အမတနယ်မြေ၏ အထက်လောကသို့ ပြန်သွားမည်
Vol. 67 Ch. 868
အမတနယ်မြေ၏ ထိပ်တန်း စွမ်းအားရှင်တစ်ဦး ဖြစ်သည်နှင့်အလျောက် ၊ မည်သည့်ကိစ္စမဆို သူမအနေဖြင့် ထွင်းဖောက်မြင်နိုင်သည်။
တားမြစ်စူးမိသားစု ဖြစ်စေ၊ ကွေးယွမ်အမတဂိုဏ်း ဖြစ်စေ သို့မဟုတ် သံသရာစက်ဝန်း အမတမင်းဆက်ပင် ဖြစ်စေ၊ သူတို့အားလုံးတိုင်းတွင် ကိုယ်ပိုင် ရည်မှန်းချက်များ ရှိကြသည်။
သို့သော် ဤကာလအတွင်း ထိတွေ့ဆက်ဆံမှုများအရ၊ သူတို့အားလုံး၏ ရည်မှန်းချက်များမှာ ထူးဆန်းစွာ တူညီနေပြီး တူညီသော ပန်းတိုင်တစ်ခုကို ဦးတည်နေသည်ဟု သူမ ခံစားမိသည်။
စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးနောက် ပီယွီ့ကောင်းကင်အရှင်က တစ်ဖန် ပြုံးလိုက်ပြီး ဆက်ပြောလေသည်။
" ပြီးတော့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း၊ ငါ့မှာ ငြင်းဆန်ဖို့ အရည်အချင်းမှ မရှိတာပဲ မဟုတ်လား”
သူမသည် ဒေဝလောက၏ ပထမဆုံးသော နတ်ဘုရားမိုးမခပင် ဖြစ်ပြီး ၊ သူမ၏ နောက်ကွယ်တွင် ကနဦးမူလတည်ထောင်သူ အဖွဲ့အစည်း ရှိသော်လည်း ၊
သို့သော် သူမအနေဖြင့် ဤတားမြစ်အင်အားစုများကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။
ထိုခေတ်ကာလတွင် နေထိုင်ခဲ့ဖူးသူများသာလျှင် တားမြစ်စူးမိသားစုနှင့် ကွေးယွမ်အမတဂိုဏ်းတို့မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိကြပေသည်။
ဒေဝလောက၏ ပထမဆုံးသော နတ်ဘုရားမိုးမခပင် ဟူသော အမည်သည် အတော်လေး နားထောင်ကောင်းသော်လည်း၊ ထိုအင်အားစုကြီးနှစ်ဖွဲ့သာ အလိုရှိပါက သူမကို ပြာဖြစ်အောင် လုပ်ရန်မှာ ခက်ခဲသောအလုပ် မဟုတ်ပေ။
ယခုအခါ သူမသည် စူးချန်ကဲ၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ဆိုရသော် ထိုအင်အားစုကြီးများ၏ လျှို့ဝှက်ချက်များစွာကိုလည်း သိရှိထားသူ တစ်ဦး ဖြစ်သည်။
အကယ်၍ သူမသာ ဤစီမံကိန်းတွင် မပါဝင်ပါက ၊ တစ်ဖက်လူသည် သူမကို စီမံကိန်းအတွက် အနှောင့်အယှက် ဖြစ်စေနိုင်မည့် အရာတစ်ခုအဖြစ် ရှုမှတ်ကာ ဖယ်ရှားပစ်မည်ကို စိုးရိမ်ရမည်။
ထို့အပြင် သူမအနေဖြင့် စူးချန်ကဲသည် နောင်တွင် မည်ကဲ့သို့သော အောင်မြင်မှုမျိုး ရရှိနိုင်မည်ကို အမှန်တကယ်ပင် သိချင်မိသည်။
တစ်ချိန်က ထိုဝတ်ရုံဖြူပုဂ္ဂိုလ်ကဲ့သို့ အရှိန်အဝါမျိုး ရှိနေသော ဤလူငယ်လေးသည် နောင်တွင် ဒေဝလောက၏ အခင်းအကျင်းကို မည်သို့ ပြောင်းလဲပစ်မည်နည်း။
"ကြည့်ရတာ ကောင်းကင်အရှင်က သဘောတူလိုက်ပြီ ထင်တယ်"
ပီယွီ့ကောင်းကင်အရှင်၏ တိတ်ဆိတ်မှုကို မြင်ပြီးနောက်၊ ရွှမ်ယွမ် အမတဧကရာဇ်မင်းသည် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းကင်အရှင်ရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"အခု ကောင်းကင်အရှင်က ကျွန်တော်တို့နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်း သွားရမယ့်သူတွေ ဖြစ်လာပြီဆိုတော့ ၊ ကျွန်တော်တို့ စူးမိသားစုကလည်း ကောင်းကင်အရှင်ကို အရင်ကလို အထွတ်အထိပ်ကို ပြန်ရောက်အောင် ၊ နောက်ပြီး ပိုပြီးမြင့်မားတဲ့ အဆင့်ထိရောက်အောင် ကူညီပေးဖို့ အသင့်ပါပဲ”
ဤစကားကြောင့် ပီယွီ့ကောင်းကင်အရှင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူမကို အထွတ်အထိပ် အခြေအနေဆီ ပြန်ရောက်အောင် ကူညီပေးမယ့်အပြင် ပိုပြီး မြင့်မားတဲ့အဆင့်ထိရောက်အောင် ကူညီပေးမတဲ့လား…
အကယ်၍ အခြားသူတစ်ဦးကသာ ဤကတိကို ပေးခဲ့မည်ဆိုပါက၊ သူမအနေဖြင့် လျစ်လျူရှုမိနိုင်သလို သို့မဟုတ် ဒေါသထွက်ကောင်းထွက်နိုင်သည်။
သို့သော် ဤသည်မှာ တားမြစ်စူးမိသားစု၏ ကတိဝတ်စကား ဖြစ်သည်။ သူတို့သည် ပြောလျှင် ပြောသည့်အတိုင်း လုပ်ဆောင်တတ်ကြသည်။
ယင်းက သူမကို အနည်းငယ် သွေးဆောင်နိုင်ခဲ့သည်။သူမ၏ လက်ရှိ ကျင့်ကြံမှုသည် အမတနယ်မြေ တစ်ခုလုံးတွင် အားအကောင်းဆုံးဟု ဆိုနိုင်သော်လည်း၊ အရင်ကထက်စာရင် နိမ့်ကျနေဆဲပင်။
အကယ်၍ သူမသာ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ပြီး ပိုမြင့်မားသော အဆင့်အတန်းကို ရရှိနိုင်မည်ဆိုပါက ၊ သူမသည် အမတနယ်မြေ၏ အထက်လောကသို့ သေချာပေါက် ပြန်သွားနိုင်ပေတော့မည်။
"အဲ့ဒီ သေချင်းဆိုး ဝတ်ရုံဖြူအဘိုးကြီးကြောင့်… သူသာ မရှိရင် ငါ အလကားနေရင်း ဘေးဒုက္ခတွေနဲ့ ကြုံရမှာလား”
"ငါ အထွတ်အထိပ်ကို ပြန်ရောက်တာနဲ့ ဒင်းကို သေချာပေါက် လိုက်ရှာပြီး သေချာပေါက် ပညာပေး..."
ထိုသို့ပြောရင်း ၊ သူမ၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
နေပါဦး ၊ ရှာတွေ့ခဲ့တောင် အနိုင်တိုက်နိုင်ပါ့မလား …
"အင်း... သူ့ကို တွေ့တာနဲ့ သေချာပေါက် သင်ခန်းစာ ကောင်းကောင်းကြီး ပေးရမယ်”
မိုးမခပင်လေး၏ ခံစားချက်ကို လှည့်စားခဲ့တယ်ပေါ့လေ..
မိုးမခရွက်တွေ ဘာလို့ ဒီလောက်တောင် စိမ်းနေရလဲဆိုတာ သူ သိသွားစေရမယ်!!
…..
တစ်ချိန်တည်းမှာပင်၊
ဟွမ်ကျီအမတနယ်မြေ ၊ ဖျောင်ရှန်းကြယ်စု။
ဝီ!
ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး မဟာလမ်းစဉ်၏ လှိုင်းဂယက်များနှင့်အတူ ကြီးမားသော အာကာသတံခါးကြီးတစ်ခု ပွင့်လာသည်။
အမတအလင်းများ လွှမ်းခြုံထားသော ပုံရိပ်နှစ်ခုသည် ယင်းအတွင်းမှ ဖြည်းညှင်းစွာ လှမ်းထွက်လာကြသည်။
၎င်းတို့နှစ်ဦးမှာ စူးချန်ကဲနှင့် လော့ရန်ယွီတို့ပင် ဖြစ်၏။
"ဒါက ဖျောင်ရှန်းကြယ်စုလား..."
လော့ရန်ယွီသည် တအံ့တဩ ရေရွတ်လိုက်သည်။
သူမသည် လောကကြီး၏ ကြီးကျယ်သော မြင်ကွင်းများစွာကို မြင်ဖူးသော်လည်း၊ သူမ၏ မျက်စိရှေ့က ကြယ်စု၏ ခမ်းနားထည်ဝါမှုသည် လော့ရန်ယွီကိုပင် စိတ်လှုပ်ရှားစေခဲ့သည်။
ကြယ်စင်ဟင်းလင်းပြင်ထဲတွင် တောက်ပသော အမတအလင်း မြစ်ကြီးတစ်ခု စီးဆင်းနေပြီး၊ မရေမတွက်နိုင်သော ကြယ်လေးများသည် ယင်းအတွင်း၌ လွင့်မျောနေကြသည်မှာ အိပ်မက်ဆန်သော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေ၏။
ရှေးဦးလျို့ဝှက်နယ်မြေ ပေါ်ထွက်လာမည်ကို သိရှိနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေသင့်သော နေရာမှာ အလွန်ပင် စည်ကားနေသည်။
မရေမတွက်နိုင်သော အာကာသသင်္ဘောများသည် စကြဝဠာတစ်လျှောက် ဖြတ်သန်းသွားလာနေသော သက်တံများအလား ဖျောင်ရှန်းကြယ်စု၏ အနက်ရှိုင်းဆုံး နေရာဆီသို့ ဦးတည်နေကြသည်။
ထိုနည်းတူစွာ အင်အားစုကြီးများမှ ဆက်ခံသူများလည်း အာကာသတံခါးများမှတစ်ဆင့် ရောက်ရှိလာကြသည်။
သို့သော် စူးချန်ကဲသည် ရှန်းဟွာရတနာလှေကို မထုတ်ရသေးမီမှာပင်။
ဘုန်း ဘုန်း ——
သူ၏အနောက်ဘက်မှ ကျယ်လောင်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး၊ ကြီးမားသော အရာတစ်ခုက မဟာလမ်းစဉ် လေညင်းများကို ဆောင်ကျဉ်းလျက် သူ့အနားသို့ တိုးကပ်လာသည်။
"အမ်…”
စူးချန်ကဲသည် အနောက်သို့ လှည့်ကြည့်လိုက်သည်။
အမတအလင်းများဖြင့် တလက်လက် တောက်ပနေပြီး ရတနာအရှိန်အဝါများ လွှမ်းခြုံထားသော ဧရာမ စစ်သင်္ဘောကြီးတစ်စင်းသည် သူတို့ဆီသို့ ပျံသန်းလာနေသည်။
ထိုစစ်သင်္ဘောမှာ ပေရာပေါင်းများစွာ ရှည်လျားပြီး ၊ ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ ရွှေရောင်တဝင်းဝင်း တောက်ပနေသည်။
ခမ်းနားလှသော ရှေးဟောင်းအလံတစ်ခုမှာ လေထဲတွင် တလွင့်လွင့် ပျံ့လွင့်နေပြီး၊ ယင်းအပေါ်၌ ‘ ဟောက်ယွဲ့ကောင်းကင် ဂိုဏ်း' ဟူ၍ ထင်ရှားလှသော စာလုံးကြီးများဖြင့် ရေးထွင်းထားသည်။
"ဒါက... ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းရဲ့ ဟောက်ယွဲ့အမတသင်္ဘော မဟုတ်လား..."
ထိုအရာကို မှတ်မိသွားသော ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်သည် ။
"ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းဆိုတာ ငါတို့ အမတနယ်မြေရဲ့ သာလွန်အင်အားစု(၁၈)ခုထဲက တစ်ခုပဲ ၊ သူတို့ရဲ့ အင်အားက ထိပ်တန်း သုံးခုထဲမှာတောင် ပါတယ်လို့ ကြားဖူးတယ် "
"ဒီသင်္ဘောကို စီးနိုင်တဲ့သူက ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းမှာ အဆင့်အတန်း မြင့်မားရမယ်၊ အရင်တုန်းက ဟောက်ယွဲ့ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်တောင်မှ ဒီသင်္ဘောကို စီးခွင့်မရခဲ့ဘူး..."
"အခု ဒီဟောက်ယွဲ့အမတသင်္ဘောကြီး ဒီမှာ ပေါ်လာတယ်ဆိုတော့၊ ဘယ်သူ့ရဲ့ ယာဉ်ဖြစ်မလဲ”
လူတိုင်း တီးတိုးပြောဆိုနေကြသော်လည်း အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့ထဲတွင် အဆင့်အတန်း မြင့်မားသူများ ပါဝင်သော်လည်း၊ ပြဿနာမဖြစ်ချင်သဖြင့် အသာတကြည်ပင် ရှောင်ပေးလိုက်ကြခြင်း ဖြစ်သည်။
စူးချန်ကဲသည် ထိုအရာကို စိတ်မဝင်စားဘဲ လော့ရန်ယွီနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် ဟောက်ယွဲ့အမတသင်္ဘောပေါ်မှ နူးညံ့သောအပြုံးနှင့် စကားသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။
"မိတ်ဆွေနှစ်ဦးလည်း ရှေးဦးလျို့ဝှက်နယ်မြေနဲ့ အနီးဆုံးဖြစ်တဲ့ တောက်ရွှီမြို့တော်ကို သွားကြမှာ မဟုတ်လား”
"ငါတို့လည်း အဲ့ဒီဘက်ကို သွားမှာဆိုတော့၊ မိတ်ဆွေနှစ်ဦးကို တစ်ပါတည်း တင်ခေါ်သွားပေးလို့ ရပါတယ်"
ထိုစကားကြောင့် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ၊ ဟောက်ယွဲ့အမတသင်္ဘောသည် သူ၏နောက်တွင် ဖြည်းညှင်းစွာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သင်္ဘော၏ ကုန်းပတ်ပေါ်တွင် လူငယ်အုပ်စုတစ်စု ရပ်နေကြပြီး၊ သူတို့သည် အမတနယ်မြေ၏ ခေတ်ပြိုင် ထိပ်တန်းပါရမီရှင်များ ဖြစ်ပုံရသည်။
သူတို့၏ ရှေ့ဆုံးတွင် ငှက်မွှေးသရဖူ ဆောင်းထားပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရှိနေသည်။
ထိုသူ၏ ကိုယ်ဟန်မှာ အရပ်ရှည်ရှည် စမတ်ကျပြီး၊ ချောမောသော ရုပ်ရည်သွင်ပြင် ရှိသည်။ သူ၏ လက်ထဲတွင် ကျောက်စိမ်းယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားကာ အတော်လေးကို ကြည့်ကောင်းလှပေသည်။
အထူးခြားဆုံးမှာ သူ၏ နဖူးအလယ်တွင် တတိယမျက်လုံးတစ်ခု ရှိနေခြင်း ဖြစ်ပြီး၊ ထိုမျက်လုံးမှာ မှိတ်ထားသော်လည်း လူကို ထိတ်လန့်စေသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
သူ၏ဘေးတွင်လည်း ရောင်ဝါအားကောင်းပြီး ရုပ်ရည်ခန့်ညားသော ကျင့်ကြံသူအချို့ ရှိနေကာ ၊ သူတို့၏ ကျင့်ကြံမှုမှာလည်း ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။