ထျန်းရွှမ် အမတဧကရာဇ်မင်းနှင့် စီမံကိန်း၏ ဒုတိယအဆင့်
Vol. 67 Ch. 867
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ၊
တားမြစ်စူးမိသားစု၏ တည်နေရာရွှေ့ပြောင်းခြင်း ခန်းမထဲ၌။
စူးချန်ကဲနှင့် လော့ရန်ယွီတို့သည် အမတပညာရပ်များစွာကို လေ့လာသင်ယူပြီးနောက် ယခုအခါ ရှေးဦးလျို့ဝှက်နယ်မြေသို့ ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
တားမြစ်စူးမိသားစု၏ အကြီးအကဲများသည် စူးချန်ကဲတို့နှစ်ဦးအား လိုက်လံပို့ဆောင်ရန် ဤနေရာသို့ စုဝေးရောက်ရှိနေကြသည်။
"ချန်ကဲ... ဒီရက်ပိုင်းအတွင်းမှာ ရှေးဦးလျို့ဝှက်နယ်မြေရဲ့ သတင်းအချက်အလက်တွေကို သေချာလေ့လာပြီးပြီလား"
ရွှမ်ယွမ် အမတဧကရာဇ်မင်းက မေးမြန်းလိုက်သည်။
"ဦးလေး စိတ်ချပါ၊ ချန်ကဲ အားလုံးကို လေ့လာပြီးပါပြီ”
ဤရက်ပိုင်းအတွင်း အမတအတတ်ပညာများကို ကျင့်ကြံပြီး အခြေခံကို ခိုင်မာအောင် လုပ်ဆောင်နေစဉ်မှာပင် ၊
စူးချန်ကဲသည် မိသားစု၏ ရှေးဟောင်းမှတ်တမ်းများနှင့် လျှို့ဝှက်ကျမ်းစာများမှတစ်ဆင့် ရှေးဦးလျို့ဝှက်နယ်မြေ၏ အချက်အလက်များကို လေ့လာခဲ့ပြီး ဖြစ်သည်။
အမှန်အားဖြင့် ဤရှေးဦးလျို့ဝှက်နယ်မြေမှာ မဟာလမ်းစဉ်မှ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အတုမရှိသော စွမ်းအားရှင်တစ်ဦးက အထူး လျှို့ဝှက်အတတ်များဖြင့် မိုးမြေလမ်းစဉ်ကွင်းပြင် တစ်ခုအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။
၎င်းမှာ ကနဦး အမတ ဧကရာဇ်မင်း (၁၃) ပါးအနက် တစ်ပါးဖြစ်သော ထျန်းရွှမ် အမတ ဧကရာဇ်မင်း၏ မိုးမြေလမ်းစဉ်ကွင်းပြင် ဖြစ်သည်။
ထျန်းရွှမ် အမတဧကရာဇ်မင်းနှင့် ပတ်သက်၍ စူးချန်ကဲသည် သိရှိရန် ကြိုးစားခဲ့သော်လည်း၊ ကနဦး အမတဧကရာဇ်မင်း (၁၃) ပါး တည်ရှိခဲ့သော ခေတ်ကာလမှာ အလွန်ပင် ဝေးကွာလွန်းလှသဖြင့် အသေးစိတ် အချက်အလက်များကိုမူ မရရှိနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤအမတဧကရာဇ်မင်းသည် ဖန်တီးခြင်းဆိုင်ရာ မဟာလမ်းစဉ်ကို ကျွမ်းကျင်တတ်မြောက်ထားသူ ဖြစ်သည်။
၎င်းမှာ ကျောက်ဟွအမတဧကရာဇ်မင်း၏ ကိရိယာသွန်းလုပ်ခြင်းနှင့် မတူဘဲ အာကာသနယ်မြေတစ်ခုကို ဖန်တီးခြင်း ဖြစ်သည်။
ထို့အပြင် ဤကာလအတွင်း စူးချန်ကဲသည် အသုံးဝင်သော သတင်းအချက်အလက် အချို့ကိုလည်း ရရှိခဲ့သည်။
ကနဦး အမတဧကရာဇ်မင်း (၁၃) ပါးမှာ တစ်ဖွဲ့တည်း ဖြစ်သော်လည်း၊ အမှန်စင်စစ် လွန်ခဲ့သော အချိန်များစွာကတည်းက သူတို့၏ ကွဲပြားသော ခံယူချက်များကြောင့် မတူညီသော စခန်းသုံးခုအဖြစ် ကွဲပြားသွားခဲ့သည်။
သူတို့၏ ကွဲပြားသော ခံယူချက်များကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး ကမ္ဘာကျော် စစ်ပွဲကြီးတစ်ခုပင် ဖြစ်ပွားခဲ့ဖူးသည်။
ယခင်က ကနဦးအမတဧကရာဇ် (၅) ပါးသည် ရှေးဦးဧကရာဇ်နယ်မြေတွင် ကျဆုံးခဲ့ရခြင်းမှာ ဤစစ်ပွဲနှင့် ပတ်သက်နေလိမ့်မည်ဟု စူးချန်ကဲ သံသယဝင်မိသည်။ ဟုတ်မဟုတ်ကိုမူ သူ အတိအကျ မပြောနိုင်ပေ။
သို့သော် ထျန်းရွှမ် အမတဧကရာဇ်မင်း ဖန်တီးခဲ့သော ဤမိုးမြေလမ်းစဉ်ကွင်းပြင်မှာ အလွန်ထူးခြားသည်။
၎င်းသည် လျှို့ဝှက်နယ်မြေတစ်ခုမျှသာ မဟုတ်ဘဲ အမတနယ်မြေနှင့် သီးခြားစီ တည်ရှိနေသော ကမ္ဘာတစ်ခု ဖြစ်သည်။
ရှေးဟောင်းမှတ်တမ်းများအရ ၊ ဤကမ္ဘာသည် အမတနယ်မြေ၏ နိယာမတရားများအောက်တွင် မရှိဘဲ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ လက်အောက်တွင် ရှိနေသည်။
ခေတ်ဟောင်း စွမ်းအားရှင်များ၏ ခန့်မှန်းချက်အရ ၊ ယင်းအတွင်း၌ အမတနယ်မြေနှင့် မတူညီသော ကျင့်ကြံမှုနည်းစနစ်များ ရှိနေနိုင်ပြီး ထိုနေရာတွင် နေထိုင်သူများမှာ ထျန်းရွှမ် အမတဧကရာဇ်မင်း၏ သွေးသားမျိုးဆက်များ ဖြစ်နိုင်သည်။
"မှားစရာ မရှိဘူး... မှတ်တမ်းတွေထဲမှာ ခန့်မှန်းထားတဲ့ ကျင့်ကြံသူတွေဆိုတာ ကောင်းကင်တံခါး သင်္ချိုင်းမျိုးနွယ်စုတွေပဲ
ဖြစ်ရမယ်..."
"ကနဦး အမတဧကရာဇ်မင်းရဲ့ မိုးမြေလမ်းစဉ်ကွင်းပြင်... ကောင်းကင်တံခါးကမ္ဘာ..."
စူးချန်ကဲ တစ်ယောက် အတွေးနယ်ချဲ့နေစဉ်မှာပင်။
ဝုန်း!
အဆုံးမရှိသော စကြဝဠာကို ဖြတ်သန်းသွားမည့် အာကာသတံခါးကို တားမြစ် စူးမိသားစု၏ အကြီးအကဲများက ဖွင့်လှစ်လိုက်ကြပြီ ဖြစ်သည်။
"ချန်ကဲ... ငါတို့ ဖွင့်လိုက်တဲ့ ဒီအာကာသတံခါးက ရှေးဦးလျို့ဝှက်နယ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ '၃၃ ဘုံ ကောင်းကင်မြို့တော်' နဲ့တော့ အလှမ်းဝေးနေဦးမယ်”
ထိုစဉ် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် သူ၏ရင်ဘက်ထဲမှ ဆန်းကြယ်သော လက်စွပ်တစ်ကွင်းကို ထုတ်လာကာ စူးချန်ကဲအား ပေးလိုက်ပြီး ဆက်ပြောသည်။
"ဒီမဟာလမ်းစဉ်လက်စွပ်ထဲမှာ ငါတို့ တားမြစ်စူးမိသားစုက မင်းအတွက် သီးသန့်သွန်းလုပ်ပေးထားတဲ့ ရှန်းဟွာ ရတနာလှေ ရှိတယ်”
"ဒီအာကာသတံခါးကနေ မင်း ထွက်သွားတဲ့အခါ ဒီရတနာလှေကို သုံးပြီး ခရီးဆက်လို့ရတယ်”
"ဒီထဲမှာ လိုအပ်တာမှန်သမျှ အစုံရှိတယ်၊ ခုခံကာကွယ်ရေးအစီအရင်တွေရော ၊ အသံလုံတဲ့ အစီအရင်တွေပါ ပါတယ်… မင်းတို့နှစ်ယောက် ခရီးပန်းလို့ နားချင်ရင်တောင် ဘယ်သူမှ လာမနှောင့်ယှက်နိုင်ဘူး"
ဤစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲခမျာ မှုန်ကုတ်သွားလေ၏။
ကိုယ့်ဦးလေးကို ပြန်မေးလိုက်ချင်သည်။
ကိုယ့်စကားကို ပြန်ပြီး နားထောင်ကြည့်ပါဦးလား!
"ကဲ... အချိန်မစောတော့ဘူး၊ ထွက်ခွာကြတော့"
ထို့နောက် ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် စူးချန်ကဲ၏ ပခုံးကို ပုတ်ကာ အနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"ချန်ကဲ... မင်းရဲ့ ပါရမီနဲ့ စွမ်းအားက အမတနယ်မြေရဲ့ ထိပ်ဆုံးမှာ ရှိနေပြီ၊ တိုက်ခိုက်တာနဲ့ပဲ အချိန်ကုန်ဆုံးနေရင် ကျင့်ကြံဘဝကြီးက ပျင်းစရာကောင်းသွားလိမ့်မယ်”
"ဒီတစ်ခေါက် ခရီးမှာ ဘေးနား အလှလေးပါလာပြီဆိုတော့ အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်"
"မင်းရဲ့ အစ်မကတော့ တစ်သက်လုံး အဖော်မရှာဘူးလို့ ပြောထားသလို၊ မင်းရဲ့ ဝမ်းကွဲအစ်ကိုကလည်း အမတနယ်မြေထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားဖို့ပဲ သိတယ်၊ ငါတို့ စူးမိသားစုမှာ မျှော်လင့်ချက်ရှိတာဆိုလို့ မင်းပဲ ရှိတော့တယ်”
"နောင်မှာ မျိုးဆက်ပြန့်ပွားဖို့ကိစ္စကို မင်းလက်ထဲပဲ အပ်လိုက်ပြီနော်”
ဘေးနားရှိ လော့ရန်ယွီသည် သူတို့နှစ်ဦး ဘာတွေပြောနေကြသည်ကို မကြားရသဖြင့် ခေါင်းလေး အနည်းငယ် စောင်းကာ ကြည့်နေရှာသည်။
စူးချန်ကဲသည်လည်း အများကြီး ရှင်းမပြနေတော့ဘဲ ပြုံးပြုံးကြီး ခေါင်းယမ်းမိလေတော့သည်။
မကြာမီမှာပင် သူသည် လော့ရန်ယွီ၏ လက်ကို ဆွဲကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။
ဝီ!
အစီအရင်မှ နတ်အလင်းတန်းများ ဖြာထွက်လာပြီး ၊ အာကာသလှိုင်းတံပိုးများသည် သူတို့နှစ်ဦးကို လွှမ်းခြုံသွားကာ ခဏအကြာတွင် နှစ်ဦးစလုံး ပျောက်ကွယ်သွားခဲ့သည်။
သူတို့ ပျောက်ကွယ်သွားသည့်ဘက်ကို ကြည့်ရင်း ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် သက်ပြင်းချလိုက်သည် ။
"ချန်ကဲနဲ့ ရန်ယွီတို့က သူတို့ ငယ်ငယ်တုန်းကနဲ့ တကယ် တူတာပဲ”
"ဟားဟား... အိမ်တော်သခင် ပြောတာက စူးရွှမ် သခင်လေးနဲ့ ရွှမ်ရုံ မင်းသမီးကြီးတို့ ငယ်စဉ်က ပုံစံကို ပြောတာမလား”
စူးမိသားစုမှ အကြီးအကဲတစ်ဦးက မုတ်ဆိတ်ကို သပ်ကာ ပြုံးလိုက်သည်။
"သူတို့နှစ်ယောက်ဟာ တစ်ချိန်က အမတနယ်မြေရဲ့ နတ်ဘုရားစုံတွဲအဖြစ် ကျော်ကြားခဲ့သလို၊ အမတနယ်မြေ တစ်လျှောက်မှာလည်း ဒဏ္ဍာရီတွေ အများကြီး ချန်ထားခဲ့ကြတာလေ”
"ချန်ကဲ သခင်လေးနဲ့ ရန်ယွီ နတ်ဘုရားမတို့ကလည်း အမတနယ်မြေမှာ ဒဏ္ဍာရီအသစ်တွေ ထပ်ပြီး ဖန်တီးပြလိမ့်မယ်"
"အင်း... ဒါဟာ မုန်တိုင်းမလာခင်က ငြိမ်သက်ခြင်းလို့ ဆိုရမှာပဲ”
ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ပြုံးနေရာမှ သူ၏ လေသံမှာ လေးနက်သွားသည်။
"ကဲ... လျှို့ဝှက်ကျင့်ကြံရေးနယ်မြေကို ဖွင့်ဖို့ ပြင်ကြရအောင် “
"အချိန်တွက်ချက်မှုအရဆိုရင် သူတို့တွေ နောက်ထပ် အစီအစဉ်တွေကို ဆွေးနွေးဖို့ ငါတို့ စူးမိသားစုဆီ ရောက်လာကြတော့မယ်”
"အခု မဟာလမ်းစဉ်စာရင်းက ဒုတိယအဆင့် ရောက်နေပြီဆိုတော့၊ ငါတို့ရဲ့ အစီအစဉ်ကိုလည်း ဒုတိယအဆင့် စတင်ဖို့ အချိန်တန်ပြီ”
လျှို့ဝှက်ကျင့်ကြံရေးနယ်မြေ ဆိုသည်မှာ တားမြစ် စူးမိသားစု၏ အဓိက တားမြစ်နေရာများထဲမှ တစ်ခုဖြစ်သည်။
ထိုနေရာသည် ကောင်းကင်လျှို့ဝှက်ချက်မှန်သမျှကို ဖုံးကွယ်ထားနိုင်ပြီး အမတနယ်မြေ အထက်ပိုင်းမှ ပုဂ္ဂိုလ်များပင် တွက်ချက်၍ မရနိုင်သော နေရာဖြစ်သည်။
"ဟုတ်ကဲ့ပါ အိမ်တော်သခင်"
အကြီးအကဲများမှာ ဦးညွတ်နှုတ်ဆက်ပြီးနောက် အမြန် စီစဉ်ရန် ထွက်ခွာသွားကြခဲ့သည်။
လူတိုင်း ထွက်ခွာသွားပြီးနောက်တွင် ၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် နေရာမှာတင် ရှိနေဆဲ ဖြစ်ကာ အပေါ်သို့ မော့ကြည့်လိုက်ပြီး လှမ်းပြောလိုက်သည်။
"ပီယွီ့ကောင်းကင်အရှင်... အခုဆိုရင် အရှင်ကလည်း ချန်ကဲရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်နေပြီပဲ”
“ ကျုပ်တို့ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ စိတ်ဝင်စားလားဗျ”
ထိုစကားသံအဆုံးတွင် ။
ဟင်းလင်းပြင်၌ လှိုင်းဂယက်များ ထသွားကာ အစိမ်းရောင် အလင်းတန်းများကြား ပီယွီ့ကောင်းကင်အရှင်၏ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
သူမသည် လက်ပိုက်ကာ တစ်ဖက်လူကို ကြည့်လိုက်သည်။
"မင်းတို့ရဲ့ အစီအစဉ်မှာ ပါဝင်ဖို့ ဟုတ်လား”
ပီယွီ့ကောင်းကင်အရှင်က အေးစက်စွာ ပြုံးလိုက်သည်။
"ငါက စူးချန်ကဲရဲ့ စောင့်ရှောက်သူ ဖြစ်ဖို့ ကိုယ့်ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့တာ ဆိုပေမဲ့..."
"ငါ အဲ့ဒီလို ဆုံးဖြတ်လိုက်တဲ့နေ့ကတည်းက၊ မင်းတို့ရဲ့ အစီအစဉ်ထဲကို ငါ ရောက်နေခဲ့ပြီ မဟုတ်လား”