အခန်း (၁၄၃၆-၁၄၃၈)
Vol. 98 Ch. 1436-1438
အခန်း ၁၄၃၆ စက်ရုံတည်ဆောက်ရေး အဟန့်အတားဖြစ်ခြင်း
ရက်အနည်းငယ် ကြာသောအခါ ဖုန်းယွီသည် ကျုံးချင်းရှန်ထံမှ ဖုန်းခေါ်ဆိုမှုကို နောက်တစ်ကြိမ် လက်ခံရရှိခဲ့သည်။
"လောင်ကျုံး... စက်ရုံဆောက်မယ့် နေရာကို ရွေးချယ်ပြီးပြီလား။ ငါတို့ရဲ့ ဘယ်ထုတ်လုပ်ရေး စက်ရုံနဲ့ နီးသလဲ” ဖုန်းယွီက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။ ဤစက်ရုံသည် ကုန်ကြမ်းသယ်ယူပို့ဆောင်ရေး လွယ်ကူစေရန်အတွက် စက်မှုဇုန်တစ်ခုခု၏ အနီးအနားတွင်သာ ရှိရမည်ဖြစ်ရာ၊ ရွေးချယ်စရာ နေရာမှာမူ များစွာ မရှိလှပါချေ။
"မန်နေဂျာဖုန်း... အခက်အခဲလေး တစ်ခုတော့ ရှိနေတယ်" ကျုံးချင်းရှန်က သက်ပြင်းချရင်း ဆိုလိုက်သည်။ "ကျွန်တော်တို့ နေရာအတော်များများကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။ အမှန်အတိုင်း ပြောရရင် အားလုံးက သင့်တော်တဲ့ နေရာတွေပါပဲ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်သလို၊ ကျွန်တော်တို့ရဲ့ အီလက်ထရွန်နစ် စက်ရုံတွေနဲ့လည်း နီးတဲ့အတွက် စီမံခန့်ခွဲရတာ လွယ်ကူပါတယ်။ ပြီးတော့ ဒေသန္တရ အစိုးရတွေနဲ့လည်း ကျွန်တော်တို့က အကြိမ်ကြိမ် ပတ်သက်ဖူးတော့ တော်တော်လေး ရင်းနှီးပြီးသားပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီဒေသက ပြည်သူတွေရဲ့ ကန့်ကွက်မှုကို ကြုံတွေ့နေရတယ်"
"ပြည်သူတွေက ကန့်ကွက်တယ် ဟုတ်လား။ ဘာကြောင့်လဲ။ ကျွန်တော်တို့က သူတို့ဆီမှာ စက်ရုံသွားဆောက်ပြီး သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးမှာလေ။ နောက်ပြီး ဒီအလုပ်က စက်ကိရိယာတွေနဲ့ပဲ ကိုင်တွယ်ရတာ များတော့ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူး။ သူတို့အနေနဲ့ ပိုပြီးကြိုဆိုသင့်တာ မဟုတ်ဘူးလား”
ပင်ပန်းလှသော လယ်ယာအလုပ်များကို လုပ်ကိုင်နေမည့်အစား၊ သက်သောင့်သက်သာရှိသော စက်ရုံတွင် အလုပ်ဝင်နိုင်မည်ဆိုပါက သူတို့အနေဖြင့် များစွာ ဝမ်းမြောက်သင့်သည် မဟုတ်ပါလော။ သို့မဟုတ် သူတို့သည် အလုပ်သမား ဖြစ်ရမည့်အစား တောင်သူအလုပ်ကိုသာ ဆက်လက် လုပ်ကိုင်လိုကြသလော။ Taihua Holdings လက်အောက်ရှိ စက်ရုံများ၏ လစာနှုန်းထားမှာလည်း မနိမ့်လှပါချေ။
"အလုပ်ပင်ပန်းမှာကို စိုးရိမ်တာလည်း မဟုတ်သလို၊ လစာကိစ္စကို စိုးရိမ်တာလည်း မဟုတ်ပါဘူး။ ငါတို့ Taihua Holdingsရဲ့ နာမည်ကတော့ ဒီမှာ အခိုင်အမာ ရှိနေတာပဲလေ၊ လူအတော်များများက ငါတို့ စက်ရုံမှာ အလုပ်လုပ်ချင်နေကြတာပါ။ ဒါပေမဲ့ သူတို့က ပတ်ဝန်းကျင် ညစ်ညမ်းမှာကို စိုးရိမ်နေကြတာ"
"ကျွန်တော် ခင်ဗျားကို ရှင်းပြခဲ့ပြီးပြီပဲ။ ခင်ဗျားကိုယ်တိုင်လည်း သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီးပြီ မဟုတ်လား။ ကျွန်တော်တို့ ဈေးကြီးပေးပြီး ဝယ်ယူထားတဲ့ နည်းပညာက နိုင်ငံတကာမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပြန်လည်ရယူရေး နည်းပညာလေ။ ပြီးတော့ ဒါဟာ နိုင်ငံအသီးသီးက အဆင့်အမြင့်ဆုံး နည်းပညာတွေကို ပေါင်းစပ်ထားတာပါ။ ကျွန်တော်တို့ရဲ့ စွန့်ထုတ်မှု စံနှုန်းတွေက လူသားတွေရဲ့ ကျန်းမာရေးကို ဘာအန္တရာယ်မှ မပေးနိုင်ဘူးဆိုတာကိုကော ဒေသခံတွေကို မရှင်းပြခဲ့ဘူးလား” ဖုန်းယွီအနည်းငယ် ခေါင်းခဲသွားရသည်။ ဤကိစ္စမျိုးကို မည်သူမဆို စိုးရိမ်တတ်ကြသည်ကို သူသိသော်လည်း၊ သူကိုယ်တိုင်လည်း အစစအရာရာ သေသေချာချာ စဉ်းစားကာ အကောင်းဆုံး ကိုင်တွယ်ထားခဲ့သည်။ မဟုတ်ပါလား။
"ကျွန်တော် ယုံကြည်တယ်၊ ကျွမ်းကျင်သူတွေလည်း ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒေသခံ ပြည်သူတွေကတော့ မယုံကြည်ကြဘူး။ ကျွန်တော်တို့ သွားရောက် စစ်ဆေးခဲ့တဲ့ နေရာတွေက လူအတော်များများဟာ အပြင်ကို ထွက်ပြီး အလုပ်လုပ်ကြတာ များတယ်။ အထူးသဖြင့် တောင်ယွဲ့လိုမျိုး ပင်လယ်ကမ်းရိုးတန်း ပြည်နယ်တွေကို သွားကြတာလေ၊ အဲဒီမှာက စက်ရုံတွေ ပိုများတာကိုး"
"အဲဒီနေရာတွေမှာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ကိုင်တွယ်တဲ့ အလုပ်တွေ ဒါမှမဟုတ် တခြားသော အမှိုက်ကိုင်တွယ်တဲ့ အလုပ်တွေကို လုပ်ခဲ့ဖူးတဲ့သူတွေ ရှိနေကြတယ်။ သူတို့အားလုံးဟာ ရောဂါတွေ ရခဲ့ကြသလို ကျန်းမာရေးတွေလည်း ပျက်စီးခဲ့ကြရတယ်။ အခုဆိုရင် သူတို့တွေဟာ ငတ်မွတ်ပြီး သေလုနီးပါး ဖြစ်နေတာမျိုး မဟုတ်ရင်၊ ဒီအလုပ်ကို လုံးဝ လုပ်ကြမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့က သူတို့ရဲ့ ဇာတိမြေမှာ ဒီလို စက်ရုံမျိုး လာဆောက်မယ်လို့ ကြားလိုက်တာနဲ့တင်၊ ကျွန်တော့်ရဲ့ ကားဘီးအောက်မှာ လှဲအိပ်ပြီး လမ်းပိတ်ဖို့အထိ လုပ်နေကြတော့တာပဲ!"
ကျုံးချင်းရှန်လည်း အတော်လေး ခေါင်းခဲနေခဲ့ရသည်။ သူသည် အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း တစ်ဖက်လူက မယုံကြည်ပါချေ။ ကျွမ်းကျင်သူများ၏ စကား၊ ဒေသန္တရ အစိုးရ၏ စကားများကိုလည်း မည်သူမျှ မယုံကြည်ကြပါချေ။ သူတို့သည် မိမိတို့၏ မျက်စိဖြင့် မြင်ရသည်နှင့် ဘေးနားရှိ လူများ ပြောပြသည်ကိုသာ ယုံကြည်ကြပြီး၊ စီးပွားရေးသမားနှင့် ခေါင်းဆောင်များ၏ ပြောကြားချက်မှာမူ သေချာပေါက် လိမ်ညာနေခြင်းသာဖြစ်သည်ဟု ယူဆထားကြသည်။ စီးပွားရေးသမားသည် ငွေအတွက်သာ ဖြစ်ပြီး၊ အစိုးရ ခေါင်းဆောင်များသည်လည်း နိုင်ငံရေး အောင်မြင်မှု မှတ်တမ်းအတွက်သာ ဖြစ်သည်ဟု သူတို့က ယူဆနေကြခြင်း ဖြစ်သည်။
"မန်နေဂျာဖုန်း... ကျွန်တော်သာ ကျွန်တော်တို့ လူတွေကို ချက်ချင်း ပြန်ခေါ်မလာခဲ့ရင်၊ ဒီကိစ္စက မီဒီယာတွေအထိ ရောက်သွားလောက်ပြီ။ အခုတောင်မှ သတင်းထောက်အချို့ကို ငွေနည်းနည်းပေးပြီး ဖျောင်းဖျထားရသေးတယ်"
ဖုန်းယွီအတော်ပင် မကျေမနပ် ဖြစ်သွားရသည်။ ငါတို့ ဘာမှ မမှားခဲ့ဘဲနဲ့၊ မီဒီယာတွေက အဖြူကို အမည်းဖြစ်အောင် လုပ်ဆောင်ပြီး ပြန်လည် ချေပဖို့ မတတ်နိုင်အောင် လုပ်ဆောင်လာမှာကို စိုးရိမ်နေရသည် မဟုတ်ပါလော။ အကယ်၍ သူတို့ကို တရားစွဲမည် သို့မဟုတ် ဒေသန္တရ အဖွဲ့အစည်းများက ဖမ်းဆီးမည်ဆိုပါကလည်း၊ သူတို့သည် လုပ်ငန်းကြီးများက ငွေပေးကာ ဒေသန္တရအဖွဲ့ကို ဝယ်ယူပြီး၊ အမှန်တရားကို ပြောဆိုနေသော သတင်းထောက်များကို နှိပ်ကွပ်နေသည်၊ လူထု၏ သိပ္ပံပညာ ဗဟုသုတ ရယူပိုင်ခွင့်ကို ပိတ်ပင်နေသည်ဟု စွပ်စွဲလာကြပေလိမ့်မည်။ ထိုသတင်းထောက်များ ပေါက်ကရ လုပ်ဆောင်လာလျှင် မည်သည့်မိန်းမဆိုးထက်မဆို ပို၍ပင် ကြောက်စရာ ကောင်းလှပေသည်။
အဆိုးရွားဆုံးမှာ ယခုအခါ သတင်းထောက်များသည် အင်တာနက် မီဒီယာများကို အသုံးချတတ်လာခြင်းပင်။ စောင့်ကြည့်စစ်ဆေးမှုမှာ အားနည်းလှသော်လည်း ပျံ့နှံ့မှုမှာမူ အလွန်ပင် မြန်ဆန်လှပေသည်။ အထူးသဖြင့် အင်တာနက် အသုံးပြုသူ အများစုမှာ လူငယ်များဖြစ်ကြရာ၊ လူအတော်များများမှာ သတင်းတစ်ခု ကြားသည်နှင့် မစိစစ်ဘဲ အင်တာနက်ပေါ်က ဖော်ပြချက်များကို အလွန်ပင် အလွယ်တကူ ယုံကြည်တတ်ကြသည်။ အချို့သော သူများသည် လုပ်ငန်း တစ်ခုခု၏ နာမည်ကို အသုံးချကာ ဆောင်းပါးတစ်ပုဒ်ကို ပေါက်ကရ ရေးသားလိုက်ရုံဖြင့်၊ လူအမြောက်အမြားက ၎င်းကို အမှန်တရားဟု ယူဆသွားတတ်ကြသည်။ လူအတော်များများမှာ ဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းခြင်း မဟုတ်ဘဲ၊ ဝေဖန်ပိုင်းခြားလိုစိတ် မရှိကြခြင်းသာ ဖြစ်ပြီး၊ ထိုကဲ့သို့သော လုပ်ကြံ သတင်းများကိုသာ ယုံကြည်ချင်နေကြခြင်း ဖြစ်သည်။ ကျိုးကြောင်းဆီလျော်မှုနှင့် ခံစားချက်တို့ ထိပ်တိုက်တွေ့သည့် အခါတိုင်း၊ လူအတော်များများမှာ ကျိုးကြောင်းဆီလျော်မှုထက် ခံစားချက်ကိုသာ ရွေးချယ်တတ်ကြစမြဲပင်။
"ဘယ်လိုမှ နည်းလမ်း မရှိတော့ဘူးလား။ ခင်ဗျားရဲ့ ဂုဏ်သတင်းကိုရော အသုံးမပြုခဲ့ဘူးလား” ဖုန်းယွီက မေးမြန်းလိုက်သည်။ ကျုံးချင်းရှန်၏ အရှိန်အဝါဖြင့်ဆိုလျှင် ထိုပြည်သူများက မယုံကြည်ဘဲ နေပါမည်လော။ ကျုံးချင်းရှန်၏ ပုံရိပ်မှာ အလွန်ပင် ကောင်းမွန်လှသည် မဟုတ်ပါလား။
"ကျွန်တော် ဘယ်လိုလုပ်ပြီး အရှိန်အဝါ မပြဘဲ နေပါ့မလဲ။ ကျွန်တော်တို့ ဒေသတွင်း စီးပွားရေး တည်ဆောက်မှုအတွက်လည်း အများကြီး ကူညီပေးခဲ့တာပဲလေ။ စက်ရုံဆောက်ဖို့ ရင်းနှီးမြှုပ်နှံရုံတင် မကဘူး၊ ဒေသတွင်းမှာ လမ်းတွေပါ ဖောက်ပေးနေတာက ငါတို့ တစ်ဦးတည်းပဲ ရှိမယ် ထင်တယ်"
"ကျွန်တော်တို့ရဲ့ ဒေသန္တရ စက်ရုံတွေမှာ ပေးတဲ့ လစာက ဒေသတွင်းမှာ အမြင့်ဆုံးပဲ။ ပြီးတော့ ဒေသတွင်းက ဆေးရုံတွေ၊ ကျောင်းတွေမှာကော ကျွန်တော်တို့ Taihua Holdingsရဲ့ ထောက်ပံ့မှု မရှိတဲ့နေရာ ဘယ်မှာ ရှိလို့လဲ”
"အခုတော့ ကျွန်တော်တို့ကို နှလုံးသားမရှိတဲ့ အရင်းရှင်ကြီးတွေလို့တောင် ပြောနေကြပြီ။ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ငွေရှာဖို့ပဲ သိတယ်တဲ့... ဒါတွေက ဘယ်လို စကားတွေလဲ" ဤအကြောင်းများကို ပြောဆိုနေစဉ်မှာပင် ကျုံးချင်းရှန်မှာ အတော်လေး စိတ်ဆိုးနေခဲ့သည်။ ဒေသတွင်းအတွက် ဤမျှအထိ လုပ်ဆောင်ပေးခဲ့သော်လည်း၊ ဤကဲ့သို့ စွပ်စွဲခံရခြင်းအပေါ် မည်သူမျှ ကျေနပ်နိုင်ပါမည်နည်း။
"လောင်ကျုံး... သူတို့ကို စိတ်မဆိုးပါနဲ့။ သူတို့လည်း ကြောက်လန့်နေကြတာပါ၊ ဒါဟာ လူ့သဘာဝပဲလေ။ ဒါပေမဲ့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ဦးက သွေးထိုးလှုံ့ဆော်နေတာ သေချာပါတယ်။ မဟုတ်ရင် ငါတို့ သွားကြည့်တဲ့ နေရာတိုင်းမှာ တစ်ပြိုင်တည်း ကန့်ကွက်နေကြတာက တိုက်ဆိုင်လွန်းနေတယ် မဟုတ်လား” ဖုန်းယွီကတော့ အကယ်၍ စစ်ဆေးခဲ့သည့် နေရာတိုင်းမှာ တစ်စုံတစ်ဦးက ထွက်၍ ကန့်ကွက်နေခြင်း၊ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ပြင်းပြင်းထန်ထန် စွပ်စွဲနေခြင်းတို့မှာ သေချာပေါက် ပြဿနာ ရှိနေသည်ဟု ယူဆထားသည်။
"ကျွန်တော်လည်း အဲဒီလောက်အထိ တိုက်ဆိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒေသန္တရ အစိုးရဘက်က စုံစမ်းကြည့်တော့လည်း ဦးဆောင်တဲ့သူတွေဆီမှာ ဘာပြဿနာမှ မတွေ့ရဘူးတဲ့။ ငါတို့ ကုမ္ပဏီက လူတွေက ကိုယ်တိုင် သွားမေးကြည့်တော့လည်း တစ်ဖက်လူက 'ပတ်ဝန်းကျင် ညစ်ညမ်းမှာကို လုံးဝ လက်မခံနိုင်ဘူး' ဆိုတဲ့ စကားတစ်ခွန်းတည်းကိုပဲ အသေဆုပ်ကိုင်ထားကြတာ။ ကျွန်တော်တို့ ကုမ္ပဏီက လူတစ်ယောက်ဆိုရင် 'နင်တို့ မျိုးပြုတ်သွားပါစေ' လို့တောင် အဆဲခံခဲ့ရတာ၊ အဲဒီအချိန်မှာတင် ဒေါသထွက်လွန်းလို့ မေ့တောင် လဲချင်သွားတယ်"
ဖုန်းယွီမျက်မှောင်ကြုတ်လျက်၊ ဘာလုပ်ရမည်မှန်း မသိဘဲ ရှိနေခဲ့သည်။ ဤသည်မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ အဟန့်အတားတစ်ခုဖြစ်ရာ အချိန်တိုအတွင်း ချိုးဖျက်ရန် ခဲယဉ်းလှပေသည်။ သို့သော် အကယ်၍ ဤနေရာများတွင် စက်ရုံဆောက်ခွင့် မရပါက၊ အခြားနေရာများကို ထပ်မံ ရှာဖွေရမည်ဖြစ်ရာ အချိန်ကုန်မည်ကို ထားဦး၊ အကယ်၍ ထိုနေရာများတွင်လည်း ဤကဲ့သို့ ကြုံတွေ့ရပါက မည်သို့ လုပ်ဆောင်ကြမည်နည်း။
"ဒါဆိုရင် ခင်ဗျား ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။ အခြားနေရာတွေကို ရှာဖွေဖို့ အစီအစဉ် ရှိလား”
"ကျွန်တော်တို့ ဆွေးနွေးကြည့်ကြတော့ နေရာတစ်ခုတော့ သင့်တော်မယ်လို့ ယူဆရပါတယ်။ အဲဒီမှာဆိုရင် တစ်စုံတစ်ရာလည်း အကျိုးပြုနိုင်မှာပါ" ကျုံးချင်းရှန်က ဆိုလိုက်သည်။
"ဘယ်နေရာလဲ”
"တောင်ယွဲ့ပြည်နယ်က XX မြို့"
ဖုန်းယွီမျက်ခုံးပင့်လိုက်သည်။ ထိုနေရာကို သူ သေချာပေါက် သိရှိထားသည်။ ဤသည်မှာ တရုတ်ပြည်၏ အီလက်ထရွန်နစ် အမှိုက် ကိုင်တွယ်ရေးတွင် အစောဆုံးနှင့် အစုလိုက်အပြုံလိုက် အရှိဆုံး နေရာ မဟုတ်ပါလော။ အကယ်၍ စက်ရုံကို ထိုနေရာတွင် တည်ဆောက်မည်ဆိုပါက သင့်တော်လှပေသည်။ လုပ်ငန်းအတော်များများမှာ အီလက်ထရွန်နစ် အမှိုက်များကို ထိုနေရာသို့ ပို့ဆောင်ရန် အကျင့်ဖြစ်နေကြပြီ ဖြစ်သည်။ သို့သော် တစ်ပြိုင်တည်းမှာပင် ပြဿနာတစ်ခု ရှိနေသည်မှာ၊ ထိုနေရာသည် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း၏ အမည်ပျက်စာရင်း သွင်းခြင်းကို ခံလိုက်ရပြီဖြစ်ရာ၊ နိုင်ငံတော်ဘက်မှ ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။
"အဲဒီမှာ ထားမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေမှာ ပြဿနာ ရှိမလား။ အဲဒီမှာ ဒီလို လုပ်ငန်းမျိုးကို ထပ်ပြီး ခွင့်ပြုဦးမှာလား” ဖုန်းယွီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"တကယ်တော့ ကျွန်တော် ထင်တာက နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အထက်လူကြီးတွေဘက်ကနေပြီး ဒီစက်ရုံဟာ ပတ်ဝန်းကျင်ကို လုံးဝ ညစ်ညမ်းမှု မရှိဘူးဆိုတာကို သက်သေခံပေးဖို့ပါပဲ။ နိုင်ငံတော်ရဲ့ ယုံကြည်ကိုးစားမှုကတော့ အလုပ်ဖြစ်နိုင်မယ် မဟုတ်လား” ကျုံးချင်းရှန်က ဆိုသည်။ ဤအီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ကိုင်တွယ်ရေး စက်ရုံသည် ၎င်းတို့၏ အီလက်ထရွန်နစ် စက်ရုံများနှင့် အလွန် ဝေးကွာနေမည်ဆိုပါက၊ ခွဲထုတ်ရရှိသော ကုန်ကြမ်းများကို ခရီးဝေး ထပ်မံသယ်ယူရဦးမည်ဖြစ်ရာ တွက်ခြေမကိုက်လှပါချေ။
ဖုန်းယွီသည် ကျုံးချင်းရှန်အဘယ်ကြောင့် ဖုန်းဆက်ရသနည်းဆိုသည်ကို ထိုအခါမှ သဘောပေါက်သွားတော့သည်။ ဖုန်းယွီအား အထက်လူကြီးများနှင့် နည်းလမ်းရှာရန် ပြောဆိုခြင်းပင် ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်တော် အထက်လူကြီးတွေနဲ့ ဆွေးနွေးကြည့်ပါ့မယ်"
******
အခန်း ၁၄၃၇ ရှောင်ကျောက်... အိမ်ထောင်ပြုပြီးပြီလား
"ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလား။ သိတော့ သိပါတယ်၊ ဒါပေမဲ့ သိပ်တော့ မရင်းနှီးဘူး" ကျန့်ရွေ့ချန်က ဖုန်းယွီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "မင်းနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ဘာကိစ္စ ရှိလို့လဲ။ ဒါမှမဟုတ် မင်းရဲ့လုပ်ငန်းတစ်ခုခုက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေလို့လား”
ကျန့်ရွေ့ချန်အနေဖြင့် ဤသည်မှာ မဖြစ်နိုင်ဟု ယူဆထားသည်။ အကြောင်းမှာ ဖုန်းယွီရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများရှိ စွန့်ပစ်ပစ္စည်း ကိုင်တွယ်သည့် စက်ကိရိယာများမှာ ကမ္ဘာ့ထိပ်တန်း အဆင့်ရှိသောကြောင့်ပင်။ ပင်းချန်ရှိ အကြီးမားဆုံးသော မိလ္လာနှင့် စွန့်ပစ်ရေ ကိုင်တွယ်သည့် စက်ကိရိယာများကိုပင် ဖုန်းယွီက ငွေကြေးစိုက်ထုတ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ရာ၊ ပင်းချန်ရှိ စုန်းဟွာ မြစ်ကြီး စက်မှုလုပ်ငန်းသုံး စွန့်ပစ်ရေများကြောင့် ညစ်ညမ်းမှု မရှိစေရန် သူက အာမခံချက် ပေးထားနိုင်ခဲ့သည်။
ဖုန်းယွီကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အစစ်အမှန်ဟု မဆိုသာစေဦးတော့၊ သူ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အမြင်မှာမူ အတော်ပင် ကောင်းမွန်လှပေသည်။ သို့ဆိုလျှင် သူ၏ လက်အောက်ခံ လုပ်ငန်းတစ်ခုခုက ပြဿနာ ရှာလိုက်ခြင်းလော။
ဖုန်းယွီက မျက်လုံးတစ်ချက် ဝေ့လိုက်ရင်း ဆိုလိုက်သည်။ "ခင်ဗျားကလည်း ကျွန်တော့်ကို ကောင်းတဲ့ဘက်က မတွေးပေးနိုင်ဘူးလား။ ဘာဖြစ်လို့ ကျွန်တော့် လုပ်ငန်းက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေရမှာလဲ။ ကျွန်တော့် လုပ်ငန်းက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာ ခင်ဗျား ဘယ်တုန်းက မြင်ဖူးလို့လဲ” "ကျွန်တော်က ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ကုစားဖို့ စဉ်းစားနေတာပါ"
"ဘာလဲ... မင်းက အထက်လူကြီးတွေဆီက ဆုတောင်းချင်လို့လား”
ဖုန်းယွီသည် ပုဂ္ဂိုလ်ရေးအရ ဆုတက်ယူရသည်ကို မနှစ်သက်သော်လည်း၊ လုပ်ငန်းများက ဂုဏ်ထူးဆောင် လက်မှတ်များစွာ ရရှိသည်ကိုမူ များစွာနှစ်သက်ကြောင်း ကျန့်ရွေ့ချန်သိရှိထားပါသည်။ ၎င်းက လုပ်ငန်း၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သလို၊ ဝန်ထမ်းများ၏ ဂုဏ်ယူစိတ်နှင့် စည်းလုံးမှုကိုလည်း ခိုင်မာစေသည်ဟု ဖုန်းယွီက ယူဆထားသောကြောင့်ပင်။ ထို့ပြင် သတင်းဖြန့်ချိရာတွင်လည်း အချက်အလက် တစ်ခုအနေဖြင့် အသုံးပြုနိုင်သေးသည် မဟုတ်ပါလော။ အကယ်၍ ဆုပေးပွဲကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မည်ဆိုပါက ဖုန်းယွီ၏ အပြုံးမှာ နားရွက်ချိတ်မတတ် ဖြစ်နေပေလိမ့်မည်။
"ကျွန်တော်သာ တကယ် ဆုရချင်တယ်ဆိုရင် နောက်ဖေးပေါက်ကနေ ဝင်စရာ လိုလို့လား။ သေချာပေါက် ကိုယ့်အရည်အချင်းနဲ့ကိုယ် ယူမှာပေါ့!" ဖုန်းယွီက မဲ့ပြလိုက်ရင်း ဆိုလိုက်သည်။ အရင်တုန်းက ဆုမရရှိသဖြင့် မိမိဘာသာ ဆုများဖန်တီးကာ မိမိကုမ္ပဏီကို ပြန်လည် ချီးမြှင့်ခဲ့သည့် ကိစ္စကိုမူ သူ လုံးဝ မေ့လျော့နေပုံရသည်။
"ကျွန်တော်က အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေး ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာ။ ဒီစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိအောင် လုပ်ဆောင်မှာဆိုတော့ ဒါဟာ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိစေမှာ မဟုတ်လား။ ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ပေးနိုင်မယ်၊ သယံဇာတတွေကိုလည်း ချွေတာနိုင်မယ်၊ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီးဖန်တီးပေးနိုင်မှာလေ။ ဒါပေမဲ့ ဒေသခံ ပြည်သူတွေက ဒါကို နားမလည်ဘဲ၊ ကျွန်တော်တို့ကလည်း ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် ကိုယ်ကျိုးရှာ စက်ရုံငယ်လေးတွေလိုမျိုးလို့ ထင်နေကြတယ်" ဤအချက်ကို ပြောဆိုသည့်အခါ ဖုန်းယွီ၏ မျက်နှာတွင် စိတ်ပျက်မှုများ အထင်အရှား ပေါ်လွင်နေခဲ့သည်။
ငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူထားသော အဆင့်မြင့် နည်းပညာများ၊ ဂျပန်မှ ဝယ်ယူထားသော ကုမ္ပဏီ၊ ထို့ပြင် ဥရောပနှင့် အမေရိကတို့မှ ဈေးကြီးပေး ဝယ်ယူထားသော နည်းပညာများ ရှိနေပါလျက်နှင့်၊ စက်ရုံပင် တည်ဆောက်ခွင့် မရရှိပါက ဤငွေများမှာ အလဟဿ ဖြစ်သွားပေတော့မည် မဟုတ်ပါလော။
ဖုန်းယွီတွင် ငွေကြေးများစွာ ရှိနေစေဦးတော့ ဤကဲ့သို့ အလဟဿ ဖြုန်းတီးပစ်ရန်မူ သူ ဝန်လေးလှသည်။ ဤငွေများကို ယွမ် တစ်ရာတန် ငွေစက္ကူများအဖြစ် ပြောင်းလဲကာ ရေထဲသို့ ပစ်ချမည်ဆိုပါက ကန်တစ်ခုလုံးပင် ပြည့်သွားနိုင်သည် မဟုတ်ပါလား။
"ဘယ်လို စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်မှာလဲ။ မင်းက အမှိုက်မီးရှို့တဲ့ စက်ရုံ တည်ဆောက်ချင်တာလား။ အပူပေးဖို့လား၊ ဒါမှမဟုတ် လျှပ်စစ်ထုတ်ဖို့လား။ အဲဒါမှမဟုတ်ရင် ဓာတုနည်းနဲ့ စိမ်ပြီး ကိုင်တွယ်တာမျိုးလား၊ စက်ရုံထဲမှာ ဆေးနံ့တွေ ပြင်းပြင်းထန်ထန် ထွက်နေမယ့် ပုံစံမျိုးလား”
ဖုန်းယွီတစ်ယောက် နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ မှန်ပါတယ်... ဤလူများမှာ ယခင်က အယူအဆဟောင်းများကိုသာ စွဲကိုင်ထားကြဆဲ ဖြစ်သည်။ အမှိုက်ဆိုသည်မှာ မီးရှို့ခြင်း သို့မဟုတ် ဓာတုနည်းဖြင့် စိမ်ခြင်းမှလွဲ၍ အခြား ကိုင်တွယ်နည်းများ မရှိတော့ဟု ၎င်းတို့က ထင်မှတ်နေကြသည်။
"ကျွန်တော်တို့က အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖို့အတွက် ပေါင်းစပ် ကိုင်တွယ်နည်းကို အသုံးပြုမှာပါ။ ဆိုလိုတာက Circuit boards တွေ၊ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေကို ပြန်လည်စုဆောင်းပြီး၊ အထဲက ပြန်သုံးလို့ရတဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ယူမယ်၊ သတ္တုရိုင်းတွေကို သီးခြားခွဲထုတ်ပြီး ပြန်လည်အသုံးပြုမှာပါ။ ကျန်ရှိတဲ့ အစိတ်အပိုင်းတွေကိုတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ အချို့ကို တိုက်ရိုက် ပြန်လည် အသုံးပြုနိုင်သလို၊ အချို့ကိုတော့ အဏုဇီဝပိုးမွှားတွေနဲ့ ခြေဖျက်ပြီး သတ္တုတွေကို ထုတ်ယူမှာပါ။ အချို့ကိုတော့ တကယ်ပဲ မီးရှို့ဖို့ လိုအပ်ပေမဲ့၊ အဆိပ်ငွေ့တွေ ထွက်မလာဖို့တော့ အပြည့်အဝ အာမခံပါတယ်"
"ကျွန်တော်တို့ မီးရှို့တာကလည်း လျှပ်စစ်ထုတ်ဖို့နဲ့ အပူပေးဖို့အတွက် အမှန်တကယ် အသုံးပြုမှာပါ။ ဒါပေမဲ့ ဒီလျှပ်စစ်နဲ့ အပူကို စက်ရုံဝန်းအတွင်းမှာပဲ အသုံးပြုမှာဆိုတော့၊ မီးရှို့ရမယ့် ပမာဏက သိပ်မများဘူးဆိုတာ သိသာလှပါတယ်။ ကျွန်တော်တို့ ခွဲထုတ်ရရှိတဲ့ သတ္တုတွေကိုလည်း အီလက်ထရွန်နစ် အစိတ်အပိုင်းတွေအဖြစ် ပြန်လည် ဖန်တီးပြီး၊ လျှပ်စစ်နဲ့ အီလက်ထရွန်နစ် ထုတ်ကုန်တွေ ထုတ်လုပ်ရာမှာ အသုံးပြုမှာပါ"
"စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချတာဟာ တစ်ကမ္ဘာလုံးက တိုက်တွန်းနေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ စွမ်းအင်ချွေတာရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုတဲ့ နည်းပညာက ကိုယ်တိုင် သုတေသန လုပ်ထားတာ မဟုတ်ပေမဲ့၊ နိုင်ငံအသီးသီးကနေ ဝယ်ယူထားတာ ဖြစ်သလို၊ အဲဒီ နိုင်ငံတွေဟာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ကိုင်တွယ်မှုမှာ တစ်ကမ္ဘာလုံးက ဦးဆောင်နေတဲ့ ဂျပန်၊ အမေရိကန်နဲ့ ဂျာမနီလို နိုင်ငံတွေ ဖြစ်ပါတယ်။ ဈေးလည်း အတော်ကြီးပေးခဲ့ရတယ်"။
"အကယ်၍ ကျွန်တော်တို့ရဲ့ နည်းလမ်းက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်ဆိုရင်၊ ဂျပန်လို နိုင်ငံမျိုးမှာ လူနေလို့ ရတော့မှာ မဟုတ်ပါဘူး။ ဂျပန်လို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် ထုတ်လုပ်တဲ့သူကပဲ အဲဒီ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် ကိုင်တွယ်ဖို့ တာဝန်ယူရတာပါ။ ထို့ပြင် အဲဒီ နိုင်ငံတွေဟာ ကမ္ဘာ့အဆင့်မီ အီလက်ထရွန်နစ် ထုတ်လုပ်မှု အားအကောင်းဆုံး နိုင်ငံတွေ ဖြစ်တာကြောင့်၊ ဒီနယ်ပယ်မှာ သူတို့က ကမ္ဘာကို ဦးဆောင်နေတာ ဖြစ်ပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဒီအချက်ကို စတင် အာရုံစိုက်လာကြတာပါ။ တောင်ယွဲ့ဘက်က စက်ရုံငယ်လေးတွေက လုပ်ဆောင်နေတဲ့ ပြန်လည်အသုံးချမှု လုပ်ငန်းတွေကတော့ တကယ်ပဲ ညစ်ညမ်းမှု ပြင်းထန်လှပါတယ်။ အဲဒါကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းက အခုလေးတင် ဖော်ပြလိုက်တာကြောင့် နိုင်ငံအတွက် ဂုဏ်သိက္ခာ ကျဆင်းစေခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်ရုံနဲ့တင် လူတိုင်းကို အဆိုးမြင်လို့ မရပါဘူး၊ ကျွန်တော်တို့ရဲ့ စက်ရုံကတော့ ပတ်ဝန်းကျင်ကို လုံးဝ မညစ်ညမ်းစေပါဘူး" ဖုန်းယွီ၏ မျက်နှာမှာ ဒိုအာထက်ပင် ပိုမို မတရားသဖြင့် အစွပ်စွဲခံရသူ တစ်ဦးသဖွယ် ဖြစ်နေခဲ့သည်။
အတွင်းရေးမှူး ရှောင်ကျောက်က အထဲသို့ ဝင်လာပြီး ဖုန်းယွီ၏ ရှေ့တွင် လက်ဖက်ရည်ခွက်ကို ချပေးလိုက်သည်။ သူက ပြန်လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဖုန်းယွီက သူ့အား လှမ်းတားလိုက်သည်။ "ရှောင်ကျောက်... ပြောစမ်းပါဦး၊ ကျွန်တော် မနစ်နာဘူးလား။ တကယ် မနစ်နာဘူးလား!"
အတွင်းရေးမှူး ရှောင်ကျောက်တစ်ယောက် အတော်ပင် အခက်တွေ့သွားရသည်။ ခင်ဗျားက ခေါင်းဆောင်နဲ့ အလုပ်ကိစ္စ ပြောနေတာလေ၊ ကျွန်တော်က လက်ဖက်ရည် လာချပေးတာတင်ပါ၊ ဒါကို ဘယ်လို ပြန်ဖြေရမှာလဲ။ ခေါင်းဆောင်ကများ ကျွန်တော့်ကို ခင်ဗျားတို့ရဲ့ စကားတွေကို ခိုးနားထောင်နေတယ်လို့ ထင်သွားမလား။
ကျန့်ရွေ့ချန်က ရှောင်ကျောက်ကို လက်ကာပြလိုက်ရင်း ဆိုလိုက်သည်။ "သူ့ကို ဂရုမစိုက်နဲ့၊ မင်း အလုပ်သွားလုပ်တော့"
အတွင်းရေးမှူး ရှောင်ကျောက်သည် ဘေးမှ လွတ်မြောက်သွားသည့်နှယ် အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။ သူသည် ယခုမှ အသက် ၃၀ သာ ရှိသေးပြီး၊ ကျန့်ရွေ့ချန်၏ အတွင်းရေးမှူး ဖြစ်လာရခြင်းမှာ သူ၏ဘကြီးဖြစ်သူ၏ အရှိန်အဝါကြောင့်လည်း ပါဝင်နေသည်။ သို့သော် အရှိန်အဝါ မည်မျှပင် ကြီးမားစေဦးတော့၊ ခေါင်းဆောင်၏အမျက်ကို ခံရမည်ဆိုပါက ရာထူးမှ မဖယ်ရှားဘဲ နာမည်ပျက်ဖြင့် အဝေးသို့ ပို့ဆောင်ခံရနိုင်ပြီး၊ ထိုသို့ဆိုလျှင် သူ၏ နောင်ရေးမှာ ပျက်စီးသွားပေလိမ့်မည်။
ခေါင်းဆောင်၏ အတွင်းရေးမှူး ဖြစ်ရခြင်းမှာ ရာထူးတက် မြန်ဆန်ရုံတင် မကဘဲ၊ ခေါင်းဆောင်၏ အနီးကပ် သင်ကြားမှုများကိုလည်း ရရှိနိုင်သဖြင့် နောင်တွင် ကြီးပွားတိုးတက်ရန် များစွာအကျိုးရှိလှပေသည်။ သူသည် အတွင်းရေးမှူး ဖြစ်လာသည်မှာ မကြာသေးသဖြင့် ခေါင်းဆောင်၏ လဲလှယ်ခြင်းကိုတော့ လုံးဝမခံလိုပါချေ။
ကျန့်ရွေ့ချန်က ဖုန်းယွီကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ဤဖုန်းယွီသည် သူ၏အတွင်းရေးမှူးကို အမြဲတမ်း စနောက်တတ်လွန်းလှသည်။
"အကယ်၍ မင်း ပြောသလိုသာ ဆိုရင်တော့... ငါ ဖုန်းတစ်ချက် ဆက်လိုက်မယ်၊ ညဘက်ကျရင် လောင်လင်းကို ခေါ်ပြီး ထမင်းအတူ စားကြတာပေါ့။ အဲဒီကျမှ မင်း သူ့ကို သေသေချာချာ ရှင်းပြလိုက်တော့"
ကျန့်ရွေ့ချန်က ပြောပြီးသည်နှင့် ဖုန်းကို ယူကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ကြီးလင်းထံသို့ တိုက်ရိုက် ခေါ်ဆိုလိုက်သည်။ "လောင်လင်းရေ... ငါ စီးပွားရေး ဝန်ကြီးဌာနက ကျန့်ရွေ့ချန်ပါ။ ဒီည အားလား၊ ဖုန်းယွီ ငါ့ဆီ ရောက်နေတယ်လေ၊ ညဘက် မင်းကို ထမင်းကျွေးချင်လို့တဲ့။ ဟုတ်တယ်... သူကိုယ်တိုင်ပဲ။ ကောင်းပြီလေ... ရုံးဆင်းခါနီးရင် ငါ ထပ်ပြီး ဖုန်းဆက်လိုက်မယ်"
"ကဲ... ညကျရင် မင်းပဲ စီစဉ်လိုက်တော့။ လောင်လင်းက ဟူနန်လူမျိုးဆိုတော့ စပ်စပ်ကဲကဲ စားရတာကို ကြိုက်တတ်တယ်" ကျန့်ရွေ့ချန်က မှာကြားလိုက်သည်။
ပြောပြီးသည်နှင့် ကျန့်ရွေ့ချန်သည် နာရီကို ကြည့်ကာ သူ၏ စားပွဲတွင် ပြန်လည် ထိုင်လိုက်ပြီး အလုပ်ကို ဆက်လက် လုပ်ဆောင်ရန် ပြင်လိုက်သည်။
"ဟင်။ မင်းက ဘာလို့ မပြန်သေးတာလဲ၊ တခြား ကိစ္စ ရှိသေးလို့လား”
"လောင်ကျန့်... ခင်ဗျားကတော့ မတရားလိုက်တာ။ ကျွန်တော်က ညကျရင် ခင်ဗျားတို့ကို ထမင်းကျွေးမှာလေ၊ အခု ခင်ဗျား ရုံးခန်းထဲမှာ ခဏလောက် ထိုင်နေတာကိုတောင် မရဘူးလား”
ကျန့်ရွေ့ချန်သည် ဖုန်းယွီ၏ အကြောင်းပြချက် မရှိသော စကားများကို ရည်မှန်းပြီးသား ဖြစ်သဖြင့် ပြန်လည်၍ တစ်ခွန်းမျှ မဟတော့ဘဲ အလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။ Microsoft၏ လက်ဝါးကြီးအုပ်မှု အမှုအတွက် အပြီးသတ် စီရင်ချက် ရုံးချိန်းမှာ မကြာမီမှာပင် ရောက်ရှိတော့မည်ဖြစ်ရာ၊ များမကြာမီ ဤဒဏ်ငွေများမှာ လက်ထဲသို့ ရောက်ရှိလာပေတော့မည်။
သူသည် ရန်ပုံငွေ အချို့ကို ချပေးရန်အတွက် အောက်ခြေမှ တင်ပြလာသော စီမံကိန်း အမြောက်အမြားကို စိစစ်နေခဲ့သည်။ မည်သည့် စီမံကိန်းက အောင်မြင်မှု ပိုမြန်နိုင်မည်ဖြစ်ပြီး ပိုမို ခိုင်မာမှု ရှိမည်နည်းဆိုသည်ကို သူ ကြည့်ရှုနေခြင်း ဖြစ်သည်။
ဖုန်းယွီသည် သူ၏ယာဉ်မောင်းထံသို့ ဖုန်းဆက်ကာ အားလုံးကို စီစဉ်ခိုင်းလိုက်ပြီး၊ ယာဉ်မောင်းထံမှ စာတိုကို စောင့်နေလိုက်သည်။ ထို့နောက် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အပြင်ခန်းသို့ ထွက်လာပြီး အတွင်းရေးမှူး ရှောင်ကျောက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
အတွင်းရေးမှူး ရှောင်ကျောက်သည် ဖုန်းယွီတစ်ယောက် သူ၏မျက်နှာချင်းဆိုင်တွင် ရုတ်တရက် လာထိုင်သည်ကို မြင်သည့်အခါ အလန့်တကြား ထရပ်လိုက်သည်။ "ဖုန်းအကြံပေး"
ဖုန်းယွီသည် ဤခေါ်ဆိုမှုကို ကြားရသည့်အခါ အတော်ပင် ခေါင်းခဲသွားရသည်။ သူ့ကို နာမည်တိုက်ရိုက် ခေါ်ခြင်းက ပို၍သက်သောင့်သက်သာ ရှိလှပေသည်။ ဤ အကြံပေးဆိုသည့် ရာထူးမှာ တစ်နှစ်စာ လစာ ယွမ် တစ်ယွမ်သာ ရရှိခြင်း ဖြစ်သည်ကို၊ လောင်ကျန့်ကမူ တကယ့်ကို အတည်အလင်း အမိန့်စာ ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။
"ရှောင်ကျောက်... မင်း အလုပ် မင်း ဆက်လုပ်ပါ၊ ငါ့ကို ဂရုမစိုက်နဲ့။ ဟော... အဲဒီ ကွန်ပျူတာကို ဘယ်သူမှ မသုံးဘူး မဟုတ်လား၊ ငါ ခဏလောက် သုံးမယ်နော်"
အတွင်းရေးမှူး ရှောင်ကျောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း၊ ဖုန်းယွီကို မတားဝံ့ပါချေ။ သူသည် ဖုန်းယွီ၏ ခွက်ကို ယူကာ ရေနွေး ပြန်လည် ဖြည့်ဆည်းပေးလိုက်သည်။
ဖုန်းယွီ၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေခဲ့သည်။ လောင်ကျန့်သည် ယခုနှစ်များအတွင်း နောက်ဆုံးတွင်မှ သူ့ထက် အသက်ငယ်သော အတွင်းရေးမှူးတစ်ဦးကို လဲလှယ်လိုက်ခြင်းဖြစ်သော်လည်း၊ ဤရှောင်ကျောက်မှာမူ ယခင်အတွင်းရေးမှူးများကဲ့သို့ပင် အလွန်စည်းကမ်းကြီးလွန်းလှသဖြင့် ပျင်းစရာ ကောင်းလှပေသည်။
"ရှောင်ကျောက်... မင်း အိမ်ထောင်ပြုပြီးပြီလား” ဖုန်းယွီက ပြုံးလျက် မေးလိုက်သည်။
အတွင်းရေးမှူး ရှောင်ကျောက်သည် မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ်ပင် ပေါက်သွားရသည်။ တစ်ဖက်လူက ဂရုမစိုက်နဲ့ဟု ပြောပါလျက်နှင့်၊ မိမိက ဘာလို့ ရေနွေး လိုက်ဖြည့်ပေးမိပါလိမ့်။ အခုတော့ ထပ်ပြီး အနှောင့်အယှက် ခံရပြီ မဟုတ်ပါလော။
"အာ... မပြုရသေးပါဘူး၊ ဒါပေမဲ့ မကြာခင် ပြုတော့မှာပါ။ နှစ်မကူးခင် သတ်မှတ်ထားပါတယ်"
အိမ်ထောင်ပြုတော့မှာလား။ ဖုန်းယွီအနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။ သူက ရှောင်ကျောက်ကို ချစ်သူရှာပေးပြီး၊ မြှားနတ်မောင်အဖြစ် တစ်ခေါက်လောက် လုပ်ကြည့်ချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှောင်ကျောက်က အိမ်ထောင်ပြုတော့မည်ဆိုသော်လည်း၊ အခြားသော အတွင်းရေးမှူးရုံးမှ ဝန်ထမ်းများထဲတွင် လူပျို၊ အပျိုများ ရှိနေဦးမည်မှာ အမှန်ပင် ဖြစ်သည်။
"ရှောင်ကျောက်... မင်းတို့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ လူပျို၊ အပျိုတွေ ရှိသေးလား။ ငါ ပြောပြမယ်... ငါတို့ Taihua Holdings မှာဆိုရင် အထီးကျန်နေတဲ့ လူငယ်လူရွယ်တွေ အများကြီးပဲ။ နောက်ကျရင် မိတ်ဆုံပွဲတစ်ခုလောက် စီစဉ်ကြမလား”
ရှောင်ကျောက်တစ်ယောက် ချွေးပြန်သွားခဲ့ရသည်။ "ဟို... ဖုန်းအကြံပေး၊ ကျွန်တော် အစီရင်ခံစာ တစ်စောင် သွားပို့လိုက်ဦးမယ်။ ဒီကွန်ပျူတာမှာ Passwordမရှိပါဘူး၊ အင်တာနက် သုံးလို့ ရပါတယ်၊ အပြင်က သတင်းအချက်အလက်တွေကို ကြည့်လို့ရအောင် ထားထားတာပါ။ ခင်ဗျား သုံးလိုက်ပါဦး"
ပြောပြီးသည်နှင့် ရှောင်ကျောက်သည် စားပွဲပေါ်မှ အစီရင်ခံစာ တစ်စောင်ကို ဆွဲယူကာ အခန်းထဲမှ အပြေးအလွှား ထွက်ခွာသွားတော့သည်။
ဖုန်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ စကားပင် မဆုံးသေးမီမှာ ဘာလို့ အမြန်ကြီး ထွက်သွားရတာလဲ။ ငါတို့ Taihua Holdingsက ဝန်ထမ်းတွေနဲ့ မိတ်ဆုံပွဲ လုပ်တာက ဘာဖြစ်လို့လဲ။ ငါတို့ဆီမှာ ဘွဲ့ရ၊ မဟာဘွဲ့ရ၊ ပါရဂူဘွဲ့ရတွေ အမြောက်အမြား ရှိနေတာလေ၊ မင်းတို့လို အစိုးရ ဝန်ထမ်းလေးတွေနဲ့ မလိုက်ဖက်ဘူးလို့ ထင်နေတာလား။
******
အခန်း ၁၄၃၈ ဒါက တိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား
"မန်နေဂျာဖုန်း၊ လောင်ကျန့်" ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ခေါင်းဆောင်ဖြစ်သူ လောင်လင်းသည် သူတို့နှစ်ဦးအား တွေ့ရှိသည့်အခါ ပျူငှာစွာ နှုတ်ခွန်ဆက်သလိုက်သည်။
သို့သော်လည်း ဤသို့ နှုတ်ဆက်ရာတွင် အစဉ်လိုက်အရ ကြည့်မည်ဆိုပါက၊ သူသည် ဖုန်းယွီကို ကျန့်ရွေ့ချန်ထက်ပင် ပိုမိုအလေးထားနေကြောင်း ထင်ရှားလှပေသည်။
ကျန့်ရွေ့ချန်က ပြုံးလျက် ဆိုလိုက်သည်။ "လောင်လင်း... မန်နေဂျာဖုန်းနဲ့ မင်းကိုတော့ ငါ သီးသန့် မိတ်ဆက်ပေးနေဖို့ မလိုတော့ဘူး မဟုတ်လား။ လောင်လင်းရေ... မန်နေဂျာဖုန်းက မင်းအတွက် ဒီ ဟူနန်စားသောက်သိုက်ကို တကူးတက စီစဉ်ပေးထားတာနော်"
လောင်လင်းသည် များစွာစိတ်လှုပ်ရှားသွားဟန်ဖြင့် ပြောကြားလိုက်သည်။ "အိုးးး... ကျွန်တော်က ဟူနန်ဇာတိသားလေ၊ အဲဒီမှာလည်း အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ဖူးတော့ ဒီစပ်စပ်ကဲကဲ အရသာကိုပဲ စွဲလမ်းနေတာ။ အခုလို ဂရုတစိုက် စီစဉ်ပေးတဲ့အတွက် မန်နေဂျာဖုန်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်"
အမှန်စင်စစ် လောင်လင်းအနေဖြင့် ဟူနန်ဟင်းလျာများကို စားသုံးရန်မှာ များစွာလွယ်ကူလှသော်လည်း၊ ဖုန်းယွီကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဤအချက်ကို ထည့်သွင်းစဉ်းစားပေးခြင်းအပေါ် သူက အသိအမှတ်ပြုလိုခြင်း ဖြစ်သည်။ မူလက သူသည် ဖုန်းယွီကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှု ရရှိထားသူတစ်ဦးမှာ အလွန်ပင် မောက်မာရိုင်းစိုင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ ဆုံတွေ့လိုက်ရသည့်အခါတွင်မူ ဖုန်းယွီသည် သူထင်ထားသည်ထက် များစွာပိုမိုတည်ငြိမ်ရင့်ကျက်ကြောင်း တွေ့ရှိလိုက်ရသည်။
စားသောက်ရင်း စကားဝိုင်း အရှိန်ရလာသည့်အခါ၊ ဖုန်းယွီက ကျန့်ရွေ့ချန်ကို တစ်ချက် ကြည့်လိုက်သည်။ လောင်ကျန့်က သဘောပေါက်သွားကာ လက်ထဲမှ တူကို ချလိုက်ရင်း စကားစလိုက်သည်။ "လောင်လင်း... ကြားတာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မင်းတို့ ဝန်ကြီးဌာန အတော်လေး အကျပ်ရိုက်ခဲ့တယ်ဆို။ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းရဲ့ အမည်ပျက်စာရင်း သွင်းတာကို ခံလိုက်ရတယ် မဟုတ်လား" ဟု
လောင်လင်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ရသလို၊ စိတ်ထဲမှလည်း ကျန့်ရွေ့ချန်ကို အပြစ်တင်နေမိသည်။ မင်းကတော့ မပြောသင့်တဲ့ အကြောင်းအရာကိုမှ ရွေးပြီး ပြောနေတော့တာပဲ။ မန်နေဂျာဖုန်း ရှေ့မှာ ငါ့ရဲ့ အားနည်းချက်ကိုမှ လာပြီး ထောက်ပြနေတယ်၊ ငါက မန်နေဂျာဖုန်း စိတ်ကြည်နေတုန်း ငါတို့ ဝန်ကြီးဌာနအတွက် အလှူငွေလေး ဘာလေး ရမလားလို့ မျှော်လင့်နေတာကို..။
ဖုန်းယွီတွင် သုံးမကုန်ဖြုန်းမကုန်သော ငွေကြေးများ ရှိနေသည်ကို မည်သူက မသိဘဲ နေပါမည်နည်း။ စိတ်ကြည်သည့်အခါမျိုးတွင် ယွမ် သန်းတစ်ရာ၊ နှစ်ရာကို အမှတ်တမဲ့ လှူဒါန်းတတ်သလို၊ တစ်ခါတစ်ရံတွင် ယွမ် သန်းတစ်ထောင် (၁ ဘီလီယံ) ကိုပင် မျက်တောင်မခတ်ဘဲ လှူဒါန်းတတ်သော သဒ္ဓါတရား ထက်သန်သူကြီး မဟုတ်ပါလား။
"ဒီကိစ္စက မတော်တဆ ဖြစ်သွားတာပါ။ အဓိကကတော့ သူတို့က ငါတို့ တရုတ်ပြည်ကို တမင်ပစ်မှတ်ထားပြီး လုပ်ဆောင်ကြတာလေ။ ဒါပေမဲ့ သေချာတာကတော့ အရင်တုန်းက ငါတို့ဘက်ကလည်း အမှန်တကယ်ပဲ အလေးထားမှု အားနည်းခဲ့တာလည်း ပါတာပေါ့။ အမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းတာကနေ ပတ်ဝန်းကျင် ညစ်ညမ်းမှုက ဒီလောက်အထိ ဆိုးရွားလာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ အဲဒီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကလည်း တမင်တကာ ပုံကြီးချဲ့ပြီး ပြောဆိုကြတာပါ။ သူတို့က အဆိုးရွားဆုံး နေရာတွေကိုပဲ ထောက်ပြပြီး၊ တစ်နိုင်ငံလုံးက ဒီလိုပဲ ဖြစ်နေသယောင် သွယ်ဝိုက်ပြီး စွပ်စွဲနေကြတာ၊ တကယ်တမ်းကျတော့ အဲဒီလို မဟုတ်ပါဘူး" လောင်လင်းက ဆိုလိုက်သည်။
ဤအကြောင်းကို ပြောဆိုရာတွင် လောင်လင်းမှာ အတော်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။ အမှန်တကယ်တွင် ထိုမျှအထိ ကြီးမားသောကိစ္စ မဟုတ်စေဦးတော့၊ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းက ဖော်ပြလိုက်သည့်အခါ အလွန်ပင် ဆိုးရွားသော ကိစ္စကြီးသဖွယ် ဖြစ်သွားခဲ့ရသည်။ ဤသည်မှာ အချို့သော ဒေသန္တရအဖွဲ့များက အထက်လူကြီးများထံမှ ရန်ပုံငွေ တောင်းခံသည့်အခါ အခက်အခဲများကို ပုံကြီးချဲ့ တင်ပြတတ်သည့် ပရိယာယ်နှင့် များစွာ တူညီလှပေသည်။
ဥပမာအားဖြင့် အချို့သော စက်ရုံများက စွန့်ထုတ်ရေ စံနှုန်းမမီခြင်းမျိုးကို၊ သူတို့က စက်ရုံအားလုံး စံနှုန်းမမီသယောင် ဖော်ပြကြသည်။ အချို့သော ညစ်ညမ်းမှု ပြင်းထန်သော နေရာများမှာ လွန်ခဲ့သော နှစ်နှစ်ကတည်းက ပိတ်သိမ်းပြီးသား ဖြစ်သော်လည်း၊ ၎င်းတို့က ယခုထိ ညစ်ညမ်းနေဆဲ ဖြစ်သယောင် ဖော်ပြနေကြခြင်းပင်။
မှန်ပါတယ်... နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းရဲ့ စံနှုန်းထက် ကျော်လွန်တဲ့ ညစ်ညမ်းမှုတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဥရောပနဲ့ အမေရိကန်လို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း ဒီလို အခြေအနေမျိုးတွေ ရှိနေတာပဲလေ။ ပြီးတော့ ဒီစံနှုန်းဆိုတာကလည်း ယခုနှစ်မှသာ အသစ် ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပြီး၊ သတ်မှတ်ပြီးတာနဲ့ ပထမဆုံး လာရောက် စစ်ဆေးတာက ငါတို့ တရုတ်ပြည်ဖြစ်နေတာလေ၊ ဒါဟာ တမင်တကာ ပစ်မှတ်ထားတာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ!
ဖုန်းယွီက ပြုံးလျက် ဆိုလိုက်သည်။ "လင်းဝန်ကြီး... ဒါက သဘာဝကျပါတယ်။ ကျွန်တော်တို့ သာမန်ပြည်သူတွေ ပြောသလိုဆိုရင်တော့ 'နယ်ချဲ့ဝါဒီတွေဟာ ငါတို့ကို ဖျက်ဆီးဖို့ အမြဲတမ်း ကြံစည်နေကြတာပဲ' ပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းငယ်ရှိတာကတော့ ရှောင်လွှဲရ ခက်ခဲပါတယ်။ ဥပမာအားဖြင့် တစ်ချိန်က လန်ဒန်ဆိုရင် ကမ္ဘာကျော်တဲ့ မြူမြို့တော်ကြီး ဖြစ်ခဲ့ဖူးတာပဲလေ။ ဂျပန်ရဲ့ တိုကျိုဆိုရင်လည်း တစ်နှစ်ပတ်လုံးမှာ ကြယ်တွေကို မြင်တွေ့ရတဲ့ ရက်က အလွန် နည်းပါးခဲ့တာပဲ မဟုတ်လား"
"ဒါပေမဲ့ ကျွန်တော်တို့လည်း သင်ခန်းစာ ယူရပါမယ်။ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ပတ်ဝန်းကျင်ကို လုံးဝ လျစ်လျူရှုလို့ မဖြစ်ပါဘူး။ ပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး ငွေရှာမယ်၊ ပြီးမှ အဲဒီငွေနဲ့ ပတ်ဝန်းကျင်ကို ပြန်လည် ကုစားမယ်ဆိုတဲ့ လမ်းမှားကြီးပေါ်ကိုတော့ မလျှောက်သင့်ပါဘူး။ အမှားဆိုတာ ဘယ်နိုင်ငံမဆို မှားနိုင်တာပဲ၊ ဒါပေမဲ့ နောင်မှာ ဒီလို အမှားမျိုး ထပ်မမှားအောင်တော့ ငါတို့ ကြိုတင် ရှောင်လွှဲလို့ ရတာပေါ့"
လောင်လင်းသည် ဖုန်းယွီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။ "မန်နေဂျာဖုန်းရဲ့ စကားတွေက အနက်အဓိပ္ပာယ် တစ်ခုခု ရှိနေသလိုပဲ။ ဘာကို ဆိုလိုတာလဲ”
ဖုန်းယွီ၏စကားမှာ သူတို့ တာဝန်ပျက်ကွက်ခြင်းကို အပြစ်တင်နေခြင်း မဟုတ်သော်လည်း၊ နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းက မှားယွင်းနေသည်ဟုလည်း မယူဆပါချေ။ နှစ်ဖက်စလုံးက မမှားဘူးဆိုလျှင် မည်သူက မှားနေသနည်း။ သို့မဟုတ်လျှင် မည်သူ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုသာ အရင်ဆုံး ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုလိုခြင်းလား။
"လင်းဝန်ကြီး... ပြဿနာက ဖြစ်ပေါ်နေပြီဆိုမှတော့၊ အခု အရေးကြီးဆုံးက ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို လိုက်လံ စုံစမ်းနေဖို့ မဟုတ်ဘဲ၊ ဒီကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲဆိုတာကို နည်းလမ်းရှာဖို့ပဲ မဟုတ်လား။ အီလက်ထရွန်နစ် အမှိုက်တွေ ပြန်လည် ကိုင်တွယ်ရာမှာ ဖြစ်ပေါ်တဲ့ ညစ်ညမ်းမှုတွေအတွက် ခင်ဗျားတို့လည်း စက်ရုံအချို့ကို ပိတ်ခိုင်းခဲ့သလို၊ အချို့ကိုလည်း ပြုပြင်ပြောင်းလဲဖို့ အမိန့်ထုတ်ခဲ့ပြီပဲ။ ဒါဆိုရင် ဘာဖြစ်လို့ စံပြလုပ်ငန်းတစ်ခုအဖြစ် ကူညီ မြှင့်တင်မပေးတာလဲ" ဖုန်းယွီက ပြုံးလျက် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"စံပြလုပ်ငန်းတစ်ခုအဖြစ် မြှင့်တင်ပေးမယ် ဟုတ်လား။ မန်နေဂျာဖုန်း ပြောတာက စံနမူနာပြ လုပ်ငန်းမျိုးလား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အားငယ်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အီလက်ထရွန်နစ် အမှိုက် ပြန်လည် ကိုင်တွယ်ရေး နည်းပညာပိုင်းမှာ ငါတို့ နိုင်ငံဟာ အလွန် နောက်ကျနေသေးတာ။ အရင်က ဒီအချက်ကို လုံးဝအလေးမထားခဲ့ဘူး၊ နောက်ပိုင်းမှာ အလေးထားလာခဲ့ပြန်တော့လည်း အစပြုတာက အလွန် နောက်ကျသွားခဲ့ပြီ"
"ကျွန်တော်တို့လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ နည်းပညာ ဖလှယ်ဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူတို့က ငါတို့ကို လုံးဝ အဖက်မလုပ်ကြဘူး၊ ငါတို့ရဲ့ နည်းပညာကို အထင်သေးကြတာလေ။ ငါတို့ရဲ့ နည်းပညာက ဓာတုနည်းနဲ့ ကိုင်တွယ်တာ ဒါမှမဟုတ် မီးရှို့ပြီး ကိုင်တွယ်တာလောက်မှာပဲ ရှိနေသေးတာ။ အခုနောက်ပိုင်းမှာတော့ ပြန်သုံးလို့ရတဲ့ အီလက်ထရွန်နစ် အစိတ်အပိုင်းတွေကို လူကိုယ်တိုင် ခွဲထုတ်တဲ့ နည်းလမ်းလေးတွေတော့ ရှိလာပါပြီ"
"နိုင်ငံတကာက ဖွံ့ဖြိုးပြီး နိုင်ငံတွေလိုမျိုး ခေတ်မီပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းမီတဲ့ အီလက်ထရွန်နစ် အမှိုက် ကိုင်တွယ်ရေး လုပ်ငန်းတစ်ခု တည်ထောင်ဖို့ဆိုရင်၊ မြေနေရာနဲ့ နည်းပညာဖိုးတွေ မပါဘဲနဲ့တင် အနည်းဆုံး အမေရိကန် ဒေါ်လာ သန်းနှစ်ရာကျော်လောက် ရင်းနှီးမြှုပ်နှံရမှာ။ ဘယ်သူကများ... နေပါဦး မန်နေဂျာဖုန်း၊ ခင်ဗျားရဲ့ ဆိုလိုရင်းက ခင်ဗျား ကိုယ်တိုင် ရင်းနှီးမြှုပ်နှံချင်တာလား”
လောင်လင်းသည် မည်သူက ဤမျှလောက်သော ငွေကြေးများကို ရင်းနှီးမြှုပ်နှံနိုင်ပါမည်နည်းဟု ပြောရန် ပြင်လိုက်စဉ်မှာပင်၊ ဖုန်းယွီ၏ ထူးခြားသော အပြုံးကို မြင်တွေ့လိုက်ရသဖြင့် မိမိ၏ ရှေ့မှောက်တွင် ထိုင်နေသူမှာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး သေချာပေါက် ရင်းနှီးမြှုပ်နှံနိုင်စွမ်း ရှိသူဖြစ်ကြောင်း သတိရသွားတော့သည်။ ထို့ပြင် ဖုန်းယွီသည် အကြောင်းပြချက် မရှိဘဲ ဤစကားများကို ပြောဆိုနေမည် မဟုတ်ပါချေ၊ သေချာပေါက် သူ့တွင် အစီအစဉ် ရှိနေခြင်းပင် ဖြစ်ရမည်။
"ဘာဖြစ်လို့ မရနိုင်ရမှာလဲ။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ဂျပန်၊ ဥရောပနဲ့ အမေရိကလို နိုင်ငံတွေဆီကနေ အဆင့်မြင့် နည်းပညာတွေကို ဝယ်ယူထားပြီးပါပြီ။ ဒီနည်းပညာတွေဟာ နိုင်ငံတကာမှာ အဆင့်အမြင့်ဆုံး ဖြစ်တဲ့အပြင်၊ သက်ဆိုင်ရာ နည်းပညာရှင်တွေနဲ့ စီမံခန့်ခွဲမှုပိုင်း ကျွမ်းကျင်သူတွေလည်း အဆင်သင့် ရှိနေပါပြီ" ဖုန်းယွီက ပြုံးလျက် ဖြေကြားလိုက်သည်။
"ဒါဆိုရင်တော့ တကယ်ကို ဝမ်းသာစရာပါပဲ မန်နေဂျာဖုန်း။ ကျွန်တော် ဝန်ကြီးဌာနကို ကိုယ်စားပြုပြီး ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ တရုတ်ပြည်ရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေအပေါ်မှာ ခင်ဗျားရဲ့ ကူညီပံ့ပိုးမှုတွေအတွက် တကယ်ကို ကျေးဇူးတင်မိတာပါ။ စိတ်ချပါ... အကယ်၍သာ နိုင်ငံတကာ စံနှုန်းတွေကို အမှန်တကယ် မီတယ်ဆိုရင်တော့၊ ဒါဟာ သေချာပေါက် စံနမူနာပြ လုပ်ငန်းတစ်ခု ဖြစ်လာစေရမယ်။ လုပ်ထုံးလုပ်နည်းပိုင်းမှာ ကျွန်တော် ကိုယ်တိုင် ကူညီပေးမှာဖြစ်သလို၊ အခွန်အခပိုင်းမှာလည်း ခင်ဗျားအတွက် သေချာပေါက် အထူးခံစားခွင့်တွေ ပေးစေရမယ်!" လောင်လင်းက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်တော့သည်။
"လင်းဝန်ကြီး... ဒါတွေက ကျွန်တော့်အတွက် သိပ်ပြီး အရေးမကြီးပါဘူး။ လုပ်ထုံးလုပ်နည်းတွေမှာဖြစ်စေ၊ အခွန် လျှော့ပေါ့ပေးတာမှာဖြစ်စေ ကျွန်တော် အမှန်တကယ် မလိုအပ်ပါဘူး။ ဒေသန္တရ အဖွဲ့ကို ပေးဆောင်ရမယ့် အခွန်တွေကိုတော့ ပုံမှန်အတိုင်းပဲ ပေးဆောင်သွားမှာပါ၊ လျှော့ပေါ့ပေးဖို့ မလိုပါဘူး"
"မန်နေဂျာဖုန်းကတော့ တကယ့်ကို သဒ္ဓါတရား ထက်သန်လှပါတယ်" လောင်လင်းက ချီးကျူးလိုက်သည်။ တစ်ပြိုင်တည်းမှာပင် သူ ပိုမိုသိလိုနေသည်မှာ ဒါဆိုရင် ဖုန်းယွီက သူ့ကို ဘာအတွက်ကြောင့် လာတွေ့ရသနည်း။ စံနမူနာပြ လုပ်ငန်းတစ်ခု ဖြစ်လာဖို့ဆိုသည်မှာ ဖုန်းယွီကိုယ်တိုင် ထွက်လာစရာ မလိုဘဲ ဝန်ကြီးဌာနဘက်မှလည်း သေချာပေါက် ကူညီ မြှင့်တင်ပေးမည့် ကိစ္စ မဟုတ်ပါလား။
ဖုန်းယွီက ၎င်းတို့အနေဖြင့် စက်ရုံတည်ဆောက်ရန် စီစဉ်ထားသော်လည်း ဒေသခံ ပြည်သူများ၏ ဟန့်တားမှုကို ကြုံတွေ့နေရသည့်ကိစ္စကို ပြောပြလိုက်သည်။ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ဤစက်ရုံသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း မရှိကြောင်းကို အာမခံ သက်သေပြပေးနိုင်မလားဟု သူက မေးမြန်းလိုက်ခြင်း ဖြစ်သည်။
လောင်လင်းက မျက်မှောင်ကြုတ်လျက် ရုတ်တရက် မေးမြန်းလိုက်သည်။ "မန်နေဂျာဖုန်း... ခင်ဗျား ပြောတဲ့ နေရာတိုင်းမှာ ပြည်သူတွေက တစ်ပြိုင်တည်း ကန့်ကွက်နေကြပြီး၊ စက်ရုံဆောက်တာကို သဘောမတူကြတာ ဟုတ်လား”
"တစ်ပြိုင်တည်းတော့ မဟုတ်ပါဘူး၊ နှစ်ရက် သုံးရက်လောက်တော့ ကွာခြားပါတယ်"
"မန်နေဂျာဖုန်း... ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ရာ ပြဿနာ ရှိနေနိုင်တယ်လို့ ခင်ဗျား မတွေးမိဘူးလား။ ခင်ဗျား ပြောတဲ့ အဲဒီ နေရာတွေမှာ အမှိုက်ကိုင်တွယ်တဲ့ စက်ရုံမှာ လုပ်ကိုင်ဖူးပြီး ကျန်းမာရေး ထိခိုက်ခဲ့တဲ့သူတွေ ရှိနေတယ်ဆိုပေမဲ့၊ ဒီလို လူမျိုးတွေက သိပ်ပြီး အများကြီး ရှိနေမှာ မဟုတ်ဘူး မဟုတ်လား။ သူတို့တွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ များပြားလှတဲ့ လူအုပ်ကြီးကို စုစည်းကာ တစ်ပြိုင်တည်း ကန့်ကွက်လာနိုင်ရတာလဲ" လောင်လင်းက မေးမြန်းလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ဘက်က စုံစမ်းကြည့်တော့လည်း ဦးဆောင်တဲ့သူဆိုလို့ ဘယ်သူ့ကိုမှ မတွေ့ရဘူး"
"ဦးဆောင်တဲ့သူ မရှိဘူးဆိုတာကပဲ အကြီးမားဆုံး ပြဿနာပေါ့။ အမှန်အတိုင်း ပြောရရင် အီလက်ထရွန်နစ် အစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့ စက်ရုံတွေဟာ၊ ဒီအီလက်ထရွန်နစ် အမှိုက် ကိုင်တွယ်တဲ့ စက်ရုံထက်တောင် ပတ်ဝန်းကျင်ကို ပိုပြီးညစ်ညမ်းစေနိုင်ပါတယ်။ အဲဒီ စက်ရုံတွေကိုတောင် ခင်ဗျားတို့က စနစ်တကျ ကိုင်တွယ်နိုင်ခဲ့ပြီး ပတ်ဝန်းကျင်ကို မညစ်ညမ်းစေခဲ့ဘူးဆိုရင်၊ ဒီစက်ရုံကိုလည်း သေချာပေါက် လုပ်ဆောင်နိုင်မယ်ဆိုတာကို ကျွန်တော် ယုံကြည်သလို ပြည်သူတွေလည်း သိရှိသင့်တာပေါ့"
"ဒါပေမဲ့ ဘာဖြစ်လို့ အဲဒီလူတွေက အစုလိုက်အပြုံလိုက် ကန့်ကွက်နေကြရတာလဲ၊ နောက်ပြီး ဦးဆောင်သူလည်း မရှိဘူးဆိုတော့... ဒီလို ကန့်ကွက်တဲ့ နည်းလမ်းကို ဘယ်သူကများ သင်ပေးလိုက်တာလဲ။ နေရာအသီးသီးမှာ တစ်ပြိုင်တည်း နည်းလမ်းတူတူနဲ့ ကန့်ကွက်နေကြတာကိုက... ဒါဟာ တိုက်ဆိုင်လွန်းတယ်လို့ ခင်ဗျား မထင်ဘူးလား”
ဖုန်းယွီမျက်လုံးများ ပြူးသွားခဲ့ရသည် - ဟုတ်သားပဲ... ငါ့နှယ်၊ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ မရိုးသားတာ သေချာနေပြီ၊
******