← Chapters

အခန်း (၂၁၂၀-၂၁၂၂)

Vol. 131 Ch. 2120-2122

အခန်း (၂၁၂၀-၂၁၂၂)

Vol. 131 Ch. 2120-2122

အခန်း (၂၁၂၀) ထိုက်ရှီ၊ ပြန်လည် ပေါ်ထွက်လာခြင်း

“ဟားဟား၊ဝန်ကြီးချုပ် ချင်းလင်က သဘောထား မပြတာက၊ မဟာမိတ် အဖွဲ့အစည်းမှာ သူ့ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပျောက်ဆုံးသွားမှာကို စိုးရိမ်လို့၊ ဒါမှမဟုတ် မဟာထန်ကို အနိုင်ယူဖို့ သေချာမှု မရှိသေးလို့ နေမှာပါ။ အစ်ရှ်ဘာရာ ခါဂန်းကတော့...”

ကောင်းရှန်းသည် စကားပြောရင်း ခေတ္တရပ်သွားကာ၊ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည် -

“သူကတော့ ဝမ်ချောင်ကို တကယ် ကြောက်လန့်သွားတာ ဖြစ်နိုင်တယ်။ အနောက် တာ့ခ် အင်ပါယာရဲ့ ကောင်းကင်ဝံပုလွေ သံချပ်ကာမြင်းတပ်တွေ စစ်ပွဲမှာ သေဆုံးခဲ့ရသလို၊ အဂူဒူလန်ကလည်း ဝမ်ချောင်ရဲ့လက်ထဲမှာပဲ သေဆုံးခဲ့တာလေ။ အရေးအကြီးဆုံးက၊ အနောက် တာ့ခ်ထက် အများကြီး ပိုပြီး အင်အားကြီးတဲ့ အာရပ်တောင် ဝမ်ချောင်ရဲ့ လက်ထဲမှာ ကျရှုံးခဲ့ရတယ်ဆိုတော့၊ အစ်ရှ်ဘာရာ ခါဂန်းက အခုဆိုရင် မြွေကိုက်ခံရဖူးလို့ ကြိုးမြင်ရင်တောင် လန့်နေတဲ့အခြေအနေ ရောက်နေပြီး၊ မဟာထန်ကို အလွန်အမင်း ကြောက်ရွံ့နေတာ သေချာတယ်။ သူ အကြောင်းမပြန်တာက မဟာထန်ကို စိုးရိမ်နေလို့ပဲ”

ကောင်းရှန်းသည် လက်ထဲရှိ ခေါက်ယပ်တောင်ကို အသာအယာ ယပ်ခတ်ရင်း တည်ငြိမ်စွာ ဖြေကြားလိုက်သည်။ စကားအနည်းငယ်မျှဖြင့် အခြားသော ကုန်းတွင်း အင်အားကြီး နိုင်ငံနှစ်ခု၏ စိတ်နေသဘောထားများကို ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် ဖော်ပြလိုက်သည်။

“အကြံပေးကြီး ဒါဆိုရင် ကျွန်တော်တို့ အခု ဘယ်လို ဆက်လုပ်ကြမလဲ”

ဘေးနားရှိ ပိုင်ကျန်ထော်လော့က လူတိုင်း၏ ရင်ထဲရှိ မေးခွန်းကို ကိုယ်စားပြု၍ မေးလိုက်သည်။

သူတော်စင်ဧကရာဇ် ကွယ်လွန်သွားပြီ ဖြစ်သော်လည်း၊ မဟာထန်၏ အင်အားကတော့ အပြည့်အဝ တည်ရှိနေဆဲ ဖြစ်သည်။ ယိုကျိုးတစ်ခုတည်း၏ အင်အားဖြင့် မဟာထန် တစ်ခုလုံးကို ရင်ဆိုင်ရန်မှာ လုံးဝမဖြစ်နိုင်ချေ။ နိုင်ငံ အသီးသီး၏ အင်အားကို အသုံးပြုမှသာ မဟာထန်ကို အောင်မြင်စွာ အနိုင်ယူနိုင်မည် ဖြစ်သည်။

“ကိစ္စမရှိပါဘူး”

ကောင်းရှန်းသည် ယပ်တောင်ကို အသာအယာ ယပ်ခတ်ရင်း အလွန် တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေသည်။

“မဟာထန်ကို ကိုင်တွယ်ဖို့ကိစ္စမှာ ဝန်ကြီးချုပ်ချင်းလင်က ငါတို့ထက်တောင် ပိုပြီး ဆန္ဒပြင်းပြနေတာပါ။ သူက ကိုင်တွယ်ရ ခက်ခဲပေမဲ့၊ ငါတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ကတော့ အလွယ်ကူဆုံး ဖြစ်နေပြန်တယ်။ အနောက် တာ့ခ် အင်ပါယာလို ရှေ့တိုးရမလို နောက်ဆုတ်ရမလို တွေဝေနေတဲ့နိုင်ငံမျိုးကိုတော့၊ အရှင်အနေနဲ့ အားနည်းနည်း စိုက်ထုတ်ရလိမ့်မယ် ထင်တယ်။ ဒါ့အပြင်၊ အသိုက်ပျက်ရင် ဥဘယ်မှာ ကျန်တော့မလဲ ဆိုတဲ့အတိုင်း၊ မဟာ အအေးလှိုင်း ရောက်လာရင် ဘယ်အင်ပါယာမှ ကိုယ့်ကိုယ်ကိုယ် သီးသန့် ကာကွယ်ထားနိုင်မှာ မဟုတ်ဘူး”

“မင်းတို့ အနေနဲ့ အချိန်နည်းနည်းလောက် ထပ်စောင့်ဖို့ပဲ လိုပါတယ်”

ကောင်းရှန်းက အသာအယာ ပြုံးလျက် ဖြေကြားလိုက်သည်။

မြင့်မားလှသော တောင်ကုန်းပေါ်တွင် ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲ၌ များစွာသက်သာရာ ရသွားကြသည်။ အန်းယာလုရှန်းပင်လျှင် မျက်မှောင်ကြုတ်ထားမှုများ အနည်းငယ် ပြေလျော့သွားသည်။ ကောင်းရှန်း၏ တွက်ချက်မှုများအပေါ် သူ အမြဲတမ်း ယုံကြည်လေ့ရှိသည်။

လူတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး စိတ်သက်သာရာ ရနေချိန်တွင် အန်းယာလုရှန်း ၏ နောက်ဘက် မလှမ်းမကမ်းတွင် ရပ်နေသော ထျန်းချန်းစီမှာ တစ်စုံတစ်ရာကို သတိရသွားသည့်အလား မျက်မှောင်ကြုတ်သွားပြီး၊ အနည်းငယ် စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာသည်ကိုမူ မည်သူမျှ သတိမထားမိလိုက်ကြချေ။

“ဘယ်လိုလဲ ထျန်းချန်းစီ ပြောစရာ တစ်ခုခု ရှိနေလို့လား”

ကောင်းရှန်းက ပြုံးလျက် မေးလိုက်ရာ ထျန်းချန်းစီ၏ ပြောင်းလဲသွားသော အမူအရာကို သူ ချက်ချင်း သတိထားမိလိုက်သည်။

ထျန်းချန်းစီ က စကားမပြောဘဲ၊အလိုလိုပင် ခေါင်းမော့ကာ အန်းယာလုရှန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ရာကို စိုးရိမ်နေပုံ ရသည်။

“ပြော”

အန်းယာလုရှန်း က မျက်မှောင်အနည်းငယ် ကြုတ်လျက် ပြောလိုက်သည်။

သူ၏ လက်အောက်ခံ ဗိုလ်ချုပ်များအားလုံး သိထားသင့်သည်မှာ သူသည် လက်အောက်ငယ်သားများ တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းကို လုံးဝ မနှစ်သက်ကြောင်းပင် ဖြစ်သည်။

“အရှင် ကိစ္စတစ်ခု ရှိပါတယ်။ အဲဒါကတော့…… ချန်းကျိုး နဲ့ ယင်းကျိုးတစ်ဝိုက်မှာရှိတဲ့ နန်းတွင်းရဲ့ ခံတပ်ကြီးပါ။ ဒီကာလအတွင်းမှာ သူတို့ အပြင်းအထန် ပြင်ဆင်နေကြလို့၊ အဲဒီဒေသမှာ အခုဆိုရင် စစ်သည်အင်အား သိန်းနဲ့ချီပြီး စုစည်းနေပါပြီ။ မင်းဆရာဝမ်ကျုံးစစ်နဲ့ ထုံလော် ဗိုလ်ချုပ်ကြီးတို့ ကိုယ်တိုင် အဲဒီမှာ တပ်စွဲထားပါတယ်”

“ဒါ့အပြင် မကြာသေးခင်ကပဲ သူတို့က လက်မှုပညာရှင် ထောင်နဲ့ချီပြီး ခံတပ်ထဲကို ထပ်ခေါ်ထားပါသေးတယ်။ လက်မှုပညာရှင် အားလုံးက နေ့ရောညပါ အလုပ်လုပ်နေကြပြီး၊ ကာကွယ်ရေး အဆောက်အအုံ မျိုးစုံကလည်း ပိုပိုပြီး ပြည့်စုံလာနေပါပြီ။ ဒီအတိုင်းဆိုရင် ကျွန်တော်တို့အတွက် အရမ်းကို အခြေအနေ မကောင်းဖြစ်လာနိုင်ပါတယ်”

ထျန်းချန်းစီက ခေါင်းငုံ့ကာ လေးနက်သော အသံဖြင့် လျှောက်တင်လိုက်သည်။

ထျန်းချန်းစီ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး၏ လေထုမှာ ရုတ်တရက် ပြောင်းလဲသွားကာ အလွန်အမင်း လေးလံသွားတော့သည်။ ဗိုလ်ချုပ်များအားလုံး မျက်မှောင်ကြုတ်သွားကြပြီး၊ ကောင်းရှန်း ပင်လျှင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

ခံတပ်ကြီး

အရှေ့မြောက်ပိုင်း ချန်းကျိုးနှင့်ယင်းကျိုး တစ်ဝိုက်တွင် ဝမ်ချောင် တည်ဆောက်ထားသော စစ်စခန်းကို အပြင်ပန်းတွင် ရှေ့တန်းစစ်စခန်းဟု ခေါ်ဆိုသော်လည်း၊ ယိုကျိုး ဘက်မှမူ ၎င်းကို "ခံတပ်ကြီး" ဟု ခေါ်ဆိုရန် အသားကျနေပြီ ဖြစ်သည်။

အကြောင်းမှာ ထိုနေရာ၏ လုံခြုံရေး အစီအမံများမှာ "ရှေ့တန်းစစ်စခန်း" ဟူသော စကားလုံး အနည်းငယ်ဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ခိုင်မာလွန်းနေသောကြောင့် ဖြစ်သည်။ ထိုစခန်းမှာ အမြင့်ဆုံး အဆင့်အထိ သတိဝီရိယထားပြီး ကာကွယ်ထားသော ခံတပ်ကြီး တစ်ခု အတိအကျပင် ဖြစ်နေသည်။

“ဒီလောက်တင် မကဘူး၊ အဲဒီဘက်မှာ နန်းတွင်းရဲ့ အင်အားတွေက ပိုပိုပြီး ကြီးမားလာနေတယ်။ သူတို့သာ ဆန္ဒရှိမယ်ဆိုရင် အချိန်မရွေး ကျွန်တော်တို့ ယိုကျိုးထဲကို ဝင်တိုက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်”

ထိုအချိန်မှာပင် အခြားအသံတစ်ခု ထွက်ပေါ်လာသည်။ မဝေးလှသော နေရာရှိ ထျန်းချန်ကျန်းကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။ သူ၏အသံထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။

တောင်ဘက် မလှမ်းမကမ်းတွင် ရှိနေသော ထိုခံတပ်ကြီး၏ တည်ရှိမှုကို လူတိုင်း သိရှိထားကြပြီး၊ ၎င်းမှာ ယိုကျိုးမှ လူအားလုံးကို အိပ်မပျော် စားမဝင် ဖြစ်စေသော အရာတစ်ခုပင် ဖြစ်သည်။

ယခင်က ယိုကျိုးမှ လူအားလုံး အတူတကွ တိုင်ပင် ဆွေးနွေးခဲ့ကြဖူးသည်။ ယိုကျိုး၏ မြေမျက်နှာသွင်ပြင်မှာ အထူးခြားဆုံး ဖြစ်ပြီး၊ ၎င်းတို့တွင် မြင်းတပ်များသာ ရှိသဖြင့် ရှေ့သို့တက်၍ တိုက်ခိုက်နိုင်သလို၊ နောက်ဆုတ်၍ ကာကွယ်ရာတွင်လည်း အားသာချက် ရှိသည်။

ထို့ပြင် မြင်းတပ်များ၏ လျင်မြန်သော ရွေ့လျားနိုင်မှုကို အသုံးချ၍၊ ယိုကျိုး ၏ စစ်သည်များက သံချပ်ကာမြင်းတပ်များဖြင့် တဟုန်ထိုး ချီတက်ကာ မိုင်ထောင်ချီ အကွာအဝေးကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။ အလယ်ပိုင်းဒေသ တစ်ခွင်လုံးကို လွတ်လပ်စွာ ဝင်မွှေနိုင်ပြီး မြို့တော်ကိုပါ ခြိမ်းခြောက်နိုင်သည်။ ထို့ပြင် မည်သူမျှ သူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။ ဤနည်းအားဖြင့် လောကတစ်ခွင်ကို အမြင့်ဆုံး အတိုင်းအတာအထိ ခြိမ်းခြောက်နိုင်ပြီး၊ လူတိုင်းကို အထိတ်တလန့် ဖြစ်စေနိုင်သည်။

လက်ရှိ အချိန်တွင် မဟာထန် မှာ အလွန် စည်းလုံးလွန်းနေသည်။ လူတိုင်း အထိတ်တလန့် ဖြစ်ပြီး အချင်းချင်း သံသယ ဝင်နေမှသာ ယိုကျိုး အတွက် အခွင့်အရေး ရနိုင်မည် ဖြစ်သည်။

သို့သော် ဝမ်ချောင်၏ စစ်ကြေညာစာတစ်စောင် ထွက်ပေါ်လာပြီးနောက်၊ ရုတ်တရက် ပေါ်ထွက်လာသော အကြံအစည်တစ်ခုအရ ယိုကျိုးနှင့် မဝေးလှသော နေရာတွင် စစ်စခန်းတစ်ခု၊ ခံတပ်ကြီး တစ်ခုကို တည်ဆောက်လိုက်သည်။ ဤခံတပ်ကြီးမှာ ယိုကျိုးနှင့် အလယ်ပိုင်းဒေသ ကြားရှိ လည်ပင်းပေါက်ကို သံချောင်း တစ်ချောင်းဖြင့် ထိုးစိုက်ထားသကဲ့သို့ ဖြစ်သွားပြီး၊ ယိုကျိုးမှ လူများ၏ အကြံအစည် အာလုံးကို ရေစုန်မျောသွားစေခဲ့သည်။

ယိုကျိုး၏ စစ်သည်များ အလယ်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လိုပါက ချန်းကျိုးနှင့် ယင်းကျိုးတစ်ဝိုက်ကို သေချာပေါက် ဖြတ်သန်းရမည် ဖြစ်သည်။ ထို့ပြင် မဟာထန်၏ တိုက်ခိုက်မှုကိုလည်း ခုခံရဦးမည်ဖြစ်ရာ၊ နေရာတိုင်းတွင် အဟန့်အတားများ၊ ကန့်သတ်ချက်များနှင့် ပြည့်နှက်သွားပြီး၊ ချက်ချင်းဆိုသလို ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ဝမ်ချောင် ၏ သေးငယ်သော ဗျူဟာ တစ်ခုကပင် ယိုကျိုး မှ လူအားလုံးကို အလွန်အမင်း အကျပ်ရိုက်စေခဲ့သည်။

“ခွေးကောင်”

မြို့တော် အတွင်းရှိ ထိုလူငယ် မင်းသားကို သတိရသွားသည့်အခါ၊ အန်းယာလုရှန်းမှာ အလိုအလျောက်ပင် လက်သီးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိပြီး လက်ဆစ်များပင် ခရက်ခနဲ အသံထွက်လာသည်အထိ ဖြစ်သွားကာ ရင်ထဲတွင် အလွန်အမင်း နာကျည်း ဒေါသထွက်သွားတော့သည်။

မည်သည့်အချိန်တွင်မဆို မြို့တော် အတွင်းရှိ ထိုသူမှာ သူ၏ အကြီးမားဆုံး ရန်သူပင် ဖြစ်သည်။

ဤကာလအတွင်း သူနှင့် ကောင်းရှန်း တို့သည် နည်းလမ်းမျိုးစုံကို တွေးတောခဲ့ကြပြီး အနှောင့်အယှက်ပေးခြင်း၊ စိမ့်ဝင်ထိုးဖောက်ခြင်း အပါအဝင် အားလုံး လုပ်ဆောင်ခဲ့သော်လည်း အားလုံးမှာ အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

ဉာဏ်ပညာအရ ကြည့်မည်ဆိုလျှင်၊ မြို့တော် အတွင်းရှိ ထိုသူ၏ဉာဏ်ပညာမှာ ကောင်းရှန်းထက် လုံးဝ မနိမ့်ကျချေ။

အန်းယာလုရှန်းသည် ကောင်းရှန်း၏ စွမ်းဆောင်ရည်အပေါ် အလွန်အမင်း ယုံကြည်သော်လည်း၊ လောကတစ်ခွင် အသိအမှတ်ပြုထားသော "စစ်နတ်ဘုရား" ဝမ်ချောင်၏ ရှေ့မှောက်တွင်မူ ကောင်းရှန်း အနေဖြင့် အသာစီးရနိုင်မည်ဟု အာမမခံရဲချေ။

ထို့ပြင် ရှေ့တန်းစစ်စခန်းတွင် တပ်စွဲထားသော ထိုမင်းဆရာဝမ်ကျုံးစစ်မှာ တိုက်ခိုက်ရာတွင်ဖြစ်စေ၊ ကာကွယ်ရာတွင်ဖြစ်စေ အလွန်တည်ငြိမ်ပြီး အမှားအယွင်း မရှိလှသဖြင့်၊ အန်းယာလုရှန်းမှာ အင်အား မည်မျှပင် ရှိစေကာမူ များစွာ စိုးရိမ်ပူပန်နေရပြီး အလွယ်တကူ မလှုပ်ရှားရဲအောင် ဖြစ်နေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး၏ လေထုမှာ အလွန်အမင်း ဖိနှိပ်မှု ရှိနေသည်။

ဝမ်ချောင် တည်ဆောက်ထားသော ထိုရှေ့တန်းခံတပ်ကြီးနှင့် ပတ်သက်၍ ယခုအချိန်အထိ မည်သူကမျှ အဖြေရှာမတွေ့သေးချေ။

“ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်……”

ထျန်းချန်းစီက အနည်းငယ် တွန့်ဆုတ်သွားပြီးနောက် ဆက်ပြောသည် -

“မဟာထန်က လွန်ခဲ့တဲ့ အချိန်ကာလကစပြီး စစ်သည်တွေ စုဆောင်းနေတာ အခုဆိုရင် အင်အား တစ်သန်းလောက် ရှိနေပါပြီ။ ဒါ့အပြင် စစ်သည်တွေရဲ့ အရည်အသွေးကလည်း ကျွန်တော်တို့ ထင်ထားတာထက် အများကြီး သာလွန်နေပါတယ်။ ရှင်ဝူတပ်၊ ရှင်ယုတပ်၊ ရွှမ်းဝူတပ်၊ မိုဓားရှည်တပ်…… ထိပ်တန်း တပ်ဖွဲ့တွေ အားလုံးက အင်အားတွေ ချဲ့ထွင်နေကြပါတယ်။ ပြီးတော့ ပြည်သူတွေကြားမှာလည်း စစ်ထဲဝင်ချင်တဲ့ စိတ်ဆန္ဒတွေက အလွန် မြင့်မားနေပြီး၊ အခုချိန်ထိဆိုရင် အရပ်သားသိုင်းအကျော်အမော်တွေ အားလုံးက တက်ကြွစွာ ပါဝင်နေကြလို့ အရေအတွက်က တိုးလာဖို့ပဲရှိပြီး လျော့သွားဖို့ မရှိပါဘူး”

“ဒါ့အပြင် မဟာထန်ရဲ့ဓားသွန်းလုပ်တဲ့ မိသားစုတွေ အားလုံးကလည်း စွမ်းအား အပြည့်သုံးပြီး နေ့ရောညပါ အနားမယူဘဲ လက်နက်မျိုးစုံ၊ သံချပ်ကာတွေနဲ့ လေးစက်တွေကို သွန်းလုပ်နေကြပါတယ်။ မဟာထန်ရဲ့လက်ရှိစစ်သည်အင်အားက ကျွန်တော်တို့ထက် နှစ်ဆကျော် များနေပါပြီ။ နောက်ပိုင်းကျရင် အရေအတွက်က ဒီထက်ပိုပြီး များလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်”

ထျန်းချန်းစီသည် သူ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကို နောက်ဆုံးတွင် ထုတ်ဖော် ပြောကြားလိုက်သည်။ ယိုကျိုးတွင် စစ်သည်အင်အားများ အကြီးအကျယ် တိုးချဲ့ကာ တက်ကြွစွာ ပြင်ဆင်နေသော်လည်း၊ မဟာထန်ဘက်မှလည်း လုံးဝအထင်သေး၍ မရနိုင်ချေ။

ထို့ပြင် လက်ရှိ မဟာထန်မှာ ယခင်ကနှင့် လုံးဝ မတူညီတော့ချေ။

မဟာထန်သည် သမိုင်းတစ်လျှောက်လုံးတွင်၊ အထူးသဖြင့် သူတော်စင်ဧကရာဇ် လက်ထက်တွင် "စစ်သည်များရာထက်၊ အရည်အသွေး ကောင်းမွန်ရန်က ပိုအရေးကြီးသည်" ဟူသော မူဝါဒကို အမြဲ ကျင့်သုံးခဲ့သဖြင့်၊ မဟာထန်၏ စစ်သည်အင်အားမှာ နန်းတွင်းကိုယ်ရံတော်များ အပါအဝင် သိန်းခြောက်ဆယ်ထက် မည်သည့်အခါမျှ မကျော်လွန်ခဲ့ချေ။

ထိုသို့သော စစ်ရေး မူဝါဒကြောင့် ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးနှင့် နိုင်ငံတော်၏ စွမ်းအင် ဆုံးရှုံးမှုကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်ခဲ့သော်လည်း၊ အစောင့်အရှောက် နယ်မြေအသီးသီးမှ ခံစားရသော ဖိအားများကိုမူ အမြင့်ဆုံးသို့ ရောက်ရှိသွားစေခဲ့သည်။

ထို့ကြောင့် မဟာထန်၏ စစ်ရေးစွမ်းရည်မှာ နောက်ပိုင်းကာလများတွင် ခံစစ်၌ အားသာသော်လည်း ထိုးစစ်၌ အားနည်းနေခဲ့သည်။

အကယ်၍ သူတော်စင်ဧကရာဇ် ၏ လက်အောက်တွင်သာ ဆက်လက် ရှိနေဦးမည်ဆိုလျှင်၊ ယိုကျိုး၏ လက်ရှိစစ်သည်အင်အားဖြင့် အလယ်ပိုင်းဒေသကို ခြိမ်းခြောက်ရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ယခုအခါ ဧကရာဇ်အသစ် နန်းတက်လာပြီ ဖြစ်ပြီး၊ ဝမ်ချောင်သည်လည်း ဧကရာဇ်ကို နန်းတင်ပေးခဲ့သော အမတ်အဖြစ်၊ လူတစ်ယောက်၏အောက်(ဧကရာဇ်)၊ လူသန်းပေါင်းများစွာ၏အထက်တွင် ရပ်တည်လျက် မဟာထန်၏ စစ်တပ်အားလုံးကို အပြည့်အဝ ထိန်းချုပ်ထားပြီ ဖြစ်သည်။

ဝမ်ချောင် အာဏာရလာသည်နှင့် တစ်ပြိုင်နက်၊ သူတော်စင်ဧကရာဇ် ခေတ်၏ စစ်ရေး မူဝါဒများကို လုံးဝ ပြောင်းလဲပစ်ခဲ့သည်။

သူ၏ လက်အောက်တွင် မဟာထန်သည် စစ်သည်အင်အားကို အကန့်အသတ်မရှိ တိုးချဲ့ခဲ့သည်။ အာရပ်ကို အနိုင်ယူခဲ့စဉ်က ရရှိခဲ့သော ကြီးမားလှသည့် ဓနအင်အားနှင့် ဝမ်ချောင်၏ အရှုံးမရှိသော ကိုယ်ပိုင်ဂုဏ်သတင်းတို့ကြောင့်၊ စစ်သည်အင်အားမှာ အလွယ်တကူပင် တစ်သန်းကျော်သွားခဲ့ပြီး လုံးဝရပ်တန့်သွားမည့် အရိပ်အယောင် မရှိချေ။

ဤမျှကြီးမားသော အတိုင်းအတာ ရှိသည့်၊ စစ်သည်တိုင်းကို သွားများအထိ လက်နက် တပ်ဆင်ပေးထားသော စစ်တပ်ကြီးမျိုးမှာ မဟာထန်၏ သမိုင်းတစ်လျှောက်လုံးတွင် တစ်ခါမှ မရှိခဲ့ဖူးချေ။

မြို့ကို ဖိကြိတ် ဖျက်ဆီးတော့မည့်အလား မည်းမှောင်နေသော မိုးတိမ်ကြီးများ အလားပါပေ။

ဝမ်ချောင်တစ်ယောက်တည်းက ယိုကျိုး မှ လူများအပေါ် သက်ရောက်စေသော ဖိအားမှာ ကြီးမားသော အင်ပါယာကြီး တစ်ခုလုံးထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။

ဝမ်ချောင်၏ စစ်တပ်များ မရောက်လာသေးသော်လည်း၊ ယိုကျိုး၏လေထုမှာမူ အလွန်အမင်း တင်းမာနေပြီ ဖြစ်သည်။ ယိုကျိုး၏ အထက်အောက် လူအားလုံးက အခြားနိုင်ငံများနှင့် အမြန်ဆုံး ဆက်သွယ်ကာ အင်အားတိုးချဲ့လိုနေခြင်းမှာလည်း ဤအကြောင်းကြောင့်ပင် ဖြစ်သည်။

လောကတစ်ခွင် အသိအမှတ်ပြုထားသော ထို "စစ်နတ်ဘုရား" ကို မည်သူကမျှ အထင်သေးရဲခြင်း မရှိချေ။

ပတ်ဝန်းကျင်ရှိ လူအားလုံးသည်လည်း ထျန်းချန်းစီ၏စကားကို ကြားလိုက်ရသောအခါ မျက်နှာများ ပျက်ယွင်းသွားကြသည်။

စစ်သည်တစ်သန်းတည်းဆိုလျှင် နိုင်ငံအားလုံး၏အင်အားကို ပေါင်းစည်းကာ ရင်ဆိုင်နိုင်ကောင်း ရင်ဆိုင်နိုင်မည် ဖြစ်သော်လည်း၊ အကယ်၍ ဆက်လက်၍သာ တိုးပွားနေဦးမည် ဆိုပါက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပြီး၊ ယိုကျိုးမှ ခံနိုင်ရည်ရှိသော စစ်သည်အင်အား ပမာဏထက် များစွာ ကျော်လွန်သွားပေလိမ့်မည်။

ခဏတာမျှ အချိန်အတွင်း လူတိုင်း၏ ရင်ထဲ၌ အလွန်အမင်း လေးလံသွားကြသည်။

“အရှင် ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့အတွက် အရမ်းကို အခြေအနေ မကောင်းဖြစ်လာနိုင်တယ်”

ကျောက်ကန်း၊ ပိုင်ကျန်ထော်လော့နှင့် အခြားသူများကလည်း မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ဝင်ရောက် ပြောဆိုလိုက်ကြသည်။

အန်းယာလုရှန်းသည် စကားတစ်ခွန်းမျှ မဆိုဘဲ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

မြို့တော် အတွင်းရှိ ထိုသူမှာ အမြဲတမ်း ယိုကျိုး ၏ အကြီးမားဆုံး ရန်သူပင် ဖြစ်သည်။

“ဟွန်း အရည်အချင်းမရှိတဲ့ ကောင်တွေ… ဝမ်ချောင် လေး တစ်ယောက်တည်းက ခံတပ်လေး တစ်ခု ဆောက်လိုက်တာနဲ့တင် မင်းတို့တွေ ဒီလောက်တောင် ကြောက်လန့်သွားကြပြီလား”

ထိုအချိန်မှာပင် မည်သည့် အရိပ်အယောင်မျှ မရှိဘဲ အန်းယာလုရှန်း၏ ရင်ခွင်ထဲမှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံမှာ အေးစက်နေပြီး အရာရာကို အထက်စီးမှ ကြည့်ကာ၊ သက်ရှိများကို ပုရွက်ဆိတ်လေးများအလား အထင်သေးသော အငွေ့အသက်များ ပါဝင်နေသည်။

အခြားသူများအားလုံး အံ့အားသင့်သွားကြပြီး အခြေအနေကို နားမလည်နိုင်သေးခင်မှာပင်၊ အန်းယာလုရှန်း၏ မျက်နှာပေါ်တွင်မူ အလွန်အမင်း ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

“ထိုက်ရှီ”

နောက်တစ်ခဏ၌ လူတိုင်း၏ မျက်စိရှေ့တွင်ပင် တရှူးရှူး အသံများနှင့်အတူ အန်းယာလုရှန်း ၏ ရင်ခွင်ထဲမှ ပြင်းထန်သော မီးခိုးမည်းများ ပန်းထွက်လာသည်။

အန်းယာလုရှန်းသည် တစ်စုံတစ်ရာကို သတိရသွားကာ သူ၏ လက်ကို ရင်ခွင်ထဲသို့ လျင်မြန်စွာ နှိုက်လိုက်ပြီး လက်သီးဆုပ်ခန့် အရွယ်အစားရှိသော အနက်ရောင် ဦးခေါင်းခွံ အရိုးပုလွေတစ်ခုကို ထုတ်ယူလိုက်သည်။

ဤသည်မှာ လိုအပ်သည့်အချိန်တွင် ဆက်သွယ်နိုင်ရန် ထိုက်ရှီက သူ့အတွက် အထူးချန်ထားရစ်ခဲ့သော ပစ္စည်းဖြစ်သည်။ သို့သော် ထိုက်ရှီတစ်ဦးတည်းသာ သူ့ကို ဆက်သွယ်နိုင်ပြီး အန်းယာလုရှန်းကမူ ထိုက်ရှီကို အရင် ဆက်သွယ်၍ မရနိုင်ချေ။

“ဝုန်း”

ခဏတာမျှ အချိန်အတွင်း အနက်ရောင် ဦးခေါင်းခွံ အရိုးပုလွေထဲမှ မီးခိုးမည်းများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ လေထဲတွင် လွင့်မျောနေပြီး အလွယ်တကူ မပျောက်ကွယ်သွားချေ။ များမကြာမီမှာပင် ထိုမီးခိုးမည်းများ စုစည်းသွားကာ ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသူမှာ ထိုက်ရှီပင် ဖြစ်သည်။

သို့သော် အန်းယာလုရှန်း၏ မှတ်ဉာဏ်ထဲရှိ ပုံစံနှင့် ယှဉ်ကြည့်လျှင်၊ မျက်စိရှေ့ရှိ ထိုက်ရှီ၏ ပုံရိပ်ယောင်မှာ အနည်းငယ် ကွဲပြားနေပုံရသည်။ ထို့ပြင် မီးခိုးမည်းများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်၏ ဝမ်းဗိုက်အလယ်ဗဟိုတွင် အပြာရောင် အလင်းတန်းလေး တစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး၊ ကြည့်ရသည်မှာ အလွန်အမင်း ထူးဆန်းလှသည်။

သို့သော် ပုံရိပ်ယောင်ထံမှ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ၊ အန်းယာလုရှန်း၏ စိတ်ဓာတ်များ အကြီးအကျယ် တက်ကြွသွားကာ မူလက တင်းကျပ်နေသော မျက်မှောင်များလည်း အတော်လေး ပြေလျော့သွားတော့သည်။

******

အခန်း (၂၁၂၁) ကြိုတင် စစ်ထွက်ခြင်း

“ထိုက်ရှီ၊ တကယ်ပဲ ခင်ဗျားလား။ ခင်ဗျား ဘာမှမဖြစ်ဘူးဆိုတာ သိရတာ တကယ်ကို ဝမ်းသာစရာပဲ”

မြေအောက်ထောင်ဖြစ်ရပ်နှင့် နန်းတော်အတွင်းမှ ကြီးမားလှသော လှုပ်ရှားမှုများက လူအတော်များများကို တုန်လှုပ်စေခဲ့သည်။ ၎င်းတွင် အန်းယာလုရှန်းမြို့တော်၌ ထားရစ်ခဲ့သော သူလျှိုများလည်း ပါဝင်သည်။ အထူးသဖြင့် ထိုက်ရှီမှာ မြို့တော်၏ ကောင်းကင်ယံ၌ “အသတ်ခံလိုက်ရသည်” ဟူသော သတင်းမှာ ယိုကျိုးမှ လူများအတွက်မူ ကြီးမားလှသော ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့သည်။

ထိုက်ရှီသည် လူတိုင်းနှင့် ဆက်ဆံရာတွင် အမြဲတမ်း အထက်စီးမှ ရပ်တည်ကာ လူအများအပေါ် အထင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုများကို လုံးဝမဖုံးကွယ်ခဲ့သော်လည်း၊ သူ၏ ကြီးမားလှသော ကျင့်စဉ်စွမ်းအားနှင့် သူပိုင်ဆိုင်ထားသော ရင်းမြစ်များမှာ ယိုကျိုး မှ လူများအတွက်မူ နောက်ကွယ်မှ အကြီးမားဆုံးသော အားကိုးရာပင် ဖြစ်သည်။

ရွှေစင်တုံးများ တစ်ခုတည်းကိုပင် ထိုက်ရှီသည် အနည်းဆုံး ငွေစင်သန်းပေါင်း ရာနှင့်ချီ၍ ထောက်ပံ့ပေးခဲ့သည်။ ဤပမာဏမှာ အနီးပတ်ဝန်းကျင်ရှိ နိုင်ငံများအတွက်ပင်လျှင် ကြီးမားလွန်းလှသော ကိန်းဂဏန်းတစ်ခု ဖြစ်ကာ၊ ဤမျှ များပြားလှသော ဓနအင်အားကြောင့်သာလျှင် အန်းယာလုရှန်းသည် စစ်သည်အင်အားကို အကန့်အသတ်မရှိ တိုးချဲ့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အန်းယာလုရှန်း၏လက်ထဲတွင် အင်အားအကောင်းဆုံးဖြစ်သော ရွဲလော့ဟယ် စစ်တပ်ကြီးကိုလည်း ထိုက်ရှီကပင် ကိုယ်တိုင်ကိုယ်ကျ ကူညီတည်ဆောက်ပေးခဲ့သည် မဟုတ်ပါလော။

“ဟွန်း…ငါ သေသွားမယ်လို့ မင်းတို့ ထင်နေကြတာလား”

ထိုက်ရှီက နှာခေါင်းရှုံ့လျက် အေးစက်စွာ ဆိုလိုက်ရာ၊ သူ၏ အသံထဲတွင် မကျေနပ်မှုများ အပြည့်အဝ ပါဝင်နေသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ စိတ်ထဲမှ တုန်လှုပ်သွားကြကာ တစ်ဦးပြီးတစ်ဦး ခေါင်းငုံ့လိုက်ကြတော့သည်။

“ဟားဟား ဘယ်ကသာ အရှင် ဘာမှမဖြစ်ရင်ကိုပဲ တော်ပါပြီ၊ တော်ပါပြီ”

အန်းယာလုရှန်းကမူ များစွာ ဂရုမစိုက်ဘဲ အသံကုန် ရယ်မောလိုက်သည်။

“ပြဿနာ နည်းနည်းတော့ ရှိခဲ့တယ်။ အဲဒီကောင်လေးရဲ့ အကွက်ဆင်တာကို ခံလိုက်ရတာ။ ဒါပေမဲ့ နောက်တစ်ကြိမ်တော့ မရှိတော့ဘူး။ ငါ နောက်ထပ် ခန္ဓာကိုယ်တစ်ခုနဲ့ ပြန်ပြီး ပေါ်လာတဲ့အခါကျရင်၊ အဲဒီကောင်လေးကို သေချာပေါက် အပိုင်းပိုင်း မွှန်းပစ်မယ်”

ထိုက်ရှီက နာကျည်းစွာ ဆိုလိုက်သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း ထိုစကားကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ တုန်လှုပ်သွားကြသည်။ ကောင်းရှန်းပင်လျှင် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ ပြောမပြတတ်သော ထူးဆန်းမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။

ထိုက်ရှီ၏ စကားအရကြည့်မည်ဆိုပါက၊ လွန်ခဲ့သော ရက်အနည်းငယ်က နန်းတော်အတွင်း၌ လူတိုင်း မြင်တွေ့ခဲ့ရသော အပြောင်းအလဲမှာ အမှန်တကယ်ပင် ဖြစ်ပေသည်။ သူသည် ဝမ်ချောင်၏လက်ချက်ဖြင့် “အသတ်ခံခဲ့ရ” သည်မှာ မှန်သော်လည်း၊ တစ်စုံတစ်ရာသော အကြောင်းကြောင့် ထိုက်ရှီမှာ သေဆုံးခြင်း မရှိခဲ့ချေ။

ထို့ပြင် သူ၏အတွက်မူ ခန္ဓာကိုယ်တစ်ခု ပြောင်းလဲရုံမျှသာ ကွာခြားချက် ရှိပေသည်။

လူသေလျှင် မီးစာကုန် ဆီခမ်းဆိုသည်မှာ လူတိုင်း သိထားသော အမှန်တရား ဖြစ်သော်လည်း၊ ထိုက်ရှီ၏ အခြေအနေမျိုးမှာမူ တစ်ခါမှ မကြားဖူးခဲ့ချေ။ ၎င်းမှာ လူတိုင်း၏ သိနားလည်မှုထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင်မူ သူသည် အမှန်တကယ်ပင် မသေနိုင်သော နတ်ဘုရား တစ်ပါးနှင့် တူလှပေသည်။

“မင်းတို့ ပြောနေတာတွေကို ဒီနတ်ဘုရားအကုန် ကြားပြီးသားပါ။ မဟာထန်ရဲ့ စစ်သည် တစ်သန်းနဲ့ အရှေ့မြောက်ဘက်က အဲဒီ ခံတပ်ကြီးကို မင်းတို့တွေ ဂရုစိုက်နေစရာ မလိုဘူး၊ ငါ့မှာ အစီအစဉ် ရှိပြီးသား။ ဒါ့အပြင် ငါ့ရဲ့ လက်အောက်ငယ်သားတွေကို တတိယအသုတ် ရွဲလော့ဟယ်တွေ ပို့ပေးဖို့ အမိန့်ပေးထားပြီးပြီ။ ဒီတစ်ခေါက်က ရှစ်ထောင် မဟုတ်ဘူး၊ အကောင်ရေ နှစ်သောင်း အတိပဲ”

“အချိန်ကျရင် လူလွှတ်ပြီး သွားလက်ခံလိုက်တော့”

ထိုက်ရှီက လေးနက်စွာ ဆိုလိုက်သည်။

“ဘာ”

ထိုက်ရှီ၏စကားကို ကြားလိုက်ရသောအခါ လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်ဓာတ်များ အကြီးအကျယ် တက်ကြွသွားကြသည်။

ရွဲလော့ဟယ် နှစ်သောင်း…

အကယ်၍ အရင်နှစ်သုတ်နှင့် ပေါင်းလိုက်မည်ဆိုပါက၊ ယခု ယိုကျိုးတွင် ရွဲလော့ဟယ် စစ်သည်ပေါင်း သုံးသောင်း ခြောက်ထောင် တောင် ရှိသွားမည် မဟုတ်ပါလော။

ရွဲလော့ဟယ် ဆိုသည်မှာ ယိုကျိုး မှ လူများနှင့် ထိုက်ရှီတို့ ပူးပေါင်း တည်ဆောက်ထားသော အထူးစစ်သည်များ ဖြစ်ကာ၊ တစ်ဦးချင်းစီမှာ အလွန် အစွမ်းထက်ကြပြီး တစ်ယောက်တည်းနှင့် လူတစ်ရာကို ခုခံနိုင်သည်၊ မဟုတ်ပါ၊ လူတစ်ထောင်ကိုပင် ခုခံနိုင်စွမ်း ရှိကြသည်။

ပို၍အရေးကြီးသည်မှာ ရွဲလော့ဟယ် စစ်သည် အားလုံးမှာ အလွန်ကြမ်းတမ်းလှပြီး၊ ဒဏ်ရာ မည်မျှပင် ပြင်းထန်စေကာမူ လွယ်လင့်တကူ သေဆုံးခြင်း မရှိကြချေ။

အကယ်၍ အစွမ်းအထက်ဆုံး ဖြစ်သော ရွဲလော့ဟယ် စစ်သည် သုံးသောင်း ခြောက်ထောင်သာ ရှိမည်ဆိုပါက မဟာထန ၌ စစ်သည် တစ်သန်း ရှိနေပါစေဦး၊ အဘယ်မှာ စိုးရိမ်စရာ ရှိပါတော့မည်နည်း။

“အရမ်းကောင်းတာပဲ၊ ဒါဆိုရင် ငါတို့တွေ မူလ သတ်မှတ်ထားတဲ့ လေးလအထိ စောင့်နေစရာ မလိုတော့ဘူး၊ အခုချက်ချင်း တိုက်စစ်ဆင်လို့ ရပြီ”

ထျန်းချန်းစီ ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

ရွဲလော့ဟယ် စစ်သည်နှစ်သောင်း ထပ်တိုးလာခြင်းမှာ အနည်းဆုံး သာမန်စစ်သည် လေးသိန်းကျော် ထပ်တိုးလာခြင်းနှင့် ညီမျှပေသည်။ ဤသည်မှာ ယိုကျိုး အတွက်မူ တိုင်းတာ၍ မရနိုင်သော အထောက်အကူပင် ဖြစ်သည်။

“ကောင်းပြီ။ ဒါကလည်း ငါပြောချင်တဲ့ အချက်ပဲ။ ဒီ ရွဲလော့ဟယ် စစ်သည်တွေကို မင်းတို့ဆီ ပို့ပေးတာက အလကား မဟုတ်ဘူး၊ င့ြမှာ ကန့်သတ်ချက် တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ စစ်ကို ကြိုတင် ထွက်ရမယ်”

“ငါက တစ်စက္ကန့်တောင် ထပ်မစောင့်နိုင်တော့ဘူး၊ အဲဒီကောင်လေးကို သေချာပေါက် အရိုးစိအောင် ဖျက်ဆီးပစ်ရမယ်”

ထိုက်ရှီ၏ အသံထဲတွင် ကောင်းကင်အထိ လွှမ်းမိုးနေသော နာကျည်းမှုများ ပါဝင်နေသည်။

ဝမ်ချောင်သည် ဂူကောင်းကင်အဆင့်ကိုပင် မရောက်သေးသော သာမန် ပုရွက်ဆိတ်လေး တစ်ကောင်သာ ဖြစ်သော်လည်း၊ သူကဲ့သို့သော သူကိုပင် ဝိညာဉ် ပျောက်ကွယ်လုနီးပါးအထိ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ၊ ထိုက်ရှီအတွက်မူ တကယ်ကို ကြီးမားလှသော အရှက်ရမှုပင် ဖြစ်သည်။

သူ ယခုတစ်ကြိမ် အန်းယာလုရှန်းကို ဆက်သွယ်ရခြင်းမှာ၊ သူ၏ အင်အားကို အသုံးပြု၍ လောကကြီးကို မွှေနှောက်ကာ ဝမ်ချောင်ကို ကြိုတင် သတ်ဖြတ်ပစ်ရန်ပင် ဖြစ်သည်။

“ဒီကိစ္စလား၊ အကယ်၍ အဲဒီကောင်လေးကို သတ်ဖို့ဆိုရင်တော့ ငါတို့အတွက် ဘာပြဿနာမှ မရှိဘူး။ ရွဲလော့ဟယ် နှစ်သောင်း ရောက်လာတာနဲ့ ငါတို့ ချက်ချင်း စစ်ထွက်မယ်။ သူတို့ရဲ့ စစ်အင်အား အားလုံးကို တိုက်ရိုက် ချေမှုန်းပြီး အလယ်ပိုင်းဒေသကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ပစ်မယ်”

အန်းယာလုရှန်းက အသံကုန် ရယ်မောလိုက်ကာ စဉ်းစားပင် မနေတော့ဘဲ ချက်ချင်း သဘောတူလိုက်သည်။

ဒါက ဘာလဲ…

ငိုက်မျဉ်းနေတုန်း ခေါင်းအုံး လာပေးသကဲ့သို့ပင်။ သူတို့သည် ခံတပ်ကြီးနှင့် စစ်သည် စုဆောင်းရေး ကိစ္စများကို ဆွေးနွေးနေကြစဉ်အတွင်း၊ ထိုက်ရှီက အစွမ်းအထက်ဆုံးသော၊ နတ်ဘုရားနှင့် မိစ္ဆာများသဖွယ် ရွဲလော့ဟယ် စစ်သည် နှစ်သောင်းကို ပို့ပေးလိုက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာ သေချာပေါက် မျှော်လင့်မထားသော ဝမ်းသာစရာ သတင်းပင် ဖြစ်တော့သည်။

အကယ်၍ ဤသည်မှာ “ကမ္ဘာမြေ၏ သားတော်” ၏ စွမ်းအား ဖြစ်မည်ဆိုပါက၊ ဝမ်ချောင်သည် မသိမသာဖြင့် သူ့အား ကူညီပေးလိုက်ခြင်းပင် ဖြစ်သည်။

“ကောင်းပြီ၊ အဲဒီစစ်တပ်ကို ငါ မကြာခင် ပို့ပေးလိုက်မယ်။ မင်းကတော့ ငါ့ကို စိတ်မပျက်စေနဲ့လို့ မျှော်လင့်ပါတယ်”

ထိုက်ရှီက ခေါင်းညိတ်လိုက်ပြီးနောက် ဘုန်းခနဲ အသံနှင့်အတူ ထို ပုံရိပ်ယောင်မှာ ရုတ်တရက် ပေါက်ကွဲသွားကာ၊ လေထဲတွင် လွင့်မျောနေသော မီးခိုးမည်းများအဖြစ် ပြောင်းလဲသွားတော့သည်။

“အချိန်ကျရင် မင်းတို့ဆီက သတင်းကို ငါ စောင့်နေမယ်”

အနက်ရောင် ဦးခေါင်းခွံ အရိုးပုလွေထဲမှ ထိုက်ရှီ၏အသံမှာ တဖြည်းဖြည်း တိုးညင်းသွားကာ၊ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားတော့သည်။ အနက်ရောင် အရိုးပုလွ မှာလည်း မူလအတိုင်း ပြန်ဖြစ်သွားကာ မည်သည့်အငွေ့အသက်မျှ မရှိတော့ချေ။

ထိုက်ရှီ၏ အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားပြီးနောက်၊ မြင့်မားလှသော တောင်ကုန်းပေါ်တွင်လည်း များမကြာမီ တိတ်ဆိတ်သွားတော့သည်။

အန်းယာလုရှန်းနှင့် လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာပေါ်မှ အပြုံးများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ၏ လက်ကို အသာအယာ လှုပ်ရှားလိုက်ရာ၊ ဂန်ချီများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အကာအကွယ် တစ်ခုအဖြစ် ပြောင်းလဲလျက် လက်ထဲရှိ အနက်ရောင် အရိုးပုလွေကို ပိတ်ဆို့ထားလိုက်ကာ အသံအားလုံးကိုလည်း ဖြတ်တောက်လိုက်တော့သည်။

“ထိုက်ရှီဆိုတဲ့ လူက လုံးဝ ယုံကြည်လို့ မရပေမဲ့၊ ရွဲလော့ဟယ် နှစ်သောင်းကတော့ ငါတို့ အခု အရေးတကြီး လိုအပ်နေတဲ့ အရာပဲ”

အန်းယာလုရှန်း ၏ အမူအရာ လေးနက်သွားကာ၊ ကောင်းရှန်း ကို လှည့်ကြည့်လိုက်သည်။

“ကောင်းရှန်း အချိန်က အရမ်း ကျပ်တည်းနေပြီ။ မင်း ကိုယ်တိုင် ငါ့အတွက် စာနှစ်စောင် ရေးပေးပါဦး။ ယွီစန်းနဲ့ အနောက် တာ့ခ်ကို အမြန်ဆုံး အဖြေပေးဖို့ တိုက်တွန်းလိုက်၊ သူတို့တွေ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ မေးလိုက်ပါဦး”

“ဟုတ်ကဲ့ပါ”

ကောင်းရှန်းက ထိုစကားကို ကြားလိုက်ရသည့်အခါ အလျင်အမြန် ခေါင်းငုံ့လျက် လေးနက်စွာ ဖြေကြားလိုက်သည်။

“ချွေချန်းယုံ၊ ထျန်းချန်ကျန်း အကယ်၍ စစ်ကို ကြိုတင်ထွက်မယ်ဆိုရင်တော့၊ နောက်ပိုင်းမှာ ငါတို့တွေ မဟာမိတ်ဖွဲ့တဲ့ ကိစ္စနဲ့ စစ်ထွက်မယ့် အသေးစိတ် အချက်အလက်တွေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုလာပြီ”

အန်းယာလုရှန်းက ဆိုရင်း ချွေချန်းယုံ တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဟုတ်ကဲ့ပါ”

ဗိုလ်ချုပ်များ အားလုံးလည်း ဦးညွှတ်လိုက်ကြသည်။

အန်းယာလုရှန်းက ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက်၊ ထပ်မံ၍ စကားမဆိုတော့ဘဲ ဝတ်ရုံကို ခါယမ်းလျက် အဝေးဆီရှိ အန်းတုံ အစောင့်အရှောက် နယ်မြေဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

ထိုစံအိမ်တော်၏ နန်းဆောင်အတွင်း၌ သူ ပြုလုပ်ခိုင်းထားသော စစ်မြေပြင်သဲမြေပုံ အသစ်တစ်ခု ရှိပြီး၊ ၎င်းပေါ်တွင် အလယ်ပိုင်းဒေသတစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်နှင့် စစ်သည်အင်အား ဖြန့်ကျက်ထားမှုများကို ဖော်ပြထားပေသည်။

နောက်ပိုင်းတွင်မူ သူတို့တွေ အချိန်အတော်ကြာ တိုင်ပင် ဆွေးနွေးကြရပေဦးမည်။

လူတစ်စုမှာ အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက်၊ ခဏတာမျှ အချိန်အတွင်းမှာပင် တဖျတ်ဖျတ် အသံများနှင့်အတူ စာပို့ခို အမြောက်အမြားမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြကာ အနောက်ဘက်ရှိ ယွီစန်းနှင့်အနောက် တာ့ခ် အင်ပါယာ ဆီသို့ ဦးတည်သွားကြတော့သည်။

နှင်းမုန်တိုင်းများက ရက်စက်စွာ တိုက်ခတ်နေပြီး အပူချိန်မှာလည်း တဖြည်းဖြည်း ပိုမိုနိမ့်ကျလာသည်။ ပြင်းထန်လှသော အအေးလှိုင်းများမှာ ဘိုင်ကယ်ကန်ကို ဖြတ်ကျော်ပြီးနောက်တွင်လည်း ရပ်တန့်သွားခြင်းမရှိဘဲ၊ နှင်းမုန်တိုင်းများနှင့်အတူ တောင်ဘက်သို့ ဆက်လက် တိုးဝင်လာနေသည်။

ဤအခိုက်အတန့်၌ ယွီစန်း အင်ပါယာ၏ ကောင်းကင်အထိ မြင့်မားလှသော ကုန်းပြင်မြင့်ပေါ်တွင် နှင်းပွင့်လေးများ တဖြည်းဖြည်း ကျဆင်းနေကာ ဒေသတစ်ခုလုံးကို ဖုံးလွှမ်းထားပေသည်။

ယွီစန်း နန်းတော်အတွင်း၌မူ ယွီစန်း ဗိုလ်ချုပ် အများအပြား စုဝေးနေကြပြီး၊ ဝန်ကြီးချုပ် ချင်းလင်မှာ ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ အထက်တွင် ရပ်နေပေသည်။

နန်းဆောင်၏ အလယ်ဗဟို နေရာရှိ၊ နှစ်ပေါင်း ရာနှင့်ချီ၍ လက်ဆင့်ကမ်းလာသော ပလ္လင်တော်ပေါ်၌ ယွီစန်းဘုရင်မှာ ရှားရှားပါးပါးပင် မြင့်မြတ်စွာ ထိုင်နေလျက် အမူအရာမှာလည်း လေးနက်နေပေသည်။

ယွီစန်းတွင် ဝန်ကြီးချုပ်တစ်ဦး ရှိနေပြီး ချင်းလင်က အုပ်ချုပ်ကတည်းကစ၍၊ ယွီစန်း အင်ပါယာ၏ဘုရင်မှာ ဤကဲ့သို့သော အစည်းအဝေးများတွင် ပါဝင်ခြင်း အလွန်ရှားပါးလှသည်။

အကြောင်းမှာ ချင်းလင်၏ စွမ်းဆောင်ရည်ဖြင့် အင်ပါယာ၏ နေ့စဉ် ကိစ္စရပ်များကို ကိုင်တွယ်ရန်မှာ လုံလောက်လွန်းလှသောကြောင့် ဖြစ်သည်။ ချင်းလင် ကိုင်တွယ်၍ မရသော ကိစ္စမျိုးမှာမူ ဘုရင်ကိုယ်တိုင်လည်း ဘာမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတစ်ကြိမ်မှာမူ မတူညီတော့ချေ။ နတ်ကွန်း၏ နှစ်ပေါင်း ထောင်ချီက ကြိုတင်ဟောကိန်းများထဲမှ ထို ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကြီးမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း ယွီစန်းအင်ပါယာသည် ထူးခြားလှသော ကုန်းပြင်မြင့် မြေမျက်နှာသွင်ပြင်ကို အသုံးချ၍ ကပ်ဘေးများကို တစ်လှိုင်းပြီးတစ်လှိုင်း ရှောင်ရှားနိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ကောင်းကင်အထိ မြင့်မားလှသော ကုန်းပြင်မြင့် ပင်လျှင် ထို အအေးလှိုင်းကြီးကို ဟန့်တားနိုင်ခြင်း မရှိတော့ချေ။

နွားနှင့်သိုး အမြောက်အမြားမှာ အအေးဒဏ်ကြောင့် သေဆုံးနေကြပြီး၊ အအေးလှိုင်းမှာ တောင်ဘက်သို့ ဆင်းလာနေသော်လည်း ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိချေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အင်ပါယာ တစ်ခုလုံး ပျက်သုဉ်းရန်မှာ သိပ်မဝေးတော့ချေ။

နန်းတော်အတွင်း၌ လေထုမှာ အလွန်အမင်း တင်းမာနေပေသည်။

“အရှင်မင်းမြတ်၊ ဝန်ကြီးချုပ်၊ ဒီတစ်ခေါက် အအေးလှိုင်းက သာမန် မဟုတ်ပါဘူး၊ ကျွန်တော်တို့ လူလွှတ်ပြီး စုံစမ်းခိုင်းထားပါတယ်။ ဂိုဂူလျော၊ ယိုကျိုး၊ အရှေ့နှင့် အနောက် တာ့ခ် အင်ပါယာ၊ အနောက်ဘက်ဒေသတစ်ခုလုံးနဲ့ ကျွန်တော်တို့ ယွီစန်း အပါအဝင် အားလုံးဟာ နှင်းမုန်တိုင်း၊ ရေခဲဘေးနဲ့ အလွန်အမင်း အေးခဲတဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ အရှေ့မှ အနောက်အထိ ဒီလောက်ကျယ်ပြောလှတဲ့ အတိုင်းအတာနဲ့၊ ဒီလောက်ပြင်းထန်လှတဲ့ အအေးဒဏ်မျိုးက တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ကုန်းမြေကမ္ဘာ တစ်ခုလုံးက ရေခဲခေတ်ထဲကို ဝင်ရောက်တော့မယ့် အရိပ်အယောင်တွေ ပြနေပါတယ်”

ပလ္လင်အောက်ရှိ မုတ်ဆိတ်မွှေးများ ထူထဲလှသော ယွီစန်း ဗိုလ်ချုပ်တစ်ဦးက လေးနက်စွာ ဆိုလိုက်ရာ၊ သူ၏ အသံမှာ နားထဲတွင် ဟိန်းထွက်နေပေသည်။

“ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အရာရာတိုင်းက မပြောင်းလဲဘူးဆိုရင်တော့ အများဆုံး တစ်လကနေ နှစ်လအတွင်းမှာ ကျွန်တော်တို့ ကုန်းပြင်မြင့် တစ်ခုလုံး နှင်းတွေနဲ့ ဖုံးလွှမ်းသွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် လူ ဘယ်လောက်တောင် အအေးဒဏ်နဲ့ သေဆုံးရမလဲဆိုတာ မသိနိုင်တော့ပါဘူး”

“အခု အခြေအနေအရဆိုရင် တစ်လတောင် မလိုတော့ဘူး ထင်ပါတယ်။ ဒီကာလအတွင်းမှာတင် အင်ပါယာ အတွင်းမှာ လူပေါင်း သောင်းနဲ့ချီပြီး သေဆုံးခဲ့ရသလို၊ နွားနဲ့သိုး တစ်သန်းကျော်လောက်လည်း သေဆုံးခဲ့ရပါပြီ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် မကြာခင်မှာပဲ ကျွန်တော်တို့ဆီမှာ စားနပ်ရိက္ခာ ပြတ်တောက်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်လို့၊ အခြေအနေက တကယ်ကို စိုးရိမ်စရာ ကောင်းနေပါတယ်”

အခြား ယွီစန်း ဗိုလ်ချုပ် တစ်ဦးကလည်း ရှေ့သို့ ထွက်လာကာ ဆိုလိုက်သည်။

ယွီစန်းသည် မြင့်မားလှသော ပင်လယ်ရေမျက်နှာပြင် အမြင့်ကြောင့် လောလောဆယ်တွင် အခြားနိုင်ငံများနှင့် ယှဉ်လျှင် အခြေအနေ အနည်းငယ် ပိုကောင်းနေသေးသော်လည်း၊ လုံးဝကောင်းမွန်နေသည်တော့ မဟုတ်ပေ။

“ဒါဆိုရင် ဒီတစ်ခေါက် မဟာအအေးလှိုင်းကို ငါတို့တွေ တကယ်ပဲ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလား”

နန်းဆောင်အထက်တွင် အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့သောဘုရင်က ရုတ်တရက် မေးလိုက်သည်။ သူ၏ မျက်မှောင်များ ကြုတ်နေကာ အမူအရာမှာလည်း အလွန်အမင်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေသည်။

သူ၏လက်ထဲတွင်လည်း နှင်းဘေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိထားပြီး ဖြစ်ကာ၊ အချို့သော နေရာများမှာမူ ဤဗိုလ်ချုပ်များ ပြောပြနေသည်ထက်ပင် ပိုမိုဆိုးရွားနေပုံရသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို မည်သူမျှ မကြုံဖူးခဲ့သဖြင့်၊ တစ်ခဏတာမျှ အချိန်အတွင်း မည်သို့ ကိုင်တွယ်ရမည်ကိုလည်း မသိရှိကြချေ။

နန်းဆောင်အတွင်း၌ တိတ်ဆိတ်သွားခဲ့ပြီး၊ လူတိုင်းမှာ ဘုရင်၏ ဘေးနားရှိ ဝန်ကြီးချုပ် ချင်းလင်ဆီသို့ လှည့်ကြည့်လိုက်ကြတော့သည်။

“ခက်ခဲလိမ့်မယ်၊ အခုအချိန်အထိတော့ ရပ်တန့်မယ့် အရိပ်အယောင် လုံးဝမတွေ့ရသေးဘူး”

ချင်းလင်က ခေါင်းခါလျက် တည်ငြိမ်စွာ ဆိုလိုက်သည်။

“နန်ရီစုန့်ထျန်း၊ အရင်က ငါ မှာထားတဲ့ ကိစ္စတွေကို ဘယ်လို စီစဉ်ထားလဲ”

“ဝန်ကြီးချုပ်၊ အရှင်၊ အရာအားလုံး စီစဉ်ထားပြီးပါပြီ။ သိုးထိန်းတွေ အားလုံးက ကုန်းပြင်မြင့်ရဲ့ တောင်ဘက်အရပ်ဆီကို အစွမ်းကုန် ချီတက်နေကြပါတယ်။ လက်ရှိ အခြေအနေအရဆိုရင်တော့ အချိန်အနည်းငယ် ထပ်ဆွဲထားနိုင်ဦးမှာပါ။ ဒါပေမဲ့ ဒါက ရေရှည်အတွက်တော့ မဟုတ်ပါဘူး”

နန်ရီစုန့်ထျန်းက သံချပ်ကာကို ဝတ်ဆင်ထားလျက် လေးနက်စွာ ဆိုလိုက်သည်။

နှင်းမုန်တိုင်းများမှာ မြောက်ဘက်မှ တောင်ဘက်သို့ တိုးဝင်လာခြင်း ဖြစ်သည်။ မြောက်ပိုင်းနယ်မြေမှာ ဖြူဆွတ်နေသော နှင်းခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားကာ မရေမတွက်နိုင်သော နွားနှင့် သိုးများမှာ အအေးဒဏ်နှင့် မိုးသီးဒဏ်ကြောင့် သေဆုံးနေကြသော်လည်း၊ ယွီစန်း ကုန်းပြင်မြင့်၏တောင်ဘက်အစွန်းရှိ အာလီ တော်ဝင်မျိုးနွယ်စုနယ်မြေမှာမူ လောလောဆယ်တွင် ထိုမျှအထိ ကြီးမားသော သက်ရောက်မှုများ မရှိသေးချေ။ ဤသည်မှာ ယွီစန်း အင်ပါယာ အတွက်မူ ခေတ္တမျှ အသက်ရှူနိုင်မည့် အခွင့်အရေးကို ပေးစွမ်းနိုင်ပေသည်။

ယခင်က မဟာထန်၏ အနောက်တောင် စစ်ပွဲကြီးတွင် ရှုံးနိမ့်ခဲ့ကာ၊ ဝမ်ချောင်၏ မဟာသိုးကပ်ဘေးကြီးကြောင့် တစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး လူသူကင်းမဲ့သော မြေရိုင်းကြီး ဖြစ်သွားခဲ့ရသည့် အာလီမင်းဆက်နယ်မြေမှာ၊ ယခုကဲ့သို့သော ကပ်ဘေးကြီးအတွင်း၌ ဤမျှ ကြီးမားလှသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။

သို့သော် နှင်းများနှင့် ရေခဲများ ဆက်လက် တိုးဝင်လာသည့်အခါ၊ သူတို့လည်း အတူတူပင် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်းကိုမူ လူတိုင်း သိရှိထားကြပေသည်။

******

အခန်း (၂၁၂၂) နိုင်ငံအသီးသီး၏ လှုပ်ခတ်လာသော အရှိန်အဝါများ

“မဟာထန်ဘက်ကရော… မဟာထန်မှာ ဘာသက်ရောက်မှုမှ မရှိဘူးလား။ ငါ မှတ်မိသလောက်ဆိုရင် မြောက်ဘက်က တြိဂံဒေသမှာ သူတို့ သံမဏိ မြို့တော်အချို့ ရှိနေတယ် မဟုတ်လား”

“ပြီးတော့ အနောက်ဘက်ဒေသကရော… အဲဒီက နိုင်ငံငယ်လေးတွေ အခုဘာတွေ လှုပ်ရှားနေကြလဲ”

ထိုအချိန်မှာပင် ဘုရင်က ရုတ်တရက် ကြားဖြတ် မေးမြန်းလိုက်သည်။

ဝမ်ချောင်သည် ယွီစန်းကုန်းပြင်မြင့်၏ အရှေ့မြောက်ဘက်တွင် တည်ဆောက်ထားသော သံမဏိ မြို့တော်မှာ ယွီစန်းအတွက်မူ အစဉ်အမြဲ ရင်လေးစရာ အန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ ဘေးအန္တရာယ် ကျရောက်မည်ဆိုပါက တြိဂံဒေသသည် ပထမဆုံး ခံရမည့် နေရာ ဖြစ်ရပေမည်။

ယွီစန်းအနေဖြင့် ဆုံးရှုံးမှုများ ပြင်းထန်နေသော်လည်း၊ အကယ်၍ တြိဂံဒေသမှ မဟာထန် စစ်တပ်သာ အားလုံး ပျက်သုဉ်းသွားမည်ဆိုပါက၊ အနည်းဆုံးတော့ လူတိုင်း၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားပေလိမ့်မည်။

“အရှင်မင်းမြတ်ကို အစီရင်ခံပါတယ်၊ ရေခဲဘေး မကျရောက်ခင် ကတည်းက မဟာထန်ဘက်က စစ်သည်အင်အား အားလုံးကို တြိဂံဒေသကနေ ရုပ်သိမ်းသွားခဲ့ပါပြီ။ အခု တြိဂံဒေသဟာ သေဆုံးနေတဲ့ မြို့ပျက်ကြီး တစ်ခုလို ဖြစ်နေပြီး သူတို့တွေ လုံးဝ စွန့်လွှတ်သွားခဲ့ကြပါပြီ”

“ကျွန်တော်တို့ လူလွှတ်ပြီး စုံစမ်းကြည့်ခဲ့ပေမဲ့ ထန်လူမျိုးတစ်ယောက်ကိုမှ ရှာမတွေ့ခဲ့ပါဘူး”

“အနောက်ဘက်ဒေသက နိုင်ငံတွေကတော့ နှစ်စု ကွဲသွားပါတယ်။ တစ်စုကတော့ ပန်မီယာတောင်တန်းကို ဖြတ်ပြီး အာရပ်ဘက်ကို ဆုတ်ခွာသွားကြသလို၊ နောက်တစ်စုကတော့ မဟာထန်ရဲ့ ပြည်တွင်းထဲကို ဝင်သွားကြပါပြီ”

သတင်းအချက်အလက် စုဆောင်းရေး တာဝန်ခံ ဖြစ်သော ယွီစန်း ဗိုလ်ချုပ်တစ်ဦးက လျှောက်တင်လိုက်သည်။

“ဘာ”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဘုရင်၏မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ထိုစဉ်က ဝမ်ချောင်၏ လက်ထက်တွင် မဟာထန်သည် အစွမ်းကုန် အားစိုက်ထုတ်ပြီးမှသာ ကုန်းပြင်မြင့်ပေါ်သို့ တက်နိုင်ခဲ့ပြီး တြိဂံဒေသ ကို သိမ်းပိုက်နိုင်ခဲ့ကာ ထိုနေရာတွင် သံမဏိ မြို့တော်တစ်ခုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ တြိဂံဒေသရှိ ထို သံမဏိ မြို့တော်သည် ယွီစန်း အင်ပါယာ၏ဧကရာဇ်နှင့် အမတ်များ အားလုံးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုနှင့် အန္တရာယ် ဖြစ်ခဲ့သည်။

သို့သော် ခက်ခက်ခဲခဲ သိမ်းပိုက်ထားခဲ့သော တြိဂံဒေသကို မဟာထန်က ဤမျှ လွယ်လွယ်ကူကူ စွန့်လွှတ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

“ဒီကောင်စုတ်”

ဤအခိုက်အတန့်၌ ဘုရင်သည် လက်သီးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိပြီး မျက်နှာမှာလည်း အလွန်အမင်း ကြည့်ရဆိုးနေတော့သည်။

နန်းဆောင်အတွင်းရှိ အခြားသော ဗိုလ်ချုပ်များလည်း တစ်ဦးပြီးတစ်ဦး ခေါင်းငုံ့လိုက်ကြသည်။

ယွီစန်းနှင့် နှိုင်းယှဉ်လျှင် မဟာထန်မှာ သိသိသာသာ ပိုမို ပြင်ဆင်ထားပုံရသည်။

“မန်ဂယ်လာ လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းကို မဟာထန်ရဲ့ ဘေးဒုက္ခ ကျရောက်မှု အခြေအနေတွေကို စုံစမ်းခိုင်းထားတာ သတင်းရပြီလား”

ထိုအချိန်မှာပင် ဘေးနားရှိ ဝန်ကြီးချုပ် ချင်းလင်သည် တစ်စုံတစ်ရာကို သတိရသွားသည့်အလား ရုတ်တရက် ခေါင်းလှည့်ကာ၊ မျက်နှာချင်းဆိုင်ရှိ အခြား ဗိုလ်ချုပ်တစ်ဦးကို လှမ်းကြည့်လျက် မေးလိုက်သည်။

“ဝန်ကြီးချုပ် အရှင်မင်းမြတ် ကျွန်တော်တို့ စုံစမ်းသိရှိရတဲ့ အခြေအနေအရ၊ မဟာထန် ဟာ ကျွန်တော်တို့နဲ့ယှဉ်ရင် ပထဝီအနေအထားအရ တောင်ဘက် ပိုကျနေသလို၊ မြောက်ဘက်မှာလည်း တာ့ခ်က အကာအကွယ်အဖြစ် ရှိနေလို့ လောလောဆယ်တော့ ဘေးဒုက္ခက သိပ်ပြီး မပြင်းထန်သေးပါဘူး”

“ဒါပေမဲ့ ဒီတစ်ခေါက် စုံစမ်းမှုမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။ အအေးလှိုင်း တောင်ဘက်ကို မဆင်းလာခင်ကတည်းက၊ မဟာထန်ရဲ့ အဲဒီ မျိုးနွယ်ခြားဘုရင်ဟာ အာရပ်ကနေ လောင်စာဆီတွေကို အမြောက်အမြား သယ်ယူနေခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော်တို့က စစ်ရေးအတွက်ပဲလို့ ထင်ပြီး သိပ်ဂရုမစိုက်ခဲ့ပေမဲ့၊ အခု ပြန်ကြည့်မယ်ဆိုရင်တော့ ဒါဟာ လုံးဝ မရိုးရှင်းပါဘူး”

“ဘာလို့လဲဆိုတော့ လောင်စာဆီ တွေအပြင် မဟာထန်ဟာ ကျောက်မီးသွေး၊ ဝါဂွမ်း၊ မေယိုမီးလောင်ဆီ(ရေနံဆီ)တွေကိုလည်း အမြောက်အမြား စုဆောင်းထားခဲ့သလို၊ နိုင်ငံအသီးသီးကနေ စားနပ်ရိက္ခာတွေကိုလည်း အများကြီး ဝယ်ယူစုဆောင်းထားခဲ့ပါတယ်။ ပြီးတော့ အခုလို ကာလအတွင်းမှာလည်း အဲဒီပစ္စည်းတွေကို ပြည်နယ်အသီးသီးဆီကို အလျင်အမြန် ခွဲဝေပို့ဆောင်ပေးနေပါတယ်။ ကြည့်ရတာ အအေးလှိုင်း မကျရောက်ခင် လပေါင်းများစွာ ကတည်းက သူတို့တွေ အပြည့်အဝ ပြင်ဆင်ထားပုံ ရပါတယ်”

မန်ဂယ်လာဟု အမည်ရသော ယွီစန်းဗိုလ်ချုပ်က ကိုယ်ကို ကိုင်းလျက် လျှောက်တင်လိုက်ရာ စကားအဆုံးတွင် သူ၏မျက်နှာပေါ်၌လည်း ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်နေပေသည်။

မန်ဂယ်လာ၏စကားကို ကြားလိုက်ရသည့်အခါ နန်းဆောင်အတွင်းရှိ လူတိုင်းမှာ ဆူညံသွားကြတော့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်လက လောကတစ်ခုလုံးမှာ အအေးလှိုင်း ပေါက်ကွဲတော့မယ့် အရိပ်အယောင် တစ်ခုမှ မရှိသေးဘူးလေ၊ သူတို့တွေ ဘယ်လိုလုပ် အဲဒီလောက် စောစော ပြင်ဆင်နိုင်မှာလဲ”

“ဒါက တိုက်ဆိုင်မှုပဲ ဖြစ်နေမလား”

“မဖြစ်နိုင်ဘူး လောင်စာဆီ၊ ဝါဂွမ်း၊ ကျောက်မီးသွေး၊ သိုးမွှေး…… ဒီပစ္စည်းတွေ အကုန်လုံးက အအေးဒဏ်ကို ကာကွယ်ဖို့အတွက်လေ။ အကယ်၍ ကြိုတင်ပြီး တစ်စုံတစ်ရာကို မသိထားဘူးဆိုရင်၊ သူတို့တွေ ဘယ်လိုလုပ် နှစ်လလောက် ကြိုပြီး ပြင်ဆင်နိုင်မှာလဲ၊ ပြီးတော့ ပမာဏကလည်း ဒီလောက်တောင် များနေတာကို”

“အကယ်၍ ဒါဟာ တကယ်သာ မှန်မယ်ဆိုရင်၊ မဟာထန်ရဲ့အဲဒီမျိုးနွယ်ခြားဘုရင်ကတော့ တကယ်ကို ကြောက်စရာကောင်းလွန်းလှတယ်”

……

ဤအခိုက်အတန့်၌ နန်းဆောင်အတွင်းရှိ လူတိုင်းမှာ မယုံကြည်နိုင်လောက်သော အမူအရာများ ဖြစ်နေကြကာ တစ္ဆေခြောက်ခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။

ချင်းလင်ကတော့ ခေါင်းငုံ့ထားလျက် စကားတစ်ခွန်းမျှ မဆိုသော်လည်း၊ သူ၏ မျက်ခုံးများမှာလည်း တလှုပ်လှုပ် ဖြစ်နေပေသည်။

ယွီစန်းလူမျိုးများ အထူး ကြည်ညိုလေးစားကြသော ဝန်ကြီးချုပ်တစ်ဦးအနေဖြင့်၊ ချင်းလင် ၏ ဉာဏ်ပညာမှာ လောကတစ်ခွင် ကျော်ကြားလှပေသည်။

သို့သော် မဟာထန်မှ ထိုလူငယ်လေး၏ လှုပ်ရှားမှု အများအပြားကိုမူ၊ ချင်းလင်ကဲ့သို့သော သူပင်လျှင် အမြဲတမ်း ထိုးဖောက် မမြင်နိုင်ခဲ့ချေ။

ယခုအခါ နိုင်ငံအသီးသီးမှာ ဤအအေးလှိုင်းကြောင့် ဝရုန်းသုန်းကားဖြစ်နေကြရကာ ဆုံးရှုံးမှုများ ပြင်းထန်နေကြရသည်။

ဝမ်ချောင်တစ်ဦးတည်းသာလျှင် လူတိုင်းထက် စောစီးစွာ စားနပ်ရိက္ခာနှင့် ဝါဂွမ်း စသည့် ပစ္စည်းများကို စတင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ အပြင်ပန်းတွင် သာမန်အတိုင်းထင်ရသော်လည်း၊ ဤအရာများသည် အအေးလှိုင်းနှင့် ပတ်သက်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

တကယ်ကို နက်နဲလွန်းလှပေသည်။

ချင်းလင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားခဲ့ကာ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားရသည်။

သူ နာမည်ကြီးလာသည့် အချိန်မှစ၍ ယခုအထိ၊ သူ့အပေါ် ဤမျှအထိ လေးလံသော ဖိအားများကို ပေးနိုင်သူမှာ လောကတစ်ခွင် အသိအမှတ်ပြုထားသော ဤလူငယ် စစ်နတ်ဘုရား တစ်ဦးတည်းသာ ရှိပေတော့သည်။

“အချိန် သိပ်မကျန်တော့ဘူး……”

ချင်းလင်က မိမိကိုယ်မိမိသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

ယွီစန်းသည် အချိန်အကြာကြီး တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ပေ။ ထို ကြောက်မက်ဖွယ်ကောင်းလှသော အအေးလှိုင်းကြီး လုံးဝကျရောက်မလာခင်မှာ၊ မည်သို့ပင်ဖြစ်စေ ဤအရာအားလုံးကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရပေမည်။

လေထုမှာ ဖိနှိပ်မှုများ ရှိနေစဉ်မှာပင် ရုတ်တရက် တောင်ပံခတ်သံများ နားထဲသို့ တိုးဝင်လာသည်။

“အရှင်မင်းမြတ် ဝန်ကြီးချုပ် ယိုကျိုးက စာရောက်လာပါတယ်”

ခဏတာမျှ အချိန်အတွင်းမှာပင် ယွီစန်း ဗိုလ်ချုပ်တစ်ဦးက စာပို့ခိုကို ဖမ်းယူလိုက်ပြီး ဆိုလိုက်သည်။

“မဟာမိတ်ဖွဲ့မယ့် ကိစ္စပဲလား”

ချင်းလင်က မေးလိုက်သည်။

“ဟုတ်ပါတယ်”

ထိုယွီစန်း ဗိုလ်ချုပ်က စာထဲမှ အကြောင်းအရာများကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေသည်။

ချင်းလင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရုံသာ ရှိပြီး အမူအရာမှာလည်း တည်ငြိမ်နေလျက် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိပေ။

ဤကာလအတွင်း အန်းယာလုရှန်းထံမှ မဟာမိတ်ဖွဲ့ရန် တိုက်တွန်းသော စာများကို သူ အတော်များများ ရရှိခဲ့သော်လည်း၊ ချင်းလင်မှာမူ အချိန်အတော်ကြာသည့်တိုင် သဘောထား မပြခဲ့ချေ။

အန်းယာလုရှန်း အလိုရှိနေသည့် အရာမှာ အဘယ်အရာ ဖြစ်ကြောင်းကိုမူ၊ သူ့ထက် ပိုသိသူ မရှိချေ။

မဟာထန်၏ ယိုကျိုးတွင် ခန့်အပ်ခံရသော ဤအန်းတုံဗိုလ်ချုပ်ကြီးအသစ်၏ ရည်မှန်းချက်မှာ သူ၏ ရာထူးထက် များစွာပိုမို မြင့်မားသလို၊ မဟာထန် ပတ်ဝန်းကျင်ရှိ နိုင်ငံများထက်လည်း ပိုမိုလောဘကြီးကာ ရဲတင်းလှပေသည်။ နိုင်ငံအသီးသီး အတွက်မူ၊ မဟာထန်တွင် ဤကဲ့သို့သော ပြည်တွင်း အန္တရာယ် ရှိနေခြင်းမှာ သိသာထင်ရှားစွာပင် အလိုလို ရောက်ရှိလာသော အခွင့်အရေးကောင်း တစ်ခုပင် ဖြစ်သည်။

ချင်းလင်၏ စိတ်ထဲတွင်လည်း ဤ ဟူလူမျိုး ဗိုလ်ချုပ်ကြီးအပေါ်၌ ဆန့်ကျင်လိုစိတ် မရှိပေ။

သို့သော် အန်းယာလုရှန်း တောင်းဆိုထားသော ကိစ္စနှင့် ပတ်သက်၍မူ၊ ချင်းလင်သည် အစဉ်တစိုက် အလွန်အမင်း သတိကြီးစွာ ထားခဲ့သည်။

ရှေ့ကလှည်းသွားရာ နောက်လှည်းက လိုက်ရသည် မဟုတ်ပါလော။ အာရပ်အင်ပါယာကဲ့သို့ အင်အားကြီးလှသော၊ စစ်သည် သန်းပေါင်းများစွာ ရှိကာ သံချပ်ကာမြင်းတပ်များ ပြိုင်ဘက်ကင်းလှသော နိုင်ငံပင်လျှင် မဟာထန်၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားခဲ့ရကာ မြို့ပျက် တိုင်းပြည်ပျက် ဖြစ်ခဲ့ရသည်။ ယွီစန်းအတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

လက်ရှိ မဟာထန်မှာ ယခင်က မဟာထန် မဟုတ်တော့ချေ။ ချင်းလင်၏ရင်ထဲတွင် မဟာထန်အပေါ် မည်မျှပင် ကလဲ့စားချေလိုစိတ်များ ရှိနေပါစေဦး၊ အလွန်အမင်း သတိကြီးစွာ ထားရမည် ဖြစ်ကာ အကြိမ်ကြိမ် အခါခါ စဉ်းစား ချင့်ချိန်ရပေမည်။

“ဒါပေမဲ့ ဝန်ကြီးချုပ် ဒီတစ်ခေါက်ကတော့ အရင်နဲ့ မတူဘူး။ ယိုကျိုးက အန်းယာလုရှန်းအပြင်၊ ဂိုဂူလျော၊ တာ့ခ် အင်ပါယာ၊ ရှီး နဲ့ ခီတန် လေးနိုင်ငံရဲ့ ခေါင်းဆောင်တွေကလည်း အရှင့်ဆီကို စာတစ်စောင်စီ ပေးပို့ထားကြပါတယ်”

နန်းဆောင်အတွင်းရှိ ထိုယွီစန်းဗိုလ်ချုပ်က ဦးခေါင်းကို မော့ကြည့်လျက် ဆက်လက် ပြောကြားလိုက်သည်။

“ဘာ”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်းလင်သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်မိကာ သူ၏ကိုယ်မှာလည်း အနည်းငယ် တုန်သွားခဲ့ပြီး ရင်ထဲတွင် များစွာအံ့အားသင့်သွားရသည်။

ထိုယွီစန်းဗိုလ်ချုပ်သည် လက်ထဲရှိ စာလွှာများကို ဦးခေါင်းထက်သို့ အမြန် မြှောက်တင်လိုက်သည်။

ချင်းလင်က လက်ဝါးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိုစာလွှာအချို့မှာ ဓားသွားများအလား လေကိုခွဲလျက် ထွက်ပေါ်လာပြီး ချင်းလင်၏လက်ထဲသို့ ရောက်ရှိသွားတော့သည်။

ချင်းလင်သည် ထိုစာလွှာအချို့ကို အလျင်အမြန်ပင် ဖတ်ရှုလိုက်ရာ သူ၏မျက်နှာမှာ သိသိသာသာပင် ထူးခြားသွားတော့သည်။

ထို ယွီစန်းဗိုလ်ချုပ် ပြောကြားချက်မှာ မှန်ကန်လှပေသည်။ ဤတစ်ကြိမ် စာလွှာများမှာ ယခင်နှင့် မတူညီတော့ချေ။ အန်းယာလုရှန်းအပြင်၊ ရှီဘုရင်မ၊ ခီတန်မင်းကြီး၊ ဂိုဂူလျော မှ ယွန်းဂျယ်စိုးမွန်းနှင့် တာ့ခ် အင်ပါယာမှ ဝူဆူမစ်ရှ် ခါဂန်းတို့ အားလုံးက သူ့ထံသို့ စာတစ်စောင်စီ ပေးပို့ထားကြခြင်းဖြစ်ကာ၊ အားလုံးမှာလည်း သူတို့၏ ကိုယ်ပိုင် လက်ရေးစာများပင် ဖြစ်ကြသည်။

အရပ်မျက်နှာ အသီးသီးမှ ခေါင်းဆောင်များက စာထဲတွင် ချင်းလင် အား တိုက်တွန်းထားကြသည်မှာ၊ ယွီစန်းအနေဖြင့် အမြန်ဆုံး သဘောထား ပြသကာ၊ သူတို့နှင့် မဟာမိတ်ဖွဲ့လျက် မဟာထန်ကို အတူတူ ကိုင်တွယ်ရန်ပင် ဖြစ်သည်။

“အန်းယာလုရှန်း မင်းကတော့ ငါ့ရဲ့ မျှော်လင့်ချက်ကို တကယ်ပဲ မပျက်စေဘူးပဲ။ ဒီနိုင်ငံတွေကို ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ စည်းရုံးနိုင်လိမ့်မယ်လို့ အရင်က ငါ မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ”

ချင်းလင်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ဤအခိုက်အတန့်၌ သူပင်လျှင် အန်းယာလုရှန်းအပေါ် အမြင်သစ်ဖြင့် ကြည့်မြင်လိုက်ရကာ အနည်းငယ် အထင်ကြီးသွားမိသည်။

နိုင်ငံအသီးသီး စိတ်တူကိုယ်တူ ဖြစ်လာရန်မှာ အဘယ်မှာ လွယ်ကူပါမည်နည်း။ အန်းယာလုရှန်းအနေဖြင့် ဤမျှ မြန်မြန်ဆန်ဆန် တိုးတက်မှုများ ရရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

“ဝန်ကြီးချုပ် စာထဲမှာ ဘာတွေ ရေးထားလဲ”

ဘေးနားရှိ ဘုရင်က မေးမြန်းလိုက်သည်။

ချင်းလင်က တိုက်ရိုက် ပြန်မဖြေဘဲ၊ လက်ထဲရှိ စာလွှာ အချို့ကို အတူတူ ကမ်းပေးလိုက်သည်။

ခဏတာမျှ အချိန်အတွင်း ဇင်ဘို သည် စာလွှာများကို ဖတ်ပြီးသွားသောအခါ၊ အမူအရာမှာ လေးနက်သွားကာ လက်ထဲရှိ စာလွှာများကို နန်းဆောင်အတွင်းရှိ အခြားသော ဗိုလ်ချုပ်များထံသို့ပါ ဆက်လက် လက်ဆင့်ကမ်းပေးလိုက်သည်။

လူအများ၏ ဉာဏ်ပညာကို စုစည်းမှသာ အဖြေကောင်း ရနိုင်မည် မဟုတ်ပါလော။

ယခုတစ်ကြိမ်မှာမူ ရိုးရှင်းလှသော စစ်ပွဲတစ်ခု မဟုတ်တော့ဘဲ၊ ယွီစန်း၏ ရှင်သန်ခြင်း သို့မဟုတ် ပျက်သုဉ်းခြင်းနှင့် ပတ်သက်နေသော ကိစ္စ ဖြစ်ပေသည်။

အကယ်၍ ကမ္ဘာမြေကြီးသာ ရေခဲဖုံးလွှမ်းသွားပြီး နှင်းမုန်တိုင်းများ ကျရောက်လာမည်ဆိုပါက၊ ကျယ်ပြောလှသော ယွီစန်း အင်ပါယာ ကြီးသည်လည်း တိုင်းပြည်ပျက်မည့် လမ်းတစ်ခုတည်းသာ ရှိပေတော့မည်။

“ဗိုလ်ချုပ်တို့ မင်းတို့ ဘယ်လို မြင်ကြလဲ”

ခဏကြာသော် ဘုရင်က မေးမြန်းလိုက်သည်။

နန်းဆောင်အတွင်း၌ ဗိုလ်ချုပ် အားလုံးမှာ တိတ်ဆိတ်နေကြပြီး၊ အကြည့်များမှာ အလိုလိုပင် မျက်နှာချင်းဆိုင်ရှိ ဝန်ကြီးချုပ် ချင်းလင်ဆီသို့ ရောက်ရှိသွားကြသည်။

မည်သည့်အချိန်တွင်မဆို ယွီစန်း အင်ပါယာ၌ အစစ်အမှန် ဆုံးဖြတ်ချက် ချနိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။

ဝန်ကြီးချုပ်။

“ဝန်ကြီးချုပ် အန်းယာလုရှန်းရဲ့ အရှိန်အဝါက အထွတ်အထိပ် ရောက်နေပါပြီ။ ဂိုဂူလျော၊ တာ့ခ် အင်ပါယာ၊ ရှီး၊ ခီတန် ပြီးတော့ ယိုကျိုးရဲ့စစ်သည်အင်အားတွေနဲ့ဆိုရင်၊ ဒါဟာ တကယ်ကို ကြီးမားလှတဲ့ အင်အားစုကြီး တစ်ခု ဖြစ်နေပါပြီ။ အကယ်၍ ကျွန်တော်တို့ အခုမပါဝင်ဘူးဆိုရင် အန်းယာလုရှန်းသာ တကယ် အောင်မြင်သွားခဲ့ရင်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့က ဟင်းရည်တစ်ခွက်တောင် ရမှာမဟုတ်တော့ဘဲ၊ ဒီကုန်းပြင်မြင့်ပေါ်မှာပဲ မျက်စိမှိတ်ပြီး သေဖို့ စောင့်နေရုံပဲ ရှိတော့မှာပါ”

“ဒါ့အပြင် အခုအခြေအနေက ကျွန်တော်တို့အတွက် အရမ်းကို အခြေအနေ မကောင်းပါဘူး။ တစ်လောကလုံးမှာ ကြည့်မယ်ဆိုရင် မဟာထန်ရဲ့ မြေမျက်နှာသွင်ပြင်က အကောင်းဆုံးပါပဲ။ အကယ်၍ နှင်းမုန်တိုင်းကို ရှောင်ချင်တယ်ဆိုရင်တော့၊ ကုန်းပြင်မြင့်ကနေ ထွက်ပြီး အလယ်ပိုင်းဒေသထဲကို ဝင်မှသာ ရပါလိမ့်မယ်။ နောက်ပြီး အခု မဟာထန်က သိသိသာသာ ကြိုတင် ပြင်ဆင်ထားတာကြောင့်၊ စားနပ်ရိက္ခာ သိုလှောင်မှုက အရမ်းများသလို၊ လောင်စာဆီ၊ ကျောက်မီးသွေး၊ ဝါဂွမ်း၊ သိုးမွှေးတွေကိုလည်း အမြောက်အမြား စုဆောင်းထားပါတယ်။ နိုင်ငံအားလုံး ပေါင်းလိုက်ရင်တောင် သူတို့ရဲ့ တစ်ဝက်တောင် ရှိမှာ မဟုတ်ပါဘူး”

“ဒီပြင်းထန်လှတဲ့ အအေးဒဏ်ကို ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ မဟာထန်ကို တိုက်ခိုက်မှသာ ရပါလိမ့်မယ်”

နန်းဆောင်အတွင်း၌ ယွီစန်း ဗိုလ်ချုပ်တစ်ဦးက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်ပြီး၊ လူတိုင်း၏ ရင်ထဲရှိ အတွေးများကိုလည်း တစ်ချက်တည်းဖြင့် ထုတ်ဖော် ပြောကြားလိုက်သည်။

“တာ့ချင်ရော့ကျန်း (ချင်းလင်၏ညီ)၊ တုစုန့်မန်ပို့ကျီ၊ ဟော့ရှုကွေကျန့်…… ကျွန်တော်တို့ ယွီစန်းရဲ့ထိပ်တန်း ဗိုလ်ချုပ်တွေ အကုန်လုံးနီးပါးဟာ ထန်လူမျိုးတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာပါ။ မည်သည့်အချိန်မှာမဆို၊ မဟာထန်ဟာ ကျွန်တော်တို့ ယွီစန်းရဲ့ အကြီးမားဆုံး ရန်သူပါပဲ။ လူဟာ ကောင်းကင်နဲ့ မပြိုင်နိုင်ပါဘူး၊ နိုင်ငံအသီးသီးနဲ့ ပူးပေါင်းပြီး မဟာထန်ကို တိုက်ခိုက်တာကမှ ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့ စစ်သည်တွေအတွက် ထိုက်တန်သလို၊ ကျွန်တော်တို့ရဲ့ နောက်ဆုံး ရှင်သန်မည့် လမ်းစလည်း ဖြစ်ပါတယ်”

နန်းဆောင်အတွင်း၌ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး၊ နန်ရီစုန့်ထျန်းပင်လျှင် ချင်းလင်ဆီသို့ လှမ်းကြည့်လိုက်မိသည်။

သိသာထင်ရှားလှသည်မှာ သူ၏ရင်ထဲတွင်လည်း ထိုကဲ့သို့သော အတွေးမျိုးပင် ရှိနေခြင်း ဖြစ်သည်။

ယွီစန်းနှင့် မဟာထန်မှာ မျိုးဆက်နှင့်ချီသော ရန်သူဟောင်းများ ဖြစ်ကြသည်။ ယခု မဟာထန်တွင် ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေသလို၊ အန်းယာလုရှန်းသည်လည်း စစ်သည်အင်အား တောင့်တင်းစွာဖြင့် ယိုကျိုးကို သိမ်းပိုက်ကာ မဟာထန်ကို ဦးတည်နေခြင်းမှာ၊ နိုင်ငံအသီးသီး အတွက်မူ အကောင်းဆုံး အခွင့်အရေးပင် ဖြစ်တော့သည်။

“ငါ့ကို ထပ်ပြီး စဉ်းစားခွင့် ပေးပါဦး”

ချင်းလင်က မျက်လုံးများကို မှိတ်လိုက်ပြီးနောက်၊ တစ်စုံတစ်ရာကို နက်နဲစွာ စဉ်းစားနေလျက် စကားမဆိုဘဲ နေပေသည်။

ဗိုလ်ချုပ်များ၏ အတွေးများကို သူ အဘယ်သို့ မသိဘဲ နေပါမည်နည်း။ သို့သော် ဤကိစ္စမှာ များစွာ ကြီးမားလှသဖြင့်၊ သူသည်လည်း လွယ်လင့်တကူ ဆုံးဖြတ်ချက် မချရဲချေ။

နန်းဆောင်အတွင်း၌ ထိုစကားကို ကြားလိုက်ရသည့်အခါ ဗိုလ်ချုပ်များ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသော အရိပ်အယောင်များကို ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။

သို့သော် ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကိုမူ မည်သူကမျှ သံသယ မဝင်ရဲကြချေ။

“တောင်”

လူတိုင်း၏ စိတ်ထဲ၌ တွေဝေနေကြစဉ်မှာပင်၊ ရုတ်တရက် ကျယ်လောင်လှသော ခရုသင်းမှုတ်သံတစ်ခု အဝေးဆီမှ ထွက်ပေါ်လာကာ၊ နန်းတော် တစ်ခုလုံးကို တုန်ခါသွားစေတော့သည်။

ဤမျှသာမကဘဲ ခရုသင်းမှုတ်သံ ထွက်ပေါ်လာသည့်အခါ၊ လူတိုင်း၏ စိတ်ဝိညာဉ်များ တုန်ခါသွားခဲ့ရပြီး၊ ဦးနှောက်ထဲ၌ပင်လျှင် နှင်းတောင် ပုံရိပ်ယောင် တစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ၎င်းမှာ ခန့်ညားထည်ဝါလှလျက် မြင့်မားစွာဖြင့် ကောင်းကင်အထိ ထိုးတက်နေပေတော့သည်

******

All Chapters