← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

47

ကျိုးဟောက်ယွီမှာ သူမ၏မေးခွန်းနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင်မျက်နှာပေးဖြင့်သာ ခေါင်းကို ကုတ်နေမိသည်။

“မင်းမှာ ကားဆရာလိုသေးလားလို့ ငါ ခုနက မေးလိုက်တာလေ”

ကျိုးဟောက်ယွီ အားကိုးရာမဲ့စွာဖြင့်ပင် ထိုစကားကို ထပ်မံပြောလိုက်ရသည်။ ဤသည်မှာ သတိပေးချက်တစ်ခုဟု သူထင်မှတ်ထားသော်လည်း ဝေ့ရှီယု ခင်းကျင်းထားသည့် ကျော့ကွင်းတစ်ခု ဖြစ်နေလိမ့်မည်ဟုတော့ သူ အိပ်မက်ပင် မမက်ခဲ့မိပေ။

“မလိုဘူး၊ နင် သွားလို့ရပြီ”

ဝေ့ရှီယု ကျိုးဟောက်ယွီအား သူစိမ်းတစ်ယောက်ကဲ့သို့ သဘောထားကာ ဖုန်းကိုသာ ငုံ့ကြည့်နေသည်။ ဤစကားကြောင့် ကျိုးဟောက်ယွီမှာ ခေတ္တမျှ မှင်တက်သွားပြီး သတိပြန်ဝင်လာ၏။

“မဟုတ်ဘူးလေ၊ ခုနတင်ပဲ နင် လိုတယ်ဆို၊ ခံစားခွင့်တွေတောင် အများကြီး ပြောလိုက်သေးတယ် မဟုတ်လား”

ကျိုးဟောက်ယွီ စကားမဆုံးခင်မှာပင် ဝေ့ရှီယု ကြားဖြတ်ဟန့်တားလိုက်သည်။

“အခု မလိုတော့ဘူးလို့ ပြောနေတာလေ၊ အာညောင်းမခံနဲ့တော့၊ တံခါးက ဟိုမှာ၊ ထွက်သွားပေးပါ”

ဝေ့ရှီယု တံခါးဘက်သို့ လက်ညှိုးထိုးကာ အေးစက်စွာ ဆိုလိုက်၏။

ရှေ့နောက်မညီဘဲ သိသိသာသာ ကွာခြားသွားသည့် သူမ၏သဘောထားကြောင့် ကျိုးဟောက်ယွီမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ဝေ့ရှီယု၏မျက်နှာကို ကြည့်ပြီး ကျိုးဟောက်ယွီသည် အောက်ကျနောက်ကျခံကာ တောင်းပန်မနေချင်တော့သဖြင့် လှည့်ထွက်လာခဲ့သည်။

“ထွက်သွားဆိုတာနဲ့ တကယ်ကြီး ထွက်သွားတာပဲ၊ စိတ်ပျက်စရာကြီး”

ဝေ့ရှီယု စောင်ကိုအားဖြင့် ရိုက်လိုက်ပြီး ပါးဖောင်းဖောင်းလေးများ မို့တက်လာသည်အထိ စိတ်ကောက်ကာ ကျန်ရစ်ခဲ့၏။

တကယ်တော့ ဝေ့ရှီယုသည် ကျိုးဟောက်ယွီကိုယ်တိုင် သူမ၏ ကားဆရာလုပ်မည်ဟု ထင်မှတ်ထားသဖြင့် ထိုမျှလောက်သော အခွင့်အရေးများကို ပြောပြခဲ့ခြင်းဖြစ်သည်။ သို့သော် သူက သူငယ်ချင်းအတွက် မေးပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ အကြောင်းရင်းကိုမသိရဘဲ သူမ စိတ်မကြည်မလင် ဖြစ်သွားရခြင်းပင်။

အိမ်အောက်ထပ်သို့ ဆင်းလာစဉ် ကျိုးဟောက်ယွီ တစ်ဦးတည်း ရေရွတ်နေမိသည်။

“ဘယ်လို မိန်းကလေးလဲ မသိဘူး၊ သဘောတူပြီးမှ ပြန်ဖျက်တယ်၊ မိန်းကလေးတွေရဲ့ စိတ်က တကယ်ကို နက်နဲလွန်းတယ်

လမ်းတစ်လျှောက်လုံး စဉ်းစားလာသော်လည်း ဝေ့ရှီယု အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည်ကို သူ အဖြေရှာမရပေ။

“ဟောက်ယွီ ပြန်တော့မလို့လား”

ဝေ့ကျန်းဟွာ၏အသံကို ကြားလိုက်ရမှ ကျိုးဟောက်ယွီ မိမိကိုယ်ကို အိမ်တံခါးဝသို့ ရောက်နေပြီမှန်း သတိထားမိတော့သည်။ ဝေ့ရှီယုကို မေး၍မရမှတော့ ဝေ့ကျန်းဟွာကိုသာ စမ်းကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။

“ဦးလေးဝေ့ ဦးလေးတို့ဆီမှာ ကားဆရာ လိုသေးလားခင်ဗျာ”

ကျိုးဟောက်ယွီ အကူအညီပေးလိုသည့် သဘောဖြင့် မေးလိုက်ခြင်းဖြစ်ရာ ဝေ့ကျန်းဟွာလည်း သတင်းစာကို ချက်ချင်းချကာ အာရုံစိုက်လာသည်။ အမှန်စင်စစ် သူသည် ကျိုးဟောက်ယွီအပေါ် ကျေးဇူးဆပ်ရန် နည်းလမ်းကို အမြဲ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

“မင်းက ကားဆရာ လုပ်မယ်ဆိုရင်တော့ မင်းရဲ့ အရည်အချင်းတွေကို နှမြောစရာ ဖြစ်နေလိမ့်မယ်၊ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါ့ကုမ္ပဏီမှာ ကြိုက်တဲ့ ရာထူးကို ရွေးချယ်နိုင်ပါတယ်”

ဝေ့ကျန်းဟွာ ရက်ရက်ရောရော ကမ်းလှမ်းလိုက်၏။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်က သူငယ်ချင်းတစ်ယောက်အတွက် အလုပ်ရှာပေးချင်ရုံတင်ပါ”

ကျိုးဟောက်ယွီ လက်ကိုအကြိမ်ကြိမ် ယမ်းကာ ငြင်းဆိုလိုက်ရသည်။

ဝေ့ကျန်းဟွာ၏ ခန့်ညားထည်ဝါလှသော ဟန်ပန်ကြောင့် သူ အနည်းငယ် အားနာမိသွားခြင်းပင်။

“ဪ အဲလိုလား”

ဝေ့ကျန်းဟွာ ခေတ္တစဉ်းစားပြီးနောက် မေးမြန်း၏။

“မင်းသူငယ်ချင်းက ဘာဘွဲ့ရထားလဲ၊ အရင်က ဘာအလုပ်တွေ လုပ်ခဲ့ဖူးလဲ”

“ဒါကတော့”

ကျိုးဟောက်ယွီမှာ ပြန်ဖြေရန် အနည်းငယ် အခက်တွေ့သွားသည်။ သူကိုယ်တိုင်မှာပင် တတိယတန်းစား တက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့ခြင်းဖြစ်ပြီး သူငယ်ချင်း ဆွန်းချန်မှာမူ ဘွဲ့ရပြီးနောက် ဇာတိရွာသို့ပြန်ကာ ဝက်မွေးမြူရေးလုပ်ငန်းသာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဝါးဟားဟားကဲ့သို့ ဂုဏ်သိက္ခာရှိသော ကုမ္ပဏီကြီးတစ်ခုတွင် ဆွန်းချန်ကဲ့သို့ လူမျိုးမှာ အိမ်သာဆေးသည့် အလုပ်ပင် ရရန် ခဲယဉ်းပေလိမ့်မည်။ ထိုကုမ္ပဏီကြီးသို့ ဝင်ရောက်ရန် ဘွဲ့ရနှင့် မဟာဘွဲ့ရများပင် လုယက်နေကြသဖြင့် ဆွန်းချန်တွင် အရည်အချင်း မရှိပေ။

ဝေ့ကျန်းဟွာသည် ကျိုးဟောက်ယွီ၏ အခက်တွေ့နေပုံကို ရိပ်မိပုံရသဖြင့် ကြင်နာစွာ ဆိုလိုက်သည်။

“ဒါဆို ဒီလိုလုပ်လေ၊ မနက်ဖြန် သူ့ကို ကုမ္ပဏီကို လွှတ်လိုက်ပါ၊ ငါကိုယ်တိုင် တွေ့ကြည့်မယ်”

“ဦးလေးဝေ့ အဲဒါတော့ မလိုဘူး ထင်ပါတယ်၊ ဦးလေးတို့ဆီမှာ ကားဆရာ လိုတယ်ဆိုရင် သူ့ကို ကားဆရာပဲ ပေးလုပ်လိုက်ပါ၊ ကုမ္ပဏီထဲမှာ အလုပ်လုပ်ရမယ်ဆိုရင်တော့ ဟိုမှာက အကုန်လုံးက တော်တဲ့သူတွေချည်းပဲဆိုတော့ သူ တာဝန်မကျေမှာကို ကျွန်တော် စိုးရိမ်လို့ပါ”

ကျိုးဟောက်ယွီ သူ၏အတွေးကို ပွင့်လင်းစွာ ပြောပြလိုက်၏။

ပထမအချက်မှာ ဆွန်းချန် ကုမ္ပဏီသို့ဝင်ပြီးနောက် အနှိမ်ခံရမည်ကို စိုးရိမ်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ကုမ္ပဏီအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ခြင်းပင် ဖြစ်သည်။ ကျိုးဟောက်ယွီက ပွင့်လင်းစွာ ပြောဆိုလာသဖြင့် ဝေ့ကျန်းဟွာလည်း သူ၏ရွေးချယ်မှုကို လေးစားလိုက်၏။ သို့သော် ကျိုးဟောက်ယွီ ပထမဆုံးအကြိမ် အကူအညီတောင်းဆိုခြင်းမှာ သူငယ်ချင်းအတွက် ဖြစ်နေသည်ကိုတော့ သူ အံ့ဩမိသွားရသည်။

“ကောင်းပြီလေ၊ မင်းအားတဲ့အခါ သူ့ကို ခေါ်လာခဲ့ပါ၊ ငါ စီစဉ်ပေးပါ့မယ်”

ဝေ့ကျန်းဟွာ အေးအေးဆေးဆေးပင် ဆိုလိုက်သည်။ ကျိုးဟောက်ယွီ အခြားသူအတွက်ဖြစ်စေ၊ မိမိအတွက်ဖြစ်စေ အကူအညီတောင်းလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်နေသဖြင့် ဝေ့ကျန်းဟွာ ငြင်းပယ်စရာ အကြောင်းမရှိပေ။

ကိစ္စများ အဆင်ပြေသွားပြီ ဖြစ်သဖြင့် ကျိုးဟောက်ယွီလည်း ဆက်မနေတော့ပေ။

“ဦးလေးဝေ့ ကျွန်တော် ပြန်ပါဦးမယ်၊ နောက်တစ်ခေါက်ကျမှ သူငယ်ချင်းကို ခေါ်လာခဲ့ပါ့မယ်”

ကျိုးဟောက်ယွီ နှုတ်ဆက်ကာ ဗီလာအိမ်ကြီးမှ ထွက်ခွာလာခဲ့၏။

“ဒင်”

ကားထဲသို့ ရောက်ရောက်ချင်း ကျိုးဟောက်ယွီ၏ ဖုန်းမြည်လာသည်။ အော်ဒါတက်လာသည်ဟု သူထင်မှတ်ထားသော်လည်း ဖုန်းကို ကြည့်လိုက်သောအခါ သတင်းအကြောင်းကြားစာတစ်ခုသာ ဖြစ်နေသည်။

“ယနေ့တွင် ထူးဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားပြီး မိမိကိုယ်ကို ‘ဝူခုန်း’ ဟု ဆိုသူ ခရီးသွားတစ်ဦးသည် တိရစ္ဆာန်ရုံရှိ မျောက်လှောင်အိမ် သံတံခါးကို မသိရသေးသော နည်းလမ်းဖြင့် ဖွင့်ခဲ့သည်။ မျောက်အုပ်စုမှာလည်း တိရစ္ဆာန်ရုံတစ်ခုလုံးကို ပရောင်းပန်းခတ်အောင် လုပ်ခဲ့ကြသည်။ အဆိုပါ ခရီးသွား၏ အပြုအမူမှာ အလွန်ထူးဆန်းနေသဖြင့် စိတ်ဝေဒနာရှင်တစ်ဦးဟု ယူဆရပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်သည်”

“ဟားဟား တန်ခိုးရှင် မျောက်မင်းကတော့ အရူးအဖြစ် အသတ်မှတ်ခံလိုက်ရပြီပဲ”

ကျိုးဟောက်ယွီ ဖုန်းကိုကြည့်ကာ တဟားဟား ရယ်မောနေမိသည်။ သို့သော် ရယ်မောရင်းနှင့်ပင် သူ ပြန်စဉ်းစားမိ၏။

‘မျောက်မင်း အဖမ်းခံလိုက်ရပြီဆိုတော့ ငါပဲ သွားကယ်ရမလား’

ခေတ္တစဉ်းစားပြီးနောက် သူ၏အတွေးမှာ လွန်ကဲနေသည်ဟု ခံစားရသဖြင့် ရေရွတ်လိုက်သည်။

“မြတ်စွာဘုရားရဲ့ လက်ငါးချောင်းတောင်တောင် မဟုတ်ရင် သူ့ကို ဘယ်သူက ပိတ်လှောင်ထားနိုင်မှာလဲ၊ ယင်ကောင်ဖြစ်ဖြစ်၊ ခြင်ဖြစ်ဖြစ် ပြောင်းပြီး ပျံထွက်လာမှာပေါ့”

ထိုသို့ တွေးလိုက်ပြီးနောက် သူသည် မျောက်မင်းကို ဂရုမစိုက်တော့ဘဲ ဆွန်းချန်ထံ ဖုန်းဆက်ကာ ဝေ့မိသားစု၏ ကားဆရာအလုပ်အကြောင်း ပြောပြလိုက်သည်။ ဆွန်းချန်က သူ အလုပ်ရှုပ်နေသဖြင့် နောက်မှ ပြန်ဆက်မည်ဟု ဆို၏။

ကျိုးဟောက်ယွီမှာ စိတ်မပါလက်မပါဖြင့်ပင် ဖုန်းချလိုက်ပြီး ဒီဒီ စနစ်မှတစ်ဆင့် အလုပ်စလုပ်တော့သည်။ ‘နတ်ဘုရား’ နှင့် ဆုံတွေ့ပြီးကတည်းက ကျိုးဟောက်ယွီသည် နတ်ဘုရားအော်ဒါတစ်ခုခု တက်လာမည်ကို အမြဲ မျှော်လင့်နေမိသည်။ သို့သော် နတ်ဘုရားများမှာ ခန့်မှန်းရခက်လှသဖြင့် ထိုနေ့တွင်တော့ မည်သည့်နတ်ဘုရားမှ မြေပြင်သို့ ဆင်းမလာခဲ့ပေ။

သို့သော် ယနေ့ သူ ကံကောင်းလှသည်။ ညနေစောင်းချိန်အထိ ဆီဖိုးဖယ်ပြီးလျှင် ယွမ်ငါးရာ၊ ခြောက်ရာခန့် ရရှိထားပြီ ဖြစ်သည်။

“ဒင်”

ဆွန်းချန်ထံမှ ဖုန်းဝင်လာသဖြင့် ကျိုးဟောက်ယွီက ချက်ချင်းပင် မေးလိုက်၏။

“ချန်ဇီ မင်း ဘာတွေ အလုပ်ရှုပ်နေတာလဲ”

“ငါ ပိုက်ဆံရှာနေတာလေ၊ အခုပဲ သိမ်းနေပြီ၊ တောင်ပိုင်းမြို့က ခံတံတား ဆီကို လာကြိုပေးပါဦး”

ဆွန်းချန် အားမနာတမ်း ခိုင်းလိုက်သည်။

“အေးပါ၊ ဒါဆို ယုဝမ်ကိုပါ ခေါ်လိုက်ဦး၊ ငါတို့ ထမင်းတူတူစားရင်း ပြောစရာရှိတာ ပြောရအောင်”

ကျိုးဟောက်ယွီ ဖုန်းချကာ လီယုဝမ်ကို ဖုန်းဆက်ရန် ပြင်စဉ်မှာပင် ဒီဒီ စနစ်၌ အော်ဒါတစ်ခု တက်လာ၏။

ကျိုးဟောက်ယွီသည် ယနေ့ရရှိသော ဝင်ငွေကို ကျေနပ်နေပြီဖြစ်ပြီး ဆွန်းချန်နှင့်လည်း ပြောစရာရှိသဖြင့် ဤအော်ဒါကို လက်မခံရန် ဆုံးဖြတ်ထားသော်လည်း အော်ဒါတင်သူ၏ အမည်က သူ့ကို တုန်လှုပ်သွားစေသည်။

“ရှန်းနုန်”

ကျိုးဟောက်ယွီ ဖုန်းကို အကြာကြီး စိုက်ကြည့်နေမိသည်။ ကျောင်းသုံးစာအုပ်ထဲတွင် ဖတ်ဖူးသလိုရှိသော်လည်း သေသေချာချာ မမှတ်မိပေ။

“ဒါ ဆေးဖက်ဝင်အပင်တွေကို မြည်းစမ်းခဲ့တဲ့ ရှန်းနုန်များလား”

ကျိုးဟောက်ယွီ ဝမ်းသာအားရ တွေးမိ၏။

‘ဒီလောက်ကြာပြီဆိုတော့ သူ့ရဲ့ ဆေးပညာက ပိုပြီး တိုးတက်နေလောက်ပြီ၊ အကယ်၍ သူ့ကို ကြိုပို့ပေးမယ်ဆိုရင် ငါ့ကို မသေဆေး တစ်လုံးလောက် ပေးရင် ပေးဦးမှာ၊ ဟဲဟဲ’

ထို့ကြောင့် ကျိုးဟောက်ယွီသည် ဆွန်းချန်ထံ စာပို့ကာ ခဏစောင့်ရန်၊ ဧည့်သည်တစ်ယောက် ကြိုပြီးမှ လာခဲ့မည်ဟု ပြောလိုက်သည်။ ဆွန်းချန် “အိုကေ” ဟုသာ ပြန်စာပို့သဖြင့် ကျိုးဟောက်ယွီ စိတ်လှုပ်ရှားစွာဖြင့် ရှန်းနုန်ကို ကြိုရန် ထွက်လာခဲ့သည်။

ချိန်းဆိုထားသော နေရာသို့ ရောက်သောအခါ လမ်းဘေးတွင် ရပ်နေသော အရပ်ရှည်ရှည် လူတစ်ဦးကို သူ တွေ့လိုက်ရသည်။ ထိုသူမှာ အင်္ကျီမပါဘဲ ခါးတွင် ကျားသရေကိုသာ ပတ်ထားပြီး တစ်ကိုယ်လုံးတွင်လည်း အမွှေးအမျှင်များ ထူထပ်လှသဖြင့် ရှေးခေတ် လူရိုင်းတစ်ဦးနှင့်ပင် ဆင်တူနေ၏။

48

ကျိုးဟောက်ယွီ ဤကဲ့သို့အခြေအနေများကို ရိုးအီနေပြီဖြစ်သဖြင့် ကားဟွန်းနှစ်ချက်တီးပြီး လှမ်းခေါ်လိုက်သည်။

"နတ်ဘုရားကြီး ကားပေါ်တက်ပါဗျ"

ရှန်းနုန် ကျိုးဟောက်ယွီကို တစ်ချက်ကြည့်၍ သူ၏ဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ကားပေါ်သို့ တက်လာခဲ့သည်။ ကျိုးဟောက်ယွီလည်း မည်သည်ကိုမှအထွေအထူး မစဉ်းစားဘဲ ကားကို စက်နှိုးကာ ထွက်ခွာလာခဲ့၏။

သို့သော် လမ်းတစ်ဝက်ရောက်မှ ကျိုးဟောက်ယွီ တစ်ခုခုကို သတိထားမိသွားပြီး တွေးကာ စိတ်ပျက်သွားမိသည်။

'သူက ကိုယ်လုံးတီးကြီး၊ ခါးမှာလည်း ကျားသရေပဲ ပတ်ထားတာဆိုတော့ ပစ္စည်းဝှက်ထားစရာ နေရာမရှိဘူးပဲ၊ ဒါဆိုရင် ခဏနေရင် ငါ့ကိုပေးဖို့ ရတနာပါမှာ မဟုတ်တော့ဘူးပေါ့'

ကျိုးဟောက်ယွီ သူ့ကို တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ခဏခဏ အကဲခတ်နေသည်ကို ရှန်းနုန် သတိပြုမိသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။

"မင်းက ဘာလို့ ငါ့ကို ခိုးခိုးကြည့်နေတာလဲ"

ထိုစကားကြောင့် ကျိုးဟောက်ယွီမှာ ချောမောလှပသော မိန်းကလေးတစ်ယောက်ကို ခိုးကြည့်ရင်း အမိဖမ်းခံလိုက်ရသကဲ့သို့ အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

"အဲ အဲဒါကလေ၊ နတ်ဘုရားကြီးရဲ့ ဝတ်စုံက နည်းနည်း ထူးဆန်းနေလို့ ကျွန်တော် မနေနိုင်ဘဲ ကြည့်မိသွားတာပါ"

လိမ်ညာပြောဆိုလိုက်ပြီးမှ သူ၏အလိမ်အညာ ပေါ်သွားမလားဆိုပြီး စိုးရိမ်တကြီး သက်ပြင်းချလိုက်မိ၏။

"ငါတို့မျိုးနွယ်စုရဲ့ ဝတ်စားဆင်ယင်မှုက ဒီလိုပါပဲ၊ မင်း အံ့ဩနေစရာ မလိုပါဘူး"

ရှန်းနုန် မည်သည်ကိုမှရိပ်မိပုံမရဘဲ အေးအေးဆေးဆေးပင် ပြန်ပြောသည်။

ကျိုးဟောက်ယွီကတော့ အခြေအနေမှာ အလွန်ထူးဆန်းမနေစေရန် စကားပြောဖော် ရှာရတော့မည်ဟု ခံစားလိုက်ရ၏။

"နတ်ဘုရားကြီး 'ကောင်းကင်ဘုံနဲ့ အမျှ တန်ခိုးကြီးတဲ့ မျောက်မင်း' ရော ကောင်းကင်ဘုံကို ပြန်သွားပြီလားဗျ"

ကျိုးဟောက်ယွီ ဆွန်းဝူခုန်း ရဲစခန်းမှာ အဖမ်းခံထားရဆဲလားဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။

"ပြန်မရောက်သေးဘူး ထင်တယ်"

ရှန်းနုန် စဉ်းစားဟန်ဖြင့် ပြန်ဖြေသည်။ ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်သွားပြီး တွေးမိ၏။

'သူက ရဲစခန်းကနေတောင် မလွတ်နိုင်တာလား မဖြစ်နိုင်တာ'

မျောက်မင်းဆိုသည်မှာ ကောင်းကင်ရော မြေကြီးပါ မွှေနှောက်နိုင်သူ၊ တန်ခိုးအာဏာ ကြီးမားသူဖြစ်ရာ ရဲစခန်းလေးတစ်ခုက သူ့ကို ထိန်းထားနိုင်လိမ့်မည် မဟုတ်ဟု သူယုံကြည်သည်။ ဖြစ်နိုင်သည်မှာ မျောက်မင်း ကောင်းကင်ဘုံသို့ ပြန်သွားသော်လည်း ရှန်းနုန်က သတိမထားမိခြင်းလည်း ဖြစ်နိုင်သည်။

"နတ်ဘုရားကြီး ဒီတစ်ခေါက် ဒီကို ဘာလာလုပ်တာလဲဗျ"

ကျိုးဟောက်ယွီ သူ့ကိုကြည့်နေခြင်းကို ရပ်လိုက်ပြီး ရှေ့ကိုသာ အာရုံစိုက်ကာ မေးလိုက်၏။

"ဆေးဖက်ဝင်အပင်တွေ လာရှာတာပါ"

ရှန်းနုန် ချက်ချင်းဖြေ၏။ ယခုမှသာ ကျိုးဟောက်ယွီသည် ဤသူမှာ ဆေးပင်ပေါင်းများစွာကို ကိုယ်တိုင်မြည်းစမ်းခဲ့သည့် ရှန်းနုန်အစစ်ဖြစ်ကြောင်း သေချာသွားတော့သည်။ ရှန်းနုန်မှာ စကားနည်းသူဖြစ်ရာ ကျိုးဟောက်ယွီ မေးသမျှကိုသာ ဖြေလေ့ရှိသည်။

ထို့ကြောင့် ကျိုးဟောက်ယွီမှာလည်း ပြောစရာစကား ကုန်သွားရ၏။ အနားမှာ ထိုင်နေသူမှာလည်း ချောမောလှပသော မိန်းကလေးမဟုတ်သဖြင့် ကျိုးဟောက်ယွီလည်း ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်၏။

ရှန်းနုန်သွားမည့်နေရာမှာ သိပ်မဝေးသဖြင့် မကြာမီပင် ရောက်ရှိသွားသည်။

"နတ်ဘုရားကြီး ရောက်ပါပြီ"

ကျိုးဟောက်ယွီ ကားကိုရပ်ကာ ရှန်းနုန်ထံမှ မည်သည့်ရတနာ ရဦးမလဲဆိုသည့် မျှော်လင့်ချက်အပြည့်ဖြင့် လှည့်ကြည့်လိုက်၏။ ရှန်းနုန် ခေါင်းညိတ်ပြကာ ကားပေါ်မှဆင်းပြီး ထွက်ခွာသွား၏။

ကျိုးဟောက်ယွီက အားမလိုအားမရ ရေရွတ်လိုက်မိသည်။

"စိတ်ပျက်စရာပဲ"

သို့သော် ရှန်းနုန်သည် ခြေလှမ်းအနည်းငယ် လှမ်းပြီးမှ ပြန်လှည့်လာပြီး ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကျိုးဟောက်ယွီထံ ကမ်းပေးကာ အားနာနာဖြင့် ဆို၏။

"မင်းရဲ့ယာဉ်ကို စီးရင် တစ်ခုခု ပြန်ပေးရတယ်လို့ ကြားတယ်၊ ငါ မေ့သွားလို့ပါ"

ကျိုးဟောက်ယွီမှာ ဤအခိုက်အတန့်ကို စောင့်စားနေခြင်းဖြစ်ရာ ချက်ချင်းပင် လက်ခံလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားကြီး"

ရှန်းနုန် ပြုံးပြပြီး လှည့်ထွက်သွားရာ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။

"ရှန်းနုန်ရဲ့ ဆေးကျမ်း"

ကျိုးဟောက်ယွီ ခေါင်းကိုကုတ်ကာ အူကြောင်ကြောင်မျက်နှာပေးဖြင့် စာအုပ်ကို လှန်ကြည့်လိုက်သည်။

ထိုစာအုပ်ထဲတွင် ဆေးဖက်ဝင်အပင်ပုံများ၊ ဆေးညွှန်းများနှင့် အပ်စိုက်ကုသနည်းများပါ ပါဝင်နေသည်။ ကျိုးဟောက်ယွီမှာ ဆေးပညာအကြောင်း မည်သည်ကိုမှမသိသကဲ့သို့ စိတ်လည်းမဝင်စားပေ။

သူက ထိုစာအုပ်ကို ရှေ့ခန်းမှ ပစ္စည်းထည့်သည့် အကန့်ထဲသို့ ခပ်ပေါ့ပေါ့ပင် ပစ်ထည့်လိုက်၏။

"ဘာမှမရှိတာထက်စာရင်တော့ ရှိနေတာ ပိုကောင်းတာပေါ့၊ တစ်နေ့နေ့ကျရင် အသုံးဝင်လာမှာပဲ"

ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ လာရာလမ်းအတိုင်း ပြန်မောင်းလာခဲ့သည်။

ပြန်အလာတွင် ကျိုးဟောက်ယွီ ဆွန်းချန်ထံသို့ စာပို့ကာ ခံတံတားပေါ်မှာ ရှိနေသေးလားဟု မေးလိုက်၏။

ဆွန်းချန်က စီးပွားရေးကိစ္စတစ်ခု ပြောဆိုနေပြီးမှ အလုပ်သိမ်းမည်ဟု ပြန်စာပို့၏။ ညမှောင်နေပြီဖြစ်သော်လည်း မြို့ပြ၏ မီးရောင်စုံများကြောင့် နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေသည်။

တောင်ပိုင်းမြို့ခံတံတားသို့ ရောက်သောအခါ ကျိုးဟောက်ယွီ ဆွန်းချန် မည်သည်အား ရောင်းနေသည်ကို သိချင်သဖြင့် လမ်းဘေးတွင် ကားရပ်လိုက်၏။ လှေကားထောင့်သို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူရှိရာဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် အလိုအလျောက် ရပ်ကြည့်နေမိ၏။

"ကျွန်တော် ကတိပေးပါတယ်၊ မင်းပြောသမျှ အကုန်လုံးကို သဘောတူပါ့မယ်၊ ကျေးဇူးပြုပြီး မသွားပါနဲ့ဦး"

ရုတ်တရက်ဆိုသလို ထိုအမျိုးသမီး၏ နောက်ကွယ်မှ အမျိုးသားတစ်ဦး ပြေးထွက်လာပြီး သူမ၏ခြေထောက်များကို ဖက်ကာ အသည်းအသန် တောင်းပန်နေတော့သည်။

ကျိုးဟောက်ယွီသည် ထိုအမျိုးသားမှာ ဆွန်းချန်ဖြစ်ကြောင်း ချက်ချင်းမှတ်မိသွားပြီး အံ့ဩသွားကာ လှမ်းခေါ်ရန် ပြင်လိုက်သည်။ သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသဖြင့် ခေါင်းကို အမြန်ပြန်လှည့်လိုက်၏။

'သူက ငါ့ကို အလုပ်လုပ်နေတယ်လို့ လိမ်ပြီး ဒီလှပတဲ့ မိန်းကလေးနောက် လိုက်နေတာလား ဒါက သူ့ရည်းစားဟောင်းများလား’

သို့သော် ဆွန်းချန်သည် ဤမျှလှပသော အမျိုးသမီးတစ်ဦးနှင့် ရင်းနှီးနေသည်မှာ ကံကောင်းသည်ဟု ကျိုးဟောက်ယွီ ယူဆလိုက်ပြီး လူချင်းတိုးနေလျှင် ပို၍ အနေရခက်မည်ဖြစ်သောကြောင့် သူ မလှည့်ကြည့်တော့ပေ။

"နင်က အစကတည်းက သဘောတူလိုက်ရင် ပြီးတာပဲကို"

ထိုအမျိုးသမီး၏အသံမှာ အလွန်ချိုသာလှသဖြင့် ကျိုးဟောက်ယွီ နားထောင်၍ ကောင်းသည်ဟု ထင်မိသည်။

"အလှလေးရယ် မင်းက တကယ်ကို ဈေးဆစ်တာပဲ၊ မင်းကို ဒီဈေးနဲ့ ရောင်းပေးလိုက်ရတာ ငါ့မှာ အရှုံးပေါ်နေပြီကွ"

ဆွန်းချန်၏အသံ ထွက်ပေါ်လာသည်။ ကျိုးဟောက်ယွီသည် အခြေအနေမှာ သူထင်ထားသကဲ့သို့ မဟုတ်ကြောင်း သိလိုက်ရ၏။ သူ လှည့်ကြည့်လိုက်သောအခါ ထိုအမျိုးသမီးမှာ တောက်ပသော မျောက်နားရွက်ကဲ့သို့ ကိရိယာလေးများကို ဝတ်ဆင်ကာ ပြုံးရွှင်စွာဖြင့် လျှောက်လာသည်ကို တွေ့ရသည်။

တစ်ဖက်တွင်လည်း ဆွန်းချန်က သူ၏ပစ္စည်းများကို သိမ်းဆည်းနေ၏။ ကျိုးဟောက်ယွီမှာ သူ၏ ကမ္ဘာကြီး ပျက်စီးသွားသလို ခံစားလိုက်ရပြီး တွေးမိ၏။

'ဝိုး တကယ်ကို အထင်ကြီးစရာပဲ၊ ပစ္စည်းလေး ရောင်းရဖို့အတွက် ဒီလောက်အထိ သရုပ်ဆောင်တာလား’

"မင်းကတော့ တကယ်ကို လူစွမ်းကောင်းပဲ"

ကျိုးဟောက်ယွီ လှောင်ပြောင်သလိုဖြင့် ဆိုလိုက်သည်။

"လမ်းဘေးဈေးရောင်းတာတောင် ဒီလောက် သရုပ်ဆောင်ကောင်းနေမှတော့ နောက်ထပ် အခေါက်အနည်းငယ်လောက်ဆို အော်စကာဆုတောင် ရနိုင်တယ်"

ဆွန်းချန် မီးချောင်းလေးများနှင့် ကားအရုပ်လေးများကဲ့သို့ ကစားစရာမျိုးစုံ ရောင်းနေခြင်း ဖြစ်၏။

"ဝမ်းစာရေးအတွက်လေကွာ"

ဆွန်းချန် ကျိုးဟောက်ယွီကို တစ်ချက်ကြည့်ကာ ပစ္စည်းများကို ဆက်သိမ်းနေ၏။ သူ၏ လေသံထဲတွင် အားကိုးရာမဲ့မှုကို ကျိုးဟောက်ယွီ ခံစားလိုက်ရသဖြင့် သူလည်း ထိုင်ချကာ ပစ္စည်းများ ကူသိမ်းပေးလိုက်သည်။

"မင်း ကြိုက်တဲ့နေရာရွေး၊ ဒီနေ့ ငါ မင်းကို အကောင်းစား ကျွေးမယ်”

ကျိုးဟောက်ယွီ မတ်တတ်ရပ်ကာ လက်ကို ပုတ်ခါရင်း ပြောလိုက်၏။

"အရင်အတိုင်း အသားကင်ဆိုင်ပဲ သွားကြတာပေါ့၊ အဲဒီဆိုင်ရှင်က သဘောကောင်းတယ်"

ဆွန်းချန်က အထုပ်ကို ပခုံးပေါ် ထမ်းတင်ရင်း ဆိုသည်။

"ဒီနေ့ ငါ ပိုက်ဆံပေါတယ်ကွ၊ ဒီလို အညံ့စားတွေ စားနေစရာ မလိုတော့ဘူး"

ကျိုးဟောက်ယွီ သူ၏အိတ်ကပ်ကို ပုတ်ပြ၏။

"မင်းက ဘယ်နှစ်နပ်လောက် ဝယ်ကျွေးနိုင်မှာမို့လို့လဲ၊ အားလုံးက ရုန်းကန်နေရတာပဲ၊ ချွေတာစမ်းပါ"

ဆွန်းချန် လျှို့ဝှက်ချက်ရှိသကဲ့သို့ ပြုံးကာ အထုပ်ထမ်းပြီး ထွက်သွားသည်။

ကျိုးဟောက်ယွီမှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပြီး ပြုံးလျက် ရေရွတ်နေမိ၏။

"တခြားဟာ စားတာကပဲ ဖြုန်းတီးရာ ရောက်သွားရတာလား"

သို့သော် ဆွန်းချန်မှာ အရင်ကျောင်းတက်တုန်းကကဲ့သို့ မဟုတ်ဘဲ အလွန်ပြောင်းလဲသွားကာ အရာအားလုံးကို လက်တွေ့ကျကျ စဉ်းစားတတ်လာသည်ကို သူ သတိပြုမိလိုက်သည်။

"ဒါဆိုရင်လည်း လမ်းကြုံ ယုဝမ်ကိုပါ ဝင်ကြိုသွားကြတာပေါ့"

ကျိုးဟောက်ယွီ ကားနောက်ဖုံးကိုဖွင့်ကာ အထုပ်ကို ထည့်လိုက်၏။

ဆွန်းချန်လည်း သဘောတူသဖြင့် သူတို့ ကားပေါ်တက်ခဲ့ကြ၏။ ကျောင်းသို့သွားကာ လီယုဝမ်ကို ကြိုပြီးနောက် အရင်သွားနေကျ အသားကင်ဆိုင်သို့ ရောက်လာခဲ့ကြသည်။

ကားပေါ်မှ ဆင်းပြီးနောက် ဆွန်းချန် ကားနောက်ဘက်သို့ လျှောက်သွားကာ လှမ်းခေါ်၏။

"ယုဝမ် ဒီကိုလာဦး၊ ငါ မင်းအတွက် လက်ဆောင်ပေးစရာ ရှိတယ်"

လက်ဆောင်ဟူသော စကားကို ကြားလိုက်ရသဖြင့် လီယုဝမ် ပျော်ရွှင်သွားပြီး ခုန်ဆွခုန်ဆွဖြင့် မေးလိုက်သည်။

"အစ်ကိုဆွန်းချန် ဘာလက်ဆောင် ပေးမှာလဲဟင်"

"မျက်လုံးလေး မှိတ်ထားဦး၊ ခဏနေရင် သိရလိမ့်မယ်"

ဆွန်းချန် တမင် အချိန်ဆွဲနေသည်။ လီယုဝမ်လည်း စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးလေးများကို ချက်ချင်း မှိတ်လိုက်တော့၏။

All Chapters