အထောက်အထား ပေါ်ပေါက်သွားခြင်း
Vol. 67 Ch. 870
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊
လူတိုင်း၏ ဆွေးနွေးငြင်းခုံသံများမှာ ရုတ်တရက် ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤအခိုက်အတန့်တွင် သက်ပြင်းရှိုက်သံများနှင့် တံတွေးမြိုချသံများကိုသာ ကြားရတော့သည်။
လူတိုင်း၏ အကြည့်များက စူးချန်ကဲထံသို့ အလိုအလျောက် စုပြုံကျရောက်သွားကြပြီး၊ တုန်လှုပ်ချောက်ချားသော အမူအရာများက ၎င်းတို့၏ မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်နေခဲ့သည်။
အချို့သော ကျင့်ကြံသူများမှာဖြင့် မိမိကိုယ်ကိုယ် နားကြားမှားလေသလားဟုပင် သံသယဝင်မိကြသည်။
စူးချန်ကဲ ဟုတ်လား…
ယနေ့ခေတ် အမတနယ်မြေ၏ ပါရမီရှင်များထဲတွင် ဤအမည်ကို မည်သူ မသိရှိမည်နည်း။
တားမြစ် စူးမိသားစု၊ သံသရာစက်ဝန်း အမတမင်းဆက် ၊ ကွေးယွမ်အမတဂိုဏ်း ထို့အပြင် ကောလဟာလ သတင်းများအရ သူ၏ တာအိုလက်တွဲဖော်မှာ ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမ ဖြစ်သည်ဟုပင် ဆိုကြသည်။
ယခင်က ကြားခဲ့ရသော အံ့အားသင့်ဖွယ်ရာ သတင်းများကို ထည့်မဆိုသေးခင် ၊ လတ်တလော သတင်းများအရ စူးချန်ကဲသည် သူတို့ အမတနယ်မြေတွင် ကောင်းကင်အမတ နယ်ပယ်အဆင့်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သည့် ထိပ်တန်းပါရမီရှင် တစ်ဦးပင် မဟုတ်လော။
ဤကဲ့သို့ ဒဏ္ဍာရီလာ အမျိုးသားသည် သူတို့မျက်စိရှေ့က ဝတ်ရုံဖြူလူငယ်လေးတစ်ဦး ဖြစ်နေခဲ့လေသလော။
"စူး... စူး... စူးချန်ကဲ”
"တကယ်ကြီးလား၊ ဒီလူက စူးချန်ကဲလား”
"ဒါဒါဒါ... စူးချန်ကဲလို တားမြစ်အင်အားစုကြီးတွေရဲ့ ထိပ်တန်းဆက်ခံသူဆိုတာ အမတနယ်မြေထဲ သွားလာတဲ့အခါ အခြွေအရံတွေ အများကြီးနဲ့ သွားလာရမှာ မဟုတ်ဘူးလား”
လူအချို့က သံသယမျက်လုံးများဖြင့် ပြောဆိုကြပြန်သည်။
"ဘယ်လိုလုပ်ပြီး အမျိုးသမီး အဖော်တစ်ယောက်တည်းနဲ့ သွားလာနေမှာလဲ”
ထိုစဉ် သူတို့သည် တစ်စုံတစ်ခုကို သတိရသွားကြပြန်သည်။
လော့ရန်ယွီကို ကြည့်ကာ ၎င်းတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမ လော့ရန်ယွီနှင့် စူးချန်ကဲတို့ကြားက ပတ်သက်မှုသည် အလွန်နက်နဲသည်ဟု ဆိုကြသည်။
ထို့အပြင် သူမ၏ အလှမှာလည်း အနှိုင်းမဲ့ဖြစ်ပြီး ၊ အမတနယ်မြေ တစ်ခုလုံးကို မှင်သက်သွားစေနိုင်သည်ဟုပင် ဆိုကြသည်။
ယခု စူးချန်ကဲ၏ ဘေးတွင် ရှိနေသော အမျိုးသမီး၏ ရုပ်ရည်နှင့် ရောင်ဝါမှာ သာမန်ကျင့်ကြံသူများ စိတ်ကူးပင် မယဉ်ရဲသော အဆင့်တွင် ရှိနေသည်။
အကယ်၍ ဤဝတ်ရုံဖြူ အမျိုးသားမှာ စူးချန်ကဲ ဖြစ်ပါက ၊ သူ၏ ဘေးမှ အမျိုးသမီးမှာလည်း ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမ လော့ရန်ယွီသာ ဖြစ်နိုင်ပေတော့မည်။
"စူးချန်ကဲ…”
ဤအမည်ကို ကြားလိုက်ရသည်နှင့် ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များ၏ မျက်နှာအမူအရာများမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် အစောပိုင်းက ရိုင်းစိုင်းစွာ ပြောဆိုခဲ့သော ထျန်းကူးယွဲ့၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ ခေါင်းပေါ်တွင် "အန္တရာယ်” ဆိုသော စာလုံးကြီး တစ်လုံး ရောက်ရှိလာသည်ကို သူ ခံစားမိနေသည်။
ဟောက်ယွဲ့ ကောင်းကင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် တစ်ဦးအနေဖြင့် သူသည် စူးချန်ကဲနှင့် ပတ်သက်သော သတင်းများစွာကို ကြားဖူးထားသည်။
သူ၏ နောက်ခံကို ထည့်မဆိုခင် ၊ သူ၏ ပါရမီမှာလည်း ထိပ်တန်းအဆင့်တွင်ရှိကာ မတူညီသော မဟာလမ်းစဉ် ကိုယ်ထည် ခြောက်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်မှ သတင်းများအရ စူးချန်ကဲ၏ တိုက်ပွဲမှတ်တမ်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။
သူသည် ထိပ်တန်းပါရမီရှင် အမြောက်အမြားကို သူတစ်ဦးတည်းဖြင့် ချေမှုန်းခဲ့သည်။
ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ယွမ်ချန်းဟုန်၊ ဖုန်းယွင်လှံခန်းမမှ ရှောင်ဝူရှန်း၊ ထျန်းဟိုင်ဓားဂိုဏ်းမှ ကောင်းကင်အမွေခံ လင်းဟန်...
သူတို့အားလုံးသည်ပင် စူးချန်ကဲ၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့ကြရသည်။
ယခင်က အမတနယ်မြေတွင် စူးချန်ကဲသည် ကိုယ်ထည်များစွာ ပိုင်ဆိုင်ထားသောကြောင့် မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုကို ခံစားနေရသည်ဟု ကောလာဟလများ ထွက်ခဲ့ဖူးသည်။
အမတနယ်မြေ၏ ထိပ်တန်းစာရင်းဝင် ပါရမီရှင်များသည်ပင် သူ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ ဤသည်ကို မဟာလမ်းစဉ်၏ တန်ပြန်သက်ရောက်မှုဟု ခေါ်နိုင်လေသလော။
ထျန်းကူးယွဲ့အနေဖြင့် မိမိကိုယ်ကိုယ် ယုံကြည်ချက် ရှိသော်လည်း၊ သို့သော် စူးချန်ကဲ ကဲ့သို့သော နာမည်ကျော်ကြီးကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်။
သူတစ်ယောက်တည်းသာမက ဟောက်ယွဲ့ကောင်းကင်ဂိုဏ်း၏ အခြားပါရမီရှင်များလည်း စူးချန်ကဲ ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ၊ နဖူးမှ ချွေးသီးများ တဒီးဒီးကျလာကာ ကျောချမ်းသွားကြလေ၏။
သူတို့သည် ချင်းဟုန်ကို အလိုမကျသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်
"မင်း ဘာလို့ သူ့ကို သွားပြီး ရန်စတာလဲ" ဟု ပြောနေသကဲ့သို့ပင်။
"တားမြစ်အင်အားစု သုံးဖွဲ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ စူးချန်ကဲ..."
ချင်းဟုန်၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းလှပေ။ သူသည် လူ့လောကထဲသို့ ပြန်ထွက်လာစဉ်ကပင်၊ ဟောက်ယွဲ့ဂိုဏ်း၏ လူကြီးများက စူးချန်ကဲအကြောင်းကို အတန်တန် သတိပေးခဲ့ကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မဟာလမ်းစဉ်စာရင်းအရ ၊ စူးချန်ကဲသည် လက်ရှိခေတ် ပါရမီရှင်များထဲတွင် ကောင်းကင်အမတ နယ်ပယ်သို့ ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်ကြောင်းကို သူ သိထားသည်။
ထို့အပြင် သူသည် ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်တစ်ဦး ဖြစ်သော်လည်း တားမြစ်အင်အားစု သုံးခုအကြောင်းကို ကောင်းကောင်း သိထားသည်။
ထိုအင်အားစုများတွင်လည်း ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်များစွာ ရှိကြပြီး၊ ထိုခေတ်ကာလတွင် ၎င်းတို့မှာ သူထက်ပင် ပို၍ တောက်ပ ကျော်ကြားခဲ့ကြသူများ ဖြစ်သည်။
စူးချန်ကဲ၏ အဆင့်အတန်းသည် ထိုအင်အားစု သုံးခုစလုံးတွင် အလွန် အဆင့်အတန်းမြင့်ပေရာ၊ သူသာ စူးချန်ကဲကို ရန်စမိပါက ပြဿနာအကြီးအကျယ် တတ်သွားနိုင်သည်။
ထိုစဉ် စူးချန်ကဲက ပြုံးလျက် မေးလိုက်သည်။
"ဘာလို့ လူတိုင်းရဲ့ အမူအရာတွေက မကောင်းတော့တာတုန်း”
"ဘာလဲ၊ စောစောကတော့ ငါ့ကို စေတနာကို လက်ခံခိုင်းနေတယ် မဟုတ်ဘူးလား”
"ငါက မင်းတို့ရဲ့ စေတနာကို မလေးစားရင်၊ ငါ့ကို ပညာပေးဦးမလို့ မဟုတ်လား”
"အထင်လွဲတာပါ”
ခေါင်းဆောင်ဖြစ်သူ ချင်းဟုန်က အတင်းအကျပ် ပြုံးရယ်လိုက်ရင်း ဦးညွှတ်ကာ ဆိုလိုက်သည်။
"ဒီမှာ ချန်ကဲလူကြီးမင်းနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ၊ စောစောက ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ချင်းဟုန်သည် စူးချန်ကဲကို မသိမသာပင် လူကြီးမင်းဟု ပြောင်းလဲခေါ်ဆိုလိုကိ၏။
သူသည် ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင် ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိသည်မှာ အမှန်ပင် ဖြစ်သော်လည်း၊
သို့သော် သူသည် သာလွန်အင်အားစု (၁၈) ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။ စူးချန်ကဲသည် တားမြစ်အင်အားစုကြီး၏ ပင်မ အမွေဆက်ခံသူ ဖြစ်သည်။
ထို့အပြင် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဖြစ်ပျက်ခဲ့သည်များကိုလည်း သူ ကြားထားပြီး ဖြစ်သည်။
သူတို့ရန်စခဲ့သော ဂိုဏ်းနှစ်ခုစလုံး အပြီးတိုင် ချေမှုန်းခံလိုက်ရပြီ ဖြစ်၏။
အမတနယ်မြေသို့ လှည့်လည်သွားလာရာတွင် လူကြီးပိုင်းများအနေဖြင့် ဝင်စွက်ဖက်ခွင့် မရှိသော်လည်း ၊ သို့သော် စူးချန်ကဲ၏ လက်အောက်ငယ်သား လူငယ်ပါရမီရှင်များမှာ အတော်လေး ကြောက်စရာကောင်းလှသည်။
တစ်ဦးချင်းဆိုလျှင်လည်း မနိုင်နိုင်သလို၊ အဖွဲ့လိုက်ဆိုလျှင်လည်း ကိုယ့်သေတွင်းကို တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
အရှုံးပေးလိုက်ခြင်းသည်သာ အကောင်းဆုံးပင် ဖြစ်၏။
ထျန်းကူးယွဲ့ကလည်း အလျင်အမြန်ပင် ဦးညွှတ်လိုက်ပြီး သူ၏ရင်ဘက်ထဲမှ အမတ ဆေးပင်တစ်ပင်ကို ထုတ်ယူကာ ရိုရိုသေသေ ကမ်းပေးလိုက်သည် ။
"စောစောက အမြင်မရှိလို့ ထိုက်တောင်ကို မမြင်မိတာပါ ၊ ဒီဆေးပင်လေးက ကျွန်တော့်ရဲ့ စေတနာပါ၊ ချန်ကဲလူကြီးမင်းအနေနဲ့ လက်ခံပေးဖို့ တောင်းပန်ပါတယ်”
သူသည် ချင်းဟုန်ကဲ့သို့ ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင် တစ်ယောက် မဟုတ်ပေ။ အကယ်၍ စူးချန်ကဲကသာ စောစောက ကိစ္စကို စိတ်ထဲထားနေပါက ၊ သူ့အနေဖြင့် သေချာပေါက် ဒုက္ခရောက်ပေတော့မည်။
ထို့ကြောင့် ရန်ငြိုးကို မိတ်ဆွေအဖြစ် ပြောင်းလဲရန် လက်ဆောင်ပေးအပ်လိုက်ခြင်း ဖြစ်သည်။
"ချန်ကဲလူကြီးမင်း အပြစ်မယူပါနဲ့”
ကျန်ရှိသော ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များလည်း ပြန်သတိဝင်လာကာ အသီးသီး တောင်းပန်ကြလေတော့သည်။
"အယ်... ဒါက..."
ရုတ်တရက်ဆန်လွန်းသော အပြောင်းအလဲကြီးကြောင့် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများမှာ ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမိသည်။
စူးချန်ကဲ၏ အထောက်အထားကို မသိမီက သူတို့အားလုံးသည် စူးချန်ကဲ တစ်ယောက် ဒုက္ခရောက်တော့မည်ဟု ထင်ခဲ့ကြသည်။
အခုတော့ ကြည့်စမ်း …
အထောက်အထား ပေါ်ပေါက်သွားသည်နှင့် တစ်ပြိုင်နက်၊ အမတနယ်မြေတွင် အမြဲတမ်း ဗိုလ်ကျတတ်သော ဟောက်ယွဲ့ ကောင်းကင်ဂိုဏ်းသားများမှာ တစ်ယောက်မကျန် ကြောက်လန့်တုန်လှုပ်နေကြသည်။
ယခုတွင်မူ လူတိုင်း လက်ဆောင်များထုတ်ကာ တောင်းပန်နေကြပြီး စူးချန်ကဲကို လူကြီးမင်း ဟုပင် ရိုရိုသေသေ ခေါ်ဆိုနေလေ၏။