← Chapters

အခန်း (၁၄၄၈-၁၄၅၀)

Vol. 98 Ch. 1448-1450

အခန်း (၁၄၄၈-၁၄၅၀)

Vol. 98 Ch. 1448-1450

အခန်း ၁၄၄၈ စတန်လီ

"Boss... အဲဒီ ရုပ်ရှင် အထူးပြုလုပ်ချက် ကုမ္ပဏီ နှစ်ခုကို ကျွန်တော်တို့ တကယ်ပဲ ဝယ်ယူဖို့ လိုအပ်လို့လား” ရဲလ်ဖ်က ထိုမျှလောက်သော ငွေကြေးပမာဏကို အသုံးပြုရန် ဝန်လေးနေဟန်ဖြင့် မေးမြန်းလိုက်သည်။ ရုပ်ရှင် အထူးပြုလုပ်ချက် ကုမ္ပဏီတစ်ခုမှာ ဤမျှအထိ တန်ဖိုးရှိပါမည်လား။

"အဓိက ရှယ်ယာရှင်အဖြစ် ထိန်းချုပ်နိုင်ရုံရှိရင် ရပါပြီ။ သူတို့ကို ကျွန်တော်တို့ရဲ့ လိုလားချက်အတိုင်း အထူးပြုလုပ်ချက်တွေကို ဦးစားပေး လုပ်ဆောင်ခိုင်းလို့ ရမှာလေ။ ဒီကုမ္ပဏီ နှစ်ခုက ကမ္ဘာ့အကျော်ကြားဆုံး ရုပ်ရှင် အထူးပြုလုပ်ချက် ကုမ္ပဏီ သုံးခုထဲက နှစ်ခုပဲ။ အဲဒီ နှစ်ခုစလုံးကို ထိန်းချုပ်နိုင်ပြီဆိုရင်တော့ အထူးပြုလုပ်ချက်ပိုင်းမှာ ကျွန်တော်တို့ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာမှာပေါ့”

"ရဲလ်ဖ်... မင်း မှတ်ထားရမှာက ရုပ်ရှင်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် အမြင်အာရုံနဲ့ ကြည့်ရှုရတဲ့ အရာပဲ။ ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုက အရေးကြီးသလို၊ မြင်ကွင်းပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကလည်း အလားတူပဲ အရမ်းအရေးပါတယ်။ မြင်ကွင်းပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုရဲ့ ကောင်းမွန်ခြင်း၊ ဆိုးရွားခြင်းက ပရိသတ်တွေရဲ့ နှစ်သက်မှုကိုပါ လွှမ်းမိုးနိုင်တာလေ”

ယခုခေတ်ရှိ ဧရာမ ရုပ်ရှင်ကြီးများမှာ အဓိကအားဖြင့် ကြီးကျယ်ခမ်းနားသော မြင်ကွင်းများ၊ အကုန်အကျများသော ထုတ်လုပ်မှုများနှင့် နာမည်ကျော် ကြယ်ပွင့်များကိုသာ အသားပေးနေကြသည်။ သို့သော်လည်း အနာဂတ်တွင်မူ သေချာပေါက် ပိုမို ဆန်းပြားလှပသော မြင်ကွင်းနှင့် အသံပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ ပါဝင်လာရမည် ဖြစ်သည်။

"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် သူတို့နဲ့ သွားပြီး ဆွေးနွေးလိုက်ပါ့မယ်၊ အမြန်ဆုံး နည်းလမ်းနဲ့ ကုမ္ပဏီ နှစ်ခုလုံးရဲ့ အဓိက ရှယ်ယာတွေကို ရရှိအောင် ကြိုးပမ်းပါ့မယ်။ ဒါပေမဲ့ ဂျော့ခ်ျ လူကပ်စ်ဖြစ်စေ၊ ပီတာ ဂျက်ဆင်ဖြစ်စေ သူတို့က အရမ်း မာန်မာန ကြီးကြသူတွေမို့ ကျွန်တော်တို့ ရှယ်ယာတွေကို ရချင်မှ ရပါလိမ့်မယ်"

"ပီတာ ဂျက်ဆင်နဲ့ သွားပြီး ဆွေးနွေးပါ၊ The Hobbitဇာတ်လမ်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ငါထင်တယ်၊ ငါ ရင်းနှီးမြှုပ်နှံချင်တယ်၊ သူ့ကိုပဲ ရိုက်ကူးခိုင်းမယ်လို့ ပြောလိုက်။ ဂျော့ခ်ျ လူကပ်စ်ကိုကျတော့ Star Wars ပရိသတ်တွေ စောင့်နေကြတာ ကြာပြီဖြစ်လို့ ရုပ်ရှင်သစ် တစ်ကားလောက် ထုတ်သင့်ပြီလို့ ပြောလိုက်ပါ"

"နောက်ပြီး သူတို့ဆီက ရှယ်ယာတွေကိုပဲ တိုက်ရိုက် ဝယ်ယူဖို့ မလိုအပ်ပါဘူး၊ ငါတို့က အရင်းအနှီးတွေ ထည့်ဝင်ပြီး ရှယ်ယာဝင်နိုင်သလို၊ သူတို့ရဲ့ ကုမ္ပဏီကိုလည်း ပိုပြီး ကြီးထွားလာအောင် လုပ်ဆောင်ပေးနိုင်တာပေါ့၊ ဒါမှ နောင်မှာ ပိုပြီး များပြားတဲ့ အထူးပြုလုပ်ချက်တွေကို ဖန်တီးနိုင်မှာလေ”

သူတို့သည် စီးပွားရေးသမားများ ဖြစ်ကြသလို၊ တစ်ပြိုင်တည်းမှာပင် ဒါရိုက်တာကြီးများလည်း ဖြစ်ကြသည်။ အကယ်၍ သူတို့အား ရင်းနှီးမြှုပ်နှံမှု ပေးအပ်ကာ သူတို့ အမြတ်နိုးဆုံးသော ရုပ်ရှင်များကို ရိုက်ကူးခွင့် ပေးမည်ဆိုပါက နှစ်ဦးနှစ်ဖက်ကြားတွင် ရင်းနှီးမှုနှင့် ကြည်ဖြူမှုကို ရရှိနိုင်ပေလိမ့်မည်။

ဖုန်းယွီသည် ကာတွန်းဇာတ်ကောင် ရုပ်ရှင်များကို ရိုက်ကူးရန် ကြံစည်ထားရာ၊ ဤသည်မှာ ရုပ်ရှင်နည်းပညာနှင့် အထူးသဖြင့် အထူးပြုလုပ်ချက် နည်းပညာ တိုးတက်မှုအပေါ် များစွာ မှီခိုနေရသည်။ သို့သော်လည်း ဤအရာအားလုံးကို မရိုက်ကူးမီ၊ ဖုန်းယွီသည် Marvel၏ ဖခင်ကြီးအား တရုတ်ပြည်အတွက် သူရဲကောင်း အသစ်တစ်ဦးကို ဖန်တီးပေးရန် တောင်းဆိုလိုနေသေးသည်။

စတန်လီသည် Marvelရှိ ဇာတ်ကောင် အများစုကို ဖန်တီးခဲ့သူ ဖြစ်ပြီး၊ တစ်ချိန်က Marvel၏ ဥက္ကဋ္ဌနှင့် Marvel ကာတွန်း ထုတ်ဝေသူလည်း ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့် Marvelမှ ထွက်ခွာခဲ့သည်။ဟု ဆိုသော်လည်း၊ အမှန်စစ်စစ်တွင်မူ အတင်းအဓမ္မ နှင်ထုတ်ခံရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က Marvel၏ ရောင်းအားမှာ တဖြည်းဖြည်း ကျဆင်းနေခဲ့ပြီး၊ ဒါရိုက်တာ အဖွဲ့က သူ၏ အတွေးအခေါ်များသည် အလွန်ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် Marvelအား ဆက်လက် ဦးဆောင်နိုင်စွမ်း မရှိတော့ဟု ယူဆခဲ့သောကြောင့် ဖြစ်သည်။ သူက ထပ်မံ၍ ကာတွန်း ရေးဆွဲရန် သဘောတူမှသာ ဆက်လက် ထားရှိရန် ကြံစည်ခဲ့ကြသည်။

သို့သော် စတန်လီမှာ အသက်အရွယ် များစွာကြီးရင့်နေပြီ ဖြစ်သဖြင့် ဇာတ်ကောင်သစ်များ ဖန်တီးရန် သို့မဟုတ် ကောင်းမွန်သော စိတ်ကူးသစ်များ ထုတ်ဖော်ရန်အတွက် လုံလောက်သော အင်အား မရှိတော့ပါချေ။

ထို့ကြောင့် သူသည် အပြင်သို့ ထွက်ခွာကာ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်ခဲ့သော်လည်း ကံဆိုးစွာပင် ဒေဝါလီခံခဲ့ရသည်။ ထိုစဉ်က သူ၏ အတွေးအခေါ်များသည် ခေတ်ရှေ့ပြေးလွန်းလှပြီး သူသည် အွန်လိုင်း ကာတွန်းများကို ဖန်တီးလိုခဲ့သော်လည်း မည်သူမျှ ရင်းနှီးမြှုပ်နှံလိုခြင်း မရှိခဲ့ပါချေ။

ဒေဝါလီခံပြီးနောက်တွင် သူသည် လူအချို့၏ အကူအညီကို ရရှိခဲ့သလို၊ Marvel ကုမ္ပဏီထံမှလည်း အမြတ်ဝေစု အချို့ကို ရရှိခဲ့သေးသည်။ သူသည် ထိုကာတွန်းရုပ်ရှင်များ၏ ဇာတ်ညွှန်းရေးဆရာအဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။ သူသည် POW Entertainmentကို ပြန်လည်တည်ထောင်ကာ နာလန်ထူရန် ကြိုးပမ်းခဲ့သည်။

ပြန်လည် နာလန်ထူရန်မှာ ပြောသလောက် မလွယ်ကူလှပါချေ၊ ယခုအခါ ကာတွန်းစာအုပ်များ၏ ရောင်းအားမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပါချေ။

သို့သော် ကာတွန်းမှ ပြုပြင်ဖန်တီးထားသော ရုပ်ရှင်များမှာမူ ယခုအခါ အလွန်ပင် ရေပန်းစားနေခဲ့သည်။ ဥပမာအားဖြင့် Spider-Manသည် အမေရိက ပြည်တွင်း၌ပင် ရုံဝင်ငွေ ဒေါ်လာ သန်းလေးရာကျော် ရရှိခဲ့သော်လည်း၊ သူသည် အမြတ်ဝေစု တစ်ပြားတစ်ချပ်မျှ မရရှိခဲ့ပါချေ။ Marvelနှင့် ချုပ်ဆိုထားသော သဘောတူညီချက်အရ သူဖန်တီးထားသော ဇာတ်ကောင်များကို ရုပ်ရှင်အဖြစ် ရိုက်ကူးမည်ဆိုပါက သူသည် အမြတ်ဝေစု ၁၀ ရာခိုင်နှုန်းကို ရရှိရမည် ဖြစ်သည်။

ဤကိစ္စကြောင့် သူသည် Marvelနှင့် တရားရင်ဆိုင်နေရသည်မှာ သုံးနှစ်နီးပါး ရှိနေပြီဖြစ်ပြီး၊ ယခုအခါ အမြင့်ဆုံး တရားရုံးသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

သူသည် မိမိကိုယ်မိမိ အနိုင်ရတော့မည်ဟု ယူဆထားချိန်တွင်၊ မထင်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦးက သူ့အား ဆက်သွယ်လာခဲ့သည်။

"မစ္စတာဖုန်း... ခင်ဗျားကလည်း ကျွန်တော့်ရဲ့ ကာတွန်းပရိသတ် တစ်ယောက်ပဲလား” စတန်လီက ဂုဏ်ယူစွာဖြင့် မေးမြန်းလိုက်သည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေရစေဦးတော့၊ သူသည် များစွာ ဂုဏ်ယူဝင့်ကြွနေဆဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် သူ၏ ကာတွန်းကို မဖတ်ဖူးသူ မရှိနိုင်ဟု သူက ယူဆထားပြီး၊ အကယ်၍ ရှိခဲ့လျှင်လည်း ထိုသူမှာ ပညာမသင်ဖူးသူသာ ဖြစ်လိမ့်မည်ဟု သူက တွေးတောထားခဲ့သည်။

ဖုန်းယွီက ခေါင်းခါယမ်းလိုက်ရင်း ဆိုလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်တော်က တရုတ်လူမျိုးလေ။ ကျွန်တော် ငယ်ငယ်တုန်းက Marvelရဲ့ ကာတွန်းတွေကို သိပ်ပြီး မဖတ်ခဲ့ရပါဘူး၊ ကျွန်တော်တို့က တရုတ် ကာတွန်းတွေ၊ ဒါမှမဟုတ် ဟောင်ကောင်နဲ့ ဂျပန် ကာတွန်းတွေကိုပဲ ပိုပြီး ဖတ်ခဲ့ကြတာပါ"

စတန် လီ၏ မျက်နှာတွင် အရှက်ရဟန် အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ "ဒါဆိုရင် မစ္စတာဖုန်းက ဘာဖြစ်လို့ ကျွန်တော့်ကို ခေါ်တွေ့ရတာလဲ"

သူ၏ စိတ်အတွင်း၌ ခန့်မှန်းချက်များ ရှိနေသော်လည်း၊ ဖုန်းယွီမှာ သူ၏ ပရိသတ် မဟုတ်ကြောင်း သိရသည့်အခါ သူ မှားယွင်းသွားပြီလောဟု သံသယ ဝင်လာခဲ့သည်။

"လီ... ကျွန်တော် ခင်ဗျားရဲ့ကာတွန်းတွေကို မဖတ်ဖူးပေမဲ့၊ ခင်ဗျား ဖန်တီးထားတဲ့ ဇာတ်ကောင်တွေကိုတော့ သိပါတယ်။ Spider-Man ကာတွန်းကားကို ကျွန်တော် ကြည့်ဖူးတယ်။ အစဉ်အမြဲပဲ Marvelဆိုတာ ခင်ဗျား ပိုင်ဆိုင်တာလို့ပဲ ကျွန်တော် ထင်ခဲ့တာ၊ ဒါပေမဲ့ ရဲလ်ဖ်က ပြောပြမှပဲ အခု ခင်ဗျားမှာ Marvelနဲ့ ပတ်သက်ပြီး ဘာရာထူးမှ မရှိတော့ဘူးဆိုတာ သိရတော့တာပဲ၊ ဒါကို ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ရတယ်"

"ခင်ဗျားတို့ အမေရိကန်တွေရဲ့ အမြင်မှာတော့ စီးပွားရေးဟာ စီးပွားရေးပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ခင်ဗျားက ကုမ္ပဏီအတွက် တန်ဖိုးတွေ မဖန်တီးပေးနိုင်တော့ရင် ခင်ဗျား ထွက်သွားရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ တရုတ်ပြည်မှာတော့ ဒါက လုံးဝ မတူပါဘူး။ ခင်ဗျား အနားယူမယ်ဆိုရင်တောင် ကုမ္ပဏီက ခင်ဗျားရဲ့ ကြိုးပမ်းမှုတွေအတွက် အသိအမှတ်ပြုတဲ့ အနေနဲ့ ရှယ်ယာအချို့ကို ပေးအပ်မှာပါ။ ပြောရရင် ခင်ဗျားသာ မရှိခဲ့ရင် ဒီနေ့ခေတ် Marvelဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး"

"ခင်ဗျားက Marvelနဲ့ တရားရင်ဆိုင်နေရတယ်ဆိုတာကိုတော့ ကျွန်တော် ပိုပြီးတောင်နားမလည်နိုင်တော့ဘူး။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ အဖေတစ်ဦးက ကိုယ့်ရဲ့သားသမီးကို တရားစွဲဆိုနေသလိုပါပဲ၊ ခင်ဗျားရဲ့ စိတ်ထဲမှာ ဘယ်လိုနေမလဲ"

စတန် လီသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ ခပ်အက်အက် အသံဖြင့် ဆိုလိုက်သည်။ "မစ္စတာဖုန်း... ခင်ဗျား ပြောတာ မှန်ပါတယ်။ ဒါဟာ အဖေတစ်ဦးက သူ့ရဲ့သားသမီးကို တရားစွဲနေသလိုပါပဲ၊ ပြုစုစောင့်ရှောက်ခ မပေးတဲ့ သားသမီးကိုပေါ့။ အဲဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့ အရင်းရှင်ကြီးတွေက ကျွန်တော့်ရဲ့သားသမီးကို လုယူသွားကြတာပါ။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် Marvelကနေ မထွက်ချင်ပါဘူး၊ ဒါပေမဲ့ ဒါတွေက ကျွန်တော် ဆုံးဖြတ်လို့ ရတဲ့ အရာတွေ မဟုတ်ခဲ့ဘူးလေ"

"သူတို့ကို တရားစွဲရတာကလည်း တခြား နည်းလမ်းမရှိလို့ပါ။ သူတို့က စာချုပ်ပါ တာဝန်တွေကို မကျေပွန်ခဲ့ကြသလို၊ ကျွန်တော် ရသင့်ရထိုက်တဲ့ အစိတ်အပိုင်းတွေကိုလည်း မတရား ရယူထားကြလို့ပါ"

ဖုန်းယွီက ပြုံးလျက် မေးမြန်းလိုက်သည်။-"အကယ်၍ ခင်ဗျားသာ Marvelကို ပြန်သွားနိုင်မယ်ဆိုရင်ကော.. Marvelအပေါ် တရားစွဲဆိုထားတာကို ပြန်ရုပ်သိမ်းပေးဖို့ ဆန္ဒရှိပါလား”

"Marvelကို ပြန်သွားမယ် ဟုတ်လား။ မဟုတ်ဘူး မစ္စတာ ဖုန်း... ခင်ဗျားက အဲဒီ သွေးစုပ်ဖုတ်ကောင်တွေကို မသိလို့ပါ။ သူတို့ သဘောတူမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ပြန်ခေါ်ခဲ့ရင်တောင် ဘာရာထူးမှ ပေးမှာ မဟုတ်သလို၊ ကျွန်တော်ကလည်း သူတို့ရဲ့ သနားကရုဏာကို မလိုအပ်ပါဘူး" စတန်လီက ပြတ်သားစွာ ပြောဆိုလိုက်သည်။

"အကယ်၍ ကျွန်တော်က ခင်ဗျားကို Marvelဆီ ပြန်ပို့ပေးနိုင်မယ်၊ Marvel ကာတွန်း ထုတ်ဝေသူ ရာထူးကို ပြန်ပေးနိုင်မယ်၊ ပြီးတော့ ရှယ်ယာအချို့ကိုလည်း ပေးအပ်မယ်ဆိုရင် ခင်ဗျား Marvelကို တရားစွဲဆိုထားတာကို စွန့်လွှတ်မှာလား”

"ကျွန်တော်... ထုတ်ဝေသူ ဟုတ်လား။ မစ္စတာ ဖုန်းရဲ့ စကားက ဘာကို ဆိုလိုတာလဲ”

စတန် လီသည် အလွန်အမင်း အံ့အားသင့်သွားခဲ့ရသည်။ သူသည် Marvel၏ ထုတ်ဝေသူအဖြစ် ပြန်လည်ဆောင်ရွက်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်လော။

"Wind-Rain Holdingsအုပ်စုက Marvel Entertainment ကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။ အဲဒီ လက်အောက်မှာ ရှိတဲ့ Marvel ကာတွန်း၊ Marvel ရုပ်ရှင် အစရှိတဲ့ လက်အောက်ခံ ကုမ္ပဏီ အားလုံး ပါဝင်မှာပါ။ အကယ်၍ ခင်ဗျားက Marvel ကာတွန်းကို စိတ်မဝင်စားဘူးဆိုရင်လည်း Marvel ရုပ်ရှင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် Marvel ဖျော်ဖြေရေးမှာပဲ ဖြစ်ဖြစ် အဆင့်မြင့် အရာရှိ ရာထူးတစ်ခု ပေးနိုင်သလို၊ ခင်ဗျားရဲ့ POW Entertainmentကုမ္ပဏီကိုလည်း ပေါင်းစည်းနိုင်ပါတယ်"

"ဒါပေမဲ့ အခြေအနေတစ်ခု ရှိတယ်၊ ကျွန်တော်တို့အတွက် ဖြောင်းဖျနားချသူအဖြစ် ဆောင်ရွက်ပေးရမယ်။ Marvelရဲ့ အခြားသော ရှယ်ယာရှင်တွေကို ကုမ္ပဏီအား Wind-Rain Holdings Group ဆီ ရောင်းချဖို့ ခင်ဗျားက ကူညီဖြောင်းဖျပေးရမယ်။ ကျွန်တော်တို့က Marvelရဲ့ ကာတွန်းဇာတ်ကောင်တွေကို ဗဟိုပြုပြီး၊ စူပါဟီးရိုး ရုပ်ရှင် စီးရီးတွေကို ဖန်တီးမှာ ဖြစ်ပြီး၊ ကားတိုင်းကိုလည်း အကုန်အကျခံကာ အကောင်းဆုံး ရိုက်ကူးသွားမှာပါ! Marvelရဲ့ ဇာတ်ကောင်တွေကို တစ်ကမ္ဘာလုံးမှာ ကျော်ကြားလာအောင် လုပ်ဆောင်ပြီး Marvelရဲ့ ထုတ်ကုန်တွေကို ထပ်မံ ရောင်းအားကောင်းလာအောင် လုပ်ဆောင်ပေးမှာပါ။ ဒါက ခင်ဗျားရဲ့ အိပ်မက်လည်း ဖြစ်နေတာ မဟုတ်ဘူးလား”

စတန်လီ၏ စိတ်နှလုံးသည် လှုပ်ရှားသွားခဲ့ရသည်။ ဖုန်းယွီဖော်ပြလိုက်သော မြင်ကွင်းမှာ သူ၏အိပ်မက်ထဲမှ မြင်ကွင်းနှင့် အမှန်တကယ်ပင် တူညီနေသောကြောင့် ဖြစ်ပါတော့သည်။

******

အခန်း ၁၄၄၉ အရှေ့နှင့် အနောက် ပေါင်းစပ်ခြင်း

"Boss... တကယ်ပဲ ရုပ်ရှင်လုပ်ငန်းထဲကို အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြံစည်နေတာလား၊ ဒါမှမဟုတ် အပေါ်ယံ ဟန်ပြအဖြစ် ပြင်ဆင်မွမ်းမံပြီးမှ တစ်ဆင့်ပြန်ရောင်းဖို့ လှည့်ကွက်ဆင်နေတာလား” ခါမီဒါ မာဆာအိုက အခန်းထဲသို့ ဝင်လာရင်း မေးမြန်းလိုက်သည်။

ဖုန်းယွီအနေဖြင့် အရင်းအမြစ်များကို စုစည်းကာ ကြီးမားသော လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့သော်လည်း၊ ကမ္ဘာပေါ်တွင် ဤကဲ့သို့သော အရင်းအမြစ်များကို မဟာဗျူဟာမြောက် စုစည်းပြင်ဆင်ပြီးမှသာ ပြန်လည်ရောင်းချကာ အကျိုးအမြတ် ရှာဖွေတတ်သော ကုမ္ပဏီများစွာ ရှိနေသည် မဟုတ်ပါလား။

ဥပမာအားဖြင့် ဘက်စုံသုံး ကုမ္ပဏီသုံးခုကို ဝယ်ယူပြီးနောက်၊ ၎င်းတို့၏ လုပ်ငန်းများကို သီးခြားခွဲထုတ်လိုက်ခြင်းမျိုး ဖြစ်သည်။ အီလက်ထရွန်နစ် လုပ်ငန်းများကို စုစည်းမည်၊ ကုန်သွယ်ရေး လုပ်ငန်းများကို စုစည်းမည်၊ အစားအသောက် လုပ်ငန်းများကို စုစည်းမည်။ ထိုသို့ဖြင့် တစ်ခုချင်းစီတွင် ကြီးမားသော အားသာချက်ရှိသည့် လုပ်ငန်းစုကြီး သုံးခုကို ဖော်ဆောင်လိုက်ပြီး၊ မကောင်းမွန်သော ပိုင်ဆိုင်မှုများကိုမူ အခြားသော လက်အောက်ခံ ကုမ္ပဏီတစ်ခုအတွင်း စုထည့်ကာ ဒေဝါလီခံရန် လျှောက်ထားလိုက်ခြင်းပင်။

ထိုသို့ စနစ်တကျ ပြန်လည်ပြင်ဆင်ထားသော ကုမ္ပဏီသုံးခုကို ပြန်လည်ရောင်းချမည်ဆိုပါက အဆမတန် မြင့်မားသော အမြတ်အစွန်းများကို ရရှိနိုင်ပေလိမ့်မည်။ Goldman Sachs နှင့် Morgan တို့ကဲ့သို့သော ကုမ္ပဏီကြီးများသည် ဤနည်းပရိယာယ်တွင် အလွန်ပင် ကျွမ်းကျင်လှကြသည်။

၎င်းတို့ စုစည်းပြင်ဆင်ထားသော ကုမ္ပဏီများကို ဝယ်ယူမည့်သူ ရှိမရှိဆိုသည်မှာလည်း စိုးရိမ်စရာ မလိုပါချေ၊ အကြောင်းမှာ ၎င်းတို့သည် ဝယ်ယူနိုင်ခြေရှိသော ဖောက်သည်များကိုသာ ရွေးချယ်၍ တိုက်ရိုက် စည်းရုံးတတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ထိုဖောက်သည်က ဝယ်ယူရန် ငြင်းဆန်ခဲ့လျှင်လည်း၊ ၎င်းတို့သည် ထိုလုပ်ငန်းကို ကိုယ်တိုင် စီမံခန့်ခွဲကာ မိမိတို့၏ အားသာချက်များဖြင့် တစ်ဖက်လူ၏ ဈေးကွက်ကို ဝါးမြိုပစ်မည် ဖြစ်ရာ၊ ပြိုင်ဘက်မှာ မဝယ်ယူဘဲ မနေနိုင်သော အခြေအနေသို့ ရောက်ရှိသွားစေမည် ဖြစ်သည်။

ဤအရာအားလုံးမှာ ၎င်းတို့တွင် လုံလောက်သော လက်ငင်းငွေသားနှင့် ကျယ်ပြန့်သော လူမှုကွန်ရက် အရင်းအမြစ်များ ရှိနေသောကြောင့်သာ ဖြစ်နိုင်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် Wind-Rain Holdings Group သည်လည်း ဤအရည်အချင်းများနှင့် ပြည့်စုံနေခဲ့သည်။

ဖုန်းယွီသည် MGM ကို ဝယ်ယူရန် ညွှန်ကြားခဲ့ပြီးနောက်၊ ရုပ်ရှင်ကားကြီးများ ရိုက်ကူးမည်ဟု ကြေညာထားသော်လည်း လက်ရှိအချိန်အထိ တစ်ခုမျှ တရားဝင် စတင်ခြင်း မရှိသေးပါချေ။ ထို့ပြင် ဖုန်းယွီသည် MGM၏ လုပ်ငန်းများကို အလျင်အမြန် ပြန်လည်ဖွဲ့စည်းရန်နှင့် ရုပ်ရှင်နှင့် မသက်ဆိုင်သော လုပ်ငန်းအားလုံးကို ရောင်းချရန်လည်း ညွှန်ကြားထားခဲ့သည်။

ထို့ကြောင့် ဖုန်းယွီသည် ရုပ်ရှင်လောကအတွင်းသို့ အမှန်တကယ် ခြေစုံပစ် ဝင်ရောက်ရန် ကြံစည်နေခြင်းလော သို့မဟုတ် ကုမ္ပဏီအား ဈေးမြှင့်၍ ပြန်လည်ရောင်းချရန်အတွက် ဆွဲဆောင်မှုရှိသော ဟန်ပြကွက်များ ဖန်တီးနေခြင်းလား ဆိုသည်ကို ခါမီဒါ မာဆာအိုတစ်ယောက် ဝေခွဲမရ ဖြစ်နေခြင်းပင်။

အကယ်၍ ရုပ်ရှင်ရုံကွင်းဆက်၏ ပမာဏကိုသာ ကြည့်မည်ဆိုလျှင်ပင်၊ ၎င်းတစ်ခုတည်းဖြင့်ပင် များစွာတန်ဖိုးရှိလှပေသည်။ ထို့အပြင် ထုတ်လုပ်ရေး ကုမ္ပဏီအနေဖြင့် ရုံဝင်ငွေ အလွန်ကောင်းမွန်သော ရုပ်ရှင်တစ်ကား၊ နှစ်ကားခန့် ထွက်ရှိလာမည်ဆိုပါက MGM၏ ဂုဏ်သတင်းမှာ ပြန်လည် မြင့်တက်လာမည်ဖြစ်ပြီး MGMသည်လည်း များစွာ တန်ဖိုးတက်လာပေလိမ့်မည်။

ဖုန်းယွီသည် ခါမီဒါ မာဆာအို၏ သိလိုစိတ် ပြင်းပြနေသော မျက်နှာကို ကြည့်လိုက်သလို၊ ရဲလ်ဖ်၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်ကိုလည်း သတိပြုမိလိုက်ရာ သူက ပြုံးလျက် ပြန်လည် မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျားတို့ကော ဘယ်လို ထင်သလဲ”

ခါမီဒါ မာဆာအိုက မယုံကြည်နိုင်ဟန်ဖြင့် ခန့်မှန်းလိုက်သည်။ "boss... Boss တကယ်ပဲ ရုပ်ရှင်လောကထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်တာလား။ ဒီလုပ်ငန်းနယ်ပယ်ဟာ ရွှေခေတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို၊ အခုမှ စတင် ဝင်ရောက်လာတဲ့ ကျွန်တော်တို့အတွက် ဝါရင့် ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာဟာ အတော်လေးကို တွက်ခြေမကိုက်တဲ့ ကိစ္စပါ။ တရုတ်ပြည်ရဲ့ ဈေးကွက်က တဖြည်းဖြည်း မြင့်တက်နေတယ်ဆိုပေမဲ့၊ အမေရိကန်ရဲ့ ယဉ်ကျေးမှုဟာ တရုတ်ပြည်နဲ့ အများကြီးကွာခြားလှပါတယ်။ အမေရိကမှာ အောင်မြင်တဲ့ ရုပ်ရှင်ဟာ တရုတ်ပြည်မှာ သဘောကျချင်မှ ကျမှာပါ"

"ပြီးတော့ နှစ်နိုင်ငံရဲ့ ရုပ်ရှင် အဆင့်သတ်မှတ်မှု စနစ်ကလည်း မတူညီကြပါဘူး။ တရုတ်ပြည်မှာက ပြသခွင့်ရှိတာနဲ့ မရှိတာဆိုတဲ့ အချက်တစ်ချက်တည်းပဲ ရှိတာလေ၊ ဒါတွေကို ကျွန်တော်တို့ ထည့်သွင်း စဉ်းစားရပါမယ်"

အမေရိကတွင်မူ ရုပ်ရှင် အဆင့်သတ်မှတ်ချက်များစွာ ရှိနေသည်။ ကလေးများ ကြည့်ရှုနိုင်သည့် အဆင့်၊ လူငယ်များ၊ လူကြီးများသာ ကြည့်ရှုနိုင်သည့် အဆင့်နှင့် မည်သည့်အချိန်တွင် ပြသနိုင်သည်၊ မပြသနိုင်သည် အစရှိသဖြင့် ခွဲခြားထားသည်။

သို့သော် တရုတ်ပြည်တွင်မူ ပြသခွင့်ပြုခြင်းနှင့် မပြုခြင်းဟူ၍သာ ရှိသည်။ ပြည်ပမှ အဆင့်သတ်မှတ်ထားသော ရုပ်ရှင်များသည် တရုတ်ပြည်သို့ တင်သွင်းလိုပါက အချို့သော မြင်ကွင်းများကို ဖြတ်တောက်ရမည်ဖြစ်ပြီး၊ ထိုသို့ မဟုတ်ပါက တင်သွင်းရန် လုံးဝ မဖြစ်နိုင်ပါချေ။

"ခါမီဒါ... ရဲလ်ဖ်... တရုတ်ဈေးကွက် မရှိဘူးဆိုရင်တောင်မှ၊ အမေရိကန် ရုပ်ရှင်လုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်တယ်လို့ ငါ ယူဆပါတယ်။ နောင်တစ်ချိန်မှာ ရုပ်ရှင်လုပ်ငန်းဟာ ပြန်လည် ထွန်းကားလာဦးမှာဖြစ်ပြီး၊ လူသားတွေဟာ ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်တဲ့ Popcorn movies တွေကို ပိုပြီးတော့တောင် နှစ်သက်လာကြဦးမှာပါ။ ယဉ်ကျေးမှု နယ်ပယ် ထွန်းကားလာခြင်းဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း အခြေခံနေတာပဲ။ အခု စီးပွားရေး အခြေအနေက တစ်နေ့တခြား ကောင်းမွန်လာနေတာပဲ၊ ယဉ်ကျေးမှု နယ်ပယ်က ဘာလို့ ဆိုးရွားရမှာလဲ” ဖုန်းယွီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ဒါ့အပြင် နယ်ပယ်တစ်ခုမှာ ရွှေခေတ်ဆိုတာ ရှိသလို၊ တက်လိုက်ကျလိုက် ဖြစ်တတ်တဲ့ အချိန်ကာလဆိုတာလည်း ရှိပါတယ်။ ခင်ဗျား သေသေချာချာ လေ့လာကြည့်ရင် တွေ့ရမှာက၊ ရိုးရာ လုပ်ငန်းအချို့မှာ နိမ့်ဆင်းတဲ့ အချိန်ရှိသလို ပြန်တက်လာတဲ့အချိန်လည်း ရှိပါတယ်။ အစဉ်အမြဲ ဆောင်းတွင်းအောက်မှာပဲ ရှိမနေပါဘူး၊ တစ်ချိန်ကျရင် နွေဦးကို ရောက်လာမယ်၊ နွေရာသီကို ဖြတ်သန်းမယ်၊ ပြီးရင်တော့ အသီးအပွင့်တွေ ဝေဆာနေတဲ့ ဆောင်းဦးရာသီကို ရောက်လာမှာပါ"

"တရုတ်ဈေးကွက်ကို ချဲ့ထွင်ဖို့နဲ့ ပတ်သက်လို့တော့ ငါ့ဆီမှာ အတော်လေး ကောင်းမွန်တဲ့ စိတ်ကူးတစ်ခု ရှိပါတယ်။ ဒီစိတ်ကူးက တရုတ်ပြည်ရဲ့ ရုပ်ရှင်လောကကို စောစောစီးစီး ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်"

ခါမီဒါ မာဆာအိုနှင့် ရဲလ်ဖ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးမှာ ဝေခွဲမရ ဖြစ်နေကြသည်။ သူတို့၏ အလုပ်ရှင်သည် မည်သို့သော နည်းလမ်းကောင်းများကို စဉ်းစားမိပြန်ပြီနည်း၊ သေချာပေါက် အောင်မြင်နိုင်ပါမည်လော။ သူတို့၏ အလုပ်ရှင်သည် ယခင်က ရုပ်ရှင်လုပ်ငန်းကို တစ်ခါမျှ လုပ်ဆောင်ဖူးခြင်း မရှိပါချေ။

"တရုတ်ပြည်နဲ့ အမေရိကန် ပူးပေါင်းပြီး ရုပ်ရှင်ရိုက်ကူးမယ်၊ ပြီးတော့ ရုပ်ရှင်ထဲမှာ တရုတ် အစိတ်အပိုင်းတွေကို ပိုပြီး ထည့်သွင်းမယ်"

ပူးပေါင်းရိုက်ကူးခြင်း ဟုတ်လား။

ဤသည်မှာ ထူးဆန်းလှသော စိတ်ကူးသစ်တော့ မဟုတ်ပါချေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးမှုများ ရှိခဲ့ဖူးသလို၊ တရုတ်နှင့် အမေရိက ပူးပေါင်းရိုက်ကူးမှုများမှာလည်း ရှိနှင့်ပြီးသား ဖြစ်သည်။ ဒါဟာ ဘာများ ထူးခြားတဲ့ နည်းလမ်းကောင်း ဖြစ်နိုင်ပါ့မလဲ။

သို့သော်လည်း တရုတ် အစိတ်အပိုင်းများကို ပိုမိုထည့်သွင်းခြင်းမှာမူ ဆွဲဆောင်မှုရှိသော လှည့်ကွက်တစ်ခု ဖြစ်နိုင်သော်လည်း၊ အောင်မြင်နိုင်ပါမည်လော ဆိုသည်မှာမူ မသေချာလှပါချေ။

"Boss... တရုတ်နဲ့ အမေရိက ပူးပေါင်းရိုက်ကူးတာကိုတော့ ကျွန်တော် နားလည်ပါတယ်။ ဒါဟာ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်ယူတာပဲ မဟုတ်လား။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာ တရုတ် အစိတ်အပိုင်းတွေကို ထည့်သွင်းတာကတော့ သိပ်ပြီး အဆင်မပြေနိုင်ဘူး ထင်တယ်။ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုက အခြေခံချင်းကို ကွဲပြားနေတာလေ၊ အမေရိကမှာ နာမည်ကြီးတဲ့ ရုပ်ရှင်ဟာ တရုတ်မှာ ကြိုက်ချင်မှ ကြိုက်မှာပါ။ အလားတူပဲ တရုတ်မှာ အလွန်နှစ်သက်တဲ့ ရုပ်ရှင်ကိုလည်း အမေရိကန်တွေ ကြည့်ချင်မှ ကြည့်မှာပေါ့”

ရဲလ်ဖ်၏ အမြင်အရမူ တရုတ်ဘက်မှ ရင်းနှီးမြှုပ်နှံသူများကို ထည့်သွင်းကာ ပူးပေါင်းရိုက်ကူးမှု အမည်ဖြင့် တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ခြင်းမှာ၊ သာမန် တင်သွင်းရုပ်ရှင်များထက် ပိုမိုအားသာချက် ရှိနိုင်သည်ဟု ယူဆထားသည်။ အလွယ်ကူဆုံး အချက်မှာ ရုံဝင်ငွေ ခွဲဝေမှု အချိုးအစားကို ပိုမို ရရှိနိုင်ခြင်းပင် ဖြစ်သည်။

သို့သော် တရုတ် အစိတ်အပိုင်းများကို ထည့်သွင်းလိုက်ခြင်းမှာ တရုတ်ရုပ်ရှင်အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်သည်။ တရုတ်ရုပ်ရှင်များမှာ မကောင်းဟု မဆိုလိုပါချေ၊ ဥပမာအားဖြင့် ယခင်က ဟောင်ကောင်ရုပ်ရှင်များသည် အမေရိကတွင် အလွန်ပင် ရေပန်းစားခဲ့ဖူးသည်။ ဘရုတ်စ်လီမှစ၍ ယခုအခါတွင်လည်း ဂျက်ကီချမ်းမှာ အတော်လေး အဆင်ပြေနေသလို၊ ချောင်ရွမ်ဖတ်နှင့် ဂျက်လီ တို့မှာလည်း တစ်စုံတစ်ရာသော ရုံဝင်ငွေ ဆွဲဆောင်မှု ရှိနေကြသည် မဟုတ်ပါလော။

"ခင်ဗျား ကျွန်တော့်ရဲ့ ဆိုလိုရင်းကို နားမလည်သေးဘူး။ The Mummy Returnsကို မှတ်မိသေးလား။ အီဂျစ်ရဲ့ ဒဏ္ဍာရီတွေအပေါ် အခြေခံထားပြီး အကြီးအကျယ် အောင်မြင်ခဲ့တာလေ။ ဒါဆိုရင် အဲဒီလို ဇာတ်လမ်းမျိုးကို တရုတ်ပြည် နောက်ခံနဲ့ ဘာလို့ မလုပ်နိုင်ရမှာလဲ။ တရုတ်ပြည်မှာလည်း အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်း ဂူဗိမာန်တွေ ရှိနေတာပဲ၊ ဥပမာ - ချင်ဧကရာဇ် ဂူဗိမာန်ပေါ့။ တရုတ်ပြည်ဟာလည်း ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုကြီး လေးခုထဲက တစ်ခုဖြစ်ပြီး၊ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတာလေ"

"နောက်ပြီး အနာဂတ် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေကိုလည်း ဘာဖြစ်လို့ တရုတ်ပြည် နောက်ခံနဲ့ မဖန်တီးနိုင်ရမှာလဲ။ နောင်တစ်ချိန်မှာ တရုတ်ပြည်ဟာ ကမ္ဘာ့ထိပ်တန်း အင်အားကြီး နိုင်ငံဖြစ်လာလိမ့်မယ်ဆိုတာကို ခင်ဗျားတို့ မယုံကြည်ဘူးလား။ သေချာပေါက် ဖြစ်လာမှာပဲလေ၊ ဒါဆိုရင် အနာဂတ် နောက်ခံ ဇာတ်လမ်းတွေမှာ တရုတ်ပြည် ဘာလို့ ပါမလာရမှာလဲ။ အမေရိကန် တစ်နိုင်ငံတည်းက ကမ္ဘာကြီးကို စိုးမိုးနေတယ်ဆိုတာကို ကလေးတောင်မှ ယုံကြည်မှာ မဟုတ်တော့ပါဘူး"

"ဒါကြောင့် ရုပ်ရှင်အတော်များများကို တရုတ်ပြည်မှာ သွားရောက် ရိုက်ကူးလို့ ရပါတယ်။ တရုတ်ပြည်မှာ လှပတဲ့ ရှုခင်းတွေ ရှိနေသလို၊ အဲဒီ ရှုခင်းအတော်များများဟာ ကမ္ဘာမှာ တစ်ခုတည်းသော အလှတရားတွေ ဖြစ်နေတာလေ။ ပြီးတော့ ပူးပေါင်းရိုက်ကူးမှု ဖြစ်တာကြောင့် သေချာပေါက် တရုတ် သရုပ်ဆောင်တွေ ပါဝင်ရမှာ ဖြစ်သလို၊ သူတို့ကို အဓိက ဇာတ်ဆောင်အဖြစ်တောင် ထားရှိနိုင်ပါတယ်"

"ဒါမှမဟုတ် ကျွန်တော်တို့ ကမ္ဘာ့အဆင့်မီ ကိုယ်စားပြုနိုင်တဲ့ သရုပ်ဆောင်တွေကို စုစည်းပြီး ကိုယ်စားပြု ရုပ်ရှင်တစ်ကား ရိုက်ကူးလို့ ရပါတယ်။ ဥပမာ အက်ရှင် သရုပ်ဆောင်တွေ အားလုံးကို စုစည်းပြီး ကြမ်းတမ်းခက်ထန်တဲ့ လူသန်ကြီးတွေရဲ့ ရုပ်ရှင်တစ်ကားပေါ့"

ခါမီဒါ မာဆာအိုသည် ဖုန်းယွီကို မျက်နှာငယ်လေးဖြင့် ကြည့်ကာ ဆိုလိုက်သည်။ "Boss... အမျိုးသားတွေချည်းပဲ ပါတဲ့ ရုပ်ရှင်ကို ဘယ်သူမှ ကြည့်ချင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလို ကြမ်းတမ်းတဲ့ လူသန်ကြီးတွေရဲ့ ရုပ်ရှင်မျိုးက အခုခေတ်မှာ မအောင်မြင်တော့ပါဘူး၊ လူတွေဟာ အရင်က ခေတ်မမီတော့တဲ့ အကြောင်းအရာဟောင်းတွေကို ငြီးငွေ့နေကြပြီလေ"

ဖုန်းယွီက လက်ညှိုးကို လှုပ်ယမ်းပြလိုက်ရင်း "မဟုတ်ဘူး... အကြောင်းအရာဆိုတာ ဘယ်တော့မှ ခေတ်မကုန်ပါဘူး၊ အဓိကက သရုပ်ဆောင်တွေက ဘယ်လို သရုပ်ဆောင်ပြသလဲဆိုတာပေါ်မှာပဲ မူတည်တာပါ။ လွမ်းဆွတ်တမ်းတမှုဆိုတာကို ခင်ဗျား နားလည်လား။ ရှေးဟောင်းပုံစံ ကားတွေကို အမြဲတမ်း နှစ်သက်တဲ့သူတွေ ရှိနေသလို၊ အဲဒီလို လူတွေကလည်း မနည်းလှပါဘူး။ လွမ်းဆွတ်တမ်းတမှု ပုံစံရှိတဲ့ ရုပ်ရှင်တွေဟာလည်း တစ်ကျော့ပြန် ခေတ်စားလာဦးမှာပါ။ ဒါဟာ ကျွန်တော် ရေးထားတဲ့ ဇာတ်လမ်း တစ်ခုပဲ၊ ခင်ဗျား လူတစ်ယောက်ကို ဒါကို ယူသွားခိုင်းပြီး စတားလုံးကို သွားပြလိုက်ပါ၊ သူ သေချာပေါက် စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

ရဲလ်ဖ်သည် ဤဇာတ်ညွှန်း၏ အမည်ကို ကြည့်လိုက်သည်။ "The Expendables”

ဒီနာမည်က အတော်လေးကို စိတ်ပျက်စရာ ကောင်းလွန်းတာ မဟုတ်ဘူးလား။

******

အခန်း ၁၄၅၀ စကားမပြောဘဲ လုပ်ရပ်ဖြင့်သာ သက်သေပြခြင်း (၁၀/၁၀)

"ရယ်စရာကောင်းလှသော MGM၊ ရယ်စရာကောင်းလှသော Wind-Rain Holdingsအုပ်စု၊ ရယ်စရာကောင်းလှသော ဖုန်းယွီ"

"Wind-Rain Holdingsအုပ်စု၏ ဝါးမြိုခြင်းကို ခံလိုက်ရသော MGM သည် အရင်းအနှီးဝါဒ၏ စတေးခံသက်သက် ဖြစ်သွားရန် ကံပါလာခဲ့ပြီ ဖြစ်သည်”

"MGM အနေဖြင့် အမည်မသိ ဒါရိုက်တာတစ်ဦးအား ငွေကြေးအမြောက်အမြား ပေးအပ်ကာ စာချုပ်ချုပ်ဆိုခြင်းမှာ ကြီးမားသော လောင်းကစားမှုတစ်ခုလား၊ သို့မဟုတ် ရယ်စရာကောင်းသော ပြကွက်တစ်ခုသာလား"

"Wind-Rain Holdingsအုပ်စုသည် MGM နှင့် AMCရုပ်ရှင်ရုံကွင်းဆက်များကို တရစပ် ဝယ်ယူနေခြင်းမှာ ရုပ်ရှင်နှင့် ဖျော်ဖြေရေး ကဏ္ဍအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်ရန် အမှန်တကယ် ရည်ရွယ်နေခြင်းလော”

...

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မီဒီယာများပေါ်တွင် Wind-Rain Holdings Group နှင့် MGMတို့နှင့် ပတ်သက်သော သတင်းများမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့သည်။ သေချာသည်မှာ ခါမီဒါ မာဆာအိုနှင့် ရဲလ်ဖ်အစရှိသူတို့နှင့် ပတ်သက်သော သတင်းများမှာလည်း နည်းပါးခြင်း မရှိပါချေ။ Wind-Rain Holdingsအုပ်စု၏ ဤကဲ့သို့သော ဧရာမ လှုပ်ရှားမှုကြီးမှာ ဟောလိဝုဒ်၏ ဖွဲ့စည်းပုံ စနစ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည့် ဖြစ်ရပ်ဆိုးကြီးတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။

Sony ဖျော်ဖြေရေး လုပ်ငန်းစုသည် ပထမဆုံးအကြိမ်အဖြစ် လှောင်ပြောင်သရော်မှုများကို စတင်ခဲ့ပြီး၊ MGMသည် Wind-Rain Holdings Group၏ ရင်ခွင်အတွင်းသို့ ခိုဝင်သွားခြင်းမှာ အလွန်ပင် ရယ်စရာကောင်းလှသော ကိစ္စဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် Wind-Rain Holdings Group တွင် ဤနယ်ပယ်နှင့် ပတ်သက်သော အတွေ့အကြုံ လုံးဝ မရှိသောကြောင့် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်းတို့သည် တစ်ချိန်က Sony အုပ်စုက ကိုလံဘီယာ ရုပ်ရှင်ကုမ္ပဏီကို ဝယ်ယူစဉ်အခါကလည်း အတွေ့အကြုံ များစွာမရှိခဲ့သည်ကို မေ့လျော့နေပုံရသည်။ ထိုစဉ်က ၎င်းတို့တွင် ရှိခဲ့သော အတွေ့အကြုံ အနည်းငယ်ဆိုသည်မှာလည်း Sonyသည် ဂျပန်ရှိ ရုပ်ရှင်ကုမ္ပဏီငယ် အချို့တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း ထိုအချိန်က ဂျပန် အရင်းအနှီးများသည် အမေရိကန်ဈေးကွက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ဝင်ရောက်နေချိန် ဖြစ်သည်။ Sony တစ်ဦးတည်းသာမက၊ Toshiba နှင့် Panasonicအစရှိသော လုပ်ငန်းကြီးများသည်လည်း အမေရိကန် ရုပ်ရှင်ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြသော်လည်း၊ နောက်ဆုံးတွင်မူ အမေရိကန်များ၏ လှည့်စားခြင်းကိုသာ အားလုံး ခံခဲ့ကြရသည် မဟုတ်ပါလော။

MGM ဘက်မှလည်း ချက်ချင်းပင် တုံ့ပြန်ခဲ့ပြီး၊ Sonyသည် မိမိတို့ မစားရသော စပျစ်သီးကို ချဉ်သည်ဟု ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း၊ အကယ်၍သာ MGMသည် Sony၏ အရှိန်မြှင့် ဝယ်ယူခြင်း (LOB) နည်းလမ်းဖြင့် အဝါးမြိုခံလိုက်ရပါက ထိုသည်မှာ ပိုမိုဝမ်းနည်းစရာ ကောင်းလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ Sony ကုမ္ပဏီနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် Wind-Rain Holdingsအုပ်စု၏ အင်အားကို ပိုမို ယုံကြည်ကြသည်။

ထို့နောက်တွင် Disney၊ Warner၊ Universal၊ Paramountနှင့် 20th Century Fox အစရှိသော ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည်လည်း MGM ကို ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။ အချို့က ဤသည်မှာ တရုတ် အရင်းအနှီးများက အမေရိကန် ယဉ်ကျေးမှု ဈေးကွက်အတွင်းသို့ ကျူးကျော် ဝင်ရောက်လာခြင်းဖြစ်ပြီး၊ တစ်ချိန်က ဂျပန် အရင်းအနှီးများ ကျူးကျော်ခဲ့ပုံနှင့် တစ်ပုံစံတည်း ဖြစ်နေကြောင်း ယူဆကြသည်။

အချို့ကလည်း ဧရာမ အရင်းရှင်ကြီးများ ရုပ်ရှင်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်းမှာ၊ ရုပ်ရှင်လောကအား အဆမတန် အရင်းအနှီးများစွာ အသုံးပြုရသည့် လမ်းမှားပေါ်သို့ ရောက်ရှိသွားစေလိမ့်မည်ဟု ယူဆကြသည်။ ဤသည်မှာ MGM အနေဖြင့် ဒါရိုက်တာ အမြောက်အမြားနှင့် တစ်ပြိုင်တည်း စာချုပ်ချုပ်ဆိုခြင်းနှင့် ရုပ်ရှင်ကားကြီး အမြောက်အမြား ရိုက်ကူးရန် လျှောက်ထားခြင်းများမှတစ်ဆင့် ထင်ရှားစွာ မြင်တွေ့နိုင်သည်။

ရုပ်ရှင်ကား အမြောက်အမြားကို တစ်ပြိုင်တည်း ရိုက်ကူးရန်အတွက် MGMတွင် အင်အား ရှိပါမည်လော။ ၎င်းတို့သည် တစ်နှစ်လျှင် ရုပ်ရှင် သုံးကားနှင့်အထက် ရုံတင်ရန် ကြံစည်နေခြင်းလော။ ထို့အပြင် အဘယ်ကြောင့် ဤမျှ မြင့်မားသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ရသနည်း၊ ထို Avatarဆိုသော ရုပ်ရှင်အား အမေရိကန်ဒေါ်လာ သန်းသုံးရာကျော် အကုန်အကျခံရန် စီစဉ်ထားခြင်းမှာ ရူးသွပ်နေခြင်းသာ ဖြစ်ရမည်!

Avatar တစ်ကားတည်းကို ရိုက်ကူးရန်အတွက်ပင် ၎င်းတို့သည် Industrial Light & Magic အစရှိသော ရုပ်ရှင် အထူးပြုလုပ်ချက် ကုမ္ပဏီများကိုပါ ဝယ်ယူရန် ကြံစည်နေကြသည်။ ဤကဲ့သို့ ငွေကြေးဖြင့်သာ အရာရာကို ဖြေရှင်းတတ်သော ပုံစံမှာ အခြားသော ရုပ်ရှင်ကုမ္ပဏီများ၏ နုနယ်သော စိတ်နှလုံးသားများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

အမှန်စင်စစ်တွင် အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ၎င်းတို့သည်လည်း ဤကဲ့သို့ ငွေကြေးအမြောက်အမြား အသုံးပြုကာ မိမိတို့ ကုမ္ပဏီ၏ အင်အားကြီးမားပုံကို ပြသလိုကြသည်။ သို့မှသာ အခြားသော ပြိုင်ဘက်များက မိမိတို့အား အောက်ကျို့စွာ ကြည့်မြင်ရမည်ဖြစ်သလို၊ ထူးချွန်သော ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များမှာလည်း မိမိတို့နှင့် ပူးပေါင်းရန် ဆန္ဒရှိလာကြမည်ဖြစ်ရာ၊ အခြားသော ကုမ္ပဏီများကို အပြတ်အသတ် ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ကံဆိုးသည်မှာ ၎င်းတို့တွင် ထိုမျှလောက်သော ငွေကြေးများ မရှိကြပါချေ။ ၎င်းတို့ ကုမ္ပဏီ အားလုံး၏ တစ်နှစ်စာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ပေါင်းစပ်လိုက်လျှင်ပင်၊ MGM၏ ယခုတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှု ပမာဏခန့်သာ ရှိပေလိမ့်မည်။ သို့ဆိုလျှင် MGMအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားမည်ကို မစိုးရိမ်ကြပါသလော။

ယခုအခါ ၎င်းတို့သည် ဤသည်မှာ Wind-Rain Holdingsအုပ်စုက လွှင့်တင်လိုက်သော အပေါ်ယံ လှည့်ကွက်တစ်ခုသာ ဖြစ်ရန်နှင့်၊ MGMနှင့် ရုပ်ရှင်ရုံကွင်းဆက်များကို တစ်ဆင့်ပြန်လည် ရောင်းချပစ်ရန်သာ ပိုမိုမျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် ၎င်းတို့အတွက် အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦး လျော့နည်းသွားမည် မဟုတ်ပါလော။

ဤပြိုင်ဘက်မှာ ၎င်းတို့အား လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားအောင် မလုပ်ဆောင်နိုင်သေးစေဦးတော့ အလွန်ပင် အင်အားကြီးမားလှသဖြင့် ၎င်းတို့မှာ မော့ကြည့်နေရသည့် အခြေအနေတွင် ရှိနေသည်။ ဤသည်မှာ ကုမ္ပဏီ၏ အင်အားကြောင့်သာ မကဘဲ၊ ကုမ္ပဏီ၏ အဓိက ပဲ့ကိုင်ရှင်ဖြစ်သူ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီကြောင့်လည်း ဖြစ်သည်။

ဖုန်းယွီ၏ အင်အားမှာ မသိမသာ ရှိနေသည်ဟု ထင်ရစေဦးတော့၊ သူ၏ တဟုန်ထိုး အောင်မြင်လာသည့် အရှိန်အဟုန်မှာမူ ၎င်းတို့အား မော့ကြည့်နေရုံမှတစ်ပါး အခြား မရှိစေပါချေ။ သူသည် ဘီလ် ဂိတ်စ်ကိုပင် အလျှော့ပေးလိုက်ရစေသူ ဖြစ်သလို၊ အသက် ၃၀ အရွယ်နှင့်ပင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သူဖြစ်ကာ၊ မည်သည့်အရာတွင်မဆို ရင်းနှီးမြှုပ်နှံလိုက်တိုင်း အမြတ်အစွန်း ရရှိသူလည်း ဖြစ်သည်။

Wind-Rain Holdingsအုပ်စု၏ မူလ လုပ်ငန်းများထဲတွင် အသစ်အဆန်းဟူ၍ ဘာမျှ ရှိမနေခဲ့ပါချေ။ အင်တာနက်၊ ဟာ့ဒ်ဝဲလ်၊ လက်လီရောင်းချမှု၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး၊ ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အခြားသော လုပ်ငန်းနယ်ပယ်တိုင်းတွင် ဧရာမ ထိပ်တန်း လုပ်ငန်းကြီးများမှာ ရှိနှင့်ပြီးသား ဖြစ်သည်။

သို့သော်လည်း ဖုန်းယွီမှာမူ အလွန်ပင် ထူးခြားဆန်းပြားလှသည်။ သူသည် ကျပ်တည်းလှသော အခြေအနေများကြားမှပင် အခြားသော ကမ္ဘာသစ်တစ်ခုကို ရှာဖွေနိုင်ခဲ့ပြီး၊ အားမာန်အပြည့်နှင့် ကြီးထွားလာခဲ့ကာ နောက်ဆုံးတွင် ဤတောအုပ်ကြီးအတွင်း၌ အမြင့်မားဆုံးသော သစ်ပင်ကြီးအဖြစ် ရပ်တည်နိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင် ဖုန်းယွီသည် ရုပ်ရှင်နှင့် ဖျော်ဖြေရေး ကဏ္ဍအတွင်းသို့ ရင်းနှီးမြှုပ်နှံသည့်အခါတွင်လည်း၊ အရင်အကြိမ်များထက် များစွာ ပိုမို ကြီးမားသော အစီအစဉ်များကို ဖော်ဆောင်ခဲ့သည်။ သူသည် အစကတည်းက ငွေကြေးအတွက် ပူစရာမလိုသော ပုံစံကို ပြသခဲ့သဖြင့် အခြားသော ကုမ္ပဏီများအပေါ် များစွာ ဖိအားပေးနိုင်ခဲ့သည်။

...

"Boss... အခုဆိုရင် အခြားသော ရုပ်ရှင်ကုမ္ပဏီတွေဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကျွန်တော်တို့အကြောင်းကိုပဲ ဆွေးနွေးနေကြပါတယ်။ MGM တစ်ခုတည်းရဲ့ ပြန်လည်တုံ့ပြန်မှုနဲ့တင် မလုံလောက်ဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ Wind-Rain Holdingsအုပ်စုဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုပြီး အဲဒီ ရုပ်ရှင်ကုမ္ပဏီတွေကို သတိပေးလိုက်ရင် မကောင်းဘူးလား" ခါမီဒါ မာဆာအိုက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

ဖုန်းယွီက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ရင်း ဆိုလိုက်သည်။

"ဒါက ဘာမှ မဟုတ်သေးပါဘူး။ ငါတို့ Marvelကိုပါ ဝယ်ယူပြီးသွားတဲ့ အခါကျရင်၊ သူတို့တွေ အခုထက်တောင် ပိုပြီးပျာယာခတ်လာကြဦးမှာပါ။ သူတို့တွေ ကန့်ကွက်ချင်သလောက် ကန့်ကွက်ပါစေ၊ ဒါဟာ ကျွန်တော်တို့ MGM ရဲ့ ဂုဏ်သတင်းကို ပိုပြီး ကျော်ကြားလာစေတာပဲလေ။ သူတို့က ကျွန်တော်တို့အတွက် အခမဲ့ ကြော်ငြာပေးနေကြတာပဲ မဟုတ်လား"

ငွေတစ်ပြားတစ်ချပ်မျှ မကုန်ဘဲနှင့် သတင်းစာ မျက်နှာဖုံးများတွင် အမြဲတမ်း ပါဝင်နေရသလို၊ ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ရုံရှိသေးသော်လည်း ပရိသတ်များက သိရှိသွားကြပြီ ဖြစ်ရာ၊ ဤသည်မှာ မကောင်းသော ကိစ္စလော။ တစ်ခါတစ်ရံတွင် ခင်ဗျား ငွေပေးလျှင်ပင် ဤကဲ့သို့သော အကျိုးသက်ရောက်မှုကို ရရှိရန် မလွယ်ကူပါချေ။

ထိုရုပ်ရှင်ကုမ္ပဏီများ စုပေါင်းကာ ကန့်ကွက်နေခြင်းမှာ ၎င်းတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းနှင့် အားနည်းနေခြင်းကို သက်သေပြနေခြင်းသာ ဖြစ်သည်။ အင်အားကြီးမားသော သူများသည် စကားများခြင်းကို ဘယ်သောအခါမှ အလေးမထားဘဲ၊ လက်တွေ့ လုပ်ရပ်ဖြင့်သာ သက်သေပြလေ့ ရှိကြသည်။

"ဒါလည်း ဟုတ်တာပဲ၊ ဒါဆိုရင်တော့ MGM ကိုပဲ သူတို့ကို ဆက်ပြီး တုံ့ပြန်ခိုင်းထားလိုက်တာပေါ့။ ဒါပေမဲ့ MGMရဲ့ မူပိုင်ခွင့်တွေထဲမှာ ရောင်းလို့ရတာ သိပ်မရှိဘူး။ ကျွန်တော်တို့က ဂန္ထဝင် ရုပ်ရှင်အချို့ကို ရွေးချယ်ပြီး အရည်အသွေးမြင့် discsတွေအဖြစ် ထုတ်လုပ် ရောင်းချခဲ့ပေမဲ့၊ ရောင်းအားကတော့ သာမန်ပါပဲ။ အမြတ်ရှိတယ်ဆိုပေမဲ့ သိပ်ပြီးတော့ မများလှဘူး"

MGM ကို ဝယ်ယူစဉ်က အမေရိကန်ဒေါ်လာ ငါးဘီလီယံ အကုန်အကျခံခဲ့ရခြင်း ဖြစ်သည်။ အခြားသော လုပ်ငန်းများကို ဖယ်ထုတ်ပြီး ကြွေးမြီအချို့ကို ရှင်းလင်းခဲ့စေဦးတော့၊ အမှန်တကယ် ကုန်ကျစရိတ်မှာ ဒေါ်လာ ရှစ်ဘီလီယံကျော် ရှိနေသေးသည်။ ယခုအခါတွင်လည်း ရုပ်ရှင်ရိုက်ကူးရန် ငွေကြေးအမြောက်အမြား ထပ်မံရင်းနှီးမြှုပ်နှံထားပြန်ရာ၊ အကယ်၍ MGM အနေဖြင့် သုံးနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ဆယ်ဘီလီယံမရရှိပါက မြတ်သည်ဟု မဆိုနိုင်ပါချေ။ အကယ်၍ ငါးနှစ်အတွင်းမှာပင် ကြွေးမြီများကို မဆပ်နိုင်သေးပါက တကယ်ပဲ အရှုံးပေါ်ပေလိမ့်မည်။

"စိတ်မလောပါနဲ့၊ (007) စီးရီးကို စတင်ဖို့ စီစဉ်ထားပြီ မဟုတ်လား။ ဒီရုပ်ရှင် ရုံတင်ပြီးသွားတဲ့အခါ ၀၀၇ စီးရီးရဲ့ ရုပ်ရှင် discsတွေဟာ ရောင်းအား တဟုန်ထိုး မြင့်တက်လာပါလိမ့်မယ်။ Terminator ရဲ့ နောက်ဆက်တွဲ မူပိုင်ခွင့်တွေလည်း ငါတို့ လက်ထဲမှာ ရှိနေသလို၊ ရှေ့က ရုပ်ရှင်တွေရဲ့ အရည်အသွေးမြင့် discs မူပိုင်ခွင့်တွေကိုလည်း ငါတို့ ဝယ်ယူထားပြီးပြီ မဟုတ်လား။ ဒါဟာလည်း ဧရာမ ဝင်ငွေတစ်ခု ဖြစ်လာမှာပါ"

"ဒါ့အပြင် Marvelသာ ငါတို့ လက်အောက်ကို ရောက်လာရင်၊ Marvelရဲ့ စူပါဟီးရိုး ရုပ်ရှင်တွေကတင် ငါတို့အတွက် နှစ်စဉ် အဆမတန် မြင့်မားတဲ့ အမြတ်အစွန်းတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး ကင်မရွန်ရဲ့ အံ့ဩဖွယ် စွမ်းဆောင်ရည်ကိုလည်း ခင်ဗျား ယုံကြည်သင့်ပါတယ်။ တစ်ချိန်က Titanicဟာ ရုံဝင်ငွေ စံချိန်တင်ခဲ့သလို၊ ပိုပြီးကြောက်စရာ ကောင်းတာက အဲဒီကားရဲ့ discsနဲ့ နောက်ဆက်တွဲ ပစ္စည်းတွေရဲ့ ရောင်းအားဟာ ရုပ်ရှင် ရုံဝင်ငွေထက်တောင် မနိမ့်ပါဘူး။ ဒါကို ဘယ်သူ ထင်မှတ်ထားခဲ့လို့လဲ”

ဖုန်းယွီစိတ်ထဲမှ ကြိတ်၍ ပြောနေမိသည်မှာ ဤသည်မှာ ကင်မရွန်က Titanic ကို 3D ဗားရှင်းအဖြစ် ပြန်လည်ရုံတင်မည့်အစီအစဉ်ကို ထည့်မတွက်ရသေးသော အခြေအနေပင် ဖြစ်သည်။ သူ၏ ယခင်ဘဝတွင် ထိုရုပ်ရှင်၏ ကမ္ဘာလုံးဆိုင်ရာ ရုံဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ မြင့်တက်သွားခဲ့သလို၊ discsနှင့် နောက်ဆက်တွဲ ပစ္စည်းများ၏ ရောင်းအားမှာလည်း ဒေါ်လာ ၃.၅ ဘီလီယံအထိ ရှိခဲ့သည်။ မဟုတ်ပါလော။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရဲလ်ဖ်သည် တံခါးခေါက်ကာ ဝင်လာခဲ့ပြီး ဖုန်းယွီအတွက် အနည်းငယ် အံ့အားသင့်စရာကောင်းသော သတင်းတစ်ခုကို ပြောပြလိုက်လေတော့သည်။

...

******

All Chapters