← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

49

ဆွန်းချန်သည် ခုနက အလှလေးဝယ်သွားသော လင်းထိန်နေသော မျောက်နားရွက်ကလစ်လေးကို ထုတ်ယူပြီး လီယုဝမ်၏ ခေါင်းပေါ်တွင် တပ်ပေးလိုက်သည်။

လီယုဝမ် ကလေးမျက်နှာလေးနှင့် ချစ်စရာကောင်းသူဖြစ်ရာ ဤကလစ်လေးနှင့် ပို၍ပင် ယုယချင်စရာ ကောင်းနေ၏။

"ဝိုး ဒါလေးက တကယ်မိုက်တာပဲ"

လီယုဝမ် သူမ၏ဖုန်းကို ထုတ်ကာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ရင်း အားမရနိုင်အောင် ဖြစ်နေ၏။ မိန်းကလေးများမှာ ဓာတ်ပုံရိုက်ရသည်ဆိုလျှင် သဘာဝအတိုင်းပင် စွဲလန်းတတ်ကြသည် မဟုတ်ပါလား။ ကျိုးဟောက်ယွီလည်း သူတို့နှင့်အတူ အမှတ်တရ ဓာတ်ပုံအချို့ အတူရိုက်လိုက်ရသေးသည်။

"ဆိုင်ရှင် ဟိုဟာလေးတွေ နည်းနည်းလောက် မြန်မြန်ချပေးပါဦးဗျို့"

ဆွန်းချန် ဆိုင်ရှင်ကို လှမ်းအော်လိုက်ပြီးနောက် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။

ကျိုးဟောက်ယွီ ထိုင်လိုက်ပြီးနောက် မနေနိုင်ဘဲ မေးမိသည်။

"မင်းမှာ ပိုက်ဆံကုန်သွားပြီဆို၊ ဒီပစ္စည်းတွေကို ဘယ်ကနေ ရလာတာလဲ"

"မင်းက ငါ့ရဲ့ စကားပြောစွမ်းရည်ကို သံသယရှိနေတာလား"

ဆွန်းချန် ကျိုးဟောက်ယွီကို အထင်သေးသကဲ့သို့ တစ်ချက်ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

"ငါ့မှာ ပိုက်ဆံမရှိပေမဲ့ ဒီပစ္စည်းဒိုင်က အခုမှ ကွာရှင်းထားတဲ့ အမျိုးသမီးငယ်လေးဆိုတာ ငါသိလိုက်ရတယ်၊ အဲဒါနဲ့ပဲ သူမရဲ့နာကျင်နေတဲ့ နှလုံးသားကို သနားလို့ ငါ့ရဲ့ ယောက်ျားပီသတဲ့ ဆွဲဆောင်မှုလေးကို အနည်းငယ် အနစ်နာခံပေးလိုက်တာပေါ့၊ အဲဒါနဲ့ သူက ပစ္စည်းတွေကို အကြွေးပေးလိုက်တာလေ"

ဤမျှ ရှက်စရာကောင်းသော အပြုအမူကို ယုံကြည်မှုအပြည့်နှင့် ပြောနိုင်သည်မှာ ကျိုးဟောက်ယွီအတွက်တော့ တကယ်ကို အထင်ကြီးစရာပင်။ သူ စကားပင် ဆက်မပြောနိုင်တော့ဘဲ ခေါင်းကိုသာ ခါရမ်းရင်း သက်ပြင်းချမိတော့သည်။

"အစ်ကိုဆွန်းချန် ညီမအားနာလို့ မပြောချင်ဘူးနော်၊ အစ်ကိုကတော့ တကယ်ကို အောက်တန်းကျလွန်းတယ်"

လီယုဝမ် အတည်ပေါက်ဖြင့် မျက်စောင်းထိုးကာ ပြောလိုက်၏။

ဆွန်းချန် သူမခေါင်းကို ပုတ်ကာ ဆိုသည်။

"ဘာတွေ လျှောက်တွေးနေတာလဲ ကလေးမရဲ့၊ ငါ သူနဲ့ ရုပ်ရှင်ပဲ အတူသွားကြည့်တာပါ"

လီယုဝမ် ပြန်မပြောရဲသဖြင့် ပါးလေးနှစ်ဖက်ကို ဖောင်းနေအောင်လုပ်ကာ စိတ်ကောက်ပြနေတော့ရာ ဆွဲလိမ်ချင်စရာပင် ကောင်း၏။

"ကဲ တော်ကြတော့၊ ငါ မင်းကို အရေးကြီးတဲ့ကိစ္စ ပြောစရာရှိတယ်"

ကျိုးဟောက်ယွီ ဆွန်းချန်ကို အလေးအနက် ကြည့်ကာ ဆိုလိုက်၏။ ဆွန်းချန်လည်း သိုးသားကင်ကို ဝါးနေရင်း ငြိမ်ပြီး နားထောင်လာသည်။

"ငါ့အမြင်တော့ မင်း ဒီလို လမ်းဘေးဈေးရောင်းနေတာက ရေရှည်အတွက် မကောင်းဘူး၊ မင်းအတွက် ကားဆရာအလုပ်တစ်ခု ငါရှာထားပေးတယ်၊ နောက်ရက်ကျရင် မင်းကို ငါ လိုက်ပြမယ်"

ကျိုးဟောက်ယွီ ကြက်တောင်ပံအကြီးကို လီယုဝမ်အတွက် ဖယ်ပေးလိုက်ပြီး သူကတော့ အသေးကိုသာ ယူစားလိုက်၏။

"ချမ်းသာတဲ့ အမျိုးသမီးကြီးတွေရဲ့ ကားကို မောင်းရမှာလား၊ အဲလိုမဟုတ်ရင်တော့ ငါမသွားဘူးနော်"

ဆွန်းချန် ဘီယာကို တစ်ငုံသောက်ရင်း ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ သူသည် အမြဲတမ်း 'ချမ်းသာတဲ့ အမျိုးသမီး' ဟူသော စကားလုံးကို သုံးလေ့ရှိသဖြင့် အလုပ်မလုပ်ဘဲ အချောင်နှိုက်ချင်သူဟု ထင်ရသော်လည်း ကျိုးဟောက်ယွီကတော့ သူသည် ထိုကဲ့သို့လူမျိုး မဟုတ်မှန်း ယုံကြည်ထားသည်။

"နောက်မနေနဲ့၊ သူက ချမ်းသာတဲ့ အမျိုးသမီးကြီး မဟုတ်ပေမဲ့ သူ့မိသားစုရဲ့ ပိုင်ဆိုင်မှုက ငါတို့ အိပ်မက်တောင် မမက်ဖူးတဲ့အထိ ကြီးမားတယ်"

ဤစကားကို ကြားသောအခါ ဆွန်းချန် စိတ်ဝင်စားသွားပြီး မျက်လုံးများ တောက်ပလာ၏။

"အဲဒီလူက ဘယ်သူလဲ၊ ငါ့ကို ပြောစမ်းပါဦး"

"ပင်းဟိုင်မြို့ရဲ့ အကြီးဆုံးလုပ်ငန်းစုဖြစ်တဲ့ ဝါးဟားဟာစအုပ်စုလေ၊ ဒါကမစ္စတာဆွန်းရဲ့ ဂုဏ်ဒြပ်နဲ့ ကိုက်ညီရဲ့လားဗျာ"

ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

ဆွန်းချန်မှာ အံ့ဩသွားပြီး သံသယရှိသော မျက်နှာဖြင့် ပြန်ကြည့်လာ၏။

"မင်းက ဝါးဟားဟားအုပ်စုက လူနဲ့ ဘယ်လိုလုပ် သိတာလဲ"

ကျိုးဟောက်ယွီသည် ယခင်ကနှင့် မတူတော့ဘဲ သူငယ်ချင်းဖြစ်သူပင် နားမလည်နိုင်သော လျှို့ဝှက်ချက်များရှိနေသည်ဟု ဆွန်းချန် ခံစားလိုက်ရသည်။

ကျိုးဟောက်ယွီလည်း ဖုံးကွယ်မထားတော့ဘဲ ဝေ့မိသားစုနှင့် သူ၏ပတ်သက်မှုကို အကျဉ်းချုံး ရှင်းပြလိုက်၏။ လီယုဝမ်မှာတော့ အားကျသည့် မျက်လုံးများဖြင့် ကြည့်ကာ အံ့ဩတကြီး ရေရွတ်၏။

"အစ်ကိုဟောက်ယွီ တကယ်ကို တော်တာပဲ ဝါးဟားဟားအုပ်စုရဲ့ ဥက္ကဋ္ဌနဲ့တောင် သိတာလား"

"ဟဲဟဲ ဒါက ဘာဆန်းလို့လဲ"

ကျိုးဟောက်ယွီ ခပ်ပြုံးပြုံးဖြင့် ဘီယာသောက်လိုက်သည်။

လီယုဝမ်၏မျက်နှာလေးမှာ ညှိုးငယ်သွားပြီး သက်ပြင်းချကာ ဆို၏။

"သမီးက ဒီနွေရာသီကျောင်းပိတ်ရက်မှာ ဝါးဟားဟားမှာ အလုပ်ဝင်ချင်ခဲ့တာ၊ ဒါပေမဲ့ ကုမ္ပဏီကြီးဆိုတော့ အချိန်ပိုင်းသမားတွေကို လိုမှာမဟုတ်ဘူးလေ၊ အဲဒါကြောင့် ယာယီအလုပ်တွေပဲ လိုက်ရှာနေရတာ"

သူမပုံစံကို ကြည့်ပြီး ကျိုးဟောက်ယွီ စိတ်မကောင်းဖြစ်သွားကာ သူမခေါင်းကို ပုတ်ရင်း မေးသည်။

"အခုကော သွားချင်သေးလား၊ ငါ ပြောပေးလို့ရတယ်နော်"

"မလိုတော့ပါဘူး၊ ကျောင်းပြန်ဖွင့်တော့မယ်လေ၊ နောက်တစ်ခေါက်မှပေါ့"

လီယုဝမ်က ကျိုးဟောက်ယွီကို ကျေးဇူးတင်စွာဖြင့် မော့ကြည့်လာ၏။

"ဒါဆိုရင်လည်း နောက်နှစ် နွေရာသီကျရင် ငါ့ကိုပြော၊ ငါ စီစဉ်ပေးမယ်"

ကျိုးဟောက်ယွီ စိတ်ချရကြောင်းအကြည့်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုဟောက်ယွီ"

လီယုဝမ် ချိုသာစွာ ဆို၏။

ကျိုးဟောက်ယွီ ပြုံးလိုက်ပြီး ဆွန်းချန်ဘက်သို့ လှည့်ကာ ပြောသည်။

"ကဲ မင်းကော ဘယ်လိုစဉ်းစားလဲ"

"မသွားဘူး"

ဆွန်းချန် တည့်တည့်ပင် ငြင်းလိုက်သည်။ ကျိုးဟောက်ယွီသည်လည်း ကားမောင်းသမား တစ်ဦးသာ ဖြစ်နေသေးသည်ကို သူသိသည်။ ထိုမျှကောင်းသည့် အခွင့်အရေးကို သူကသာ ယူလိုက်ရလျှင် သူ အားနာမိလိမ့်မည်။

"ဘာလို့ မသွားတာလဲ"

ကျိုးဟောက်ယွီ နားမလည်နိုင် ဖြစ်သွား၏။

‘ဒီလောက်ကောင်းတဲ့ အခွင့်အလမ်းကို ဘာကြောင့် မစဉ်းစားဘဲ ငြင်းရတာလဲ’

ဆွန်းချန် သူ၏စိတ်မကောင်းဖြစ်မှုကို အေးစက်သော မျက်နှာထားဖြင့် ဖုံးကွယ်ကာ ခပ်ပေါ့ပေါ့ပင် ဆိုလိုက်သည်။

"ကားမောင်းရတာထက် လမ်းဘေးဈေးရောင်းရတာကို ငါက ပိုသဘောကျလို့ပါ"

ဤအဖြေက ကျိုးဟောက်ယွီကို ရယ်ရခက်၊ ငိုရခက် ဖြစ်သွားစေ၏။

'လမ်းဘေးဈေးရောင်းလို့ မင်း ဘယ်လောက်အထိ အောင်မြင်မှာမို့လို့လဲ’

"ငါ့ကို အဲဒီလို လာမကြည့်နဲ့၊ ဝါးဟားဟား အုပ်စုက ဘယ်လောက်ပဲ ကြီးကြီး ငါနဲ့ ဘာဆိုင်လို့လဲ"

ဆွန်းချန် ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

"ငါ ဘာကြောင့် လမ်းဘေးဈေးရောင်းဖို့ ရွေးချယ်ခဲ့သလဲဆိုတာ မင်း သိမှာမဟုတ်ဘူး"

"ဘာကြောင့်လဲ"

လီယုဝမ်၏ ကြည်လင်သောမျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။

"ဘာလို့လဲဆိုတော့ ခံတံတားပေါ်က မြင်ကွင်းက လှလို့လေ၊ အခုလို ပူတဲ့အချိန်မှာ ချောမောတဲ့ မိန်းကလေးတွေ အကုန်လုံးက စကတ်အတိုလေးတွေ ဝတ်ကြတာ၊ အပေါ်ကို မော့ကြည့်လိုက်ရင် အဆုံးမရှိတဲ့ အလှအပတွေကို မြင်ရတာပဲ စည်ပင်သာယာက လူတွေသာ မရှိရင် ဒီည ခံတံတားပေါ်မှာပဲ အိပ်ပစ်လိုက်ချင်တယ်"

ဆွန်းချန် တကယ်ကို ကြည်နူးနေသော မျက်နှာပေးဖြင့် ရှေ့မှာ အလှအပများ ရှိနေသကဲ့သို့ ပြောနေသည်။

ကျိုးဟောက်ယွီကတော့ သူ အရှက်မရှိမှန်း သိသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မထင်ထားပေ။

"အရှက်မရှိလိုက်တာ"

လီယုဝမ်မှာ ရှက်သွေးဖြန်းကာ သူမ၏ စကတ်ကို ဖိထားလိုက်မိသည်။ ဆွန်းချန် သူမကို တစ်ချက်ကြည့်ကာ အစားစားရင်း ဆိုလိုက်၏။

"ဖုံးမနေပါနဲ့၊ မင်းလို 'နို့ပြားမ' ကို ငါမကြည့်ပါဘူး"

လီယုဝမ်မှာ အံ့ဩသွားပြီးမှ ဝမ်းနည်းသလိုဖြင့် အူကြောင်ကြောင် ပြန်ပြောမိသည်။

"ညီမက နို့ပြားမ မဟုတ်ပါဘူး၊ အိမ်က အရမ်းဆင်းရဲတာပါ" (Rich girl ကို နို့ပြားမဟု တလွဲပြန်ဆိုတာပါ)

"နင့်ရင်ဘတ်က ပြားချပ်နေတာတောင် အိမ်က ဆင်းရဲသေးတယ်လို့ ပြောနေတာလား" (ဆွန်းချန်က ရင်သားမရှိသည်ကို အိမ်မွဲသည်ဟု ပြက်လုံးထုတ်ခြင်းဖြစ်သည်)

ဆွန်းချန် အတည်ပေါက် ပြောလိုက်၏။

လီယုဝမ် သူမ၏ရင်ဘတ်ကို ငုံ့ကြည့်လိုက်မိပြီး မျက်နှာလေး နီရဲသွားကာ ဆွန်းချန်ကို လက်ညှိုးထိုးပြီး တိုင်တော့သည်။

"အစ်ကိုဟောက်ယွီ သူ့ကိုကြည့်ဦး"

"ကဲပါ အတည်ပြန်ပြောရအောင်၊ မင်း သွားမှာလား၊ မသွားဘူးလား"

ကျိုးဟောက်ယွီက ဆွန်းချန်ကို တကယ် သွားစေချင်၏။

ဝါးဟားဟားဆိုသည်မှာ ကုမ္ပဏီကြီးဖြစ်ပြီး ဆွန်းချန်မှာလည်း ထက်မြက်သူဖြစ်ရာ နောင်တစ်ချိန်တွင် သူ နေရာရလာမည်ဟု ကျိုးဟောက်ယွီ ခံစားနေရသည်။

"ငါပြောတာလည်း အရေးကြီးတာပဲ၊ လူပျိုကြီး ဘဝနဲ့ ကြာလာတော့ အိမ်က ဝက်မတွေတောင် ငါ့မျက်စိထဲမှာ လှလာသလိုပဲ၊ အခုလို အခွင့်အရေးရတုန်း မိန်းကလေးအလှတွေကို များများမကြည့်ထားရင် ငါ မိန်းကလေးတွေကို မကြိုက်တော့ဘဲ နေမှာပေါ့"

ဆွန်းချန် သူ၏စိတ်ရင်းကို ဖုံးကွယ်ရန် တမင် ရယ်စရာလုပ်ပြောနေခြင်း ဖြစ်၏။

တကယ်တော့ သူ သွားချင်သော်လည်း ယင်းက ကျိုးဟောက်ယွီမှ သူ့အတွက် အနစ်နာခံပြီး ရှာပေးထားသော အခွင့်အရေးဆိုသည်အား သိနေသဖြင့် သူ လက်မခံချင်ခြင်းပင်။ ကျိုးဟောက်ယွီ သူ့အပေါ် ငဲ့ညှာသကဲ့သို့ သူလည်း ကျိုးဟောက်ယွီအပေါ် ပြန်ပြီး ငဲ့ညှာနေခြင်း ဖြစ်သည်။

သူ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းမှာ ကျိုးဟောက်ယွီကိုသာ ထိုအခွင့်အရေးကို ကိုယ်တိုင် အမိအရ ဆုပ်ကိုင်စေချင်သောကြောင့် ဖြစ်၏။

"ကောင်းပြီလေ၊ မင်းမှ သဘောမတူတာ၊ ထားလိုက်ပါတော့"

ကျိုးဟောက်ယွီ ခေတ္တ ငြိမ်သွားပြီး ဆိုသည်။

"ဒါပေမဲ့ ဒါက အကောင်းကြီးတော့ မဟုတ်ဘူး၊ မင်း တကယ်တမ်းကျတော့ အလုပ်အကိုင် အတည်တကျ ရှိဖို့ လိုတယ်"

"ငါ သိပါတယ်၊ ဒီပစ္စည်းတွေ ကုန်သွားလို့ ငါ့ဝမ်းစာ ငါရှာနိုင်ပြီဆိုရင် အလုပ်ရှာမှာပါ"

ဆွန်းချန်က ကျိုးဟောက်ယွီနှင့် ခွက်ချင်းတိုက်လိုက်ပြီး ဆို၏။

"ငါ မသွားလည်း ဖြစ်ပါတယ်၊ မင်းကိုယ်တိုင်က ဒီဒီ မောင်းနေတာပဲ၊ အဲဒီအစား သူဌေးကြီးရဲ့ ကားကိုပဲ မောင်းလိုက်ပါလား၊ နောင်ကျရင် ရာထူးတိုးဖို့ အခွင့်အရေးတောင် ရှိနိုင်သေးတယ်လေ"

50

ကျိုးဟောက်ယွီသည် ဤအခွင့်အရေးကို အမှန်တကယ်ပင် စိတ်လှုပ်ရှားခဲ့မိ၏။

သို့သော် ယခုအခါ သူ၏စနစ်သည် နတ်ဘုရားများနှင့် ဆက်သွယ်နိုင်နေပြီဖြစ်ကာ နောင်တစ်ချိန်တွင် ချန်အယ်နှင့်ပင် ဆုံတွေ့နိုင်မည့် အခွင့်အရေးရှိနေသဖြင့် ဤအလုပ်အကိုင်ကောင်းကို သူ ပြတ်ပြတ်သားသားပင် စွန့်လွှတ်လိုက်သည်။

“ဒီအလုပ်က မင်းအတွက် ရှာပေးထားတာလို့ အားလုံးက သတ်မှတ်ထားကြတာလေ၊ မင်းမှ မသွားတာ၊ ငါက ဘာလို့ ကိုယ်တိုင်သွားလုပ်ရမှာလဲ”

ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ဆိုလိုက်၏။

ကျိုးဟောက်ယွီ၏ ဤကဲ့သို့ ကိုယ်ကျိုးမငဲ့သော စိတ်ဓာတ်ကြောင့်ပင် ဆွန်းချန်သည် သူငယ်ချင်းအပေါ် အခွင့်ကောင်းမယူလိုဘဲ ပို၍ပင် အားနာမိသွားရခြင်း ဖြစ်သည်။

“ဒါဆိုရင်လည်း မင်းသဘောအတိုင်းပဲပေါ့”

ဆွန်းချန် ကျိုးဟောက်ယွီ၏ ခေါင်းမာတတ်သောအကျင့်ကို သိထားသဖြင့် ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ သူငယ်ချင်းဖြစ်သူ တစ်ချိန်ချိန်တွင် ကိုယ်တိုင် နားလည်သွားလိမ့်မည်ဟုသာ မျှော်လင့်လိုက်၏။

နှစ်ဦးသားစလုံးက မိမိတို့၏ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြသဖြင့် ထိုအလုပ်ကိစ္စကို နောက်ထပ် မဆွေးနွေးကြတော့ပေ။ အလေးအနက်ထားစရာ ကိစ္စများ မရှိတော့သဖြင့် ကျိုးဟောက်ယွီနှင့် ဆွန်းချန်တို့မှာ ဘေးနားတွင် ကလေးမလေး တစ်ယောက် ရှိနေသည်ကိုပင် မေ့လျော့ကာ ယောက်ျားချင်း ပြောလေ့ရှိသည့် အောက်ပိုင်းလွတ် ပြက်လုံးများကို တဟားဟားနှင့် ပြောဆိုနေကြတော့သည်။

လီယုဝမ်မှာတော့ သူတို့စကားဝိုင်းထဲ ဝင်မရသဖြင့် ငြိမ်ငြိမ်လေးသာ ထိုင်စားနေရတော့၏။ ဗိုက်ဝအောင် စားသောက်ပြီးနောက် ဆွန်းချန်သည် သူ၏အထုပ်ကြီးကို ထမ်းကာ ဟိုတယ်သို့ ပြန်သွားခဲ့သည်။ ကျိုးဟောက်ယွီမှာ အရင်တစ်ခေါက်က သင်ခန်းစာရထားသဖြင့် ယခုတစ်ကြိမ်တွင် လီယုဝမ်ကို အိမ်သို့ စောစောပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် ညမိုးချုပ်သွားပါက သူမသည် သူ၏အိမ်မှာပင် တစ်ည ထပ်အိပ်ရမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်၏။

“ကားပေါ်တက်လေ၊ ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်”

ကျိုးဟောက်ယွီ ပြုံးလျက်ဆိုသည်။

“ဟုတ်ကဲ့”

လီယုဝမ် ဝမ်းသာအားရ ခေါင်းညိတ်ကာ ကားပေါ်သို့ တက်လိုက်၏။ သူသည် ကားကို လှည့်ကာ လမ်းမအတိုင်း အသင့်အတင့်ရှိသော အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်။ လီယုဝမ်မှာ ဖုန်းလေးကိုကြည့်ကာ ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ ဖုန်းကိစ္စကို သတိရသွား၏။

“ယုဝမ် ငါ မင်းကို ဖုန်းအသစ်တစ်လုံး ပေးမယ်”

ကျိုးဟောက်ယွီ ကားကို လမ်းဘေးသို့ ခဏရပ်ကာ ပြောလိုက်သည်။

လီယုဝမ်မှာ ဇဝေဇဝါဖြင့် ကျိုးဟောက်ယွီကို မော့ကြည့်လာသည်။ သူမလက်ထဲတွင် ကိုင်ထားသောဖုန်းမှာ ကျိုးဟောက်ယွီ ပေးထားသည့် ဒီဒီ စနစ်နှင့် ဆက်သွယ်ရေးအက်ပ်များ ပါဝင်သော ဖုန်းအသစ်စက်စက်ပင် ဖြစ်၏။

ကျိုးဟောက်ယွီ နောက်ထပ်ဖုန်းအသစ်တစ်လုံး ပေးမည်ဟု ပြောလာခြင်းမှာ သူမအတွက် နားမလည်နိုင်စရာ ဖြစ်နေသည်။

လီယုဝမ်၏သံသယရှိသော မျက်နှာကို မြင်သောအခါ ကျိုးဟောက်ယွီ အမှန်အတိုင်း ရှင်းပြလိုက်ရ၏။

“ငါပြောတာက ငါ့ဆီမှာ ဖုန်းအသစ်တစ်လုံး ရှိသေးတယ်၊ မင်းလက်ထဲကဖုန်းကို ငါ့ကိုပြန်ပေးပြီး ဒီအသစ်ကို ယူလိုက်၊ မင်းရဲ့ ဖုန်းအဟောင်းကတော့ မင်းဆီမှာပဲ ရှိတာပေါ့”

ဤဖုန်းမှာ မူလကတည်းက ကျိုးဟောက်ယွီ ပေးထားသည့် လက်ဆောင်ဖြစ်ရာ သူ ပြန်တောင်းလျှင်ပင် လီယုဝမ်က ငြင်းစရာ အကြောင်းမရှိပေ။

ဖုန်းချင်းလဲပြီးနောက် လီယုဝမ်မှာ နားမလည်နိုင်သေးဘဲ ခပ်ပေါ့ပေါ့ပင် မေးလိုက်မိသည်။

“အစ်ကိုဟောက်ယွီ ဘာလို့ ဒီဖုန်းကို ဒီလောက်အထိ အလေးထားနေရတာလဲ၊ ဒီထဲမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လားဟင်”

“ဟူး”

ကျိုးဟောက်ယွီ သက်ပြင်းချကာ ကွယ်ဝှက်ထားသော အကြောင်းရင်းကို ဖွင့်ပြောလိုက်သည်။ ကျိုးဟောက်ယွီ၏စကားကို နားထောင်ပြီးနောက် လီယုဝမ်မှာ သူ့ကို ထူးဆန်းသော အကြည့်၊ ပြုံးစိစိမျက်နှာဖြင့် ကြည့်နေ၏။

“ဘာလို့ အဲဒီလို ကြည့်နေတာလဲ”

ကျိုးဟောက်ယွီ ဇဝေဇဝါဖြင့် မေးသည်။

လီယုဝမ်က တဟဲဟဲရယ်ကာ အတင်းအဖျင်းပြောသလို လေသံဖြင့် ဆို၏။

“ဪ ဒါဆို ဒီဖုန်းက အစ်ကိုဟောက်ယွီရဲ့ ရည်းစားဆီက လက်ဆောင်ပေါ့၊ မဆန်းပါဘူး၊ အဲဒါကြောင့် အစ်ကိုက ဒီလောက်အထိ အသည်းအသန် ဖြစ်နေတာကိုး၊ အစ်ကို့ရည်းစားက အစ်ကို့ကို စိတ်ဆိုးနေတာ မဟုတ်လား”

ကျိုးဟောက်ယွီမှာ စိတ်တိုသွားပြီး သူမ မည်သည့်အရာများ လျှောက်တွေးနေမှန်း ခန့်မှန်း၍မရပေ။

“ငါ့ကိုလည်း ကြည့်ဦး၊ ဒီလောက် ဆင်းရဲပြီး သနားစရာကောင်းတဲ့သူက ဘယ်မှာ ရည်းစားရှိမှာလဲ”

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ ပြောလိုက်သည်။

လီယုဝမ်မှာတော့ မယုံကြည်ဘဲ ပြုံးလျက် ဆို၏။

“အစ်ကို့ရည်းစားသာ မဟုတ်ရင် ဘာလို့ အစ်ကို့ကို ဖုန်းပြန်တောင်းခိုင်းရမှာလဲ၊ သူမပေးတဲ့ လက်ဆောင်ကို တန်ဖိုးမထားဘဲ သူများပေးလိုက်လို့ စိတ်ဆိုးနေတာ နေမှာပါ”

လီယုဝမ်၏စကားကို ကြားသောအခါ ကျိုးဟောက်ယွီ တစ်ခုခုကို သတိရသွားပြီး တွေးမိလိုက်သည်။

‘စဉ်းစားကြည့်ရင် ဝေ့ရှီယုက အဲဒီတုန်းက တကယ်ပဲ စိတ်ဆိုးနေတဲ့ပုံပဲ၊ သူက တကယ်ပဲ ငါ့ကို ကြိုက်နေတာများလား’

‘ဟား မဖြစ်နိုင်တာ’

ကျိုးဟောက်ယွီ ခေါင်းကို ခါရမ်းလိုက်သည်။ ဝေ့ရှီယုကဲ့သို့ ချမ်းသာသော အမျိုးသမီးလေးက သူ့လို ဆင်းရဲသားတစ်ယောက်ကို မည်သည့်အချိန်တွင်မှ ငဲ့ကြည့်လိမ့်မည် မဟုတ်ဟု သူယုံကြည်သည်။ ဝေ့ရှီယု သူ့အပေါ် စိတ်ဝင်စားလိမ့်မည် မဟုတ်ဟု တွေးလိုက်မိခြင်းကပင် သူ့အတွက် စိတ်သက်သာရာ ရစေသည်။ ဝေ့ရှီယုနှင့် ပြဿနာ မတက်ချင်သကဲ့သို့၊ အကယ်၍သာ သူမနှင့် ပတ်သက်မိလျှင် သူ တစစီ ပျက်စီးသွားလိမ့်မည်ဟု သူ ခံစားနေရ၏။

ကျိုးဟောက်ယွီမှာ ဝမ်းနည်းသလို၊ ပျော်သလို မျက်နှာဖြင့် ရပ်နေသည်ကို မြင်သောအခါ လီယုဝမ် မေးသည်။

“အစ်ကိုဟောက်ယွီ ဘာတွေ စဉ်းစားနေတာလဲ”

“ဪ ဘာမှမဟုတ်ပါဘူး၊ သွားကြစို့”

ကျိုးဟောက်ယွီ လက်ဘရိတ်ကို ချကာ ကားကို ဖြည်းဖြည်းချင်း စတင်မောင်းနှင်လိုက်၏။

ကားက သိပ်မဝေးသေးသော နေရာတွင် မီးနီနှင့် တိုးတော့သည်။ ကျိုးဟောက်ယွီ လက်တစ်ဖက်ကို ကားပြတင်းပေါက် အပြင်ဘက်သို့ ထုတ်ကာ မီးစိမ်းရန် စောင့်ဆိုင်းနေသည်။

‘သုံး နှစ် တစ်’

ဂဏန်းမှာ တစ်သို့ ရောက်သောအခါ ကျိုးဟောက်ယွီ လီဗာကို ဖြည်းဖြည်းချင်း နင်းလိုက်၏။

“ဝူး”

ကုန်တင်ကားကြီးတစ်စီး၏ ဟွန်းသံမှာ ဟိန်းထွက်လာသည်။ ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သောအခါ ကား၏ ဘယ်ဘက်ခြမ်းသို့ ဦးတည်ကာ အရှိန်ပြင်းစွာ မောင်းနှင်လာသော ကုန်တင်ကားကြီးကို မြင်လိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျိုးဟောက်ယွီသည် စတီယာရင်ကို အစွမ်းကုန် လှည့်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကုန်တင်ကားကြီးသည် ကားမောင်းသူနေရာသို့ တိုက်ရိုက် ဝင်တိုက်လိုက်တော့သည်။

“ဘုန်း”

ပေါက်ကွဲသံကြီးနှင့်အတူ ကျိုးဟောက်ယွီသည် ကားကြီး လေထဲတွင် အကြိမ်ကြိမ် လွင့်ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ မြင်ကွင်းအားလုံး မှောင်မိုက်သွားပြီး သူ သတိမေ့သွားတော့၏။

လီယုဝမ်မှာ ထိုင်ခုံခါးပတ် မပတ်ထားသဖြင့် ကားကို အတိုက်ခံရချိန်တွင် ကားအပြင်ဘက်သို့ လွင့်စင်ထွက်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူမသည် လမ်းဘေးရှိ မြက်ခင်းပေါ်သို့ ကျရောက်သွားသဖြင့် အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း တစ်ကိုယ်လုံး သွေးများ စိုရွှဲနေခဲ့သည်။ သို့သော် ထိုအချိန်တွင် သူမသည် မိမိကိုယ်တိုင်၏ ဘေးကင်းမှုကို ဂရုမစိုက်နိုင်တော့ပေ။ ကားမောင်းသူဘက်ခြမ်းမှ တံခါးမှာ ချိုင့်ဝင်သွားသည်ကို မြင်လိုက်ရသောအခါ သူမသည် ငိုယိုရင်း ထိုနေရာသို့ ပြေးသွားလိုက်သည်။

မတော်တဆမှုကို ဖြစ်ပွားစေသော ကုန်တင်ကားကြီးမှာမူ ထိုနေရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။

“အစ်ကိုဟောက်ယွီ”

လီယုဝမ် အော်ဟစ်ငိုယိုရင်း ကားတံခါးကို အစွမ်းကုန် ဆွဲဖွင့်သော်လည်း တံခါးမှာ တစ်ခုခုနှင့် ငြိနေသဖြင့် သူမ၏ ခွန်အားအားလုံး ထုတ်သုံးသော်လည်း ပွင့်မလာပေ။ သူမ ကြောက်လန့်တကြား ဘေးဘီသို့ ကြည့်လိုက်သော်လည်း လမ်းပေါ်တွင် လမ်းသွားလမ်းလာ တစ်ယောက်မှ မရှိပေ။

“အစ်ကိုဟောက်ယွီ သတိထားပါဦး၊ အခု အိပ်ပျော်သွားလို့ မရဘူးနော်၊ ကျွန်မ အစ်ကို့ကို သေချာပေါက် ကယ်ထုတ်ပေးမှာပါ”

အကူအညီတောင်းစရာ လူမရှိသဖြင့် လီယုဝမ်သည် သွားကို တင်းတင်းကြိတ်ကာ ကားတံခါးကို ဆက်လက် ဆွဲဖွင့်နေတော့သည်။

တံခါးက အရမ်းလေးလွန်းနေ၍လား၊ သူမမှာ ခွန်အား မရှိ၍လား မသိသော်လည်း ငါးမိနစ်ခန့် ကြာမှသာ တံခါးပွင့်သွား၏။

“အား”

တံခါးပွင့်သွားသောအခါ ကျိုးဟောက်ယွီ၏ ခေါင်းမှာ တစ်ဖက်သို့ စောင်းကျနေသည်ကို မြင်လိုက်ရသဖြင့် သူမ လန့်အော်မိသွားသည်။ သေချာကြည့်လိုက်သောအခါ ကျိုးဟောက်ယွီ၏ ခေါင်းမှာ ပြတ်ထွက်သွားခြင်း မဟုတ်ဘဲ တစ်ကိုယ်လုံး ထုံကျင်နေသဖြင့် ကြိုးပြတ်နေသော ရုပ်သေးရုပ်ကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်သည်။

“အစ်ကိုဟောက်ယွီ ကျွန်မ အစ်ကို့ကို သေချာပေါက် ကယ်ပေးပါ့မယ်”

လီယုဝမ် သူမ၏မျက်ရည်များကို ထိန်းထားသော်လည်း အလိုအလျောက် စီးကျလာနေ၏။

သူမ ခွန်အားရှိသမျှသုံး၍ ကျိုးဟောက်ယွီကို မောင်းသူနေရာမှ ဆွဲထုတ်လိုက်သည်။ ကျိုးဟောက်ယွီ၏ မျက်နှာတစ်ခုလုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေသဖြင့် ရုပ်ပင်မှတ်၍ မရတော့ပေ။

“သတိထားပါဦး ဟောက်ယွီ အခု အိပ်ပျော်သွားလို့ တကယ် မဖြစ်ဘူးနော်”

လီယုဝမ် သူ၏မျက်နှာမှ သွေးများကို သုတ်ပေးသော်လည်း သွေးများက ခဏချင်းပင် ပြန်လည် စီးကျလာပြန်သည်။

သွေးများမှာ မကုန်နိုင်မခမ်းနိုင် ရှိနေသကဲ့သို့ သုတ်လိုက်၊ ပြန်ထွက်လာလိုက်နှင့်ပင် လီယုဝမ်သည် ကျိုးဟောက်ယွီ၏ ဦးခေါင်းကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း စိတ်ပျက်အားငယ်စွာဖြင့် လှမ်းအော်နေ၏။

“ဘယ်သူရှိလဲ ကူညီကြပါဦး”

လမ်းဘေးမှ အမျိုးသမီးကြီးတစ်ဦး ဖြတ်သွားသော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသောအခါ အနားသို့မကပ်ရဲဘဲ နှစ်ချက်ခန့် လှည့်ကြည့်ပြီးမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားတော့သည်။

“အဒေါ်ကြီး မသွားပါနဲ့ဦး ကျေးဇူးပြုပြီး ကူညီပေးပါဦး”

လီယုဝမ် ထိုအမျိုးသမီးကြီး ထွက်သွားရာဘက်သို့ အသည်းအသန် အော်ဟစ် တောင်းပန်နေသော်လည်း အကူအညီ မရရှိခဲ့ပေ။

All Chapters