← Chapters

သုံးဘဝ အကြောင်းတရား ၊ ခြောက်ဘုံသံသရာ

Vol. 67 Ch. 874

သုံးဘဝ အကြောင်းတရား ၊ ခြောက်ဘုံသံသရာ

Vol. 67 Ch. 874

စူးရွှမ်သည် ကြေးညိုရောင် ကြာပန်းဆီမီးအိမ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုကြေးညိုရောင် ဆီမီးအိမ်မှာ အတော်လေး ထူးဆန်းလှသည်။ ယင်းအပေါ်တွင် ရှေးဟောင်းမဟာလမ်းစဉ် မှော်အက္ခရာများကို ရေးထွင်းထားပြီး၊ ကြာပန်းအောက်ခံကို ကျောက်စိမ်းနက်ဖြင့် ပြုလုပ်ထားကာ ထူးဆန်းသော အမည်းရောင် အငွေ့အသက်များက ၎င်း၏ ပတ်ပတ်လည်တွင် ဝန်းရံလျက် ရှိသည်။

သို့သော်လည်း၊ ကျောက်စိမ်းနက် ကြာပန်းပလ္လင်ပေါ်ရှိ ကြာမီးအိမ်သည် စင်ကြယ်သန့်စင်ပြီး၊ ရှည်လျားသော ညတာအတွင်းရှိ လမင်းကြီးကဲ့သို့ပင် ထူးထူးခြားခြား တောက်ပနေသည်။

အမည်းရောင်နှင့် အဖြူရောင်တို့၏ ပေါင်းစပ်မှုသည် ခန့်ညားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးထားလေ၏။

တောက်ပသော နတ်အလင်းတန်းများက ကြီးမားသော နိယာမ အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ စူးရွှမ်နှင့် မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်တို့ကို လွှမ်းခြုံထားသည်။

ထိုထူးဆန်းလှသော ကံအကျိုးဆက် စွမ်းအားများသည် သူတို့အနားသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်သည်နှင့် ၊ တောက်ပသော နေရောင်အောက်မှ နှင်းပွင့်များကဲ့သို့ပင် အရည်ပျော်သွားလေ၏။

“ဒါက.......”

ကြောက်ရွံ့ရာမှ ပြန်သတိကပ်လာသော မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် ဤထူးဆန်းသော စွမ်းအားများသည် ကံအကျိုးဆက်၏ စွမ်းအားများ ဖြစ်ကြောင့် သူ သေချာ သွားခဲ့ပြီ ဖြစ်သည်။

ယင်းအတွင်း၌ ကိန်းအောင်းနေသော အဆုံးစွန်သော နာကြည်းမှု၊ ဝမ်းနည်းမှုနှင့် မကျေနပ်မှု အစရှိသည့် အနုတ်လက္ခဏာဆောင်သော စွမ်းအားများသည် အလွန် ပြင်းထန်လှသဖြင့် သူ့လို အမတဧကရာဇ်မင်းတစ်ပါးပင် စိတ်ဝိညာဉ် တုန်လှုပ်ရသည်။

ဤကဲ့သို့သော ကျိန်စာများ ပြည့်နှက်နေသည့် ထူးဆန်းသော စွမ်းအားကို လက်ရှိခေတ်၏ ထိပ်တန်း အမတဧကရာဇ်များပင် ခုခံနိုင်ရန် ခဲယဉ်းလှသည်။

သို့သော် ဤကြေးညိုရောင် ဆီမီးအိမ်နှင့် ထိတွေ့သွားသည့် အခိုက်အတန့်မှာပင် ၎င်းတို့သည် လုံးဝ ဖိနှိပ်ခံလိုက်ရသည်။

“စူးသခင်ကြီး... ဒါက ဘာပစ္စည်းလဲဆိုတာ သိခွင့်ရှိမလား”

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ စိတ်ထဲမှ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

“ ဒါမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးလို့ပါ”

စူးရွှမ်သည် ကြေးညိုရောင် ဆီမီးအိမ်ဖြင့် အတွင်းမှ ယိုစိမ့်ထွက်လာသော ကံအကျိုးဆက် စွမ်းအားများကို ဖိနှိပ်လိုက်ပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။

“မမြင်ဖူးတာလည်း မဆန်းပါဘူး၊ ဒါက ထူးခြားတဲ့ ‘မူလအမတလက်နက်’တစ်ခုပဲ”

“ရှင်ခြင်း၊ သေခြင်းနဲ့ သံသရာစက်ဝန်း စွမ်းအားတွေ ကိန်းအောင်းနေတဲ့ မူလအမတလက်နက် တစ်ခုပေါ့”

“ဩော်... ဒါကြောင့်ကိုး၊ ရှင်ခြင်း၊ သေခြင်းနဲ့...”

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ရကာ မျက်နှာပျက်သွားသည်။

ရှင်ခြင်း၊ သေခြင်းနှင့် သံသရာစက်ဝန်းစွမ်းအား…

ယခင်က အဆုံးမဲ့ကပ်ဘေး မဖြစ်ပွားမီအချိန်က၊ အမတနယ်မြေတွင် မဟာလမ်းစဉ် သုံးထောင်မှာ ပြည့်စုံခဲ့ပြီး၊ ယင်းတို့အနက် ရှင်ခြင်း၊ သေခြင်း သံသရာလမ်းစဉ် ဟု ခေါ်သော လမ်းစဉ်တစ်ခု ရှိခဲ့သည်။

၎င်းမှာ ဒေဝလောကရှိ သတ္တဝါအားလုံး၏ သေခြင်းနှင့် ပြန်လည်မွေးဖွားခြင်းကို စီရင်ဆုံးဖြတ်ပေးသည်။

သို့သော် အဆုံးမဲ့ကပ်ဘေး ဖြစ်ပွားချိန်တွင် ထိုသံသရာလမ်းစဉ်မှာလည်း သက်ရောက်မှု ခံခဲ့ရပြီး၊ အစွမ်းထက်သော ပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားခဲ့ရသည်။

ထို့နောက်တွင် အဆုံးမဲ့ကပ်ဘေးအတွင်း သေဆုံးခဲ့ကြသော သက်ရှိအပေါင်းတို့မှာ ပြန်လည် ဝင်စားခွင့်မရှိတော့ဘဲ သူတို့၏ နာကြည်းမှုနှင့် နောင်တများကို ပွေ့ပိုက်လျက် အမတနယ်မြေအတွင်း လေလွင့်ခဲ့ရသည်။

နောက်ဆုံးတွင် အချိန်ကာလများ ကြာလာသည့်အခါ ၎င်းတို့မှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး ၊ ဒေဝလောကကို ထိတ်လန့်စေသည့် ကံအကျိုးဆက်၏ အနုတ်လက္ခဏာဆောင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ အမှောင်ထုကြီးကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ သံသရာလမ်းစဉ်သာ မပျက်စီးခဲ့ပါက သို့မဟုတ် သံသရာစက်ဝန်း စွမ်းအားရှိသော မူလအမတလက်နက် တစ်ခုခု ရှိခဲ့ပါက ၊ ထိုကဲ့သို့ ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

အမှောင်ထုကို မောင်းထုတ်ပြီးသည့်တိုင်အောင် လောကကြီးတွင် သံသရာလမ်းစဉ် ဟူ၍ မရှိတော့ပေ။ သို့ဆိုလျှင် စူးရွှမ်၏ လက်ထဲက ဤလက်နက်သည် အဘယ့်ကြောင့် သံသရာစက်ဝန်း စွမ်းအားကို ပိုင်ဆိုင်နေရသနည်း။

မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ မယုံကြည်နိုင်အောင် ဖြစ်နေလေ၏။ သို့သော် သူ ဆက်လက် စဉ်းစားရန် အချိန်မရမီမှာပင်၊ စူးရွှမ်သည် သူ၏ အမတစွမ်းအားများကို တစ်ဖန် လှုံ့ဆော်လိုက်ပြီး ကြေးညိုရောင် ဆီမီးအိမ်ကို ထပ်မံ အားဖြည့်လိုက်သည်။

ဝုန်း!

ကြေးညိုရောင် ဆီမီးအိမ်မှာ ရုတ်တရက် ထိန်လင်း တောက်ပလာသည်။

အလင်းတန်းများ လှုပ်ခတ်သွားတိုင်း ၊ ထူးခြားလှပသော မဟာလမ်းစဉ် ကြာပန်းများ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းလာကာ ဟင်းလင်းပြင် တစ်ခုလုံးကို သန့်ရှင်းစင်ကြယ်ကာ တောက်ပသွားစေသည်။

စူးရွှမ်၏ ဂါထာမန္တန်များ ရွတ်ဆိုသံနှင့်အတူ၊ ဖရိုဖရဲ မိုးကြိုးပင်လယ် တစ်ခုလုံးမှာ မဟာလမ်းစဉ် ကြာပန်းများဖြင့် ဖုံးလွှမ်းသွားလေ၏။

“ရှင်ခြင်း၊ သေခြင်း သံသရာသည် အဆုံးမရှိသော ဒုက္ခများကို ခံစားရ၏၊ ခြောက်ဘုံသံသရာ၌ အဆုံးသတ်ဟူသည် မရှိ၊ အစမရှိသော ကာလမှစ၍ သံသရာသည် ဆက်လက် ဖြစ်ပေါ်နေ၏”

စူးရွှမ်သည် သူ၏ လက်ညှိုးကို ကလောင်အဖြစ် အသုံးပြုကာ ဟင်းလင်းပြင်၌ စာများ ရေးထွင်းရင်း ရွတ်ဆိုလိုက်သည်။

“ငါသည် သံသရာ၏ အမိန့်တော်ကို ခံယူကာ၊ သံသရာလမ်းစဉ်ကို လူ့လောကသို့ တစ်ဖန် ပြန်လည် ကြွမြန်းရန် ဖိတ်ခေါ်ပါ၏”

ဝုန်း!

အကန့်အသတ်မရှိသော နတ်အလင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ခြောက်ဘုံသံသရာ၏ ပုံရိပ်ယောင်သည် ကောင်းကင်ယံ၌ ထွက်ပေါ်လာ၏။ ၎င်းသည် တစ်ကမ္ဘာလုံးကို သံသရာအတွင်းသို့ ဆွဲသွင်းလိုက်သည့်အတိုင်း ရှိနေလေ၏။

ထိုမျှနှင့် မပြီးသေးပေ။

ထောင်ပေါင်းများစွာ နတ်အလင်းတန်းများသည် စကြဝဠာအကြား အမြစ်တွယ်နေသော မဟာလမ်းစဉ် ကြာပန်းကြီး ခြောက်ခုအဖြစ် ပြောင်းလဲသွားပြီး ၊ ကြာပွင့်များမှာ တစ်လွှာပြီး တစ်လွှာ ပွင့်လာကြသည်။

ထို့နောက် ရှေးကျသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် မဟာလမ်းစဉ် တံခါးကြီး ခြောက်ခု ပေါ်ထွက်လာလေ၏။

ကျွီ... ကျွီ... ကျွီ...

လေးလံသော တံခါးဖွင့်သံများနှင့်အတူ ၊

ရှေးဟောင်းတံခါး ခြောက်ခုမှာ အတွင်းမှ အပြင်သို့ တစ်ပြိုင်နက် ပွင့်လာကြသည်။

တံခါးအတွင်း၌ အမတအလင်းတန်းများ သက်ဝင်လှုပ်ရှားနေပြီး၊ အချိန်နှင့်အာကာသ အပိုင်းအစများသည် လူ့လောက၏ အတိတ်၊ ဘဝဟောင်းမှ ကံတရား နှင့် အနာဂတ်ကို သယ်ဆောင်လာသဟန် ရှိသည်။

တံခါးများပေါ်တွင် မတူညီသော မဟာလမ်းစဉ် ပုံရိပ် ခြောက်ခုကို ထွင်းထုထားပြီး၊ ၎င်းတို့သည် သံသရာခြောက်ဘုံရှိ ကောင်းသောဘုံ သုံးခု နှင့် မကောင်းသောဘုံ သုံးခု တို့ကို ကိုယ်စားပြုနေကြသည်။

“ဒါ... ဒါက... ရှင်ခြင်း၊ သေခြင်း သံသရာလမ်းစဉ်ရဲ့ မဟာလမ်းစဉ် ပုံရိပ်ယောင်လား”

“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ထိုမြင်ကွင်းကို မြင်လိုကိရသော မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။

သံသရာလမ်းစဉ်သည် ပျက်စီးသွားပြီး ၊ ပုံရိပ်ယောင်ပင် မဆိုနှင့် ၎င်း၏ အငွေ့အသက်များပင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

သို့ဆိုလျှင် စူးရွှမ်သည် ဤသံသရာစက်ဝန်း စွမ်းအားရှိသော လက်နက်ကို အသုံးပြုရုံနှင့် သံသရာလမ်းစဉ်၏ ပုံရိပ်ယောင်ကို ခေါ်ယူနိုင်လေသလော။

“ သုံးဘဝ အကြောင်းတရား ၊ ခြောက်ဘုံသံသရာ... ကြွမြန်းလော့”

ထိုစဉ် ၊ စူးရွှမ်သည် သူ၏ အမတစွမ်းအားများကို အစွမ်းကုန် နှိုးဆော်လိုက်သည်။

အတိုင်းအဆမရှိသော စွမ်းအားများသည် ကြေးညိုရောင် ဆီမီးအိမ်အတွင်းသို့ စီးဝင်သွားပြီး ပို၍ တောက်ပလာသည်။

တစ်ချိန်တည်းမှာပင် သံသရာခြောက်ဘုံကို ကိုယ်စားပြုသော တံခါးကြီး ခြောက်ခုမှ အတိုင်းအဆမရှိသော သံသရာစက်ဝန်း အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ ၊ ဟင်းလင်းပြင်နက်ကြီးအတွင်းသို့ တိုက်ရိုက် စီးဝင်သွားလေ၏။

ကံအကျိုးဆက်၏ အနုတ်လက္ခဏာဆောင်သော စွမ်းအားများဆိုသည်မှာ နာကြည်းနေသော ဝိညာဉ်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ယင်း၏ အဓိက အကြောင်းရင်းမှာ ပြန်လည်မဝင်စားနိုင်ခြင်းကြောင့် ဖြစ်သည်။

ယခုအခါ ကျရောက်လာသော သံသရာစက်ဝန်း စွမ်းအားများသည် ငရဲတွင်းထဲ၌ ခံစားနေရသူများအဖို့ အဆုံးမရှိသော မှောင်မိုက်ထဲတွင် အလင်းရောင်တစ်ခုကို မြင်လိုက်ရခြင်းပင်။

နာကြည်းမှုများ ပြင်းထန်နေသော ဝိညာဉ်များသည် ဤစွမ်းအားကို မြင်လိုက်ရသည့်အခါတွင် မည်သို့မျှ ပြန်လည်ခုခံခြင်း မရှိတော့ပေ။

သူတို့သည် သံသရာ၏ ကယ်တင်ခြင်းကို လိုလိုလားလား လက်ခံရန် ပြင်ဆင်လိုက်ကြသကဲ့သို့ပင် သူတို့၏ လက်မောင်းများကို ဆန့်ထုတ်လိုက်ကြတော့၏။

..........

All Chapters