ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်
Vol. 67 Ch. 864
" အကုန်သတ်ပစ်တဲ့လား …”
ဤကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
အတန်ကြာမှသာ ချန်ဟောက်ထျန်းက အရင် ပြန်သတိကပ်လာသည်။
"အထက်ကောင်းကင်ဘုံကနေ ရုတ်တရက် ကျရောက်လာတဲ့ အမိန့်ပဲ ၊ ငါတို့အနေနဲ့ လူကြီးမင်းအပ်နှံတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်တယ်ဆိုရင်တောင်၊ သူပြောနေတဲ့သူက ဘယ်သူလဲ”
"ပြီးခဲ့တဲ့ကာလက ထျန်းချန်လမ်းစဉ်ဂိုဏ်း နဲ့ ဖုန်းယွင်လှံခန်းမရဲ့ အရေးအခင်းကြောင့် အမတနယ်မြေတစ်ခုလုံးဟာ အလွန်နိုးနိုးကြားကြား ရှိနေကြတယ်၊ ငါတို့ဘက်က နည်းနည်းလောက် လှုပ်ရှားလိုက်တာနဲ့ အဲ့ဒီအဖိုးကြီးတွေ သိသွားလိမ့်မယ်”
"ဟုတ်တယ် ငါတို့သာ အခု အမတနယ်မြေမှာ နည်းနည်းလောက် လှုပ်ရှားမိလို့ အဲ့ဒီအဖိုးကြီးတွေကို ဒေါသထွက်အောင် လုပ်မိသွားရင် အခြေအနေကို ပြောင်းလဲဖို့ အခွင့်အရေးမရှိမှာကို ကြောက်မိတယ်”
အခြားသော ကောင်းကင်လမ်းစဉ် သုံးဦးကလည်း သူတို့၏ သဘောထားကို ဖော်ပြခဲ့ကြသည်။ သူတို့အားလုံး ဤဆုံးဖြတ်ချက်ကို သဘောမတူခဲ့ကြပေ။
ယခင်က သူတို့၏ ရုပ်သေးရုပ်များ ဖြစ်ကြသော ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် လူအများရှေ့တွင် ထုတ်ဖော်ခံလိုက်ရသဖြင့် အမတနယ်မြေရှိ အင်အားစုများစွာမှာ အလွန် သတိထားနေကြပြီ ဖြစ်သည်။
ယခု အထက် ကောင်းကင်ဘုံမှ ကျရောက်လာသော အမိန့်တော်အတိုင်း တမူထူးခြားသော ဖြစ်တည်မှုကို သတ်ဖြတ်ခိုင်းနေသည်မှာ သူတို့ကို ကိုယ့်သေတွင်းကို တူးခိုင်းနေခြင်းပင် မဟုတ်လော။
"အင်း... လက်ရှိ အမတနယ်မြေရဲ့ အခြေအနေအရ ငါတို့ သွားလာစုံစမ်းဖို့ အဆင်မပြေဘူး”
"ဒါပေမဲ့ အထက်ကောင်းကင်ဘုံရဲ့ အမိန့်တော်က သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး၊ ဒီကိစ္စကို ငါတို့ လုပ်ကိုလုပ်ရမယ် ၊ အခုက အမတနယ်မြေထဲမှာ လူကိုယ်တိုင် သွားရှာလို့ မရဘူးဆိုရင်တော့..."
ချန်ဟောက်ထျန်းက အကြံပြုလိုက်သည်
"ငါတို့ ကောင်းကင်လမ်းစဉ် ပါကွကြယ်ပုံစံကို အသုံးချပြီးတော့ အဲ့ဒီလူရဲ့ အထောက်အထားကို တွက်ချက်ကြည့်ကြတာပေါ့”
ကောင်းကင်လမ်းစဉ် ပါကွကြယ်ပုံစံ ဆိုသည်မှာ ကောင်းကင်လမ်းစဉ် အုပ်ချုပ်သူများသာ ပိုင်ဆိုင်သော မိုးမြေကို တွက်ချက်သည့် လက်နက်တစ်ခု ဖြစ်သည်။
၎င်းသည် အမတနယ်မြေ အသီးသီး၏ မူလရင်းမြစ် စွမ်းအားကို စုပ်ယူခြင်းဖြစ်သည်။ ယင်း၌ မဟာလမ်းစဉ်ဆိုင်ရာ ထုတ်ဖော်မပြောနိုင်သော လျို့ဝှက်ချက်တစ်ခု ပါဝင်သည်။ ရှေးဟောင်း နည်းလမ်းများမှ တစ်ဆင့် လောကရှိ အရာအားလုံးကို ဟောကိန်း ထုတ်နိုင်သည်။
တွက်ချက်ခံရသူသည် ကမ္ဘာထဲတွင် ရှိနေသရွေ့၊ အမတဧကရာဇ်မင်းပင် ဖြစ်စေ သို့မဟုတ် သာမန်အရပ်သားပင် ဖြစ်စေ သူတို့၏ ကောင်းကင်လမ်းစဉ် ပါကွကြယ်ပုံစံဖြင့် တွက်ချက်နိုင်ကာ တစ်ဖက်လူ အနေဖြင့် ၎င်းကို ရိပ်မိနိုင်စွမ်း မရှိပေ။
"အင်း... ဒါပဲ ရှိတော့တာပဲ”
ကျန်ရှိသော ကောင်းကင်လမ်းစဉ် သုံးဦးမှာ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
ဤသည်ကို အသုံးပြုခြင်းသည် သူတို့၏ မူလရင်းမြစ် စွမ်းအားအချို့ကို ကုန်ဆုံးစေလိမ့်မည်။
မိုးမြေစွမ်းအားကို ငှားရမ်းအသုံးပြုခြင်းသည် ကံကြမ္မာအကျိုးဆက်များနှင့် ဆက်နွှယ်နေသဖြင့်၊ သူတို့သည် အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်များ ဖြစ်ကြသော်လည်း ကြီးမားသော အဖိုးအခကို ပေးဆောင်ရမည်သာ ။
သို့သော် အမတနယ်မြေထဲတွင် ပင်လယ်ထဲ အပ်ရှာသကဲ့သို့ လူကိုယ်တိုင် လိုက်လံစုံစမ်းခြင်းထက်စာလျှင် ဤနည်းလမ်းမှာ ပိုမိုတိကျပြီး ပို၍ ဘေးကင်းပေသည်။
ကောင်းကင်လမ်းစဉ် လေးဦးမှာ သူတို့၏ နတ်ဘုရားစွမ်းအားများကို တစ်ပြိုင်တည်း လှုံ့ဆော်လိုက်ကြပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ၊ နတ်အလင်းများက ဒီရေအလား ထွက်ပေါ်လာသည်။
အနီးကပ် ကြည့်လိုက်ပါက ၊ လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် ရွှေရောင်စာလုံးများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဟင်းလင်းပြင်ထက်တွင် တောက်ပသော ကြယ်ပုံစံတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်လမ်းစဉ် လေးဦး၏ စုပေါင်းထိန်းချုပ်မှုအောက်တွင် ၊ ကောင်းကင်ထက်ရှိ ကြယ်ပုံစံမှာ အဆက်မပြတ် လည်ပတ်နေပြီး နတ်အလင်းများ ဖြာထွက်နေသည်။ အဆုံးတွင် ၎င်းသည် ပြန်လည် ဖွဲ့စည်းသွားပြီး ဧရာမ ပါကွသံလိုက်အိမ်မြှောင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပါကွသံလိုက်အိမ်မြှောင်မှာ အလွန် ကြီးမားပြီး
ကောင်းကင်တစ်ဝက်လောက် ဖုံးလွှမ်းထားသည်။ ၎င်းပေါ်တွင် ၊ သေးငယ်သော စာလုံးပေါင်းများစွာကို ထွင်းထုထားသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကောင်းကင်ယံထက်တွင် တည်ရှိနေသော ဧရာမ ရှေးဟောင်း နတ်ဘုရားတောင်ကြီးတစ်ခုနှင့် တူလှပေသည်။
“စကြစို့”
ချန်ဟောက်ထျန်း၏ စကားသံအဆုံးတွင် ကျန်သုံးဦးမှာ လက်သင်္ကေတများကို တစ်ပြိုက်နက်တည်း ဖော်ဆောင်လိုက်ပြီး၊ ရှေးဟောင်း အမတမန္တန်များကို ရွတ်ဆိုလိုက်ကြသည်။
ဒေဝလောကထဲတွင် တစ်မူကွဲပြားသော ဖြစ်တည်မှုကို ရှာဖွေရန်မှာ ပင်လယ်ထဲတွင် အပ်ရှာသကဲ့သို့ ခက်ခဲလှသည်။ ထို့အပြင် သူတို့သည် တစ်ဖက်လူနှင့် ပတ်သတ်၍ မည်သည့် သတင်းအချက်အလက်ကိုမှ သိရှိမထားချေ။
ထို့ကြောင့် သူတို့သည် ကောင်းကင်ဘုံ၏ လျို့ဝှက်ချက်ကို တွက်ချက်ခြင်း၊ အချိန်ကို နောက်ပြန်လှည့်ကြည့်ခြင်းအားဖြင့်သာ ခြေရာခံဖို့ ကြိုးစားရပေလိမ့်မည်။
ဒေဝလောကထဲတွင် တစ်မူကွဲပြားသော ဖြစ်တည်မှုသည် နောင်တွင် ဒေဝလောကတစ်ခုလုံးနှင့် သူတို့၏ အစီအစဉ်များတွင် သက်ရောက်မှု ရှိလာနိုင်သည်။
သူတို့သည် ထိုထူးခြားသော အချိန်နှင့်အာကာသထဲမှ ခြေရာကို ဖမ်းယူနိုင်ပါက ၎င်း၏ အရှိန်အဝါကို ခြေရာခံကာ အရင်းအမြစ်အထိ တွက်ချက်နိုင်မည် ဖြစ်သည်။
ဝီ !
သူတို့၏ အဆက်မပြတ် အားထုတ်မှုကြောင့် ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ၊ ၎င်း၏ ဘေးပတ်ပတ်လည်ရှိ ကြယ်စင်များမှာ ပို၍ ထိန်လင်းတောက်ပသွားသည်။
မမြင်နိုင်သော်လည်း မိုးမြေ၏ ဖြစ်စဉ်အားလုံး ကိန်းအောင်းနေသော မဟာလမ်းစဉ် လှိုင်းဂယက်များမှာ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
အဆိုပါ စွမ်းအား၏ သက်ရောက်မှုကြောင့် ဤကမ္ဘာ၏ အချိန်နှင့်အာကာသမှာ သက်ရောက်မှု ခံလိုက်ရသကဲ့သို့ သက်တံရောင်စဉ်တန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲမှ အဆက်မပြတ် ဆင်းသက်လာကြသည်။
ထို့နောက် ဆင်းသက်လာသော အချိန်နှင့်အာကာသ ဆိုင်ရာ အလင်းတန်းများမှာ နိယာမတရားများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ယင်းအတွင်း၌ နိယာမတရားများ ဆူပွက်လှုပ်ရှားနေပြီး လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းများကို ဖန်တီးနေ၏။
"တုံ့ပြန်မှု ရှိပြီ”
ချန်ဟောက်ထျန်း၏ မျက်လုံးများမှာ တောက်ပသွားသည်။ သူသည် စိတ်လှုပ်ရှားနေပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် ကြောက်လန့်နေမိသည်။
သူတို့သည် မိုးမြေစွမ်းအားကို ငှားရမ်းကာ အနာဂတ်၏ အချိန်နှင့်အာကာသကို ဆက်သွယ်ပြီး တွက်ချက်နေခြင်းပင် ဖြစ်သည်။
ဒေဝလောကထဲတွင် တစ်မူကွဲပြားသော ဖြစ်တည်မှုကို ဤမျှ လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ခြင်းက ဤအမည်မသိ တစ်မူကွဲပြားသော ဖြစ်တည်မှုသည် သာမန်မဟုတ်ကြောင်း ညွှန်ပြနေသည်။
သူ၏ စွမ်းအားသည် အနာဂတ်အချိန်ကာလကိုပင် များစွာ သက်ရောက်မှု ရှိနေသဖြင့်၊ အထက်ကောင်းကင်ဘုံ ကိုယ်တိုင်က သူတို့အား အမိန့်ပေးစေခိုင်းခဲ့သည်မှာ မဆန်းတော့ပေ။
ဝုန်း!
ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်မှာ တစ်ဖန် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
ဤတစ်ကြိမ်တွင် ထွက်ပေါ်လာသော အလင်းတန်းမှာ ယခင်ကထက် ပိုတောက်ပနေပြီး၊ သံလိုက်အိမ်မြှောင်ပေါ်ရှိ မရေမတွက်နိုင်သော မဟာလမ်းစဉ် စာလုံးများမှာ ရူးသွပ်စွာ လှုပ်ရှားလာကြသည်။
ဝုန်း !!
နောက်ဆုံးတွင် ပါကွသံလိုက်အိမ်မြှောင် တစ်ခုလုံးသည် ထိန်းချုပ်မရနိုင်လောက်အောင် အော်ဟစ်တုန်ခါနေပြီး၊ အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရဟန် ရှိသည်။
"ဟောက်ထျန်း... ဒါ ဘာဖြစ်တာလဲ”
ပါကွသံလိုက်အိမ်မြှောင်၏ ထူးခြားသော အပြောင်းအလဲကို မြင်လိုက်ရသဖြင့် ကောင်းကင်လမ်းစဉ် သုံးဦးမှာလည်း ထိတ်လန့်သွားပြီး အမြန်ပင် မေးမြန်းလိုက်ကြသည်။
"စိုးရိမ်စရာမလိုဘူး ၊ ငါတို့ ဒီပါကွသံလိုက်အိမ်မြှောင်ကို မသုံးတာ ကြာလို့ ငါတို့ ပို့လွှတ်လိုက်တဲ့ အမတစွမ်းအားတွေက မတည်ငြိမ်တာ ဖြစ်မှာပါ”
ပြောပြောဆိုဆိုဖြင့် ချန်ဟောက်ထျန်းသည် သူ၏ရင်ဘက်ထဲမှ မဟာလမ်းစဉ် မှော်အဆောင် စာရွက်အချို့ကို ထုတ်ယူကာ ပါကွသံလိုက်အိမ်မြှောင်ပေါ်သို့ ပစ်တင်လိုက်သည်။
"ကဲ၊ အခုတော့ ငြိမ်သွားပြီ မဟုတ်လား"
အမှန်ပင်၊ ထိုမှော်အဆောင် စာရွက်၏ စွမ်းအားကြောင့် ရူးသွပ်စွာ တုန်ခါနေသော ပါကွသံလိုက်အိမ်မြှောင်မှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
၎င်းပေါ်ရှိ စာလုံးများမှာလည်း စနစ်တကျ ပြန်လည်လည်ပတ်ကာ ဆက်လက် တွက်ချက်နေကြသည်။
ဝုန်း!
ထိုစဉ်မှာပင် မဟာလမ်းစဉ်၏ လှိုင်းဂယက်များနှင့်အတူ နတ်အလင်းတန်းများ ဖြာထွက်လာပြီး ၊ ဝေဝါးသော ပုံရိပ်တစ်ခုသည် ယင်းအတွင်း၌ ပေါ်ထွက်လာလေ၏။
သို့သော် လုံလောက်သော အခြေအနေသို့ မရောက်သေးပုံရကာ ထိုပုံရိပ်မှာ အလွန် ဝေဝါးနေသည်။
ကောင်းကင်လမ်းစဉ် လေးဦးမှာ ၎င်းတို့၏ အမတစွမ်းအားများကို ထပ်မံ၍ ပို့လွှတ်လိုက်သည်။
ဂျွတ်... ဂျွတ်... ဂျွတ်…
ကွဲအက်သံ!
သို့သော် ထိုစဉ်မှာပင်၊ ကောင်းကင်လမ်းစဉ် ပါကွသံလိုက်အိမ်မြှောင်ပေါ်၌ အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့သည်။
ပါကွသံလိုက်အိမ်မြှောင် တစ်ခုလုံးမှာလည်း တစ်ဖန် ပြန်လည်၍ ရူးသွပ်စွာ တုန်ခါလာခဲ့သည်။
ထို့အပြင် ၎င်းပေါ်သို့ ကပ်ထားသော မဟာလမ်းစဉ် မှော်အဆောင် စာရွက်များမှာလည်း အဆိုပါ စွမ်းအား၏ သက်ရောက်မှုကို ခံလိုက်ရသည်။
အဆောင်စာရွက်များပေါ်တွင် သန့်စင်သော အဖြူရောင် မီးလျှံများ တောက်လောင်သွားပြီး၊ ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပုံပေါ်သည်။
"မကောင်းတော့ဘူး”
"အလွန် ကြီးကျယ်တဲ့အရာတစ်ခုကို တွက်ချက်မိသွားပြီ ထင်တယ်”
ချန်ဟောက်ထျန်းသည် အော်ဟစ်လိုက်၏။
"မြန်မြန် ၊ အစွမ်းကုန် ဖိနှိပ်ကြ..."
သို့သော် သူ၏ စကားမဆုံးမီမှာပင်...
ဝုန်း!
ကောင်းကင်ထက်၌ နတ်အလင်းများ ပေါ်ထွက်လာပြီး၊ ၎င်းသည် မဟာလမ်းစဉ် နတ်ဘုရားမှန်ချပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုမဟာလမ်းစဉ် မှန်ချပ်ကြီးမှတစ်ဆင့်၊ ကောင်းကင်လမ်းစဉ် လေးဦးမှာ သူတို့၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေမည့် လုံးဝ မယုံကြည်နိုင်စရာ ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။