေ၊ နားမကြားဘူးလား"
လုဟန်က ဒေါသထွက်နေသော်လည်း လူကြီးများရှေ့ဖြစ်၍ အသံကို ထိန်းထားရ၏။
ကျိုးဟောက်ယွီ သူ့ကို ပြုံးစစဖြင့် တစ်ချက်ကြည့်ကာ ဆိုသည်။
"ကြည့်ရုံလေး ကြည့်တာပါ၊ ပျက်အောင် မလုပ်ပါဘူး၊ မင်းကလည်း ကပ်စေးမနှဲစမ်းပါနဲ့"
"ပြန်ချထားစမ်း"
လုဟန် မျက်လုံးပြူးပြီး ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ အော်လိုက်တော့၏။
ကျိုးဟောက်ယွီ သူ့ကို ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ရာ လုဟန်မှာတော့ ယင်းက သူ့အား လှောင်ပြောင်နေခြင်းဖြစ်သည်ဟု ယူဆကာ ဒေါသကို မထိန်းနိုင်တော့ပေ။
"ငါ ပြန်ချထားမယ်၊ မင်း ပြန်ချထားလိုက်"
လုဟန်က လှမ်းလုလိုက်သည်။
ကျိုးဟောက်ယွီ ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး ပျာပျာသလဲ ဖြစ်သွားသည့်ပုံစံ ဖမ်းလိုက်၏။
"ခွမ်း"
ကျောက်စိမ်းမုန်လာထုပ်ကြီးမှာ ကြမ်းပြင်ပေါ်သို့ ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားတော့၏။ ကျိုးဟောက်ယွီသည် လေထဲတွင် ဟိုဖမ်းသည်ဖမ်းဖြင့် ပြန်ဆယ်ရန် ကြိုးစားဟန် ဆောင်နေခဲ့သည်။
ယွမ်ငါးသန်းတန် ကျောက်စိမ်းကြီး ကွဲသွားသည်ကို မြင်သောအခါ အားလုံး၏မျက်နှာများမှာ ပျက်သွားကြသည်။ အထူးသဖြင့် လုဟန်မှာတော့ လူသေတစ်ယောက်၏မျက်နှာထက်ပင် ပို၍ ဆိုးရွားသော အမူအရာ ဖြစ်သွားရ၏။
ဝေ့ကျန်းဟွာ၏ မျက်နှာ အမူအရာ ပြောင်းသွားသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ အပြစ်မကင်းသလိုဖြင့် ဆိုသည်။
"ဦးလေးဝေ့ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"
အခြားသူသာဆိုလျှင် ဝေ့ကျန်းဟွာ ဒေါသထွက်မိမည်မှာ အမှန်ပင်။ သူသည် ထိုကျောက်စိမ်းကို တကယ် သဘောကျခဲ့သည် မဟုတ်ပါလား။ သို့သော် ယခုလူမှာ ကျိုးဟောက်ယွီ ဖြစ်နေသဖြင့် ဝေ့ကျန်းဟွာ ချက်ချင်းပင် မည်သည်မှမဖြစ်သကဲ့သို့ ပြုံးလိုက်ကာ ဆိုလိုက်၏။
"ကွဲသွားပြီဆိုတော့လည်း ဒါဟာ ငါနဲ့ မထိုက်တန်လို့ပဲပေါ့၊ အတင်းအကျပ် ယူမနေတော့ပါဘူး"
ဤအရာမှာ ယွမ်ငါးသန်း တန်ဖိုးရှိပြီး ဝေ့ကျန်းဟွာ အပြစ်မယူသော်လည်း လုဟန်ကတော့ ဤမျှလောက် အထိနာမှုကို မည်သို့မှ သည်းမခံနိုင်ပေ။
"မင်း ကျိုးဆိုတဲ့ကောင်၊ မင်း တမင်လုပ်တာ ငါသိတယ်၊ ငါ ပြန်ချထားလို့ ပြောတာကို မင်းက မချဘဲ တမင်ခွဲလိုက်တာ၊ ဒါကို ငါ့ပိုက်ဆံနဲ့ ဝယ်ထားတာကွ ငါ့ဦးလေးက အပြစ်မယူရင်တောင် မင်း ငါ့ပိုက်ဆံကို ပြန်လျော်ရမယ်"
လုဟန် ဒေါသတကြီးဖြင့် ကျိုးဟောက်ယွီကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီဘက်မှ ကာကွယ်ပေးချင်သော်လည်း ယခုတစ်ခေါက်မှာ ကျိုးဟောက်ယွီ၏ အမှားဖြစ်နေသဖြင့် သူလည်း မည်သို့မှဝင်မပြောသေးပေ။ လုကော်ရှင်းမှာတော့ ကျောက်စိမ်းကွဲသွားသည်ကို ဂရုမစိုက်တော့ပေ။ သူ၏ လက်ဆောင်ပေးခြင်း ရည်ရွယ်ချက်မှာ အောင်မြင်သွားပြီ မဟုတ်ပါလား။ ထို့အပြင် ဝေ့ကျန်းဟွာသည် ကျိုးဟောက်ယွီအပေါ် ဘက်လိုက်နေသည်ကို မြင်ရသဖြင့် သူ ကျေးဇူးတင်ခံရအောင် ဝင်တားပေးလိုက်၏။
"လုဟန် တိတ်စမ်း၊ ငါတို့က ဒါကို ဝေ့ကျန်းဟွာကို ပေးပြီးသားပဲ၊ အဲဒါကြောင့် ဒါက သူ့ပစ္စည်းပဲ၊ သူက အပြစ်မယူဘူးဆိုရင် ပြီးတာပဲလေ၊ မင်းကို ပိုက်ဆံပြန်ပေးစရာ အကြောင်းမရှိဘူး"
လုကော်ရှင်း လုဟန်ကို လက်ကာပြကာ တားလိုက်သည်။
လုဟန်သာ ဤနေရာမှာ ငြိမ်ခံလိုက်လျှင် သူသည် လုဟန် ဖြစ်တော့မည်မဟုတ်ပေ။
"ဖေဖေကလည်း အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ သူက တို့ကို မလျော်ရင်တောင်မှ ဦးလေးကိုတော့ ပြန်လျော်ပေးသင့်တာပေါ့"
လုဟန် ခိုင်ခိုင်မာမာ ဆို၏။
ကျိုးဟောက်ယွီ အနည်းငယ်ပြုံးပြီး မေးလိုက်သည်။
"လျော်ရမှာလား ကျွန်တော် မလျော်ဘူးလို့ မပြောပါဘူး၊ မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ"
"မင်း"
ဝေ့ကျန်းဟွာ လုဟန်ကို စကားဖြတ်လိုက်ကာ ဆို၏။
"ဟောက်ယွီ ငါ တကယ် အပြစ်မယူပါဘူး၊ ဒါက ယွမ်ငါးသန်းပဲဟာ၊ မင်း လျော်စရာ မလိုပါဘူး"
ထိုအချိန်တွင် လုဟန်မှာ အနည်းငယ် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောက်ယွီ၏ လေသံမှာ အပျော်ပြောနေခြင်းမဟုတ်ဘဲ တကယ်လျော်မည့်ပုံစံ ဖြစ်နေသောကြောင့် ဖြစ်သည်။ အရင်တစ်ခေါက်က ကားနောက်ဖုံးအပြည့် ပိုက်ဆံတွေ ကြဲချခဲ့သည်ကို သတိရကာ လုဟန် ကျိုးဟောက်ယွီကို ဇဝေဇဝါ ဖြစ်လာပြီး တွေးလိုက်သည်။
'သူ့မှာ တကယ်ပဲ ကြောက်စရာကောင်းတဲ့ အစွမ်းတွေ ရှိနေတာလား၊ ဝေ့ရှီယုနဲ့ နီးစပ်ဖို့ ကားဆရာယောင် ဆောင်နေတာလား'
သို့သော် ယခုအချိန်တွင် ထိုသို့တွေးရန် အချိန်မရှိသဖြင့် ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ ဆို၏။
"မင်း လျော်မယ်ပြောပြီးပြီပဲ၊ လျော်လေ"
ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ထိုင်ချလိုက်ပြီး ကွဲအက်နေသော အစအနများကို လက်ဖြင့် ပုတ်ကြည့်ကာ ခပ်ပေါ့ပေါ့ပင် ပြောလိုက်တော့သည်။
"ဒါပေမဲ့ ဒါက အတုကြီး ဖြစ်နေတယ်ဗျ၊ လမ်းဘေးဈေးသည်ဆီမှာ ယွမ်ငါးဆယ်ပေးပြီး ဝယ်ထားတဲ့ ပစ္စည်းပဲ၊ ကျွန်တော်က ကားဆရာလေး ဆိုပေမဲ့ ယွမ်ငါးဆယ်တော့ လျော်နိုင်ပါတယ်"
ဤစကားကြောင့် အားလုံး မှင်သက်သွားကြ၏။ လုကော်ရှင်းနှင့် ဝေ့ကျန်းဟွာတို တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ လုဟန်မှာမူ ဒေါသကြောင့် တုန်ယင်သွားပြီး အော်ဟစ်လိုက်၏။
"မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့"
ဝေ့ကျန်းဟွာမှာ ကျိုးဟောက်ယွီသည် မလျော်ချင်၍ တမင်သက်သက် အတုဟု ပြောနေခြင်း မဟုတ်မှန်း သိသည်။
"ဟောက်ယွီ မင်း ဘာတွေ မြင်လို့လဲ"
ဝေ့ကျန်းဟွာ ရှေ့သို့ကိုင်းကာ ကျိုးဟောက်ယွီကို စိုက်ကြည့်ရင်း မေးလိုက်၏။
ကျိုးဟောက်ယွီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။ သူ လက်ကို ပုတ်ခါကာ မတ်တတ်ရပ်လိုက်ပြီး ပြန်ဖြေလိုက်တော့သည်။
"ဒါက ပလာစတာ နဲ့ လုပ်ထားတဲ့ အတုကြီးပါ၊ အတုထဲမှာတောင် အဆင့်မရှိတဲ့အတုကြီးပါ"
44
ဤစကားများကို ကြားလိုက်ရသောအခါ ဝေ့ကျန်းဟွာနှင့် လုကော်ရှင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်ကာ အသက်ရှူမှားသွားကြပြီး ကျိုးဟောက်ယွီကို ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ကြည့်လိုက်ကြသည်။
လုဟန်မှာတော့ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ကျိုးဟောက်ယွီကို လက်ညှိုးထိုးကာ အတင်းငြင်းတော့၏။
"လျှောက်မပြောနဲ့၊ ငါ ယွမ်ငါးသန်းပေးဝယ်ထားတဲ့ ပစ္စည်းက ဘယ်လိုလုပ် အတုဖြစ်မှာလဲ"
ကျိုးဟောက်ယွီကဲ့သို့လူမျိုးက ရှေးဟောင်းပစ္စည်းများကို မြင်ဖူးမှာမဟုတ်သကဲ့သို့ စစ်ဆေးနိုင်စွမ်းလည်း ရှိမည်မဟုတ်ဘူးဟု သူ ယူဆထား၏။ ထို့ကြောင့် ကျိုးဟောက်ယွီမှာ မလျော်ချင်သဖြင့် ရမ်းသန်းပြောပြီး လွတ်အောင်ရုန်းနေသည်ဟုသာ သူ ထင်နေမိသည်။
"မင်းကပဲ မျက်စိကန်းနေတာလား၊ ဒါမှမဟုတ် တမင်လုပ်တာလားဆိုတာတော့ မသိဘူးပေါ့လေ"
ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ဆိုလိုက်၏။
အကယ်၍ ဤအရာသာ အတုဖြစ်နေလျှင် လုကော်ရှင်းသည် ဝေ့ကျန်းဟွာကို အတုကြီးပေးမိသကဲ့သို့ ဖြစ်သွားကာ အလွန်ပင် အရှက်ရစရာ ကောင်းပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် ဝေ့ကျန်းဟွာထက်ပင် လုကော်ရှင်းမှာ အမှန်တရားကို ပို၍ သိချင်နေတော့သည်။
"ဒါက ဘာဖြစ်တာလဲ၊ မင်း ကျွမ်းကျင်သူနဲ့ စစ်ခိုင်းထားတယ်ဆို ဘယ်လိုဖြစ်လို့ အတုဖြစ်နိုင်ရတာလဲ"
လုကော်ရှင်း သားဖြစ်သူကို တင်းမာစွာ မေးခွန်းထုတ်လိုက်၏။
"ကျွန်တော် တကယ် စစ်ခိုင်းထားတာပါ၊ ဒီမှာကြည့် အသိအမှတ်ပြုလက်မှတ်တောင် ပါသေးတယ်"
လုဟန် သူ၏အိတ်ကပ်ထဲမှ အနီရောင် စာအုပ်ငယ်လေးကို အပြေးအလွှား ထုတ်ပြလိုက်သည်။
ကျိုးဟောက်ယွီလည်း အနည်းငယ် အံ့ဩသွားမိပြီး တွေးမိလိုက်၏။
'ဝိုး သူက တော်တော်လေး အကွက်စေ့စေ့ ပြင်ဆင်လာတာပဲ’
လုကော်ရှင်း လက်မှတ်ကိုယူကြည့်သော်လည်း မည်သည့်အမှားအယွင်းမှ မတွေ့သဖြင့် ဝေ့ကျန်းဟွာထံ ကမ်းပေးလိုက်သည်။
"ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကိုတောင် အတုလုပ်လို့ရသေးတာပဲ၊ လက်မှတ်ကရော အစစ်လို့ မင်းတကယ် ထင်နေတာလား"
ကျိုးဟောက်ယွီ လုဟန်ကို ငမွဲတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ပြီး ဆို၏။
"မီးရထားဘူတာရုံ အပြင်ဘက်မှာ ဒီလိုလက်မှတ်တွေ အများကြီးပဲ၊ ဘယ်လိုလက်မှတ်မျိုးပဲဖြစ်ဖြစ် တစ်အုပ်ကို ၁၅ ယွမ်ပဲ ပေးရတယ်"
ဝေ့ကျန်းဟွာလည်း ယင်းက ကျိုးကြောင်းဆီလျော်သည်ဟု ထင်မိသည်။
‘ယွမ်ငါးသန်းတန် ပစ္စည်းက အတုဖြစ်နေမှတော့ လက်မှတ်ကို ကြည့်နေလို့လည်း ဘာထူးတော့မှာလဲ’
ထို့ကြောင့် သူ လက်မှတ်ကိုပင် မကြည့်တော့ဘဲ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။
လုဟန်၏မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသော်လည်း သူ ဟန်ဆောင်ကာ ဆိုသည်။
"ကျိုး မင်း မဟုတ်မတရား စွပ်စွဲမနေနဲ့၊ ငါ့ဦးလေးက မင်းကို မလျော်ခိုင်းတော့ဘူးလို့ ပြောပြီးပြီပဲ၊ မင်း မလျော်နိုင်လို့ဆိုပြီး ငါ့လက်ဆောင်ကို အတုလို့ စွပ်စွဲစရာ မလိုပါဘူး"
ယခုအခါ သူသည် ယခင်ကကဲ့သို့ မောက်မာသော အမူအရာ မပြရဲတော့ဘဲ ကျိုးဟောက်ယွီက ဤနေရာတွင်တင် ရပ်တန့်လိုက်ပြီး ဤကိစ္စကို မြန်မြန်အဆုံးသတ်သွားရန်သာ ဆုတောင်းနေမိ၏။
"မစ္စတာကျိုး ခင်ဗျား ဘယ်လိုအကြောင်းပြချက်နဲ့ပဲ အတုလို့ ပြောပြော၊ သက်သေပြပါ၊ ခင်ဗျားရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကြောင့် တို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးကို အပျက်အစီး မခံနိုင်ဘူး"
လုကော်ရှင်း ဩဇာရှိသောလေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
သူသည် မူလက ဤကျောက်စိမ်းမုန်လာထုပ်ကို အသုံးချပြီး ဝေ့ကျန်းဟွာ၏ မျက်နှာသာပေးမှုကို ယူကာ အနောက်ပိုင်းခရိုင် စီမံကိန်းကို ရယူရန် ကြံစည်ထားခြင်း ဖြစ်သည်။ အကယ်၍ ဤအရာသာ အတုဖြစ်သွားလျှင် ဝေ့ကျန်းဟွာသည် သူတို့မိသားစုအပေါ် အမြင်ပြောင်းသွားပေလိမ့်မည်။ အနောက်ပိုင်းခရိုင် စီမံကိန်း လွဲချော်သွားမည့်အပြင် သူတို့၏ အနာဂတ် စီးပွားရေးပါ ပြင်းထန်စွာ ထိခိုက်နိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် လုကော်ရှင်း ကျိုးဟောက်ယွီထံမှ ရှင်းပြချက်ကို အပိုင်တောင်းဆိုနေခြင်း ဖြစ်၏။
သူတို့နှစ်ယောက်စလုံးက ဤသို့ပြောလာသဖြင့် ကျိုးဟောက်ယွီလည်း အဖြေကို ထုတ်ပြရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
“အကယ်၍ ဒါဟာ ကျောက်စိမ်းအစစ်ဆိုရင် တောက်ပမှုက ဒီလောက်အထိ လွန်ကဲနေမှာ မဟုတ်ဘူး၊ အပြင်ဘက်ကို ဖန်နဲ့ လုပ်ထားတာပါ၊ ဒါပေမဲ့ သာမန်ဖန်တော့ မဟုတ်ဘူး၊ အထူးနည်းပညာနဲ့ လုပ်ထားတဲ့ အရည်အသွေးမြင့် ဖန်သားပဲ၊ အတွင်းပိုင်းကိုတော့ ပလာစတာနဲ့ ဖြည့်ထားတာ၊ ဒါပေမဲ့ ပလာစတာချည်းပဲဆိုရင် အလေးချိန်က ပေါ့နေလိမ့်မယ်၊ ဒီလောက် ထုထည်ကြီးတာကို ပေါ့နေရင် ဘယ်သူမဆို အတုမှန်း သိနိုင်တာပေါ့”
“ဒါကြောင့် အတွင်းထဲမှာ တခြား သတ္တုပစ္စည်းတွေပါ ထည့်ထားသေးတယ်၊ ကျွန်တော် မမှားဘူးဆိုရင် အဲဒါက သံမှုန့်တွေပဲ၊ သံမှုန့်နဲ့ ပလာစတာကို အလေးချိန်တူအောင် ရောပြီး အတွင်းထဲမှာ ထည့်တယ်၊ ပြီးမှ အပြင်ကနေ ဖန်သားနဲ့အုပ်၊ အရောင်တင်လိုက်ရင် ကျောက်စိမ်းအတု ဖြစ်လာတာပဲ”
ကျိုးဟောက်ယွီ ကျွမ်းကျင်သူတစ်ဦးထက်ပင် ပို၍ ပညာသားပါပါ ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။ သူသည် ကျောက်စိမ်းမုန်လာထုပ်ကို စမြင်ကတည်းက ဤအချက်ကို သတိပြုမိခဲ့ခြင်း ဖြစ်၏။
ယခုလည်း သူ၏ ‘ရွှေမျက်လုံး’ အစွမ်းဖြင့် အတွင်းထဲ၌ မည်သည့်အရာများရှိသည်ကို အထင်အရှား မြင်နေရပြီ ဖြစ်သည်။ စောစောက သူ တည့်မပြောခဲ့ခြင်းမှာ လုဟန်ကို အမြင့်ဆုံးအထိ တက်ခွင့်ပေးလိုက်ခြင်း ဖြစ်၏။ အမြင့်ရောက်လေ ပြုတ်ကျရင် ပိုနာလေ မဟုတ်ပါလား။
ဝေ့ကျန်းဟွာမှာ ဤကျောက်စိမ်းကြောင့် လုကော်ရှင်း၏ တောင်းဆိုချက်ကို သဘောတူခဲ့ခြင်းဖြစ်ရာ ယခုအခါ အတုဖြစ်နေ၍ ထိုအတိုင်း လွှတ်ထား၍ မရတော့ပေ။
ဤစကားများကို ကြားပြီးနောက် လုဟန်၏ တစ်ကိုယ်လုံး တုန်ယင်လာသည်။ အားလုံးက သူ့ကို စိုက်ကြည့်နေကြသဖြင့် လုဟန် အတင်းပြုံးကာ အော်ဟစ်လိုက်သည်။
"လျှောက်မပြောနဲ့ မင်းက ကျွမ်းကျင်သူလည်း မဟုတ်ဘဲနဲ့၊ ကျွမ်းကျင်သူတွေကတောင် အစစ်လို့ အတည်ပြုထားတာကို မင်းက အတုလို့ လာပြောနေတာလား"
လုကော်ရှင်းမှာတော့ ဤကိစ္စကို မရှင်းနိုင်လျှင် အနောက်ပိုင်းခရိုင် စီမံကိန်း ဆုံးရှုံးမည့်အပြင် ဝေ့မိသားစုရှေ့မှာလည်း မျက်နှာပျက်ရတော့မည်ကို သိ၏။
"မင်းက ကျွမ်းကျင်သူက အတည်ပြုထားတယ်လို့ ခဏခဏ ပြောနေမှတော့ အဲ့ဒီကျွမ်းကျင်သူကို အခုချက်ချင်း ဒီကို ခေါ်ခဲ့လိုက်၊ အကယ်၍ ဒါဟာ ကျွမ်းကျင်သူရဲ့ ပေါ့ဆမှုကြောင့်ဆိုရင် သူ့ကို အပြည့်အဝ တာဝန်ယူခိုင်းမယ်"
လုကော်ရှင်း ကျိုးဟောက်ယွီကို တစ်ချက်ကြည့်ကာ အလေးအနက် ဆိုလိုက်သည်။
"ဘယ်သူမဆို ဒီရေကို နောက်အောင်လုပ်ဖို့ ကြိုးစားနေရင်တော့ ငါ အလွယ်တကူ လွှတ်ထားမှာ မဟုတ်ဘူး"
ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီကို ယုံကြည်နေမှန်း လုကော်ရှင်း သိသဖြင့် သူသည် ကျိုးဟောက်ယွီကို အပြစ်မပေးခင် သူ၏ အပြစ်ကင်းစင်မှုကို အရင်သက်သေပြရန် ကြိုးစားနေခြင်း ဖြစ်၏။
ကျိုးဟောက်ယွီကတော့ အေးအေးဆေးဆေးပင် ပြုံးနေခဲ့၏။ လုကော်ရှင်း၏ တင်းမာသော မျက်နှာထားကြောင့် လုဟန်မှာ ချွေးစေးများ ထွက်လာတော့သည်။
“ကျွန်တော့်မှာ သူ့ဖုန်းနံပါတ် မရှိဘူး၊ အခုချိန် သူ့ကို ဘယ်မှာ သွားရှာရမှာလဲ”
လုဟန် ကျိုးဟောက်ယွီကို အလွန်မုန်းတီးသော မျက်လုံးများဖြင့် ကြည့်ရင်း အားကိုးရာမဲ့စွာ ဆို၏။
“မင်း အခုချက်ချင်း ကားမောင်းသွားပြီး သူ့ကို သွားခေါ်ခဲ့”
လုကော်ရှင်း တံခါးဘက်ကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
လုဟန် တုန်တုန်ယင်ယင်နှင့် ထစ်ထစ်ငေါ့ငေါ့ ပြော၏။
“မနေ့က ထင်တယ် သူ နိုင်ငံခြားကို လေ့လာရေးခရီး သွားတယ်လို့ ကြားလိုက်မိသလိုပဲ၊ အခု သူ့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး”
သူ၏ ထိတ်လန့်နေသောအမူအရာက လုကော်ရှင်းကို သံသယဝင်စေသည်။ သို့သော် လုဟန်သည် မိမိကို လိမ်ရဲလိမ့်မည်မဟုတ်ဟု သူ ယူဆထားဆဲပင်။ လုကော်ရှင်း အသံနက်ကြီးဖြင့် ဆိုလိုက်သည်။
"ဒါဆိုလည်း ဒီနယ်ပယ်က တခြားကျွမ်းကျင်သူတစ်ယောက်ကို သွားရှာခဲ့၊ ဒီလောက်ကြီးမားတဲ့ ပင်းဟိုင်မြို့ကြီးမှာ စစ်ဆေးရေး ကျွမ်းကျင်သူတွေ အကုန်သေကုန်ပြီလို့ ငါ မယုံဘူး"
လုဟန်သည် ဖခင်ဖြစ်သူ၏ဒေါသကို ခံစားလိုက်ရသဖြင့် ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေလာတော့၏။
“ကျွန်တော် ကျွန်တော် မသိဘူး၊ ဘယ်မှာ သွားရှာရမလဲ”
လုဟန် ဆိုဖာကိုအားပြုကာ မျက်နှာကြီးရှုံ့မဲ့လျက် ဆိုသည်။
ကျိုးဟောက်ယွီသည် ကိစ္စများမှာ အတန်အသင့် ရောက်ပြီဟု ခံစားရသဖြင့် ဆက်ပြီး ပွဲကြမ်းမနေတော့ပေ။
“ကျွမ်းကျင်သူတွေ မလိုပါဘူး၊ ကျွန်တော် စမ်းသပ်ချက်လေးတစ်ခု လုပ်ပြမယ်၊ အခုချက်ချင်း သိသွားလိမ့်မယ်”
ကျိုးဟောက်ယွီ အိမ်တော်ထိန်းဘက်သို့ လှည့်ကာ မေးလိုက်၏။
“အိမ်တော်ထိန်းကျန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို သံလိုက် တစ်ခုလောက် ရှာပေးလို့ ရမလား”
အဘိုးကျန်း ခေါင်းညိတ်ကာ ထွက်သွားတော့သည်။ ထိုအချိန်တွင် လုဟန်၏မျက်လုံးများမှာ ကျိုးဟောက်ယွီအပေါ် ဒေါသအဟုန်ဖြင့် တောက်လောင်နေသည်။
တကယ်တော့ လုဟန်သည် မကြာသေးမီက သူငယ်ချင်းများနှင့် လောင်းကစားရာတွင် ပိုက်ဆံအမြောက်အမြား ရှုံးနိမ့်ထားခြင်း ဖြစ်သည်။ သူသည် ကုမ္ပဏီပိုက်ဆံကို ယူသုံးရန် မဝံ့ရဲသဖြင့် ဖခင်ဖြစ်သူကိုလိမ်လည်ရန် ဤအကွက်ကို ထွင်ခဲ့ခြင်း ဖြစ်၏။
မူလကတော့ ဤကိစ္စကို လျှို့ဝှက်ထားနိုင်မည်ဟု ထင်ခဲ့သော်လည်း ကျိုးဟောက်ယွီ ရောက်လာခြင်းက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့သည်။
“မစ္စတာကျိုး ခင်ဗျား တောင်းတဲ့ သံလိုက် ရပါပြီ”
အဘိုးကျန်း သံလိုက်ကို လှမ်းပေးသည်။ ကျိုးဟောက်ယွီ ခပ်ဖွဖွ ပြုံးကာဆိုလိုက်၏။
“လာကြည့်ကြဦး၊ အံ့ဖွယ်အခိုက်အတန့်ကို တွေ့ရတော့မယ်”
ဝေ့ကျန်းဟွာနှင့် လုကော်ရှင်းတို့ နှစ်ယောက်စလုံး အနားသို့ တိုးလာကြသည်။ လုဟန်တစ်ယောက်သာ ဆိုဖာဘေးတွင် တုန်လှုပ်ချောက်ချားစွာဖြင့် ရပ်ကျန်ခဲ့ပြီး အနားသို့ မတိုးရဲတော့ပေ။