အဲ့ဒီ့တော့ ငါတို့က ကမ္ဘာကြီးကို ကာကွယ်ဖို့ တကယ်လိုသလား
Vol. 25 Ch. 345
သူ့၏ ပုံရိပ်ကို အဖက်ဆယ်ရန်အတွက် ထန်ရှီမန်က နောက်ဆုံးတွင်တော့ သူ့၏ နဂါးမျိုးနွယ်စု စမ်းသပ်မှုတွင် ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို ရှင်းပြရန် အခွင့်အရေး နောက်ဆုံးတော့ ရလာခဲ့ပါသည်။
လူတိုင်းက သူရှင်းပြသည်ကို သေချာနားထောင်ပြီး ခေါင်းငြိမ့်လာကြတော့သည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့်မသိရပဲ သူတို့မျက်လုံးထဲရှိ သနားသည့် အကြည့်များမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
သောက်ကျိူးနည်း။ သူတို့က ငါ လုပ်ဇာတ်ခင်းနေတယ်လို့ ထင်နေကြတာလား။
ထန်ရှီမန်က အုတ်ခဲနက်ပေါ်တွင် လှဲနေရင်း အလွန်ဝမ်းနည်းသော ခံစားချက်က နှလုံးသားထဲထိတိုးဝင် လာပါတော့သည်။
“စီနီယာ ဇီယန်၊ အခုကစပြီး စီနီယာထန်ကို ကာကွယ်ဖို့ တာဝန်ယူရမယ်။” အန်လင်းက တည်ငြိမ်စွာပြောလာ၏။
အသင်း၏ ကင်းထောက် ဖြစ်လာပြီးနောက် တိုက်ပွဲနတ်ဘုရား ဇီယန်သည် ယခုတွင်တော့ ထန်ရှီမန်၏ 'ဖေဖေ'လည်းဖြစ်လာလေတော့သည်။
သနားစရာ တိုက်ပွဲနတ်ဘုရား ဇီယန်မှာ စကားပြောရန် အခွင့်အရေးမရခဲ့ပါ။ သူက ထိုတာဝန်ကို နာနာခံခံလက်ခံရန်သာ တတ်နိုင်ပါတော့၏...။
ခဏလောက်နားပြီးနောက် သူတို့က ဆက်လက်ခရီးဆက်လာတော့သည်။
သူတို့က လေးလံသည့် ကျောက်တံခါးကြီးကို တွန်းဖွင့်ကာ တဖြည်းဖြည်းချင်း ကျယ်သွားသော အနက်ရောင် လှိုင်ခေါင်းတစ်ခုကို တွေ့လိုက်၏။
ထိုလမ်းကျဉ်းလေးမှဖြတ်လာရင်း အန္တရာယ်နှင့် ပရမ်းပတာ အငွေ့အသက်များကို ခံစားရ၏။
အန်လင်းက မျက်မှောင်ကြုတ်လိုက်၏။ ဤ ပတ်ဝန်းကျင်နှင့် ပတ်သတ်၍ ရင်းနှီးသော အန္တ ာယ် အငွေ့အသက်များ ရ၏။
အနက်ရောင် လှိုင်ခေါင်းကို ဖြတ်သွားပြီးသောအခါ သူတို့က ပျက်စီးနေသော ကုန်းမြေကျယ်ကြီး ဆီသို့ရောက်လာ၏။
မှန်ပါ၏။ ဤကုန်းမြေက ပျက်စီးနေကာ ဖျက်ဆီးခြင်းဆီသို့ ဦးတည်သွားနေတာဖြစ်သည်။ ကြေမွနေသော ကုန်းမြေပေါ်၌ မြက်တစ်ပင်တောင် မပေါက်ပါချေ။ ထို့ပြင် ကုန်းမြေပေါ်မှ ကျောက်တုံးများသည်လည်း ကျိုးပဲ့ကာ ဆွေးမြေ့နေပေ၏။ လေထုမှာလဲ နေရခက်လွန်းကာ ထိုသည်မှာ ဤနယ်မြေကြီးတစ်ခုလုံးက ဗလာအဖြစ်သို့ အစိတ်စိတ်အမြွှာမြွှာကွဲကျေတော့မည့် သကဲ့သို့ပင်။
“နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စုဆယ်ခုက တိုင်းတစ်ပါး နယ်ပယ် ထဲသို့ရောက်ရှိလာပြီဖြစ်သည်။ ကျေးဇူးပြုပြီး တိုင်းတပါး မျိုးနွယ်စုအားလုံးကို အမြစ်ပြတ်ချေမှုန်းပါ။ ခက်ခဲမှု : ငရဲနည်းလမ်း”
ကောင်းကင်မှ ဆင်းသက်လာသော အသံသည် အားလုံးကို ကြောင်အသွားစေ၏။
“ဟင်... အဲ့ဒီ့ကြေညာချက်က ဘာလို့ ငါတို့က နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စုဆယ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဆိုတဲ့ ပုံပေါက်နေရတာလဲ။” ရွှမ်ယွမ်ချန်က အနည်းငယ် တုံ့ဆိုင်းသွားတော့သည်။
“ငါထင်တာတော့ ငါတို့က သူတို့ရဲ့အမွေကို ဆက်ခံလိုက်တာမို့ သူ့တို့ထဲကလို့ မှတ်ယူခြင်းခံလိုက်ရတာထင်တယ်...။” အန်လင်းသည်လည်း အနည်းငယ် ပြောစကားမဲ့နေလေတော့သည်။
“ဟဟ... အဲ့တာက cosplayလုပ်သလိုပဲလား။ စိတ်ဝင်စားစရာပဲ။ အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်...။” လျှိုချင်ဟွမ်က စိတ်လှုပ်ရှားနေပုံပေါ်၏။
သူတို့သည် ယခုတွင် နယ်မြေစောင့်ရှောက်သူ မျိုးနွယ်စု ဆယ်ခု၏ အဖွဲ့ဝင်များဖြစ်လာသည်မှာ ရှင်းလင်းလှပေသည်။ ထို့ကြောင့်ပင် သူတို့က ဤကမ္ဘာမြေကြီးကို ကာကွယ်ကာ တိုင်းတစ်ပါး မျိုးနွယ်စု၏ အဖွဲ့ဝင်များအားလုံးကို သုတ်သင်ရှင်းလင်းရန် တာဝန်ပေးခြင်းခံရသည် ဖြစ်၏။
“ပြောကြစမ်း။ ဒါက တကယ်ပဲ အဓိက အချက်လား။ မင်းတို့ကောင်တွေက ငါတို့ ငရဲနည်းလမ်းကို သတ်မှတ်ခံလိုက်ရတယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုနေကြတာလား။” စကားပြောရင်းပင် ထျန်းလင်းလင်း၏ နူးညံ့သော မျက်နှာလေးက ကြောက်လန့်တကြား ဖြူဖျော့နေတော့သည်။
“အို...” ရုတ်တရက် သတိရလာသကဲ့သို့ အန်လင်းက သူ့ဘေးရှိ သက်လတ်ပိုင်းအမျိုးသားဆီသို့ ဥိးတည်ကာ “စီနီယာ ဇီယန် ထန်ရှီမန်အပြင် အစ်ကိုက ထျန်းလင်းလင်းရဲ့ လုံခြုံမှုအတွက်လဲ တာဝန်ရှိတယ်နော်။”
တိုက်ပွဲနတ်ဘုရား ဇီယန် : “... “
ထျန်းလင်းလင်း : “...”
ဘုန်း...
ထိုအခိုက်မှာပင် မြေကြီးက ရုတ်တရက်ကြီး အက်ကွဲလာပြီး ဟက်တက်ကွဲကာ မှောင်ပိန်းနေသော တွင်းကြီးကို ဖော်ကြလာတော့သည်။
အန်လင်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် မိစ္ဆာရှင်းဓားကို တင်းတင်းဆုတ်ကိုင်ကာ အနက်ရောင်တွင်းကြီးကို စိုက်ကြည့်လိုက်၏။
ထို့နောက် အလွန်အမင်း အန္တရာယ်များသော အရှိန်အဝါက တွင်းကြီးထဲမှ ထိုးထွက်လာတော့သည်။ ထိုသည်မှာ ဖရိုဖရဲ၊ ပုံပျက်ပန်းပျက်၊ ကို့ယို့ကားယားနှင့် ကြောက်မက်ဖွယ်ပင်...။ အသူတစ်ရာချောက်နက်ထဲကြီးထဲသို့ ဆွဲချရန် ကြိုးပမ်းနေသော စက်လက်မကြီး သကဲ့သို့ မကောင်းသည့် အငွေ့အသက်အမြောက်အများက ပတ်ဝန်းကျင်ဆီသို့ ထိုးထွက်လာတော့သည်။
ရုတ်ချည်းပင် ထို တွင်းနက်ကြီးထဲမှ ပုံရိပ်သုံးခုက ထွက်လာလေ၏။ ထိုသတ္တဝါကြီးများက ပုံပျက်နေသော အနက်ရောင်ထုကြီးမှ ခွဲခြား၍ မရနိုင်သော်လည်း သူတို့က ရုပ်ဝတ္ထုရှိကာ ထိတွေ့၍ ရနိုင်သည့်ပုံပေါ်၏။
သူတို့၏ ကြက်သွေးရောင် မျက်လုံးများက ကသုတ်ကရက် လှည့်ပတ်နေကာ ကြမ်းတမ်းပြီး စိတ်မမှန်သည့်ပုံပေါ်နေစေသည်။
အန်လင်းက သူတို့ကို မြင်လိုက်သည်နှင့် မည်သည့် သတ္တဝါများဖြစ်သည်ကို သဘောပေါက်သွား၏။ နိမိတ်ဆိုး မာရ်နတ်များ...
ထိုသည်များက သာမန် နိမိတ်ဆိုး မာရ်နတ်များ မဟုတ်ပါချေ။ ထိုသည်တို့က အဆင့်မြင့် နိမိတ်ဆိုး မာရ်နတ်များပင်။ ထိုသည်များမှာ နတ်ဆိုးအသူတရာချောက်နက်ထဲတွင် သူတို့တွေ့ခဲ့ရသော ဒဏ္ဍာရီလာ နိမိတ်ဆိုး မာရ်နတ်များကဲ့သို့ပင် ဤ နိမိတ်ဆိုး မာရ်နတ်များမှာ အလွန်ဒြပ်ထု ပေါ်လွင်လှသည်။ သူတို့၏ ကိုယ်များမှ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များ ထွက်နေပေ၏။
“ဂရုစိုက်ကြ ဟေ့ကောင်တွေ။” အန်လင်းက အော်ဟစ်သတိပေးလိုက်၏။ “အဲ့အမဲကောင်တွေဆီက အထိုးမခံရအောင် သတိထားကြ။ အဲ့အမဲကောင်တွေက တစ်စုံတစ်ဦးရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်တယ်။”
သူက ထိုအကောင်တစ်ကောင်၏ အထိုးခံရပြီး အသိစိတ်ကင်းမဲ့နေသော နိမိတ်ဆိုး မာရ်နတ်အဖြစ် ပြောင်းသွားလုဆဲဆဲဖြစ်သွားသည်ကို သတိရသေး၏။
ကံကောင်းလှစွာပင် ထိုအချိန်က ရှောင်ဟုန်လည်း ထိုနေရာတွင် ရှိနေသောကြောင့် သူမ၏ အလင်းစွမ်းအင်ကို အသုံးပြု၍ ကုသပေးခဲ့ခြင်းပင်။ သို့မဟုတ်ပါက သူက ပျက်ဆီးသွားကာ အသိစိတ်မဲ့ နိမိတ်ဆိုးမာရ်နတ် အဖြစ်ပြောင်းသွားမည့် ဖြစ်နိုင်ချေ အလွန်များလေသည်။
သူက သတိပေးချက်ကို အော်ပြောနေစဉ်မှာပင် နိမိတ်ဆိုး မာရ်နတ် သုံးကောင်က အနက်ရောင် အလင်းတန်းများ ဖြစ်လာတော့သည်။
ထိုအထဲမှ တစ်ကောင်က အန်လင်းဆီသို့ ဦးတည်ပြေးလာတော့သည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုနိမိတ်ဆိုးမာရ်နတ်၏ နက်မှောင်ပြီး ပုံသဏ္ဍာန်မဲ့ မျက်နှာပေါ်တွင် ထူးခြား ဆန်းပြားသော အပြုံးကြီး ပေါ်လာတော့သည်။
အန်လင်း၏ အမူအရာမှာ မပြောင်းလဲပါပေ။ လျှပ်စီးကြောင်းကြီး တစ်ခုကဲ့သို့ သူ့၏ မိစ္ဆာရှင်းဓားကို ကြီးမားသော လခြမ်းကွေးသဏ္ဍာန်ဆွဲထုတ်လိုက်ပြီး ထိုနိမိတ်ဆိုးမာရ်နတ်၏ မျက်နှာသို့ ခုတ်ပိုင်းချလိုက်လေတော့သည်။
နိမိတ်ဆိုးမာရ်နတ်က ထူးဆန်းစွာ တွန့်ကွေးလိုက်ပြီး အန်လင်း၏ ပြင်းထန်သော ဓားချက်ကို ရှောင်လိုက်နိုင်လေ၏။ တစ်ချိန်တည်းမှာပင် ထိုသည်က လက်ဝါးကို သူ့ဆီသို့ မြှောက်ချလိုက်၏။ ထိုအရာ၏ လက်မောင်းအသားများက လှုပ်ရှားသွားကာ အနက်ရောင် ပစ္စည်းတစ်ခုက သူ့လက်မှ ပေါ်ထွက်လာ၏။ ထိုသည်မှာ သူတို့၏ ဓားအိမ်များထဲမှ ဓားထက်ထက်များ ဆွဲထုတ်လိုက်သကဲ့သို့ပင်။ သူတို့သွားလာသော အရှိန်မှာ ရူးလောက်ဖွယ်ဖြစ်ပြီး လေထုထဲတွင် တရှဲရှဲ အသံမြည်လာတော့သည်။
နိမိတ်ဆိုး မာရ်နတ်နှင့် အရင်က တိုက်ခိုက်ဖူးသည်မို့ အန်လင်းက ထိုသည်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ကာ ချက်ချင်းပင် ဓားနှင့် ခုခံလိုက်၏။
အန်လင်းက အမဲရောင် ပစ္စည်းများက ပိုင်ဆိုင်ထားသော ကြီးမားလှသော အားအင်ကြီးက သူ့ဓားဆီသို့ တိုးဝင်လာသောကြောင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်တော့၏။
နိမိတ်ဆိုးမာရ်နတ်ကြီးက နောက်ဆက်တွဲ တိုက်ခိုက်မှုတစ်ခု ကြိုးပမ်းနေစဉ်မှာပင် လျှပ်စီး စွမ်းအင်များပိုင်ဆိုင်ထားသော မီးတောက် ဓားအလင်းတန်းကြီးက ရုတ်တရက် ထိုအရာရှေ့တွင် လင်းလက်သွားတော့သည်။ မိုးချိန်းသံကြီးက နားစည်းကွဲလုလုပင်။ ထို့နောက် နိမိတ်ဆိုး မာရ်နတ်ကြီးက ထိုဓားချက်ဖြင့် ဝါးမျိုခြင်းခံလိုက်ရသည်။
နိမိတ်ဆိုးမာရ်နတ်ကြီးက နောက်ပြန်ဆုတ်ရင်း နာကျင်စွာ အော်ဟစ်လေ၏။ လှပသော ပုံရိပ်တစ်ခုက ထိုအပေါ်သို့ မာနကြီးစွာ တိုးဝင်လာပြီး အနားမပေးပဲ အဆုံးမရှိသော တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်လေတော့သည်။
အန်လင်းက ထိန့်လန့် အံ့အားသင့်သွား၏။ စုရှောင်လန်က ပြကွက်အကုန်လုံးကို ပြုလုပ်နေခြင်းပင်။ ထိုသည်ကို သူက မည်သို့ခွင့်ပြုရမည်နည်။
လုံးဝတုန့်ဆိုင်းမနေပဲ သူက ချက်ချင်းပင် သူ့၏ လေတောင်ပံကို ပြုလုပ်လိုက်ပြီး နိမိတ်ဆိုးမာရ်နတ်ဆီသို့ တိုးဝင်သွားတော့သည်။
ဒုတိယမြောက် နိမိတ်ဆိုးမာရ်နတ်က အနားယူနေသော ထန်ရှီမန်ဆီသို့ တိုးဝင်သွား၏။ သို့သော်လည်း ထိုအရာ၏ လမ်းကြောင်းမှာ ရွှမ်ယွမ်ချန်၊ စုချန်းရန်၊ ယောင်မင်ရှီနှင့် ဟူကွမ်တို့၏ ပိတ်ပင်ခြင်းကို ခံလိုက်ရသည်။ ထိုလူလေးယောက်ပေါင်းပြီး တိုက်ခိုက်မှုအောက်တွင် နိမိတ်ဆိုးမာရ်နတ်က အဆက်မပြတ်သာ နောက်ဆုတ်နေရတော့၏။
နောက်ဆုံး နိမိတ်ဆိုးမာရ်နတ်ကတော့ မြွေဖြူဝိညာဉ်ကို ခုန်အုပ်သည်ဖြစ်ပြီး တိုက်ပွဲနတ်ဘုရာမ ပိုင်ချောင်၏ ကြမ်းတမ်းစွာ ခုခံခြင်းကို ခံလိုက်ရသည်။
သိပ်မကြာမီမှာပင် နိမိတ်ဆိုးမာရ်နတ်အားလုံးမှာ အခြေအနေမကောင်းတော့ကြောင်းကို သိလာတော့၏။
တိုက်ပွဲကို ကြည့်လိုက်ကာ လျှိုချင်ဟွမ်က သူမ၏ အကူအညီမလိုအပ်ပေဟု ခံစားလိုက်ရတော့သည်။ ထို့ကြောင့် သူမက ဘေးကနေထိုင်ကြည့်ကာ သူမစိတ်ထဲရှိသည့်အခါမှသာ တစ်ချို့သော အလင်းတန်းအမြှောက်များကို သာမန်ကာလျှံကာ ထုတ်လွှတ်နေပေတော့၏။
ထိုအခိုက်အတန်မှာပင် အော်မြည်သံကြီးတစ်ခုက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင် အလွန်အမင်း ကြီးမားသော အနက်ရောင် အလင်းတိုင်ကြီးများက ကောင်းကင်ဆီသို့ ထိုးထွက်လာတော့သည်။
အရှိန်ပြင်းပြင်း လှိုင်းကြီးများကဲ့သို့ အဆုံးမဲ့ မကောင်းမှုများ ပိုင်ဆိုင်ထားသော နိမိတ်ဆိုး မာရ်နတ် ထောင်ချီ၊ ရာချီက အလင်းတိုင်ကြီးများ၏ ထိပ်မှ ထွက်လာတော့သည်။
“သေစမ်း။ အဲ့လောက်တောင် များတယ်လား။”
အန်လင်းက ကောင်းကင်မှဆင်းသက်လာသော နိမိတ်ဆိုးမာရ်နတ် တိမ်တိုက်ကြီးကို ကြည့်ရင်း ကြောက်လန့်မှုဖြင့် မလှုပ်ရှားနိုင်ဖြစ်သွားတော့သည်။
သိပ်မကြာမီမှာပင် တစ်ဒါဇင် သို့မဟုတ် ပိုများသော နိမိတ်ဆိုး မာရ်နတ်ကြီးများက သူ့ဆီသို့ ပစ်ဝင်လာတော့၏။
သူ့ဓားကို ဝှေ့ယမ်းပြီး အရောင်တောက်လာကာ နိမိတ်ဆိုးမာရ်နတ်များသည် တစဆီဆုတ်ဖြဲခြင်းခံလိုက်ရတော့၏။
ထို နိမိတ်ဆိုးမာရ်နတ်များမှာ စွမ်းအားမကြီးပါပေ။ အများစုမ တာအို ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သာရှိကြ၏။ သို့သော်လည်း သူတို့မှာ ကြောက်လန့်ဖွယ် အရေအတွက်နှင့် တိုးဝှေ့နေကြတော့သည်။
တိုက်ပွဲနတ်ဘုရားမပိုင်ချောင်က သူမ၏ အံ့ချီးဓားချက်ကို ထုတ်လွှတ်လိုက်၏။ ကြီးမာသော မိုးပြာရောင် ဓားသွားက အပြင်ဘက်သို့ ခွဲဖြတ်သွားပြီး ဦးဆောင်နေသည့် နိမိတ်ဆိုးမာရ်နတ်များကို နှစ်ပိုင်းဖြတ်လိုက်တော့သည်။ ထို့နောက် ဓားသွားက နောက်ထပ် ပေထောင်ချီ အပြင်ဘက်သို့ လှည်းကျင်းသွားပြီး နိမိတ်ဆိုး မာရ်နတ်အများအပြားကို ဗလာအဖြစ် သုတ်စင်ချေမှုန်းလိုက်တော့၏။
သူမဓားကို ပြန်လည် မဆွဲယူရခင်မှာပင် နောက်ထပ်များစွာသော နိမိတ်ဆိုးမာရ်နတ်များက သူမဆီသို့ တိုးဝင်လာ၏။
ပိုင်ချောင်က နိမိတ်ဆိုးမာရ်နတ် ပင်လယ်ပြင်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူမက မြွေဖြူဝိညာဉ်ကို ဆွဲယူကာ တိုက်ပွဲနတ်ဘုရား ဇီယန်ဆီသို့ ပျံသွားလိုက်သည်။ တိုက်ပွဲနတ်ဘုရား ဇီယန်၏ သိမ်းကြုံးမီးတောက်တိုက်ခိုက်မှုက နိမိတ်ဆိုး မာရ်နတ်များကို ရင်ဆိုင်ရန် ပိုမိုကောင်းမွန်သည့် နည်းလမ်းဟု ခံစားရ၍ပင်။
သို့သော်လည်း တိုက်ပွဲနတ်ဘုရား ဇီယန်က အချောင်သမားထက်အနည်းငယ်သာ ပိုသာပုံပေါက်၏။ သူ့ပတ်လည်တွင် မီးတောက်ထဲသို့ ခုန်ဝင်လာသော နိမိတ်ဆိုး မာရ်နတ်အားလုံးက သေဆုံးသည်အထိ မီးကျွမ်းစေနိုင်သော မီးတောက်နံရံကြီးတစ်ခုရှိ၏။
“ရှင်က ဒီအတားအဆီးအပြင်က နိမိတ်ဆိုးမာရ်နတ်တွေကို မီးမရှို့ပစ်တော့ဘူးလား။” ပိုင်ချောင် မြွေဖြူဝိညာဉ်နှင့်အတူ အတားအဆီးထဲသို့ဝင်လာသောအခါ အနည်းငယ် ဗဟေဠိဖြစ်နေတော့သည်။
“ငါ့တာဝန်က ထျန်းလင်းလင်းနဲ့ ထန်ရှီမန်ကို ကာကွယ်ဖို့ပဲလေ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အမူအရာမဲ့ ပြောလာ၏။ “အဲ့အပြင် ငါ့မှာ အံ့ချီးမီးတောက် တစ်ခုမှ မရှိတော့ဘူး။ အဲ့လောက် နိမိတ်ဆိုးမာရ်နတ်အများကြီးကို သေအောင်မီးရှို့ဖို့ စွမ်းအင် ငါ့မှာ မရှိတော့ဘူး။”
တိုက်ပွဲနတ်ဘုရား ဇီယန်က နက်နက်ရှိုင်းရှိုင်း ခါးသီးခံစားရသည်မှာ ရှင်းလင်းလှပေသည်...
စွမ်းအားကြီး နိမိတ်ဆိုးမာရ်နတ်တချို့ကို သုတ်သင်ပြီးနောက် ရွှမ်ယွမ်ချန်နှင့် တခြားသူများက တိုက်ပွဲနတ်ဘုရား ဇီယန်၏ မီးတောက်အတားအဆီးထဲသို့ တပ်ဆုတ်လာကြတော့သည်။
“အီး... မင်းတို့တွေ ရန်သူကို မတိုက်ဘူးလား။” ဇီယန်က မကျေမနပ်ညီးညူလာ၏။ “မင်းတို့အကုန်လုံး ဒီကို တပ်ဆုတ်လာရင် နိမိတ်ဆိုးမာရ်နတ်တွေ အကုန်ဒီမှာ ဝိုင်းအုံလာကြလိမ့်မယ်။ အဲ့တာဆိုငါ့မှာ ဖိအားတွေ အများကြီးဖြစ်သွားမှာ။”
“အသင်းလိုက် ခုခံတာက ပိုအန္တရာယ်ကင်းတယ်။”
ရွှမ်ယွမ်ချန်က အချိန်ကြာရှည်သည့် အင်မော်တယ် မန္တန်ကို ဖန်တီးရင်း အော်ဟစ်လိုက်၏။
အန်လင်းနှင့် စုရှောင်လန်သည်လည်း စွမ်းအားကြီး နိမိတ်ဆိုး မာရ်နတ်တစ်ကောင်ကို သတ်ပြီးသည်နှင့် တိုက်ပွဲနတ်ဘုရား ဇီယန်၏ အတားအဆီးထဲသို့ ပျံသန်းဝင်ရောက်လာကြ၏။
“စက်ရုပ် တစ်၊ စက်ရုပ် နှစ်... မီးတောက် အတားအဆီးဆီကိုသွားပြီး အကာအကွယ် အတားအဆီးတစ်ခု ထပ်ထားခဲ့။”
အန်လင်းက သူ့သိုလှောင် လက်စွပ်ထဲမှ စက်ရုပ်နှစ်ကောင်ကို ထုတ်ကာ အမိန့်ပေးလိုက်၏။
“အန်လင်း... နင်ဘာလုပ်ဖို့ စီစဉ်နေတာလဲ။”
စုရှောင်လန်က အန်လင်းသည် သွားနေသည့်လမ်းကြောင်းကို ရုတ်တရက် ရပ်လိုက်သည်ကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်၏။
“ငါလား။ လှုပ်ရှားမှု အသစ်တစ်ခုကို စမ်းကြည့်တာလေ။”
အန်လင်း၏ လက်နောက်တွင် ကြက်သွေးရောင် သင်္ကေတများပေါ်လာလေ၏။
ထို့နောက် ချက်ချင်းပင် အံ့ဩထိတ်လန့်ဖွယ် စစ်မှန်မီးတောက် ဆန္ဒကြီးက ပတ်ဝန်းကျင်သို့ လွှမ်မိုးသွားပေတော့သည်။
***