အခန်း (၃၀၃-၃၀၄)
Vol. 31 Ch. 303-304
အခန်း (၃၀၃) - ကာကွယ်ရေးအမျိုးအစား လျှို့ဝှက်ရတနာ
ယွိချောင့်သည် ရွှီနင်၏အကြည့်ကို သတိထားမိသွားပုံရလေသည်။ သူမသည် နောက်သို့လှည့်ကြည့်လိုက်ရာ ရွှီနင်၏မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားလေသည်။
သူမက ပြုံးပြလိုက်ပြီး ခင်မင်ရင်းနှီးသောအမူအရာဖြင့် ကြည့်လိုက်သည်။
ရွှီနင်သည် ခေါင်းကိုအနည်းငယ်သာညိတ်ပြလိုက်ပြီး အကြည့်ကို လွှဲဖယ်လိုက်သည်။
ရွှီနင်နှင့် အခြားထိပ်တန်းတပည့်နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အတော်လေး သိမ်မွေ့ရှုပ်ထွေးနေပေသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဂိုဏ်းထဲ၌ လူတိုင်းသည် အဆင့်အတန်းတူညီကြပေသည်။
သို့သော် သူတို့၏အဆင့်အတန်းများမှာ အလွန်နီးကပ်နေသည့်အတွက် ထိုသူသုံးဦးကြားရှိ ပြိုင်ဆိုင်မှုမှာလည်း အပြင်းထန်ဆုံးဖြစ်နေလေသည်။
‘ဒီနေရာမှာ ဂိုဏ်းရဲ့မျိုးစေ့တပည့်တွေပဲ ရောက်နေကြသေးတာ၊ ပင်လယ်နီမိစ္ဆာသခင်က မပေါ်လာသေးဘူးလား။’
ရွှီနင်သည် ပင်လယ်နီမိစ္ဆာသခင်ကို တွေ့မြင်ရရန် မျှော်လင့်စောင့်စားနေမိလေသည်။
မည်သို့ပင်ဆိုစေကာမူ ပင်လယ်နီမိစ္ဆာသခင်သည် ဝမ်ရှန့်ပြည်နယ်တွင် သိုင်းအရှင်သခင်အဆင့်နှင့် အနီးစပ်ဆုံးတည်ရှိနေသူအဖြစ် သတ်မှတ်ခံထားရပြီး သွမ့်တော်ဝင်မိသားစုအောက်တွင် အသန်မာဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
ရွှီနင်တစ်ယောက် တွေးတောနေစဉ်မှာပင် လူရိပ်တစ်ဒါဇင်ကျော်ခန့်သည် ကျွန်း၏ဗဟိုချက်ဆီသို့ ရုတ်တရက် ရောက်ရှိလာကြသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးတွေ့ဆုံခဲ့ရသည့် အကြီးအကဲဝေ့နှင့်တကွ အရင်းအမြစ်ခန်းမမှ အကြီးအကဲနှစ်ဦးကိုပါ ရွှီနင် မြင်လိုက်ရသည်။
‘ဒီလူတွေအကုန်လုံးက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲတွေများလား...’
‘ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ အကြီးအကဲအယောက်သုံးဆယ်နီးပါးလောက် ရှိတယ်လို့ ကြားဖူးတယ်၊ အခုဒီကို ရောက်လာတာက အယောက်နှစ်ဆယ်တောင် မပြည့်ဘူး။ တချို့က ကျွန်းရဲ့အပြင်ဘက်မှာ ရောက်နေတာမျိုး ဒါမှမဟုတ် တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မလာနိုင်ကြတာ ဖြစ်မယ်။’
ရွှီနင် စိတ်ထဲမှ တွေးလိုက်လေသည်။
မည်သူကမျှ သူတို့၏အရှိန်အဝါများကို တမင်တကာ ထိန်းချုပ်ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူတို့၏စွမ်းအားများကို ရွှီနင် အာရုံခံသိရှိနိုင်ပေသည်။
ဤအကြီးအကဲများအားလုံးသည် ခြွင်းချက်မရှိ တာအိုနယ်ပယ် အဆင့်ရှစ်အထက်တွင် ရှိနေကြသည်။
သူတို့ထဲမှ အချို့သော လူများသည် ပို၍ပင်စွမ်းအားကြီးမားသော အရှိန်အဝါများရှိကြပြီး မှန်းဆ၍မရနိုင်လောက်အောင် နက်နဲသည့်ခံစားချက်ကို ပေးစွမ်းနိုင်ကြသည်။
ထိုအကြီးအကဲများသည် ပိုမိုမြင့်မားသောနယ်ပယ်တစ်ခုဖြစ်သည့် တာအိုနယ်ပယ် အဆင့်ကိုးအထိ ရောက်ရှိနေသူများဖြစ်ကြောင်း ဤအချက်က အခြေခံအားဖြင့် အတည်ပြုပေးနေလေသည်။
ယင်းကပင် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အခြေခံအုတ်မြစ်ခိုင်မာမှုအတွက် ရွှီနင်ကို အံ့မခန်း သက်ပြင်းချမိသွားစေတော့သည်။
ဝမ်ရှန့်ပြည်နယ်တစ်ခုလုံးတွင် ပြည်နယ်အနှံ့ ဖြန့်ကျက်ထားသော သွမ့်မိသားစု နယ်စားကြီးများအပါအဝင် သွမ့်တော်ဝင်မိသားစုသာလျှင် ပင်လယ်နီမိစ္ဆာဂိုဏ်းအား ကျော်လွန်နိုင်စွမ်းရှိပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုပါက ပင်လယ်နီမိစ္ဆာဂိုဏ်းသည် သွမ့်တော်ဝင်မိသားစု၏ အင်အားတစ်ဝက်ခန့်ရှိသည်ဟုပင် သတ်မှတ်နိုင်ပေသည်။
‘ဂိုဏ်းရဲ့အကြီးအကဲတွေလည်း ရောက်နေကြပြီဆိုတော့ ဂိုဏ်းချုပ် ပင်လယ်နီမိစ္ဆာသခင်လည်း မကြာခင် ပေါ်လာတော့မှာပဲ...’
ရွှီနင်သည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ်ကြည့်လိုက်သည်။
သူထင်သည့်အတိုင်းပင် မကြာမီ၌ လူတိုင်း၏အရှေ့ရှိ စင်မြင့်ပေါ်တွင် အနက်ရောင်မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာလေသည်။
ထိုအနက်ရောင်မြူခိုးများ ကွဲလွင့်သွားပြီးနောက် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့် ဆံပင်ရှည်ရှည် အမျိုးသားတစ်ဦးသည် လူတိုင်း၏ရှေ့မှောက်၌ ပေါ်လာလေသည်။
ထိုသူမှာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ရင်တုန်ထိတ်လန့်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေလေသည်။
‘ပင်လယ်နီမိစ္ဆာသခင်ပါလား။’
ဝမ်ရှန့်ပြည်နယ်၏ ဤဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးအား ရွှီနင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
ချောက်နက်ကြီးမြောက်ပိုင်းတွင် ရှိနေစဉ်က ရွှီနင်သည် သူ၏အမွေအနှစ်မှ အကျိုးကျေးဇူးများစွာကို ရရှိခဲ့ဖူးလေသည်။
ဝမ်ရှန့်ပြည်နယ်သို့ ရောက်ရှိလာသည့်အချိန်မှစ၍ ပင်လယ်နီမိစ္ဆာသခင်၏ ဂုဏ်သတင်းကျော်ကြားမှုများကို သူ အမြဲကြားသိနေခဲ့ရသည်။
တော်ဝင်မိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်သော်လည်း သူ၏ပါရမီမှာ သာမန်မျှသာဖြစ်နေသောကြောင့် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ မိစ္ဆာလမ်းစဉ်ဖြင့် တိုးတက်လာစေရန် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်သည်။
အဆုံးတွင် မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ပြီးနောက် သူသည် တာအိုနယ်ပယ်၏ အမြင့်ဆုံးကန့်သတ်ချက်အထိ ရောက်ရှိသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ဝမ်ရှန့်ပြည်နယ်၏ နံပါတ်တစ်ဂိုဏ်းကြီးအား တည်ထောင်ခဲ့ပြီး သူ၏လက်အောက်တွင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ထိပ်တန်းပညာရှင်များရှိကာ လူပေါင်းများစွာ၏ လေးစားကြည်ညိုမှုကို ခံနေရသူ ဖြစ်ပေသည်။
ယခုအခါ ပင်လယ်နီမိစ္ဆာသခင်အား မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသဖြင့် ရွှီနင်၏စိတ်နှလုံးများ လှုပ်ရှားသွားရတော့သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ချက်ချင်းပင် အကြီးအကဲများဖြစ်စေ၊ လူတစ်ရာကျော်ရှိသော မျိုးစေ့တပည့်များဖြစ်စေ အားလုံးမှာ ပင်လယ်နီမိစ္ဆာသခင်အား ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
လူအများစု၏မျက်လုံးများထဲတွင် ရိုးသားစစ်မှန်သော လေးစားမှုများ အပြည့်ရှိနေကြသည်။
တပည့်အချို့ဆိုလျှင် ပင်လယ်နီမိစ္ဆာသခင်အား ရူးသွပ်လုမတတ် လေးစားကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြလေသည်။
ပင်လယ်နီမိစ္ဆာသခင်ကသာ အမိန့်တစ်ခွန်းပေးလိုက်မည်ဆိုပါက သူတို့သည် အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးမည်မဟုတ်သည့်ပုံ ပေါက်နေပေသည်။
“ဒီနေ့ အကြီးအကဲအများစုနဲ့ မျိုးစေ့တပည့်အားလုံးကို စုဝေးခိုင်းရတဲ့ ရည်ရွယ်ချက်က အနာဂတ်မှာ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းနေရာတွေမှာ ပါဝင်လာမယ့်သူတွေကို ရွေးချယ်ဖို့ပဲ။ အဲဒီအထဲမှာ အနာဂတ်အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်နေရာတွေတောင် ပါဝင်တယ်”
သွမ့်ဟွေးယောင့်သည် လိုရင်းကိုသာ တိုက်ရိုက်ပြောချလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် အောက်ဘက်ရှိ မျိုးစေ့တပည့်အားလုံးနီးပါး တုန်လှုပ်သွားကြလေသည်။
အမြဲတမ်း တည်ငြိမ်နေတတ်သော သွမ့်ချောင်မြန်ပင်လျှင် တည်ငြိမ်ချင်ယောင်ဆောင်နေရတော့သည်။
ယခုရောက်ရှိနေကြသူများမှာ ကျွန်းလယ်တောင်ထွတ်သို့ ခေါ်ယူရသည့် အကြောင်းရင်းအား အကြမ်းဖျင်း ခန့်မှန်းမိထားပြီးဖြစ်သော်လည်း ပင်လယ်နီမိစ္ဆာသခင်ကိုယ်တိုင်မှ ဤသို့ပြောလာသည်ကို ကြားလိုက်ရသောအခါ သူတို့၏စိတ်များမှာ တည်ငြိမ်မနေနိုင်ကြတော့ပေ။
ပင်လယ်နီမိစ္ဆာဂိုဏ်းသည် ဝမ်ရှန့်ပြည်နယ်၏ နံပါတ်တစ်ဂိုဏ်းကြီး ဖြစ်ပေသည်။
ဤဂိုဏ်းကြီး၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်း သို့မဟုတ် အကြီးအကဲတစ်ယောက် ဖြစ်နေလျှင်ပင် အလွန်အကျိုးရှိလေသည်။
၎င်းကိုသာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက သူတို့သည် ဝမ်ရှန့်ပြည်နယ်၏ အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။
“လက်ရှိ ဝမ်ရှန့်ပြည်နယ်ရဲ့ အခြေအနေက သိပ်မငြိမ်းချမ်းဘူးဆိုတာ မင်းတို့အားလုံး သိထားသင့်တယ်။ အကြောင်းရင်းကတော့ စန့်ယင်ဂိုဏ်းလို့ခေါ်တဲ့ ပင်လယ်ရပ်ခြားဂိုဏ်းတစ်ခုက ဝမ်ရှန့်ပြည်နယ်ထဲကို အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လာပြီး ဝမ်ရှန့်ပြည်နယ်ရဲ့ လက်ရှိအခြေအနေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေလို့ပဲ”
သွမ့်ဟွေးယောင့်က ဆက်ပြောလေသည်။
“ဒါကြောင့်မလို့ ဒီတစ်ကြိမ် ငါတို့ရဲ့ ရွေးချယ်ရေးစာမေးပွဲ အကြောင်းအရာက တော်ဝင်နန်းတော်ရဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး အဲဒီစန့်ယင်ဂိုဏ်းကို သွားရောက်ချေမှုန်းဖို့ပဲ”
“ပင်လယ်ရပ်ခြားက စန့်ယင်ဂိုဏ်းကို သွားရောက်ချေမှုန်းရမယ် ဟုတ်လား”
တည်ငြိမ်မှုမရသေးသော လူတိုင်း၏စိတ်နှလုံးများမှာ ထပ်မံ၍ တုန်လှုပ်သွားကြရပြန်သည်။
ဤနေရာရှိ လူတိုင်းမှာ စန့်ယင်ဂိုဏ်း၏ တည်ရှိမှုကို သိထားကြလေသည်။
ထိုဂိုဏ်းသည် နက်နဲသော နောက်ခံသမိုင်းကြောင်းရှိကာ ဂိုဏ်းထဲတွင်လည်း သိုင်းပညာရှင်များစွာ ရှိနေပေသည်။
သူတို့သည် ဝမ်ရှန့်ပြည်နယ်တွင် ပြဿနာများကို အဆက်မပြတ် ဖန်တီးနေကြရာ ယင်းကပင် တော်ဝင်နန်းတော်မှ သူတို့အား ချေမှုန်းလိုသည့် အဓိကအကြောင်းရင်း ဖြစ်လာလေသည်။
သို့သော် ယခုအခါ ဤစာမေးပွဲ၏ အဓိကတာဝန်မှာ မျိုးစေ့တပည့်များဖြစ်သော သူတို့အနေဖြင့် ဤခက်ခဲလှသောတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်နေသည်။
‘တော်ဝင်နန်းတော်နဲ့ ပူးပေါင်းပြီး စန့်ယင်ဂိုဏ်းကို ချေမှုန်းရမယ်တဲ့လား...’
ရွှီနင် မျက်မှောင်ကြုံ့လိုက်မိသည်။
ရွှီနင်သည် စန့်ယင်ဂိုဏ်းမှ အဖွဲ့ဝင်များနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးလေသည်။
သူ့အား ထူးခြားသောနည်းလမ်းများဖြင့် တိုက်ခိုက်ခဲ့သည့် လျိုယိကို ရွှီနင် ရှင်းလင်းစွာ မှတ်မိနေဆဲပင်။
ယင်းကြောင့်ပင် ရွှီနင်သည် စန့်ယင်ဂိုဏ်းအား အတော်လေး စိုးရိမ်ကြောက်ရွံ့နေမိသည်။
“ဒီရွေးချယ်ရေးစာမေးပွဲက မဖြစ်မနေ ပါဝင်ရမှာမဟုတ်ဘူး။ မင်းတို့ ဆန္ဒမရှိဘူးဆိုရင် အခုချက်ချင်း ထွက်သွားလို့ရတယ်”
သွမ့်ဟွေးယောင့်က လူတိုင်းကို တစ်ချက် ကြည့်လိုက်သည်။
မရင်းနှီးသောမျက်နှာများနှင့် ဆုံတွေ့ရသည့်အခါ သူက ခေတ္တမျှ ရပ်တန့်သွားတတ်သည်။
အထူးသဖြင့် ရွှီနင်ကို ကြည့်လိုက်သည့်အခါတွင် သူသည် ပို၍ကြာရှည်စွာ ကြည့်လိုက်လေသည်။
သွမ့်ဟွေးယောင့် စကားပြောပြီးနောက် လူအုပ်ကြီးမှာ တိတ်ဆိတ်သွားလေသည်။
မည်သူကမျှ နောက်ဆုတ်ရန် ရွေးချယ်ခြင်း မရှိကြပေ။
ဤစာမေးပွဲ၏ အကြောင်းအရာသည် အလွန်အန္တရာယ်များပုံရသော်လည်း သူတို့သာ ယခု ထွက်သွားမည်ဆိုပါက ဂိုဏ်း၏အဆင့်မြင့်အရာရှိပိုင်းတွင် ပါဝင်လာနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားရုံသာမက မျိုးစေ့တပည့်တစ်ဦးဆိုသည့် အဆင့်အတန်း သို့မဟုတ် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ တပည့်တစ်ဦးဆိုသည့် ဂုဏ်ပုဒ်ကိုပါ ဆုံးရှုံးသွားရမည်ဖြစ်ကြောင်း လူတိုင်း သိထားကြပေသည်။
“ကောင်းပြီ၊ ဘယ်သူမှ ထွက်မသွားကြဘူးပဲ”
သွမ့်ဟွေးယောင့်၏ အမူအရာမှာ တည်ငြိမ်နေသည်။
“ဒီလိုဆိုရင်တော့ ငါတို့ နောက်ဆယ်ရက်နေရင် ပင်လယ်ပြင်ကို ထွက်ကြမယ်”
“အကြီးအကဲဝေ့...”
သွမ့်ဟွေးယောင့်က ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
“ဂိုဏ်းချုပ်”
လယ်သမားအိုကြီးတစ်ဦးနှင့်တူသော အကြီးအကဲဝေ့သည် အခေါ်ခံရပြီးနောက် မတ်တတ်ရပ်လိုက်လေသည်။
“ဘယ်မျိုးစေ့တပည့်က တော်ဝင်နန်းတော်ရဲ့ ဘယ်လိုစစ်သင်္ဘောပေါ်မှာ တာဝန်ကျမလဲဆိုတာ သတ်မှတ်ဖို့ တော်ဝင်နန်းတော်ရဲ့ စစ်သေနာပတိချုပ်နဲ့ သွားရောက်ဆွေးနွေးလိုက်ပါ”
သွမ့်ဟွေးယောင့်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
အကြီးအကဲဝေ့က ရိုသေလေးစားစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
သွမ့်ဟွေးယောင့်က ခေါင်းညိတ်လိုက်ပြီး လူတိုင်းကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်သည်။
“ဒီခရီးစဉ်က အန္တရာယ်များလိမ့်မယ်။ အားလုံးပဲ အသက်ရှင်လျက် ပြန်လာနိုင်ကြဖို့ မျှော်လင့်ပါတယ်”
သွမ့်ဟွေးယောင့်၏ အသံသည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ဝှစ်...
ထို့နောက် သွမ့်ဟွေးယောင့်၏ ပုံရိပ်သည် အနက်ရောင်မြူခိုးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေတော့သည်။
“ဂိုဏ်းချုပ်ရဲ့ စကားတွေကို အားလုံး မှတ်မိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
အကြီးအကဲဝေ့က ရှေ့သို့ တစ်လှမ်းတိုးလာသည်။
“အားလုံးပဲ... ပင်လယ်ပြင်ကို မထွက်ခင် ဆယ်ရက် အချိန်ရသေးတယ်၊ ပြန်ပြီးတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြပါ”
အကြီးအကဲဝေ့က လူတိုင်းကို လူစုခွဲလိုက်လေသည်။
ထို့နောက် အကြီးအကဲတစ်ဒါဇင်ကျော်သည် ဦးစွာ ထွက်ခွာသွားကြပြီး ပျံသန်းသွားကြလေသည်။
သို့သော် ရာနှင့်ချီသော မျိုးစေ့တပည့်များအထဲတွင်မူ ထိုသို့လုပ်ဆောင်သူ တစ်ဦးမျှ မရှိပေ။ လူတိုင်းက တန်းစီစုဝေးကာ လှေကားထစ်အတိုင်း ရိုးရိုးသားသားပင် ဆင်းလာခဲ့ကြသည်။
“ရွှီနင်”
ရွှီနင်သည် လူအုပ်ထဲတွင် ရောနှောပါဝင်ကာ တောင်အောက်သို့ ဆင်းလာလေသည်။
တောင်ပေါ်မှ ဆင်းလာစဉ် မိန်းကလေးတစ်ဦး၏ အသံကို သူ ကြားလိုက်ရသည်။
ရွှီနင် ခေတ္တမျှ ရပ်တန့်သွားသည်။
နောက်မှလူ အမီလိုက်လာပြီးနောက် ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုသူမှာ ယွိချောင့်ဖြစ်နေသည်။
“ကျွန်မက ယွိချောင့်ပါ”
ယွိချောင့်၏ အပြုံးထဲတွင် ဆွဲဆောင်မှုအပြည့် ပါဝင်နေလေသည်။
“အစ်မကြီးယွိ”
ရွှီနင်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မောင်လေးက အမြုတေပြောင်းလဲခြင်းနယ်ပယ်မှာတင် တန်းဟိုင်မျှော်စင်ရဲ့ အဆင့်ကိုးကို ကျော်ဖြတ်နိုင်ခဲ့တယ်လေ၊ အခု မူလအစနယ်ပယ်ကိုပါ ရောက်လာပြီဆိုတော့ မောင်လေးနဲ့ ယှဉ်နိုင်မယ့် မျိုးစေ့တပည့်ဆိုတာ သိပ်မရှိတော့ဘူး။ မောင်လေးရဲ့ ပါရမီက တကယ်ကို အထင်ကြီးလောက်စရာပဲ”
ယွိချောင့်က ပြောလိုက်သည်။
“အစ်မကြီးယွိက မြှောက်ပင့်လွန်းနေပါပြီ”
ရွှီနင် အနည်းငယ် သတိထားလိုက်မိသည်။
ယွိချောင့်၏ စကားများမှာ ချီးကျူးနေပုံရသော်လည်း ရွှီနင်ကမူ သူမသည် တမင်သက်သက် မြှောက်ပင့်ပေးနေသည်ဟု ခံစားလိုက်ရသည်။
ယွိချောင့်က ရယ်မောလိုက်သည်။
“စန့်ယင်ဂိုဏ်းကို သွားချေမှုန်းရမယ့် ဒီမစ်ရှင်မှာ ငါတို့ အချင်းချင်း အနီးအနားမှာပဲ တာဝန်ကျဖို့ မျှော်လင့်ပါတယ်”
ယွိချောင့်က စကားပြောပြီးသည်နှင့် ရွှီနင်၏ အကြောင်းပြန်မှုကိုပင် မစောင့်တော့ဘဲ အလျင်အမြန် ထွက်သွားလေတော့သည်။
‘ဒီမိန်းမကတော့...’
ယွိချောင့်အပေါ် ရွှီနင်၏ အမြင်မှာ သာမန်မျှသာဖြစ်ရာ ထိုမိန်းမနှင့် အများကြီး ပတ်သက်ရန် သူ အစီအစဉ်မရှိပေ။
‘ဒီတစ်ခေါက် ပင်လယ်ပြင်ကို မထွက်ခင် ထိပ်တန်းလျှို့ဝှက်ရတနာအသစ်တွေ ရောက်မရောက် ကြည့်ဖို့ အရင်းအမြစ်ခန်းမကို နောက်တစ်ခေါက် သွားဦးမှပဲ။ တကယ်လို့များ တိုက်ခိုက်ရေးအမျိုးအစားမဟုတ်တဲ့ နောက်ထပ်ရတနာတစ်ခုကို ရခဲ့မယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အဆင့်တစ်ဆင့်လောက် ထပ်တက်သွားနိုင်တယ်’
ရွှီနင် စိတ်ထဲမှ တွေးတောလိုက်လေသည်။
စန့်ယင်ဂိုဏ်းနှင့် တိုက်ခိုက်ခဲ့ဖူးသော အတွေ့အကြုံများကြောင့် ခန့်မှန်းရခက်သော ဤပဂိုဏ်းနှင့် ရင်ဆိုင်ရသည့်အခါ ရွှီနင်သည် တတ်နိုင်သမျှ သတိထားရန် ကြိုးစားနေခြင်း ဖြစ်သည်။
…
ဆယ်ရက်ကြာပြီးနောက်…
ဝမ်ရှန့်ပြည်နယ်၏ အရှေ့ဘက် ကမ်းရိုးတန်း…
စစ်သင်္ဘောတစ်တန်းကြီးသည် ကမ်းစပ်တွင် တန်းစီလျက် ရှိနေကြသည်။
သံချပ်ကာဝတ်ဆင်ထားသော စစ်သည်များသည် သင်္ဘောပေါ်သို့ ဦးစွာ တက်ရောက်သွားကြသည်။
မလှမ်းမကမ်းတွင် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့တပည့် တစ်ရာ့သုံးဆယ့်နှစ်ဦးသည်လည်း အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။
ထိုစစ်သည်များ တက်သွားပြီးနောက် သူတို့သည်လည်း နောက်မှ အနီးကပ် လိုက်ပါသွားကြလေသည်။
‘ငါတို့ ပင်လယ်ပြင်ကို ထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီပဲ...’
ရွှီနင်သည် လူအုပ်ကြီးထဲတွင် ရပ်နေရင်း အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်း ရွှီနင်သည် အရင်းအမြစ်ခန်းမသို့ နောက်တစ်ခေါက် သွားရောက်ခဲ့လေသည်။
ဤတစ်ကြိမ်တွင် အရင်းအမြစ်ခန်းမ၌ ထိပ်တန်းလျှို့ဝှက်ရတနာနှစ်ခု ထပ်တိုးလာခဲ့ပြီး ယင်းတို့အနက် တစ်ခုမှာ ကာကွယ်ရေးအမျိုးအစား လျှို့ဝှက်ရတနာ ဖြစ်လေသည်။
အရင်းအမြစ်ခန်းမမှ အကြီးအကဲနှစ်ဦး၏ အဆိုအရ ဤလျှို့ဝှက်ရတနာနှစ်ခုအား ဂိုဏ်းချုပ် ပင်လယ်နီမိစ္ဆာသခင် ပြန်ရောက်လာပြီးနောက် အရင်းအမြစ်ခန်းမသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရလေသည်။
ရွှီနင်သည် ကာကွယ်ရေးရတနာကို ရွေးချယ်ခဲ့ပြီး သူ၏အိတ်ထဲသို့ ထည့်လိုက်လေသည်။
ဤသည်မှာ ရွှီနင် “အထွတ်အထိပ်” အဖြစ် အကဲဖြတ်ခံရပြီးနောက် ရရှိလာသည့် ဆုလာဘ်ပင်။
ဤထိပ်တန်းလျှို့ဝှက် ကာကွယ်ရေးရတနာအား မှော်ဝင်နှလုံးသားသံချပ်ကာဟု အမည်ပေးထားသည်။
ဤမှော်ဝင်နှလုံးသားသံချပ်ကာအား သံချပ်ကာဟု ခေါ်ဆိုသော်လည်း ၎င်း၏ပုံသဏ္ဌာန်မှာ သံချပ်ကာမဟုတ်ဘဲ လက်ပတ်တစ်ခုသာ ဖြစ်သည်။
တကယ့်တိုက်ပွဲတွင် ဤလက်ပတ်ကို အသက်သွင်းလိုက်ပါက ရွှီနင်၏ ခန္ဓာကိုယ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော သံချပ်ကာတစ်ခုအဖြစ် အသွင်ပြောင်းသွားမည် ဖြစ်သည်။
ဤသံချပ်ကာသည် ရန်သူ၏ တိုက်ခိုက်မှုစွမ်းအားများကို သိသိသာသာ လျှော့ချပေးနိုင်စွမ်း ရှိပေသည်။
တစ်ဖက်လူသည် တာအိုနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်ရောက် သိုင်းပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် ဤသံချပ်ကာသည် စွမ်းရည်များစွာကို ထုတ်ဖော်ပေးနိုင်ဆဲပင်။
ဤမှော်ဝင်နှလုံးသားသံချပ်ကာကြောင့် ဤခရီးစဉ်အတွင်း သူ၏ ဘေးကင်းလုံခြုံရေးအတွက် ပိုမိုယုံကြည်မှု ရှိလာခဲ့လေသည်။
“သင်္ဘောပေါ်တက်ဖို့ အဆင်သင့်လုပ်ထားကြ”
ပင်လယ်ကမ်းစပ်ရှိ စစ်သည်များ သင်္ဘောပေါ်သို့ တက်ရောက်ပြီးသွားပြီဖြစ်ရာ ယခုအခါ ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့တပည့်များ၏ အလှည့် ရောက်လာချေပြီ။
ရွှီနင်သည်လည်း သူတာဝန်ကျရာ သင်္ဘောကို ရှာတွေ့သွားပြီးနောက် အမြန်သွားရောက်လိုက်လေတော့သည်။
အခန်း (၃၀၄) - စန့်ယင်ဂိုဏ်း၏ စခန်း
“ရွှီနင်”
ရွှီနင် သင်္ဘောပေါ်တက်ရန် ပြင်လိုက်စဉ်မှာပင် မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရလေသည်။
အသံပိုင်ရှင်မှာ ယွိချောင့်ဖြစ်ကြောင်း ရွှီနင် သိလိုက်သည်။
“အစ်မတော်ယွိ”
ရွှီနင် ခြေလှမ်းရပ်ကာ နှုတ်ဆက်လိုက်သည်။
“ဒီတစ်ခေါက် ငါတို့ သင်္ဘောတစ်စီးတည်း မကျပေမဲ့ သွားရမယ့်ခရီးစဉ်က အတူတူပဲလေ။ စန့်ယင်ဂိုဏ်းကို တိုက်ခိုက်ရမယ့်အချိန်ရောက်ရင် ငါတို့ ပူးပေါင်းလို့ရတာပေါ့”
ယွိချောင့်က ပြောလိုက်သည်။
“အင်း...”
ရွှီနင်က ဟန်ဆောင်ပန်ဆောင်သာ သဘောတူလိုက်လေသည်။
ပင်လယ်ထဲသို့ မထွက်ခွာမီ စန့်ယင်ဂိုဏ်းတွင် ပင်လယ်ရပ်ခြား၌ စခန်းသုံးခုရှိကြောင်း တပည့်များအားလုံး သိထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် နန်းတော်၏တပ်ဖွဲ့များသည်လည်း အုပ်စုသုံးစုခွဲကာ မတူညီသော နေရာသုံးခုသို့ ဦးတည်သွားကြမည် ဖြစ်ပေသည်။
ယွိချောင့်နှင့် ခေတ္တမျှ စကားပြောပြီးနောက် ရွှီနင် စစ်သင်္ဘောပေါ်သို့ တက်လိုက်လေသည်။
‘သင်္ဘောပေါ်က တော်ဝင်စစ်သည်တွေက သာမန်မဟုတ်ပါလား...’
သင်္ဘောပေါ်ရောက်သည်နှင့် လေထုထဲတွင် စိမ့်ဝင်နေသော ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ်များကို ရွှီနင် ခံစားလိုက်ရသည်။
‘စန့်ယင်ဂိုဏ်းကို နှိမ်နင်းမယ့် စစ်သည်တွေအကုန်လုံးက အတွေ့အကြုံရင့်ကျက်တဲ့သူတွေချည်းပဲကိုး...’
ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။
စစ်သင်္ဘောတစ်စီးပေါ်တွင် စစ်သည်အင်အား တစ်ရာကျော်ရှိကြောင်း သူ တွေ့ရှိလိုက်ရသည်။
ထိုသူအားလုံးမှာလည်း တာအိုနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြပေသည်။
တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ဆိုလျှင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤတာအိုနယ်ပယ် တပ်ဖွဲ့များတွင် ကိုယ်ပိုင်တိုက်ခိုက်ရေးပုံစံများနှင့် ပေါင်းစပ်တိုက်ခိုက်ရေးနည်းစနစ်များ ရှိနေခြင်းပင်။
အကယ်၍ သူတို့သာ ပူးပေါင်းတိုက်ခိုက်ပါက သူတို့ထက် အဆင့်မြင့်သော ရန်သူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိကြပေသည်။
ဤတပ်ဖွဲ့များမှာ နန်းတော်၏ အတော်ဆုံး လက်ရွေးစင်များ ဖြစ်ကြလေသည်။
ရွှီနင်က စစ်သည်များကို အကဲခတ်နေချိန်တွင် ထိုစစ်သည်များသည်လည်း ရွှီနင်အား ပြန်လည်အကဲခတ်နေကြသည်။
ဤတာဝန်ကို ကြီးကြပ်ရန် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အထူးရွေးချယ်ခံတပည့်များ ပါဝင်လာကြောင်းကို သူတို့အားလုံး သိထားကြသည်။
ထိုအထူးရွေးချယ်ခံတပည့် အများစုမှာ အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြလေသည်။
သူတို့သည် တိုက်ခိုက်နိုင်စွမ်းမှာ မြင့်မားလှရာ အရေးကြီးသော တိုက်ပွဲများ၌ အားကောင်းသော ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြမည် ဖြစ်သည်။
“ညီအစ်ကို... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
ရွှီနင် ကုန်းပတ်ပေါ်သို့ လျှောက်သွားရာ သံချပ်ကာအထူကြီး ဝတ်ဆင်ထားသော လူတစ်ယောက်က သူ့ကို နှုတ်ဆက်လာသည်ကို တွေ့လိုက်ရသည်။
‘အခြေခံ မူလအစနယ်ပယ် သိုင်းပညာရှင်ပဲ...’
ရွှီနင်သည် ထိုသူ၏ အစစ်အမှန်စွမ်းအားကို အာရုံခံမိလိုက်သည်။
သူ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် ဤသူသည် သင်္ဘော၏ တပ်မှူးဖြစ်ကြောင်း ရွှီနင် သိလိုက်လေသည်။
မကြာမီကာလတွင် ထိုသူသည် တိုက်ပွဲကို ကွပ်ကဲရမည့်အပြင် ရွှီနင်၏ လှုပ်ရှားမှုများကိုပါ တာဝန်ယူရမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဤစစ်ဆင်ရေးသည် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အထူးရွေးချယ်ခံတပည့်များနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ကူညီတိုက်ခိုက်ပေးရန် ဖြစ်ပေသည်။
“ရွှီနင်ပါ”
ရွှီနင် လက်ယှက်ကာ အရိုအသေပေးလိုက်သည်။
“ဪ... ညီအစ်ကိုရွှီကိုး”
သံချပ်ကာဝတ်လူက ရယ်မောလိုက်သည်။
“ကျုပ်က ထုံကန်းပါ။ ဒီသင်္ဘောရဲ့ ကိစ္စအဝဝကို တာဝန်ယူထားရတယ်။ ညီအစ်ကိုရွှီ... လာမယ့်တာဝန်အတွက် ကျုပ်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ထုံကန်း၏ ဆက်ဆံရေးမှာ ယဉ်ကျေးပျူငှာလှပေသည်။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အထူးရွေးချယ်ခံတပည့်များသည် သာမန်လူများ မဟုတ်ကြောင်းကိုလည်း သူ ကောင်းကောင်း သိထားလေသည်။
ရွှီနင်ကို မြင်တွေ့လိုက်ရချိန်မှစ၍ ရွှီနင်၏ အစွမ်းမှာ ခန့်မှန်းရခက်လွန်းကြောင်း ထုံကန်း ခံစားခဲ့ရသည်။
“အစ်ကိုထုံက အားနာလွန်းနေပါပြီဗျာ။ ကျွန်တော် အစ်ကို့အမိန့်ကိုပဲ စောင့်နေပါ့မယ်”
ရွှီနင်က လက်ယှက်ကာ ပြန်လည်တုံ့ပြန်လိုက်သည်။
ထိုအချိန်မှာပင် အခြားလူတစ်ယောက်သည် သင်္ဘောပေါ်သို့ တက်လာလေသည်။
ထိုသူမှာ လက်ပြတ်အင်္ကျီဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက် ဖြစ်လေသည်။
သူ၏ အသားအရေမှာ ကြေးနီရောင်ရှိပြီး ဖော်ထုတ်ထားသော လက်မောင်းများတွင် ကြွက်သားများဖြင့် ပြည့်နှက်နေလေသည်။ သူသည် အရည်အချင်းရှိပြီး ကြမ်းတမ်းမည့်ဟန် ရှိလေသည်။
“ဖုန်းချီ... ခင်ဗျားတို့နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။”
ဖုန်းချီဟု အမည်ရသော ဤလူသည်လည်း ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အထူးရွေးချယ်ခံတပည့်တစ်ဦး ဖြစ်ပေသည်။
သင်္ဘောတစ်စီးလျှင် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အထူးရွေးချယ်ခံတပည့် နှစ်ယောက်စီ ပါဝင်လေသည်။
ရွှီနင်နှင့် ဖုန်းချီတို့သည် ဤစစ်သင်္ဘောတွင် တာဝန်ကျခြင်း ဖြစ်သည်။
ဖုန်းချီက မိတ်ဆက်ပြီးနောက် ရွှီနင်နှင့် ထုံကန်းတို့လည်း ပြန်လည် မိတ်ဆက်လိုက်ကြသည်။
“ညီလေးရွှီရဲ့ နာမည်က ဒီရက်ပိုင်း တော်တော်လေး ကျော်ကြားနေတာပဲ”
ရွှီနင် မိတ်ဆက်ပြီးနောက် ဖုန်းချီက ပြုံးကာ ပြောလိုက်သည်။
ရွှီနင်၏ နာမည်သည် ပင်လယ်နီမိစ္ဆာဂိုဏ်းတွင် မကြာသေးမီကပင် ပျံ့နှံ့နေခဲ့ရာ ဖုန်းချီလည်း ကြားဖူးနေသည်မှာ ကြာပြီဖြစ်သည်။
အထူးရွေးချယ်ခံတပည့်များ ကျွန်းလယ်တောင်ထွတ်တွင် စုဝေးခဲ့ကြစဉ် ဖုန်းချီသည် ရွှီနင်အား အဝေးမှ မြင်တွေ့ခဲ့ဖူးလေသည်။
ထိုစဉ်က သူတို့နှစ်ဦးကြား မည်သည့်ပတ်သက်မှုမှ မရှိခဲ့သဖြင့် ဖုန်းချီသည် ရွှီနင်အား စကားမပြောခဲ့ခြင်းသာ ဖြစ်သည်။
“အစ်ကိုဖုန်းက မြှောက်လွန်းနေပါပြီဗျာ”
ရွှီနင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
ဤစကားကြောင့် ထုံကန်း၏ မျက်လုံးများ လှုပ်ခတ်သွားရသည်။
‘ဒီရွှီနင်ဆိုတဲ့ကောင်လေးက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တပည့်တွေထဲမှာ အတော်လေး ကြောက်စရာကောင်းတဲ့ပုံပဲ...’
ထုံကန်းတစ်ယောက် စိုးရိမ်ပူပန်သွားမိသည်။
ရွှီနင်အား ပထမဆုံး မြင်တွေ့ရသည့်အချိန်မှစ၍ ရွှီနင်မှာ သာမန်မဟုတ်ကြောင်း သူ ခံစားခဲ့ရသည်။
ယခု ဖုန်းချီ၏ စကားများမှာ သူ၏ အတွေးများအား အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
“ခင်ဗျားတို့နှစ်ယောက် ကုန်းပတ်ပေါ်မှာ ခဏလောက် စောင့်နေကြဦး။ အမိန့်ရတာနဲ့ ကျုပ်တို့ အတူတူ ထွက်ခွာကြမယ်”
ထုံကန်းက သူတို့နှစ်ဦးကို ပြောလိုက်သည်။ စစ်သင်္ဘောပေါ်တက်ပြီး နာရီဝက်ခန့်အကြာတွင် အရာအားလုံး အဆင်သင့် ဖြစ်နေလေပြီ။
အမိန့်တစ်ချက် ထွက်ပေါ်လာသည်နှင့် စစ်သင်္ဘော အစီးခြောက်ဆယ်ကျော်သည် တစ်ပြိုင်နက် ရွေ့လျားသွားကြသည်။ သူတို့သည် အုပ်စုသုံးစုခွဲကာ အဝေးရှိ ပင်လယ်ပြင်ဆီသို့ ရွက်လွှင့်သွားကြလေတော့သည်။
ကီလိုမီတာ တစ်ရာကျော် ခရီးနှင်ပြီးနောက် အုပ်စုသုံးစုသည် လမ်းကြောင်းခွဲကာ သီးခြားစီ ရွက်လွှင့်သွားကြလေသည်။
ဤသင်္ဘောအုပ်စု သုံးစုတွင် ကိုယ်ပိုင်ခရီးစဉ် အသီးသီး ရှိကြသည်။
ရွှီနင် ပါဝင်သော သင်္ဘောအုပ်စုမှာ အရှေ့တောင်ဘက်သို့ ဦးတည်နေလေသည်။
ဤအုပ်စုတွင် စစ်သင်္ဘော အစီးနှစ်ဆယ်ကျော် ပါဝင်ပြီး ရွှီနင်မှာမူ သာမန်စစ်သင်္ဘော တစ်စီးပေါ်တွင်သာ ပါဝင်လေသည်။ ထို့အပြင် ရှေ့ပြေးစစ်သင်္ဘော တစ်စီးနှင့် ဗဟိုစစ်သင်္ဘော တစ်စီးလည်း ပါဝင်ပေသည်။
ရှေ့ပြေးစစ်သင်္ဘောမှာ လမ်းပြရန် တာဝန်ယူရပြီး ဗဟိုစစ်သင်္ဘောကိုမူ သာမန်စစ်သင်္ဘောများက ဝန်းရံထားကြလေသည်။ ဤသင်္ဘောအုပ်စု၏ အဓိကတပ်မှူးမှာ ဗဟိုစစ်သင်္ဘောပေါ်တွင် ရှိနေလေသည်။
အမြင့်ဆုံးတပ်မှူးမှာ နန်းတော်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး သူသည် တာအိုနယ်ပယ် ကိုးဆင့်မြောက်တွင် ရှိသည်ဟု ပြောကြလေသည်။ ယွိချောင့် တာဝန်ကျသော စစ်သင်္ဘောမှာ ဤဗဟိုစစ်သင်္ဘောပင် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ထိုဗဟိုစစ်သင်္ဘောပေါ်၌ မော့ယွီ၏ ကိုယ်ပွားလည်း ရှိနေသည်။ ၎င်းသည် ဝမ်ရှန့်ပြည်နယ်နှင့် ရွက်လွှင့်နေသော သင်္ဘောများကြား ဆက်သွယ်ရေးအတွက် တာဝန်ယူပေးထားခြင်း ဖြစ်သည်။
“စန့်ယင်ဂိုဏ်းကို ဖျက်ဆီးရမယ့် ကျုပ်တို့ရဲ့တာဝန်က အချိန်အတော်လေး ယူရလိမ့်မယ်”
ရွှီနင်ရှိနေသော စစ်သင်္ဘောပေါ်တွင် ထုံကန်းမှ ဖုန်းချီနှင့် ရွှီနင်တို့အား ပြောလိုက်သည်။
“အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်သွားရင်တောင် ခရီးစဉ်ရောက်ဖို့ကို လေးလကျော် ကြာလိမ့်မယ်”
‘လေးလဆိုတာက တကယ်ကို အချိန်ကြာတာပဲ...’
ရွှီနင်သည် သင်္ဘော၏ အမြန်နှုန်းကို အာရုံခံရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
သင်္ဘောအုပ်စုတွင် စစ်သင်္ဘော အစီးနှစ်ဆယ်ကျော် ပါဝင်သော်လည်း အလွန်လျင်မြန်စွာ ရွေ့လျားနေကြလေသည်။
ပင်လယ်ပြင်တွင် ဖြစ်သော်ငြား သင်္ဘောအုပ်စု၏ အမြန်နှုန်းမှာ တာအိုနယ်ပယ် အခြေခံအဆင့်မှ ပျံသန်းနိုင်သော မိစ္ဆာသားရဲတစ်ကောင်၏ အမြင့်ဆုံးအမြန်နှုန်းနှင့် ယှဉ်နိုင်ပေသည်။
“လေးလတောင်လား...”
ဖုန်းချီက ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
“အစ်ကိုထုံ... ကျွန်တော် နားမလည်တာတစ်ခု ရှိနေလို့”
“မေးပါဗျာ”
ထုံကန်းမှ ဖုန်းချီအား မေးရန် အချက်ပြလိုက်သည်။
“ကျွန်တော်တို့က စန့်ယင်ဂိုဏ်းရဲ့ နေရာကို သိနေတာက သူတို့ဆီမှာ ကျွန်တော်တို့ရဲ့ သူလျှိုတွေ ရှိနေလို့မလား”
ဖုန်းချီက မေးလိုက်သည်။
“ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စန့်ယင်ဂိုဏ်းရဲ့ အင်အားစုတချို့ကလည်း ဝမ်ရှန့်ပြည်နယ်ထဲကို စိမ့်ဝင်နေကြတာလေ။ ကျွန်တော်တို့က စန့်ယင်ဂိုဏ်းရဲ့ စခန်းကို ဒီလောက် ကြီးကြီးကျယ်ကျယ် သွားနေကြတာဆိုတော့ ကြိုတင်ပြီး ပေါက်ကြားမသွားနိုင်ဘူးလား”
“သူတို့ရဲ့ နေရာက ပေါက်ကြားသွားပြီဆိုမှတော့ အဲဒီနေရာကို ရောက်သွားတဲ့အချိန်မှာ သူတို့က အချိန်မရွေး ပြောင်းရွှေ့သွားနိုင်တာပဲလေ၊ အဲဒါဆို ကျွန်တော်တို့ လွဲသွားမှာပေါ့”
ဖုန်းချီ၏ နားလည်မှုလွဲမှားနေခြင်းမှာ ရွှီနင်၏ ယခင်က သံသယဖြစ်မှုလည်း ဖြစ်ပေသည်။
ဖုန်းချီ မမေးခဲ့လျှင်ပင် ရွှီနင်မှာ ထိုအကြောင်းရင်းကို သိချင်နေခဲ့မိသည်။
ထုံကန်းက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
“ဒီကိစ္စအတွက် ခင်ဗျားတို့ လုံးဝ စိတ်ပူစရာ မလိုပါဘူး”
“စန့်ယင်ဂိုဏ်း ရွေးချယ်ထားတဲ့ စခန်းတွေက ပင်လယ်ရပ်ခြားကနေ သေချာရွေးချယ်ထားတဲ့ နေရာတွေလေ။ အဲဒီနေရာတွေရဲ့ ပထဝီဝင်အနေအထားနဲ့ သိုင်းပညာပတ်ဝန်းကျင်က တကယ်ကို ကောင်းမွန်တယ်။ အဲဒီနေရာတွေရဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ဝမ်ရှန့်ပြည်နယ်နဲ့ ယှဉ်နိုင်တယ်လို့တောင် ပြောကြတယ်”
“ဒီလိုအခြေအနေမျိုးမှာ သူတို့ဆီကို ကျွန်တော်တို့ တိုက်ခိုက်တော့မယ့် သတင်းရောက်သွားရင်တောင် ကြီးကြီးမားမား ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ သူတို့ ပြောင်းရွှေ့လိုက်တာနဲ့ ဝိညာဉ်စွမ်းအင် နည်းပါးတဲ့ နေရာတွေကို သွားရတော့မှာမလို့ပဲ။ ဒါက သူတို့အတွက် လုံးဝ လက်ခံနိုင်စရာမရှိဘူး”
“ဒါ့အပြင် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်။ ဒီစန့်ယင်ဂိုဏ်းရဲ့ ခြေကုပ်စခန်းက အတော်လေး ကြီးမားတယ်။ သူတို့က နေရာအနှံ့က လူတွေကို ရှာဖွေပြီး အတင်းအကျပ် ရွှေ့ပြောင်းခိုင်းထားလို့ လူနေအခြေချစခန်းတစ်ခု ဖြစ်နေပြီလေ”
“ဒီအချက်အလက်ပေါင်းစုံကို ပေါင်းစပ်လိုက်ရင် သူတို့ ပြောင်းရွှေ့ချင်ရင်တောင် တော်တော်လေး ရှုပ်ထွေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်”
“ပြီးတော့...”
ထုံကန်းက ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ခေတ္တရပ်လိုက်သည်။
“သူတို့ ပြောင်းရွှေ့သွားရင်တောင် စန့်ယင်ဂိုဏ်းထဲမှာ ကျွန်တော်တို့ ထည့်ထားတဲ့သူတွေက သတင်းဖြန့်ပေးလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့လည်း လမ်းကြောင်းပြောင်းပြီး သူတို့နောက် လိုက်နိုင်တာပေါ့”
“ဒီတစ်ခေါက် ကျွန်တော်တို့နဲ့အတူ အရင်းအမြစ် တော်တော်များများ ယူလာတယ်။ ဝိညာဉ်စွမ်းအင် နည်းပါးတဲ့နေရာတွေမှာတောင် ကျွန်တော်တို့ရဲ့ စွမ်းအားကို ရာနှုန်းပြည့် အသုံးချနိုင်အောင် သေချာပြင်ဆင်ထားတယ်။ စန့်ယင်ဂိုဏ်းမှာ သိုင်းပညာရှင်တွေ အများကြီးရှိပေမဲ့ သူတို့ရဲ့ အရင်းအမြစ်တွေက ကျွန်တော်တို့နဲ့ ယှဉ်လို့မရဘူး”
“ဪ... အဲဒီလိုကိုး”
ရွှီနင်နှင့် ဖုန်းချီတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏ ယခင်က စိုးရိမ်ပူပန်မှုများမှာ လုံးဝ မလိုအပ်ပေ။ နန်းတော်မှ ဤကိစ္စအတွက် ကြိုတင်စဉ်းစားထားပြီး ဖြစ်လေသည်။
ထို့နောက် ရွှီနင်နှင့် ဖုန်းချီတို့သည် ထုံကန်းနှင့် စကားစမြည်ပြောဆိုခဲ့ကြပြီး ဤတာဝန်၏ အသေးစိတ်အချက်အလက်များကို ပိုမိုနားလည်သဘောပေါက်လာကြသည်။
သင်္ဘောအုပ်စုသည် ဆက်လက်ရွက်လွှင့်နေခဲ့သည်။
သုံးလကျော် ကုန်လွန်သွားပြီးနောက်…
လွန်ခဲ့သော သုံးလအတွင်း ရွှီနင်သည် သင်္ဘောပေါ်တွင်သာ နေထိုင်ကာ အချိန်ဖြုန်းရန် ဆေးလုံးများ ဖော်စပ်နေခဲ့လေသည်။
ထုံကန်းနှင့် ဖုန်းချီတို့မှာမူ သူတို့၏အချိန်များကို သိုင်းကျင့်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့ကြသည်။
သူတို့နှစ်ဦးလုံးမှာ ရွှီနင်ကဲ့သို့ပင် တာအိုနယ်ပယ် သတ္တမအဆင့်တွင် ရှိကြပေသည်။
သို့သော် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့၏ စွမ်းအားမှာ ရွှီနင်ထက် များစွာ နိမ့်ကျနေသည်မှာ သေချာလှသည်။
တစ်နေ့တွင်...
ထုံကန်းသည် ဗဟိုစစ်သင်္ဘောမှ သတင်းရရှိခဲ့သဖြင့် ရွှီနင်နှင့် ဖုန်းချီတို့ကို ခေါ်ယူကာ စုဝေးလိုက်လေသည်။
“ညီအစ်ကိုတို့... စန့်ယင်ဂိုဏ်းထဲက သူလျှိုတွေဆီက သတင်းရပြီ”
ထုံကန်းက ပြောလိုက်သည်။
“အရင်က ကျွန်တော်တို့ ခန့်မှန်းထားသလိုပဲ စန့်ယင်ဂိုဏ်းက သူတို့စခန်းကို မပြောင်းရွေ့ဘူးတဲ့။ သူတို့က အလားအလာကောင်းတဲ့ တပည့်တချို့ကိုပဲ ပြောင်းရွေ့လိုက်တာဆိုတော့ အဓိကအဖွဲ့ဝင်တွေ သိပ်မကျန်တော့ဘူး”
“အဲဒီလိုလား...”
ရွှီနင်နှင့် ဖုန်းချီတို့ တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။
ဆိုလိုသည်မှာ သူတို့ တိုက်ခိုက်ရတော့မည်ပင်။
“ဒါပေမဲ့ ကျွန်တော်တို့ နီးကပ်လာပြီဆိုတာ သိသွားပြီးနောက်မှာ စန့်ယင်ဂိုဏ်းက လူတွေကလည်း သူတို့ဘာသာ ပြင်ဆင်မှုတွေ စလုပ်နေကြပြီတဲ့။ တစ်နည်းအားဖြင့်ပြောရရင် အချိန်ကျလာတဲ့အခါ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ စန့်ယင်ဂိုဏ်းကို ရင်ဆိုင်ရတော့မှာပဲ။ ဒါကြောင့် ဒီစစ်ဆင်ရေးက သေချာပေါက် လွယ်ကူမှာ မဟုတ်ဘူး”
ထုံကန်းမှာ စစ်ဆင်ရေး၏ အန္တရာယ်ရှိမှုကို ဖုံးကွယ်မထားဘဲ ထိုသူနှစ်ဦးအား ပြင်ဆင်ထားရန် ပြောဆိုခဲ့သည်။
“ဒါ့အပြင် သူတို့က လမ်းခရီးမှာ ကျွန်တော်တို့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်သေးတယ်။ ဗဟိုစစ်သင်္ဘောက ကျွန်တော်တို့ကို အချိန်တိုင်း သတိထားဖို့နဲ့ နိုးနိုးကြားကြားရှိဖို့ သတိပေးထားတယ်”
ထုံကန်းက ထပ်မံသတိပေးလိုက်သည်။
“ကျွန်တော်ကတော့ ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ။ စန့်ယင်ဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ တကယ် သိချင်နေပြီ”
ဖုန်းချီ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခဲ့သည်။
စန့်ယင်ဂိုဏ်းသည် နာမည်ကြီးနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဖုန်းချီမှာ ရွှီနင်ကဲ့သို့ စန့်ယင်ဂိုဏ်းနှင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံ မရှိခဲ့ပေ။
ထို့ကြောင့် သူသည် စန့်ယင်ဂိုဏ်း၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ မခံစားဖူးခဲ့ချေ။
ထိုစကားကို ကြားသောအခါ ထုံကန်း ရယ်မောလိုက်သည်။
“အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မှာပေါ့”
“ဒါပေါ့ဗျာ”
ဖုန်းချီက ပြန်ဖြေလိုက်သည်။
ရွှီနင်လည်း ခေါင်းညိတ်လိုက်သည်။
သို့သော် ထုံကန်းမှာ ထိုသို့ပြောခဲ့သော်ငြား ရွှီနင်ကမူ သူနှင့် ဖုန်းချီမှာ ထုံကန်း၏ အမြင်တွင် အဓိကအင်အားစု ဖြစ်သည်ဟု မထင်မှတ်ထားပေ။
လွန်ခဲ့သော သုံးလအတွင်း ရွှီနင်သည် ထုံကန်းထံမှ သတင်းအချက်အလက် အချို့ကို သိရှိခဲ့ရသည်။
အားကောင်းသော အင်အားစုတစ်ခုအပြင် နန်းတော်၏ သင်္ဘောအုပ်စုတွင် အခြားသော ဝှက်ဖဲတစ်ခု ရှိနေပုံရလေသည်။
သို့သော် ထိုဝှက်ဖဲမှာ မည်သည့်အရာဖြစ်သည်ကိုမူ သူ မသိရသေးချေ။