← Chapters

သားရဲပင်လယ်၊ ရင်းနှီးသောသူနှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 67 Ch. 871

သားရဲပင်လယ်၊ ရင်းနှီးသောသူနှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 67 Ch. 871

သို့သော် စဉ်းစားကြည့်ရင်လည်း အဓိပ္ပာယ်ရှိပေသည်။

အမတနယ်မြေတစ်ခုလုံးတွင် စူးချန်ကဲ၏ အထောက်အထားကို အတုခိုးဝံ့သူ သို့မဟုတ် အယောင်ဆောင်ဝံ့သူ မည်သူ ရှိမည်နည်း။

သူတို့မျက်စိရှေ့က ဤဝတ်ရုံဖြူသည် စူးချန်ကဲအစစ် ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

တစ်ဖက်လူ၏ အထောက်အထားကို သိသိလျက်နဲ့ စိန်ခေါ်နေဦးမည်ဆိုပါက ကိုယ့်သေတွင်းကို တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

သာမန်အသိဉာဏ်ရှိသူတိုင်း မည်သို့ ရွေးချယ်ရမည်ကို သိကြပေသည်။

ဤမြင်ကွင်းကြောင့် စူးချန်ကဲသည်လည်း အနည်းငယ် အံ့အားသင့်သွားကာ ပြုံးလျက် ခေါင်းခါလိုက်သည်။

"ကောင်းပြီလေ... မင်းတို့ရဲ့ တောင်းပန်မှုကို ငါလက်ခံတယ်၊ ဒီကိစ္စကိုလည်း ဒီမှာတင် အဆုံးသတ်လိုက်မယ်"

"ချန်ကဲလူကြီးမင်းကို ကျေးဇူးတင်ပါတယ်"

စိုးရိမ်ထိတ်လန့်နေကြသော ဟောက်ယွဲ့ကောင်းကင်ဂိုဏ်းမှ ပါရမီရှင်များမှာ ထိုမှသာလျှင် သက်ပြင်းချနိုင်တော့သည်။

မူလက ဤလူတစ်စုသည် မာန်မာနတရားကြောင့် အသိဉာဏ်ကင်းမဲ့ကာ သူ့ကို တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ထိုသို့ဆိုလျှင်၊ သူသည် ခေတ်ဟောင်း လူ့ဘီလူးပါရမီရှင်များ၏ အစွမ်းသတ္တိကို စမ်းသပ်ကြည့်နိုင်တော့မည် မဟုတ်လော။

သို့သော် တစ်ဖက်လူသည် သူ့ကို ထိုအခွင့်အရေး မပေးခဲ့ချေ။

ချင်းဟုန်မှာ စူးချန်ကဲ၏ သိမ်မွေ့သော အမူအရာ ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။

စူးချန်ကဲသည် စောနက သူ့ကို သံသရာစက်ဝန်းထဲသို့ ပို့ဆောင်ရန် ကြံရွယ်ထားသည်ကို သူ ခံစားမိသည်။

ဤကဲ့သို့ အရှုံးပေးလိုက်ခြင်းသည် အသက်တစ်ချောင်းကို ကယ်တင်လိုက်နိုင်သည်နှင့် တူပေသည်။

စူးချန်ကဲ မှ ထွက်ခွာရန်ဟန်ပြင်လိုက်စဉ်၊ ချင်းဟုန်က တစ်ဖန် စကားဆိုပြန်သည် ။

"ချန်ကဲလူကြီးမင်း... ဒီနေရာကနေ တောက်ရွှီမြို့တော်ကို သွားဖို့ လမ်းခရီးက အတော်လေး ဝေးပါသေးတယ်"

"လမ်းမှာ ဖရိုဖရဲကြယ်စု သားရဲပင်လယ်ကို ဖြတ်ရဦးမှာပါ၊ အကယ်၍ အမတသင်္ဘော မပါရင် လူကြီးမင်းအတွက်..."

သူ စကားမဆုံးသေးမီမှာပင်။

စူးချန်ကဲသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်၌ လှိုင်းထန်သွားပြီး ၊ အကန့်အသတ်မရှိသော နတ်အရှိန်အဝါများ ဖြာထွက်နေသည့် အမတသင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ပြင်ပအသွင်အပြင် တစ်ခုတည်းကို ကြည့်ရုံဖြင့် ၊ ဤသင်္ဘောမှာ ဟောက်ယွဲ့သင်္ဘောထက် များစွာ ပို၍ ခန့်ညားထည်ဝါလှသည်။

၎င်းပေါ်တွင် ခမ်းနားစွာ ဆောက်လုပ်ထားသော အဆောက်အအုံများ ရှိရုံသာမက ၊ မရေမတွက်နိုင်သော ပန်းမျိုးစုံတို့ကိုလည်း စိုက်ပျိုးထားသည်။

သင်္ဘော၏ မျက်နှာပြင်ပေါ်တွင် ရေးထွင်းထားသော မဟာလမ်းစဉ်ဆိုင်ရာ အစီအရင်များမှာ အစီအရင်ပညာရှင်တစ်ဦးမှ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ၊ ၎င်းတို့သည် လှပဆန်းကြယ်ရုံသာမက ဖျက်ဆီးမရနိုင်အောင် ခိုင်ခံ့လွန်းသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော ချင်းဟုန်မှာ မေးရိုးပြုတ်လုမတတ် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။အတန်ကြာမှ သတိပြန်ဝင်လာပြီး ၊ သူသည် ခါးသီးစွာ ပြုံးလိုက်မိတော့သည်။

သူသည် စူးချန်ကဲကို ဟောက်ယွဲ့သင်္ဘောပေါ်သို့ ဖိတ်ခေါ်ကာ လမ်းခရီးတွင် မိတ်ဆွေဖွဲ့ရန် ကြံစည်ခဲ့သည်။

သို့သော် ယခု စူးချန်ကဲ ထုတ်ပြလိုက်သော သင်္ဘောမှာ သူတို့စီးလာသည့် သင်္ဘောထက် များစွာ ပို၍ ကြီးကျယ်ခမ်းနားလွန်းနေသည် မဟုတ်လော။

သူသာ ဤနေရာတွင် ဆက်ရှိနေဦးမည်ဆိုပါက၊ လူပြက်တစ်ယောက် ဖြစ်ပေတော့မည်။

သူသည် စူးချန်ကဲကို တစ်ဖန် ဂါရဝပြုပြီးနောက် ၊ ဟောက်ယွဲ့သင်္ဘောကြီးနှင့်အတူ ဤနေရာမှ အမြန်ဆုံး ပျောက်ကွယ်သွားလေတော့၏။

"သွားကြစို့"

သူတို့ ထွက်ခွာသွားပြီးနောက်တွင် ၊ စူးချန်ကဲသည် လော့ရန်ယွီကို ခေါ်ဆောင်ကာ သင်္ဘောပေါ်သို့ တက်လိုက်ပြီး အခြားလမ်းကြောင်းမှ တစ်ဆင့် တောက်ရွှီမြို့တော်ဘက်သို့ ဦးတည် ထွက်ခွာခဲ့သည်။

ကျန်ရှိနေခဲ့ကြသော ကျင့်ကြံသူများအနက် အချို့မှာ မိမိတို့စီးလာသော ခုနစ်ရောင်ခြယ် ကြက်ဖကြီးများကို ငုံ့ကြည့်ရင်း ရှက်ရှက်ဖြင့် အမြန်ပင် ကောက်သိမ်းလိုက်ကြသည်။

လူအချင်းချင်း ကွာခြားချက်က ဒီလောက်ထိ ကြီးမားရသလား ကွ….

ဤမျှ ခန့်ညားထည်ဝါသော အမတသင်္ဘောကြီးသည် ရွေ့လျားနေသော အမတနန်းတော်ကြီးတစ်ခုအလား ထင်မှတ်ရသည်။

ထို့အပြင် ဤမျှ ကြီးမားသော သင်္ဘောပေါ်တွင် စူးချန်ကဲနှင့် လော့ရန်ယွီတို့ နှစ်ကိုယ်တူ စီးသွားခြင်းမှာ လေ့ကျင့်ရေးခရီးစဉ် ထွက်ခြင်းလော သို့မဟုတ် အပန်းဖြေခရီးထွက်လာခြင်းပင်လော။

"ဟူး... ငါတို့လို အောက်ခြေကျင့်ကြံသူတွေကတော့ အားမကျတာပဲ ကောင်းပါတယ်”

"ဟားးဟားး… စောနက စူးချန်ကဲ သူ့ရဲ့ဖိနှိပ်မှု အရှိန်အဝါတွေကို ထုတ်လွှတ်လိုက်တုန်းက မင်းက ပထမဆုံးတုန်လှုပ်သွားတာပဲ”

" သူ့နောက်ခံကြ ပြောပြီး သူ့ရဲ့ ခွန်အားနဲ့ ပါရမီကိုကျတော့ မင်းက တစ်လုံးမှ ထည့်မပြောဘူးနော်”

"မင်းတို့ ရန်မဖြစ်ကြနဲ့တော့... သတိထားမိလိုက်လား၊ စူးချန်ကဲ သွားတဲ့ဘက်က ဖရိုဖရဲကြယ်စု သားရဲပင်လယ်ရဲ့ အဓိကဗဟိုချက်ကို ဖြတ်ပြီး တောက်ရွှီမြို့တော်ကို တိုက်ရိုက်သွားမယ့်ပုံပဲ”

ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ပြောလိုက်သည် ။

"ကြားတာတော့ ရှေးဦးလျို့ဝှက်နယ်မြေ ပေါ်ထွက်လာတာကြောင့် အနားမှာရှိတဲ့ ဖရိုဖရဲကြယ်စု သားရဲပင်လယ်မှာလည်း သက်ရောက်မှု ရှိတယ်ဆိုပဲ အထူးသဖြင့် အဲ့မှာ အမည်မသိ ကြယ်စုသားရဲတွေ ထွက်ပေါ်လာကြတယ်တဲ့..."

"စူးချန်ကဲက ‌အဲ့နေရာကို ဖြတ်သွားတာ အန္တရာယ်ရှိမှာကို မကြောက်ဘူးလား”

"ဟာသပဲ မင်း ခုနက စူးချန်ကဲ စီးသွားတဲ့ အမတသင်္ဘောကြီးကို မမြင်ဘူးလား၊ မဟာလမ်းစဉ် အစီအရင်တွေ အများကြီး တည်ဆောက်ထားတာ ….ဒီတိုင်းလေး ရပ်နေရင်ကို ဘာဖြစ်နိုင်မှာတုန်း”

"ပြီးတော့ ဒီလို အင်အားစုကြီးတွေရဲ့ ဆက်ခံသူတွေ ခရီးသွားရင် နောက်ကွယ်မှာ ကာကွယ်စောင့်ရှောက်သူတွေ သေချာပေါက် ပါမှာပဲ၊ ငါတို့က ဘာလို့ ပူနေရမှာလဲ"

ဖရိုဖရဲကြယ်စု သားရဲပင်လယ်။

ဟွမ်ကျီအမတနယ်မြေ တစ်ခုလုံးတွင် ဤနေရာသည် အလွန်ပင် ဆန်းကြယ်သော နေရာတစ်ခု ဖြစ်သည်။

ဤကြယ်စုတန်းတွင် ဖရိုဖရဲ ကြယ်စွမ်းအား ဟုခေါ်သော ထူးခြားသည့် စွမ်းအားတစ်ခု တည်ရှိသည်ဟု ဆိုကြသည်။

အမတစွမ်းအားနှင့် မတူသည်မှာ ဤစွမ်းအားသည် စကြဝဠာနှင့် သဟဇာတမဖြစ်ဘဲ စကြဝဠာအတွင်းရှိ ကြယ်စင်များနှင့်သာ ပဲ့တင်ထပ်နိုင်သည်။

ရှေးဦးလျို့ဝှက်နယ်မြေ တည်ရှိရာ ဖျောင်ရှန်းကြယ်စုသည် အမှန်အားဖြင့် ဖရိုဖရဲကြယ်စု သားရဲပင်လယ်အတွင်း၌ တည်ရှိနေခြင်း ဖြစ်သည်။

ယင်းအတွင်းရှိ ဖရိုဖရဲ ကြယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော နယ်ပယ်သည် ဖျောင်ရှန်းကြယ်စု၏ ဘေးပတ်ပတ်လည်တွင် အကာအကွယ်တစ်ခုအဖြစ် ရှိနေပြီး၊

ဖျောင်ရှန်းကြယ်စုကို သီးခြားတည်ရှိမှုအဖြစ် လုပ်ဆောင်ထားသည်။

တစ်ချိန်တည်းမှာပင် ။

ဤစွမ်းအားများဖြင့် ပြည့်နှက်နေသော ကြယ်စုတန်းတွင် ကြယ်စင်ဝါးမျိုသားရဲ ဟုခေါ်သော ထူးခြားသည့် သတ္တဝါများလည်း တည်ရှိသည်။

၎င်းတို့မှာ အမတနယ်မြေ၏ အလွန်ရှေးကျသော သားရဲများဖြစ်ကြပြီး၊ ကြယ်စင်များကို စားသုံးကာ ကြီးမားသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။ အချို့သော သားရဲများ၏ တောင်ပံများမှာ နေမင်းကြီးကိုပင် ဖုံးကွယ်ထားနိုင်သည်ဟု ဆိုကြသည်။

အပြည့်အဝ ကြီးထွားလာသော သားရဲများမှာ သာမန် အမတဧကရာဇ်များနှင့်ပင် ရင်ပေါင်တန်းနိုင်သည်။ ထို့ကြောင့် ဤနေရာကို ဖရိုဖရဲကြယ်စု သားရဲပင်လယ်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

ရှေးခေတ်ကာလများတွင် ဤနေရာအတွင်း၌ အလွန် မြင့်မားသော အသိဉာဏ်နှင့် ကျင့်ကြံမှု မြင့်မားသော မျိုးနွယ်စုတစ်ခု ရှိခဲ့ဖူးပြီး အမတဧကရာဇ်များကိုပင် အမဲလိုက်ခဲ့ဖူးသည်ဟု ဆိုကြသည်။

သို့သော် သူတို့သည် အပြင်သို့ နယ်မြေမချဲ့ထွင်ဘဲ နေရာတစ်ခုတည်းတွင်သာ အခြေချနေထိုင်ကြပြီး တစ်စုံတစ်ခုကို စောင့်ရှောက်နေသဟန် ရသည်။

ဖရိုဖရဲကြယ်စု သားရဲပင်လယ်၏ ဗဟိုချက်။

ဝုန်း ဝုန်း ဝုန်း—

အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသော ဖရိုဖရဲ မိုးကြိုးများသည် ဟင်းလင်းပြင်အတွင်း၌ ပေါက်ကွဲလျက် ရှိသည်။

လျှပ်စီးမိုးကြိုးများ ပေါက်ကွဲပျံ့နှံ့သွားတိုင်း ပင့်ကူအိမ်ကဲ့သို့သော ဟင်းလင်းပြင် အက်ကြောင်းများသည် မိုင်သန်းပေါင်းများစွာ ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံသွားတတ်သည်။

ဗဟိုချက်တွင် ကြီးမားသော မိုးကြိုးဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး၊ ၎င်း၏ အထက်တွင် ခန့်ညားထည်ဝါသော ပုံရိပ်နှစ်ခု ရှိနေသည်။

ရှေ့ဆုံးနေရာတွင် ရပ်နေသော အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားသည့် ဆံပင်ဖြူဖြူ အမျိုးသားမှာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။

အနီးကပ် ကြည့်လိုက်မည်ဆိုပါက ၊ ထိုအမျိုးသား၏ ကျောနောက်တွင် ရှေးဟောင်းဓားရှည်တစ်လက်ကို မြင်တွေ့နိုင်ပြီး ယင်းပေါ်တွင် ထင်ရှားသော စာလုံးကြီး သုံးလုံးကို ရေးထွင်းထားသည်။

ကျန့်ထျန်းဓား ။

ဤလူမှာ အခြားသူမဟုတ် စူးရွှမ်ပင် ဖြစ်၏။

All Chapters