← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉) - ထိုးဖောက်ဝင်ရောက်ခြင်း

“လျှို့ဝှက်ရတနာ ပေါင်းစပ်ဖွဲ့စည်းခြင်းလား”

ရွှီနင် မျက်ခုံးပင့်သွားလေသည်။

လျှို့ဝှက်ရတနာ ပေါင်းစပ်ဖွဲ့စည်းခြင်းကို လျှို့ဝှက်ရတနာ ပေါင်းစပ်ခြင်းဟုလည်း ခေါ်ဆိုနိုင်ပေသည်။

အချို့သော လျှို့ဝှက်ရတနာများကို တစ်ခုချင်းစီ အသုံးပြုနိုင်ရုံသာမက ရန်သူကို ပိုမိုကြီးမားသော ထိခိုက်မှုဖြစ်စေရန် ပေါင်းစပ်အသုံးပြုနိုင်ပြီး ကြီးမားသော အကျိုးသက်ရောက်မှုကို ရရှိစေနိုင်ပေသည်။

ထိုလျှို့ဝှက်ရတနာများ၏ ပေါင်းစပ်ထားသော စွမ်းအင်မှာ ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာ အမျိုးအစားအားလုံးထက်ပင် သာလွန်သွားလေသည်။

လျှို့ဝှက်ရတနာ အစုအဝေးတိုင်းသည် အလွန်တန်ဖိုးကြီးမားသော အရင်းအမြစ်တစ်ခု ဖြစ်ချေသည်။

ထင်ရှားသည်မှာ ပင်လယ်နီမိစ္ဆာဂိုဏ်းတွင် ဤရတနာအစုအဝေးတစ်ခုတည်းသာ ရှိပုံရလေသည်။

“ဒီသစ်ပင်တံတိုင်းကြီး ကျိုးပျက်သွားတာနဲ့ ငါတို့တတွေ သိုင်းကွက်ထဲကို တန်းပြီး ထိုးဖောက်ဝင်ရောက်ရမယ်လို့ ဗိုလ်ချုပ်ရွှီက ပြောထားတယ်။ အားလုံးပဲ ကျွန်းပေါ်ကိုဝင်ရောက်ပြီး စန့်ယင်ဂိုဏ်းသားတွေကို ဖမ်းဆီးတာ ဒါမှမဟုတ် သတ်ဖြတ်တာတွေ လုပ်ကြရမယ်။”

ထုံကန်းက ပြောလိုက်သည်။

ရွှီနင်နှင့်ဖုန်းချီတို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြလိုက်ကြသည်။

ထုံကန်းသည် ရွှီနင်နှင့်ဖုန်းချီတို့နှင့် ပြောဆိုပြီးနောက် သင်္ဘောတစ်စီးလုံးရှိ လက်အောက်ငယ်သားများကို စုရုံးကာ ရွှီချန်၏ ညွှန်ကြားချက်များကို ထပ်ဆင့် ပြောကြားလိုက်လေသည်။

မကြာမီတွင် အားလုံးမှာ အသင့်ဖြစ်နေကြချေပြီ။

ဝှစ်… ဝှစ်… ဝှစ်…

ဗဟိုစစ်သင်္ဘောကြီးထဲမှ လူရိပ်အချို့ ပျံသန်းထွက်ပေါ်လာကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ရွှီချန်မှ ဦးဆောင်လေသည်။

ထိုအချိန်တွင် ရွှီချန်နှင့် အခြားသူများအားလုံး လျှို့ဝှက်ရတနာတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။

ထိုရတနာများသည် ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသော်လည်း ရတနာတစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် တူညီသောပုံစံများကို ထွင်းထုထားလေသည်။

“ပေါင်းစပ်တိုက်ခိုက်ကြ။”

ရွှီချန်က အော်ဟစ်လိုက်သည်။

သူ၏လက်ထဲရှိ လျှို့ဝှက်ရတနာမှာ လျှို့ဝှက်ရတနာ ပေါင်းစပ်ဖွဲ့စည်းခြင်း၏ အဓိကအစိတ်အပိုင်း ဖြစ်ပေသည်။

အကယ်၍ ၎င်းကို တစ်ခုတည်းသီးသန့် အသုံးပြုမည်ဆိုပါက ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာတစ်ခုမျှသာ ဖြစ်လေသည်။

“လောင်ကျွမ်းစေ”

ရွှီချန်သည် သူ၏လက်ထဲရှိ လျှို့ဝှက်ရတနာကို အပေါ်သို့ပစ်တင်လိုက်ရာ သူ၏နောက်မှ အခြားသူများသည်လည်း အလားတူ လုပ်ဆောင်လိုက်ကြသည်။

သူတို့တစ်ဦးစီသည် ကျွမ်းကျင်စွာ ပူးပေါင်းဆောင်ရွက်ကြပြီး လက်ထဲရှိ လျှို့ဝှက်ရတနာများကို ထိန်းချုပ်လိုက်ကြလေသည်။

ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ရတနာများစွာသည် နီးကပ်စွာ နေရာယူသွားကြသည်။ ၎င်းတို့၏ မျက်နှာပြင်များပေါ်ရှိ မျဉ်းကြောင်းများသည် ရုတ်တရက် လင်းလက်သွားပြီး အစိမ်းရောင်မီးတောက်များ ဟုန်းဟုန်းတောက်လောင်လာတော့သည်။

ဝှစ်…

လျှို့ဝှက်ရတနာများစွာသည် ပေါင်းစပ်ဖွဲ့စည်းသွားစဉ် လိမ်ယှက်သွားကြပြီးနောက် အစိမ်းရောင်မီးလျှံ စပါးအုံးမြွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သစ်ပင်တံတိုင်းကြီးဆီသို့ အလျင်အမြန် တိုးဝင်သွားလေတော့သည်။

“ဒါက လျှို့ဝှက်ရတနာ ပေါင်းစပ်ဖွဲ့စည်းခြင်းပဲ။”

ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် အကြီးအကဲချွမ်၏ ယုံကြည်မှုရှိနေသော မျက်နှာထားမှာ ဆိုးရွားစွာ ပြောင်းလဲသွားလေသည်။

“နောက်ဆုတ်ကြ”

အကြီးအကဲချွမ်သည်သစ်ပင်တံတိုင်းအနီးရှိတပည့်များကိုအလျင်အမြန်လှမ်းပြောလိုက်သည်။

ဝုန်း…

သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ရတနာအနည်းငယ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အစိမ်းရောင်မီးလျှံ စပါးအုံးမြွေကြီးသည် သစ်ပင်တံတိုင်းကြီးကို ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

သို့သော် ၎င်းသည် ထိုနေရာ ၌ရပ်တန့်မသွားခဲ့ပေ။

ထိုအစား သစ်ပင်တံတိုင်းကြီးတစ်လျှောက် ဆက်လက် ထိုးဖောက်ဝင်ရောက်ကာ ကျွန်းကို အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဝိုင်းရံလိုက်သည်။

မကြာမီတွင် ၎င်းသည် သစ်ပင်တံတိုင်းကြီးတစ်ခုလုံးကို လှည့်ပတ်သွားပြီး တစ်စစီဖြစ်အောင် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်လေသည်။

ထို့အပြင် အစိမ်းရောင်မီးလျှံ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်မီးတောက်များ စတင်ပျံ့နှံ့လာကာ သစ်ပင်တံတိုင်းကို ပြန်လည်မရှင်သန်နိုင်အောင် တားဆီးလိုက်လေသည်။

“သစ်ပင်တံတိုင်းကြီး ကျိုးပျက်သွားပြီ။ ထိုးဖောက်ဝင်ရောက်ကြ။”

သစ်ပင်တံတိုင်းကြီး ကျိုးပျက်သွားသည်ကို မြင်လိုက်ရသောအခါ ထုံကန်းတစ်ယောက် မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။

ဝှစ်…

သင်္ဘောပေါ်ရှိ လူအားလုံးသည် အပြင်သို့ ခုန်ထွက်လာကြပြီး ကျွန်းဆီသို့ ပြေးဝင်သွားကြလေသည်။

“ပုန်ကန်တဲ့ သူတွေကိုပဲ သတ်။ အညံ့ခံတဲ့သူတွေကို မသတ်ကြနဲ့။”

ထုံကန်းကပြောလိုက်သည်။

“ဟုတ်ကဲ့”

သူ၏နောက်မှ တာအိုနယ်ပယ် သိုင်းပညာရှင်ရာကျော်မှ ပြန်လည် ဖြေကြားလိုက်ကြသည်။

ရွှီနင်နှင့်ဖုန်းချီတို့သည် ထုံကန်း၏နောက်မှ လိုက်ပါသွားကြသည်။

သူတို့အားလုံးသည် စစ်သင်္ဘောအမှတ်(၁၇)မှ ဖြစ်သောကြောင့် ထုံကန်းနှင့်အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရပေမည်။

တစ်ချိန်တည်းမှာပင် အခြားစစ်သင်္ဘောများပေါ်ရှိ စစ်သည်အားလုံးသည်လည်း ကျွန်းဆီသို့ အပြေးအလွှား သွားရောက်ကြလေသည်။

စစ်သည်များနှင့် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ မျိုးစေ့များ၏အမြင်တွင် ကျွန်းပေါ်ရှိ စန့်ယင်ဂိုဏ်းသားများသည် ရန်သူများသာမက သူတို့၏ ဂုဏ်ပြုမှတ်များ ရယူရန်အတွက် လက်မှတ်များလည်း ဖြစ်နေပေသည်။

“ဒုက္ခပါပဲ။ သစ်ပင်တံတိုင်းကြီး ကျိုးပျက်သွားပြီ။”

ဆူညံသံများကို ကြားလိုက်ရပြီးနောက် သခင်လျို၊ အစိမ်းရောင်ဝတ်ရုံရှင်နှင့် တာအိုနယ်ပယ် အဋ္ဌမအဆင့်တွင်ရှိသော စန့်ယင်ဂိုဏ်း၏ ထိပ်တန်းတာဝန်ခံအချို့မှာ အပြေးအလွှားထွက်လာကြသည်။

အင်ပါယာနန်းတော်မှ စစ်သည်များ ကျွန်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ တစ်ခုခုတော့ ဆိုးဆိုးရွားရွား မှားယွင်းနေပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြလေသည်။

“ငါတို့ ဒီစခန်းကို အဆုံးရှုံးခံလို့မဖြစ်ဘူး။ သူတို့ကိုမောင်းထုတ်ရမယ်။”

သခင်လျိုကဟိန်းဟောက်လိုက်သည်။

“တကယ်လို့ ဒီစခန်းသာ ကျရှုံးသွားရင် ဂိုဏ်းချုပ်ကြီး ပြန်ရောက်လာတဲ့အခါ ငါတို့ကို သေချာပေါက် အပြစ်တင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်သူမှ တာဝန်ယူမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

“အရင်ကစီစဉ်ထားတဲ့အတိုင်း မင်းတို့တစ်ယောက်ချင်းစီက ကိုယ့်တပည့်တွေကိုခေါ်ပြီး ကျူးကျော်လာတဲ့သူတွေကို သတ်ပစ်ကြ။ ပြီးတော့ ငါတို့မွေးမြူထားတဲ့ မျိုးရိုးဗီဇပြောင်း မိစ္ဆာသားရဲတွေ အားလုံးကိုလွှတ်ပေးပြီး ရန်သူတွေကို အတူတူတိုက်ခိုက်ကြ”

“ဟုတ်ကဲ့”

သူ၏ ပတ်ဝန်းကျင်ရှိ လူများသည်လည်း အခြေအနေမှာ အရေးကြီးနေမှန်း သိထားသဖြင့် အလျင်အမြန် ထွက်ခွာသွားကြလေသည်။

နှစ်ဖက်အဖွဲ့သည် တိုက်ပွဲဝင်နေကြပြီ ဖြစ်သည်။

စစ်သင်္ဘောအမှတ်(၁၇)မှ စစ်သည်များသည် ဆယ်ယောက်တစ်စု ခွဲထားကြသည်။ သူတို့သည် သိုင်းကွက်တစ်ခုကို ဖွဲ့စည်းကာ ဝင်ရောက်လာသော စန့်ယင်ဂိုဏ်းမှတပည့်များနှင့် ကြမ်းတမ်းသော မိစ္ဆာသားရဲများကို တိုက်ခိုက်ကြလေသည်။

‘ဘယ်လောက်တောင် အစွမ်းထက်တဲ့ ဖွဲ့စည်းပုံ သိုင်းကွက်ပါလိမ့်’

ရွှီနင်သည် သူ၏ရှေ့ရှိ ရန်သူများကို ဖြေရှင်းနေရင်း အင်ပါယာနန်းတော်မှ စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းအားကို လေ့လာ စောင့်ကြည့်နေလေသည်။

‘သူတို့ ဆယ်ယောက်တစ်ဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက်မှာ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တာအိုနယ်ပယ်သတ္တမအဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ ယှဉ်နိုင်နေပါလား။ ပြီးတော့ ဒီလူတွေထဲမှာ အသန်မာဆုံးသူက အမြုတေပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိသေးတာကို’

တာအိုနယ်ပယ်ရှိ ကွာဟချက်အား လူအင်အားဖြင့် အစားထိုးရန် ခက်ခဲလှပေသည်။

သို့သော် ယခုအခါ အင်ပါယာနန်းတော်မှ စစ်သည်များသည် သိုင်းကွက်တစ်ခုကို အသုံးပြုကာ သူတို့၏ မူလနည်းစနစ်များနှင့် တာအိုလက်နက်များကို ပေါင်းစပ်ခြင်းဖြင့် တိုက်ခိုက်ရေးစွမ်းအားကို ခုန်ပျံ ကျော်လွှားနိုင်ခဲ့ကြချေပြီ။

“သူတို့ကို သတ်ကြ။”

ထုံကန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေလေသည်။

သူသည် လက်အောက်ငယ်သား ရာကျော်နှင့်အတူ အရှေ့ဆုံးမှဦးဆောင်၍ လျှောက်သွားလိုက်သည်။

ဆယ်ယောက်ပါဝင်သော ဖွဲ့စည်းပုံတစ်ခုတွင် သူတို့သည် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရုံသာမက အခြားသောဖွဲ့စည်းပုံများနှင့်လည်း ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်ပေသည်။

သူတို့သည် သိုးအုပ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းလာသော ကျားရိုင်းတစ်ကောင်အလား စန့်ယင်ဂိုဏ်းမှ တပည့်များအတွက် ခုခံရန်နေရာပင်မရှိအောင် ဖြစ်စေလေသည်။

ရွှီနင်နှင့် ဖုန်းချီတို့အနေဖြင့်မူ သူတို့သည် ပိုမိုသန်မာကြသဖြင့် ရှေ့တန်းတပ်ဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကြသည်။ အကယ်၍ ရန်သူသည် ကိုင်တွယ်ဖြေရှင်းရန် အနည်းငယ်ခက်ခဲပါက သူတို့သည် ဝင်ရောက်ကူညီပေးကာ ရန်သူအား အလွယ်တကူ အနိုင်ယူလေသည်။

စစ်သင်္ဘောအမှတ်(၁၇)သာမက အခြားသင်္ဘောများပေါ်ရှိ စစ်သည်များသည်လည်း ဤကဲ့သို့သော ရှေ့တန်းတပ်ဖွဲ့စနစ်ကို ဖွဲ့စည်းထားကြသည်။ စန့်ယင်ဂိုဏ်းမှ တပည့်များဖြစ်စေ၊ မိစ္ဆာသားရဲများဖြစ်စေ သူတို့၏ ကျူးကျော်ဝင်ရောက်မှုအား မည်သူမျှမခုခံနိုင်ကြပေ။

“ပြီးသွားပြီ၊ အကုန်ပြီးသွားပြီ”

နောက်ဆုံးတွင် သခင်လျိုသည် ဤကိစ္စရပ်၏ ပြင်းထန်မှုကို သဘောပေါက်သွားတော့သည်။

စန့်ယင်ဂိုဏ်းသည် အင်ပါယာနန်းတော်၏ ကျူးကျော်မှုကို ရှင်သန်ကျော်လွှားနိုင်လိမ့်မည်ဟု သူထင်မှတ်ထားခဲ့လေသည်။

သို့သော် ယခုအခါတွင်မူ သူတို့သည် အင်ပါယာနန်းတော်၏ ပြိုင်ဘက်မဟုတ်ကြောင်း ထင်ရှားနေလေပြီ။

တပ်စခန်းကြီး ဖျက်ဆီးခံရရန် အချိန်တစ်ခုသာလိုတော့သည်။

သူတို့သည် အင်ပါယာနန်းတော်၏ စွမ်းအားကို လျှော့တွက်မိခဲ့ကြလေသည်။

ယခင်က ဝမ်ရှန့်ပြည်နယ်တွင် ပြဿနာအချို့အား ဖန်တီးနိုင်ခဲ့ခြင်းမှာ အင်ပါယာနန်းတော်သည် သူတို့အား အလေးအနက်ထား ဖြေရှင်းရန် ဆုံးဖြတ်ချက်မချရသေးသောကြောင့်ဖြစ်သည်။

“လျိုချိ”

သခင်လျို၏ရှေ့တွင် လူရိပ်တစ်ခုပေါ်လာလေသည်။ ၎င်းမှာ ရွှီချန်ပင်ဖြစ်လေသည်။

“ရွှီချန်”

လျိုချိသည် ရွှီချန်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်သွားလေသည်။

စန့်ယင်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်သုံးဦးထဲမှ တစ်ဦးဖြစ်သူ လျိုချိသည် ရွှီချန်ကို ကောင်းစွာသိရှိပေသည်။

“စန့်ယင်ဂိုဏ်းကို အညံ့ခံခိုင်းလိုက်စမ်း။ ဒါဆိုရင် မင်းရဲ့ တပည့်တွေ အသက်ရှင်ဖို့ အခွင့်အရေးရလိမ့်မယ်။”

ရွှီချန်ကဆက်ပြောသည်။

“မင်းက ဒီတိုက်ပွဲရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်မယ်လို့ ထင်နေတုန်းပဲလား”

လျိုချိက ဤစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်သည်။

“အညံ့ခံရမယ်။ အိပ်မက်သာ မက်နေလိုက်။”

လျိုချိသည် ထိပ်တန်းအဆင့် လျှို့ဝှက်ရတနာတစ်ခုကို ကိုင်ဆောင်ကာ သူ၏အသက်ကိုရင်း၍ ရွှီချန်အား တိုက်ခိုက်လိုက်လေတော့သည်။

ရွှီချန်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယနေ့ကိစ္စမှာ အေးချမ်းစွာ ပြီးဆုံးမည်မဟုတ်ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် ရွှီချန်သည် လျိုချိနှင့် စတင်တိုက်ခိုက်လေတော့သည်။

“ညီလေးရွှီ၊ တော်တော်အထင်ကြီးစရာပဲကွာ။”

စစ်သင်္ဘောအမှတ်(၁၇)၏ ဖွဲ့စည်းပုံအတွင်းမှနေ၍ ထုံကန်းသည် ရွှီနင်အား ချီးကျူးလိုက်သည်။

ယခုလေးတင် တာအိုနယ်ပယ် အဋ္ဌမအဆင့် သိုင်းပညာရှင်တစ်ဦးသည် စစ်သင်္ဘောအမှတ်(၁၇)၏ ဖွဲ့စည်းပုံသိုင်းကွက်ကို ဖျက်ဆီးလုနီးပါး ဖြစ်နေခဲ့သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ထုံကန်းသည် အန္တရာယ်ရှိကြောင်း သဘောပေါက်သွားပြီး ဖွဲ့စည်းပုံကို ဖျက်သိမ်းရန် ပြင်လိုက်လေသည်။

သို့သော် ထိုအခိုက်အတန့်လေးမှာပင် ရွှီနင်၏နောက်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ဟင်းလင်းပြင်ပုံပျက်သွားမှုနှင့် သူ၏လျှို့ဝှက်ရတနာမှ ထိုးဖောက်တိုက်ခိုက်မှုသည် မူလအချိတ်အဆက်နယ်ပယ်မှ သိုင်းပညာရှင်ကို ချက်ချင်း သေဆုံးသွားစေခဲ့သည်။

မိမိနယ်ပယ်ထက် မြင့်မားသော ရန်သူများကို သတ်ဖြတ်ရသည်မှာ ရွှီနင်အတွက် အလွန်လွယ်ကူနေသဖြင့် ထုံကန်းတစ်ယောက် အလွန်အမင်း အံ့အားသင့်သွားရတော့သည်။

အခန်း (၃၁၀) - အလုံးစုံ သုတ်သင်ချေမှုန်းခြင်း

‘ရွှီနင်က တကယ်ကို အံ့မခန်းပါလား...’

ဖုန်းချီသည်လည်း ယခုလေးတင် ရွှီနင်၏ စွမ်းအားများကို မြင်တွေ့ခဲ့ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားမိလေသည်။

ရွှီနင်နှင့် သူ တစ်လှေတည်းတွင် စီးခွင့်ရကြောင်း ဖုန်းချီ ပထမဆုံး သိလိုက်ရချိန်တွင် ရွှီနင်နှင့် ယှဉ်ပြိုင်ကြည့်လိုသော အတွေးအချို့ ရှိခဲ့ဖူးလေသည်။

သို့သော် သူတို့ အတူသွားလာရင်းဖြင့် ဖုန်းချီမှာ သူသည် ရွှီနင်နှင့် အဆင့်တူမနေကြောင်းကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

ရွှီနင်၏ “အထွတ်အထိပ်” အကဲဖြတ်မှုမှာ အလွန်ပင် တိကျမှန်ကန်လှပေသည်။

ပင်လယ်နီမိစ္ဆာဂိုဏ်းတစ်ခုလုံးတွင် ရွှီနင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသူဟူ၍ သွမ့်ချောင်မြန်နှင့် ယွိချောင့်တို့သာ ရှိလေသည်။

ထိုအချက်ကို တွေးမိသောအခါ ဖုန်းချီတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။

သူ၏ ပါရမီမှာလည်း ထိပ်တန်းအဆင့်ဖြစ်ပြီး ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အဓိကမျိုးစေ့တစ်ဦး ဖြစ်သော်လည်း ရွှီနင်၊ ယွိချောင့်နှင့် သွမ့်ချောင်မြန်တို့နှင့် ယှဉ်လိုက်ပါက များစွာ အလှမ်းကွာဝေးနေဆဲ ဖြစ်လေသည်။

အင်ပါယာနန်းတော် တပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်မှုမှာ ဆက်လက် ဖြစ်ပွားနေသည်။

စန့်ယင်ဂိုဏ်း၏ အရေးနိမ့်မှုမှာ နောက်ကြောင်းပြန်လှည့်၍ မရနိုင်တော့ချေ။

စန့်ယင်ဂိုဏ်း၏ တပည့်များအား အင်ပါယာနန်းတော်၏ စစ်သည်များမှ နှိမ်နင်းခဲ့ပြီး တာဝန်ခံများကိုမူ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အဓိကမျိုးစေ့များက ချေမှုန်းနေကြကာ ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာလည်း ရွှီချန်အပြင် အခြားသော ဒုဗိုလ်ချုပ်ကြီးများ၏ တိုက်ခိုက်ခြင်းကို ခံနေကြရသည်။

သူတို့အားလုံး သုတ်သင်ခံရမည့် အချိန်မှာ မကြာတော့ပေ။

“ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး”

ဒုဂိုဏ်းချုပ်လျို၏ ဘေးရှိ အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသောလူနှင့် ပန်းရောင်ဝတ်စုံနှင့် အကြီးအကဲချွမ်တို့သည် ဒုဗိုလ်ချုပ်ကြီး လေးဦး၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေကြရသည်။

သူတို့နှစ်ဦးမှာ ဒုဗိုလ်ချုပ်ကြီး လေးဦး၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်စွမ်း မရှိတော့ချေ။

သူတို့၏ ဝှက်ဖဲများကို ထုတ်သုံးကာ အလားအလာများကို စုပ်ယူနိုင်စွမ်းရှိသည့် ဆေးပြားများကို မျိုချခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းကို တာအိုနယ်ပယ် အဆင့်ကိုးနီးပါးအထိ တွန်းတင်ခဲ့သော်ငြားလည်း ပြန်လည်ခုခံရန် အားနည်းနေဆဲပင် ဖြစ်သည်။

“အင်ပါယာနန်းတော်ကို အညံ့ခံဖို့ ငါ သဘောတူတယ်”

အစိမ်းရောင်ဝတ်ရုံနှင့် လူက ပြန်လည်ခုခံခြင်းကို စွန့်လွှတ်လိုက်လေသည်။

“သစ္စာဖောက်ကောင်”

အကြီးအကဲချွမ်မှာ ဒေါသတကြီး ဖြစ်နေသည်။

“ဂိုဏ်းချုပ်ကြီး ပြန်လာတဲ့အခါ နင့်ကို သေချာပေါက် သတ်လိမ့်မယ်”

“အညံ့ခံတဲ့သူတွေကို ငါတို့ မသတ်ဘူး”

အစိမ်းရောင်ဝတ်ရုံနှင့်လူ အညံ့ခံလိုက်ပြီးနောက် ဒုဗိုလ်ချုပ်ကြီးတစ်ဦးသည် သူ့အား လျှို့ဝှက်ရတနာ ဟင်းလင်းပြင်ထဲသို့ ထည့်သွင်းလိုက်သည်။

ဤနည်းဖြင့် အစိမ်းရောင်ဝတ်ရုံနှင့်လူ၏ အသက်မှာ အခြားသူများ၏ လက်ထဲသို့ အပြည့်အဝ ကျရောက်သွားတော့သည်။

‘ရွေးချယ်စရာ မရှိတော့ဘူး... ပြေးဖို့အချိန်တန်ပြီ’

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကဲချွမ်သည် ဟင်းလင်းပြင်ကျောက်တုံးကို အလျင်အမြန် ချေမွလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။

သို့သော် ဒုဗိုလ်ချုပ်ကြီး လေးဦးမှာ လုံးဝ ထိတ်လန့်သွားခြင်း မရှိပေ။

“သူ့နောက်ကို ငါ လိုက်သွားမယ်”

စကားပြောလိုက်သူမှာ ဒုဗိုလ်ချုပ်ကြီးကူပင် ဖြစ်သည်။

သူ၏လက်ထဲတွင် ဟင်းလင်းပြင်အတက်အကျများကို အာရုံခံနိုင်စွမ်းရှိသည့် လျှို့ဝှက်ရတနာတစ်ခု ရှိနေလေသည်။

အကြီးအကဲချွမ်အနေဖြင့် ဟင်းလင်းပြင်ကျောက်တုံးကို အသုံးပြုခဲ့လျှင်ပင် လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် သူတို့သည် ဟင်းလင်းပြင်အား အနှောင့်အယှက်ဖြစ်စေမည့် နည်းစနစ်တစ်ခုကို အသုံးပြုထားခဲ့သဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနိုင်မည့် အကွာအဝေးမှာလည်း လျော့ကျသွားမည် ဖြစ်သည်။

‘စွမ်းအားကြီးလွန်းတဲ့ နှောင့်ယှက်မှုနည်းစနစ်ကြီးပါလား’

အခြားတစ်ဖက်တွင်မူ အကြီးအကဲချွမ်သည် ဟင်းလင်းပြင်ထဲမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်ပိတ်ဆို့ခြင်း နည်းစနစ်၏ အနှောင့်အယှက်များကြောင့် ဟင်းလင်းပြင်ကျောက်တုံးအား အသုံးပြုခဲ့သော်လည်း ကျွန်းပေါ်မှ လွတ်မြောက်သွားနိုင်ခြင်း မရှိပေ။

အကြီးအကဲချွမ်သည် နောက်ထပ် ဟင်းလင်းပြင်ကျောက်တုံးတစ်တုံးအား ချေမွရန် ပြင်လိုက်စဉ်မှာပင် သူမရှေ့၌ လူရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုသူမှာ ဒုဗိုလ်ချုပ်ကြီးကူ မဟုတ်ဘဲ ရွှီနင် ဖြစ်နေလေသည်။

အင်ပါယာနန်းတော်၏ စစ်ရေးအင်အားမှာ ကျော်လွှားနိုင်ဖွယ်ရာ မရှိပေ။

စန့်ယင်ဂိုဏ်း၏ အင်အားစုများမှာ အသတ်ခံရခြင်း သို့မဟုတ် အဖမ်းခံရခြင်းများသာ ကြုံတွေ့နေရသဖြင့် ရွှီနင်သည် တပ်ဖွဲ့မှ ထွက်ခွာလာကာ တစ်ကိုယ်တော် လှုပ်ရှားရန် အသင့်ပြင်ထားလိုက်သည်။

သူသည် လူအနည်းငယ်ကို ထပ်မံဖမ်းဆီး၍ သူ၏ကိုယ်ပိုင် စွမ်းဆောင်မှုအချို့ကို ရယူလိုခြင်း ဖြစ်သည်။

သူ ဤနေရာသို့ ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်အတက်အကျကို သတိပြုမိလိုက်ပြီးနောက် အကြီးအကဲချွမ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ရွှီနင်သည် သူမကို ချက်ချင်း မှတ်မိလိုက်သည်။ သူမသည် သစ်ပင်တံတိုင်းကြီး မကျိုးပေါက်ခင်က ဒုဗိုလ်ချုပ်ကြီးကူနှင့် ရင်ဆိုင်ခဲ့သူ ဖြစ်လေသည်။

‘သာမန် မူလအစနယ်ပယ် သိုင်းပညာရှင်လေးကများ ငါ့ကို တားချင်နေတာလား’

အကြီးအကဲချွမ်သည် ဒေါသထွက်နေခဲ့ပြီး ယခုအခါ အရေးမပါသော စစ်သည်တစ်ဦးမှာ သူမ၏လမ်းအား ပိတ်ဆို့နေသည်ကို မြင်လိုက်ရသဖြင့် ရွှီနင်အား တစ်ချက်တည်းနှင့် အသေသတ်မည့် အတွေးက သူမ၏စိတ်ထဲ၌ ပေါ်ပေါက်လာလေသည်။

ထို့နောက် သူမ၏နောက်ကျောတွင် ဧရာမဓားအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူမသည် မူလနည်းစနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။

“ပုံရိပ်ယောင်သားရဲအရိပ်... ညအမှောင်ဖန်ဆင်းသူ”

အကြီးအကဲချွမ် မူလနည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီနင်၏ နောက်ကျောတွင် ညသားရဲအရိပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

အကြီးအကဲချွမ်၏ ဟင်းလင်းပြင်ဓားကြီးက သူ့ထံသို့ ထိုးဖောက်ဝင်ရောက်လာချိန်မှာပင် သူမ၏ အမြင်အာရုံများမှာလည်း အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဒိုင်း...

ဟင်းလင်းပြင်ဓားကြီးက ရွှီနင်အား ထိုးစိုက်လုနီးပါးအချိန်တွင် ရွှီနင်၏ လျှို့ဝှက်ရတနာဖြစ်သော မှော်ဝင်နှလုံးသားသံချပ်ကာမှာ ရုတ်တရက် ပေါ်ထွက်လာပြီး ဓားကြီး၏အရိပ်ကို ကာကွယ်ပေးလိုက်လေသည်။

‘ဒီမှော်ဝင်နှလုံးသားသံချပ်ကာက တော်တော်လေး စွမ်းအားကြီးတာပဲ’

ဤလျှို့ဝှက်ရတနာမှာ သာမန်မဟုတ်ကြောင်း ရွှီနင် သိထားသော်လည်း တာအိုနယ်ပယ် အဆင့်ကိုးနီးပါးရှိသော တိုက်ခိုက်မှုကြီးကို ရင်ဆိုင်ရာတွင် အကောင်းပကတိအတိုင်း ရှိနေသေးပေသည်။ ဤသည်မှာ ရွှီနင် မျှော်လင့်ထားသည်ထက် ပိုမိုသာလွန်နေလေသည်။

မှော်ဝင်နှလုံးသားသံချပ်ကာ၏ စွမ်းအားကို ခေတ္တမျှ သဘောကျသွားပြီးနောက် ရွှီနင်သည်လည်း စတင် တိုက်ခိုက်တော့သည်။

အကြီးအကဲချွမ်၏ အာရုံခံနိုင်စွမ်းမှာ ယာယီ ဖယ်ရှားခံထားရသဖြင့် ရွှီနင်သည် သူမအား တစ်ချက်တည်းဖြင့် သတိလစ်သွားစေခဲ့သည်။

ထိုသို့ဖြင့် အကြီးအကဲချွမ်သည် ရွှီနင်၏ အလွယ်တကူ ဖမ်းဆီးခြင်းကို ခံလိုက်ရလေတော့သည်။

“ဟင်...”

ရွှီနင် အကြီးအကဲချွမ်ကို ဖမ်းဆီးလိုက်သည်နှင့် တစ်ပြိုင်နက် ဒုဗိုလ်ချုပ်ကြီးကူသည်လည်း အပြေးအလွှား ရောက်ရှိလာသည်။

“မင်း သူ့ကို ဖမ်းလိုက်တာလား”

ဒုဗိုလ်ချုပ်ကြီးကူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။

ရွှီနင်၏ အကြောင်းကို သူ သိထားလေသည်။ ရွှီနင်နှင့် ယွိချောင့်တို့သည် လမ်းခရီးတွင် ရန်သူဘက်မှ သားရဲထိန်းချုပ်သူများကို ဖမ်းဆီးခဲ့ပြီး ဗဟိုစစ်သင်္ဘောထံသို့ ပို့ဆောင်ခဲ့ဖူးလေသည်။

“ဟုတ်ပါတယ်... ဒုဗိုလ်ချုပ်ကြီးကူ”

ရွှီနင်က ပြန်ဖြေလိုက်သည်။

“သူက စန့်ယင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပဲ၊ မင်းက ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့တာပဲ”

ဒုဗိုလ်ချုပ်ကြီးကူက ပြောလိုက်သည်။

ရွှီနင် ပြုံးလိုက်ပြီး အကြီးအကဲချွမ်ကို ဒုဗိုလ်ချုပ်ကြီးကူထံ လွှဲပြောင်းပေးလိုက်သည်။

“မင်းရဲ့စွမ်းဆောင်ချက်တွေကို ဗိုလ်ချုပ်ကြီးရွှီဆီကို ငါ သတင်းပို့ပေးပါ့မယ်”

ဒုဗိုလ်ချုပ်ကြီးကူသည် အကြီးအကဲချွမ်အား လွှဲယူလိုက်ပြီး ဟင်းလင်းပြင်ရတနာတစ်ခုအတွင်းသို့ အကျဉ်းချလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး ပြန်လည် လမ်းခွဲခဲ့ကြပြီး ကျွန်းပေါ်ရှိ အရှုပ်အထွေးများကို ရှင်းလင်းလိုက်ကြလေသည်။

‘မူလအစနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က ဒီလောက် မြင့်မားတဲ့ တိုက်ခိုက်နိုင်စွမ်း ရှိနေတာဆိုတော့ ပင်လယ်နီမိစ္ဆာဂိုဏ်းက တကယ်ကို အစွမ်းထက်တာပဲ’

ဒုဗိုလ်ချုပ်ကြီးကူသည် လမ်းခွဲပြီးနောက် သက်ပြင်းချလိုက်မိသည်။

“လျိုချိ... စန့်ယင်ဂိုဏ်းရဲ့ ဂိုဏ်းစခန်းကို လုံးဝ သိမ်းပိုက်လိုက်ပြီပဲ။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ အညံ့သာ ခံလိုက်ပါတော့”

ရွှီချန်သည် လျိုချိကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

လျိုချိ သက်ပြင်းချလိုက်သည်။

နောက်ဆုံးရလဒ်မှာ အတည်ပြုပြီးဖြစ်ကာ နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။

“ငါ မင်းတို့ကို အထင်သေးမိသွားတာပဲ...”

လျိုချိ၏ မျက်လုံးများထဲတွင် အထီးကျန်ဆန်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီးနောက် ရူးသွပ်မှုများက အလုံးစုံ နေရာယူသွားလေသည်။

သူသာ အညံ့ခံလိုက်လျှင်လည်း သေချာပေါက် သေရမည်ကို လျိုချိ သိထားလေသည်။

“ဟား...”

လျိုချိသည် ရုတ်တရက် သွေးရောင်ဆေးပြား အများအပြားကို သူ၏ပါးစပ်ထဲသို့ သွတ်သွင်းလိုက်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်များမှာ စတင် ဆူပွက်လာတော့သည်။

သူ၏ ခွန်အားများမှာ လျင်မြန်စွာ မြင့်တက်လာပြီး များမကြာမီမှာပင် တာအိုနယ်ပယ် အဆင့်ကိုး၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

“ရွှီချန်... အတူတူ သေကြတာပေါ့”

လျိုချိသည် တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေလျက် ရွှီချန်ရှိရာသို့ ပြေးဝင်လာလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှီချန် မျက်မှောင်ကြုံ့လိုက်မိသည်။

သူသည် မသိစိတ်အရ ဟင်းလင်းပြင်ကျောက်တုံးကို ချေမွကာ ထွက်ပြေးလိုခဲ့သော်လည်း သူ့ပတ်လည်ရှိ ဟင်းလင်းပြင်မှာ လုံးဝ ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရသည်။

အခြေအနေမှာ အန္တရာယ်များနေသော်ငြား ရွှီချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။

ဒုန်း…

လျိုချိ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုမှာ ရွှီချန်ထံသို့ ကျရောက်သွားလေသည်။

သို့သော် ရွှီချန်၏ ခန္ဓာကိုယ်ပေါ်တွင် သိမ်မွေ့သော အဖြူရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုရူးသွပ်ဖွယ် တိုက်ခိုက်မှု၏ ရိုက်ခတ်အားကို အပြည့်အဝ စုပ်ယူသွားလေသည်။

“ဒါက တာအိုနယ်ပယ်ထက် မြင့်တဲ့ နည်းစနစ်ပဲ”

လျိုချိ၏ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ သူ၏ အသက်စွမ်းအင်များမှာလည်း လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်နေလေပြီ။

“ဒါက ငါ့ဆရာသခင် ငါ့ကို ပေးသနားထားတဲ့ အသက်ကယ်နည်းစနစ်ပဲ”

ရွှီချန်သည် လျိုချိအား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“နှမြောစရာပဲ...”

လျိုချိ သက်ပြင်းချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ လဲကျသွားပြီး အသက်ဝိညာဉ် ချုပ်ငြိမ်းသွားတော့သည်။

“ငါ သူ့ကို အရှင် မဖမ်းနိုင်ခဲ့ဘူးပဲ...”

ရွှီချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ဒါက ကောင်းတဲ့ရလဒ်ပါပဲလေ။ ဒီကျူးကျော်မှုရဲ့ ထိခိုက်သေဆုံးမှုတွေက မျှော်လင့်ထားတဲ့ အတွင်းထဲမှာပဲ ရှိနေသေးတယ်။ ဝမ်ရှန့်ပြည်နယ်ကို ပြန်ရောက်တဲ့အခါ ဆရာသခင်ဆီကို ငါ သတင်းပို့ရမယ်...”

သွမ့်ဟွေးယွဲ့သည် ရွှီချန်၏ ဆရာဖြစ်ကြောင်း တစ်ကြိမ်တစ်ခါမျှ ဝန်မခံခဲ့ဖူးသော်လည်း ရွှီချန်ကမူ သူ့ကိုယ်သူ သွမ့်ဟွေးယွဲ့၏ တပည့်တစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူထားခဲ့လေသည်။

လျိုချိ သေဆုံးသွားခြင်းက အင်ပါယာနန်းတော်မှ ဤနေရာရှိ စန့်ယင်ဂိုဏ်း၏ ဂိုဏ်းစခန်းကို အလုံးစုံ ဖျက်ဆီးပစ်နိုင်ခဲ့ပြီဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်နေပေသည်။

All Chapters