အခန်း (၂၁၂၃-၂၁၂၅)
Vol. 131 Ch. 2123-2125
အခန်း (၂၁၂၃) ပန်းတိုင်မှာ အနောက် တာ့ခ် အင်ပါယာ
မဟာနှင်းတောင် ခရုသင်းမှုတ်သံ
ဤအသံကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ စိတ်နှလုံးမှာ တုန်ခါသွားခဲ့ရပြီး၊ နန်းတော်ပြင်ပရှိ ခရုသင်းမှုတ်သံ ထွက်ပေါ်လာရာ အရပ်ဆီသို့ အလိုလိုပင် လှည့်ကြည့်လိုက်မိကြသည်။
ယွီစန်း၏ မြင့်မြတ်ရာ နယ်မြေဖြစ်သော မဟာနှင်းတောင် နတ်ကွန်း၏ အမြင့်ဆုံးနေရာတွင် ဖြူဖွေးလှသော ဧရာမ ခရုသင်းကြီး တစ်ခု ရှိနေကြောင်း လူတိုင်း သိရှိထားကြသည်။ ၎င်းမှာ နတ်ကွန်း၏ အထွတ်အထိပ် ဘာသာရေး အမှတ်အသားဖြစ်သလို၊ တစ်အင်ပါယာလုံး၏ အမြင့်ဆုံး အာဏာစက်၏ ပြယုဂ်လည်း ဖြစ်ကာ မဟာဘုန်းတော်ကြီးတစ်ဦးတည်းသာ အသုံးပြုပိုင်ခွင့် ရှိပေသည်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဤခရုသင်းကြီးကို အသုံးပြုခြင်းမှာ အလွန်ရှားပါးလှသည်။
ခရုသင်းမှုတ်သံ ထွက်ပေါ်လာပြီဆိုလျှင် ကြီးမားသော ကိစ္စရပ် တစ်ခုခု ဖြစ်ပေါ်တော့မည် ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။ ပို၍ အရေးကြီးသည်မှာ ခရုသင်းမှုတ်သံ ထွက်ပေါ်လာတိုင်းတွင် သေချာပေါက် ဟောကိန်းတစ်ခုခုနှင့် ဆက်စပ်နေလေ့ ရှိခြင်းပင် ဖြစ်သည်။
“ချင်းလင် မင်း နတ်ကွန်းဆီကို တစ်ခေါက်လောက် လာခဲ့ပါဦး”
ထိုအချိန်မှာပင် နန်းဆောင်အတွင်း၌ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံမှာ ရှေးဟောင်းဆန်လှပြီး ဝိညာဉ်ကို ငြိမ်းချမ်းစေနိုင်သော စွမ်းအားများ ပါဝင်နေပေသည်။
“မဟာဘုန်းတော်ကြီး”
ဤအသံကို ကြားလိုက်ရသည့်အခါ လူတိုင်း ထိတ်လန့်သွားကြပြီး ဇင်ဘို ဘုရင် ပင်လျှင် ပလ္လင်ပေါ်မှ မတ်တပ်ထရပ်လိုက်မိသည်။
မဟာဘုန်းတော်ကြီး ကိုယ်တိုင် ပေါ်ထွက်လာခြင်းမှာ သာမန်ကိစ္စ မဟုတ်ချေ။ နတ်ကွန်းမှ နောက်ထပ် ဟောကိန်းအသစ်တစ်ခု ထပ်မံ ထုတ်ပြန်လိုက်ခြင်းများ ဖြစ်နေမလား။
ဘုရင ၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားရပြီး မသိမသာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
သို့သော် လူတိုင်း မည်သို့ပင် တွေးနေကြပါစေ၊ ထိုစကားကို ဆိုပြီးနောက်တွင်မူ ရဟန္တာမြတ်၏ အငွေ့အသက်မှာ နန်းဆောင်အတွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး မည်သည့် လှုပ်ရှားမှုမျှ ထပ်မံ မရှိတော့ချေ။
“မင်းတို့တွေ အရင် ထွက်သွားကြဦး၊ ငါ နတ်ကွန်းဆီကို တစ်ခေါက် သွားလိုက်ဦးမယ်။ ယိုကျိုး က ကိစ္စကိုတော့ ငါ ပြန်လာမှပဲ ဆက်ပြီး တိုင်ပင်ကြတာပေါ့”
ချင်းလင်သည်လည်း ဟောကိန်းကိစ္စကို သေချာပေါက် တွေးမိသွားဟန် ရှိသည်။ သူ၏ အမူအရာ လေးနက်သွားကာ ဝတ်ရုံကို ခါယမ်းလျက် နန်းဆောင်ကို ဖြတ်ကျော်ကာ လူတိုင်း၏ အမြင်အာရုံထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ချင်းလင် မှာမဟာနှင်းတောင် နတ်ကွန်းသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သော်လည်း၊ သူ ထိုနေရာ၌ မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သနည်း ဟူသည်ကိုမူ မည်သူမျှ မသိရှိကြချေ။
သို့သော် နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင်မူ
ယွီစန်း အင်ပါယာ၏ နန်းတော်အတွင်းမှ စာပို့ခို တစ်ကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး၊ တာ့လုံချင်းလင် ကိုယ်တိုင် ရေးသားထားသော လက်ရေးမူ စာလွှာကို သယ်ဆောင်လျက် အရှေ့ဘက် ဝေးကွာလှသော ယိုကျိုးဆီသို့ ပျံသန်းသွားတော့သည်။
အချိန်အတော်ကြာ တွေဝေနေခဲ့ပြီးနောက်တွင်မူ ယွီစန်းသည် နောက်ဆုံး၌ နိုင်ငံအသီးသီးနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ပြီ ဖြစ်သည်။
ဤသို့ဖြင့် မဟာထန်၏ မြောက်ဘက် နယ်စပ်ရှိ နိုင်ငံများကြားတွင် ဧရာမ မဟာမိတ် အဖွဲ့အစည်းကြီးတစ်ခု စတင် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါတွင်မူ သဘောထား မပြရသေးသည့် နိုင်ငံမှာ အနောက် တာ့ခ် အင်ပါယာ တစ်ခုတည်းသာ ကျန်ရှိတော့သည်။
……
နယ်စပ်ဒေသများမှ လှုပ်ရှားမှုများကို ခေတ္တထားခဲ့လျှင်၊ ဤအခိုက်အတန့်၌ မဟာထန် ၏ မြို့တော်အတွင်း၌မူ
“ဟူး”
လေအေးများ ဟိန်းဟောက်တိုက်ခတ်နေပြီး ရာသီဥတုမှာလည်း အုံ့မှိုင်းနေသည်။ တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် အလယ်ပိုင်းဒေသတစ်ခုလုံး၏ အပူချိန်မှာ ဆယ်ဒီဂရီကျော်ခန့်အထိ ထိုးကျသွားခဲ့သဖြင့် ဆောင်းတွင်းအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည့်အလား ခံစားနေရသည်။
မြို့တော်အတွင်းရှိ ချမ်းသာကြွယ်ဝသော မိသားစုကြီးများ၏ စံအိမ်များတွင်မူ မီးသွေးများကို အားရပါးရ မီးမွှေးထားကြပြီ ဖြစ်သည်။
လမ်းမများပေါ်တွင်လည်း ထင်းရောင်းချရန် အော်ဟစ်နေသော ထင်းခွေသမားများကို နေရာအနှံ့ မြင်တွေ့နေရပြီး ပုံမှန်ထက် နှစ်ဆကျော်ခန့် ပိုမို များပြားလာသည်။
ယခင်က စည်ကားလှသော မြို့တော်မှာ ယခုအခါတွင်မူ အတော်လေး ခြောက်ကပ်နေပေသည်။ လမ်းမများပေါ်တွင် လမ်းသွားလမ်းလာ အနည်းငယ်သာ ရှိပြီး၊ စစ်မြင်းများကို စီးနင်းကာ နေရာအနှံ့ ကင်းလှည့်နေသော မြို့စောင့်တပ်နှင့် မြို့ပြကာကွယ်ရေးတပ် တို့ကိုသာ မြင်တွေ့ရတော့သည်။
တစ်ချိန်တည်းမှာပင် နန်းတော်၏အနောက်တောင်ဘက်ရှိ မျိုးနွယ်ခြားဘုရင် စံအိမ်အတွင်း၌မူ နန်းဆောင်၏ အလယ်ဗဟိုတွင် သားရဲဦးခေါင်းပုံစံ မီးသွေးကန် တစ်ခုကို ချထားကာ၊ အတွင်းရှိ မီးသွေးများမှာ ရဲရဲတောက်နေလျက် အပူလှိုင်းများကို ထုတ်လွှတ်ပေးနေသဖြင့် နန်းဆောင်တစ်ခုလုံးကို နွေးထွေးနေစေသည်။
ဝမ်ချောင်နှင့် ရွှီချီချင်းတို့မှာ တစ်ဦးက အပြာရောင်ဝတ်စုံ၊ တစ်ဦးက အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားကြလျက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ နှစ်ဦးကြားရှိ စန္ဒကူးသား စားပွဲပေါ်တွင် လက်ဖက်ရည်အိုး တစ်အိုး၊ လက်ဖက်ရည်ခွက် နှစ်ခွက်နှင့် မုန့်အချို့၊ ယိုအချို့ကို တည်ခင်းထားပြီး လေထုမှာ အလွန် ငြိမ်သက်နေပေသည်။
“…… ကျောက်မီးသွေးအားလုံးကို အစီအစဉ်အတိုင်း ပြည်နယ်နဲ့ ခရိုင်အသီးသီးဆီကို ပို့ဆောင်ပေးပြီးပါပြီ။ လောင်စာဆီ နဲ့ ပတ်သက်လို့ကတော့ နှစ်ပုံကို နယ်မြေအသီးသီးဆီ ခွဲဝေပို့ပေးထားပြီး၊ ကျန်တာတွေကိုတော့ အရှေ့မြောက်နဲ့ အနောက်မြောက် ရှေ့တန်း စစ်မြေပြင်တွေဆီကို ပို့ဆောင်လိုက်ပါတယ်။ ဒါ့အပြင် ဝါဂွမ်း၊ ပိတ်ချော၊ သိုးမွှေးတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေနဲ့ စောင်တွေကိုလည်း အကုန်လုံး ခွဲဝေ ပေးပြီးပါပြီ”
“ပြည်နယ်နဲ့ ခရိုင်အသီးသီးမှာလည်း လူထုကို စိတ်အေးစေဖို့အတွက် ကြေညာချက်တွေ ကပ်ထားပါတယ်။ ဝေးကွာလှတဲ့ တောင်ပေါ်ဒေသတွေမှာ နေထိုင်တဲ့ ရွာသားတွေကိုလည်း အနီးဆုံး ခရိုင်မြို့တွေက ယာယီ ခိုလှုံရာစခန်းတွေဆီကို ပြောင်းရွှေ့ပေးထားပြီးပါပြီ။ ဒေသအသီးသီးက အုပ်ချုပ်ရေးရုံးတွေမှာလည်း လုံခြုံရေးကို ထိန်းသိမ်းဖို့နဲ့ ဆူပူသောင်းကျန်းမှုတွေ မဖြစ်အောင် အစောင့်အရှောက် အင်အားတွေကို အကြီးအကျယ် တိုးချဲ့ထားပါတယ်”
“ဒါပေမဲ့ အခြေအနေကတော့ စိုးရိမ်စရာ ရှိနေတုန်းပါပဲ။ အပူချိန် ကျဆင်းတဲ့နှုန်းက အရမ်း မြန်လွန်းနေတယ်။ မြို့ပြင်က ကျုံးရေတွေတောင် စပြီး ခဲနေပြီ၊ ပြီးတော့ အပူချိန်ကလည်း ဆက်ပြီး ကျနေတုန်းပဲ၊ ရပ်တန့်မယ့် အရိပ်အယောင် လုံးဝမရှိသေးဘူး”
“ကျွန်မတို့ လူလွှတ်ပြီး မြောက်ဘက်က သတင်းတွေကို စုံစမ်းခိုင်းထားပါတယ်။ အခု အခြေအနေအရဆိုရင် မဟာ အအေးလှိုင်းက အရှေ့နှင့် အနောက် တာ့ခ် အင်ပါယာ၊ ဂိုဂူလျော စတဲ့ နိုင်ငံတွေဆီကို တိုးဝင်နေပါပြီ။ တစ်လမပြည့်ခင်မှာ အဲဒီနိုင်ငံတွေဟာ နှင်းမုန်တိုင်းတွေအောက်မှာ လုံးဝနစ်မြုပ်သွားနိုင်ပြီး၊ အဲဒီနောက်မှာတော့ အအေးလှိုင်းက တောင်ဘက်ကို ဆင်းလာပြီး တစ်မဟာထန်လုံးကို လွှမ်းမိုးသွားပါလိမ့်မယ်”
“ဒါ့အပြင် ကျွန်မတို့ဘက်က စားနပ်ရိက္ခာနဲ့ သိုးမွှေးတွေကို ပုံမှန်ထက် နှစ်ဆလောက် ပိုပေးပြီး ဆက်ပြီး ဝယ်ယူနေပေမဲ့၊ အခု ဈေးကွက်ထဲမှာ ဘာမှ ဝယ်လို့ မရတော့ပါဘူး။ နိုင်ငံအသီးသီးက ဒီပစ္စည်းတွေကို စတင်ထိန်းချုပ်နေကြပါပြီ။ မဟာထန်ရဲ့လူဦးရေက အခြားနိုင်ငံတွေထက် အများကြီး ပိုများတာကြောင့်၊ အကယ်၍ ရှင့်ဘက်က ကြိုတင်ပြီး မပြင်ဆင်ထားခဲ့ရင်တော့၊ အကျိုးဆက်က မှန်းဆလို့တောင် ရမှာ မဟုတ်ဘူး”
ရွှီချီချင်းသည် လက်ထဲရှိ စာရင်းဇယားကို ကိုင်ထားလျက် အရပ်မျက်နှာ အသီးသီးမှ တိုးတက်မှုများကို တစ်ခုချင်းစီ ရှင်းပြနေပေသည်။ စကားအဆုံးတွင်မူ သူမသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိကာ ရင်ထဲတွင်လည်း များစွာ ကံကောင်းသည်ဟု ခံစားနေရသည်။
ကြိုတင် ပြင်ဆင်ထားမှသာ အရာရာ အဆင်ပြေမည် မဟုတ်ပါလော။ ဤတစ်ကြိမ် မဟာ အအေးလှိုင်း ကြီးမှာ အရှိန်အဟုန် ပြင်းထန်လှသည်။ ၎င်းမှာ တောင်ဘက်သို့ တရားဝင် ဆင်းမလာသေးဘဲ မဟာထန်တစ်ခုလုံးကို မလွှမ်းမိုးသေးသော်လည်း၊ မြောက်ဘက်ပိုင်းတွင် ဖြစ်ပေါ်စေခဲ့သော ကြောက်မက်ဖွယ် ပျက်စီးဆုံးရှုံးမှုများမှာ မည်သူ့ကိုမဆို ထိတ်လန့် တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
အကယ်၍သာ ဘေးရောက်မှ ဘုရားတ ဆိုသကဲ့သို့၊ အအေးလှိုင်း ကျရောက်မှ ပြင်ဆင်မည်ဆိုပါက အရာရာတိုင်းမှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ချောင်ကမူ အမူအရာ တည်ငြိမ်နေဆဲပင်။ ဤကိစ္စအတွက် နန်းတွင်းဘက်မှ ရွှေစင်တုံး သန်းပေါင်း တစ်ထောင်ကျော် အသုံးချခဲ့ရသလို၊ သူကိုယ်တိုင်လည်း သန်းပေါင်း လေးငါးရာခိုင်ခန့် ရင်းနှီးခဲ့ရသည်။ ၎င်းတွင် သူ ပင်လယ်ရပ်ခြား ကတိသစ္စာနယ်မြေမှ သယ်ယူလာခဲ့သော အထွက်နှုန်းကောင်းသည့် စပါးမျိုးစေ့ အမြောက်အမြားကို ထည့်သွင်း တွက်ချက်ခြင်း မပြုရသေးချေ။
သို့မဟုတ်ပါက မဟာထန်၏ သန်းပေါင်းများစွာသော လူဦးရေမှာ ယနေ့ကဲ့သို့ အေးချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
“အင်း ငါ မင်းကို ယုံကြည်ပါတယ်။ ဒီအပိုင်းမှာ မင်း ရှိနေတာကြောင့် မဟာထန်ရဲ့ ပြည်တွင်းရေးကတော့ လောလောဆယ် စိုးရိမ်စရာ မရှိတော့ပါဘူး”
ဝမ်ချောင်က ဆိုလိုက်သည်။
နောက်ကွယ်မှ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းတွင် ရွှီချီချင်း၏ စွမ်းဆောင်ရည်မှာ သူ့ကို မည်သည့်အခါမျှ စိတ်ပျက်စေခဲ့ခြင်း မရှိချေ။
ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ ရွှီချီချင်းသည် အသာအယာ ပြုံးလိုက်မိကာ မျက်နှာလေးမှာလည်း အနည်းငယ် ရှက်သွေးဖြာသွားခဲ့ရသည်။
“ဒါနဲ့ ရှင့်ဘက်ကရော ဘယ်လိုရှိလဲ”
ရွှီချီချင်းသည် လျင်မြန်စွာ သတိပြန်ဝင်လာကာ မေးမြန်းလိုက်သည်။
အခြေအနေက အရေးတကြီး ဖြစ်နေပေသည်။ သူမက ဝမ်ချောင်အား မဟာထန် အတွင်းရှိ ပြည်သူများကို စိတ်အေးစေရန်နှင့် ရောက်ရှိလာတော့မည့် အအေးဒဏ်ကို ခုခံရန်အတွက် အဓိက ကူညီပေးနေသော်လည်း၊ ပြည်ပရေးရာနှင့် စစ်ပွဲနှင့် ဆက်စပ်နေသော အပိုင်းများကိုမူ ဝမ်ချောင် ကိုယ်တိုင်သာ တာဝန်ယူ ကိုင်တွယ်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးမှာ တစ်ဦးက ပြည်တွင်း၊ တစ်ဦးက ပြည်ပဟူ၍ တာဝန်များကို ရှင်းလင်းစွာ ခွဲဝေထားကြပြီး အချင်းချင်း ဟန်ချက်ညီစွာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
“အဆင်သင့် ဖြစ်သလောက် ရှိပါပြီ”
ဝမ်ချောင်သည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကိုမကာ အသာအယာ တစ်ငုံ သောက်လိုက်ပြီးနောက် အမူအရာမှာ တည်ငြိမ်အေးဆေးနေသည်။
“သံမဏိတွေနဲ့ လက်မှုပညာရှင်တွေ အကုန်လုံး သက်ဆိုင်ရာ နေရာတွေကို ရောက်နေကြပါပြီ”
“ဒါဆို အန်းယာလုရှန်းဘက်ကရော”
ရွှီချီချင်း၏ လှပသော မျက်ဝန်းများထဲတွင် အလင်းရောင် တစ်ချက် လက်သွားကာ မေးလိုက်သည်။
“အရင်အတိုင်းပါပဲ၊ မငြိမ်မသက် ဖြစ်နေတုန်းပဲ။ မကြာသေးခင်က စစ်သည်အင်အားတွေကို စုစည်းနေတယ်ဆိုတော့၊ ပုန်ကန်မယ့်ကိစ္စက ဒီကာလအတွင်းမှာပဲ ဖြစ်လာနိုင်တယ်”
ဝမ်ချောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒီလိုဆိုရင်၊ သူက ဂိုဂူလျော၊ ရှီ ၊ ခီတန် ၊ ပြီးတော့ တာ့ခ် အင်ပါယာတွေကိုပါ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီလို့ ဆိုရမှာလား”
ရွှီချီချင်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်စုံတစ်ရာကို ချက်ချင်း ရိပ်မိသွားကာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး မသိမသာ စိုးရိမ်ပူပန်သွားရသည်။
“ရန်သူ လာရင် ဗိုလ်ချုပ်က ခုခံမယ်၊ ရေလာရင် မြေနဲ့ တားမယ် ဆိုတဲ့အတိုင်း၊ အရာရာတိုင်းကို ငါ စီစဉ်ထားပြီးသားပါ။ အန်းယာလုရှန်း စစ်မထွက်ရင်တော့ ကိစ္စမရှိပေမဲ့၊ စစ်ထွက်လာတာနဲ့ အဲဒါက သူ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ သူ့ကို ကြီးမားတဲ့ လက်ဆောင်တစ်ခု ပေးလိုက်မှာပါ”
ဝမ်ချောင်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ၊ အကြည့်များမှာ အေးစိမ့်သွားပြီး အမူအရာတွင်လည်း အလိုအလျောက်ပင် ပြင်းထန်သော ယုံကြည်မှုများ ပေါ်ထွက်လာသည်။
"အခန်းကျဉ်းလေး အတွင်း၌ ကြိုတင်စီမံလျက် မိုင်ထောင်ချီ အကွာအဝေးရှိ စစ်ပွဲကို အောင်နိုင်ခြင်း" ဆိုသကဲ့သို့၊ သူ ပြန်လည် မွေးဖွားလာသည့် အချိန်မှစ၍ ဤနေ့ရက် ရောက်ရှိလာရန် သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
အန်းရှီ ပုန်ကန်မှုတွင် "ရှီ" ဟူသော စာလုံးကို သူ ဖယ်ရှားနိုင်ခဲ့ပြီး ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ကျန်ရှိနေသော နောက်ဆုံး "အန်း" ဟူသော စာလုံးကိုပါ အမြစ်ပြတ် ချေမှုန်းပစ်ကာ မဟာထန် အတွက် ဤဘေးအန္တရာယ်ကို ထာဝရ ဖယ်ရှားပေးတော့မည် ဖြစ်သည်။
“အရှင်”
ဝမ်ချောင် စဉ်းစားနေစဉ်မှာပင်၊ ပြင်ပမှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာသည်။ ခဏတာမျှ အချိန်အတွင်းမှာပင် ကျန်းချွယ်မှာ စာလွှာတစ်စောင်ကို ကိုင်ထားလျက် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
သူက စကားစလိုက်စဉ်မှာပင် နန်းဆောင်အတွင်းရှိ ရွှီချီချင်းကို မြင်တွေ့လိုက်ရသဖြင့် ခေတ္တမျှ မှင်တက်သွားကာ အလျင်အမြန် ခေါင်းငုံ့လိုက်သည်။
“ရွှီမိန်းကလေး…… အရှင် ကျွန်တော် ခဏလောက် ပြန်ထွက်သွားလိုက်ပါဦးမယ်၊ ခဏနေမှ ပြန်လာခဲ့ပါ့မယ်”
ကျန်းချွယ်မှာ မျက်နှာ အနည်းငယ် ပျက်သွားကာ စကားဆိုရင်း နန်းဆောင်အတွင်းမှ ပြန်လည် ဆုတ်ခွာသွားရန် ပြင်လိုက်သည်။
“မလိုတော့ဘူး”
ဝမ်ချောင်က ဝတ်ရုံကို ခါယမ်းလျက် တည်ငြိမ်စွာ ဆိုလိုက်သည်။ ကျန်းချွယ် မှာ တစ်စုံတစ်ရာကို အထင်လွဲနေပုံ ရသည်။
“ပြောစမ်း၊ ဘာကိစ္စလဲ”
“ဟုတ်ကဲ့ပါ”
ကျန်းချွယ်သည် အနည်းငယ် တွန့်ဆုတ်သွားပြီးနောက်၊ စာလွှာထဲမှ အကြောင်းအရာများကို သတိရသွားကာ အမူအရာ ချက်ချင်း လေးနက်သွားပြီး တင်ပြလိုက်သည်။
“အခုလေးတင် သတင်းရပါတယ်။ အရှေ့မြောက်ပိုင်း ဒေသမှာ ယိုကျိုး က အန်းယာလုရှန်း ရဲ့ လှုပ်ရှားမှုတွေက အရမ်း စိပ်လာနေပါတယ်။ စစ်ကို ကြိုတင် ထွက်မယ့် အရိပ်အယောင်တွေ ရှိနေသလို၊ ကျွန်တော်တို့ ယိုကျိုးမှာ ထားထားတဲ့ သူလျှိုတွေက ယွီစန်းလူမျိုးတွေရဲ့ ခြေရာလက်ရာတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်”
“ဝုန်း”
ကျန်းချွယ်၏ နောက်ဆုံး စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင် ၏ မျက်ဝန်းများ ကျုံ့သွားခဲ့ရကာ အမူအရာမှာလည်း ရုတ်တရက် အလွန်အမင်း အေးစိမ့်သွားတော့သည်။
တာ့လုံချင်းလင် ။
ပတ်ဝန်းကျင်ရှိ နိုင်ငံများကို သူ အမြဲတမ်း လူလွှတ်၍ စောင့်ကြည့်ခိုင်းထားသလို၊ စာများ ပေးပို့ကာ ခြိမ်းခြောက်ခြင်း၊ စည်းရုံးခြင်းများဖြင့် သတိပေးထားခဲ့သည်။ ယခုအချိန်အထိမူ ယိုကျိုး ပတ်ဝန်းကျင်ရှိ နိုင်ငံများသာ အန်းယာလုရှန်း နှင့် နီးကပ်စွာ ဆက်ဆံနေကြခြင်း ဖြစ်သော်လည်း၊ အကယ်၍ တာ့လုံချင်းလင် နှင့် ယွီစန်း အင်ပါယာ သာ အန်းယာလုရှန်း ၏ မဟာမိတ် အဖွဲ့အစည်းထဲသို့ ပါဝင်လာမည်ဆိုလျှင်မူ၊ အရာရာတိုင်းမှာ လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်သည်။
အန်းယာလုရှန်းမှာ စစ်သည်အင်အား တောင့်တင်းလှသလို ကောင်းရှန်း၏ အကူအညီလည်း ရှိသော်လည်း၊ အချုပ်အားဖြင့်ဆိုရသော် သူ၏ ဝါရင့်မှုမှာ အားနည်းသေးသလို အရှိန်အဝါမှာလည်း မလုံလောက်သေးချေ။
သို့သော် တာ့လုံချင်းလင်မှာမူ မတူညီတော့ချေ။ သူ၏ ဝါရင့်မှုမှာ ကျန်းချိုးကျန့်ချုံးတို့ထက်ပင် များစွာ သာလွန်ပြီး၊ ကုန်းမြေကမ္ဘာ တစ်ခုလုံး၌ ထိပ်တန်း ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သည်။
အကယ်၍ သူတို့နှစ်ဦး ပူးပေါင်းလိုက်မည်ဆိုပါက၊ အန်းယာလုရှန်း အတွက်မူ ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ဖြစ်သွားမည်ဖြစ်ကာ၊ လောကတစ်ခုလုံးကို လွှမ်းမိုးနိုင်မည့် အင်အားကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။
“ဖျပ်”
နောက်တစ်ခဏ၌ ဝမ်ချောင်က လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ၊ ဂန်ချီတစ်ခုမှာ ရုတ်တရက် ပန်းထွက်သွားခဲ့သည်။ ရှူးခနဲ အသံနှင့်အတူ၊ မလှမ်းမကမ်းရှိ ကြေးညိုစားပွဲကြီးပေါ်၌ လိပ်ထားသော၊ ပတ်ဝန်းကျင်ရှိ နိုင်ငံများနှင့် မဟာထန် ကို ထည့်သွင်းထားသည့် ဧရာမ မြေပုံကြီးမှာ ဖြန့်ထွက်သွားတော့သည်။
ဝမ်ချောင်သည် မတ်တပ်ထရပ်ကာ မြေပုံဆီသို့ လှမ်းသွားလိုက်သည်။
ရွှီချီချင်းနှင့် ကျန်းချွယ်တို့သည်လည်း အတူတူ လိုက်ပါသွားကြသည်။
ဝမ်ချောင်သည် မြေပုံတစ်ခုလုံးကို မျက်မှောင်ကြုတ်လျက် ကြည့်ရှုလိုက်သည်။ သူ၏ အကြည့်များမှာ ယိုကျိုး၊ ဂိုဂူလျော၊ တာ့ခ် အင်ပါယာ တို့မှတစ်ဆင့် ယွီစန်း အင်ပါယာ ဆီသို့ အစဉ်အတိုင်း ရွေ့လျားသွားပြီး၊ နောက်ဆုံးတွင်မူ ရုတ်တရက် လမ်းကြောင်း ပြောင်းလဲကာ မြေပုံ၏ အနောက်မြောက်ဘက် ထောင့်ရှိ နယ်မြေတစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။
“အခု သဘောထား မပြရသေးတာ အနောက် တာ့ခ် အင်ပါယာတစ်ခုတည်းပဲ ကျန်တော့တယ်”
“အကုန်လုံး တစ်ဆက်တည်း ဖြစ်သွားဖို့ဆိုတာ ဘယ်မှာ လွယ်ပါ့မလဲ။ လူလာစမ်း၊ ငါ့အတွက် အစ်ရှ်ဘာရာ ခါဂန်းဆီကို စာတစ်စောင် ရေးပေးစမ်း”
ဝမ်ချောင်က အေးစိမ့်စွာ ပြုံးလိုက်ပြီးနောက်၊ မြေပုံပေါ်ရှိ အနောက် တာ့ခ် အင်ပါယာ တည်ရှိရာ နေရာကို ကြည့်လျက်၊ မျက်ဝန်းထဲတွင် ဓားသွားများကဲ့သို့ ထက်မြက်လှသော အလင်းရောင်များ ဖြတ်ပြေးသွားတော့သည်။
အနောက် တာ့ခ် အင်ပါယာ မှာ ယွီစန်း နှင့် အရှေ့မြောက်ဘက် ယိုကျိုး မဟာမိတ်တပ်များ ကြားတွင် တည်ရှိနေသဖြင့်၊ အလွန် အရေးကြီးသော ဗဟိုချက် နေရာ ဖြစ်ပေသည်။
အန်းယာလုရှန်းသည် ယွီစန်း နှင့် မြောက်ဘက်ရှိ နိုင်ငံအားလုံးနီးပါးကို စည်းရုံးနိုင်ခဲ့ပြီ ဖြစ်သည်။ အကယ်၍ အနောက် တာ့ခ် အင်ပါယာသာ ထပ်မံ ပါဝင်လာမည်ဆိုပါက၊ မဟာထန် ၏ မြောက်ဘက်တွင် ဧရာမ မဟာမိတ် စစ်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာမည် ဖြစ်ကာ၊ နိုင်ငံအားလုံး ပေါင်းစည်းသွားသဖြင့် မဟာထန် အတွက် ဖိအားများက ပိုမို ကြီးမားလာပေလိမ့်မည်။
သို့သော် ဝမ်ချောင်ကတော့ သူတို့ကို တစ်ဆက်တည်း ဖြစ်သွားမည့် အခွင့်အရေးကို မည်သည့်နည်းနှင့်မျှ ပေးလိမ့်မည် မဟုတ်ပေ။
ယွီစန်းသည်လည်း အန်းယာလုရှန်း၏ ယိုကျိုးမဟာမိတ်တပ်ထဲသို့ ဝင်ရောက်သွားသည့်အခါ၊ အနောက်မြောက်ဘက်ရှိ အနောက် တာ့ခ် အင်ပါယာ မှာ ချက်ချင်းပင် အထူးအရေးပါလာတော့သည်။
အကယ်၍ အနောက် တာ့ခ် အင်ပါယာ နေရာတွင် ဓားတစ်ချက် ထိုးစိုက်နိုင်မည်ဆိုပါက၊ ဉာဏ်ကြီးရှင် ဗိုလ်ချုပ် တာ့လုံချင်းလင် နှင့် အရှေ့မြောက်ဘက်မှ အန်းယာလုရှန်း ၏ စစ်တပ်ကြီးကို တစ်ခုနှင့်တစ်ခု ခွဲထုတ်လိုက်နိုင်မည် ဖြစ်ကာ၊ ကျော်ဖြတ်၍ မရနိုင်သော ဧရာမ အကာအကွယ်ကြီးတစ်ခုကို ဖန်တီးလိုက်နိုင်မည် ဖြစ်သည်။
တာ့လုံချင်းလင်နှင့်အန်းယာလုရှန်း တို့သာ ပူးပေါင်းသွားမည်ဆိုပါက သူတို့၏ အင်အားမှာ မှန်းဆ၍ မရနိုင်သော်လည်း၊ အကယ်၍သာ သူတို့ကို ခွဲထုတ်ထားနိုင်မည်ဆိုလျှင်မူ၊ သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းမှာ များစွာ လျော့ကျသွားမည် ဖြစ်ကာ၊ ဝမ်ချောင် အနေဖြင့် သူတို့ကို တစ်ဖွဲ့ချင်းစီ အနိုင်ယူနိုင်မည့် အခွင့်အရေးများပင် ရရှိလာပေလိမ့်မည်
“ဟုတ်ကဲ့ပါ”
နန်းဆောင်အတွင်း၌ ကျန်းချွယ်က ကိုယ်ကို ညွှတ်ကာ အရိုအသေပေးပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ခဏကြာသော် စာပို့ခို တစ်ကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး အနောက်မြောက်ဘက်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
……
******
အခန်း (၂၁၂၄) အနောက် တာ့ခ်၏ ကပ်ဘေး
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ကုန်းမြေကမ္ဘာ၏ မြောက်ဘက်အရပ်၌ အပူချိန်မှာ အရှိန်အဟုန်ဖြင့် ထိုးကျသွားခဲ့ပြီး ကောင်းကင်ယံ တစ်ခုလုံးတွင်လည်း နှင်းပွင့်များ ဖုံးလွှမ်းနေတော့သည်။
တစ်နေ့ထက်တစ်နေ့ နိုင်ငံအသီးသီး၏ အခြေအနေမှာ ပိုမို ခက်ခဲကျပ်တည်းလာခဲ့သည်။
ဤအခိုက်အတန့်တွင်မူ အနောက်မြောက်အရပ်၊ ပေထင်၏ မြောက်ဘက်ရှိ ဝေးကွာလှသော အနောက် တာ့ခ် အင်ပါယာသည် အနောက် တာ့ခ် လူမျိုးများပင် သတိမထားမိလိုက်ဘဲ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။ လေထုမှာလည်း တစ်စုံတစ်ရာ ထူးဆန်းလာခဲ့ပေသည်။
အနောက် တာ့ခ်တို့၏ မြင့်မြတ်ရာ တောင်တန်းဖြစ်သော ဆန်မီတောင်ပတ်ဝန်းကျင်၌
“ဟူး”
လေအေးများက ပြင်းထန်စွာ တိုက်ခတ်နေပြီး ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးမှာလည်း ဖြူဆွတ်နေသော နှင်းခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သိုးထိန်းများမှာ ထူထဲလှသော သိုးရေဝတ်စုံကြီးများကို ဝတ်ဆင်ထားကြလျက် နှင်းများ ဖုံးလွှမ်းနေပြီး အားအင်ချည့်နဲ့နေသော နွားနှင့်သိုးများကို တောင်ဘက်အရပ်ဆီသို့ အစွမ်းကုန် မောင်းနှင်နေကြသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြက်ခင်းပြင် တစ်ခုလုံး၌ နေရာအနှံ့ မြင်တွေ့နေရသည်။
ရာသီဥတုက ပိုမို အေးစိမ့်လာသည်နှင့်အမျှ တိရစ္ဆာန်များသာမက အနောက် တာ့ခ် လူမျိုးများသည်လည်း စားနပ်ရိက္ခာ ပြတ်တောက်မှုနှင့် အအေးဒဏ်ကို ခုခံနိုင်ရေးဟူသော ကြီးမားလှသည့် အခက်အခဲကြီးနှင့် ရင်ဆိုင်နေကြရသည်။
နေ့စဉ်နှင့်အမျှ လူပေါင်းများစွာမှာ အအေးဒဏ်ကြောင့် အသက်ပျောက်နေကြရပေသည်။
အင်ပါယာ၏ အခြေအနေမှာလည်း အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“စတုတ္ထမင်းသား ကျွန်တော်တို့မှာ အချိန် သိပ်မကျန်တော့ဘူး”
တောင်ခြေ၌ ဝတုတ်နေသော လူတစ်ဦးက အဝေးသို့ လှမ်းကြည့်ရာမှ အကြည့်များကို ရုပ်သိမ်းလိုက်ကာ လက်များကို ပွတ်တိုက်လျက် ဆိုလိုက်သည်။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ထိုသူမှာ ထူထဲလှသော သိုးရေဝတ်စုံကို ဝတ်ဆင်ထားလျက် မျက်နှာပေါ်၌လည်း မုတ်ဆိတ်မွှေးများ သိပ်သည်းစွာ ပေါက်နေပေသည်။ သူမှာ အခြားသူ မဟုတ်ဘဲ မြင်းကုန်သည်ကြီးဖြစ်သော ဟူလူးယဲ့ပင် ဖြစ်သည်။
သူ၏ရှေ့တွင်မူ အရှိန်အဟုန် ထူးခြားလှသော လူငယ်ဟူလူမျိုး တစ်ဦးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူ၏ ဝတ်စုံနောက်ကျောတွင်မူ တောက်လောင်နေသော နေဝန်းပုံရိပ်နှင့် နေဝန်းဆီသို့ ဦးတည်ကာ အူနေသော ဝံပုလွေ တစ်ကောင်၏ ပုံရိပ်ကို ထိုးထားပေသည်။ သူသည် ဆန်မီတောင်ထိပ်ဆီသို့ ကြည့်လျက် မှင်တက်နေပေသည်။ ထိုသူမှာ ယခင်က အနောက်မြောက် စစ်ပွဲတွင် ဝမ်ချောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော အနောက် တာ့ခ်၏ စတုတ္ထမင်းသား ဟူးဘားရှ်ပင် ဖြစ်တော့သည်။
အဂူဒူလန် သေဆုံးပြီးနောက်တွင်မူ စတုတ္ထမင်းသား ဟူးဘားရှ်နှင့် ဟူလူးယဲ့တို့၏ အနောက် တာ့ခ် အင်ပါယာ အတွင်းရှိ အခြေအနေမှာ တဖြည်းဖြည်း ကျပ်တည်းလာခဲ့ကာ အာဏာများလည်း လက်လွှတ်ခဲ့ရသည်။ ဆင်းရဲဒုက္ခ ရောက်နေသူချင်း ဖြစ်သဖြင့် သူတို့နှစ်ဦးမှာလည်း ပိုမိုရင်းနှီးလာခဲ့ကြသည်။
ယခုအခါ ဟူလူးယဲ့မှာ မသိမသာဖြင့် စတုတ္ထမင်းသား၏ အမာခံလူ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“နှင်းတွေက တစ်ပြင်လုံး ပိတ်နေပြီဆိုတော့၊ ခါဂန်းအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် တစ်ခုခု ချတော့မှာ သေချာတယ်”
ဟူလူးယဲ့က နှင်းမုန်တိုင်းများ ဖုံးလွှမ်းနေသော တောင်ထိပ်ကို ကြည့်လျက် ပြောလိုက်သည်။
“ပထမမင်းသားဘက်ကလည်း ခါဂန်း ရဲ့ အလေးပေးမှုကို ပိုပြီး ရလာနေပြီ။ ခါဂန်း သာ ဟိုဘက်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်၊ အဲဒါ ကျွန်တော်တို့ အာဏာ လုံးဝလက်လွှတ်လိုက်ရမယ့် အချိန်ပဲ”
ထိုစကားကို ဆိုလိုက်သည့်အခါ ဟူလူးယဲ့က စတုတ္ထမင်းသားကို အလိုလိုပင် တစ်ချက် လှမ်းကြည့်လိုက်မိသည်။
ယခင်က စတုတ္ထမင်းသားမှာ များစွာသော အချစ်တော် ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော တစ်နှစ်ကျော်က မိဖုရားကြီး ကွယ်လွန်သွားပြီးနောက်တွင်မူ အရာရာတိုင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။
ပထမမင်းသား အီဖီဒီယွန်းသည် ဗိုလ်ချုပ်ကြီး ဝူနိုရှီပိ၏ ထောက်ခံမှုကို ရရှိခဲ့သဖြင့် ရှာပိုလော်ခါဂန်း၏ ရှေ့မှောက်တွင် အလွန်အမင်း အလေးပေးခြင်း ခံလာရပြီး၊ စတုတ္ထမင်းသားကို ကျော်ဖြတ်ကာ ခါဂန်းရာထူးကို ဆက်ခံမည့် အရိပ်အယောင်များ ပြသလာခဲ့သည်။
စတုတ္ထမင်းသား ဟူးဘားရှ်မှာမူ ယခင်က ဝမ်ချောင်နှင့် ဆက်ဆံရေးများ ရှိခဲ့ဖူးသဖြင့် ယခုအခါတွင်မူ နန်းတွင်း၌ ဝိုင်းပယ်ခြင်းကို ခံနေရပြီး မဟာမဟာထန်ဘက်တော်သားအဖြစ်ပါ မသိမသာ သတ်မှတ်ခြင်း ခံနေရသည်။
ယခင်ကဆိုလျှင် ကိစ္စမရှိသော်လည်း ယခုအခါ နန်းတွင်းအတွင်း၌ အန္တရာယ်များ ကိန်းအောင်းနေပြီ ဖြစ်သည်။ ယိုကျိုး မဟာမိတ်တပ်ထဲသို့ ဝင်ရောက်မည်လား သို့မဟုတ် မဟာထန် နှင့် ရင်းနှီးစွာ နေထိုင်မည်လား ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အနောက် တာ့ခ်အတွင်း၌ အုပ်စုနှစ်စု ကွဲနေကာ အချင်းချင်း အကြီးအကျယ် အားပြိုင်နေကြပေသည်။
ရှေးယခင်ကတည်းက အာဏာလုပွဲ ဆိုသည်မှာ အလွန်အမင်း ရက်စက်လှပေသည်။ အလယ်ပိုင်းဒေသရှိ တော်ဝင်မိသားစုများသာမက နယ်စပ်ရှိ နန်းတွင်းများတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။
အကယ်၍ ပထမမင်းသားသာ နန်းတက်သွားခဲ့မည်ဆိုပါက လက်ရှိ အခြေအနေများအရ စတုတ္ထမင်းသား ဟူးဘားရှ် နှင့် သူ၏လူယုံများ အားလုံးမှာ အမြစ်ပြတ် ချေမှုန်းခံရမည် ဖြစ်သည်။
“ခါဂန်းက ငါ့အပေါ် ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ငါ လုံးဝ မယုံဘူး”
စတုတ္ထမင်းသားက ဆန်မီတောင်ထိပ်ဆီသို့ မော့ကြည့်လျက် အံကြိတ်ကာ ဆိုလိုက်သည်။ သို့သော် သူ၏ အသံထဲတွင်မူ သံသယများ ပြည့်နှက်နေပေသည်။
“ဟူး”
ဘေးနားရှိ ဟူလူးယဲ့က ထိုစကားကို ကြားလိုက်ရသည့်အခါ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။
ဧကရာဇ်တစ်ဦး ပြောင်းလဲသွားလျှင် အမတ်များလည်း လိုက်ပါ ပြောင်းလဲရသည် မဟုတ်ပါလော။ ခါဂန်းက ဟူးဘားရှ်ကို ချစ်ခင်ခဲ့ခြင်းမှာ မိဖုရားကြီးကြောင့်သာ ဖြစ်ပြီး၊ ယခု မိဖုရားကြီး မရှိတော့သည့်အခါ ရှာပိုလော်ခါဂန်းအနေဖြင့် သူ့အပေါ် ယခင်ကကဲ့သို့ ဆက်ဆံရန်မှာ မည်သို့ ဖြစ်နိုင်ပါတော့မည်နည်း။
စကားပြောနေစဉ်မှာပင် မြန်ဆန်လှသော မြင်းခွာသံများက တောင်ထိပ်ဆီမှ ထွက်ပေါ်လာခဲ့သည်။ မြင်းခွာသံများနှင့်အတူ တောင်ပေါ်ရှိ နှင်းများမှာလည်း လွင့်စင်နေခဲ့ကာ၊ ထို ရုတ်တရက် လှုပ်ရှားမှုကြောင့် သူတို့နှစ်ဦး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။
“ရှေ့မှာရှိတာ စတုတ္ထမင်းသား ဟူးဘားရှ်လား”
“ခါဂန်းမှာ အမိန့်ရှိပါတယ်။ စတုတ္ထမင်းသားကို အခုချက်ချင်း နန်းဆောင်ထဲ ဝင်ပြီး အဖူးအမြော် ခံခိုင်းလိုက်ပါတယ်”
တောင်ခြေ၌ ထိုအသံကို ကြားလိုက်ရသည့်အခါ ဟူးဘားရှ်နှင့်ဟူလူးယဲ့တို့၏ ကိုယ်ထည်မှာ အနည်းငယ် တုန်ယင်သွားခဲ့ရကာ၊ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ဝန်းထဲ၌ တူညီလှသော လေးနက်မှုများကို မြင်တွေ့လိုက်ကြရသည်။
“သွားကြစို့”
နောက်တစ်ခဏ၌ သူတို့နှစ်ဦးမှာ ထပ်မံ၍ စကားမဆိုတော့ဘဲ နှင်းမုန်တိုင်းများကို ဖြတ်ကျော်ကာ တောင်ထိပ်ဆီသို့ ဦးတည်လိုက်ကြတော့သည်။
ထိုအချိန်၌ ဆန်မီတောင်ထိပ်ရှိ ဧရာမ ရွက်ဖျင်တဲတော်အတွင်း၌ဧရာမ ကြေးနီ မီးဖိုကြီးထဲ၌ မီးတောက်နေသော သစ်သား မီးသွေးများမှာ တဖြောက်ဖြောက် မြည်လျက် တောက်လောင်နေပြီး မီးပွင့်လေးများမှာလည်း လေထဲသို့ လွင့်ပျံနေပေသည်။
ထိုမီးဖို၏ ပတ်ဝန်းကျင်၌ ပုံရိပ်များစွာမှာ ထည်ဝါစွာ ရပ်နေကြပြီး၊ တစ်ကိုယ်လုံးမှလည်း ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြပေသည်။ သူတို့အားလုံးမှာ ရွက်ဖျင်တဲအတွင်း၌ စုဝေးနေကြပြီး လေထုမှာလည်း အလွန်အမင်း တင်းမာနေပေသည်။
“အခြေအနေ ဘယ်လိုရှိလဲ”
ရွက်ဖျင်တဲတော် အတွင်း၌ ရှာပိုလော်ခါဂန်းက လှပခန့်ညားလှသော ဆမ်ဆာနစ်ကော်ဇောပေါ်၌ ထိုင်နေလျက် လေးနက်စွာ မေးမြန်းလိုက်သည်။
“အရှင်မင်းမြတ် အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ဆိုးရွားနေပါတယ်။ ဗိုလ်ချုပ်ကြီး ကျိုးတုဖူလော့ဆီက သတင်းရပါတယ်။ မြောက်ပိုင်း တစ်ခုလုံးမှာ အခုဆိုရင် နှင်းမုန်တိုင်းတွေက ရက်စက်စွာ တိုက်ခတ်နေပါတယ်။ သူက ဘိုင်ကယ်ကန်ကို ဖြတ်ပြီး မြောက်ဝင်ရိုးစွန်းရဲ့ အနက်ရှိုင်းဆုံး နေရာအထိ သွားရောက် စုံစမ်းဖို့ ကြိုးစားခဲ့ပါတယ်။ အအေးလှိုင်းရဲ့ အရင်းအမြစ်နဲ့ ရာသီဥတု ဖောက်ပြန်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမဲ့၊ မြောက်ဝင်ရိုးစွန်း သစ်တောနားကို မရောက်ခင်၊ မိုင်နှစ်ရာ၊ သုံးရာလောက် အကွာမှာတင် ရှေ့ဆက်သွားဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး”
“အဲဒီမှာ နှင်းမုန်တိုင်းတွေက ပြင်းထန်လွန်းလှပါတယ်။ ဗိုလ်ချုပ်ကြီး ကျိုးတုဖူလော့က အကြိမ်ကြိမ် ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ပေမဲ့၊ အနားကို ချဉ်းကပ်လိုက်တာနဲ့ သူ၏ ကိုယ်ပေါ်က ဂန်ချီတွေက ချက်ချင်းဆိုသလို အေးခဲပြီး အပိုင်းပိုင်း ကွဲထွက်သွားခဲ့ရပါတယ်။ ခွန်အားနဲ့အရှိန်အဝါတွေကလည်း အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။ အကယ်၍သာ အချိန်မီ ပြန်မဆုတ်ခဲ့ရင်တော့၊ ထိုနေရာမှာတင် အသက်ပျောက်သွားနိုင်ပါတယ်"
“ဗိုလ်ချုပ်ကြီးရဲ့ ပြောပြချက်အရဆိုရင် အနုစိတ်နယ်ပယ်အဆင့်နဲ့ အထက်မှာရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေကလွဲရင် ကျန်တဲ့သူ ဘယ်သူမှ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး”
မလှမ်းမကမ်းရှိ ကျိုးတုဖူလော့၏ လက်အောက်ခံ ဗိုလ်ချုပ်တစ်ဦးက ခေါင်းငုံ့ကာ လေးနက်စွာ ဆိုလိုက်သည်။
“ဘာ”
ထိုဗိုလ်ချုပ်၏ စကားကို ကြားလိုက်ရသည့်အခါ ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းမှာ မျက်နှာပျက်သွားကြတော့သည်။ ရှာပိုလော်ခါဂန်းလည်း ထိုအတိုင်းပင် ဖြစ်သည်။ ဤတစ်ကြိမ် အအေးလှိုင်းမှာ အရှိန်အဟုန် ပြင်းထန်လှပြီး တစ်အင်ပါယာလုံး၏ ရှင်သန်ခြင်း သို့မဟုတ် ပျက်သုဉ်းခြင်းနှင့် ပတ်သက်နေသောကြောင့်၊ အင်ပါယာ၏ ဗိုလ်ချုပ်ကြီး ကျိုးတုဖူလော့ကိုယ်တိုင် သွားရောက် စုံစမ်းခိုင်းခြင်း ဖြစ်သည်။ သို့သော် ကျိုးတုဖူလော့ကဲ့သို့သော ကျင့်စဉ် အဆင့်မျိုးဖြင့်ပင် အအေးလှိုင်း ကို ဖြတ်ကျော်နိုင်ခြင်း မရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤမျှသာမက သူ ပေးပို့လာသော သတင်းများအရ ဤတစ်ကြိမ် အအေးလှိုင်းကို ဖြတ်ကျော်ရန် ကြိုးစားရင်း ကျိုးတုဖူလော့မှာလည်း ဒဏ်ရာ အတော်အတန် ရရှိခဲ့ပုံ ရသည်။ အင်ပါယာ၏ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးမှာ အအေးလှိုင်း ကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည် ဟုတ်လား။ ဤသည်မှာ ဘယ်လိုလုပ် ဖြစ်နိုင်ပါမည်နည်း။ မည်ကဲ့သို့သော အအေးဒဏ်မျိုးက အင်ပါယာ ဗိုလ်ချုပ် တစ်ဦးကို ဒဏ်ရာ ရစေနိုင်ပြီး အချိန်မီ ပြန်မဆုတ်နိုင်အောင် ဖြစ်စေပါသနည်း။ ဤအမှန်တရားမှာ လူတိုင်းအတွက် မှန်းဆ၍ပင် မရနိုင်လောက်အောင် ဖြစ်နေပေသည်။
တစ်ခဏတာမျှ အချိန်အတွင်း ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။ အင်ပါယာ ပျက်သုဉ်းခြင်းနှင့် ပတ်သက်လာလျှင်၊ ဗိုလ်ချုပ်ကြီး ကျိုးတုဖူလော့မှာ ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ်ညာလိမ့်မည် မဟုတ်ပေ။
ကပ်ဘေးကြီး။
ဤသည်မှာ အစစ်အမှန် ကပ်ဘေးကြီးပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၏ ဦးနှောက်ထဲ၌ မြက်ခင်းပြင်ကြီးပေါ်တွင် နှစ်ပေါင်း ထောင်ချီ၍ လက်ဆင့်ကမ်းလာခဲ့သော၊ အနောက် တာ့ခ် အင်ပါယာ၏ နောက်ဆုံး ပျက်သုဉ်းခြင်း ကပ်ဘေးကြီးနှင့် ပတ်သက်သော ဟောကိန်းကို သတိရသွားကြတော့သည်။ သာမန်ဆောင်းရာသီမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးသို့ ရောက်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။ ဟောကိန်းထဲမှ ထိုကပ်ဘေးကြီး ကသာလျှင် အရာရာတိုင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
ခဏတာမျှ အချိန်အတွင်း လူတိုင်း၏ရင်ထဲ၌ အလွန်အမင်း လေးလံသွားကြတော့သည်။
“ဗိုလ်ချုပ်ကြီး ကျိုးတုဖူလော့ရဲ့ ဒဏ်ရာက ဘယ်လိုရှိလဲ”
ရှာပိုလော်မှာ မှင်တက်စွာဖြင့် အချိန်အတော်ကြာ နေပြီးမှ နောက်ဆုံးတွင် မေးမြန်းလိုက်သည်။
အအေးလှိုင်း ကိစ္စကို ခေတ္တထားခဲ့လျှင် ကျိုးတုဖူလော့ ၏ အခြေအနေမှာ အရေးအကြီးဆုံး ဖြစ်သည်။ အနောက် တာ့ခ် အင်ပါယာတစ်ခုလုံးတွင် ကျိုးတုဖူလော့မှာ အစွမ်းအထက်ဆုံး မဟုတ်သော်လည်း၊ သူ့အပေါ်တွင်မူ အစစ်အမှန် သစ္စာရှိသူ ဖြစ်သည်။ ထို့ကြောင့်လည်း ရှာပိုလော်က သူ့အား မြောက်ဘက်အရပ်ဆီသို့ ကိုယ်တိုင် သွားရောက် စုံစမ်းခိုင်းခြင်း ဖြစ်သည်။
“ဗိုလ်ချုပ်ကြီး ဒဏ်ရာအတော်လေး ပြင်းထန်ပါတယ်။ လောလောဆယ်တော့ မြောက်ဘက်မှာပဲ ဒဏ်ရာကို ကုသနေရလို့၊ အချိန်တိုအတွင်းမှာတော့ ပြန်လာနိုင်ဦးမှာ မဟုတ်ပါဘူး”
တောင်ဘက်နှင့် ဆက်သွယ်ရန် ကျန်ရစ်ခဲ့သော ကျိုးတုဖူလော့၏ လက်အောက်ခံ ဗိုလ်ချုပ်က ရိုသေစွာ လျှောက်တင်လိုက်သည်။
ရှာပိုလော်မှာ ထိုစကားကို ကြားလိုက်ရသည့်အခါမှ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ လောလောဆယ် တောင်ဘက်ကို ပြန်မလာနိုင်ဘဲ ဆန်မီတောင်ကို မရောက်နိုင်သေးသော်လည်း၊ အသက်အန္တရာယ် မရှိလျှင် တော်ပါပြီ။
“လက်ရှိ အခြေအနေအရဆိုရင်၊ ငါတို့တွေ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲ”
ရှာပိုလော်ခါဂန်း က ဆက်လက်၍ မေးမြန်းလိုက်သည်။
“အအေးလှိုင်းက တောင်ဘက်ကို ဆက်ပြီး ဆင်းလာနေတုန်းပါပဲ။ အကယ်၍ ဘိုင်ကယ်ကန်က နှင်းမုန်တိုင်းတွေရဲ့ တိုးဝင်လာတဲ့ အရှိန်နဲ့ တွက်ချက်မယ်ဆိုရင်တော့၊ အများဆုံး ရှစ်ရက်အတွင်းမှာ ကျွန်တော်တို့ရဲ့ မြောက်ဘက် မြက်ခင်းပြင်ကြီးရဲ့ အစပ်ကို ရောက်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ဆန်မီတောင်ဆီကိုလည်း…… သိပ်မဝေးတော့ပါဘူး”
ကျိုးတုဖူလော့၏ လက်အောက်ခံ ဗိုလ်ချုပ်က အနည်းငယ် တွန့်ဆုတ်သွားပြီးနောက်၊ တဲဆောင်အတွင်းရှိ လူတိုင်းကို တစ်ချက် ကြည့်လျက် လေးနက်စွာ ဆိုလိုက်သည်။
ထိုဗိုလ်ချုပ်၏ စကားကို ကြားလိုက်ရသည့်အခါ တဲဆောင်အတွင်းရှိ လူတိုင်း၏ မျက်နှာမှာ ပိုမိုလေးနက်သွားကြကာ၊ ရှာပိုလော်ခါဂန်းပင်လျှင် မျက်မှောင်များ အလိုလိုပင် တလှုပ်လှုပ် ဖြစ်နေတော့သည်။
လက်ရှိ အအေးဒဏ်ကပင်လျှင် အနောက်တာ့ခ် လူမျိုးများကို အကြီးအကျယ် ဒုက္ခပေးနေပြီ ဖြစ်ကာ နွား၊ သိုးနှင့် သိုးထိန်း အများအပြား သေဆုံးနေရပြီ ဖြစ်သည်။ အကယ်၍ ဤ သူလျှိုများ ပြောကြားချက်အတိုင်း အအေးလှိုင်းက ဆက်လက် တောင်ဘက်သို့ ဆင်းလာပြီး ဘိုင်ကယ်ကန် ကဲ့သို့သော အလွန်အမင်း အေးခဲသည့် ရာသီဥတုမျိုး ကျရောက်လာမည်ဆိုပါက၊ အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံးမှာ ပျက်စီးဆုံးရှုံးမှုကြီးနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ မြေပုံပေါ်မှပင် လုံးဝပျောက်ကွယ်သွားနိုင်ပေသည်။
ဤတစ်ကြိမ် အအေးလှိုင်း အခြေအနေမှာ သူ ထင်ထားတာထက် များစွာပိုမိုဆိုးရွားနေပေပြီ။
“အရှင်မင်းမြတ် ထပ်ပြီး စောင့်နေလို့ မဖြစ်တော့ပါဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ အနောက် တာ့ခ် အင်ပါယာ တည်ရှိနေနိုင်ပါ့မလား ဆိုတာကတောင် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အခု အရေးကြီးဆုံးက အန်းယာလုရှန်းတို့နဲ့ အမြန်ဆုံး ပူးပေါင်းဖို့ပါပဲ”
“အခုဆိုရင် နိုင်ငံအသီးသီးရဲ့ အခြေအနေက အရမ်းကို စိုးရိမ်စရာ ကောင်းနေပါပြီ။ မဟာထန်တစ်ခုတည်းသာ အေးအေးဆေးဆေး ရှိနေသလို၊ အအေးလှိုင်းရဲ့ ရိုက်ခတ်မှုကိုလည်း အများကြီး မခံရသေးပါဘူး။ ပြီးတော့ သူတို့ဆီမှာ စားနပ်ရိက္ခာတွေလည်း အမြောက်အမြား ရှိနေတာကြောင့် အဲဒီနေရာကပဲ နိုင်ငံအသီးသီးအတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပါလိမ့်မယ်"
“မဟာထန်က အခု အင်အား အရမ်း ကြီးမားနေလို့၊ သူတို့တွေက ကျွန်တော်တို့ဆီကို အလွယ်တကူ လာပြီး ကူညီလိမ့်မှာ မဟုတ်ပါဘူး။ ယိုကျိုးနဲ့ ပူးပေါင်းပြီး နိုင်ငံအသီးသီးရဲ့ အင်အားကို စုစည်းကာ တောင်ဘက်ကို တစ်ဟုန်ထိုး ဆင်းပြီး မဟာထန် ကို တိုက်ခိုက်သိမ်းပိုက်မှသာ ဒီကပ်ဘေးကြီးကနေ လွတ်မြောက်နိုင်မှာဖြစ်သလို ကျွန်တော်တို့ရဲ့ အနောက်တာ့ခ် အင်ပါယာကိုလည်း ကာကွယ်နိုင်မှာပါ။ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲ”
ရွက်ဖျင်တဲအတွင်း၌ အနောက် တာ့ခ် ဗိုလ်ချုပ် တစ်ဦးက နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်ကာ ကျယ်လောင်သောအသံဖြင့် ဆိုလိုက်တော့သည်။
ကျိုးတုဖူလော့ ကဲ့သို့သော အင်ပါယာ ဗိုလ်ချုပ် တစ်ဦးကိုပင် ဒဏ်ရာ ရစေနိုင်သော အအေးဒဏ်မျိုး ကျရောက်လာမည်ဆိုပါက အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံးတွင် မည်သူကများ ခုခံနိုင်ပါတော့မည်နည်း။
“မှန်ပါတယ် အရှင်မင်းမြတ် ထပ်ပြီးဆွဲထားလို့ မဖြစ်တော့ပါဘူး။ စစ်ပွဲမှာ အရှိန်အဟုန်က အရေးကြီးဆုံးပါပဲ။ နိုင်ငံအသီးသီးနဲ့ ပူးပေါင်းတာကမှ အနောက် တာ့ခ်အတွက် တစ်ခုတည်းသော ထွက်ပေါက်ပါပဲ။ ပြီးတော့ ဟောကိန်း ကိုလည်း ပြန်စဉ်းစားကြည့်ပါဦး၊ တောင်ဘက်အရပ် ကမှ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ရှင်သန်မည့် လမ်းစပါ”
အခြားသော အာဏာပိုင်ကြီးများနှင့် ဗိုလ်ချုပ်များကလည်း တစ်ဦးပြီးတစ်ဦး ဝင်ရောက် ထောက်ခံလိုက်ကြသည်။
မြက်ခင်းပြင်ကြီးပေါ်ရှိ ဟောကိန်းထဲတွင် အနောက် တာ့ခ်၏ ပျက်သုဉ်းခြင်း ကပ်ဘေးကြီးအပြင်၊ နောက်ထပ် အချက်တစ်ခုလည်း ပါဝင်နေသေးသည်။ အဲဒါကတော့ ရှင်သန်မည့် လမ်းစပင် ဖြစ်သည်။ ထိုဟောကိန်းမှာ မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သည်ကို မည်သူမျှ မသိရှိကြသော်လည်း၊ ဟောကိန်းထဲတွင်မူ “တောင်ဘက်အရပ်သည် တစ်ခုတည်းသော ရှင်သန်မည့် လမ်းစဖြစ်သည်” ဟု အမှန်တကယ်ပင် ပါဝင်နေပေသည်။
စကားပြောနေစဉ်မှာပင် တောင်ပံခတ်သံ တစ်ခု ပြင်ပမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ခဏတာမျှ အချိန်အတွင်းမှာပင် ဧရာမ သိန်းငှက်တစ်ကောင်မှာ ကောင်းကင်ယံမှ ပျံဆင်းလာခဲ့ပြီး နှင်းမုန်တိုင်းများကို ဖြတ်ကျော်ကာ ရွက်ဖျင်တဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုရုတ်တရက် လှုပ်ရှားမှုက လူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့ပြီး၊ အကြည့်များ အားလုံးလည်း ထိုနေရာဆီသို့ ရောက်ရှိသွားကြတော့သည်။
“အရှင်မင်းမြတ် ယိုကျိုးက စာရောက်လာပါတယ်”
ရွက်ဖျင်တဲအတွင်းရှိ သတင်းပေးပို့ရေး တာဝန်ခံ ဗိုလ်ချုပ်က သိန်းငှက်ကို ဖမ်းယူလိုက်ပြီး စာလွှာကို ဖြုတ်ကာ တစ်ချက် ကြည့်လိုက်ပြီးနောက် ချက်ချင်း ဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ရွက်ဖျင်တဲတော်အတွင်း၌ လေထုမှာ ချက်ချင်းပင် ထူးခြားသွားတော့သည်။
******
အခန်း (၂၁၂၅) အလယ်ပိုင်းဒေသမှ စာတစ်စောင်
“အရင်တစ်ခေါက်ကလိုပဲ၊ မဟာမိတ်ဖွဲ့မယ့် ကိစ္စပဲလား”
ရှာပိုလော်ခါဂန်းက မေးမြန်းလိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်နေပြီး အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိပုံရပေ။
“ဟုတ်ပါတယ်”
ထိုဗိုလ်ချုပ်က ခေါင်းညိတ်ပြလိုက်သည်။ သူတို့သည် ယခင်ကလည်း ဤကဲ့သို့သော သတင်းများကို အကြိမ်ကြိမ် ရရှိခဲ့ဖူးသော်လည်း၊ ရှာပိုလော်ခါဂန်း က အားလုံးကို ဖိနှိပ်ထားခဲ့သဖြင့်၊ ပင်လယ်ထဲ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်။
“သိပြီ”
ရှာပိုလော်ခါဂန်းက တည်ငြိမ်စွာပင် တစ်ချက် အင်း ဟု ဆိုလိုက်ပြီးနောက်၊ ထပ်မံ၍ စကားမဆိုတော့ပေ။
ရွက်ဖျင်တဲအတွင်းရှိ ဗိုလ်ချုပ်များကြားတွင်၊ ပထမမင်းသား အီဖီဒီယွန်းနှင့် ဝူနိုရှီပိတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ မျက်ဝန်းထဲတွင် နားလည်မှုရှိသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။
“ခမည်းတော် ထပ်ပြီး ဆွဲထားလို့ မဖြစ်တော့ပါဘူး”
ရုတ်တရက် အီဖီဒီယွန်းက မတ်တပ်ထရပ်ကာ ဂါရဝပြုလျက် လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။
“အချိန်က စောင့်မနေပါဘူး၊ အန်းယာလုရှန်းနဲ့ နိုင်ငံအသီးသီးက အကြိမ်ကြိမ် ဖိတ်ခေါ်နေတာဟာ၊ သူတို့နဲ့ ပူးပေါင်းဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ ပြီးတော့ မဟာထန်က ပစ္စည်းဥစ္စာ ကြွယ်ဝသလို လူဦးရေလည်း များပြားတယ်၊ သူတို့ရဲ့ သိုလှောင်မှုတွေက ကျွန်တော်တို့ထက် အများကြီး ပိုများပါတယ်။ မဟာထန် ကို တိုက်ခိုက်တာကမှ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းပါပဲ”
“အရှင်မင်းမြတ် ပထမမင်းသားက ငယ်ရွယ်သေးတယ် ဆိုပေမဲ့၊ ဒီကိစ္စမှာတော့ သူပြောတာ မှန်တယ်လို့ ကျွန်တော်မျိုး ယူဆပါတယ်။ ပြတ်သားရမယ့်အချိန်မှာ မပြတ်သားရင် နောက်မှ ဒုက္ခရောက်တတ်ပါတယ်၊ အခုဆိုရင် နိုင်ငံအသီးသီးရဲ့ မဟာမိတ်တပ်တွေက အရှိန်အဝါ အပြည့်ရှိနေပြီ ဖြစ်လို့၊ မဟာထန်ကို ကိုင်တွယ်ဖို့အတွက် ဒါဟာ အကောင်းဆုံး အခွင့်အရေးပါပဲ။ ပြီးတော့ အရှင်မင်းမြတ် အနေနဲ့ အရင်က အရှက်ရခဲ့တာတွေကို မေ့မသွားလောက်ဘူး မဟုတ်လား”
ထိုအချိန်မှာပင် အခြား အသံတစ်ခု ထွက်ပေါ်လာသည်။ ပထမမင်းသား အီဖီဒီယွန်း ၏ ဘေးနားရှိ ဗိုလ်ချုပ်ကြီး ဝူနိုရှီပိကလည်း ဝင်ရောက် ပြောဆိုလိုက်ပြန်သည်။
တစ်ဦးက အနာဂတ်၏ ခါဂန်းလောင်းဖြစ်ကာ၊ အခြား တစ်ဦးက အင်ပါယာ၏ ဗိုလ်ချုပ်ကြီးဖြစ်သဖြင့်၊ သူတို့နှစ်ဦး စကားပြောလာသည့်အခါတွင်မူ အလေးအနက်ထားမှုမှာ လုံးဝမတူညီတော့ချေ။
အထူးသဖြင့် နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ ရှာပိုလော်ခါဂန်း၏ မျက်မှောင်များပင် ရုတ်တရက် တလှုပ်လှုပ် ဖြစ်သွားရသည်။
နယ်စပ် ဖြစ်ရပ်တွင် ဝမ်ချောင်က စာတစ်စောင်ဖြင့် ရှာပိုလော်ခါဂန်း အား ဆန်မီတောင်တွင် အတူတူ အမဲလိုက်ရန် ခြိမ်းခြောက်ခဲ့ပြီး၊ ရှာပိုလော်ခါဂန်း ၏ စစ်သည် တစ်သန်းကို တိုက်ရိုက်ပြန်ဆုတ်ခိုင်းခဲ့သည်။ ဤကိစ္စကို နိုင်ငံအသီးသီးက သိရှိထားကြသဖြင့် လူရယ်စရာ ဖြစ်ခဲ့ရသလို၊ ရှာပိုလော်ခါဂန်းအတွက်လည်း ဘဝတစ်လျှောက်လုံး မေ့မရနိုင်သော အရှက်ရမှု တစ်ခု ဖြစ်ခဲ့သည်။
ဤကိစ္စ မရှိခဲ့လျှင်ပင် အနောက် တာ့ခ် အင်ပါယာနှင့် မဟာထန်မှာ ရန်သူဟောင်းများ ဖြစ်ကြသည်။ နှစ်ပေါင်း ရာနှင့်ချီ၍ နှစ်ဖက်ကြားတွင် စစ်ပွဲပေါင်း မည်မျှ ဖြစ်ပွားခဲ့သည် မသိသလို၊ တာ့ခ် သူရဲကောင်း ပေါင်း မည်မျှပင် ထန်လူမျိုးများ၏ လက်ထဲတွင် သေဆုံးခဲ့ရသည် မသိချေ။
မြက်ခင်းပြင်ကြီး၏ ဧကရာဇ်တစ်ဦးအနေဖြင့် ရှာပိုလော်ခါဂန်းမှာ မွေးရာပါ နယ်မြေ ချဲ့ထွင်လိုစိတ်နှင့် ရည်မှန်းချက်ကြီးမားမှုများ ရှိနေပြီး၊ အနောက် တာ့ခ် အင်ပါယာကို အထွတ်အထိပ်သို့ ပို့ဆောင်လိုခဲ့သည်။ သို့သော် ထန်လူမျိုး များမှာမူ အနောက် တာ့ခ် အတွက် အမြဲတမ်း ကျော်ဖြတ်၍ မရသော အတားအဆီးတစ်ခု ဖြစ်ခဲ့သည်။
အနောက် တာ့ခ် အင်ပါယာ မှာ ယခုအချိန်အထိ အနောက် တာ့ခ် မြက်ခင်းပြင်ကြီး၏ “သေးငယ်သော နယ်မြေ” အတွင်း၌သာ ပုန်းအောင်းနေရခြင်းမှာလည်း မဟာထန် နှင့် များစွာ ပတ်သက်နေပေသည်။
ရင်ထဲတွင်မူ ရှာပိုလော်ခါဂန်း ဖြစ်စေ၊ အခြား အနောက် တာ့ခ် လူမျိုးများ ဖြစ်စေ၊ မဟာထန် နှင့် ရှိခဲ့သော နာကျည်းမှုများကို နက်နက်ရှိုင်းရှိုင်း မှတ်သားထားကြသည်။ သို့သော် သာမန် အချိန်များတွင်မူ မည်သူမျှ လွယ်လင့်တကူ ထုတ်ပြောခြင်း မရှိကြရုံသာ ရှိပေသည်။
သို့သော် မဟာထန် ကတော့……
နောက်ပိုင်းကို တွေးမိသည့်အခါ ရှာပိုလော်ခါဂန်း၏ မျက်ဝန်းများ သိသိသာသာ လှုပ်ခတ်သွားခဲ့ပြီး ဆက်လက်၍ မတွေးတော့ပေ။
“အရှင်မင်းမြတ် မဖြစ်ပါဘူး”
အနောက် တာ့ခ် လူမျိုး တစ်ဦး ဖြစ်နေသရွေ့ မဟာထန် ကို မချေမှုန်းချင်သူ မရှိချေ။ သို့သော် တစ်ချိန်နှင့် တစ်ချိန်မှာ မတူညီတော့ချေ၊ အာရပ်လူမျိုးများ၏ နောက်ဆုံး အခြေအနေကို လူတိုင်း မြင်တွေ့ခဲ့ကြရပြီ မဟုတ်ပါလော။
“အာရပ်တွေဟာ ထိပ်တန်း စစ်သည် နှစ်သန်း ခြောက်သိန်းကို စုစည်းခဲ့သလို၊ ကုထိုက်ပိုင်လို အစွမ်းထက် ပုဂ္ဂိုလ်တွေ၊ နယ်မြေအသီးသီးက ဘုရင်ခံတွေ၊ ပြီးတော့ မီးလူသား ဧရာမ သားရဲ စစ်တပ်လိုမျိုး အစွမ်းထက်တဲ့ အင်အားတွေကို ပိုင်ဆိုင်ထားခဲ့ကြတာပါ။ ဒါတောင်မှ သူတို့တွေဟာ ထန်လူမျိုးတွေရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ရပြီး၊ ထန်လူမျိုးတွေက ဘဂ္ဂဒက်အထိ တိုက်ခိုက် သိမ်းပိုက်သွားခဲ့ကြလို့၊ အင်ပါယာလည်း ပျက်သုဉ်းခဲ့ရကာ တိုင်းပြည်ရဲ့သက်တမ်းလည်း ပြတ်တောက်သွားခဲ့ရတာပါ”
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစမ်းပါ၊ ငါတို့ရဲ့ မြင်းတပ်တွေက အာရပ် သံချပ်ကာမြင်းတပ်တွေနဲ့ ယှဉ်နိုင်လို့လား။ ငါတို့ရဲ့ စစ်အင်အားက အာရပ် တွေလောက် တောင့်တင်းလို့လား။ လက်ရှိ အခြေအနေမျိုးမှာ အကယ်၍သာ အောင်မြင်သွားခဲ့ရင်တော့ ကိစ္စမရှိပေမဲ့၊ အကယ်၍ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်၊ အာရပ်တွေတောင်မှ တိုင်းပြည် ပျက်ခဲ့ရတာ၊ ငါတို့က ဘာကို အခြေခံပြီးတော့ ထန်လူမျိုး တွေကို ရန်စမှာလဲ”
“ဒါ့အပြင် နိုင်ငံအသီးသီးရဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး မဟာထန်ကို တိုက်ခိုက်တာက အောင်မြင်ရင်တော့ ကိစ္စမရှိပေမဲ့၊ အကယ်၍ ရှုံးနိမ့်သွားခဲ့ရင်တော့၊ အဲဒီအချိန်ကျရင် ငါတို့တွေ အသေအပျောက် များပြားရုံတင် မကဘဲ၊ ငါတို့ရဲ့ သားစဉ်မြေးဆက်တွေပါ ထန်လူမျိုး တွေရဲ့ ကျွန်အဖြစ် ထာဝရ ခိုင်းစေခံရပါလိမ့်မယ်”
ထိုအချိန်မှာပင် အခြားအနောက် တာ့ခ် ဗိုလ်ချုပ် တစ်ဦးက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရွက်ဖျင်တဲအတွင်းရှိ ဗိုလ်ချုပ် အများအပြားမှာ မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။
ထန်လူမျိုးများမှာ အမှန်တကယ်ပင် မောက်မာလှသော်လည်း၊ ထိုမောက်မာမှုမှာ ကြီးမားလှသော အင်အားပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ရှေ့က လှည်းမှောက်တာကို နောက်ကလှည်းက သင်ခန်းစာ ယူရမှာ မဟုတ်ဘူးလား။ အကယ်၍ နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့မည်ဆိုပါက အကျိုးဆက်မှာ မှန်းဆ၍ပင် မရနိုင်ချေ။
“အဓိပ္ပာယ် မရှိလိုက်တာ”
နောက်တစ်ခဏ၌ ရွက်ဖျင်တဲတော် အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဝူနိုရှီပိ၏ အကြည့်များမှာ ဓားသွားများအလား ထက်မြက်စွာဖြင့် ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။
“အအေးလှိုင်းက မကြာခင် ရောက်တော့မယ်၊ အခြေအနေက အရမ်း ကျပ်တည်းနေပြီ။ ငါတို့က နိုင်ငံအသီးသီးနဲ့ မဟာမိတ် မဖွဲ့ဘဲ၊ မဟာထန်နဲ့ပဲ အချိန်ဆွဲနေကြရမှာလား”
“အင်ပါယာတစ်ခုလုံးက နွား၊ သိုးတွေနဲ့ သိုးထိန်းတွေ မရေမတွက်နိုင်အောင် အအေးဒဏ်ကြောင့် သေဆုံးနေရတဲ့ အချိန်မှာ၊ မင်း ကတော့ ရန်သူဘက်ကနေပြီး ကာကွယ် ပြောဆိုနေတုန်းပဲ။ ငါကတော့ မင်း ရဲ့ ရည်ရွယ်ချက်ကို သံသယ ဝင်မိပြီ ပြောစမ်း၊ မင်း ထန်လူမျိုးတွေဆီကနေ အကျိုးအမြတ် တစ်ခုခု ရထားလို့ အခုလို ကာကွယ် ပြောနေတာ မဟုတ်လား”
စကားအဆုံးတွင်မူ၊ ချွင်ခနဲ အသံနှင့်အတူ ဝူနိုရှီပိသည် ခါးရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ရာ၊ ဓားသွားမှာ တစ်ဝက်ခန့် ထွက်ပေါ်လာခဲ့ပြီး တောက်ပလှသော ဓားအလင်းမှာ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။
“ဗိုလ်ချုပ်ကြီး”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း ထိတ်လန့်သွားကြပြီး တစ်ဦးပြီးတစ်ဦး ရှေ့သို့ တက်ကာ ဝူနိုရှီပိကို တားဆီးလိုက်ကြသည်။ ရွက်ဖျင်တဲတော် အတွင်း၌ ထိုတားဆီးခဲ့သော အနောက် တာ့ခ် ဗိုလ်ချုပ်မှာလည်း မျက်နှာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။
“ဟွန်း၊ ဗိုလ်ချုပ်ကြီး ခင်ဗျားသာ ‘ဓားကို ကိုင်၊ မြင်းပေါ်တက်ပြီး၊ ဝမ်ချောင်ကို ချက်ချင်း သတ်ပြနိုင်မယ်၊ သူ့ခေါင်းကို ဖြတ်ယူလာနိုင်မယ်’ လို့ စကားတစ်ခွန်းပဲ ပြောစမ်းပါ။ ဒါဆိုရင်တော့ ကျွန်တော်မျိုး ဒူဝူစီလီ အပါအဝင် အနောက် တာ့ခ် အင်ပါယာရဲ့ အထက်အောက် လူတိုင်းက ခင်ဗျားကို အပြည့်အဝ ထောက်ခံပြီး နိုင်ငံအသီးသီးနဲ့ မဟာမိတ်ဖွဲ့မှာ အသေအချာပဲ”
“ဗိုလ်ချုပ်ကြီးရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒါဟာ ခဲတစ်လုံး ပစ်တာလောက်ပဲ လွယ်ကူပါလိမ့်မယ်၊ ပြဿနာ မရှိဘူး မဟုတ်လား”
တစ်ချိန်တည်းမှာပင် ရွက်ဖျင်တဲတော်၏ ထောင့်စွန်းတစ်နေရာ၊ ဗိုလ်ချုပ်များ၏ အနောက်ဘက်ဆုံး နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။ တျန်းလန်ဗိုလ်ချုပ်ဖြစ်သော ဒူဝူစီလီက ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်ရာ သူ၏အသံမှာ အလွန်အမင်း အေးစိမ့်နေပေသည်။
“ရိုင်းစိုင်းလိုက်တာ၊ ဒူဝူစီလီ ရှုံးနိမ့်ဖူးတဲ့ ဗိုလ်ချုပ် တစ်ယောက်က ဒီနေရာမှာ ဝင်ပြောစရာ နေရာ ရှိလို့လား။ တာ့လော့စီ စစ်ပွဲမှာ တျန်းလန် သံချပ်ကာမြင်းတပ်တွေ အကုန်လုံး ပျက်သုဉ်းခဲ့ရတာတောင်၊ မင်း က ဒီမှာ စကားပြောဖို့ မျက်နှာ ရှိသေးတာလား”
ဝူနိုရှီပိက မျက်လုံးများကို ကျုံ့လိုက်ကာ အေးစိမ့်စွာ ဆိုလိုက်သည်။
“ခွေးကောင်”
ထိုစကားကို ကြားလိုက်ရသည့်အခါ ဒူဝူစီလီမှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့ပြီး လက်သီးကိုလည်း ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
တာ့လော့စီ စစ်ပွဲတွင် သူသည် ဝမ်ချောင်၏ စစ်ကြောင်း အစီအစဉ်များနှင့် ရာသီဥတုကို အသုံးချကာ အကွက်ဆင်ခြင်းကို ခံလိုက်ရသဖြင့် အနောက်ဘက် နယ်စပ်တွင် ရှုံးနိမ့်ခဲ့ရပြီး၊ အနောက် တာ့ခ် အင်ပါယာ အတွင်းရှိ သူ၏အဆင့်အတန်းမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ရသည်။ ယခုကဲ့သို့သော အရေးကြီးလှသည့် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ဖြစ်သော ဒူဝူစီလီအား ရွက်ဖျင်တဲ၏ အနောက်ဘက်ဆုံး နေရာတွင် ထားခြင်းကပင် အရာရာကို သက်သေပြနေပြီ ဖြစ်သည်။
“တော်တော့”
သူတို့နှစ်ဦး၏ အငြင်းပွားမှုကို ကြားလိုက်ရသည့်အခါ ရှာပိုလော်ခါဂန်း၏ ရင်ထဲတွင် ပိုမို စိတ်တို ဒေါသထွက်လာခဲ့ရကာ၊ ရုတ်တရက် ဟိန်းဟောက်လျက် သူတို့နှစ်ဦးကို တားဆီးလိုက်သည်။
“အားလုံး ပါးစပ်ပိတ်ထားကြစမ်း”
ရှာပိုလော်ခါဂန်း အကြီးအကျယ် ဒေါသထွက်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ခဏတာမျှ အချိန်အတွင်း ရွက်ဖျင်တဲအတွင်းရှိ ဗိုလ်ချုပ်များ အားလုံးမှာ စိတ်ထဲမှ တုန်လှုပ်သွားကြကာ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့သော အရိပ်အယောင်များ တစ်ဦးပြီးတစ်ဦး ဖြတ်ပြေးသွားကြလျက် ခေါင်းငုံ့လိုက်ကြတော့သည်။ အဝေးမှ ဝူနိုရှီပိ နှင့် ဒူဝူစီလီ တို့ပင်လျှင် ထိုအတိုင်းပင် ဖြစ်သည်။
ဤအစည်းအဝေးအတွင်း ဝူနိုရှီပိ နှင့် ဒူဝူစီလီ တို့ကြားရှိ အငြင်းပွားမှုမှာ၊ အပြင်ပန်းတွင် မဟာမိတ်ဖွဲ့ရန် သင့်မသင့်ဆိုသည့် ကိစ္စပေါ်တွင် အခြေခံနေသော်လည်း၊ လက်တွေ့တွင်မူ ၎င်းမှာ စတုတ္ထမင်းသားနှင့် ပထမမင်းသားတို့ကြားရှိ အာဏာလုပွဲသာ ဖြစ်ကြောင်း လူတိုင်း သိရှိထားကြပေသည်။
“ဟေးဆွေ့ ရှာမန် ဒီကိစ္စကို ခင်ဗျား ဘယ်လို မြင်လဲ။ ဒီတစ်ခေါက် မဟာ ရေခဲကပ်ဘေး နဲ့ ပတ်သက်ပြီးတော့၊ နတ်ဘုရားတွေဆီက ဘာ ဟောကိန်းများ ကျဆင်းလာတာ ရှိလား”
ရှာပိုလော်ခါဂန်းသည် တလှုပ်လှုပ် ဖြစ်နေသော နဖူးကြောများကို ပွတ်တိုက်လိုက်ပြီးနောက် ရုတ်တရက် လှည့်ကြည့်လျက် မဝေးလှသော နေရာရှိ အခြား ပုံရိပ်တစ်ခုကို မေးမြန်းလိုက်သည်။
“နတ်ဘုရားတွေဆီက ဘာဟောကိန်း မှ ကျဆင်းလာတာ မရှိပါဘူး”
မဝေးလှသော နေရာ၌ ဝတ်ရုံရှည်ကြီး မြေပြင်ပေါ်သို့ ဝဲကျနေကာ၊ ဘေးတစ်နေရာ၌ ငြိမ်သက်စွာ ထိုင်နေသော ဟေးဆွေ့ ရှာမန်က အမူအရာ တည်ငြိမ်စွာဖြင့် ပြန်လည် ဖြေကြားလိုက်ပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။ ရွက်ဖျင်တဲအတွင်းရှိ ဆွေးနွေးမှုများမှာ မည်မျှပင် ပြင်းထန်နေပါစေဦး၊ ဟေးဆွေ့ ရှာမန်ကတော့ အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်း မရှိပုံရပေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှာပိုလော်ခါဂန်းမှာ မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်မိသည်။
ဟေးဆွေ့ ရှာမန်သည် အနောက် တာ့ခ် အင်ပါယာ အတွင်း၌ အဆင့်အတန်း မြင့်မားလှသလို၊ သူသည် အမြဲတမ်း စတုတ္ထမင်းသားကို ထောက်ခံသူလည်း ဖြစ်သည်။ ယခု အအေးလှိုင်း ကျရောက်လာပြီး လောကတစ်ခုလုံး ရေခဲဖုံးလွှမ်းကာ သေဆုံးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း၊ ဟေးဆွေ့ ရှာမန်ဘက်မှ မည်သည့် ဟောကိန်းကိုမျှ မရရှိခဲ့ခြင်းမှာမူ၊ ကြည့်ရသည်မှာ တကယ်ကို မရိုးရှင်းလှပေ။
ရှာပိုလော်ခါဂန်း စဉ်းစားနေစဉ်မှာပင် နောက်ထပ် တောင်ပံခတ်သံများ ထွက်ပေါ်လာခဲ့ပြီး၊ ရွက်ဖျင်တဲတော် အပြင်ဘက် မလှမ်းမကမ်းသို့ ပျံဆင်းလာခဲ့သည်။ များမကြာမီမှာပင်၊ အနောက် တာ့ခ် ရွက်ဖျင်တဲတော် စစ်သည် တစ်ဦးမှာ သန်မာထွားကျိုင်းလှသော၊ သိသာထင်ရှားစွာပင် လေ့ကျင့်ထားသော စာပို့ခို တစ်ကောင်ကို ကိုင်ထားလျက် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
“ခါဂန်း အလယ်ပိုင်းဒေသက စာရောက်လာပါတယ်”
ထိုရွက်ဖျင်တဲတော် စစ်သည်မှာ ဝင်ရောက်လာပြီးနောက် ဒူးတစ်ဖက် ထောက်လျက်၊ စကားတစ်ခွန်းတည်းကိုသာ ပြောဆိုလိုက်သော်လည်း၊ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
အလယ်ပိုင်းဒေသ။
ဆောင်းအကြောင်းပြောရင်း ဆောင်းရောက်လာသည် ဆိုသကဲ့သို့ပင် ဖြစ်တော့သည်။
လူတိုင်းမှာ အန်းယာလုရှန်းပေးပို့သော မဟာမိတ်ဖွဲ့ရန် တိုက်တွန်းသည့်စာကို ရရှိပြီးနောက်တွင်မှ၊ အလယ်ပိုင်းဒေသ မဟာထန်ထံမှ စာကို ထပ်မံ ရရှိခြင်း ဖြစ်သည်။
အခြားသော အချိန်များတွင်ဆိုလျှင် ကိစ္စမရှိသော်လည်း၊ ယခုအခါမှာမူ လူတိုင်း မဟာမိတ်ဖွဲ့မည့် ကိစ္စနှင့် ပတ်သက်၍ အဖြေမပေါ်သေးဘဲ ဆုံးဖြတ်ချက် မချရသေးသည့် အချိန်မျိုးတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
တစ်ခဏတာမျှ အချိန်အတွင်း၊ ရွက်ဖျင်တဲတော် တစ်ခုလုံးရှိ လူတိုင်း၏ မျက်နှာမှာ ထူးခြားသွားခဲ့ရကာ၊ မဟာမိတ်ဖွဲ့ရန် ထောက်ခံနေသော ပထမမင်းသားနှင့် ဝူနိုရှီပိတို့ပင်လျှင် မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်ကြတော့သည်။
“ဒီကောင်စုတ်”
ဝူနိုရှီပိက လက်သီးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်မိပြီး၊ မျက်ဝန်းထဲတွင်လည်း အလွန်အမင်း နာကျည်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
နိုင်ငံပေါင်းစုံပွဲတော်အတွင်း၌ ဝမ်ချောင်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည့်ကိစ္စကို သူ ယခုတိုင် မေ့မရသေးချေ။
ဤစာ ရောက်ရှိလာသည့် အချိန်မှာ အလွန်တိုက်ဆိုင်လှသဖြင့်၊ သူ စဉ်းစားပင် မနေတော့ဘဲ သိရှိလိုက်သည်မှာ၊ ဤသည်မှာ သေချာပေါက် ဝမ်ချောင်၏လက်ချက်သာ ဖြစ်ရပေမည်။ သို့သော် ကိစ္စရပ်များမှာ မည်မျှပင် ထိတ်လန့်စရာ ကောင်းစေကာမူ၊ မည်မျှပင် မျှော်လင့်မထားသော အရာဖြစ်စေကာမူ၊ ဝမ်ချောင်နှင့်သာ ပတ်သက်နေမည်ဆိုပါက ချက်ချင်းဆိုသလို အရာရာတိုင်းမှာ ဖြစ်နိုင်ခြေ ရှိသွားတော့သည်။
“ဖတ်စမ်း”
ရှာပိုလော်ခါဂန်း၏ အမူအရာမှာ အေးစိမ့်နေပြီး လေးနက်စွာ ဆိုလိုက်သည်။
“ဒါက……”
ထိုဗိုလ်ချုပ်က လက်ထဲရှိ စာလွှာကို ကြည့်လျက် တွေဝေနေပေသည်။
အနောက် တာ့ခ် အင်ပါယာ အတွင်း၌ မဟာထန် ဘက်မှ ဝမ်ချောင်နှင့် ပတ်သက်သော စာလွှာများ ရောက်ရှိလာလျှင်၊ ကောင်းမွန်သော အကြောင်းအရာများ ပါဝင်လေ့မရှိကြောင်း လူတိုင်း သိရှိထားကြသဖြင့်၊ ဤစာသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ရပေမည်။
“ခါဂန်းက ဖတ်ခိုင်းရင်လည်း ဖတ်လိုက်ပါ၊ အဓိက အကြောင်းအရာတွေကိုပဲ ရွေးပြီး ပြောရင် ရပါတယ်၊ တစ်လုံးချင်းစီ ဖတ်နေစရာ မလိုပါဘူး”
ထိုအချိန်မှာပင် အသံတစ်ခု နားထဲသို့ တိုးဝင်လာခဲ့သည်။ မြေပြင်ပေါ်တွင် ထိုင်နေလျက် အချိန်အတော်ကြာ စကားမပြောဘဲ နေခဲ့သော ဟေးဆွေ့ ရှာမန်က ရုတ်တရက် ဆိုလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ကဲ့ပါ”
ထိုအနောက် တာ့ခ် ဗိုလ်ချုပ်မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဘေးကင်းရာသို့ ရောက်ရှိသွားသည့်အလား သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။
“မဟာထန် ရဲ့ မျိုးနွယ်ခြားဘုရင် က စာထဲမှာ ပြောထားတာက၊ သူတို့တွေဟာ အနောက် တာ့ခ် မြက်ခင်းပြင်ကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သိရှိထားပြီး ဖြစ်သလို၊ အကူအညီ ပေးဖို့အတွက်လည်း ဆန္ဒရှိပါတယ်တဲ့။ အနောက် တာ့ခ်နဲ့ မဟာထန်ဟာ မျိုးဆက်နှင့်ချီပြီး ရင်းနှီးစွာ နေထိုင်ခဲ့ကြတာ ဖြစ်လို့၊ နှစ်ဖက်စလုံး အနေနဲ့လည်း ဒီ ထုံးတမ်းစဉ်လာကို ဆက်ပြီး ထိန်းသိမ်းသွားသင့်ပါတယ်တဲ့”
“မဟာထန်ဘက်ကနေပြီး နယ်မြေတစ်ခု သတ်မှတ်ပေးဖို့ ဆန္ဒရှိပါတယ်၊ မြက်ခင်းပြင်ပေါ်က သိုးထိန်းတွေကို နှင်းမုန်တိုင်းကနေ လွတ်အောင် ပြည်တွင်းကို ရွှေ့ပြောင်းပေးဖို့ အတွက်ပါ။ တစ်ချိန်တည်းမှာပဲ၊ မဟာထန်ဘက်က စားနပ်ရိက္ခာ အချို့ကိုလည်း ထောက်ပံ့ပေးပြီး အနောက် တာ့ခ် ကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်တဲ့”
ထိုအနောက် တာ့ခ်ဗိုလ်ချုပ်မှာ ဤနေရာအထိ ပြောပြီးနောက် ဦးခေါင်းကို မော့လျက် ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းကို ခိုးကြည့်လိုက်မိသည်။
ဤအခိုက်အတန့်၌ ရွက်ဖျင်တဲတော် အတွင်းမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ရသည်။ သူ သိသိသာသာ မြင်တွေ့လိုက်ရသည်မှာ၊ သူ စာထဲမှ ဤအကြောင်းအရာများကို ဖတ်ပြလိုက်သည့်အခါ၊ လူတိုင်း၏မျက်နှာမှာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ခြင်းပင် ဖြစ်သည်။
အနောက် တာ့ခ်နဲ့မဟာထန်က မျိုးဆက်နှင့်ချီပြီး ရင်းနှီးခဲ့ကြတယ် ဟုတ်လား။
မဟာထန် ရဲ့ အဲဒီ မျိုးနွယ်ခြားဘုရင်က အတည် ပြောနေတာလား။
နှစ်ပေါင်း ရာနှင့်ချီ၍၊ အနောက် တာ့ခ် နှင့် မဟာထန် ကြားတွင် အကြီးအသေး စစ်ပွဲပေါင်း ထောင်နှင့်ချီ မရှိလျှင်တောင် ရာနှင့်ချီ၍ ရှိခဲ့သည်ကို၊ ဝမ်ချောင်ရဲ့ဒီစကားကတော့ တစ္ဆေတွေကိုပဲ သွားလှည့်စားလို့ ရပါလိမ့်မယ်။
သို့သော် ယခုကဲ့သို့သော အချိန်မျိုးတွင် မည်သူမျှ ထိုစကားကို ထုတ်မပြောရဲကြချေ။ နောက်ကွယ်မှ အကြောင်းအရာများ ဖြစ်သော၊ မဟာထန်က အနောက် တာ့ခ်ကို ပြည်တွင်းသို့ ရွှေ့ပြောင်းခွင့် ပေးမည့်အပြင် စားနပ်ရိက္ခာများပါ ထောက်ပံ့ပေးမည် ဆိုသည့်အချက်မှာမူ၊ အနောက် တာ့ခ် ဗိုလ်ချုပ် အားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်ဟု ဆိုရပေမည်။
မဟာထန်၏ ထိုမျိုးနွယ်ခြားဘုရင်အကြောင်းကို အနည်းငယ်မျှ သိရှိထားသူတိုင်းမှာ၊ ဤလုပ်ရပ်မှာ သူ၏ပုံစံနှင့် လုံးဝမကိုက်ညီကြောင်း သိရှိထားကြသဖြင့် ဖြစ်သည်။
ဤကဲ့သို့သော ကောင်းကင်မှ မမျှော်လင့်ဘဲ ကျရောက်လာသည့် ကံကောင်းမှုမျိုးမှာ၊ အဘယ်ကြောင့်လဲ မသိသော်လည်း လူတိုင်း၏ စိတ်နှလုံးအတွင်း၌မူ နက်နဲလှသော စိုးရိမ်မကင်းမှုများကိုသာ အစဉ်အမြဲ ဖြစ်ပေါ်နေစေသည်။
******