ဟင်းလင်းပြင်နက်ကြီး
Vol. 67 Ch. 875
ခေတ္တမျှ ကြာပြီးနောက်တွင်။
ဟင်းလင်းပြင် တစ်ခုလုံး ပြန်လည် ငြိမ်သက်သွားသည်။
“ ဒီလိုပဲ ပြီးသွားတာလား.....”
မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်သည် အောက်ဘက်ရှိ ဟင်းလင်းပြင်နက်ကြီးကို ငေးကြည့်နေမိသည်။
စောစောက ကံအကျိုးဆက် စွမ်းအားများဖြင့် ပြည့်နှက်နေသော ဟင်းလင်းပြင်နက်ကြီးမှာ ယခုအခါ သံသရာစက်ဝန်း စွမ်းအားများဖြင့် သန့်စင်သွားခဲ့လေပြီ။
ဤမြင်ကွင်းမှာ သူ့အတွက် အိမ်မက်တစ်ခုကဲ့သို့ပင် ။
ကံအကျိုးဆက် စွမ်းအားဆိုသည်မှာ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာပါ အင်အားစုကြီးများကို ခေါင်းခဲစေခဲ့သည့် အလွန်ထူးဆန်းသော စွမ်းအားတစ်ခု ဖြစ်၏။
စိတ်နှလုံးကို ဖျက်ဆီးကာ ရူးသွပ်စေတတ်သည့် ထိုထူးဆန်းသော စွမ်းအားမှာ အမှောင်ထုစွမ်းအားထက်ပင် ပို၍ ကိုင်တွယ်ရ ခက်သည်။ သို့သော် ယခု စူးရွှမ်၏ လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း
သန့်စင်သွားခဲ့လေပြီ။
မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ အံ့အားသင့်စွာဖြင့် ရှိနေစဉ်မှာပင်။
ကောင်းကင်ယံမှ ကြယ်မှုန်များစွာ ကြွေကျလာပြီး တစ်ခုနှင့်တစ်ခု အလင်းပြန်နေကြရာ ကြယ်စင်ရေတံခွန်ကြီး ကျဆင်းလာသည့်အလား ထင်မှတ်ရသည်။
ထိုမှုန်ဝါးဝါး အလင်းတန်းများကြားတွင် ပုံရိပ်များစွာ ရှိနေပြီး၊ သူတို့၏ ခန္ဓာကိုယ်များသည် အမတမြူခိုးများဖြင့် ဖွဲ့စည်းထားသဟန် ရှိသည်။
သူတို့၏ အသွင်အပြင်သည် အလွန် မှုန်ဝါးနေသဖြင့် ၎င်းတို့၏ ရုပ်ရည်အစစ်အမှန်ကို မြင်နိုင်ရန် ခက်သည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ ၎င်းတို့သည် စူးရွှမ်ရှိရာဘက်သို့ ဦးညွှတ်ဂါရဝပြုနေကြပြီး ကျေးဇူးတင်ကြောင်း ဖော်ပြနေသလိုပင်။
“သခင်ကြီးကို ကျေးဇူးတင်ပါတယ်.....”
“စောစောက လုပ်ရပ်တွေက ကျွန်တော်တို့ရဲ့ ဆန္ဒအစစ်အမှန် မဟုတ်ပါဘူး.....”
သူတို့၏ စိတ်ထဲတွင် လောကကြီးအပေါ် နာကြည်းမှု တစ်ခါမျှပင် မရှိခဲ့ဖူးချေ။
ထိုစဉ်က ၊ စစ်ပွဲကြီးတွင် သူတို့ကိုယ်တိုင် လိုလိုလားလား ပါဝင်ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ ဇာတိမြေနှင့် မိသားစုများကို ကာကွယ်စောင့်ရှောက်လိုသည့် ဆန္ဒတစ်ခုတည်းသာ ရှိသညိ။
သို့သော်လည်း သူတို့သည် ကံအကျိုးဆက် အမှောင်တွင်းထဲ၌ အချိန်ကာလကြာမြင့်စွာ ပိတ်မိနေခဲ့ကြသည်။
ဘဝဟောင်းမှ မှတ်ဉာဏ်များ ပျောက်ဆုံးကုန်ကာ ကံအကျိုးဆက် စွမ်းအားများ၏ ထိန်းချုပ်မှုကို ခံရပြီး ၊ အဆုံးတွင် လောကကြီးကို နာကြည်းနေသည့် ရုပ်သေးရုပ်များ ဖြစ်ခဲ့ကြရသည်။
အကယ်၍သာ ရွေးချယ်ခွင့်ရှိမည်ဆိုပါက ၊ ကိုယ့်ဇာတိမြေကို မည်သူကများ နာကြည်းချင်ပါမည်နည်း။
........
“တကယ်တော့ လူတိုင်း ထိတ်လန့်နေရတဲ့ ကံအကျိုးဆက် စွမ်းအား ဆိုတာက...”
“တကယ့်လက်တွေ့မှာတော့ လူတိုင်း စိတ်ထဲကနေ နေ့ညမပြတ် တမ်းတနေရတဲ့ သူတွေပဲ ဖြစ်နေတာကိုး”
လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ထိုပုံရိပ်များကို ကြည့်ရင်း ၊ စူးရွှမ်၏ မျက်လုံးထဲတွင် ထူးခြားသော ခံစားချက်များ လှုပ်ခတ်သွားသည်။
ယခု ကျန်ရှိနေသော ကံအကျိုးဆက် စွမ်းအားများမှာ အဆုံးမဲ့ကပ်ဘေးကာလက နာကြည်းမှုများနှင့် မယှဉ်နိုင်သော်လည်း၊ အနှစ်သာရအားဖြင့် ကွာခြားချက် မရှိပေ။
အကယ်၍သာ ထိုစဉ်က နတ်ဘုရားလက်နက် အမတမျှော်စင်သည် ကြောက်မက်ဖွယ်ရာ အပြောင်းအလဲနှင့် မကြုံခဲ့ရဘဲ၊ သေခြင်းရှင်ခြင်း သံသရာစက်ဝန်း စွမ်းအားရှိသော မူလအမတလက်နက်များကို အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့မည်ဆိုပါက၊ ဤကဲ့သို့ ဝမ်းနည်းဖွယ်ရာများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
“ထားလိုက်ပါတော့”
စူးရွှမ်သည် ခေါင်းခါယမ်းကာ ဆက်မစဉ်းစားတော့ပေ။
ထွက်ပေါက်အနားရှိ ကံအကျိုးဆက် စွမ်းအားများကို ရှင်းလင်းပြီးပြီ ဖြစ်ရာ၊ နောက်တစ်ဆင့်မှာ အတွင်းပိုင်းသို့ သွားရန်သာ။
စူးရွှမ်သည် ကြေးညိုရောင် ဆီမီးအိမ်ကို ကိုင်ကာ ဟင်းလင်းပြင်နက်ကြီးအတွင်းသို့ ဝင်ရန် ဟန်ပြင်လိုက်စဉ် မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်က တားဆီးလိုက်သည် ။
“စူးသခင်ကြီး... အခု ဝင်ပေါက်မှာတောင် ကံအကျိုးဆက် စွမ်းအားတွေက ဒီလောက်များကြီး ရှိနေတာ၊ အတွင်းထဲမှာဆိုရင် ပိုပြီးတော့တောင် များဦးမယ်”
“ဒီလောက် အန္တရာယ်များတဲ့ နေရာကို ဝင်ဖို့အတွက် သခင်ကြီးအနေနဲ့ သေချာစဉ်းစားပြီးမှ လုပ်ဆောင်သင့်တယ်”
စောစောက ဖြစ်ရပ်အပြီးတွင် မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်၏ စိတ်ထဲတွင် ‘မြင့်မြတ်သောနေရာ’ ဟူသော အတွေးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သညိ။
ဤနေရာသည် စူးရွှမ်ပြောသကဲ့သို့ ကံအကျိုးဆက် စွမ်းအားများနှင့် နာကြည်းနေသော ဝိညာဉ်များ ပြည့်နှက်နေသည့် ‘ဝူထျန်းသင်္ချိုင်းတွင်း’ သာ ဖြစ်သည်။
စူးရွှမ်တွင် ကြေးညိုရောင် ဆီမီးအိမ် ရှိနေသော်လည်း အတွင်း၌ မည်မျှအထိ များပြားသော စွမ်းအားများ ရှိနေဦးမည်ကို မည်သူသိနိုင်မည်နည်း။
အကယ်၍ စူးရွှမ်သာ အထဲတွင် တစ်ခုခု ဖြစ်သွားပါက သူတို့ နတ်ဘုရားသားရဲ မျိုးနွယ်စုအနေဖြင့် တာဝန်ယူနိုင်မည် မဟုတ်ပေ။
စူးရွှမ်သည် တစ်ဖက်လူ၏ စိတ်ထဲက စိုးရိမ်မှုကို သိမြင်နေသကဲ့သို့ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည် ။
“ဒီကို လာကတည်းက ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားပါ”
စူးရွှမ်သည် ဟင်းလင်းပြင်နက်ကြီးဆီသို့ ခြေလှမ်းလှမ်းလိုက်ပြီး၊ သူ၏ ဖြူစင်တောက်ပသော ပုံရိပ်မှာ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင်...
သူသည် ခေါင်းကို အသာအယာ စောင်းငဲ့ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည် ။
“ ပြီးတော့... ကျွန်တော်က တားမြစ် စူးမိသားစုရဲ့ အမတဧကရာဇ်မင်း၊ အမတနယ်မြေရဲ့ အမတဧကရာဇ်မင်း တစ်ဦးဖြစ်နေပါလျက်နဲ့၊ လောကကြီးကို ပစ်ပယ်ထားလို့ ဖြစ်ပါ့မလား”
“ပြီးတော့ သတ္တဝါအားလုံးရဲ့ အနောက်မှာ ပုန်းနေလို့ရော ဖြစ်နိုင်ပါ့မလား”
“ ဒါကြောင့် ဒီခရီးကို ကျွန်တော် သေချာပေါက် သွားရလိမ့်မယ်”
ထိုစကားသံအဆုံးတွင် စူးရွှမ်သည် နောက်ပြန်မကြည့်တော့ဘဲ ဟင်းလင်းပြင်နက်ကြီးအတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ကာ မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်မှာ မှင်သက်နေမိသည်။
သူသည် အမတနယ်မြေတွင် ကျယ်ပြန့်စွာ ပျံ့နှံ့နေသော ဒဏ္ဍာရီတစ်ခုကို ရုတ်တရက် သတိရမိသွားသည် ။
ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးအတွင်း ဘေးဒုက္ခများ နေရာအနှံ့ ဖြစ်ပွားနေစဉ်၊ အမတဧကရာဇ်မင်း ဆယ်ပါးသည် အမှောင်ထု၏ မူလရင်းမြစ်ကမ္ဘာသို့ ဝင်ရောက်သွားခဲ့ဖူးသည်။
သူတို့သည် အမှောင်တပ်မတော် ကုဋေပေါင်းများစွာကို ခုခံခဲ့ကြပြီး၊ မိမိတို့၏ မူလရင်းမြစ် စွမ်းအားများကို အသုံးပြုကာ လောကကြီးအတွက် မျှော်လင့်ချက် အလင်းရောင်ကို ထွန်းညှိပေးခဲ့ကြသည်။
ထိုအမတဧကရာဇ် (၁၀) ပါး၏ ခေါင်းဆောင်မှာ ယခုလေးတင် ဟင်းလင်းပြင်နက်ကြီးထဲသို့ ဝင်ရောက်သွားခဲ့သော ဝတ်ရုံဖြူ အမျိုးသား ‘စူးရွှမ်’ ပင် ဖြစ်သည်။
ဝူထျန်းသင်္ချိုင်းတွင်းထဲသို့ ဝင်ရောက်သွားသည့် ထိုအနှီသူ၏ ကျောပြင်ကို ကြည့်ရင်း ၊ မျိုးနွယ်စု ခေါင်းဆောင် ရှင်းကျွယ်သည် မိမိ၏ စိတ်ထဲက ခံစားချက်ကို မည်သို့ဖော်ပြရမှန်း မသိတော့ပေ။
နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချလိုက်ကာ ဟင်းလင်းပြင်နက်ကြီးဘက်သို့ ဦးညွှတ်လိုက်ရင်း ။
“ကျန့်ထျန်း အမတဧကရာဇ်မင်းရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော် ရှန်းကျွယ် တကယ်ပဲ မမီနိုင်ပါဘူး”
...........
တစ်ချိန်တည်းမှာပင်။
ဟင်းလင်းပြင်နက်ကြီး၏ အနက်ရှိုင်းဆုံးနေရာ၊ အမတနယ်မြေ၏ အပြင်ဘက်တွင် သီးခြားတည်ရှိနေသော ကမ္ဘာတစ်ခု။
ရှေးဟောင်း နတ်ဘုရားတောင်တန်းများစွာ ရှိနေသော်လည်း ပန်းရနံ့၊ ငှက်သံများ သို့မဟုတ် စိမ်းလန်းသော တောင်တန်းများ မရှိဘဲ တစ်ကမ္ဘာလုံး ပျက်စီးယိုယွင်းနေသည့် ပုံစံရှိသည်။
ကံအကျိုးဆက် စွမ်းအားများသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားပြီး နာကြည်းနေသော ဝိညာဉ်ပေါင်းများစွာမှာ ရည်ရွယ်ချက်မရှိ လေလွင့်နေကြသည်။
သို့သော် ကံအကျိုးဆက်စွမ်းအားများဖြင့် ပြည့်နှက်နေသော တောင်တန်းများ၏ ဗဟိုချက်တွင် တောင်ပေါ်ရွာလေးတစ်ရွာ ရှိနေပြီး ၊ ယင်းသည် ပတ်ဝန်းကျင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။