← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅) - ချုံခိုတိုက်ခိုက်ခြင်း

အဆုံးမဲ့ပင်လယ်ပြင်ကြီးထဲ၌…

ဘဲဥပုံသဏ္ဌာန် ကျွန်းတစ်ကျွန်းပေါ်တွင်…

ထိုနေရာသည် ကြည်လင်သော ကောင်းကင်ယံရှိသည့် ဒေသတစ်ခုဖြစ်ရုံသာမက စိတ်ဝိညာဉ်စွမ်းအင်များလည်း အလွန်အမင်း ကြွယ်ဝနေလေသည်။

ဤကဲ့သို့သောနေရာမျိုးကို ပင်လယ်ရပ်ခြား၌ ရှာဖွေတွေ့ရှိရန် အလွန်ပင် ခဲယဉ်းလှပေသည်။

ဤနေရာကား ရွှီနင်၏ ရေတပ်စုသွားရောက်မည့် ဦးတည်ရာဖြစ်ပြီး စန့်ယင်ဂိုဏ်း၏ စခန်းတစ်ခုလည်း ဖြစ်ပေသည်။

ကျွန်းပေါ်တွင် သစ်ပင်များနှင့် အဆောက်အအုံများ ရှိလေသည်။

ထို့အပြင် လူဦးရေမှာလည်း အလွန် သိပ်သည်းထူထပ်လှသည်။

ထိုသူများသည် စန့်ယင်ဂိုဏ်းမှ သူတို့၏တပည့်များအား လေ့ကျင့်ပြုစုပျိုးထောင်ရန်အတွက် အရန်အင်အားများ ဖြစ်ကြလေသည်။

ကျွန်း၏အလယ်ဗဟို၌ မြင့်မားသော အဆောက်အအုံကြီးတစ်ခု ရှိပေသည်။

ထိုအဆောက်အအုံ၏ ခန်းမဆောင်ကြီးမှာ ကြီးမားကျယ်ဝန်းသော်လည်း လူသူကင်းမဲ့နေပြီး အထက်ဘက်တွင် လူသုံးယောက်သာ ထိုင်နေကြသည်။

“ဝမ်ရှန့်ပြည်နယ်ကလူတွေ နောက်ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်”

ဘယ်ဘက်တွင်ထိုင်နေသူမှာ သာမန်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် တူလေသည်။ သူသည် ငွေရောင်အလင်းတန်းများ စီးဆင်းနေသည့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

“သူတို့ကို လာခိုင်းလိုက်စမ်းပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီပဲဟာကို”

ညာဘက်တွင်ထိုင်နေသူမှာ ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ နုနယ်ပျိုမြစ်နေသော်လည်း မျက်လုံးများထဲတွင်မူ လောကဓံ၏ အနိမ့်အမြင့် အတက်အကျများကို ဖြတ်သန်းခဲ့ရသည့် အငွေ့အသက်များ ပြည့်နှက်နေလေသည်။

အစိမ်းရောင်ဝတ်အမျိုးသားသည် ပန်းရောင်ဝတ်အမျိုးသမီး၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကြုံ့သွားလေသည်။

ပန်းရောင်ဝတ်အမျိုးသမီးနှင့် ယှဉ်လိုက်လျှင် အစိမ်းရောင်ဝတ်အမျိုးသားမှာ အခြေအနေကို အကောင်းမြင်လွန်းခြင်းမရှိကြောင်း သိသာထင်ရှားလှပေသည်။

“သခင်ကြီးလျို... ကျွန်မတို့က ဒီနေရာကနေ ရန်သူတွေ လာတိုက်မှာကိုပဲ ထိုင်စောင့်နေရမှာလား။ ကျွန်မထင်တာတော့ ကျွန်မတို့ဘက်က လူတချို့လွှတ်ပြီး သူတို့ကို အရင်သွားတိုက်သင့်တယ်လို့ မြင်တယ်။ ကျွန်မကိုယ်တိုင် ဦးဆောင်ပြီးသွားပါ့မယ်၊ သူတို့ကို ဒုက္ခသုက္ခ အများကြီးပေးနိုင်မယ်ဆိုတာ သေချာတယ်”

ပန်းရောင်ဝတ်အမျိုးသမီးသည် ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ရန် တောင်းဆိုလိုက်သည်။ သူမသည် အလယ်တွင် ထိုင်နေသော အနက်ရောင်ဝတ်အမျိုးသားကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် အလျင်လိုနေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။

“မင်းရဲ့ယုံကြည်မှုက ချီးကျူးစရာပါပဲ၊ ဒါပေမဲ့ ပြိုင်ဘက်က သေချာပေါက် အထင်သေးလို့ရတဲ့သူတွေ မဟုတ်ဘူး။ ငါတို့သာ အလျင်စလို တိုက်ခိုက်လိုက်မယ်ဆိုရင် ပိုပြီးအကျပ်ရိုက်ရတဲ့ အခြေအနေထဲကို ကျရောက်သွားလိမ့်မယ်”

အနက်ရောင်ဝတ်သခင်ကြီးလျို စကားမပြောနိုင်မီမှာပင် အစိမ်းရောင်ဝတ်အမျိုးသားက ဝင်ရောက်ချေပလိုက်သည်။

သူ၏အမြင်မှာ ပန်းရောင်ဝတ်အမျိုးသမီးနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိသာထင်ရှားလှပေသည်။

“ရန်သူက မျက်စိရှေ့ရောက်နေပြီကို ရှင်က ဒီလောက်တောင် ကြောက်ရွံ့နေတာလား။ ရှင်က ဂိုဏ်းက တပည့်တွေနဲ့အတူ ပင်လယ်ရပ်ခြားက တခြားတစ်နေရာကို ပြောင်းသွားသင့်တယ်လို့ ထင်တယ်။ ဒါမှ ရှင့်ရဲ့ သတ္တိကြောင်မှုကြောင့် မျက်နှာပျက်စရာ မလိုတော့မှာလေ”

ပန်းရောင်ဝတ်အမျိုးသမီးက ထိုစကားကိုကြားသောအခါ လှောင်ပြောင်သရော်မှုများအပြည့်ဖြင့် တုံ့ပြန်လိုက်လေသည်။

“မင်း...”

အစိမ်းရောင်ဝတ်အမျိုးသား၏ မျက်နှာမှာ အလွန်ဆိုးရွားသွားသည်။ သူက ချက်ချင်းပင် ချေပလိုက်သည်။

“မင်းက ရန်သူတွေကို တားဆီးဖို့ကြိုးစားနေတာ လုံးဝမဟုတ်ဘူး။ ငါထင်တာတော့ မင်းက လက်စားချေချင်ရုံသက်သက်ပဲ။ အဲဒီတုန်းက ဝမ်ရှန့်ပြည်နယ်မှာ မင်းကိုယ်မင်း အစွမ်းထက်တယ်ဆိုပြီး လူ့အသက်တွေကို အမှိုက်လို သဘောထားခဲ့တာလေ။ မင်းလက်တွေမှာ သွေးတွေစွန်းထင်းနေခဲ့လို့ နန်းတော်က ထိပ်တန်းသိုင်းပညာရှင်တွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတာလေ။ သူတို့ရဲ့အင်အားကို ရင်ဆိုင်ရတဲ့အခါ မင်းက ကြောက်လန့်တကြားနဲ့ ဝမ်ရှန့်ပြည်နယ်ကနေ ထွက်ပြေးခဲ့ရပြီး ငါတို့စန့်ယင်ဂိုဏ်းထဲကို ဝင်လာခဲ့တာမလား”

“အဲဒီနောက်ပိုင်း မင်းက ဝမ်ရှန့်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို့ အစီအစဉ်တွေ ပိုလုပ်ပေးဖို့ သခင်ကြီးလျိုကို အမြဲတိုက်တွန်းနေခဲ့တာ။ မင်းရဲ့ရည်ရွယ်ချက်က စန့်ယင်ဂိုဏ်းရဲ့ ကောင်းကျိုးအတွက် မဟုတ်ဘူး၊ မင်းရဲ့ဒေါသတွေကို ပေါက်ကွဲဖို့သက်သက်ပဲ”

“ဒီတစ်ကြိမ်မှာ မင်းတကယ်ပဲ အလျင်စလို ရှေ့တိုးချင်တယ်ဆိုရင်လည်း တစ်ယောက်တည်းသာသွားပါ၊ ဂိုဏ်းက တခြားသူတွေကို ဒုက္ခလာမပေးနဲ့”

အစိမ်းရောင်ဝတ်အမျိုးသားသည် ပန်းရောင်ဝတ်အမျိုးသမီးအပေါ် မည်သည့်ညှာတာမှုမျှ မပြသခဲ့ပေ။

ထိုစကားများကြောင့် အမျိုးသမီး၏မျက်နှာမှာ ဖြူရော်သွားလေတော့သည်။

သူမသည် မတ်တပ်ရပ်လိုက်ပြီး ချေပရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် တိတ်ဆိတ်နေခဲ့သော သခင်ကြီးလျိုက စကားဆိုလာလေသည်။

“ကဲ... တော်ကြတော့”

သခင်ကြီးလျို၏ အသံမှာ ဩရှနေသည်။

“စွမ်းအားကြီးမားတဲ့ ရန်သူရှေ့မှာ ဒီလိုအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို ငြင်းခုန်နေရတာ အကျိုးမရှိဘူး”

သခင်ကြီးလျိုက ဤသို့ပြောလိုက်ပြီးနောက် ကျန်နှစ်ဦးလုံး တိတ်ဆိတ်သွားကြလေသည်။

သူတို့သည် မကျေမနပ် ဖြစ်နေကြဆဲဖြစ်သော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ရန်လိုနေခြင်းမရှိတော့ပေ။

ပန်းရောင်ဝတ်အမျိုးသမီးသည် ပြန်ထိုင်လိုက်ပြီး စကားတစ်ခွန်းမျှ မဟတော့ချေ။

“ရန်သူတွေက ဒီတစ်ကြိမ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ့် အနေအထားရှိတယ်။ ဒါကြောင့် ငါတို့လုပ်ရမှာက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ဒီနေရာကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်းထားဖို့နဲ့ စန့်ယင်ဂိုဏ်းက တပည့်တွေရဲ့ အသေအပျောက်ကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ပဲ”

“ငါတို့က ပင်လယ်ရပ်ခြားမှာ အခြေချခဲ့ရတာဖြစ်ပြီး နေထိုင်ရတဲ့ပတ်ဝန်းကျင်နဲ့ ကျင့်ကြံရတဲ့ပတ်ဝန်းကျင်က ခက်ခဲကြမ်းတမ်းတယ်။ လူတစ်ယောက်ဒဏ်ရာရသွားတိုင်း ငါတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပဲ”

သခင်ကြီးလျိုက ဆက်ပြောလေသည်။

“ဂိုဏ်းထဲက အလားအလာကောင်းတဲ့ တပည့်တွေကို ဟင်းလင်းပြင်ရတနာတစ်ခုထဲ ထည့်ပြီး ခေါ်ဆောင်သွားပြီဆိုပေမဲ့၊ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့လုံခြုံရေးကို ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားရဦးမယ်။ အဓိပ္ပာယ်မရှိတဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့လည်း ကြိုးစားရမယ်”

သခင်ကြီးလျိုစကားပြောအပြီးတွင် အစိမ်းရောင်ဝတ်အမျိုးသား၏ မျက်နှာပေါ်၌ ကျေနပ်ဂုဏ်ယူနေသော အမူအရာတစ်ခု ပေါ်လာလေသည်။

၎င်းက ပန်းရောင်ဝတ်အမျိုးသမီးအား အနည်းငယ်မကျေမနပ်ဖြစ်သွားစေသည်။

“ဒါပေမဲ့ သူတို့ကို ငါတို့ဆီ အလွယ်တကူ လာတိုက်ခွင့်ပြုလိုက်တာကလည်း ပညာရှိရာမကျဘူး။ သူတို့သာ ငါတို့ကို လာတိုက်ရင် ကြောက်စရာကောင်းတဲ့ တန်ဖိုးတစ်ခုကို ပြန်ပေးဆပ်ရမယ်ဆိုတာ သူတို့သိအောင်တော့ လုပ်ရမယ်”

သခင်ကြီးလျို၏ စကားများက ရုတ်တရက် အချိုးအကွေ့တစ်ခုသို့ ရောက်သွားလေသည်။

“သခင်ကြီးလျို... ကျွန်မတို့လူတွေကို ဦးဆောင်ပြီး သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်”

ပန်းရောင်ဝတ်အမျိုးသမီးသည် သူမ၏သဘောထားကို တစ်ဖန် ထုတ်ဖော် ပြောဆိုလိုက်ပြန်သည်။

“မင်းသွားလို့မရဘူး။ မင်းက ဂိုဏ်းရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မင်းတစ်ခုခုဖြစ်သွားရင် ငါတို့အပေါ် အများကြီးသက်ရောက်မှု ရှိလိမ့်မယ်”

သခင်ကြီးလျိုသည် ပန်းရောင်ဝတ်အမျိုးသမီး၏ အဆိုပြုချက်ကို ငြင်းဆန်လိုက်လေသည်။

“ဒါဆိုရင် ကျွန်မတို့ ဘာလုပ်သင့်လဲ”

ပန်းရောင်ဝတ်အမျိုးသမီးကမေးလိုက်သည်။

သခင်ကြီးလျိုက ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်သွားလေသည်။

“မကြာသေးခင်ကမှ ဂိုဏ်းက မျိုးဗီဇပြောင်း မိစ္ဆာသားရဲတစ်သုတ်ကို လေ့ကျင့်ပေးထားတယ် မဟုတ်လား။ သားရဲထိန်းချုပ်သူ အနည်းငယ်ကိုလွှတ်ပြီး သူတို့ကို ချုံခိုတိုက်ခိုက်ခိုင်းလိုက်၊ ပြီးရင် ဘယ်လိုအကျိုးသက်ရောက်မှု ရှိလဲဆိုတာ စောင့်ကြည့်တာပေါ့... တကယ်လို့ တိုက်ခိုက်မှုရဲ့ရလဒ်တွေက ကောင်းခဲ့ရင် အနာဂတ်မှာလည်း ဒီမျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲတစ်သုတ်ကို ငါတို့အသုံးပြုလို့ ရနိုင်တယ်...”

အစိမ်းရောင်ဝတ်အမျိုးသားနှင့် ပန်းရောင်ဝတ်အမျိုးသမီးတို့၏ မျက်လုံးများသည် တစ်ပြိုင်နက်တည်း အရောင်တောက်သွားကြသည်။

သူတို့နှစ်ဦးလုံးမှာ ဤအကြံဉာဏ်ကို ထောက်ခံနေကြကြောင်း သိသာလှပေသည်။

သူတို့သည် ဤမျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲတစ်သုတ်၏ စွမ်းအားကိုလည်း စောင့်မျှော်နေကြလေသည်။

အကြောင်းမှာ ဤမျိုးဗီဇပြောင်း မိစ္ဆာသားရဲများ၏ လေ့ကျင့်ပြုစုပျိုးထောင်မှုနည်းစနစ်အား သူတို့၏ဂိုဏ်းချုပ် ယွီကျီးယင်ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က ဂိုဏ်းချုပ်ယွီကျီးယင်တစ်ယောက် တစ်ကြိမ်ပေါ်လာခဲ့ပြီးနောက် သူနှင့်ပတ်သက်၍ မည်သည့် သတင်းအစအနမျှ မရရှိခဲ့တော့ချေ။

သို့မဟုတ်ပါက ယွီကျီးယင်သာ ဤနေရာ၌ရှိနေလျှင် ဝမ်ရှန့်ပြည်နယ်မှ လူများသည် လာရောက်တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။

…

နောက်ထပ်ရက်အနည်းငယ်ကုန်လွန်သွားခဲ့လေပြီ။

“ထောက်လှမ်းရေးတွေ ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ငါတို့က စန့်ယင်ဂိုဏ်းရဲ့ စခန်းနဲ့ အများဆုံး ငါးရက်လောက်ပဲ ကွာဝေးတော့တယ်”

သင်္ဘောကုန်းပတ်ပေါ်တွင် ရွှီနင်၊ ဖုန်းချီနှင့် ထုံကန်းတို့သည် အဝေးဆီသို့ လှမ်းမျှော်ကြည့်နေကြသည်။

ဤအချိန်၌ ရေတပ်စုသည် မည်းမှောင်နေသော တိမ်တိုက်များနှင့် မိုးကြိုးများအောက်တွင် ရောက်ရှိနေလေသည်။ မိုးသည်းထန်စွာရွာသွန်းနေပြီး ပင်လယ်ပြင်သည်လည်း လှိုင်းတံပိုးများ ထန်နေလေသည်။

“စန့်ယင်ဂိုဏ်းနဲ့ နီးလာလေလေ၊ စိတ်ဝိညာဉ်စွမ်းအင်တွေက ပိုပြီး ကြွယ်ဝလာလေလေပဲ”

ဖုန်းချီကအာရုံခံမိလိုက်သည်။

“ပင်လယ်ရပ်ခြားမှာ ဒီလိုနေရာမျိုးကို ရှာတွေ့ဖို့ဆိုတာ အားထုတ်မှုတွေ အများကြီးလိုအပ်မှာ သေချာတယ်”

ရွှီနင်က သဘောတူလိုက်သည်။

ဒုန်း...

ရုတ်တရက် သူတို့၏ စစ်သင်္ဘောအောက်မှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။

“ဘာဖြစ်တာလဲ”

ဖုန်းချီက သူ၏ခန္ဓာကိုယ်ကို အမြန်ထိန်းထားလိုက်သည်။

“ရေအောက်က မိစ္ဆာသားရဲတစ်ကောင် ချုံခိုတိုက်ခိုက်တာ ဖြစ်ရမယ်”

ရွှီနင်က ပြောလိုက်သည်။

“ငါတို့က ရေအောက်ဆင်းပြီး သူတို့ကို လိုက်မဖမ်းဆီးဘဲ သူတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မယူတာကပဲ ရေအောက်မိစ္ဆာသားရဲတွေအတွက် အတော်လေးကံကောင်းနေပြီကို၊ သူတို့ကတောင် ငါတို့ကို ရန်စရဲသေးတယ်ပေါ့လေ။ ငါသွားပြီး သူတို့ကို ရှင်းလိုက်မယ်”

ထိုသို့ပြောပြီးနောက် ဖုန်းချီသည် ပင်လယ်ထဲသို့ ခုန်ဆင်းသွားလေသည်။

“နေပါဦး...”

ရွှီနင်တစ်ယောက် အချိန်မီ မတားဆီးလိုက်နိုင်ပေ။

သင်္ဘောအောက်ရှိ မိစ္ဆာသားရဲသည် တာအိုနယ်ပယ်၏ အဆင့်မြင့်ပိုင်းတွင် ရှိနေကြောင်း သူအာရုံခံမိနေသည်။

“ငါကူညီပေးမယ်”

ထုံကန်းက ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရေထဲဆိုတာ ရေအောက်မိစ္ဆာသားရဲတွေရဲ့ ပိုင်နက်ပဲလေ။ အစ်ကိုဖုန်းတစ်ယောက်တည်း ရင်ဆိုင်ဖို့ခက်ခဲလိမ့်မယ်”

ထိုသို့ပြောပြီးသည်နှင့် ထုံကန်းသည်လည်း ရေထဲသို့ ခုန်ဆင်းသွားလေတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

သင်္ဘောအောက်ရှိ ပင်လယ်ထဲမှ တိုက်ပွဲဖြစ်ပွားသံများ ထွက်ပေါ်လာလေသည်။

“သင်္ဘောကို အရှိန်လျှော့လိုက်”

ရွှီနင်က ပဲ့ကိုင်အား အမိန့်ပေးလိုက်သည်။

အကယ်၍ စစ်သင်္ဘော၏ အရှိန်မှာမြန်လွန်းနေပြီး တိုက်ပွဲမှာ အချိန်ကြာမြင့်နေပါက ဖုန်းချီနှင့် ထုံကန်းတို့သည် သင်္ဘောနှင့် အလှမ်းဝေးသွားပေလိမ့်မည်။

အခန်း (၃၀၆) - ဖမ်းဆီးခြင်းနှင့် ရွှီချန်

ဘုန်း...

ပင်လယ်အောက်ခြေမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

‘ဘယ်လောက်တောင် ပြင်းထန်တဲ့ တုန်ခါမှုလှိုင်းလဲ’

သင်္ဘောကြီးမှာ ပြင်းထန်စွာ ထပ်မံတုန်ခါသွားသည်ကို ရွှီနင် ခံစားလိုက်ရသည်။

‘ဒီတိုက်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်က နည်းနည်း ပြင်းထန်လွန်းမနေဘူးလား’

တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရွှီနင် အာရုံခံမိလိုက်လေသည်။

သူ ရေထဲသို့ ခုန်ဆင်းရန် ပြင်လိုက်စဉ်မှာပင် ရေပြင်ကြီးမှာ ရုတ်တရက် ကွဲအက်သွားသည်ကို မြင်လိုက်ရချေပြီ။

ထုံကန်းသည် ဖုန်းချီအား သယ်ပိုးလျက် ရေထဲမှ ခုန်ထွက်လာခဲ့လေသည်။

“အစ်ကိုကြီးဖုန်း”

ဖုန်းချီ၏ အခြေအနေကို မြင်လိုက်ရသောအခါ ရွှီနင် မျက်မှောင်ကြုံ့လိုက်မိလေသည်။

ဖုန်းချီ၏ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး လက်တစ်ဖက်မှာ ကျိုးနေကာ မျက်နှာသည်လည်း ဖြူဖျော့နေပေသည်။

ထုံကန်းက ဖုန်းချီကို ကုန်းပတ်ပေါ်သို့ သယ်ဆောင်လာရာ ရွှီနင်လည်း အလျင်အမြန် ပြေးသွားလိုက်သည်။

“ဒီဆေးလုံးကို အရင်သောက်လိုက်ပါ”

ရွှီနင်က ဖုန်းချီ၏ ဒဏ်ရာများကို သက်သာစေရန် ဆေးလုံးတစ်လုံးကို တိုက်ကျွေးလိုက်လေသည်။

“ခုနက ဘာတွေဖြစ်ခဲ့တာလဲ”

ရွှီနင်က မေးလိုက်သည်။

“သင်္ဘောကို ဝင်တိုက်တဲ့ ရေအောက်က မိစ္ဆာသားရဲကို သွားနှိမ်နင်းတဲ့အချိန်မှာ အဲဒီသားရဲက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်တယ်လေ”

ထုံကန်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ကျန်ရစ်နေဆဲပင်။

“အစ်ကိုဖုန်းက အဲဒီသားရဲနဲ့ အရမ်းနီးကပ်နေတော့ ပေါက်ကွဲမှုထဲ ပါသွားတာပဲ”

“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်တယ် ဟုတ်လား”

ရွှီနင် မျက်မှောင်ကြုံ့သွားသည်။

မိစ္ဆာသားရဲတစ်ကောင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့် စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

၎င်းတို့၏ ခန္ဓာကိုယ်များမှာ မူလကတည်းက သန်မာကြပြီး ၎င်းတို့၏ သွေးကြောများထဲရှိ စွမ်းအားတိုင်းအား အပြည့်အဝ ညှစ်ထုတ်လိုက်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လေသည်။

အစောပိုင်းတွင် သင်္ဘောအောက်ခြေအား ဝင်တိုက်ခဲ့သော မိစ္ဆာသားရဲသည် တာအိုနယ်ပယ်၏ အဆင့်မြင့်ပိုင်းသို့ ရောက်ရှိထားလေသည်။

၎င်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည့် ပေါက်ကွဲအားသည် မူလအစနယ်ပယ် အခြေခံအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ဖုန်းချီပင်လျှင် တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။

“မိစ္ဆာသားရဲတွေ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာလား... တကယ်ကို ဖြစ်ခဲတဲ့ ကိစ္စပဲ...”

ရွှီနင်၏ ရင်ထဲတွင် သံသယများ ဖြစ်တည်လာလေသည်။

တာအိုနယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲများ၏ ဉာဏ်ရည်မှာ လူသားများထက် မနိမ့်ကျလှရာ ၎င်းတို့မှာ ထိုသို့ပြုလုပ်လေ့ မရှိကြပေ။

တာအိုနယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်မှာ ၎င်းထက် ပိုသန်မာသူအား ပစ်မှတ်ထားကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်သည်ကို ဤသည်မှာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

“ကံကောင်းလို့ ငါ အချိန်မီ ရှောင်နိုင်လိုက်တာ၊ မဟုတ်ရင် လက်တစ်ဖက်ပြုတ်ရုံတင်မကဘူး၊ အသက်ပါ ပါသွားလောက်တယ်”

ဆေးလုံးသောက်ပြီးနောက် ဖုန်းချီ၏ အခြေအနေမှာ အနည်းငယ် သက်သာလာလေသည်။

ထို့နောက် သူသည် သိုလှောင်လက်စွပ်ထဲမှ မြစိမ်းရောင် ဆေးပြားတစ်ပြားကို ထုတ်ယူကာ မြိုချလိုက်သည်။

ရွှီနင် ထိုဆေးပြားကို မှတ်မိလေသည်။ ထိုဆေးကို သောက်ပြီးပါက ဖုန်းချီ၏ လက်မောင်းမှာ သူ့အလိုလို ပြန်လည်ပေါက်ဖွားလာမည် ဖြစ်သည်။

ဤလုပ်ငန်းစဉ်သည် ရက်အနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။

ဘုန်း... ဘုန်း...

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခု ထပ်မံထွက်ပေါ်လာချေပြီ။

“ဘေးက သင်္ဘောတွေဆီကလာတဲ့ အသံတွေပဲ”

ရွှီနင် မတ်တတ်ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ ဘေးကပ်လျက်ရှိသော စစ်သင်္ဘောနှစ်စင်းမှာ ယိမ်းယိုင်နေသည်ကို မြင်လိုက်ရလေသည်။

ထို့နောက် ရေအောက်မိစ္ဆာသားရဲ အနည်းငယ်သည် ပင်လယ်ထဲမှ ခုန်ထွက်လာပြီး သင်္ဘောပေါ်သို့ တက်လာကြကာ သင်္ဘောပေါ်ရှိ လူများနှင့် စတင်တိုက်ခိုက်ကြတော့သည်။

“ဒါက... ချုံခိုတိုက်ခိုက်ခံရတာများလား”

ထုံကန်းတစ်ယောက် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။

ထင်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်၌ သူတို့ရှိနေသော သင်္ဘောဘေးသို့ နောက်ထပ် မိစ္ဆာသားရဲတစ်သိုက်မှာ စုရုံးရောက်ရှိလာပြီး ထိုမိစ္ဆာသားရဲများသည် ငါးပျံများကဲ့သို့ သင်္ဘောပေါ်သို့ ခုန်တက်လာကြပြန်သည်။

ထိုမိစ္ဆာသားရဲများမှာ အရွယ်အစားနှင့် ပုံသဏ္ဌာန် မျိုးစုံရှိကြပြီး ၎င်းတို့ထဲမှ အားအနည်းဆုံး အကောင်ပင်လျှင် တာအိုနယ်ပယ် အခြေခံအဆင့်၌ ရှိနေလေသည်။

“ရန်သူတွေကို ခုခံကြ”

ထုံကန်းတစ်ယောက် ရုတ်တရက် အော်ဟစ်လိုက်သည်။

သင်္ဘောပေါ်ရှိ စစ်သည်များမှာ အမိန့်ကို ချက်ချင်း နာခံလိုက်ကြသည်။ သူတို့၏ တာအိုလှံများကို ထုတ်ယူကာ ပင်လယ်အောက်ခြေမှ အတင်းတက်လာသော မိစ္ဆာသားရဲများကို ပြန်လည်တိုက်ခိုက်ကြလေသည်။

စစ်သည်များမှာ အားနည်းသော မိစ္ဆာသားရဲများအား တစ်ယောက်ချင်းစီ တိုက်ခိုက်ကြသည်။

အားကောင်းသော အကောင်များကိုမူ စစ်သည်များမှာ ပူးပေါင်း၍ တိုက်ခိုက်ကြလေသည်။

ရွှီနင်သည်လည်း ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်တော့သည်။

သူသည် ကြယ်တာရာချီများကို လွှဲယမ်းထုတ်ဖော်လိုက်ပြီး အားနည်းသော မိစ္ဆာသားရဲတစ်ကောင်ကို နှစ်ပိုင်းပိုင်းချလိုက်သည်။

‘ဒီမိစ္ဆာသားရဲတွေက ကိုယ်ပိုင်အသိစိတ် မရှိတဲ့ပုံပဲ၊ သူတို့မှာ သားရဲဗီဇတွေပဲ ရှိနေတာ’

တိုက်ခိုက်နေစဉ်အတွင်း ရွှီနင် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။

ဤတိုက်ခိုက်နေသော မိစ္ဆာသားရဲများသည် တိရစ္ဆာန်ဗီဇများဖြင့်သာ ပြည့်နှက်နေပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် မည်သည့် ဉာဏ်ရည်ဉာဏ်သွေး အရိပ်အယောင်မျှ မရှိကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။

ဤသို့သော လက္ခဏာမျိုးအား သာမန်လူသားနယ်ပယ်ရှိ မိစ္ဆာသားရဲများတွင်သာ တွေ့ရလေ့ရှိပေသည်။

‘ပြီးတော့ ဒီမိစ္ဆာသားရဲတွေရဲ့ ရုပ်သွင်က တော်တော်လေး ကွဲပြားနေတယ်’

ယဲ့ဘုရင်ခံအိမ်တော်တွင်ရှိစဉ်က ရွှီနင်သည် စာအုပ်များစွာ ဖတ်ရှုခဲ့ဖူးသဖြင့် ပင်လယ်မိစ္ဆာသားရဲများနှင့် ပတ်သက်၍ အနည်းငယ် သိရှိထားလေသည်။

သူ၏ရှေ့ရှိ ဤပင်လယ်မိစ္ဆာသားရဲများ၏ ရုပ်သွင်တချို့မှာ စာအုပ်ထဲရှိ ဖော်ပြချက်များနှင့် လုံးဝကိုက်ညီနေသော်လည်း တစ်ချိန်တည်းမှာပင် စာအုပ်ထဲ၌ မှတ်တမ်းတင်မထားသော လက္ခဏာအချို့လည်း ပါဝင်နေလေသည်။

‘သူတို့အားလုံးက မျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲတွေလား’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒါက စန့်ယင်ဂိုဏ်းဆီကနေ ချုံခိုတိုက်ခိုက်တာ သေချာနေပြီ’

မျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲတစ်ကောင် ပေါ်လာခြင်းအား နားလည်ပေး၍ ရသော်လည်း မျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲ ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်သည်က သိသာလှပေသည်။

ရွှီနင်က မည်သည့်သနားညှာတာမှုမှ မပြရန် ဆုံးဖြတ်လိုက်သည်။

သူသည် လျိုယွင်စစ်ကို ကိုင်ဆောင်ကာ တိုက်ခိုက်လိုက်တိုင်း မိစ္ဆာသားရဲတစ်ကောင်စီကို အပြတ်ရှင်းလင်းနိုင်ခဲ့သည်။

သူ၏ သတ်ဖြတ်မှုအမြန်နှုန်းမှာ အခြားစစ်သည်များထက် များစွာ မြန်ဆန်နေလေသည်။

ဒဏ်ရာရနေဆဲဖြစ်သော ထုံကန်းနှင့် ဖုန်းချီတို့သည်လည်း စစ်သင်္ဘောပေါ်သို့ အတင်းတက်လာနေသော မိစ္ဆာသားရဲများကို စတင်ရှင်းလင်းကြတော့သည်။

မကြာမီတွင် မိစ္ဆာသားရဲများ၏ သွေးများမှာ စစ်သင်္ဘောတစ်စင်းလုံးအား ဖုံးလွှမ်းသွားကာ မိစ္ဆာသားရဲများ၏ အလောင်းများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေတော့သည်။

‘သင်္ဘောအုပ်စုတစ်ခုလုံး တိုက်ခိုက်ခံနေရတာပဲ’

တိုက်ခိုက်နေစဉ်အတွင်း စစ်သင်္ဘော အစင်းနှစ်ဆယ်ကျော် ပါဝင်သော သင်္ဘောအုပ်စုတစ်ခုလုံးပါ ချုံခိုတိုက်ခိုက်ခံနေရကြောင်း ရွှီနင် သတိထားမိလိုက်သည်။

သူတို့စီးနင်းလာသော စစ်သင်္ဘောမှာမူ အဆင်ပြေနေပြီး ထိခိုက်ပျက်စီးမှု သိပ်မရှိလှပေ။

သို့သော် အချို့စစ်သင်္ဘောများမှာ အစွမ်းထက်သော မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကြောင့် မှောက်နေကြချေပြီ။

ဤစစ်သင်္ဘောများသည် လျှို့ဝှက်ရတနာများ မဟုတ်သော်လည်း အားလုံးမှာ ပထမတန်းစား တာအိုလက်နက်များ ဖြစ်ကြသည်။ ပထမတန်းစား တာအိုလက်နက်များကိုပင် ဖျက်ဆီးနိုင်သော ဤမိစ္ဆာသားရဲများမှာ အလွန်အမင်း အစွမ်းထက်လှပေသည်။

ရွှီ... ရွှီ...

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ပြင်နေသော တာအိုနယ်ပယ် အဆင့်မြင့် မိစ္ဆာသားရဲ နောက်ထပ်နှစ်ကောင်အား ရွှီနင် သတ်ဖြတ်လိုက်ပြန်သည်။

ဤမိစ္ဆာသားရဲများသည် အန္တရာယ်ရှိသည်ဟု ခံစားရသည်နှင့် ၎င်းတို့၏ အကြီးမားဆုံးသော တန်ဖိုးကို ပြသရန် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ဖောက်ခွဲပစ်လေ့ ရှိကြသည်။

ကံကောင်းထောက်မစွာဖြင့် ရွှီနင်၊ ထုံကန်း၊ ဖုန်းချီနှင့် အခြားစစ်သည်များ အားလုံးမှာ အလွန်အမင်း သတိထားနေခဲ့ကြသည်။ သူတို့အားလုံးသည် အလွန်ပြတ်သားပြီး အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသဖြင့် မိစ္ဆာသားရဲများစွာမှာ ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲနိုင်မီမှာပင် အသတ်ခံလိုက်ကြရသည်။

‘ဒီမိစ္ဆာသားရဲတွေကို သားရဲထိန်းချုပ်သူ တစ်ယောက်ယောက်က ထိန်းချုပ်ထားတာ သေချာတယ်...’

ရွှီနင် စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဒီသားရဲထိန်းချုပ်သူတွေက အနီးအနား ဒါမှမဟုတ် ပင်လယ်အောက်ခြေမှာ ပုန်းနေလောက်တယ်...’

ထိုအချက်ကို တွေးမိသောအခါ ရွှီနင်က ခေါင်းလှည့်ကာ ထုံကန်းနှင့် ဖုန်းချီတို့ကို ပြောလိုက်သည်။

“ကျွန်တော် အပြင်ထွက်ပြီး သွားကြည့်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ရွှီနင်သည် ခပ်နိမ့်နိမ့်ပျံသန်းကာ သားရဲထိန်းချုပ်သူများကို ရှာဖွေရန် ပင်လယ်ထဲရှိ မိစ္ဆာသားရဲများ လာရာလမ်းကြောင်းအတိုင်း လိုက်သွားလေတော့သည်။

ဝှီး...

“ဟင်”

ရွှီနင် ထွက်သွားပြီး မကြာမီမှာပင် သင်္ဘောအုပ်စုထဲမှ အခြားပုံရိပ်တစ်ခုသည်လည်း ထပ်မံထွက်ပေါ်လာခဲ့သည်။

ရွှီနင် ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်ရာ ထိုသူမှာ ယွိချောင့် ဖြစ်နေကြောင်း မြင်လိုက်ရသည်။

ရွှီနင်တို့၏ သင်္ဘောအုပ်စုတွင် နန်းတော်မှ ကျွမ်းကျင်သူများအပြင် သူနှင့် ယွိချောင့်တို့မှာ အသန်မာဆုံး ဖြစ်ကြသည်။ သူတို့သည် ဤအခြေအနေ၏ အဓိကသော့ချက်အား ရှာဖွေရန် ပထမဆုံး တုန့်ပြန်ခဲ့ကြသူများ ဖြစ်ပေသည်။

ရွှီနင်သည် ယွိချောင့်အား ရပ်စောင့်မနေဘဲ ပိုမိုမြန်ဆန်စွာ ဆက်လက်ရှာဖွေနေခဲ့သည်။

‘ဒီသားရဲထိန်းချုပ်သူတွေက သူတို့ရဲ့ အငွေ့အသက်တွေကို ဖုံးကွယ်ဖို့ အငွေ့အသက်ဖုံးကွယ်တဲ့ လက်စွပ်တွေကို ဝတ်ဆင်ထားတာ သေချာတယ်’

ရွှီနင်သည် ပင်လယ်ထဲရှိ မိစ္ဆာသားရဲများ၏ လမ်းကြောင်းကိုအခြေခံ၍ ထိုသူတို့ ပုန်းအောင်းနေသည့် နေရာများကို တွက်ချက်သိရှိနိုင်လေသည်။

သူသည် သူ၏ အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးအထိ ချဲ့ထွင်လိုက်သည်။

ရွှီနင်သည် မူလအစနယ်ပယ်တွင်သာ ရှိနေသေးသော်လည်း သူ၏ အာရုံခံနိုင်စွမ်းမှာ မူလအချိတ်အဆက်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးနှင့်ပင် ယှဉ်နိုင်ပေသည်။

‘တွေ့ပြီ’

ပင်လယ်ကို ရှာဖွေနေစဉ် ရွှီနင်သည် နေရာတစ်ခုရှိ ပင်လယ်အောက်တွင် ပုံမှန်မဟုတ်သည့် တုန်ခါမှုများကို ရုတ်တရက် သတိပြုမိသွားလေသည်။

သူသည် ချက်ချင်းပင် ရေထဲသို့ ငုပ်လျှိုးသွားပြီး လက်ထဲတွင် လျိုယွင်စစ်အား ကိုင်ဆောင်လျက် ရှေ့သို့ အပြေးအလွှား သွားလိုက်သည်။

ဘုန်း...

ရွှီနင်မှ ရှေ့သို့ ထိုးစိုက်လိုက်ရာ ရေအောက်ကျောက်တုံးတစ်တုံးမှာ ပေါက်ကွဲထွက်သွားလေသည်။

ထင်ထားသည့်အတိုင်းပင် ကျောက်တုံးများအောက်တွင် ပုန်းအောင်းနေသော မီးခိုးရောင်ဝတ်ရုံနှင့် လူတစ်ယောက် ရှိနေလေသည်။

ရွှီနင်ကို မြင်ပြီးနောက် မီးခိုးရောင်ဝတ်ရုံနှင့်လူမှာ အနည်းငယ် ပြာယာခတ်သွားပုံရလေသည်။

ရွှီနင် ပေါ်လာမှုကို တုံ့ပြန်သည့်အနေဖြင့် မီးခိုးရောင်ဝတ်ရုံနှင့်လူသည် လက်ကိုဝှေ့ယမ်းကာ သူ၏ ဟင်းလင်းပြင်ရတနာထဲမှ ပင်လယ်မိစ္ဆာသားရဲ နှစ်ကောင်ကို လွှတ်ထုတ်လိုက်သည်။

ရွှီနင် ၎င်းကိုမြင်သောအခါ သူ၏ လျိုယွင်စစ်ဖြင့် တိုက်ခိုက်လိုက်ပြီး ၎င်းတို့ကို လွယ်ကူစွာပင် သတ်ဖြတ်လိုက်လေသည်။

ထို့နောက် ချက်ချင်းပင် ရွှီနင်က မီးခိုးရောင်ဝတ်ရုံနှင့်လူ နောက်သို့ လိုက်သွားတော့သည်။

“စန့်ယင်ဂိုဏ်းက တခြားသူတွေ ဘယ်မှာလဲ ပြောစမ်း”

ရွှီနင်က သူ့ကို ရေထဲမှ ဆွဲထုတ်လိုက်ပြီး ပြင်းထန်စွာ မေးလိုက်သည်။

မီးခိုးရောင်ဝတ်ရုံနှင့်လူသည် သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်သော်လည်း သူသည် မူလအစနယ်ပယ်၏ အခြေခံတွင်သာ ရှိနေသည်။

သူ့မှာ ရွှီနင်၏ ဖမ်းဆီးထိန်းချုပ်မှုကို ပြန်လည်ခုခံရန် မည်သည့်အခွင့်အရေးမျှ မရှိခဲ့ချေ။

ရွှီနင်၏ အမေးကို ရင်ဆိုင်ရသောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူသည် အံကြိတ်လိုက်ပြီးနောက် ခေါင်းမှာ ဘေးသို့ ဖြည်းညင်းစွာ လည်ကျသွားသည်။ သူ၏ အသက်ဝိဉာဉ်မှာ ချုပ်ငြိမ်းသွားလေပြီ။

‘သူ သေသွားပြီလား’

ရွှီနင် ဤသို့ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့အား ဖမ်းမိသည်နှင့်တစ်ပြိုင်နက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

“ရှင်လည်း သူ့ကို အရှင်မဖမ်းနိုင်ခဲ့ဘူးလား”

ထိုအချိန်၌ ယွိချောင့်သည်လည်း သူမ၏လက်ထဲတွင် သေဆုံးနေသော မီးခိုးရောင်ဝတ်ရုံနှင့် လူတစ်ယောက်ကို ကိုင်ဆွဲလျက် အဝေးမှ အပြေးရောက်လာလေသည်။

ယွိချောင့်သည်လည်း အစောပိုင်းတွင် သဲလွန်စအချို့ကို သတိထားမိခဲ့သည်မှာ သိသာလှသော်လည်း ရွှီနင်ကဲ့သို့ပင် ထိုသူကို အရှင်မဖမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“မရခဲ့ဘူး၊ သူတို့ ဘယ်လိုသတ်သေသွားလဲဆိုတာတောင် ငါ အာရုံမခံမိလိုက်ဘူး”

ရွှီနင်က မီးခိုးရောင်ဝတ်ရုံနှင့်လူကို စစ်ဆေးကြည့်လိုက်ရာ သူ၏ နှလုံးသွေးကြောများ ပြတ်တောက်သွားကြောင်း တွေ့ရှိရသော်လည်း ခန္ဓာကိုယ်ထဲတွင် အဆိပ် သို့မဟုတ် အခြားပုံမှန်မဟုတ်သော အရာများ မရှိကြောင်း တွေ့ရသည်။

“ထပ်ရှာကြည့်ကြတာပေါ့”

ယွိချောင့်က ပြောလိုက်သည်။

“ကောင်းပြီ”

ရွှီနင်က ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် အနီးအနားရှိ ရေပြင်ကို ရှာဖွေကြလေသည်။

ဤလုပ်ငန်းစဉ်အတွင်း အခြားရွေးချယ်ခံများသည်လည်း အခြေအနေကို နောက်ဆုံးတွင် သဘောပေါက်သွားကြပြီး အနီးအနားတွင် အလောတကြီး လိုက်လံရှာဖွေကြတော့သည်။

လူတစ်စုသည် ပုန်းအောင်းနေသော သားရဲထိန်းချုပ်သူများကို စတင်ရှာဖွေကြလေတော့သည်။

နောက်ထပ် တစ်ကြိမ်ရှာဖွေပြီးနောက် မီးခိုးရောင်ဝတ်ရုံနှင့် လူနှစ်ယောက် ထပ်မံဖမ်းဆီးခံရသည်။ ဖမ်းဆီးနိုင်ခဲ့သူများမှာ ရွှီနင်နှင့် ယွိချောင့်တို့ပင် ဖြစ်နေဆဲပင်။

သူတို့၏ အာရုံခံနိုင်စွမ်းနှင့် ခွန်အားမှာ အခြားရွေးချယ်ခံများ လုံးဝမယှဉ်နိုင်သော အရာဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် ဤမီးခိုးရောင်ဝတ်ရုံနှင့် သားရဲထိန်းချုပ်သူ နှစ်ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

ဤအချိန်တွင် ရွှီနင်သည် ကြိုတင်သတိထားနေခဲ့သည်။

သူသည် ထိုလူအား ဖမ်းမိပြီးနောက် အရင်ဆုံး သတိလစ်သွားအောင် လုပ်ခဲ့သော်လည်း သတိလစ်ပြီးနောက်တွင်ပင် သူ၏ နှလုံးသွေးကြောများ ပြတ်တောက်သွားခဲ့ရဆဲ ဖြစ်သည်။

ဤချုံခိုတိုက်ခိုက်သော စန့်ယင်ဂိုဏ်းသားများသည် အပြည့်အဝ ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သိသာလှပေသည်။

“တခြားဘယ်သူမှ ရှိတော့မယ် မထင်ဘူး...”

ယွိချောင့်သည် လက်တစ်ဖက်တွင် အလောင်းတစ်လောင်းကို ကိုင်ဆွဲလျက် ရွှီနင်၏ အနားသို့ ရောက်လာလေသည်။

“ဒီလိုဆိုမှတော့ ပြန်ကြတာပေါ့”

ပုန်းအောင်းနေသော သားရဲထိန်းချုပ်သူ အားလုံးကို ရှာတွေ့သွားပြီဟု ရွှီနင် ခန့်မှန်းလိုက်သည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် သင်္ဘောများဆီသို့ ပြန်လာခဲ့ကြသည်။

ရေပြင်ကို ရှာဖွေနေကြသော အခြားရွေးချယ်ခံများလည်း ၎င်းကို မြင်သောအခါ အနည်းငယ် မနာလို ဖြစ်သွားကြသည်။

ဤပင်လယ်ခရီးစဉ်သည် ရွေးချယ်မှု စမ်းသပ်ပွဲတစ်ခု ဖြစ်သော်လည်း ရွှီနင်နှင့် ယွိချောင့်တို့မှာ စန့်ယင်ဂိုဏ်း၏ စခန်းအား စတင်မတိုက်ခိုက်ရသေးမီပင် အောင်မြင်မှုတစ်ခု ရရှိနေပြီဖြစ်ရာ သူတို့အား နောက်ကောက်ချန်ထားခဲ့လေပြီ။

သို့သော် သူတို့ မနာလိုဖြစ်နေလျှင်ပင် သူတို့၏ ဂုဏ်ဒြပ်အား မလုယူနိုင်သဖြင့် လက်မှိုင်ချကာ ပြန်လာရုံသာ တတ်နိုင်ကြတော့သည်။

ရွှီနင်သည် သူ၏ စစ်သင်္ဘောဆီသို့ တိုက်ရိုက်မပြန်ဘဲ ယွိချောင့်နောက်သို့ လိုက်ကာ ဗဟိုစစ်သင်္ဘောဆီသို့ ပြန်သွားခဲ့သည်။

ဤသင်္ဘောပေါ်တွင် အဓိကတာဝန်ယူထားသူမှာ သင်္ဘောအုပ်စု၏ ဗိုလ်ချုပ်ဖြစ်သူ တာအိုနယ်ပယ် ကိုးဆင့်မြောက် ကျွမ်းကျင်သူ ရွှီချန်ပင် ဖြစ်လေသည်။

“သခင်ကြီးရွှီ... ကျွန်မတို့ကို ချုံခိုတိုက်ခိုက်တဲ့လူတွေ အားလုံးကို ဖမ်းမိပါပြီ”

ယွိချောင့်သည် ရွှီနင်အား ရွှီချန်ထံ ခေါ်ဆောင်သွားလေသည်။

ယွိချောင့်သည် ဗဟိုစစ်သင်္ဘောအား လိုက်ပါစီနင်းရသည်ဖြစ်ရာ သူမသည် ဤမတိုင်မီကတည်းက ရွှီချန်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး ဖြစ်သည်။

ရွှီနင်အတွက်မူ ဤသည်က တာအိုနယ်ပယ် ကိုးဆင့်မြောက် ကျွမ်းကျင်သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

“သခင်ကြီးရွှီ”

ရွှီနင်က အလောင်းနှစ်လောင်းကို ဘေးသို့ပစ်ချကာ အရိုအသေပေးလိုက်သည်။

ရွှီချန်၏ ဖိအားမှာ ရွှီနင်အား သက်ရောက်မှုသိပ်မရှိခဲ့ပေ။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ပင်လယ်နီမိစ္ဆာသခင်ထံမှ ထွက်ပေါ်လာသော ဖိအားမှာ ပို၍ ပြင်းထန်လှပေသည်။

“ဒီလေးယောက်က ငါတို့ကို ချုံခိုတိုက်ခိုက်ခဲ့တဲ့လူတွေလား”

ရွှီချန်က ရွှီနင်ကို တစ်ချက်ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်သည်။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ ကံမကောင်းတာက တစ်ယောက်ကိုမှ အရှင်မဖမ်းနိုင်ခဲ့ဘူး”

ယွိချောင့်က ပြန်ဖြေလိုက်လေသည်။

All Chapters