အခန်း (၂၁၁၁-၂၁၁၃)
Vol. 131 Ch. 2111-2113
အခန်း (၂၁၁၁) ထိုက်ရှီ၊ ပျက်သုဉ်းခြင်း ဘေးဒုက္ခ
၎င်းနောက်တွင်မူ၊ ထိုက်ကျိနန်းဆောင်၏ ကောင်းကင်ယံထက်၌၊ ကြီးမားလှသော သံတူကြောင်းကွဲ မြည်ဟည်းသံနှင့်အတူ၊ လီရွှမ်တုနှင့် ဝမ်ချောင်တို့၏ ဦးနှောက်အထက်၌ အချိန်အတော်ကြာ လွှမ်းခြုံထားသော၊ ကြီးမားသည့် စွမ်းအားများရှိသည့် “အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်” မှာလည်း တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့ရလေသည်။
ထိုအခိုက်အတန့်၌မူ သူတို့နှစ်ဦး၏ ဦးခေါင်းထက်မှ ခြိမ်းခြောက်မှုများမှာလည်း ပုံသဏ္ဌာန်မရှိ ပျောက်ကွယ်သွားခဲ့ရပေသည်။
သို့သော်လည်း ကြေးမှန် ပျက်စီးသွားသည့် တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ထိုက်ရှီအတွက် ရှောင်ကျိုးကျိုး အစီအရင်၏ သေစေနိုင်သော တိုက်ကွက်ကို ကြားဝင် တားဆီးပေးခဲ့ခြင်းလည်း ဖြစ်ပေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန် ပျက်စီးသွားသည့် ခဏ၌၊ ထိုက်ရှီ၏ အမူအရာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရကာ၊ နက်နဲလှသော ထိတ်လန့်ကြောက်ရွံ့မှုများမှာ သူ၏ စိတ်နှလုံးအတွင်းသို့ ချက်ချင်းပင် လွှမ်းခြုံဝင်ရောက်လာခဲ့ပေတော့သည်။
အရာရာတိုင်းမှာ များစွာ မြန်ဆန်လွန်းလှပေသည်
သူသည်လည်း ရှောင်ကျိုးကျိုး အစီအရင်၏ တိုက်ခိုက်မှုမှာ ထျန်းက ဆုလာဘ်အဖြစ် ပေးအပ်ထားသော အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန် ပင်လျှင် မတားဆီးနိုင်ဘဲ တိုက်ရိုက် ပြိုကွဲသွားရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤအခိုက်အတန့်၌မူ ထိုက်ရှီ၏ စိတ်ထဲ၌ နောက်ဆုတ်လိုသော ဆန္ဒများ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပေပြီ။
သူ၏ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားခဲ့ပြီးနောက်၊ အဝေးဆီသို့ ချက်ချင်းပင် ထွက်ပြေးသွားခဲ့ပေသည်။ သူ၏အရှိန်မှာ မိုးကြိုးအလား ပြင်းထန်လှပြီး ထျန်းဖူနတ်မင်းထက်ပင် များစွာသာလွန်နေပေသည်။
သို့သော်လည်း ရှောင်ကျိုးကျိုး အစီအရင် လွှမ်းခြုံထားသည့် ခဏ၌ပင် ဟင်းလင်းပြင်မှာ မြဲမြံစွာချုပ်နှောင်ခြင်း ခံလိုက်ရပြီဖြစ်ရာ၊ ထိုက်ရှီအနေဖြင့် ဤနေရာ၌ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို အသုံးပြုလျက် ထွက်ပြေးရန် မဖြစ်နိုင်တော့ကြောင်း သတ်မှတ်ပြီးသား ဖြစ်ပေသည်။
“ထိုက်ရှီ၊ မင်းထွက်ပြေးလို့ မလွတ်တော့ဘူး”
ဝမ်ချောင်၏ ပြတ်သားလှသော အသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် ပဲ့တင်ထပ်သွားခဲ့လေသည်။
ဝမ်ချောင်သည် မူလက သူတော်စင် ဧကရာဇ်ချန်ထားရစ်ခဲ့သော စွမ်းအားများကို အသုံးပြုလျက် ထိုက်ရှီအား ကိုင်တွယ်ရန် ပြင်ဆင်ထားခဲ့သော်လည်း၊ ယခုအခါ အစီအရင်ကြီး နိုးထလာပြီဖြစ်ရာ၊ ၎င်းတို့မှာ မလိုအပ်တော့ပေ။
“ရှောင်ကျိုးကျိုး အစီအရင်” စတင် လည်ပတ်သည့် အချိန်မှစ၍၊ ထိုက်ရှီမှာ လှောင်အိမ်ထဲမှ ငှက်တစ်ကောင်၊ ရေကန်ထဲမှ ငါးတစ်ကောင်အလား ဖြစ်သွားခဲ့ပြီဖြစ်ရာ ထွက်ပြေးရန် လမ်းစ မရှိတော့ပေ။
“သေစမ်း”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ ဝမ်ချောင်သည် လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်ကာ၊ အဝေးဆီသို့ ထွက်ပြေးနေသော ထိုက်ရှီဆီသို့ လှမ်း၍ ရိုက်ချလိုက်ပေသည်၊ နောက်တစ်ခဏ၌မူ “ရှောင်ကျိုးကျိုး အစီအရင်”လုံး၏ စွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်ယံရှိ ထိုက်ရှီဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပေတော့သည်။
ထိုစွမ်းအားမှာ ဂူကောင်းကင်အဆင့်ကိုပင် များစွာကျော်လွန်နေခဲ့ပြီဖြစ်ရာ၊ ထိုက်ရှီကဲ့သို့သော ပြိုင်ဘက်ကင်း ပညာရှင်ကြီးပင်လျှင် အမူအရာများ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပေသည်။
“မကောင်းတော့ဘူး”
ဟင်းလင်းပြင် အမြင့်၌ ထိုက်ရှီ၏ စိတ်ဝိညာဉ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပေသည်၊ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် ဘေးဒုက္ခကြီး ကျရောက်တော့မည့်အလား၊ ပျက်သုဉ်းခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့နေရသကဲ့သို့သော ခံစားချက်မျိုးကို ရရှိလိုက်ခြင်း ဖြစ်၏။
သူ၏ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများမှာမူ အလုံးစုံ အေးခဲနေခဲ့သဖြင့် အသုံးမပြုနိုင်တော့သလို၊ အစီအရင်ကြီးမှ ပေါက်ကွဲထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများရှေ့၌မူ ထိုက်ရှီအနေဖြင့် ပြန်လည် ခုခံရန်ဟူသော အတွေးမျိုးပင် စိတ်ထဲ၌ မဖြစ်ပေါ်ဝံ့တော့ပေ။
၎င်းမှာ ဧကရာဇ်သုံးပါး အစီအရင်၏ နှစ်ပေါင်း ထောင်ချီ စုဆောင်းထားသော စွမ်းအားများသာမက၊ လီထိုက်ယီမကွယ်လွန်မီက ပုံအောပေးခဲ့သော ဂန်ချီများလည်း ပါဝင်နေသဖြင့် ထိုနှစ်မျိုး ပေါင်းစပ်လိုက်သည့်အခါတွင်မူ သူ လုံးဝပြန်လည်မခုခံနိုင်သော အရာပင် ဖြစ်၏။
တစ်ဟုန်ထိုး တိုးဝင်လာသော ထိုအလင်းတန်းများကို ကြည့်လျက် အသက်အန္တရာယ် ကြုံတွေ့နေရသည့် နောက်ဆုံးအခိုက်အတန့်၌ ထိုက်ရှီမှာ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။
“မဟာမိစ္ဆာဂူကောင်းကင် မန္တန်အဆောင်”
ထိုစိုးရိမ်တကြီး အော်ဟစ်သံမှာ မိုးကြိုးအလား ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် တုန်ခါသွားခဲ့လေသည်။
“ဝုန်း ဝုန်း ဝုန်း”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ရှီသည် အောက်ခြေအစီအရင်ကြီး၏ စွမ်းအားများဖြင့် တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရပေသည်။ သူ၏တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ရပေတော့သည်။
သို့သော်လည်း ထိုပြင်းထန်လှသော ပေါက်ကွဲမှုကြီးအတွင်းမှနေ၍ အနက်ရောင်ရောနေသည့် ရွှေရောင်ရှိသော အလင်းတန်းတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဟင်းလင်းပြင် အထပ်ထပ်ကို ဖောက်ထွက်လျက်၊ “ရှောင်ကျိုးကျိုး အစီအရင်”ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ကာ တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုက်ရှီ၏ အရှိန်အဝါများမှာ လူတိုင်း၏ အာရုံခံစားမှုအတွင်းမှ လုံးဝဥဿုံပျောက်ကွယ်သွားခဲ့ရပေပြီ။
ဤအပြောင်းအလဲမှာ ရုတ်တရက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ရာ ဝမ်ချောင်ပင်လျှင် ကြားဖြတ် တားဆီးရန် အချိန်မရခဲ့ပေ မဟုတ်ပေ… လုံးဝတားဆီး၍ မရနိုင်သော အခြေအနေဟု ဆိုရပေမည်။
မြေပြင်ပေါ်၌ ဝမ်ချောင်နှင့် လီရွှမ်တုတို့မှာ ထိုနေရာ၌ မှင်တက်စွာ ရပ်နေမိကြကာ၊ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ရှိနေကြပေသည်။
“နှမြောစရာပဲ၊ သူ့ကို ထွက်ပြေးခွင့် ပေးလိုက်ရတယ်ပေါ့”
“သေချာပေါက်ပဲ၊ ထိုက်ချန်းလိုမျိုးပဲ၊ ထိုက်ရှီရဲ့ကိုယ်ပေါ်မှာလည်း ထူးခြားတဲ့ တားမြစ် အတားအစီး တစ်ခုခု ရှိနေတာပဲ”
ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပေသည်။ သူ၏စိတ်ထဲ၌လည်း နှမြောတသမှုများ ရှိနေပေသည်။
ထိုစဉ်က ကက်စပီယံပင်လယ်ကမ်းခြေ၌ ထိုက်ချန်းသည် အလွန်အမင်း ပြင်းထန်လှသော မိမိကိုယ်ကိုယ် ဖျက်ဆီးသည့် တားမြစ်အတားအစီးတစ်မျိုးကို အသုံးပြုခဲ့ဖူးပေသည်။ ထိုက်ရှီ၏ကိုယ်ပေါ်၌လည်း သိသိသာသာပင် ထိုကဲ့သို့သောအရာမျိုး ရှိနေခြင်း ဖြစ်သော်လည်း၊ ထိုက်ချန်းနှင့် မတူညီသည်မှာမူ ထိုက်ရှီ၏ကိုယ်ပေါ်မှ တားမြစ် အတားအစီးမှာ ထွက်ပြေးရန်အတွက်သာ အသုံးပြုခြင်း ဖြစ်ပေသည်။
မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် တိတ်ဆိတ်သွားခဲ့ရလေသည်။
ထိုက်ရှီပေါက်ကွဲသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ မြေပြင်ပေါ်ရှိ လူတိုင်းမှာ မှင်တက်သွားခဲ့ကြရပေပြီ။
“ဒါ…… ဒါ ဘယ်လိုဖြစ်တာလဲ”
မြေအောက်ထောင် အကျဉ်းသားတစ်ဦးချင်းစီမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော်လည်း၊ ဖူမုန့်လင်းချာ ကဲ့သို့သော အစွမ်းထက်သူများနှင့်၊ လူအုပ်ကြားမှ ဟွမ်ရှောင်ထျန်းတို့မှာမူ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် မျက်နှာများ ပျက်ယွင်းသွားခဲ့ရပေသည်။
ထိုက်ရှီမှာ မည်မျှအထိ ပြင်းထန်ပါသနည်း။ သူ၏ ရှေ့မှောက်၌ ဖူမုန့်လင်းချာနှင့် ဟွမ်ရှောင်ထျန်းတို့မှာ အနည်းငယ်မျှပင် ပြန်လည်အန်တုလိုသော စိတ်မျိုး မရှိခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် ထိုက်ရှီအနေဖြင့် ၎င်းတို့အား သတ်ဖြတ်လိုလျှင်မူ၊ ပုရွက်ဆိတ်တစ်ကောင်အား ဖိသတ်ခြင်းထက်ပင် ပိုမို လွယ်ကူလိမ့်မည်ဖြစ်ကြောင်း သူတို့ သိရှိထားသောကြောင့် ဖြစ်၏။
သို့သော်လည်း ယခုအခါတွင်မူ ထိုက်ရှီမှာ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ (အကျဉ်းသားများ၏ အမြင်အရ)
ထို့ပြင် ထိုက်ရှီအား သတ်ဖြတ်လိုက်သူမှာ အခြားသူမဟုတ်ဘဲ သူတို့ အကြောက်ရွံ့ဆုံး ဖြစ်သော ဝမ်ချောင်ပင် မဟုတ်ပါလား။
“သွားကြစို့”
ဖူမုန့်လင်းချာ၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရကာ အခြားသော သူများမှာ မှင်တက်နေဆဲအချိန်၌၊ သူသည် ကိုယ်ကို ဝုန်းခနဲ လှည့်လိုက်ပြီးနောက် ယုန်တစ်ကောင်အလား လျင်မြန်စွာပင်၊ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် နန်းတော်အပြင်ဘက်ဆီသို့ ထွက်ပြေးသွားခဲ့ပေတော့သည်။
အခြေအနေမှာ မဟန်တော့ပေ။ အကယ်၍ ယခုအချိန်၌ မထွက်ပြေးခဲ့လျှင်မူ၊ နောင်တစ်ချိန်တွင် ထွက်ပြေးနိုင်တော့မည် မဟုတ်ကြောင်း သူ စိုးရိမ်နေမိလေသည်။
“ဝုန်း”
ရှေ့ဘက်၌ တားဆီးထားသော နန်းတွင်းနန်းစောင့်တပ်ဖွဲ့တစ်စုကို မြင်တွေ့လိုက်ရသည့်အခါ၊ ဖူမုန့်လင်းချာက လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ကာ၊ လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဖောက်ထွက်လိုက်ပေတော့သည်။
တစ်ချိန်တည်းမှာပင် ဟွမ်ထျန်းကျောက်နှင့်သွမ့်ကျူးယန် တိုသည်လည်း အခြေအနေ ဆိုးရွားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လျက် ဖူမုန့်လင်းချာ၏ နောက်ကွယ်မှ ကပ်လျက် ထွက်ပြေးသွားခဲ့ကြပေတော့သည်။
သူတို့ သုံးဦးစလုံးမှာ မိမိတို့၏အင်အားရှိသမျှကို အသုံးပြုလျက် နောက်သို့ လှည့်မကြည့်တော့ဘဲ အံ့မခန်းလှသော အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားကြပေသည်။
“တောက်.. ဒီကောင်တွေ ထွက်ပြေးသွားကြပြီ”
“အားလုံး ထွက်ပြေးကြစမ်း”
……
အမှန်တကယ် ဘာဖြစ်သွားသည်ကို သေသေချာချာ မသိရှိကြသေးသော်လည်း၊ ခေါင်းဆောင်ဖြစ်သော ဖူမုန့်လင်းချာတို့ လူတစ်စု ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ အခြားသော မြေအောက်ထောင် အကျဉ်းသား များမှာလည်း စိတ်ဓာတ်များ ပြိုလဲသွားခဲ့ကြရကာ၊ ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ အပြင်ဘက်သို့ တိုးဝှေ့ ထွက်ပြေးသွားကြပေတော့သည်။
ဝမ်ချောင်သည် ထိုက်ကျိနန်းဆောင်ရှေ့ရှိ မြင့်မားလှသော အဖြူရောင် ကျောက်စိမ်း လှေကားထစ်များပေါ်၌ ရပ်နေလျက်၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော်လည်း ကြားဖြတ် တားဆီးခြင်း မပြုခဲ့ပေ။
“ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်း၊ လီရွှမ်းယီ၊ သူတို့ကို ဖမ်းဆီးကြစမ်း”
ဝမ်ချောင်က လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ အမိန့်ပေးလိုက်ပေသည်။
“ဝုန်း”
သူက မြေပြင်ကို တစ်ချက် စောင့်ချလိုက်ရာ သူ၏ကိုယ်အတွင်းရှိ မဟာလော့ ဂန်ချီများမှာ ဟင်းလင်းပြင် အထပ်ထပ်ကို ဖြတ်ကျော်လျက် မြေအောက်မှတစ်ဆင့် လမ်းကြောင်းသုံးခုအဖြစ် ကွဲသွားခဲ့ကာ ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်နှင့် လီရွှမ်းယီတို့၏ ကိုယ်အတွင်းသို့ လျင်မြန်စွာ စီးဝင်သွားခဲ့ပေတော့သည်။
မဟာလော့ နတ်ဘုရားအတတ်ပညာမှာမူ အလွန်အမင်း ပြင်းထန်လှသော ကုသရေး အာနိသင်များ ရှိနေသလို သူတို့၏ကိုယ်အတွင်းရှိ အခြားသောဂန်ချီများကိုလည်း ခြေဖျက်ပေးနိုင်စွမ်း ရှိပေသည်။ ဝမ်ချောင်၏ မဟာလော့ ဂန်ချီအကူအညီကို ရရှိလိုက်သည့်အခါ သူတို့သုံးဦး၏ ခန္ဓာကိုယ်များမှာ တဂျောက်ဂျောက် မြည်ဟည်းလာခဲ့ကာ ကိုယ်တွင်းဒဏ်ရာများမှာလည်း မျက်မြင်ကိုယ်တွေ့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပေတော့သည်။
ဤမျှသာမကဘဲ ဝမ်ချောင်၏ကျင့်စဉ်စွမ်းအားမှာ သူတို့ သုံးဦးထက် များစွာသာလွန်နေသဖြင့် ဒဏ်ရာများကို ကုသပေးသည့် တစ်ချိန်တည်းမှာပင် သူတို့၏ ကျင့်စဉ်စွမ်းအားများကိုပါ တစ်ပါတည်း ပြည့်ဝသွားစေလိုက်ပေသည်။
“သွားကြစို့”
မိမိတို့၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို ခံစားသိရှိလိုက်ရသည့်အခါ သူတို့သုံးဦးမှာ စိတ်ဓာတ်များ များစွာတက်ကြွသွားခဲ့ကြရကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလျက် ပတ်ဝန်းကျင်ရှိ နန်းစောင့်တပ်ဖွဲ့များကို ဦးဆောင်ပြီးနောက်၊ ဖူမုန့်လင်းချာတို့ ထွက်ပြေးရာ လမ်းကြောင်းအတိုင်း လိုက်လံ သတ်ဖြတ်သွားကြပေတော့သည်။
ထိုက်ကျိနန်းဆောင်ဘက်၌မူ ဝမ်ချောင်ရှိနေသဖြင့် မည်သည့် ပြဿနာမျှ ဖြစ်ပေါ်လာစရာ အကြောင်းမရှိကြောင်း သူတို့ ယုံကြည်နေကြပေသည်။
ဤသည်မှာ သူတို့ သုံးဦးတည်းသာ မဟုတ်ဘဲ မဟာထန်တစ်ခုလုံးက ဝမ်ချောင်အပေါ်၌ ထားရှိသော ယုံကြည်မှုပင် ဖြစ်၏။
သံချပ်ကာများ လှုပ်ခတ်သံများနှင့်အတူ၊ မရေမတွက်နိုင်သော နန်းစောင့်တပ်ဖွဲ့ဝင် များစွာ ထွက်ခွာသွားကြပေသည်။ သူတို့၏ ကိုယ်ပေါ်မှ သံချပ်ကာ လှုပ်ခတ်သံများမှာမူ များစွာ ကျယ်လောင်နေခဲ့ပေသည်။
သို့သော်လည်း အပြင်စည်းမှ ဆူညံမှုများနှင့် နှိုင်းယှဉ်လျှင်မူ၊ ယခုအခါ ထိုက်ကျိနန်းဆောင်ရှေ့တွင်မူ ပိုမို၍ တိတ်ဆိတ်ငြိမ်သက်လာခဲ့ပေသည်။
“ဟူး”
လေစီးကြောင်းများမှာ ဟိန်းဟောက်နေခဲ့ကာ သူတို့ နှစ်ဦး၏ ဝတ်ရုံများမှာလည်း တဖျပ်ဖျပ် လွင့်နေပေသည်။ အဖြူရောင် ကျောက်စိမ်းပြားများ ခင်းကျင်းထားသော မြေပြင်ပေါ်၌ ဝမ်ချောင်နှင့်လီရွှမ်တုတို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ စကားမဆိုကြပေ။
ထျန်းဖူနတ်မင်းမှာ အစီအရင်ကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သလို၊ ထိုက်ရှီမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိလျက် ထွက်ပြေးသွားခဲ့ပြီဖြစ်ရာ၊ ဤနေရာ၌မူ သူနှင့် လီရွှမ်တု နှစ်ဦးသာ ကျန်ရှိတော့ပေသည်။
လီဟန်မှာမူ ယခုအချိန်အထိ လီရွှမ်တု၏ လက်ထဲ၌ ရှိနေဆဲ ဖြစ်၏။
“ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား”
ရုတ်တရက်ဆိုသလို ဝမ်ချောင်သည် ကိုယ်ကို ကိုင်းညွှတ်လျက် လီရွှမ်တုအား အရိုအသေ ပေးလိုက်ပေသည်။
အဝေးဆီမှ လီဗိုလ်ချုပ်နှင့် နဂါးကိုယ်ရံတော်များမှာမူ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အမူအရာများ မှင်တက်သွားခဲ့ကြရပေသည်။
“ငါ့ကို ဘာအတွက် ကျေးဇူးတင်တာလဲ”
လီရွှမ်တု၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့သော်လည်း၊ သူ၏ အမူအရာမှာမူ အတိတ်ကကဲ့သို့ပင် အေးစိမ့်တည်ငြိမ်နေဆဲဖြစ်ကာ လူအများအား အနားသို့ မကပ်ဝံ့လောက်အောင် ဖယ်ကြဉ်ထားသော ပုံစံမျိုး ရှိနေပေသည်။
ဝမ်ချောင်က အသာအယာ ပြုံးလိုက်ပေသည်။ လီရွှမ်တု၏ အေးစိမ့်လှသော အပြုအမူများကို သူ အရေးမစိုက်ပေ။
“အိမ်ရှေ့စံမင်းသားက ကျွန်တော်မျိုးကို တစ်ဖက်က ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်သလို၊ ပိုပြီးတော့ ကျေးဇူးတင်မိတာကတော့ မင်းသားဘက်က လက်ဦးမှုယူ ငဲ့ညှာပေးခဲ့တာကြောင့်ပါ”
“မင်း ဘာကို ဆိုလိုတာလဲ”
လီရွှမ်တု၏ မျက်ဝန်းသူငယ်အိမ် ကျုံ့သွားခဲ့ရကာ အမူအရာလည်း ပိုမိုအေးစိမ့်သွားခဲ့ရပေသည်။
“အိမ်ရှေ့စံမင်းသားက မြေအောက်ထောင်ကနေ ထွက်လာတုန်းက၊ ပိုင်ဟန်ကျိုးနဲ့ ကျောက်ဖုန်းချန်တို့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပေမယ့်၊သေစေနိုင်တဲ့ တိုက်ကွက်မျိုးတော့ မသုံးခဲ့ပါဘူး။ မင်းသားရဲ့ ဂူကောင်းကင်အဆင့် ကျင့်စဉ်စွမ်းအားနဲ့ဆိုရင်တော့ အကယ်၍သာ အရှင်က မဟာထန်နဲ့ သူတော်စင်ဧကရာဇ်ကို တကယ်ပဲ ကလဲ့စားချေချင်တယ်ဆိုရင်တော့ သူတို့ကို သတ်ဖြတ်ဖို့ဆိုတာ လက်ဖဝါး စောင်းလိုက်ရုံလောက်ပဲ လွယ်ကူမှာပါ”
ဝမ်ချောင်က ပြုံးယောင်သန်းလျက် ဆိုလိုက်ပေသည်။
ပိုင်ဟန်ကျိုးတို့၏ ကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပြင်းထန်လှသည်ဟု ယူဆရသော်လည်း၊ အသက်အန္တရာယ်ရှိသော နေရာများကို ရှောင်ရှားထားသည်ကို ဝမ်ချောင်အစကတည်းက သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်မှာလည်း သူတို့၏ဒဏ်ရာများကို ဝမ်ချောင်က အချိန်တိုအတွင်း၌ ကုသပေးနိုင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။
အကယ်၍သာ လီရွှမ်တုမှာ သူ ပြောကြားသကဲ့သို့ အမှန်တကယ် ရက်စက်ခဲ့မည်ဆိုပါက၊ ဤလူများမှာ အသက်ရှင် ကျန်ရစ်နေရန် မဖြစ်နိုင်ပေ။
“သူတို့တွေ ကံကောင်းလို့ သေဘေးက လွတ်သွားတာသက်သက်ပါပဲ”
လီရွှမ်တုက အနည်းငယ်မျှပင် လှုပ်ခတ်ခြင်းမရှိဘဲ အမူအရာလည်း အေးစိမ့်နေဆဲ ဖြစ်၏။
“ဟားဟား မင်းသားက အဲဒီလို ပြောရင်လည်း ဟုတ်တာပေါ့၊ ဒါပေမဲ့ ကျွန်တော်မျိုး သိထားတာ တစ်ခုကတော့ အကယ်၍သာ မင်းသားက တကယ်ပဲ ကလဲ့စားချေချင်တယ်ဆိုရင်တော့ ဒီနန်းတွင်းတစ်ခုလုံးမှာ သွေးချောင်းစီးနေတာ အချိန်အတော်ကြာခဲ့ပြီ ဆိုတာပါပဲ”
ဝမ်ချောင်က ဆိုလိုက်ပေသည်။
လီရွှမ်တုသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏မျက်ဝန်းအတွင်း၌ နောက်ဆုံးတွင် လှုပ်ခတ်မှု အချို့ ပေါ်ထွက်လာခဲ့ပေသည်။
ထိုက်ရှီ၏ တိုက်ကွက်များမှာမူ အလွန်အမင်း ရက်စက်ယုတ်မာလှပြီး၊ မသေလျှင်ပင် ဒုက္ခိတ ဖြစ်သွားစေနိုင်ပေသည်။ သူသည် တိုက်ကွက်အနည်းငယ်သာ ထုတ်ဖော်ခဲ့သော်လည်း၊ နန်းစောင့်တပ်ဖွဲ့ဝင် ပေါင်း များစွာမှာ သေဆုံးခဲ့ကြရပေသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုပါက လီရွှမ်တု၏ လုပ်ရပ်များမှာမူ သေချာပေါက် နူးညံ့သည်ဟု ဆိုရပေမည်။
“ပြီးတော့ အိမ်ရှေ့စံမင်းသားက ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်မင်းမြတ်ကို ကလဲ့စားချေမယ်လို့ အမြဲပြောနေခဲ့ပေမယ့် အခုအချိန်အထိ ဧကရာဇ်မင်းမြတ် အပေါ်မှာတော့ တကယ့်ကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ထိုက်ရှီနဲ့ တိုက်ခိုက်နေစဉ်အတွင်းမှာတောင်မှ၊ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်ပေးခဲ့တာပဲ မဟုတ်လား။ မင်းသားဘက်ကတော့ ဒါဟာ ထိုက်ရှီကို အောင်မြင်ခွင့် မပေးချင်လို့ပါလို့ အကြောင်းပြနိုင်ပေမယ့်၊ အရာရာတိုင်းက အဲဒီလောက်အထိ ရိုးရှင်းပါ့မလား”
ဝမ်ချောင်က သူ၏ရှေ့မှောက်ရှိ လီရွှမ်တုကို ကြည့်လျက် သာသာယာယာ ပြုံးကာ ဆိုလိုက်ပေသည်။
“ရှောင်ကျိုးကျိုး အစီအရင်” ဆိုသည်မှာ သူတော်စင် ဧကရာဇ်က ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းကို ကိုင်တွယ်ရန်အတွက် တကူးတက ဖန်တီးခဲ့သော အစီအရင် ဖြစ်ရာ၊ အစွမ်းမှာမူ များစွာ ပြင်းထန်လှသဖြင့် ထိုက်ရှီကဲ့သို့သော ထိပ်တန်း ဂူကောင်းကင်အဆင့် ပညာရှင်ပင်လျှင် ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း၊ လီရွှမ်တုကဲ့သို့သော သာမန်လူသားသိုင်းပညာရှင် တစ်ဦးအတွက်မူ မည်သည့် သက်ရောက်မှုမျှ မရှိဘဲ ဖြစ်နေရပေသည်။
“ရှောင်ကျိုးကျိုး အစီအရင်” ၏ အကူအညီ မရှိပါက ဝမ်ချောင်တစ်ဦးတည်းအနေဖြင့် လီရွှမ်တု အား ရင်ဆိုင်ရန်မှာမူ ဖိအားများစွာ ရှိနေပေသည်။
သို့သော်လည်း ထိုသို့ဖြစ်သည့်တိုင်အောင် ယခုအခိုက်အတန့်၌မူ ဝမ်ချောင်သည် အနည်းငယ်မျှပင် အလျင်စလို မရှိဘဲ ရှိနေပေသည်။
အခြားတစ်ဖက်၌မူ လီရွှမ်တုသည် မျက်မှောင်ကို ကြုတ်ထားလျက် စကားတစ်ခွန်းမျှ မဆိုဘဲ ရှိနေပေသည်။
“ကောင်လေး ဒီလိုမျိုး ဒီမင်းသားကို လာပြီး မျက်နှာချိုသွေးနေရုံနဲ့ အသုံးဝင်မယ်လို့ မထင်နဲ့ဦး၊ ဒီမင်းသားက မင်းကို ဘာမှ ကတိမပေးထားဘူးနော်”
အချိန်အတော်ကြာပြီးမှသာ လီရွှမ်တုက အေးစိမ့်စွာ ဆိုလိုက်ပေတော့သည်။
“မင်းသား ယခုလက်ရှိ မဟာထန်ဟာမင်းဆက် အပြောင်းအလဲကာလကို ဖြတ်သန်းနေရတာ ဖြစ်သလို ပြည်တွင်းပြည်ပ ဘေးအန္တရာယ်တွေလည်း ပြည့်နှက်နေတာပါ၊ နောင်တစ်ချိန်မှာလည်း ပိုပြီးတော့ ကြီးမားတဲ့ ဘေးဒုက္ခတွေ ရောက်လာဦးမှာပါ။ ဒါကြောင့် အခုအချိန်မှာ မဟာထန်ဟာ ဘယ်လိုနည်းနဲ့မှ ထပ်ပြီးတော့ ဆူညံမှုတွေ မဖြစ်ပေါ်သင့်ပါဘူး။ ဧကရာဇ်မင်းမြတ်မှာ ငယ်ရွယ်သေးတယ် ဆိုပေမဲ့လည်း၊ မင်းကောင်းမင်းမြတ်တစ်ပါးရဲ့ အရည်အချင်းတွေ ရှိနေတာကြောင့် အခုလိုမျိုး လူထုတွေ စိုးရိမ်နေကြတဲ့ အချိန်မှာ၊ ဧကရာဇ်မင်းမြတ်အနေနဲ့ ရှေ့ထွက်ပြီးတော့ လူထုရဲ့ စိတ်ဓာတ်တွေကို တည်ငြိမ်အောင် လုပ်ပေးဖို့က အရမ်းကို လိုအပ်နေတာပါ။
မင်းသားကလည်း လီထန်မျိုးနွယ်စုရဲ့ တော်ဝင်သွေးသား တစ်ဦးဖြစ်သလို၊ အရင်တုန်းက ကောင်းကျုံးဧကရာဇ်တောင်မှ အိမ်ရှေ့စံမင်းသားကို တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိတဲ့ ပါရမီရှင် တစ်ဦးလို့ ချီးကျူးခဲ့ဖူးတာပဲလေ။ ဒါကို အိမ်ရှေ့စံမင်းသားလည်း နားလည်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်”
ဝမ်ချောင်က ရိုးသားဖြောင့်မတ်စွာ ဆိုလိုက်ပေသည်။ သူ၏အမူအရာမှာလည်း ပို၍တည်ကြည်လေးနက်လာခဲ့ပေသည်။
“ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှေ့စံမင်းသားအနေနဲ့ နိုင်ငံရဲ့အနာဂတ်ကို အလေးထားပြီးတော့ ဧကရာဇ်မင်းမြတ်ကို ပြန်လည် လွှတ်ပေးစေချင်ပါတယ်”
လေစီးကြောင်းများမှာ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သော်လည်း ညင်သာလှသော လေပြေတစ်ချက်မှာ ထိုလူနှစ်ဦးကြားမှနေ၍ ဖြည်းညှင်းစွာ ဖြတ်သန်းသွားခဲ့လေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပေသည်။
အပြင်စည်း၌မူ လီဗိုလ်ချုပ်နှင့် ဒဏ်ရာများ ပြည့်နှက်နေသော နဂါးကိုယ်ရံတော်များမှာမူ ထိုသူနှစ်ဦးအား စိုက်ကြည့်နေကြလျက် အမူအရာများမှာလည်း များစွာတင်းကျပ်နေခဲ့ကြပေသည်။
“ဝုန်း”
ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ရကာ လေစီးကြောင်းများမှာလည်း လှုပ်ခတ်လာခဲ့ပေသည်၊ လူတိုင်း တုံ့ပြန်ရန် အချိန်မရမီမှာပင် လီရွှမ်တု၏ ရှေ့မှောက် ပေအနည်းငယ်မျှ အကွာအဝေး၌၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာခဲ့ပြီး အသေးစားမှနေ၍ ဧရာမ အကြီးစားအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကာ ထိုအလင်းကွင်းအတွင်းမှနေ၍ နဂါးဝတ်ရုံကို ဆင်မြန်းထားသော ရင်းနှီးလှသည့် လူငယ်ပုံရိပ်တစ်ခုမှာ လူတိုင်း၏ အမြင်အာရုံအတွင်းသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပေတော့သည်။
“ဧကရာဇ်မင်းမြတ်”
ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ တိုးတိုးလေး အော်ဟစ်လိုက်ကြပေသည် ဝမ်ချောင်ပင်လျှင် အမူအရာများ အနည်းငယ်မျှ တင်းကျပ်သွားခဲ့ရပေသည်။
လီရွှမ်တုက လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လီဟန်၏ လည်ပင်းကို နောက်တစ်ကြိမ် ထပ်မံ၍ ဖမ်းဆုပ်လိုက်ပေတော့သည်။
******
အခန်း (၂၁၁၂) သူတော်စင်ဧကရာဇ်၏ လောင်းကြေး
“ဧကရာဇ်မင်းမြတ်”
“မင်း ဘာလုပ်ချင်နေတာလဲ”
“ပုန်ကန်သူ ဧကရာဇ်မင်းမြတ်ကို အခုချက်ချင်း လွှတ်ပေးစမ်း”
……
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နဂါးကိုယ်ရံတော်များမှာ ဒေါသတကြီး ကြိမ်းမောင်းလိုက်ကြပြီး၊ အငွေ့အသက်များမှာလည်း နောက်တစ်ကြိမ် ပြန်လည် တင်းကျပ်သွားခဲ့ရလေသည်။
“နောက်ဆုတ်ကြစမ်း”
စိတ်လှုပ်ရှားနေသော နဂါးကိုယ်ရံတော် အချို့မှာ ရှေ့သို့ ပြေးဝင်တော့မည့်အခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်လျက် သူတို့ကို အလျင်အမြန်ပင် တားဆီးလိုက်ပေသည်။ ယခုအခါ သူ၏အမူအရာမှာလည်း အလွန်အမင်း တည်ကြည်လေးနက်နေပေသည်။ လီရွှမ်တု၏ စိတ်နေစိတ်ထားမှာ အပြောင်းအလဲ မြန်လှသဖြင့် သူ အမှန်တကယ် ဘာလုပ်မည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ရာသော အမှားအယွင်း ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲ ရလဒ်များကို မည်သူမျှ တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။
“အိမ်ရှေ့စံမင်းသား အရှင်ဟာ နိုင်ငံတော်ရဲ့ အနာဂတ်ကို အလေးမထားတဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်တော်မျိုး သိပါတယ်၊ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ်ကို ပြန်လည် လွှတ်ပေးစေချင်ပါတယ်”
ဝမ်ချောင်က ရိုးသားဖြောင့်မတ်စွာ ဆိုလိုက်ပေသည်။ သူ၏ နောက်ကွယ်၌မူ ရှေးဦးရှန်ထိုက် သုံးခုလုံးမှာ ဖြည်းညှင်းစွာ နီးကပ်လာနေခဲ့ကြပေသည်။ အထူးသဖြင့် တတိယ ရှန်ထိုက်၏ ကိုယ်အတွင်း၌မူ ပြာနှမ်းနှမ်း ရေခဲအအေးဓာတ်များမှာ ဖြည်းညှင်းစွာ စီးဆင်းနေခဲ့ပြီး၊ ရေခဲ ကမ္ဘာကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုရန် အသင့်ပြင်ထားခဲ့ပေပြီ။
အကယ်၍သာ လီရွှမ်တုအား ရေခဲဖြင့် ချုပ်နှောင်နိုင်မည်ဆိုပါက ဝမ်ချောင်သည် သူတော်စင် ဧကရာဇ်ချန်ထားရစ်ခဲ့သော ထိုတိုက်ကွက်ကို ချက်ချင်း ထုတ်ဖော်လျက်၊ လီရွှမ်တုအား ပြင်းထန်စွာ ဒဏ်ရာရရှိစေပြီး လီဟန်အား ပြန်လည်လုယူမည် ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါ လီဟန်မှာ လီရွှမ်တု၏လက်ထဲ၌ ရှိနေသဖြင့် လီရွှမ်တု ကဲ့သို့သော ဂူကောင်းကင်အဆင့် ပညာရှင်ကြီး၏ ရှေ့မှောက်၌မူ ဝမ်ချောင်အနေဖြင့် လီဟန်အား အောင်မြင်စွာ ပြန်လည်လုယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်အဝ မရှိပေ။ ထို့ပြင် ဆုံးရှုံးမှု၏ နောက်ဆက်တွဲ ရလဒ်များမှာမူ မည်သူတစ်ဦးတစ်ယောက်မျှ ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။
အခြားတစ်ဖက်၌မူ လီရွှမ်တုမှာမူ ဝမ်ချောင်၏စကားကို လုံးဝကြားဟန်မရပေ။ သူ၏အကြည့်မှာ လက်ထဲမှ လီဟန်ကို သေသေချာချာ အကဲခတ်နေခဲ့ပေသည်။ ထိုဓားလှံများအလား ထက်မြက်လှသောအကြည့်များမှာ လီဟန်၏ကိုယ်တွင်းအင်္ဂါ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်ကြည့်ရှုနေသည့်အလား ရှိနေပေသည်။
“ကောင်လေး ဒီမင်းသားရဲ့ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရုံနဲ့တင်၊ ဒီနေရာမှာ စစ်သည်အင်အား ဘယ်လောက်ပဲ ရှိနေပါစေ၊ မင်းကို ကြက်တစ်ကောင်ကို သတ်ရသလိုမျိုး လွယ်လင့်တကူ သတ်ပစ်နိုင်တယ်ဆိုတာ သိလား”
လီရွှမ်တုက အေးစိမ့်စွာ ဆိုလိုက်ပေသည်။ လီဟန်မှာ ခြေနှစ်ဖက်လုံး မြေပြင်မှ လွတ်နေခဲ့ကာ ကိုယ်ပေါ်ရှိ အရေးပါသော အကြောမှတ်များ အားလုံးမှာလည်း ချုပ်နှောင်ခြင်း ခံထားရသဖြင့် လှုပ်ရှား၍ မရဘဲ ရှိနေသော်လည်း၊ သူ၏ အမူအရာမှာမူ များစွာ ခန့်ညားထည်ဝါနေလျက် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ရှိနေပေသည်။
“သိပါတယ်”
လီဟန်ကလည်း အလားတူပင် လီရွှမ်တုကို စူးစိုက်ကြည့်လျက် အားနည်းသော အမူအရာ လုံးဝ မပြခဲ့ပေ။
“ငါကိုယ်တော်ဟာ နိုင်ငံတစ်ခုရဲ့ အရှင်သခင်ပဲ၊ မင်းဘာလုပ်ချင်နေပါစေ၊ ငါကိုယ်တော်ကတော့ မင်းရဲ့ရှေ့မှာ ဘယ်တော့မှ ဒူးထောက် အရှုံးပေးမှာ မဟုတ်ဘူး။ အကယ်၍ မင်း လက်လှုပ်ချင်တယ်ဆိုရင်လည်း အခုချက်ချင်းသာ လုပ်လိုက်ပါတော့”
“ဧကရာဇ်ဟောင်းရဲ့ သနားကြင်နာမှုတွေကို လောကသားတွေ အကုန်သိကြတာပဲ၊ မင်းက ငါကိုယ်တော့်ကို ဧကရာဇ်ဟောင်းရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် စကားတွေ ပြောခိုင်းနေတာလား၊ ငါကိုယ်တော်ကတော့ အသက်ဘေးကို ကြောက်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ နိုင်ငံတော်ရဲ့ အာဏာစက်ဆိုတာလည်း လွယ်လင့်တကူ အပေးအယူ လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး၊ ငါကိုယ်တော် သေရင်သေပါစေ၊ မင်းလိုမျိုး ရက်စက်ယုတ်မာပြီး အတိုင်းအဆမရှိတဲ့သူရဲ့ လက်ထဲကိုတော့ လောကရှိ လူထုအပေါင်းကို ပုံအပ်ပြီးတော့ ထီးနန်းလွှဲပြောင်းပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ”
နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အချိန်၌၊ လီဟန်သည်လည်း ဒေါသတကြီးဖြင့် လီရွှမ်တုကို စူးစိုက်ကြည့်လိုက်ပေသည်။ အကယ်၍သာ ကျင့်စဉ်စွမ်းအား မနိမ့်ပါးခဲ့ပါက သူသည် အချိန်အတော်ကြာကတည်းက လီရွှမ်တုနှင့် အစွမ်းကုန် တိုက်ခိုက်နေလောက်ပြီ ဖြစ်ပေသည်။ ဒီကောင်က မိမိကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ အကယ်၍ သူသာ တကယ်ပဲ ဤကဲ့သို့သော တိရစ္ဆာန်ထက်ပင် ယုတ်ညံ့သည့် ကိစ္စရပ်မျိုးကို လုပ်ဆောင်ခဲ့မည်ဆိုလျှင်မူ မဟာထန်ဧကရာဇ်ရာထူးကို ဆက်ခံရန် အဘယ်ဂုဏ်ရည် ရှိတော့ပါမည်နည်း။ ၎င်းမှာ ဧကရာဇ်ဟောင်း၏ လူရွေးချယ်မှုအပေါ် အကြီးအကျယ် စော်ကားလိုက်ခြင်းပင် မဟုတ်ပါလား။ ၎င်းမှာ ဧကရာဇ်ဟောင်းအတွက် ကြီးမားလှသော အရှက်ရမှု တစ်ခု ဖြစ်လာပေလိမ့်မည်။
သူ၏ရှေ့မှောက်၌ ဒေါသထွက်နေသော ကြက်ဖတစ်ကောင်အလား ဖြစ်နေသည့် လီဟန်ကို ကြည့်လျက် လီရွှမ်တုသည် နောက်ထပ်တစ်ကြိမ် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိကာ သူ၏ စူးရှလှသော မျက်ဝန်းများဖြင့် လီဟန်၏မျက်လုံး အနက်ရှိုင်းဆုံးနေရာအထိ တိုက်ရိုက်ကြည့်ရှုလိုက်ပေသည်။ လီဟန်ကလည်း အနည်းငယ်မျှပင် အလျှော့မပေးဘဲ ပြန်လည်စူးစိုက်ကြည့်နေခဲ့ပေသည်။ နောက်ဆုံးတွင်မှ လီရွှမ်တု၏ အမူအရာမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့ရပေသည်။
“ဟူး…”
လီရွှမ်တုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ကာ ဦးခေါင်းကို မော့ကြည့်လိုက်ပေသည်။ မူလက အေးစိမ့်လှသော သူ၏မျက်နှာပေါ်၌မူ ဖော်ပြရန် ခဲယဉ်းလှသော အမူအရာ အချို့ ပေါ်ထွက်လာခဲ့ရပေသည်။ ၎င်းအထဲ၌ အထီးကျန်မှုများ ရှိနေသလို စိတ်ပျက်အားငယ်မှုနှင့် ရှုံးနိမ့်မှု အရိပ်အယောင်များလည်း ပါဝင်နေပေသည်။
“မထင်မှတ်ထားဘူးပဲ၊ ဒီတစ်ခေါက်လည်း ဒီမင်းသားပဲ ရှုံးသွားခဲ့ပြန်ပြီပေါ့။ လီထိုက်ယီ မင်း နောက်တစ်ကြိမ် ထပ်ပြီးတော့ နိုင်သွားပြန်ပြီ”
သူ၏အသံအဆုံးတွင် လီရွှမ်တု၏လက်ဝါးမှာ လျော့ရဲသွားခဲ့ရကာ၊ နောက်ဆုံးတွင် လီဟန်ကို လွှတ်ပေးလိုက်ပေတော့သည်။ ဂန်ချီများ လှုပ်ခတ်သွားခဲ့ပြီး လီဟန်မှာ လေဟာပြင်ကို ဖြတ်ကျော်လျက် လီရွှမ်တု၏ လက်ထဲမှနေ၍ အဝေးသို့ အသာအယာ ပစ်ချခြင်း ခံလိုက်ရပေသည်။
“”
လီဟန်သည် ခြေနှစ်ဖက် မြေပြင်ပေါ်သို့ ကျရောက်လိုက်သည့် တစ်ချိန်တည်းမှာပင်၊ တစ်ကိုယ်လုံးရှိ အကြောမှတ်များမှာလည်း မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ပွင့်သွားခဲ့ရသဖြင့် ဤအခိုက်အတန့်၌ သူကိုယ်တိုင်ပင်လျှင် မှင်တက်သွားခဲ့ရပေသည်။ လီရွှမ်တုနှင့် ဧကရာဇ်ဟောင်းမှာ ရန်သူဟောင်းများ ဖြစ်ကြသလို၊ လီရွှမ်တု၏ စရိုက်မှာလည်း ရက်စက်ကြမ်းကြုတ်လှသဖြင့်၊ လီဟန်၏ စိတ်နှလုံး အနက်ရှိုင်းဆုံး၌မူ အမှန်တကယ်တော့ သေရန် အသင့်ပြင်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူသည် မည်သို့မျှ ထင်မှတ်မထားခဲ့သည်မှာမူ မိမိ၏ ဧကရာဇ်ရာထူးကို လုယူမည်ဟု အစဉ်တစိုက် ပြောဆိုနေခဲ့သလို၊ မျက်တောင်တစ်ခတ်အတွင်း၌ နဂါးကိုယ်ရံတော် အားလုံးကို အနိုင်ယူခဲ့သော လီရွှမ်တုမှာ၊ ယခုကဲ့သို့သော အချိန်၌ မိမိကို လွယ်လင့်တကူ လွှတ်ပေးလိမ့်မည်ဟုပင် ဖြစ်တော့သည်။
သို့သော်လည်း သူသည် ဤကိစ္စများကို ဆင်ခြင်ရန် အချိန်များစွာ မရှိခဲ့ပေ၊ လီဗိုလ်ချုပ် အပါအဝင် နဂါးကိုယ်ရံတော်များမှာ အရပ်မျက်နှာအနှံ့မှနေ၍ အလျင်အမြန်ပင် ရောက်ရှိလာကြကာ အလွန်အမင်း စိုးရိမ်တကြီးသော အမူအရာများဖြင့် လီဟန်ဘေးသို့ ဝိုင်းလာကြပေသည်။
“ဧကရာဇ်မင်းမြတ်”
……
အခြားတစ်ဖက်၌မူ လီဟန်ဘေးကင်းသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်ပေတော့သည်။ သူသည် နှုတ်မှ လီရွှမ်တုမှာ အငြိုးအတေးများ ရှိနေသော်လည်း သတ်ဖြတ်လိုစိတ်မရှိကြောင်း အမြဲပြောဆိုနေခဲ့သော်လည်း ၎င်းမှာ သူ၏ ခံစားချက်သက်သက်သာ ဖြစ်ခဲ့ခြင်းဖြစ်ရာ၊ ယခုအခိုက်အတန့်၌မှသာ သူ၏တင်းကျပ်နေသော အာရုံကြောများမှာ အစစ်အမှန် စိတ်အေးသွားခဲ့ရခြင်း ဖြစ်ပေသည်။ သို့သော်လည်း များမကြာမီမှာပင် ဝမ်ချောင်၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရကာ လီရွှမ်တု နောက်ဆုံး ပြောကြားသွားခဲ့သော စကားများကို သတိပြုမိလိုက်ပေသည်။
“လီထိုက်ယီ မင်းနောက်တစ်ကြိမ် ထပ်ပြီးတော့ နိုင်သွားပြန်ပြီ” လီရွှမ်တုသည် ဤစကားကို ပြောဆိုစဉ်က အမူအရာမှာ များစွာရှုပ်ထွေးနေခဲ့ရာ၊ ဤသည်မှာ နောက်ကွယ်၌ အခြားသော ဇာတ်ကြောင်းများ ရှိနေကြောင်း ထင်ရှားလှပေသည်။ ဤသည်မှာ အမှန်တကယ်တော့ အဘယ်သို့သော ကိစ္စမျိုး ဖြစ်ပါသနည်း။ သူတော်စင် ဧကရာဇ်နဲ့လီရွှမ်တုကြားမှာ သူ မသိသေးတဲ့ အခြားဖြစ်ရပ်တွေ ရှိနေခဲ့သေးတာလား။ ဤအတွေးမှာ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ဝမ်ချောင်သည် ပို၍စဉ်းစားကြည့်လေလေ၊ ဖြစ်နိုင်ချေ များလေလေဟု ခံစားလာရပေသည်။ သူတော်စင်ဧကရာဇ်နှင့်လီရွှမ်တုတို့မှာ ထိုစဉ်က တစ်ဦးနှင့်တစ်ဦး အစွမ်းထက်ဆုံးသော ပြိုင်ဘက်များ ဖြစ်ခဲ့ကြပေသည်။ လီရွှမ်တု နှင့် ပတ်သက်၍မူ၊ သူတော်စင်ဧကရာဇ်အနေဖြင့် သူ့အား သာမန်ရန်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်၊ သို့မဟုတ်ပါက သူ့အား ယနေ့အချိန်အထိ အသက်ရှင်ခွင့် ပေးထားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူတော်စင်ဧကရာဇ်သည် မိမိ၏သက်တမ်းမှာ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သိရှိထားသလို၊ လီဟန်အနေဖြင့်လည်း လီရွှမ်တုအား နှိမ်နင်းနိုင်စွမ်း မရှိကြောင်းကို ကောင်းစွာ သိရှိထားသူဖြစ်ရာ လီရွှမ်တုအတွက် သင့်တော်သော စီစဉ်မှုများကို အဘယ်သို့ မပြုလုပ်ဘဲ ထားပါမည်နည်း။ သူတို့ နှစ်ဦးကြား၌မူ၊ နောက်ဆုံးသော တွေ့ဆုံမှု တစ်ကြိမ် ရှိခဲ့ဖူးဟန် ရသလို၊ တစ်စုံတစ်ရာသော လောင်းကြေး သို့မဟုတ် ကတိကဝတ် တစ်ခုခုကိုပင် ထားရှိခဲ့ကြပုံ ရပေသည်။ သို့မှသာလျှင် လီရွှမ်တု၏စရိုက်အရ၊ အဘယ်ကြောင့် လီဟန်အပေါ်၌ နည်းလမ်းမျိုးစုံဖြင့် လက်ဦးမှုယူ ငဲ့ညှာပေးခဲ့ရသနည်း ဟူသော အချက်မှာ ရှင်းလင်းသွားမည် ဖြစ်ပေသည်။
အခြားတစ်ဖက်၌မူ လီရွှမ်တုမှာမူ ဝမ်ချောင်ကို အလေးမထားဘဲ၊ သူ၏အကြည့်မှာ ကောင်းကင်ယံ အနက်ရှိုင်းဆုံး နေရာဆီသို့ ကျရောက်နေကာ အမူအရာလည်း ခေတ္တမျှ ဝေဝါးသွားခဲ့ရပေသည်။ မသိမသာသော အခြေအနေကြားမှ မြင်ကွင်းတစ်ခု သူ၏ ဦးနှောက်အတွင်း၌ ပေါ်ထွက်လာခဲ့ပေသည်။ မြေအောက်ထောင်အတွင်း၌ မီးအလင်းရောင်များမှာ လှုပ်ခတ်နေပေသည်။ လီရွှမ်တုမှာမူ ယနေ့အချိန်အထိ မှတ်မိနေဆဲ ဖြစ်သည်မှာမူ ထိုသူသည် ဖြူလျော့နေသော မျက်နှာထားဖြင့် ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်လာစဉ်က သူ၏စိတ်နှလုံးအတွင်းမှ တုန်လှုပ်မှုများပင် ဖြစ်ပေတော့သည်။ သူသည် မိမိ၏ တစ်သက်တာအတွင်း၌၊ မြေကမ္ဘာ၏ ကံကြမ္မာကို ဆုပ်ကိုင်ထားသော နတ်ဘုရားတစ်ပါးအလား မာနကြီးလှသလို အစွမ်းမှာလည်း မိမိထက် အနည်းငယ်မျှ နိမ့်ပါးခြင်းမရှိသော ထို ရန်သူဟောင်းကြီး၌၊ ဤကဲ့သို့သော အားနည်းသည့် တစ်ဖက်ခြမ်း ရှိနေလိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
“လီရွှမ်တု ငါကိုယ်တော်ရဲ့ သက်တမ်းကတော့ သိပ်ပြီး မကျန်တော့ပါဘူး၊ မင်းက ငါကိုယ်တော့်ကို အမြဲတမ်း အလျှော့မပေးခဲ့ဘူးဆိုတာ ငါ သိပါတယ်၊ အခု ငါကိုယ်တော်က မင်းကို ငါ့ကို အနိုင်ယူနိုင်မယ့် နောက်ဆုံးသော အခွင့်အရေး တစ်ခု ပေးပါ့မယ်……” ထိုသူ၏ အသံမှာ မြေအောက်ထောင်အတွင်း၌ ပဲ့တင်ထပ်နေခဲ့ကာ၊ လီရွှမ်တု ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးအထိ ပထမဦးဆုံးအကြိမ် တုန်ခါသွားစေခဲ့ပေသည်။ “ငါကိုယ်တော် ကွယ်လွန်ပြီးနောက်မှာ၊ အနာဂတ်မှာ မင်းဆီကို လာရှာမယ့်သူ တစ်ယောက် သေချာပေါက် ရှိလာလိမ့်မယ်၊ အဲဒီအချိန်ဟာ မင်း ဘေးအန္တရာယ်ကနေ လွတ်မြောက်မယ့် နေ့ပဲ။ ငါကိုယ်တော်ရဲ့ဟန့်တားမှုတွေ မရှိတော့ဘူးဆိုရင်တော့ မဟာထန်တစ်ခုလုံးမှာ မင်းကို ယှဉ်နိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး”
“မင်း အမြဲတမ်း တွေးနေတာကတော့ ထိုစဉ်က မင်းရဲ့အကွက်က တစ်ဆင့်နောက်ကျသွားလို့၊ ဆံချည်မျှင်လေး တစ်မျှင်လောက်ပဲ ကွာခြားသွားလို့သာ၊ နောက်ဆုံးသော အောင်မြင်မှုကို မရရှိခဲ့တာလို့ မင်း ထင်နေတာ ငါ သိပါတယ်။ မင်းက မိမိကိုယ်ကိုယ် ငါကိုယ်တော့်ထက် ပိုပြီးတော့ အရည်အချင်းရှိတဲ့ မဟာထန် ရဲ့ ဆက်ခံသူနဲ့ အုပ်ချုပ်သူ ဖြစ်တယ်လို့ ယူဆထားတာလည်း ငါ သိပါတယ်”
“ငါကိုယ်တော်က မင်းကို အခွင့်အရေး ပေးမယ်၊ မင်းကိုလည်း မသတ်ဘူး။ မင်း ဘေးအန္တရာယ်ကနေ လွတ်မြောက်လာပြီးနောက်မှာတော့ ငါကိုယ်တော် ရွေးချယ်ခဲ့တဲ့ ဆက်ခံသူဆီကို မင်း တိုက်ရိုက်သွားပြီး ရှာနိုင်တယ်၊ အကယ်၍ မင်းက သူ့ထက် ပိုပြီးတော့ အစွမ်းထက်တယ်လို့ ခံစားရတယ်၊ သူ့ထက် ပိုပြီးတော့ မဟာထန်ကို အုပ်ချုပ်ဖို့ သင့်တော်တယ်လို့ ယူဆတယ်ဆိုရင်တော့ သူ့ရဲ့ ဧကရာဇ်ရာထူးကို ဖယ်ရှားပြီးတော့ မင်း သူ့နေရာမှာ အစားထိုးနိုင်ပါတယ်။ ဒါပေမဲ့ အကယ်၍သာ မင်း သူ့ထက် မသာလွန်ဘူးဆိုရင်တော့ ငါကိုယ်တော်ရဲ့နောက်ပိုင်းမှာ ငါကိုယ်တော့်ကိုယ်စား မဟာထန်ကို ထာဝရကာကွယ်ပေးပါ။ ပြီးတော့ မင်းရဲ့အဲဒီစိတ်ကူး(လက်စားချေမဲ့အကြောင်း)တွေကို လုံးဝ စွန့်လွှတ်စေချင်တယ်”
“ဒါက ငါတို့ နှစ်ယောက်ကြားက နောက်ဆုံးသော လောင်းကြေးပဲ ဖြစ်သလို၊ ငါတို့ နှစ်ယောက်ကြားက ရန်ငြိုးတွေကိုလည်း လုံးဝအဆုံးသတ်ပေးနိုင်မယ့် အရာပဲ”
……
သူသည် မည်သို့မျှ ထင်မှတ်မထားခဲ့သည်မှာမူ၊ ဤနောက်ဆုံးသော အားပြိုင်မှုအတွင်း၌လည်း၊ သူသည် ရှုံးနိမ့်သွားခဲ့ပြန်ခြင်းပင် ဖြစ်တော့သည်။ လီထိုက်ယီချန်ထားခဲ့သော ဆက်ခံသူမှာ ငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်ပေသည်။ လီထိုက်ယီကဲ့သို့သော အံ့မခန်းလှသော သိုင်းပညာနှင့် အစွမ်းများလည်း မရှိနိုင်ပေ၊ လီထိုက်ယီ၏ သားမြေးဟူသော ထိုအဆင့်အတန်းနှင့်ပင် မလိုက်ဖက်ဟု ဆိုနိုင်သော်လည်း၊ သူသည် အမှန်တကယ်ပင် အရည်အချင်း ပြည့်ဝလှသော မဟာထန်ဧကရာဇ်ဖြစ်နေခြင်း ဖြစ်ပေသည်။ မဟာထန်မှာမူ သူ၏လက်ထဲ၌ မိမိ၏လက်ထဲ၌ထက် ပို၍စည်ပင်ဝပြောနိုင်လိမ့်မည်ဟု ဆိုလျှင်လည်း ဖြစ်နိုင်ပေသည်။ သူသည် ဧကရာဇ်ရာထူးကို အလိုရှိသော်လည်း သူသည်လည်း လီမျိုးနွယ်စု၏ သားမြေး တစ်ဦးပင် မဟုတ်ပါလား။
“ထားလိုက်ပါတော့” လီရွှမ်တုသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ကာ၊ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလျက် အကြည့်များကို ထပ်မံ၍ မရပ်နားတော့ဘဲ၊ လူတိုင်း၏အကြည့်များအောက်၌ ကိုယ်ကိုလှည့်ကာ အပြင်ဘက်သို့ လျှောက်လှမ်းသွားခဲ့ပေတော့သည်။ ထိုအခိုက်အတန့်၌ သူ၏ နောက်ကျောပြင်မှာမူ ဖော်ပြရန် ခဲယဉ်းလှသော အထီးကျန်မှုများဖြင့် ပြည့်နှက်နေပေသည်။
“ကောင်လေး” ဝမ်ချောင်နှင့် ပခုံးချင်းယှဉ် ဖြတ်ကျော်သွားသည့် အခိုက်အတန့်၌ လီရွှမ်တုသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပေသည်။ နောက်တစ်ခဏ၌ လက်တစ်ဖက်ကို ဆန့်ထုတ်လျက် ဝမ်ချောင်၏ ပုခုံးပေါ်သို့ တစ်ချက် ပုတ်လိုက်ပေသည်။ “လီထိုက်ယီကတော့ မင်းကို တကယ်ကို အထင်မမှားခဲ့ဘူးပဲ” ဝမ်ချောင်သည် များစွာအံ့အားသင့်သွားခဲ့ရကာ အလိုအလျောက်ပင် လီရွှမ်တုကို လှမ်းကြည့်လိုက်သော်လည်း သူ တုံ့ပြန်ရန် အချိန်မရမီမှာပင်….
“ဝုန်း” လီရွှမ်တုက ဝမ်ချောင်၏ပုခုံးပေါ်၌ တင်ထားသော လက်ဝါးမှာ တုန်ခါသွားခဲ့ရကာ၊ ပြင်းထန်လှသော စည်းမျဉ်းစွမ်းအားများ ပါဝင်နေသည့် ကြီးမားလှသော အင်အားတစ်ခုမှာ ဝမ်ချောင်၏ကိုယ်အတွင်းသို့ တိုက်ရိုက်ပင် စီးဝင်သွားခဲ့ပေတော့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ကိုယ်အတွင်း၌ ပြန့်ကျဲနေလျက် မပြည့်စုံသေးသော ဂူကောင်းကင် စည်းမျဉ်းများမှာ ပြင်းထန်လှသော နှိုးဆွမှုကို ခံလိုက်ရသည့်အလား တစ်ပြိုင်တည်း တုန်ခါလာခဲ့ကြပြီး၊ တစ်စုံတစ်ရာသော နိယာမများအတိုင်း ပြန်လည်စနစ်တကျ ဖြစ်သွားခဲ့ကာ စတင်၍တိုးတက်လာခဲ့ပေတော့သည်။ ဤမျှသာမကဘဲ ဝမ်ချောင်၏ ဂူကောင်းကင် စည်းမျဉ်းများမှာမူ မူလက ထိုက်ချန်းဆီမှ လာရောက်ခြင်းဖြစ်ရာ မိမိဘာသာ စနစ်တစ်ခုအဖြစ်သာ တည်ရှိနေခြင်းဖြစ်သော်လည်း၊ လီရွှမ်တု၏ ဤလက်ဝါးတစ်ချက်ပြီးနောက်တွင်မူ ဝမ်ချောင်သည် သူ၏ ကိုယ်အတွင်းရှိ ပြိုကွဲနေသော ဂူကောင်းကင် စည်းမျဉ်းများနှင့် လောကကြားဝယ် ထူးခြားလှသော ဆက်နွယ်မှုတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း ချက်ချင်း ခံစားသိရှိလိုက်ရပေသည်။ ၎င်းမှာ ခြောက်သွေ့နေသော ရေကန်တစ်ခုသည်၊ မြောင်းတစ်ခုမှတစ်ဆင့် အဝေးဆီရှိ မြစ်မင်းသမုဒ္ဒရာနှင့် ဆက်သွယ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရကာ၊ မျက်တောင်တစ်ခတ်အတွင်း၌ အသက်ဝင်လှသော ရေစမ်းကြောင်းတစ်ခုကို ရရှိလိုက်ခြင်းပင် ဖြစ်၏။ ဝမ်ချောင်အနေဖြင့် ဘာမျှ မလုပ်ဆောင်သည့်တိုင်အောင် သူ၏ကိုယ်အတွင်းရှိ ဂူကောင်းကင် စည်းမျဉ်းများမှာမူ အလိုအလျောက်ပင် မြေကမ္ဘာနှင့် ကောင်းကင်ယံကြားမှ စွမ်းအားများကို အဆက်မပြတ် ရယူလျက်၊ ဖြည်းညှင်းစွာ တိုးတက်နေတော့မည် ဖြစ်ပေသည်။
“စီနီယာ” ဝမ်ချောင်၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပေသည်။ သူ မည်မျှပင် တုံ့ပြန်မှု နှေးပါစေ ဤအခိုက်အတန့်၌မူ လီရွှမ်တုသည် မိမိ၏ ကျင့်စဉ်စွမ်းအားများကို မြှင့်တင်ပေးနေခြင်း ဖြစ်သလို ဂူကောင်းကင် စည်းမျဉ်းများအပေါ် နားလည်သိမြင်မှုကိုပါ မြှင့်တင်ပေးနေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့ပေပြီ။
သို့သော်လည်း ဝမ်ချောင်စကားပြောရန် အချိန်မရမီမှာပင် လီရွှမ်တုသည် ဝမ်ချောင်၏ ပုခုံးပေါ်မှ လက်ချောင်းငါးချောင်းကို ပြန်ရုပ်သိမ်းလိုက်ပေသည်။ သူ၏ကိုယ်ထည်မှာ တစ်ချက် လှုပ်ရှားသွားခဲ့ကာ မြေပြင်မှ ဝုန်းခနဲ ထိုးတက်သွားခဲ့ပြီး ဟင်းလင်းပြင် ဗလာနယ်အတွင်းသို့ ခုန်ဝင်လျက် အဝေးဆီသို့ ထွက်ခွာသွားခဲ့ပေတော့သည်။ သူ၏အသံမှာမူ ဝေဝါးစွာဖြင့် အဝေးဆီမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့ပေသည်။
“မင်း ငါကိုယ်တော့်ကို အိမ်ရှေ့စံမင်းသားလို့ အကြိမ်အနည်းငယ် ခေါ်ခဲ့တာကို ထောက်ထားပြီးတော့ ဒါက ငါ မင်းကို ပေးအပ်လိုက်တဲ့ နှုတ်ဆက်လက်ဆောင် အသေးစားလေး တစ်ခုပေါ့”
“မဟာထန်ကိုတော့ မင်းတို့ လက်ထဲကိုပဲ လွှဲပေးခဲ့တော့မယ်၊ ငါ့ကို စိတ်မပျက်စေနဲ့။ ပြီးတော့ လီထိုက်ယီရဲ့ မျှော်လင့်ချက်တွေကိုလည်း အလဟဿ မဖြစ်စေနဲ့ဦး”
သူ၏အသံမဆုံးသေးမီမှာပင် လီရွှမ်တု၏ပုံရိပ်မှာ သေးငယ်လှသော အနက်ရောင် အစက်လေး တစ်စက်အဖြစ် ပြောင်းလဲသွားခဲ့ကာ အဝေးဆီရှိ ဟင်းလင်းပြင် အတွင်း၌ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
ထိုက်ကျိနန်းဆောင်ရှေ့တွင်မူ၊ လီရွှမ်တု၏စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း အမူအရာများ များစွာ မှင်တက်သွားခဲ့ရပေသည်။
“စီနီယာ အရှင် ဘယ်ကို သွားမှာလဲ” အလိုအလျောက်ပင် ဝမ်ချောင်သည် ကိုယ်ကိုလှည့်လျက် လီရွှမ်တု ပျောက်ကွယ်သွားရာ အရပ်ဆီသို့ ကျယ်လောင်စွာ အော်ဟစ် မေးမြန်းလိုက်ပေသည်။
“ငါကိုယ်တော့်မှာ သွားစရာနေရာ ရှိပါတယ်၊ ဒီမဟာထန်ကတော့ ငါနဲ့မကိုက်ညီတော့ဘူး……” လီရွှမ်တု၏အသံမှာ ဝမ်ချောင်၏ နားဘေး၌ ပဲ့တင်ထပ်သွားခဲ့ပြီးနောက် ဤစကားအဆုံးတွင်မူ သူ၏အရှိန်အဝါများမှာ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်းမှ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပေတော့သည်။ ဤအခိုက်အတန့်၌ အဝေးဆီသို့ လှမ်းကြည့်လျက် ဝမ်ချောင်၏အမူအရာမှာ များစွာ နှမြောတသမှုများ ဖြစ်ပေါ်နေခဲ့ရကာ စိတ်ထဲမှလည်း အဆက်မပြတ် ရေရွတ်နေမိပေသည်။ လီရွှမ်တု မှာလည်း ခေတ်တစ်ခေတ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်ကြီးတစ်ဦး ဖြစ်ခဲ့သော်လည်း၊ နှမြောစရာ ကောင်းသည်မှာမူ ဤခေတ်တွင် သူသည် ဇာတ်လိုက်မဟုတ်ခဲ့ခြင်းပင် ဖြစ်တော့သည်။ ဤအတွေးစုံတို့မှာ ဦးနှောက်အတွင်း၌ လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်သည် လျင်မြန်စွာပင် သတိပြန်ဝင်လာခဲ့ကာ မဝေးလှသော နေရာမှ လီဟန်ဆီသို့ လျှောက်လှမ်းသွားခဲ့ပေသည်။ တိုက်ပွဲမှာမူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ဤမုန်တိုင်းကြီးမှာမူ လုံးဝငြိမ်သက်သွားခြင်း မရှိသေးပေ၊ နောက်ထပ် လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာမူ များစွာကျန်ရှိနေသေးပေသည်။
……
အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့လေသည်။ လီရွှမ်တု ထွက်ခွာသွားမှုနှင့်အတူ၊ များပြားလှသော နန်းစောင့်တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကြောင့် မြို့တော်တစ်ခုလုံးမှာလည်း လျင်မြန်စွာပင် ပြန်လည်ငြိမ်သက်သွားခဲ့ရပေသည်၊ တစ်ချိန်တည်းမှာပင် အခြားသော နေရာတစ်ခု၌မူ….လူသားအများစု၏ သာမန် မျက်စိဖြင့် မြင်တွေ့ရန် ခဲယဉ်းလှသော အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံး နေရာ၌မူ၊ ရွှေနက်ရောင်ရှိသော မန္တန်အဆောင်တစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင် အထပ်ထပ်ကို ဖောက်ထွက်လျက်၊ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ဖြတ်ကျော် သွားလာနေပေတော့သည်။
******
အခန်း (၂၁၁၃) ထိတ်လန့်ဖွယ်ကောင်းလှသော ထိုက်စု
ဟင်းလင်းပြင် တည်ဆောက်ပုံမှာ အလွန်တရာ ဆန်းကြယ်လှပေသည်၊ အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာ၌မူ လမ်းပျောက်ရန် အလွန်လွယ်ကူသော်လည်း၊ ထို ရွှေနက်ရောင် အလင်းတန်းမှာမူ တစ်စုံတစ်ရာသော ပုံသဏ္ဌာန်မရှိသည့် စွမ်းအား၏ ဆွဲဆောင်မှုကို ခံထားရသည့်အလား၊ အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့လေသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရဘဲ ဘွတ်ခနဲ အသံတစ်ချက်နှင့်အတူ၊ ထို ရွှေနက်ရောင် အလင်းတန်းမှာ နောက်ဆုံးတွင် ဟင်းလင်းပြင် အထပ်ထပ်ကို ဖောက်ထွက်လျက်၊ ထူးခြားလှသော ဟင်းလင်းပြင် တစ်ခုအတွင်းသို့ တိုးဝင်သွားခဲ့ကာ၊ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက် ဟင်းလင်းပြင် ဗဟိုချက်ရှိ ဖန်သားကဲ့သို့ ကြည်လင်နေသော လေးထောင့်ပုံသဏ္ဌာန် ထူးခြားလှသည့် ဖလားတစ်ခုအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့ပေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဖလားအတွင်းမှ ပြာနှမ်းနှမ်း အလင်းစက်လေးတစ်ခု မြင့်တက်လာခဲ့ကာ မူလက မှောင်မိုက်နေသော ဟင်းလင်းပြင်တစ်ခုလုံးကို တဖြည်းဖြည်း လင်းထိန်သွားစေခဲ့ပေသည်။
ထို ပြာနှမ်းနှမ်း အလင်းတန်းများ၏ အကူအညီဖြင့်၊ အမှောင်ထုအတွင်း၌ ဖြည်းညှင်းစွာ ပေါ်ထွက်လာသော တောင်ကမ်းပါးယံများအလား လှိုင်းတွန့်ပုံသဏ္ဌာန်များကို ဝေဝါးစွာ မြင်တွေ့နိုင်ပေသည်။
“ထိုက်ရှီဒါ မင်းလား”
မျက်တောင်တစ်ခတ်အတွင်းမျှသာ ဖြစ်သော်လည်း၊ ရှည်လျားလှသော ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်အလား၊ နက်နဲဆန်းကြယ်လှသော အသံတစ်ခုမှာ တစ်ဟင်းလင်းပြင်လုံး၌ ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့လေသည်။ “တကယ့်ကို မထင်မှတ်ထားဘူးပဲ၊ နှစ်ပေါင်း ထောင်ဂဏန်းလေးအတွင်းမှာတင် ဒီလောက်အထိ ကြီးမားတဲ့ ကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့ပေါ့။ ထိုက်ချန်း တစ်ယောက်ပဲ ပျက်သုဉ်းသွားတာ မကြာသေးဘူး၊ မင်းကလည်း သူ့နောက်ကို ကပ်လိုက်ပြီးတော့ ဒီနေရာမှာ ပေါ်လာရတာလား”
“ဟွန်း… ထိုက်စု မင်းက ငါ့ကို လာပြီး လှောင်ပြောင်နေတာလား”
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း များမကြာမီမှာပင် ဟင်းလင်းပြင် ဗဟိုချက်ရှိ ဖလားအတွင်းမှ ပြာနှမ်းနှမ်း အလင်းတန်းများမှာ တုန်ခါလာခဲ့ပြီး ထိုက်ရှီ၏ရင်းနှီးလှသောအသံမှာ ဖော်ပြရန် ခဲယဉ်းလှသော နာကျည်းမှုများနှင့်အတူ တစ်ဟင်းလင်းပြင်လုံး၌ ပဲ့တင်ထပ်သွားခဲ့လေသည်။
ဟင်းလင်းပြင် အထပ်ထပ်ကို ဖြတ်ကျော်လျက် ဤနေရာ၌ ပေါ်ထွက်လာသော ထို ရွှေနက်ရောင် အလင်းတန်းမှာမူ၊ အမှန်တကယ်ပင် ထွက်ပြေးလာခဲ့သော ထိုက်ရှီပင် ဖြစ်နေပေတော့သည်။ ဘာကြောင့်လဲတော့ မသိရသော်လည်း၊ သူ၏ ဝိညာဉ်မှာမူ ပျက်သုဉ်းသွားခြင်းမရှိဘဲ ထိုမန္တန်အဆောင်နှင့်အတူ ဤ နက်နဲဆန်းကြယ်လှသော ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်လာနိုင်ခဲ့ခြင်း ဖြစ်၏။
“ထိုက်ရှီ၊ မင်း နားလည်မှု လွဲနေပါပြီ၊ ငါက အဲဒီလို အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ ဒါနဲ့ မင်းကို ဒီလိုမျိုး အခြေအနေအထိ ရောက်အောင် ဘယ်သူက လုပ်လိုက်တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ခန္ဓာကိုယ်က ပြိုလဲပျက်စီးသွားရုံတင် မကဘူး၊ ဝိညာဉ်တောင်မှ ပျက်သုဉ်းလုနီးပါး ဖြစ်သွားရတာကိုး”
“လီထိုက်ယီကလည်း နတ်ရွာစံသွားခဲ့ပြီပဲ၊ ငါ့အနေနဲ့တော့ မင်းရဲ့ ထိုက်အဆင့်အတန်း ဂုဏ်ပုဒ်နဲ့ဆိုရင်၊ မင်းကို ခြိမ်းခြောက်နိုင်မယ့်သူ ဘယ်သူရှိဦးမလဲဆိုတာ တကယ်ပဲ စဉ်းစားလို့ မရနိုင်တော့ဘူး”
ထိုဝေဝါးလှသော အသံနှင့်အတူ၊ တစ်ဟင်းလင်းပြင်လုံး၏ အစွန်းပိုင်း၌၊ ပြာနှမ်းနှမ်း အလင်းစက်လေးများမှာ ပိုးစုန်းကြူးလေးများအလား တစ်ခုပြီးတစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့လေသည်။
ယခုအခိုက်အတန့်၌မူ၊ထိုက်ရှီ၏ ဝိညာဉ် တိုးဝင်လာသော ဤ ဟင်းလင်းပြင်ကို နောက်ဆုံးတွင် ထင်ရှားစွာ မြင်တွေ့လိုက်ရပေပြီ၊ ၎င်းမှာ အမှန်တကယ်တော့ ကျောက်လိုဏ်ဂူကဲ့သို့သော နေရာတစ်ခုပင် ဖြစ်တော့သည်။
မဟုတ်ပေ၊ ကျောက်လိုဏ်ဂူဟု ခေါ်ဆိုရန် မသင့်တော်ပေ၊ အဘယ်ကြောင့်ဆိုသော် ပြာနှမ်းနှမ်း အလင်းတန်းများ လင်းထိန်လာသည့် ခဏ၌၊ ထို လိုဏ်ဂူနံရံများမှာ သက်ရှိတစ်ခုအလား တွန့်လိမ်လှုပ်ရှားလာသောကြောင့် ဖြစ်၏။ အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက၊ ထို လိုဏ်ဂူနံရံများမှာ အမှန်တကယ်တော့ ထူထဲလှသော အသားမျှင်တစ်လွှာ ဖြစ်ကြောင်းကို တွေ့ရှိရပေလိမ့်မည်။
အသားမျှင်များ အချင်းချင်း ဖိသိပ်မှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းတွန့်များမှာမူ၊ အစောပိုင်းက မြင်တွေ့ခဲ့ရသော တောင်ကမ်းပါးယံများအလား ရှိနေခြင်း ဖြစ်ပေသည်၊ အကယ်၍သာ ပိုမိုနီးကပ်စွာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုအသားမျှင်များ၏ မျက်နှာပြင်ပေါ်၌ တုတ်ခိုင်လှသော သွေးကြောများနှင့် အကြောမှတ်များမှာလည်း ပြန့်နှံ့နေသည်ကို တွေ့ရှိရပေလိမ့်မည်၊ သို့သော်လည်း လူသားများ၏ အသားမျှင်များနှင့် မတူညီသည်မှာမူ၊ ဤနေရာရှိ အသားမျှင် အားလုံးမှာ ပြာနှမ်းနှမ်း အရောင်များ ဖြစ်နေခြင်းပင် ဖြစ်၏။
တစ်ဟင်းလင်းပြင်လုံး၏ ဗဟိုချက်၌မူ ထိုက်ရှီ၏ဝိညာဉ်မှာ ထိုလေးထောင့်ပုံသဏ္ဌာန် ဖလားအတွင်း၌ စုစည်းနေပေသည်။
ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရရုံသာမက အသက်ပင်လျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့လုနီးပါး ဖြစ်ခဲ့ရသဖြင့် ထိုက်ရှီ၏ စိတ်နှလုံးအတွင်း၌ ဒေါသနှင့် မအေးမချမ်းဖြစ်မှုများ ပြည့်နှက်နေသော်လည်း၊ ယခုအခါတွင်မူ ထိုက်စု၏ စကားကို ကြားလိုက်ရသည့်အခါတွင်မူ၊ ထိုက်ရှီသည် စကားတစ်ခွန်းမျှပင် မဆိုနိုင်ဘဲ ရှိနေခဲ့ရလေသည်။ မြင့်မြတ်လှသော ထိုက်အဆင့်အတန်းရှိသူ၊ ထျန်း၏ အောက်ခြေရှိ အစွမ်းအထက်ဆုံးသော ပညာရှင်ကြီးများအနက် တစ်ဦးမှာ၊ မမျှော်လင့်ဘဲ အသက်ဆယ်ဂဏန်းကျော်မျှသာ ရှိသေးသော လူသားလူငယ်လေးတစ်ဦး၏ လက်ထဲ၌ ဘဝပျက်ခဲ့ရသည်ဟူသော စကားမျိုးကို သူ အဘယ်သို့ နှုတ်မှ ထုတ်ပြောနိုင်ပါမည်နည်း။
ပိုအရှက်ရစရာ ကောင်းသည်မှာမူ သူသည် လီရွှမ်တုနှင့် ဝမ်ချောင်တို့၏ ပူးပေါင်း အကွက်ဆင်မှုကို ခံခဲ့ရခြင်းပင်ဖြစ်၏။ သေသေချာချာ ပြန်လည် စဉ်းစားကြည့်မည်ဆိုလျှင်မူ၊ ထိုသူနှစ်ဦးမှာမူ “သူတောင်းစားအား လှောင်အိမ်ထဲသို့ ဖိတ်ခေါ်ခြင်း” ဟူသော နည်းလမ်းကို အသုံးချလျက်၊ မိမိအား နန်းတော်အတွင်းသို့ အတင်းအကျပ် လိမ်ညာ ခေါ်ဆောင်ခဲ့ကြခြင်း မဟုတ်ပါလား။
“ဒါတွေကို ဆက်ပြီး မမေးပါနဲ့တော့ ‘ထျန်း’ က ထိုက်ချန်းရဲ့ကိစ္စကို မင်းဆီ လွှဲပေးထားတာ မဟုတ်လား။ မင်း စုံစမ်းလို့ ဘယ်လို အခြေအနေ ရှိပြီလဲ”
ထိုက်ရှီက လျင်မြန်စွာပင် စကားလမ်းကြောင်း လွှဲလျက် မေးမြန်းလိုက်ပေသည်။ “ထိုက်” အဆင့်အတန်းရှိသူ ဆယ့်နှစ်ဦးကြား၌မူ ထိုက်စု၏ စွမ်းဆောင်ရည်မှာမူ များစွာထူးခြားလှပေသည်၊ သူ၏တည်ရှိမှု ပုံစံမှာ အခြားသော မည်သူနှင့်မျှ မတူညီသလို၊ အဖွဲ့အစည်းအတွင်း၌ သူ တာဝန်ယူထားသော နယ်ပယ်မှာလည်း များစွာထူးခြားလှပေသည်။ သတင်းအချက်အလက် စုံစမ်းထောက်လှမ်းခြင်း ဆိုသည်မှာလည်း သူ၏ စွမ်းဆောင်ရည် နယ်ပယ်များအနက် တစ်ခုပင် ဖြစ်၏။
ပတ်ဝန်းကျင်ရှိ အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေသော ထူထဲလှသည့် ဧရာမ အသားမျှင် နံရံကြီးများမှနေ၍၊ အလင်းတန်းများ လှုပ်ခတ်သွားခဲ့ကာ ထိုက်စု၏ အသံမှာ ၎င်းအတွင်းမှ ထွက်ပေါ်လာခဲ့ပေသည်။ သူသည် များစွာသော ကိစ္စရပ်များကို တွေးတောနေခြင်းမျိုး မဟုတ်ဘဲ အသံအတွင်း၌မူ ဆင်ခြင်သုံးသပ်နေဟန် ဝေဝါးစွာ ပါဝင်နေပေသည်။
“ငါကတော့ အဲဒီနေရာကို စုံစမ်းပြီးပါပြီ၊ ထိုက်ချန်းကတော့ လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့ရတာ၊ ဝိညာဉ် အစအနလေး တစ်ခုတောင်မှ ကျန်ရှိမနေခဲ့ဘူး၊ ဒါကြောင့် ငါ့အနေနဲ့ သူ့ကို ကယ်တင်ဖို့ ကြိုးစားချင်ရင်တောင်မှ မတတ်နိုင်တော့ဘူး”
“ဒါ့အပြင် ဧရာမ နေရာကူးပြောင်းခြင်းဂိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှုတွေဟာလည်း၊ ကက်စပီယံပင်လယ်မှာ များစွာသော နှောင့်ယှက်မှုတွေကို ဖြစ်ပေါ်စေခဲ့တာမို့၊ သတင်းအချက်အလက် အတော်များများကတော့ ပျက်စီးသွားခဲ့ရပါပြီ။ ဒါပေမဲ့ ငါကိုယ်တော် ကတော့ အဲဒီကြားထဲကနေ သတင်းအချက်အလက် အချို့ကိုတော့ ရှာဖွေနိုင်ခဲ့ပါတယ်၊ တိုက်ပွဲ မဖြစ်ပွားခင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်အချို့ကို ပြန်လည် မြင်ယောင်အောင် လုပ်နိုင်ခဲ့တာပေါ့”
“ထိုက်ချန်းကို ပျက်သုဉ်းအောင် လုပ်ဆောင်ခဲ့တဲ့ အဓိက လက်သည် တရားခံကတော့ တစ်ပုံစံတည်း တူညီလှတဲ့ အလွန်အမင်း ငယ်ရွယ်တဲ့ လူသား သုံးဦးပဲ။ ဒါပေမဲ့ သူတို့ကို လူသားတွေလို့ ခေါ်ဆိုဖို့ကတော့ သိပ်ပြီးမသင့်တော်လှဘူး ထင်တယ်၊ ဘာကြောင့်လဲဆိုတော့ ငါက သူတို့ရဲ့ ကိုယ်ပေါ်မှာ စည်းမျဉ်း ကိုယ်ထည်ရဲ့ အရှိန်အဝါတွေကို ခံစားမိလို့ပဲ၊ တစ်စုံတစ်ဦးရဲ့ ကိုယ်ပွားတွေ ဖြစ်ပုံရတယ်”
“အဲဒီကိုယ်ပွားသုံးခုဟာ မြေအောက်ထဲကို တိတ်တဆိတ် လျှိုးဝင်သွားခဲ့ကြပြီးတော့ ထိုက်ချန်းက အချိန်နှင့် ဟင်းလင်းပြင် အစီအရင်ကြီးကို ထိန်းချုပ်နေရလို့ အခြားကိစ္စတွေကို ဂရုမစိုက်နိုင်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီးတော့ ငါစုဆောင်းထားတဲ့ စွမ်းအင်ဗဟိုချက်တွေကို နေရာကူးပြောင်းခြင်းဂိတ်ထဲကို ပစ်သွင်းလိုက်ကြတာပါ။ အဲဒီကနေပြီးတော့ ပြင်းထန်လှတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့ပြီးတော့ ထိုက်ချန်းကို အကွက်ဆင်နိုင်ခဲ့ကြတာပေါ့”
“ငါ စုံစမ်းမိသလောက်တော့ အဲဒီကိုယ်ပွား သုံးခုထဲက တစ်ခုက မြေလျှိုးခြင်း အတတ်ပညာမှာ ကျွမ်းကျင်သလို၊ တစ်ခုကတော့ ရေခဲစေနိုင်တဲ့ ရေခဲစွမ်းအားတွေမှာ ကျွမ်းကျင်တယ်။ ကျန်တဲ့အချက်အလက်တွေကတော့ အချိန်နှင့် ဟင်းလင်းပြင် ပေါက်ကွဲမှုရဲ့ အစွမ်းက ပြင်းလွန်းတာကြောင့်၊ ကျန်ရစ်နေတဲ့ သဲလွန်စတွေ အကုန်လုံး ပျက်စီးကုန်ပြီဖြစ်လို့၊ အတိတ်က အချိန်တွေကိုတော့ ပြန်လည် မမြင်ယောင်နိုင်တော့ဘူး”
……
“ဝုမ်း”
ထိုက်ရှီမှာမူ မူလက စကားလမ်းကြောင်း လွှဲလိုသဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း၊ နောက်ဆုံး စကားအနည်းငယ်ကို ကြားလိုက်ရသည့်အခါတွင်မူ သူ၏ဝိညာဉ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ၊ နက်နဲလှသော ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ထွက်လာခဲ့ပေသည်။
“မင်း ဘာပြောလိုက်တယ်။ ကိုယ်ပွား သုံးခု ဟုတ်လား။ သူတို့ ဘယ်လို ပုံစံမျိုး ရှိသလဲဆိုတာ ငါ့ကို ပြစမ်း”
ပတ်ဝန်းကျင်ရှိ ဧရာမ အသားမျှင် နံရံကြီးများအတွင်း၌ ထိုက်စု၏ စိတ်အာရုံမှာ အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ပေသည်။ ထိုက်ရှီ၏ တုံ့ပြန်မှုကြောင့် သူ အနည်းငယ်မျှ အံ့အားသင့်သွားပုံ ရသော်လည်း များမကြာမီမှာပင် ထိုက်စုက တုံ့ပြန်လိုက်ပေသည်။ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ပြာနှမ်းနှမ်း အလင်းစက်လေးများမှာ စုစည်းလာခဲ့ကြပြီး၊ ပြကွက်တစ်ခုအလား၊ ဟင်းလင်းပြင် ဗဟိုချက်ရှိ လေးထောင့်ပုံသဏ္ဌာန် ဖလား ၏ ဆန့်ကျင်ဘက် နေရာ၌၊ ဝေဝါးလှသော ပြာနှမ်းနှမ်း ပုံရိပ်ယောင် နှစ်ခုမှာ ပေါ်ထွက်လာခဲ့ပေတော့သည်။
တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် ထိုက်ရှီ၏မျက်ဝန်းသူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့သွားခဲ့ရကာ နက်နဲလှသော ဒေါသများမှာ စိတ်နှလုံးအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေတော့သည်။
“ယုတ်မာလိုက်တဲ့ကောင်”
ထိုအခိုက်အတန့်၌၊ ထိုက်ရှီ၏ ဝိညာဉ်တစ်ခုလုံးမှာ ဒေါသတကြီးဖြင့် ပေါ်လိုက်ပေတော့သည်။
ဝမ်ချောင်….
ထိုက်ရှီအနေဖြင့် အဘယ်သို့မျှ ထင်မှတ်မထားခဲ့သည်မှာမူ၊ ထိုက်စု စုံစမ်းနေသော ထိုက်ချန်းကို အကွက်ဆင်ခဲ့သူမှာ၊ မမျှော်လင့်ဘဲ မဟာထန် မြို့တော်အတွင်း၌ မိမိ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သော ဝမ်ချောင်၊ သို့မဟုတ် ပျက်သုဉ်းခြင်း၏ သားတော်ပင် ဖြစ်နေခြင်း ဖြစ်ပေတော့သည်
“ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ရှီ၏ဝိညာဉ်တစ်ခုလုံးမှာ အလွန်အမင်း ဒေါသထွက်နေမှုကြောင့် ပြင်းထန်စွာ တုန်ယင်နေခဲ့ရပေသည်။ အဖွဲ့အစည်း အတွင်း၌ အထက်မှနေ၍ လောကသားများကို ငုံ့ကြည့်နေခဲ့သော၊ မြင့်မြတ်လှသော ထိုက် အဆင့်အတန်းရှိ ပညာရှင်ကြီး နှစ်ဦးမှာ၊ မမျှော်လင့်ဘဲ တူညီလှသော လူသားတစ်ဦးတည်း၏ လက်ထဲ၌ ဘဝပျက်ခဲ့ကြရသည်ဆိုခြင်းမှာမူ၊ ၎င်းမှာ သမိုင်းတစ်လျှောက် မရှိဖူးသေးသော အရှက်ရမှု တစ်ခုပင် ဖြစ်ပေတော့သည်။
ဝမ်ချောင်မှာ အရာရာ၏ လက်သည် တရားခံဖြစ်ကြောင်း သိရှိသွားသဖြင့် ထိုက်ရှီဒေါသတကြီး တုန်ယင်နေချိန်၌၊ ပတ်ဝန်းကျင်ရှိ ထူထဲလှသော ပြာနှမ်းနှမ်း အသားမျှင် နံရံကြီးများမှာလည်း အလားတူပင် တုန်ခါလာခဲ့ပေသည်။
“မင်းသူ့ကို သိနေတာလား”
များမကြာမီမှာပင်၊ ဒေါသများကြားမှနေ၍၊ ထိုက်ရှီသည် သူ ကြုံတွေ့ခဲ့ရသမျှ ကိစ္စရပ်များ အားလုံးနှင့် မိမိ၏ ထင်မြင်ယူဆချက်များကိုပါ အစအဆုံး ပြောပြလိုက်ပေသည်၊ ထိုက်ရှီ၏ စကားများကို နားထောင်ပြီးနောက်တွင်မူ ထိုက်စု၏ အသံမှာ အရပ်မျက်နှာအနှံ့မှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံမှာမူ ထိုက်ရှီထက်ပင် များစွာ ပိုမိုတုန်လှုပ်နေပုံ ရပေသည်။
“ထိုက်ချန်းကို သတ်ခဲ့တဲ့သူနဲ့၊ မင်းကို အကွက်ဆင်ခဲ့တဲ့သူက လူတစ်ယောက်တည်း ဖြစ်နေတာလား”
ကက်စပီယံပင်လယ်ကမ်းခြေမှ ထိုက်ချန်း၏ သေဆုံးမှု စုံစမ်းစစ်ဆေးရေးမှာမူ ခေတ္တမျှ အကျပ်အတည်း ဆိုက်နေခဲ့ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်စစ်မြေပြင်လုံး၌ စုစည်းထားသော သောင်းနှင့်ချီသည့် မြောက်ဘက်ပိုင်းမှ လှည့်လည်သွားလာသူ စစ်သည်များ အားလုံးမှာလည်း တိုက်ပွဲအတွင်း၌ တစ်ဦးမကျန် သေဆုံးခဲ့ကြသဖြင့် အသက်ရှင် ကျန်ရစ်သူ မရှိခဲ့သလို၊ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့သဖြင့်၊ ထိုက်စု အနေဖြင့် ထိရောက်သော သတင်းအချက်အလက်များကို များစွာ မရရှိခဲ့သောကြောင့် ဖြစ်၏။ ထို ထူးဆန်းလှသော ကိုယ်ပွား သုံးခုမှာလည်း သဲလွန်စအဖြစ် ယူဆရန် မလုံလောက်ခဲ့သော်လည်း၊ ထိုက်စု အနေဖြင့် အဘယ်သို့ ထင်မှတ်ထားပါမည်နည်း၊ ယခုမှ ခန္ဓာကိုယ် ဆုံးရှုံးခဲ့သော ထိုက်ရှီဆီမှနေ၍ အဖြေကို ရရှိလိမ့်မည်ဟုပင် ဖြစ်တော့သည်။ ထိုက် အဆင့်အတန်းရှိသော ပြိုင်ဘက်ကင်း ပညာရှင်ကြီး နှစ်ဦးမှာ၊ လူသားတစ်ဦးတည်းကြောင့် သေဆုံး ခဲ့ကြရသည်ဆိုခြင်းမှာမူ၊ အမှန်တကယ်ပင် မယုံကြည်နိုင်လောက်သော ကိစ္စပင် ဖြစ်၏
“ထိုက်စု၊ အခုချက်ချင်း ငါ့ကို ကုသပေးစမ်း၊ ပြီးတော့ ငါ့အတွက် နောက်ထပ် ခန္ဓာကိုယ် တစ်ခုကိုလည်း အစားထိုးပေးဦး၊ ငါကိုယ်တိုင်ပဲ အဲဒီ ကောင်ယုတ်ကို သတ်ပစ်ရမယ်”
ထိုက်ရှီ၏ ဒေါသထွက်နေသောအသံမှာ တစ်ဟင်းလင်းပြင်လုံး၌ ပဲ့တင်ထပ်သွားခဲ့လေသည်။ ထိုက်ရှီကဲ့သို့သော ရှည်လျားလှသော အချိန်ကာလတစ်လျှောက် အသက်ရှင်နေခဲ့သည့် ရှေးဟောင်း ပုဂ္ဂိုလ်များအတွက်မူ၊ ဝိညာဉ်သာ မပျက်သုဉ်းသရွေ့တော့ မည်သည့်အခါမျှ သေဆုံးလိမ့်မည် မဟုတ်ပေ။ ထိုက်စု ထိန်းချုပ်ထားသော ဤဟင်းလင်းပြင်မှာမူ အမှန်တကယ်တော့ သူတို့ ပြန်လည်ရှင်သန်လာနိုင်ရန်အတွက် အရေးအကြီးဆုံးသော သော့ချက်ပင် ဖြစ်ပေတော့သည်။ သေဆုံးသွားခဲ့ရသော ထိုက် အဆင့်အတန်းရှိ ပညာရှင် တစ်ဦးချင်းစီ၏ ဝိညာဉ်များမှာမူ၊ ဤနေရာသို့ ရောက်ရှိလာကြကာ ထိုက်စု၏ ကုသမှုကို ခံယူရလေ့ ရှိပေသည်၊ ၎င်းအထဲ၌ နောက်ပိုင်းတွင် ပြုလုပ်မည့် ရှုပ်ထွေးလှသော ပြန်လည် ရှင်သန်ခြင်း အခမ်းအနားများလည်း ပါဝင်နေပေသည်။ ဝိညာဉ်မှာ မည်မျှပင် ပြိုကွဲနေပါစေ၊ ဒဏ်ရာများမှာ မည်မျှပင် ပြင်းထန်နေပါစေ၊ ထိုက်စု ရှိရာ ဤနေရာသို့ ရောက်ရှိလာမည်ဆိုပါက၊ ကုသပေးနိုင်မည့် နည်းလမ်းများမှာ အမြဲတမ်း ရှိနေခြင်းပင် ဖြစ်၏။
တစ်ဆယ့်နှစ်ဦးသော “ထိုက်” အဆင့်အတန်းရှိ ပညာရှင်များကြားအတွင်း၌မူ၊ ထိုက်စု ၏ ကုသရေး စွမ်းဆောင်ရည်မှာမူ အရေးအကြီးဆုံးသော ကဏ္ဍမှ ပါဝင်နေသည်ဟု ဆိုရပေမည်။ ဤသည်မှာ နတ်ဘုရားအဖွဲ့အစည်းတစ်ခုလုံး တည်ရှိနေခြင်း၏ အုတ်မြစ်ဖြစ်သလို၊ ထိုက်ရှီတို့ လူတစ်စုမှ လောကသားများကို ငုံ့ကြည့်လျက်၊ မိမိကိုယ်မိမိ နတ်ဘုရားများဟု ခေါ်ဆိုဝံ့ခြင်း၏ အခြေခံလည်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သာမန်လူသားများမှာ ပျက်သုဉ်းသွားနိုင်သော်လည်း နတ်ဘုရားများမှာမူ လွယ်လင့်တကူ သေဆုံးလိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်တော့သည်။
“အင်း”
ထိုက်စု၏ ဟိန်းထွက်နေသော အသံမှာ တစ်ဟင်းလင်းပြင်လုံး၌ ပဲ့တင်ထပ်သွားခဲ့လေသည်။ “မင်းရဲ့ဒဏ်ရာတွေကတော့ နည်းနည်း ပြင်းထန်နေတယ်၊ ကုသတဲ့ လမ်းစဉ်မှာလည်း အနည်းငယ်တော့ နာကျင်မှုတွေ ရှိနိုင်တာပေါ့။ ပြီးတော့ ခန္ဓာကိုယ် အသစ်နဲ့ ဝိညာဉ်ကြားမှာ တစ်သားတည်း ဖြစ်သွားဖို့အတွက်လည်း အချိန်အတိုင်းအဆ တစ်ခုတော့ လိုအပ်သေးတယ်၊ မင်း အဆင်သင့် ပြင်ထားပါ၊ ကုသရေး လမ်းစဉ် တစ်ခုလုံးကတော့ အနည်းဆုံး တစ်လလောက်တော့ ကြာလိမ့်မယ်”
“ဝုန်း”
ထိုက်စု၏ စကားအဆုံးတွင်၊ မြေကမ္ဘာ တုန်ခါသွားခဲ့ရကာ မူလက မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်း၌၊ ထိုက်ရှီ၏ဝိညာဉ်ကို သိမ်းဆည်းထားသော လေးထောင့်ပုံသဏ္ဌာန် ဖလား ၏ ပတ်ဝန်းကျင်၌၊ ဧရာမ ပြာနှမ်းနှမ်း ရှေးဟောင်း အစီအရင်တစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပေသည်။ အစီအရင်မှာ တစ်ကွင်းပြီးတစ်ကွင်း ရှုပ်ထွေးလှသော ခရုပတ်ပုံစံများအလား ရှိနေခဲ့ကာ၊ နောက်ဆုံးတွင်မူ ဖလားအတွင်းရှိ ထိုက်ရှီ၏ ပြင်းထန်စွာ ဒဏ်ရာရရှိနေသော ဝိညာဉ်ဆီသို့ ဆက်သွယ်သွားခဲ့ပေတော့သည်။
အစီအရင် လင်းထိန်လာသည့် တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ရှေးဟောင်းလှသော ရွတ်ဖတ်သံများ ထွက်ပေါ်လာခဲ့ပေသည်၊ မြေကမ္ဘာနှင့် ကောင်းကင်ယံကိုပါ အမူအရာ ပျက်ယွင်းသွားစေနိုင်သော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းလုံးကြီးများမှာ အစီအရင်၏ ခရုပတ်ပုံစံများအတိုင်း ၎င်းအတွင်း၌ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့ကြပြီး နောက်ဆုံးတွင် ထိုက်ရှီ၏ဝိညာဉ်အတွင်းသို့ ပြင်းထန်စွာ စီးဝင်သွားခဲ့ကြပေတော့သည်။
“အား”
တစ်ခဏအတွင်းမှာပင် ထိုက်ရှီ၏ဝိညာဉ်မှာ တုန်ခါသွားခဲ့ရကာ အလွန်အမင်း နာကျင်လှသော အော်ဟစ်ညည်းတွားသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပေသည်၊ ထိုက်ရှီကဲ့သို့သော ရှေးဟောင်းလှကာ ပြင်းထန်လှသော ပုဂ္ဂိုလ်ကြီးပင်လျှင် ဝိညာဉ်ကို ကုသနေသော ထို ပြင်းထန်လှသည့် နာကျင်မှုများကိုမူ တောင့်ခံနိုင်စွမ်း မရှိခဲ့ပုံရပေသည်။ ထို ပြင်းထန်လှသော နာကျင်မှုများကလည်း ထိုက်ရှီ၏စိတ်ထဲမှ ဝမ်ချောင်အပေါ် နာကျည်းမှုများကို ပိုမို၍သာ ပြင်းထန်လာစေခဲ့ပေသည်။
“သေသင့်တဲ့ကောင် ငါ မင်းကို သတ်မယ်၊ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”
“ထိုက်စု၊ ထိုက်စန်းနဲ့ ထိုက်ကျုံတို့ကို အကြောင်းကြားလိုက်စမ်း၊ အစီအရင်တွေကို အစွမ်းကုန် လှုပ်ရှားစေပြီးတော့ အအေးလှိုင်းတွေကို အရှိန်မြှင့်လိုက်ဖို့၊ ငါ ဒီလောကကြီးရဲ့ အရာရာတိုင်းကို ရေခဲစေချင်ပြီ၊ မဟာထန်တစ်ခုလုံးကိုလည်း ငါ ဖျက်ဆီးပစ်ချင်ပြီ”
ထိုက်ရှီ၏ နာကျည်းမှုများ ပြည့်နှက်နေသော အသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့လေသည်။
“မစိုးရိမ်ပါနဲ့၊ ‘ထျန်း’က သူတို့အားလုံးကို အရှိန်မြှင့်ဖို့အတွက် အမိန့်ပေးထားပြီးပါပြီ၊ အအေးလှိုင်း တွေကို အသုံးချပြီးတော့ သန့်စင်ခြင်း အစီအစဉ်တစ်ခုလုံးကို အမြန်ဆုံး လုပ်ဆောင်ဖို့အတွက်ပေါ့”
ထိုက်စု၏ တည်ငြိမ်လှသော အသံမှာ အရပ်မျက်နှာအနှံ့မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
ထိုက်ရှီမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ၊ သူ၏ ဝိညာဉ်မှာ အကြိမ်အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ပြီးနောက် ရုတ်တရက် ငြိမ်သက်သွားခဲ့ကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ပေတော့သည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာမူ လျင်မြန်စွာပင် ပြန်လည် တိတ်ဆိတ်သွားခဲ့ရလေသည်။ ဧရာမ အစီအရင်ကြီးနှင့် တစ်အသားမျှင် နံရံကြီး တစ်ခုလုံးမှ ပေါက်ကွဲထွက်ပေါ်နေသော အလင်းတန်းများသာ ကျန်ရှိနေခဲ့ကာ တဖျပ်ဖျပ် တောက်ပနေသော အလင်းရောင်များကိုသာ အဆက်မပြတ် ထုတ်လွှတ်နေပေတော့သည်။
တစ်ချိန်တည်းမှာပင် အမြင်အာရုံမှာ တဖြည်းဖြည်း ဝေးကွာသွားခဲ့ကာ၊ အထပ်ထပ်သော အသားမျှင် နံရံကြီးများကို ဖြတ်ကျော်လျက် အဆုံးမရှိသော အမြင့်ပိုင်းဆီသို့ ဦးတည်သွားနေပေသည်။
“ဝုန်း ဝုန်း ဝုန်း”
ရုတ်တရက်ဆိုသလို ပင်လယ်လှိုင်းလုံးကြီးများ၏ဟိန်းဟောက်သံမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့ပေသည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ဤသည်မှာ အမှန်တကယ်တော့ မှောင်မိုက်လှသော ပင်လယ်နက်တစ်ခုအတွင်း၌ ဖြစ်နေခြင်း ဖြစ်ပေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင်မူ အဆုံးမရှိသော ပင်လယ်နက် ရေစီးကြောင်းများ ရှိနေကြကာ ထို ပင်လယ်ရေများ၏ အောက်ခြေ၌မူ ဧရာမ ပုံရိပ်ကြီးတစ်ခု ရှိနေပေသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ရေဂျယ်လီနှင့် များစွာ ဆင်တူသော်လည်း၊ မာကျောလှသော အခွံများ ရှိနေသလို၊ မရေမတွက်နိုင်သော လက်တံများ၊ အလွန်တရာ ရှည်လျားလှကာ ထက်မြက်သော ဦးချိုများနှင့်၊ ကြောက်မက်ဖွယ်ကောင်းလှသော မျက်နှာကြီးလည်း ရှိနေပေသည်၊ ဤသည်မှာ အမှန်တကယ်တော့ ရှေးဟောင်း ပင်လယ်သားရဲကြီးတစ်ကောင်ပင် ဖြစ်နေပေတော့သည်။
ထိုက်ရှီဒဏ်ရာ ကုသနေသော ထိုနက်နဲဆန်းကြယ်လှသော ဟင်းလင်းပြင်မှာမူ၊ အမှန်တကယ်တော့ ဤ ရှေးဟောင်း ပင်လယ်သားရဲကြီး၏ခန္ဓာကိုယ် အတွင်းပိုင်း၌သာ ရှိနေခြင်းပင် ဖြစ်ပေတော့သည်။
******