အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
45
ကျိုးဟောက်ယွီ ကျောက်စိမ်းအကျိုးအပဲ့များကို ဖယ်ရှားလိုက်ပြီး သံလိုက်ကို ယူလိုက်သည်။ ထိုအခါ သဲကဲ့သို့အမည်းရောင် အမှုန်အမွှားလေးများက သံလိုက်၌ လာကပ်နေသည်ကို အားလုံး တွေ့လိုက်ရ၏။
မူလတန်းတက်ဖူးသည့် ကလေးတစ်ယောက်ပင်လျှင် သံလိုက်မှာ သံကိုသာ ဆွဲနိုင်သည်အား သိ၏။ ထို့ကြောင့် ကျိုးဟောက်ယွီအနေနှင့် ဤထက်ပိုပြီး ရှင်းပြနေရန် မလိုတော့ပေ။
လုကော်ရှင်းမှာ မျက်လုံးအပြူးသားဖြင့် ခဏတာ ငေးကြည့်နေမိပြီးမှ ဝမ်းဗိုက်ထဲမှ ဒေါသများကို လုဟန်ဘက်သို့ လှည့်ပြီး အော်ဟစ်လိုက်သည်။
"ဒါကို ရှင်းစမ်း ဒါ ဘာဖြစ်တာလဲ"
ကျောက်စိမ်းမုန်လာထုပ်က အတုဖြစ်နေမှန်း သူကိုယ်တိုင် မြင်လိုက်ရပြီဖြစ်ရာ သူ၏ လက်ဆောင်ပေးရန် ကြိုးစားမှုမှာ ကျရှုံးသွားပြီဖြစ်သလို မျက်နှာလည်း အကြီးအကျယ် ပျက်သွားခဲ့လေပြီ။ ထိုမျက်နှာပျက်ရမှု၏ အကျိုးဆက်ကတော့ အနောက်ပိုင်းခရိုင် စီမံကိန်းမှာလည်း လက်လွတ်သွားရမည်မှာ သေချာနေပြီ ဖြစ်၏။
ထိုမှာ ယွမ်သန်းပေါင်းရာနှင့်ချီ တန်ဖိုးရှိသော စီမံကိန်းကြီး မဟုတ်ပါလား။ အသုံးမကျသည့် သားဖြစ်သူကြောင့် အရာအားလုံး ပျက်စီးသွားရသဖြင့် လုကော်ရှင်းမှာ လုဟန်ကို ကိုယ်တိုင် သတ်ပစ်ချင်စိတ်ပင် ပေါက်နေတော့သည်။
"ဖေဖေ ကျွန်တော်လည်း တကယ်မသိတာပါ၊ ကျွန်တော်လည်း အလိမ်ခံလိုက်ရတာ"
လုဟန် ကြောက်လွန်းသဖြင့် ဒူးထောက်ကျလျက် တောင်းပန်၏။
"ဦးလေး ကျွန်တော့်ကို ယုံပေးပါ၊ ကျွန်တော်လည်း ဒီကြားထဲက ခံရသူပါပဲ၊ ဒါကြီးက အတုမှန်းသိရင် ကျွန်တောဘယ်တော့မှ ဦးလေးကို လာပေးမှာ မဟုတ်ပါဘူး"
"ဒါဆိုရင်လည်း မင်းကို လိမ်သွားတဲ့သူကို မြန်မြန်သွားရှာလေ၊ ဒါမှ ပိုက်ဆံပြန်ရဖို့ အခွင့်အရေးရှိမှာပေါ့၊ အချိန်တွေ အကြာကြီး စောင့်နေရင်တော့ အဲဒီလူကို ရှာတွေ့မှာ မဟုတ်တော့ဘူး"
ကျိုးဟောက်ယွီ ဘေးမှ ခပ်အေးအေးလေး သတိပေးလိုက်သည်။
"ဟုတ်တယ်၊ အခုချက်ချင်း အဲဒီလူကို သွားရှာစမ်း၊ ဘယ်သူက ငါ့ကို လှည့်စားရဲသလဲဆိုတာ ငါ သိချင်တယ်"
လုကော်ရှင်း၏ တည်ငြိမ်နေသော မျက်နှာထားနောက်ကွယ်မှာတော့ တိုင်းတာလို့မရနိုင်သော ဒေါသများ ရှိနေ၏။
တကယ်တော့ ထိုအရာမှာ လုဟန်သည် အတုရောင်းသောဈေးတွင် ဝယ်လာခြင်းဖြစ်ပြီး ယုံကြည်မှုရှိအောင် လက်မှတ်အတုပါ လုပ်လာခဲ့ခြင်းဖြစ်သည်။ ကျိုးဟောက်ယွီသာ ရောက်မလာခဲ့လျှင် လုဟန်၏ အစီအစဉ် အောင်မြင်သွားမှာ ဖြစ်၏။ ယခု လုကော်ရှင်းက လူရှာခိုင်းနေရာ လုဟန်မှာ မည်သူ့ကို သွားရှာရမှန်း မသိဖြစ်နေရပြီ ဖြစ်သည်။
"ကျွန်တော် ကျွန်တော်"
လုဟန် ကြောက်လွန်းသဖြင့် ဦးနှောက်များဗလာဖြစ်သွားပြီး ဆင်ခြေတစ်ခွန်းပင် မပေးနိုင်တော့ပေ။ သူ့ပုံစံကို ကြည့်ပြီး လုကော်ရှင်းလည်း တစ်ခုခုကို ရိပ်မိသွားပုံရသည်။ သို့သော် မိသားစုအတွင်းရေးကို လူပုံအလယ်၌ မဖွင့်ချချင်ပေ။
"ဝေ့ကျန်းဟွာ သူ တကယ်ပဲ လိမ်ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်၊ ငါတို့ ပြန်ပြီး သေချာစုံစမ်းပါရစေဦး"
လုကော်ရှင်း ဝေ့ကျန်းဟွာ အမှန်တရားကို သိနေမှန်း ရိပ်မိသဖြင့် အားနာနာနှင့်ပင် ဆိုလိုက်၏။
"လူငယ်ဆိုတော့လည်း အတွေ့အကြုံနုသေးလို့ လိမ်ခံရတာ နေမှာပါ၊ သေချာတော့ စုံစမ်းကြည့်လိုက်ပါဦး"
ဝေ့ကျန်းဟွာ အလေးအနက် ပြောလိုက်သည်။
ယင်းအာစ ကြားလိုက်ရ၍ ကျိုးဟောက်ယွီ မရယ်ဘဲ မနေနိုင်တော့ပေ။
'နုနယ်တာနဲ့ အသိဉာဏ်မရှိတာက တစ်ဖက်စီပဲ၊ ဦးလေးဝေ့ရဲ့ စကားပြောပုံကတော့ တကယ်ကို အဆင့်မြင့်တယ်’
လုကော်ရှင်းမှာ ဒေါသထွက်နေသော်လည်း အတင်းပြုံးကာ ဆိုရ၏။
"ငါ သိပါတယ်၊ ဒီတစ်ခါတော့ တကယ်ပဲ အားနာရပါတယ်"
"ရပါတယ်၊ တို့တွေက မိသားစုတွေပဲဟာ၊ အားနာနေစရာ မလိုပါဘူး"
ဝေ့ကျန်းဟွာက ခေါင်းညိတ်ပြသည်။
လုကော်ရှင်းသည် အနောက်ပိုင်းခရိုင် စီမံကိန်းကိစ္စကို ဆက်ပြီး အတည်ဖြစ်၊ မဖြစ် မေးချင်သော်လည်း အရှက်ကတားနေသဖြင့် စကားလုံးများကို ပြန်မျိုချလိုက်ရ၏။
"ငါနဲ့ လိုက်ခဲ့စမ်း"
လုကော်ရှင်း လှည့်ပြီး ဟောက်လိုက်သည်။
လုဟန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြောက်လွန်းသဖြင့် မြေပြင်ပေါ် ခွေကျလုမတတ် ဖြစ်သွားရ၏။ ပါးစပ်နားရောက်ခါမှ လွတ်သွားသည့် စီမံကိန်းကြီးကို နှမြောရင်း လုကော်ရှင်း၏ဒေါသကို ထိုသူခံရတော့မည်အား ကျိုးဟောက်ယွီ သိနေသည်။ လုဟန်သာ ကျိုးဟောက်ယွီကို အစကတည်းက လာမစခဲ့လျှင် ကျိုးဟောက်ယွီလည်း ဤနေရာကို ရောက်လာမှာ မဟုတ်ပေ။
လုနှစ်ယောက် ထွက်သွားပြီးနောက် ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီကို ထိုင်ရန် လက်ယမ်းပြလိုက်၏။
"ဟောက်ယွီ ငါ့ကို အမှန်အတိုင်းပြောစမ်းပါဦး၊ အဲဒီကျောက်စိမ်းက အတုမှန်း မင်း ဘယ်လိုသိတာလဲ"
ဝေ့ကျန်းဟွာကဲ့သို့ ရှေးဟောင်းပစ္စည်းအများကြီး စုဆောင်းဖူးသူပင် မည်သည်ကိုမှ မရိပ်မိခဲ့သည် မဟုတ်ပါလား။
ကျိုးဟောက်ယွီ မိမိ၌ ‘ရွှေမျက်လုံး’ ရှိကြောင်း ပြော၍မရသဖြင့် ဆင်ခြေတစ်ခု ပေးလိုက်သည်။
"တကယ်တော့ ကျွန်တော် ကောလိပ်မှာ စိတ်ပညာ ကို လေ့လာခဲ့ဖူးလို့ပါ၊ ရှေးဟောင်းပစ္စည်းအကြောင်းတော့ ဘာမှမသိပါဘူး၊ လုဟန်ရဲ့တုံ့ပြန်မှုကို ကြည့်ပြီး တွက်ဆလိုက်တာပါ"
စိတ်ပညာဆိုသည်မှာ ရှေးခေတ် ဗေဒင်ပညာကဲ့သို့ပင် နက်နဲဆန်းကြယ်လှသည်။ ဝေ့ကျန်းဟွာ စိတ်ဝင်တစားဖြင့် မေး၏။
"ဒါဆို ဘယ်လိုမျိုး သိသွားတာလဲဆိုတာ မြန်မြန်ပြောပါဦး"
"အစကတော့ ကျွန်တော်လည်း မသေချာပါဘူး၊ ဒါပေမဲ့ ကျွန်တော် ကိုင်ဖို့လုပ်တဲ့အခါ သူက အတင်းတားတယ်၊ သူ ကျွန်တော့်ကို အထင်မကြီးတာ သိပေမဲ့ ကြည့်ရုံလေးနဲ့ ပြဿနာဖြစ်စရာ မလိုဘူးလေ၊ အဲဒါနဲ့ ကျွန်တော် ထပ်ပြီး စမ်းကြည့်တော့ သူ ကျွန်တော် ထိမှာကို တော်တော်လေး စိုးရိမ်နေမှန်း သိလိုက်ရတယ်၊ နောက်ဆုံးတော့ ကျွန်တော် လောင်းကြေးထပ်ပြီး ကျောက်စိမ်းကို ခွဲပစ်လိုက်တာပါ"
ကျိုးဟောက်ယွီ၏စကားကို ဝေ့ကျန်းဟွာ ဖြတ်ပြောလိုက်သည်။
"မင်းပြောချင်တာက မင်း မသေချာဘဲနဲ့ တမင်ခွဲလိုက်တာပေါ့ ဟုတ်လား"
ဝေ့ကျန်းဟွာ၏မျက်နှာက ရုတ်တရက် အလေးအနက် ဖြစ်သွား၏။
ထိုအရာအားမြင်၍ ကျိုးဟောက်ယွီ အနည်းငယ် ရှိန်သွားပြီး မေးမိသည်။
"ဦးလေးဝေ့ ကျွန်တော် ဒီလိုလုပ်တာကို အပြစ်တင်မှာလား”
အကယ်၍ ထိုကျောက်စိမ်းက အစစ်သာဆိုလျှင် ကျိုးဟောက်ယွီမှာ ယွမ်ငါးသန်း လျော်ရမည်ဖြစ်ပြီး သူ မလျော်နိုင်မှန်း ဝေ့ကျန်းဟွာ သိသည်။ သို့သော် ကျိုးဟောက်ယွီ၏ ရဲတင်းသော ဆုံးဖြတ်ချက်ကိုတော့ သူ သဘောကျသွားခဲ့၏။
"ဟားဟား မင်း အရမ်းတွေးမနေပါနဲ့၊ မင်းရဲ့ သတ္တိကို ငါ ချီးကျူးလို့ပါ"
ဝေ့ကျန်းဟွာ သဘောကျစွာ ရယ်လိုက်သည်။ ထိုမှသာ ကျိုးဟောက်ယွီလည်း စိတ်သက်သာရာ ရသွားတော့သည်။
"ဒင်"
ဖုန်းမြည်သံက သူတို့စကားဝိုင်းကို ဖြတ်တောက်လိုက်၏။
"ဆေးလာပို့မယ်ဆိုပြီး ကားက မြစ်ထဲကျသွားတာလား ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
ဝေ့ရှီယု၏အော်သံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ငါ မင်းအိမ်အောက်ထပ် ရောက်နေပြီ၊ အခု တက်လာခဲ့မယ်"
ကျိုးဟောက်ယွီ မတ်တတ်ရပ်လိုက်ပြီး ဝေ့ကျန်းဟွာကို နှုတ်ဆက်လိုက်၏။
"ဦးလေးဝေ့ ကျွန်တော် ရှီယုအတွက် အအေးမိပျောက်ဆေး လာပို့တာပါ၊ သူ ဖုန်းဆက်ပြီး လောနေလို့ ကျွန်တော် အပေါ်အရင် သွားလိုက်ပါဦးမယ်"
ဝေ့ကျန်းဟွာ ပြုံးလျက် ဆိုသည်။
"သူ့စိတ်က နည်းနည်း ဆိုးတတ်တယ်၊ နောင်ကျရင် သူ့အပေါ် ပိုပြီး သည်းခံပေးလိုက်ပါဦး"
"ကျွန်တော် သိပါတယ်၊ သူက မိန်းကလေးပဲဟာ၊ ကျွန်တော် စိတ်ထဲမထားပါဘူး"
ကျိုးဟောက်ယွီ ခေါင်းညိတ်ပြီး အပေါ်ထပ်သို့ တက်လာခဲ့၏။
အပေါ်ထပ်တွင် အခန်းပေါင်းများစွာ ရှိနေသဖြင့် ဝေ့ရှီယု၏ အခန်းကို သူ မသိပေ။ အခန်းတိုင်းကိုလည်း လိုက်မခေါက်ရဲသဖြင့် သူ အကြံတစ်ခု ရလိုက်သည်။ ခုနက နံပါတ်သို့ စာတစ်စောင် ပို့လိုက်သည်။
"မင်းကတော့ တကယ့် ကျားမပဲ၊ ငါက စေတနာနဲ့ ဆေးလာပို့တာကို မင်းက အော်နေတုန်း၊ ငါ ပြန်တော့မယ်၊ ဆေးတွေကိုလည်း အမှိုက်ပုံးထဲ ပစ်လိုက်ပြီ၊ မင်းဘာသာ မင်း နေမကောင်းတာနဲ့ပဲ တိုက်ပွဲဝင်နေလိုက်တော့"
ထိုစာကို ရလိုက်သညနှင့် ဝေ့ရှီယုထံမှ အော်သံကြီး ထွက်လာ၏။
"ကျိုးဟောက်ယွီ နင့်ကို ငါ သတ်မယ်"
ကျိုးဟောက်ယွီ အသံလာရာကို အကဲခတ်ပြီး ပြုံးရင်း ရေရွတ်လိုက်သည်။
"ဘယ်ဘက်က ဒုတိယမြောက် အခန်းပဲ"
ဝေ့ရှီယု ရှိမှန်း သေချာသွားသဖြင့် သူ တံခါးကို တွန်းဖွင့်ပြီး ဝင်သွား၏။
"ငါက ဆေးလာပို့တာကို မင်းက ငါ့ကို သတ်မယ် ဟုတ်လား ကျေးဇူးကို အောက်မေ့ရမယ့်အစား ရန်တုံ့ပြန်ချင်တာလား"
ကျိုးဟောက်ယွီ အခန်းထဲဝင်ရင်း ပြောလိုက်သည်။
46
ကျိုးဟောက်ယွီ သူမရှေ့၌ ရုတ်တရက် ပေါ်လာတဲ့အခါ ဝေ့ရှီယုမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားဆဲပင်။
“နင်က ဘယ်လိုတောင် ပြောရက်တာလဲ၊ ဘာလို့ ငါ့ကို ကျိန်ဆဲတဲ့စာ ပို့တာလဲ”
ဝေ့ရှီယု သူမ၏ဖုန်းကို စောင်ပေါ် ပစ်တင်လိုက်သည်။ ဖုန်းမျက်နှာပြင်မှာတော့ ထိုစာက ပေါ်နေဆဲပင်။
သို့သော် ကျိုးဟောက်ယွီကတော့ စာပို့ပြီးသည်နှင့် ချက်ချင်း ပြန်ဖျက်ထားခဲ့ပြီးသား ဖြစ်သည်။
“ဘယ်သူက မင်းကို ကျိန်ဆဲတဲ့စာ ပို့လို့လဲ၊ ငါသာ မင်းကို ကျိန်ဆဲချင်တယ်ဆိုရင် ဘာလို့ ဆေးလာပို့ပေးမလဲ”
ကျိုးဟောက်ယွီ အမှန်တရားဘက်မှ ရပ်တည်သကဲ့သို့ အသံကို နည်းနည်းမြှင့်ပြီး သူ၏ဖုန်းကို ထုတ်ပြလိုက်၏။
ကျိုးဟောက်ယွီ ကိုင်ထားသော ဆေးများကွာနေသော ဖုန်းအစုတ်လေးကို မြင်လိုက်ရသောအခါ ဝေ့ရှီယု၏အာရုံက ချက်ချင်း ပြောင်းသွားတော့သည်။
“ပြီးခဲ့တဲ့တစ်ခေါက် ငါပေးတဲ့ဖုန်းကရော”
ဝေ့ရှီယု စစ်ဆေးမေးမြန်းချင်သည့်အကြည့်နှင့် ကျိုးဟောက်ယွီကို ကြည့်လိုက်၏။
“ဪ အဲဒါ သူများပေးလိုက်ပြီ”
ကျိုးဟောက်ယွီ မည်သည်ကိုမှမစဉ်းစားဘဲ အမှန်အတိုင်း ပြောချပစ်လိုက်၏။
ဝေ့ရှီယုမှာ ဒေါသအလိပ်လိပ် ထွက်သွားသည်။ သူမ၏အမြင်မှာတော့ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးသည်ဆိုသည်မှာ မြင့်မြတ်သော ဂုဏ်ပြုမှုတစ်ခုပင်။ ကျိုးဟောက်ယွီသည် သူမပေးသောအရာကို သူများပေးပစ်လိုက်ခြင်းမှာ သူမအား ဆန့်ကျင်လိုက်သည်နှင့် အတူတူပင် မဟုတ်ပါလား။
“ဒါ ငါပေးတဲ့ လက်ဆောင်ပဲ၊ နင်က သူများပေးလို့ မရဘူး၊ အခုချက်ချင်း သွားပြန်တောင်းချေ”
ဝေ့ရှီယု အမိန့်ပေးသည့်လေသံနှင့် ပြောလိုက်သည်။
ကျိုးဟောက်ယွီကတော့ သူမကို လုံးဝဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် ဆို၏။
“ပေးပြီးသားဥစ္စာ၊ ဘာလို့ သွားပြန်တောင်းရမှာလဲ”
“ငါ ဂရုမစိုက်ဘူး၊ နင် အဲဒါကို ငါ့ဆီ ပြန်ပေးရမယ်”
ဝေ့ရှီယု ဒေါသတကြီး ပြောပြန်သည်။
ကျိုးဟောက်ယွီ အနည်းငယ် အံ့ဩသွားပြီး တွေးမိ၏။
'အဲဒီဖုန်းမှာ ဘာထူးခြားတဲ့ အဓိပ္ပာယ်များ ရှိနေလို့လဲ'
သို့သော် ဖုန်းတစ်လုံးမှာ မည်သည်ကို ကိုယ်စားပြုနိုင်မည်အား သူ စဉ်းစားလို့မရပေ။
“ဒါဆိုရင်လည်း နောက်တစ်လုံး ထပ်ပေးလေ၊ အဲဒါဆို အသစ်နဲ့ လဲပေးမယ်”
ကျိုးဟောက်ယွီ မျက်ခုံးတစ်ဖက် ပင့်ပြရင်း နောက်လိုက်သည်။
“နင် နင်ကတော့လေ”
ဝေ့ရှီယုမှာ ဒေါသထွက်လွန်းသဖြင့် ဖုန်းထဲ၌ စာတစ်စောင်ကို မြန်မြန်ရိုက်ပြီး ပို့လိုက်၏။
ကျိုးဟောက်ယွီကတော့ သူမ အဘယ်ကြောင့် ထိုမျှ ဒေါသထွက်နေမှန်း နားမလည်ပေ။ သူ ဆေးများကို ချပေးလိုက်ပြီး ဆိုသည်။
“မင်း နေမကောင်းဘူးလေ၊ အရမ်း စိတ်လှုပ်ရှားမနေနဲ့၊ ဆေးမြန်မြန်သောက်၊ ငါ ပြန်တော့မယ်”
“နင်လည်း အအေးမိနေတာ မဟုတ်လား၊ ဆေးတွေအကုန် ငါ့ကိုပေးလိုက်ရင် နင်က ဘာလုပ်မလဲ”
ဝေ့ရှီယု ကျိုးဟောက်ယွီ၏ကျောပြင်ကို ကြည့်ရင်း မေးလိုက်၏။
ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သောအခါ ဝေ့ရှီယု၏မျက်နှာမှာ နီရဲနေသည်ကို တွေ့ရသည်။ သူမ ဖျားနေသည်မှာ သေချာသည်။
“မင်းပုံစံက ငါ့ထက် ပိုဆိုးနေပုံရတယ်၊ ရော့ ဒီဆေးတွေကို အရင်သောက်လိုက်၊ ငါကတော့ အလုပ်လုပ်ရင်းနဲ့ပဲ ချွေးထုတ်လိုက်ရင် သက်သာသွားမှာပါ”
ကျိုးဟောက်ယွီ ပြောလို့ပင် မဆုံးသေး ပြင်းပြင်းထန်ထန် နှာချေလိုက်မိ၏။
ကျိုးဟောက်ယွီ ကိုယ်တိုင်လည်း အတော်လေး နေမကောင်းဖြစ်နေလျက်ဖြင့် သူမကို ဆေးများအကုန် ပေးနေသည်ကို မြင်ရသောအခါ ဝေ့ရှီယုရင်ထဲ၌ ကျေးဇူးတင်စိတ်လေး ဖြစ်ပေါ်လာရသည်။
“ခေါင်းမမာစမ်းပါနဲ့”
ဝေ့ရှီယု ဆေးများကို နှစ်ပုံပုံလိုက်ပြီး တစ်ပုံကို ကျိုးဟောက်ယွီထံ လှမ်းပေးကာ ဆို၏။
“ငါ ဆေးကို နှစ်ပုံခွဲလိုက်ပြီ၊ ဘယ်သူက အရင် သက်သာမလဲ ကြည့်ရအောင်”
သူမ ရိုးရိုးပြောနေခြင်း မဟုတ်ဘဲ စိန်ခေါ်သည့် အကြည့်နှင့် ကျိုးဟောက်ယွီကို ကြည့်နေခြင်း ဖြစ၏။ ကျိုးဟောက်ယွီ၏ အရှုံးမပေးချင်သော စိတ်ဓာတ်ကလည်း နိုးကြားလာပြီး တွေးမိလိုက်သည်။
'မိန်းကလေးတစ်ယောက်ရဲ့ အထင်သေးတာကို ငါ ဘယ်လိုခံနိုင်မလဲ'
“ကောင်းပြီလေ၊ ဘယ်သူ အရင်ပျောက်မလဲ ကြည့်ကြတာပေါ့”
ကျိုးဟောက်ယွီ ယုံကြည်မှုအပြည့်နှင့် ပြန်ပြော၏။
“ဟား”
ဝေ့ရှီယု ရယ်လိုက်ပြီး ကျိုးဟောက်ယွီကို တစ်ရှူးတစ်ရွက် လှမ်းပေးကာ ဆိုသည်။
“အရမ်း ကြွားမနေနဲ့ဦး၊ နှာရည်တွေ အရင်သုတ်လိုက်ပါဦး”
ကျိုးဟောက်ယွီ ကြောင်သွားပြီး လျှာနှင့် သပ်ကြည့်လိုက်မှ နှာချေလိုက်တုန်းက နှာရည်များ ထွက်ကျလာမှန်း သတိထားမိ၏။
“အီး ရွံစရာကြီး”
ဝေ့ရှီယု၏မျက်လုံးများတွင် ရွံရှာမှုများ ပြည့်နှက်သွားသည်။
ကျိုးဟောက်ယွီလည်း ရှက်သွားသဖြင့် ခေါင်းလွှဲကာ နှာရည်သုတ်လိုက်ပြီးမှ အတည်ပေါက် ပြောလိုက်၏။
“မင်းလည်း ငယ်ငယ်တုန်းက နှာချီးစားဖူးမှာပဲ၊ ငါ့ကို ဘာလို့ လာရယ်နေတာလဲ”
ဝေ့ရှီယုမှာတော့ ထိုသို့ ရွံစရာကောင်းသော ကိစ္စကို သူနှင့် ဆက်ပြီး အငြင်းမပွားချင်တော့ပေ။
“ဒေါက် ဒေါက် ဒေါက်”
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဝေ့ရှီယု ပြောလိုက်သည်။
“ဝင်ခဲ့ပါ
ထို့နောက် အဘိုးကျန်း တံခါးဖွင့် ဝင်လာ၏။
“သခင်မလေး လိုချင်တဲ့ဖုန်း ရပါပြီ”
ဝေ့ရှီယု ဖုန်းကိုယူလိုက်ပြီး အဘိုးကျန်းကို ပြန်ခိုင်းလိုက်သည်။
ဝေ့ရှီယု ဖုန်းကို ကျိုးဟောက်ယွီထံ ကမ်းပေးကာ အလေးအနက် ဆို၏။
“နင် အခုချက်ချင်း ဒီဖုန်းကို ပြန်သုံးရမယ်”
ကျိုးဟောက်ယွီ ရယ်ချင်သွားပြီး မေးမိသည်။
“ငါ ခုနက နောက်လိုက်တာပါ၊ မင်းကလည်း တကယ်ကြီးလား၊ ပြီးတော့ မင်းတို့မိသားစုက ဖုန်းထုတ်တာလည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ဖုန်းတွေ ဒီလောက် အများကြီး ရှိနေတာလဲ”
“နင်နဲ့မဆိုင်တာတွေ လာမမေးနဲ့၊ ပြန်လဲလိုက်ဆို လဲလိုက်”
ဝေ့ရှီယု စိတ်တိုတိုနှင့် ပြောလိုက်၏။
သူမတို့မိသားစုမှာ ဖုန်းမထုတ်သော်လည်း ထိုမော်ဒယ်အသစ်ထွက်စဉ်က သူမ လှသည်ဟုထင်၍ အလုံး ၅၀ တစ်ခါတည်း ဝယ်ထားခဲ့ခြင်း ဖြစ်သည်။
ကျိုးဟောက်ယွီကတော့ သူမ အဘယ်ကြောင့် ဖုန်းကိစ္စကို ထိုမျှလောက်အထိ အလေးထားနေမှန်း နားမလည်ပေ။ သို့သော် သူမ နေမကောင်းဖြစ်နေသည်ကို ထောက်ထားပြီး ဆက်မငြင်းတော့ဘဲ ဖုန်းကို လက်ခံလိုက်၏။
“ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား၊ ဘယ်လိုဖြစ်ပြီး အအေးမိသွားတာလဲ”
ကျိုးဟောက်ယွီ အားမနာတမ်း ထိုင်ချလိုက်ပြီး ပန်းသီးတစ်လုံးကို ယူကာ အင်္ကျီနှင့် ပွတ်သုတ်၍ ဝေ့ရှီယုကို ကမ်းပေးလိုက်သည်။
ဝေ့ရှီယုသည် ပန်းသီးအခွံပါလျှင် မစားတတ်သလို ထိုပန်းသီးမှာလည်း ဆေးပင် မဆေးရသေးပေ။ သူမ မျက်စိစောင်းကြည့်နေသည်ကို မြင်သော် ကျိုးဟောက်ယွီ ရိပ်မိသွားပြီး ပန်းသီးကို သူသာ တစ်ကိုက်ကိုက်လိုက်၏။
“ညလယ်လောက်မှာ အရမ်းပူလာလို့ စောင်ကို ကန်ထုတ်လိုက်မိတာ၊ အဲဒါကြောင့် အအေးပတ်သွားတာ ထင်တယ်”
ဝေ့ရှီယု စဉ်းစားရင်း ပြောသည်။
ယင်းအား ကြားလိုက်ရ၍ ကျိုးဟောက်ယွီ ရင်ထဲ၌ မခံချိမခံသာ ဖြစ်သွားရ၏။
'မင်းမှာ စောင်တောင် မရှိဘူးလား၊ အအေးမိတာ မဆန်းပါဘူး'
သူတွေးမိသည်။
ဝေ့ရှီယုနှင့် ယှဉ်လိုက်ရင် သူ့ကိုယ်သူ သိမ်ငယ်စိတ် ဖြစ်သွားရသည်။ သူကတော့ စောင်မရှိ၍ အအေးမိခဲ့ရသည် မဟုတ်ပါလား။
“ဒါနဲ့ နင်ကရော ဘယ်လိုဖြစ်လို့ အအေးမိတာလဲ”
ဝေ့ရှီယု သူမ၏လှပသော မျက်လုံးလေးများနှင့် ကျိုးဟောက်ယွီအား သံသယရှိသကဲ့သို့ စိုက်ကြည့်နေ၏။
“ငါ့အခြေအနေကလည်း မင်းလိုပါပဲ”
ကျိုးဟောက်ယွီ သူ၏ဆင်းရဲဒုက္ခတွေကို သူမ မသိစေချင်သဖြင့် ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
ဝေ့ရှီယု ရုတ်တရက် ပြုံးလိုက်သည်။ ကျိုးဟောက်ယွီနှင့် ကံတူအကြောင်းမလှ ဖြစ်နေရသည်ကို သူမ သဘောကျသွားပုံရသည်။ ပန်းသီးစားပြီးနောက် ကျိုးဟောက်ယွီ ပြန်ရန် ပြင်လိုက်စဉ်မှာပင် ဆွန်းချန်၏ကိစ္စကို သတိရသွား၏။
“အင်း မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ ရမလား”
ကျိုးဟောက်ယွီ မူလက ဝေ့ကျန်းဟွာကို အကူအညီတောင်းရန် စဉ်းစားခဲ့သော်လည်း အနည်းငယ်အားနာမိသဖြင့် ဝေ့ရှီယုနှင့် ပြောရတာက ပိုပြီး လွယ်ကူလိမ့်မည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။
“ဘာအကူအညီလဲ၊ ပြောလေ”
ဝေ့ရှီယု ဖုန်းကြည့်နေရင်းကး ခေါင်းမော့မလာဘဲ မေး၏။
“မင်းမှာ ကားဆရာ လိုသေးလား”
ကျိုးဟောက်ယွီ အမှန်အတိုင်း မေးလိုက်သည်။
ထိုကို ကြားလိုက်သည်နှင့် ဝေ့ရှီယု ဖုန်းကိုချလိုက်ပြီး ရှည်ရှည်ဝေးဝေး ရှင်းပြ၏။
“အင်း လိုတယ်၊ ငါ့ရဲ့ ကိုယ်ပိုင်ကားဆရာ လုပ်ပေးပါ၊ တစ်လကို ယွမ်ငါးသောင်း ပေးမယ်၊ အလုပ်ကောင်းရင် လစာတိုးပေးမယ်၊ လူမှုဖူလုံရေးနဲ့ အိမ်ရာချေးငွေ အကျိုးခံစားခွင့်တွေလည်း ပါမယ်၊ နင် လိုချင်တဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို ငါ သဘောတူပေးနိုင်တယ်၊ ဒါပေမဲ့ ငါခိုင်းတာ အကုန်လုပ်ရမယ်နော်၊ ပိုက်ဆံကတော့ ပြဿနာ မဟုတ်ဘူး”
ကျိုးဟောက်ယွီမှာ ပါးစပ်အဟောင်းသားနှင့် ဝေ့ရှီယုကို ကြည့်ပြီး တွေးလိုက်သည်။
'သူမကတော့ တကယ်ကို ပိုက်ဆံပေါတာပဲ၊ ကားဆရာတစ်ယောက်ကို ဒီလောက်တောင် ပေးတာလား'
ဤကဲ့သို့အခွင့်အရေးမျိုးက ကျိုးဟောက်ယွီကိုပင် စိတ်လှုပ်ရှားသွားစေ၏။
သို့သော် သူသည် ဆွန်းချန်အတွက် ကားဆရာအလုပ် ရှာပေးနေခြင်း ဖြစ်၏။ ထိုမျှကောင်းသည့်ခံစားခွင့်များက ဟိုကောင် ဆွန်းချန်အတွက်သာ ဖြစ်သွားတော့မည်။
“ကောင်းပြီလေ၊ ငါ့သူငယ်ချင်းကို အခုပဲ ဖုန်းဆက်လိုက်မယ်”
ကျိုးဟောက်ယွီ ဝမ်းသာအားရနှင့် ဖုန်းထုတ်လိုက်၏။
“နေဦး နင်က နင့်သူငယ်ချင်းအတွက် စီစဉ်ပေးနေတာလား”
ဝေ့ရှီယု ကျိုးဟောက်ယွီ၏ဖုန်းကို လှမ်းဖိလိုက်ပြီး ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ကျိုးဟောက်ယွီ ဇဝေဇဝါဖြစ်သွားပြီး ခေါင်းညိတ်ပြကာ မေး၏။
“ဘာလို့လဲ ပြဿနာ ရှိလို့လား”
“ဪ ဘာမှ မဟုတ်ပါဘူး”
ဝေ့ရှီယု သူမ၏ဖုန်းကို ပြန်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ပြန်မေးလိုက်တော့သည်။
“နင် ခုနက ဘာပြောလိုက်တာလဲ”