← Chapters

ဝူထျန်းသင်္ချိုင်းတွင်း၊ ကနဦးအမတဧကရာဇ််မင်း၏ ဇာတိမြေ

Vol. 67 Ch. 872

ဝူထျန်းသင်္ချိုင်းတွင်း၊ ကနဦးအမတဧကရာဇ််မင်း၏ ဇာတိမြေ

Vol. 67 Ch. 872

"စူးရွှမ် ၊ မင်း တစ်ခုခု မှားနေတာ မဟုတ်လား”

စူးရွှမ်၏ ဘေးတွင် ရပ်နေသော ကျောက်စိမ်းရောင် ဦးချိုများရှိသည့် အဖိုးအိုသည် သူ၏ ဒေါသကို မထိန်းနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည် ။

"ဒီနေရာက ငါတို့ နတ်ဘုရားသားရဲ မျိုးနွယ်စု အဆက်ဆက် စောင့်ရှောက်လာခဲ့တဲ့ လျှို့ဝှက်မြေပဲ၊ မင်းပြောသလို ဝူထျန်းသင်္ချိုင်းတွင်းက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

နတ်ဘုရားသားရဲ မျိုးနွယ်စု။

၎င်းတို့သည် အမတဧကရာဇ်များကိုပင် အမဲလိုက်ခဲ့ဖူးသည်ဟု ဆိုကြသော ဖရိုဖရဲကြယ် သားရဲပင်လယ်တွင် နေထိုင်သည့် ရှေးဟောင်းမျိုးနွယ်စု ဖြစ်သည်။

သူတို့မျိုးနွယ်စုသည် ဖရိုဖရဲကြယ် သားရဲပင်လယ်အတွင်း ပထမဆုံး ပေါ်ပေါက်လာခဲ့သော မျိုးနွယ်စုဖြစ်သည်။

ထိုရှေးဟောင်းခေတ်ကာလက သူတို့၏ နတ်ဘုရားသားရဲ မျိုးနွယ်စုတွင် အလွန် ကြီးကျယ်ခမ်းနားသော သခင်တစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူမှာ ကနဦး အမတ ဧကရာဇ်မင်း (၁၃) ပါးအနက် တစ်ပါးဖြစ်သော ထျန်းရွှမ် အမတ ဧကရာဇ်မင်းပင် ဖြစ်သည်။

ယခု မြင်တွေ့နေရသော ဖရိုဖရဲ မိုးကြိုးဝဲဂယက်ကြီး၏ ဗဟိုချက်မှာ သူတို့ မျိုးနွယ်စု အဆက်ဆက် စောင့်ရှောက်လာခဲ့သော နေရာဖြစ်ပြီး ၊ ထျန်းရွှမ် အမတဧကရာဇ်မင်း မွေးဖွားရာ ကမ္ဘာငယ်လေးလည်း ဖြစ်သည်။

ဤကမ္ဘာငယ်လေးနှင့် ပတ်သက်၍ သူတို့ကိုယ်တိုင်လည်း အများကြီး မသိပေ။ ကမ္ဘာဦးကာလတွင် တောင်ပေါ်ရွာလေးတစ်ရွာ ရှိခဲ့သည်ဟု ဒဏ္ဍာရီအရ ကြားဖူးကြသည်။

ထိုရွာလေးထဲမှ ထျန်းရွှမ် အမတဧကရာဇ်မင်း တစ်ဦးတည်း ထွက်ပေါ်လာခြင်း မဟုတ်ဘဲ၊ အခြားသော ပုဂ္ဂိုလ်နှစ်ဦးလည်း ထွက်ပေါ်လာခဲ့ဖူးသည်။

သူတို့သည် ထျန်းရွှမ် အမတဧကရာဇ်မင်းနှင့် အဆင့်အတန်း တူညီကြသော ကနဦးအမတဧကရာဇ်များ ဖြစ်ကြသည့် ထိုက်ရွှမ်အမတဧကရာဇ်မင်း နှင့် ချင်းရွှမ် အမတဧကရာဇ်မင်းတို့ ဖြစ်ကြသည်။

၎င်းတို့၏ အမည်ကို ကြည့်ခြင်းအားဖြင့် ဤသုံးဦး၏ ပတ်သက်မှုမှာ အလွန်နက်နဲကြောင်း သိနိုင်ပေသည်။

ထိုတောင်ပေါ်ရွာလေးသည် ဒေဝလောက၏ ပထမဆုံး အမတဧကရာဇ်မင်း သုံးပါးကို မွေးထုတ်ပေးနိုင်ခဲ့သည်ဖြစ်ရာ ၊ ထူးခြားဆန်းကြယ်သော နေရာဖြစ်မည်မှာ ဧကန်မလွဲပင်။ ယင်းအတွင်း၌ ကမ္ဘာဦးအစ၏ လျှို့ဝှက်ချက်များပင် ကိန်းအောင်းနေနိုင်သည်ဟု ဆိုကြသည်။

ဤကဲ့သို့သော လျို့ဝှက်ဆန်းကြယ်သည့် နေရာသည် နတ်ဘုရားသားရဲ မျိုးနွယ်စုသာမက အမတနယ်မြေရှိ သက်ရှိအပေါင်းတို့၏ အမြင်တွင် မြင့်မြတ်သော နေရာတစ်ခုသာ ဖြစ်သည်။

သို့သော် စူးရွှမ်၏ ပါးစပ်ထဲမှာတော့ ဝူထျန်း သင်္ချိုင်းတွင်းသည် ကံအကျိုးဆက် အတားအဆီးများနှင့် ပြည့်နှက်နေပြီး အငြိုးအတေး ဝိညာဉ်များကို ဖုံးကွယ်ထားသော နေရာတစ်ခုဟု အခိုင်အမာ ပြောနေ‌၏။

ဤသည်မှာ လုံးဝ အခြေအမြစ်မရှိသော စကားပင်။

ထို့အပြင် အဆုံးမဲ့ကပ်ဘေး သို့မဟုတ် ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီး ဆိုသည်မှာလည်း လွန်ခဲ့သော နှစ်ကာလပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကံအကျိုးဆက် စွမ်းအားများသည်လည်း လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်ရာ ၊ သူတို့ စောင့်ရှောက်နေသော ဤမြင့်မြတ်သော နေရာတွင် မည်သို့ ပုန်းအောင်းနေနိုင်မည်နည်း။

"ဟားး... မျိုးနွယ်စုခေါင်းဆောင် ရှင်းကျွယ်၊ ခင်ဗျားပြောတဲ့ ဒီမြင့်မြတ်တဲ့နေရာဆိုတာ ဘယ်တုန်းက အချိန်ကို ပြောတာလဲ”

"ပြီးတော့ အဲ့ဒီအချိန်တုန်းက အဆုံးမဲ့ကပ်ဘေးကြီး မဖြစ်သေးဘူး မဟုတ်လား”

စူးရွှမ်က ပြုံးလျက် ဆက်ပြောသည်။

"နောက်ပြီး ခင်ဗျားတို့ မျိုးနွယ်စုက ဒီမှာ အမြဲတမ်း စောင့်ရှောက်နေတယ် ဆိုပေမဲ့ အထဲကို တစ်ခါမှ မဝင်ဖူးကြဘူး မဟုတ်လား”

" ပြီးတော့ ဒီလောက်ကြာတဲ့ ကာလအတွင်းမှာ အထဲမှာ ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုတွေ မဖြစ်လာနိုင်ဘူးလို့ ခင်ဗျား ဘယ်လိုလုပ်ပြီး အတပ်ပြောနိုင်ရတာလဲ”

ဤစကားကြောင့် မျိုးနွယ်စုခေါင်းဆောင် ရှင်းကျွယ်မှာ အခိုက်အတန့်မျှ ကြောင်အမ်းသွားကာ ထို့နောက် ပြန်လည် ငြင်းဆိုလိုက်သည်။

"မဖြစ်နိုင်ဘူး ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

" မကြာခင်က ထွက်ပေါ်လာတဲ့ ရှေးဦးလျို့ဝှက်နယ်မြေကြောင့် ငါတို့ ဖရိုဖရဲကြယ်စု သားရဲပင်လယ်မှာ သက်ရောက်မှု ရှိခဲ့တယ် ဆိုပေမဲ့၊ ငါတို့ မျိုးနွယ်စုက အကောင်းဆုံး နည်းလမ်းတွေနဲ့ ထိန်းချုပ်ထားပြီးသားပဲ”

"ပြီးတော့ နှစ်ကာလပေါင်းများစွာ တိုင်အောင် ငါတို့ နတ်ဘုရားသားရဲ မျိုးနွယ်စုက ဒီနေရာကို အစောင့်အကြပ်တွေ အထပ်ထပ်နဲ့ စောင့်နေခဲ့တာ၊ ဘယ်သူမှ အနားမကပ်နိုင်ဘူး”

"ဒီလောက် ကြာတာတောင် ဘာပြောင်းလဲမှုမှ မရှိခဲ့ဘူး”

ရှင်းကျွယ်က အံကြိတ်လျက် ဆက်ပြောသည်။

"ခင်ဗျား မယုံရင် ကျုပ်ရဲ့ နတ်ဘုရားသားရဲ မျိုးနွယ်စုရဲ့ ခေါင်းဆောင် အဆင့်အတန်းနဲ့ အာမခံတယ်”

ဤနေရာသည် သူတို့ မျိုးနွယ်စု အဆက်ဆက် စောင့်ရှောက်လာသည့် အလွန် လျှို့ဝှက်သော နေရာ တစ်ခုဖြစ်ပြီး ၊ ကမ္ဘာဦးအစ လျှို့ဝှက်ချက်အချို့နှင့်လည်း ဆက်စပ်နေသည်။

ထို့အပြင် ဤနေရာသည် ကနဦးအမတဧကရာဇ်မင်း သုံးပါး၏ ဇာတိမြေ ဖြစ်၏။

အပြင်လူကို ဝင်ခွင့်ပြုလိုက်မည်ဆိုပါက ၊ သူတို့၏ သခင်နှင့် ဘိုးဘေးများကို မည်သို့ မျက်နှာပြရမည်နည်း။

သို့သော် သူသည် စူးရွှမ်ကိုလည်း ရန်မစရဲသဖြင့် သူ၏ မျိုးနွယ်စု ခေါင်းဆောင်ရာထူးဖြင့် အာမခံကာ တားဆီးရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

သူတို့ နတ်ဘုရားသားရဲ မျိုးနွယ်စုသည် အမတသားရဲများ ဖြစ်သော်လည်း၊ နှစ်ကာလကြာမြင့်လာသည်နှင့် အမျှ အလွန် မြင့်မားသော အသိဉာဏ်များကို ပိုင်ဆိုင်လာကြသည်။

တားမြစ် စူးမိသားစု၏ အစွမ်းနှင့် နောက်ခံသည် မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ ကောင်းကောင်းကြီး သိထားကြသည်။

တားမြစ် စူးမိသားစုတစ်ခုလုံးတွင် စူးရွှမ်၏ အဆင့်အတန်းမှာ အလွန် မြင့်မားသည်။ အကယ်၍ စူးရွှမ်ကို စိတ်ဆိုးအောင် လုပ်မိပါက ၊ သူတို့ မျိုးနွယ်စု တစ်ခုလုံး ဘေးဒုက္ခကြီးနှင့် ကြုံတွေ့ရနိုင်သည်။

"အာမခံတယ် ဟုတ်လား”

ထိုစကားကို ကြားပြီးနောက် စူးရွှမ်သည် ရယ်မောလေတော့၏။

"ခင်ဗျား ကျုပ်စကားကို သေချာ နားမလည်သေးဘူး ထင်တယ်"

စူးရွှမ်၏ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ဝုန်း!

သူ၏ ခန္ဓာကိုယ်အတွင်းမှ အကန့်အသတ်မရှိသော ဖိအားများ ထွက်ပေါ်လာပြီး၊ မိုးနှင့်မြေကြား မျောလွင့်နေသော နိယာမဆိုင်ရာ မှော်သင်္ကေတများပင် အဆိုပါ စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် တုန်လှုပ်ကာ အေးခဲသွားဟန် ရှိသည်။

"ကျုပ် ဒီကို လာတာက ခင်ဗျားတို့ နတ်ဘုရားသားရဲ မျိုးနွယ်စုရဲ့ သဘောတူညီချက်ကို တောင်းဖို့ လာတာ မဟုတ်ဘူး၊ ခင်ဗျားတို့ကို အသိပေးဖို့ လာတာပဲ"

"မင်း........."

စူးရွှမ်၏ ထိုစကားနှင့်အတူ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြောင့် မျိုးနွယ်စုခေါင်းဆောင် ရှင်းကျွယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားသည်။

ထိုဖိအားအောက်တွင် လှိုင်းထန်နေသော ဖရိုဖရဲ မိုးကြိုးများပင် ခေတ္တ ငြိမ်သက်သွားလေ၏။

ဖိအား၏ ဗဟိုချက်တွင် ရှိနေသော မျိုးနွယ်စုခေါင်းဆောင် ရှင်းကျွယ်မှာ အသက်ရှူမဝ ဖြစ်လာပြီး လူတစ်ကိုယ်လုံး ရေခဲတွင်းထဲ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

စူးရွှမ်သည် ဤမျှအထိ အာဏာရှင်ဆန်လိမ့်မည်ဟု သူ အမှန်တကယ် ထင်မထားခဲ့ချေ။ သူသည် ညှိနှိုင်းခြင်းမရှိ အတင်းအကျပ် လုပ်ဆောင်နေခြင်းပင်။

အဆိုးဆုံးမှာ သူသည် စူးရွှမ်ကို ပြန်လည် ငြင်းဆန်ခြင်း မပြုရဲသလို ၊ ရန်လည်း မစရဲခြင်းပင်။

သို့မဟုတ်ပါက ဤနေရာကို မစောင့်ရှောက်နိုင်ရုံသာမက သူတို့ နတ်ဘုရားသားရဲ မျိုးနွယ်စု တစ်ခုလုံးလည်း မျိုးတုံးသွားနိုင်သည်။

…..

" ကဲပါ... ကျုပ်တို့ တားမြစ် စူးမိသားစုကို ဗီလိန်ကြီးလိုမျိုး မမြင်ပါနဲ့ဦး"

မကြာမီမှာပင် စူးရွှမ်သည် သူ၏ ဖိနှိပ်စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူ၏ တားမြစ် စူးမိသားစုသည် နတ်ဘုရားသားရဲ မျိုးနွယ်စုနှင့် ရန်ငြိုးမရှိပေ။ ထို့အပြင် တစ်ဖက်လူသည် ဤနေရာကို နှစ်ကာလပေါင်းများစွာ ကြာသည့်တိုင်အောင် တာဝန်ကျေပွန်စွာ စောင့်ရှောက်လာခဲ့သူ ဖြစ်သည်။

ဒါတင်မက ၊ တစ်ဖက်လူ၏ သခင်ဖြစ်သူမှာ လူသားမျိုးနွယ်အပေါ် ကျေးဇူးကြီးမားသော ကနဦး အမတဧကရာဇ်မင်း(၁၃)ပါးအနက် တစ်ဦး ဖြစ်သောကြောင့် သူသည် အနည်းငယ် ခြောက်လှန့်ရုံမျှသာ ဖြစ်သည်။

သို့သော် တစ်ဖက်လူသည် ဆက်၍ ခေါင်းမာနေဦးမည်ဆိုပါက ၊ ဒါဆို သူသည် ၎င်းတို့အားလုံးကို အပြတ်ရှင်းရပေလိမ့်မည်။

စူးရွှမ်က ဆက်ပြောသည်။

" ကျုပ်တို့ စူးမိသားစု ရထားတဲ့ ဒီသတင်းက လုံးဝ မမှားနိုင်ဘူး"

"ဘာလို့လဲဆိုတော့ ဒီဝူထျန်းသင်္ချိုင်းတွင်းရဲ့ တည်နေရာကို ရှာဖို့အတွက် ကျုပ်တို့ စူးမိသားစုက နှစ်ပေါင်း သောင်းနဲ့ချီပြီး ‌ဒေဝလောကတစ်ခွင် အနှံ့ သွားလာခဲ့ကြတာ"

ဤစကားကြောင့် ရှန်းကျွယ်၏ ရင်ထဲတွင် တစ်ဖန် တုန်လှုပ်သွားပြန်သည်။

နှစ်ပေါင်း သောင်းနဲ့ချီပြီး ရှာခဲ့ရတယ် ဟုတ်လား…

တားမြစ် စူးမိသားစုကလား…

ဤသည်မှာ တားမြစ် စူးမိသားစုအတွက် မည်မျှ အရေးကြီးကြောင်း သက်သေပြနေခြင်းပင်။ ဤကိစ္စအတွက် နောက်ဆုတ်စရာ လမ်းမရှိတော့သည်မှာ ထင်ရှားသည်။

အတန်ကြာမှ မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ"

"ခင်ဗျားကို ဝင်ခွင့်ပြုပါ့မယ်"

ဤသည်မှာ သူတို့ မျိုးနွယ်စု အဆက်ဆက် စောင့်ရှောက်လာသော လျှို့ဝှက်နယ်မြေ ဖြစ်သည်။ သူကိုယ်တိုင်မှာလည်း မျိုးနွယ်စု ခေါင်းဆောင် ဖြစ်နေပါလျက်နှင့် ၊ အပြင်လူကို ဝင်ခွင့်ပြုလိုက်ခြင်းမှာ သူ၏ ကိုယ်ပိုင်ယုံကြည်ချက်ကို သစ္စာဖောက်လိုက်ခြင်းပင်။

သို့သော် သူ ဘာတတ်နိုင်မည်နည်း။

သေချာ ပြန်စဉ်းစားကြည့်မည်ဆိုပါက ၊ သူကိုယ်တိုင်လည်း ဤနေရာကို စောင့်ရှောက်လာသည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၊ အထဲတွင် မည်ကဲ့သို့သော မြင်ကွင်းမျိုး ရှိသည်ကို သူ တစ်ခါမှ မသိခဲ့ပေ။

ထို့ကြောင့် သူ၏ စိတ်ထဲမှာလည်း အမှန်တကယ်ပင် သိချင်မိ၏။

ယခု စူးရွှမ်ဘက်မှ ဇွတ်ဝင်မည်ဟု ပြောလာသဖြင့် တားလည်း မရ၊ တိုက်လည်း မနိုင်သောကြောင့် အလျှော့ပေးလိုက်ရခြင်းပင် ဖြစ်သည်။

ဘိုးဘေးများက ကောင်းကင်ဘုံကနေ ကြည့်နေခဲ့ရင်လည်း ၊ သူ့ကို အပြစ်တင်လိမ့်မည် မဟုတ်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်တော့သည်။

All Chapters