အဆိပ်သခင်၏ ခွန်အား
Vol. 25 Ch. 348
ငရဲ နတ်ဆိုးများ၏ အသက်စွမ်းအင်မှာ သွေးမျိုးနွယ်စု၏ အစွမ်းထက်ဖြစ်တည်မှုများနှင့် နှိုင်ယှဉ်၍ ရပေသည်။
သို့သော်...
အန်လင်း၏ သွေးကား သွေးမျိုးနွယ်စုအတွက် သေစေနိုင်သောအဆိပ်ဖြစ်လေ၏။
ငရဲနတ်ဆိုးများ အပေါ်တွင်ရော အလုပ်ဖြစ်လောက်မည်လား။
အန်လင်းက ထိုသည်မှာ စမ်းကြည့်ရန်တန်သည် ဟု ခံစားမိ၏။ တခြားသူများက သူ့၏ သွေးအား အဆိပ်ဟု ခေါ်ဆိုသည်ကို မကြိုက်သော်လည်း အမှန်တရားမှာ ရေးထိုးပြီးဖြစ်သည်မို့ သူက ဤလှည့်ကွက်ကို အကျိုးရှိအောင် အသုံးပြုနိုင်လောက်၏။
သူ့သွေးက သူတို့၏ လုံခြုံမှုအတွက် အကျိုးပြုနိုင်ပါက ဆိုးဝါးသည့်အရာတော့မဟုတ်ပါပေ။
အန်လင်းက နတ်ဆိုးဆီမှ ရိုက်ချက်ကို ရှောင်လိုက်ပြီး ထိုသည်ကို လက်သီးဖြင့် ထိုးလွှတ်လိုက်ကာ မိစ္ဆာရှင်းဓားကို သူလက်မောင်းတစ်လျှောက် ဆွဲချလိုက်၏။
မိစ္ဆာရှင်းဓား၏ ဓားသွားက ချက်ချင်းပင် သွေးချင်းချင်းနီသွားပြီး အနက်ရောင်နှင့် အနီရောင်ကြား တောက်ပသော ထင်ရှားမှုတစ်ခု ပေါ်လာစေသည်။
“ရှဲ့လေး၊ ငါလိမ်းပေးတဲ့ မိတ်ကပ်အနီလေးကိုကြိုက်လား။”
အန်လင်းက ဓါးပေါ်မှ သွေးကို ကြည့်ကာ ရုတ်တရက်မေးလာ၏။
မိစ္ဆာရှင်းဓား : “... နင် ရူးနေလား။”
“မဟုတ်ဘူး...။ မင်းက ငါ့ရဲ့ နာကျင်မှုကိုနားမလည်ပါဘူး...။” အန်လင်းက ဝမ်းနည်းမှုဖြင့် သက်ပြင်းချလိုက်ပြီး မေးလာ၏။ “တကယ်လို့ ငါ့သွေးက သေစေနိုင်တဲ့ အဆိပ်ဖြစ်နေရင်ရော ငါ့ဘေးမှာ ဆက်နေပေးမှာမလား။”
မိစ္ဆာရှင်းဓား : “... စောက်တုံးကောင်”
ထိုအခိုက်အတန့်၌ အန်လင်း၏ ကန်ထုတ်ခြင်းကို ခံရသော နတ်ဆိုးက အန်လင်းဆီသို့ ထပ်မံခုန်အုပ်လာတော့သည်။
အန်လင်းက သူ့၏အံ့ချီးစစ်မေးသိုင်းကို အသက်သွင်းလိုက်သောအခါ မျက်လုံးများက နှင်းကဲ့သို့ ဖြူစွတ်သွားတော့သည်။
ပထမဆုံးသော နည်းလမ်း...။ လေပြင်းဓား...။
အန်လင်းက နတ်ဆိုး၏ တိုက်ချက်ကို ရှောင်တိမ်းလိုက်ပြီး သူ့၏ မိစ္ဆာရှင်းဓားကို ပြန်လွှဲထုတ်လိုက်၏။ အနီရောင် အလင်းတန်းက လေထုထဲတွင် လင်းလက်လာပြီး နတ်ဆိုး၏ ရင်ဘတ်ကို ဟက်တက်ခွဲပစ်လိုက်လေ၏။
ဇွက်...
အနက်ရောင် သွေးနက်ကြီးများက ရှေ့သို့ ပန်းထွက်လာပြီး နတ်ဆိုးကြီးက နောက်သို့ ဆုတ်လိုက်ရန် ထပ်မံ တွန်းအားပေးခံလိုက်ရ၏။
အန်လင်းက နောက်ပြန်လဲကျသွားသော နတ်ဆိုးကို စူးရှပြီး စိတ်လှုပ်ရှားစွာကြည့်လိုက်တော့၏။
ဤသည်မှာ သူ၏သွေးက သွေးမျိုးနွယ်ကိုသာ အဆိပ်ဖြစ်စေသည်လား သို့မဟုတ် ထိုသည်က မျိုးစိတ်များစွာအပေါ်တွင် သက်ရောက်မှု ရှိသည်လား ဆိုသည်ကို အတည်ပြုရမည့် အချိန်ပင်...။
နတ်ဆိုးက သူ၏ ရင်ဘတ်ကို တင်းတင်းဆုတ်လိုက်သောအခါ သူ့၏ အသားများက ဒဏ်ရာကို ကုသရန်အတွက် ရှုံ့တွလာတော့၏။
သို့သော် ထိုအခိုက်အတန်၌ သူ့၏ အမူအရာက ရုတ်တရက် စိတ်ရှုပ်ထွေးခြင်းအဖြစ်သို့ ပြောင်းသွားပြီး သူ့ဒဏ်ရာမှာ ပြန်ကောင်းလာမည့်အမူအရာမရှိပဲ သွေးများက ပို၍ ပြင်းထန်စွာ ပန်းထွက်လာသည်ကို ငုံ့ကြည့်လိုက်တော့သည်။
ထိုသည်မှာ နတ်ဆိုးက ဤကဲ့သို့ ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မျက်လုံးများ ပြူးကျယ်လာကာ ချက်ချင်းပင် ဒဏ်ရာကို ပြန်လည်ကုစားနိုင်မည့် ကုသရေးမန္တန်နည်းလမ်းကို ပြုလုပ်လိုက်၏။
ထို့အရာ၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းစပြုလာကာ အနက်ရောင်သွေးများက ပါးစပ်မှ အန်ထွက်လာတော့သည်။
ခွပ်...
နတ်ဆိုးက ကြောက်လန့်တကြား အမူအရာဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး သူ့၏ အသက်စွမ်းအင်က တဖြည်းဖြည်း လွင့်ပျောက်သွားတော့သည်။
“အဲ့တာဆို ငါ့ရဲ့သွေးက အကုန်လုံးကို အဆိပ်ဖြစ်စေတာပေါ့...”
အန်လင်း သူ့မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ကာ ရေရွတ်လိုက်၏။
သူကအနည်းငယ် စိတ်လှုပ်ရှားစပြုလာတော့သည်။ အကယ်၍ သူ့၏ သွေးက သွေးမျိုးနွယ်စုများကဲ့သို့ ငရဲ နတ်ဆိုးများကို သေစေနိုင်ခဲ့သော် ထိုသည်က တခြားမျိုးစိတ်များအတွက်လဲ အသုံးဝင်နိုင်လောက်ပေသည်။
“စီနီယာ၊ စီနီယာ အဆိပ်သခင်၊ အစ်ကိုက အရမ်းသန်မာတာပဲ။” မြွေဖြူဝိညာဉ်သည် အန်လင်းက နတ်ဆိုးတစ်ကောင်ကို သုတ်သင်လိုက်သည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လာ၏။
အဆိပ်သခင်။ အန်လင်းသည် ဉာဏ်အလင်းကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အားလုံးက ကံကြမ္မာပါလာပြီးသား ဖြစ်နိုင်ပါ၏။
သူက အဆိပ်သခင် ဟုလူသိများရန် ကံဇာတာပါလာသည်ဖြစ်မည်...။
ထိုသည်က ကံကြမ္မာဆိုပါက ဖြစ်ပါစေတော့။ အဆိပ်သခင်ဆိုသော အမည်က ကုန်းမြေကြီးတစ်လွှား ကျော်ကြားခွင့်ပြုလိုက်ပါမည်လေ။
အန်လင်းက အသက်ပြင်းပြင်းရှုလိုက်သောအခါ သူ့နောက်ကျောတွင် တောင်ပံများ ဖြစ်ပေါ်လာပြီး တောင်ပံလေးခုနှင့် ငှက်ဆီသို့ ပျံသန်းသွားလိုက်ကာ သူ့၏ နောက်ဆက်တွဲပုံရိပ်ကို နေရာတွင်ချန်ထားလိုက်လေ၏။
တောင်ပံလေးခုနှင့် ငှက်က တောင်ပံခတ်လိုက်သောအခါ အန်လင်းဆီသို့ လေပြင်းဓားသွား တစ်ရာကျော်က ဖြာကျလာတော့သည်။
အန်လင်းက လေပြင်း ဓားသွားများကြားမှ နေရာလွတ်ကို စမ်းစစ်ရန် သူ့၏ အံ့ချီးစစ်မေးသိုင်းကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်က လျင်မြန်သော အလင်းတန်းများ အဖြစ်သို့ပြောင်းသွားပြီး သူ့ရှေ့မှ ဓားသွားများကို အလွယ်တကူပင် ရှောင်လိုက်တော့၏။
ပထမဆုံးသော နည်းလမ်း...။ လေပြင်းဓား...။
အဖြူရောင် လေပြင်းအလင်းတန်းများ ပြည့်နှက်နေသော ဓားချက်တစ်ခုက တောင်ပံလေးခုနှင့် ငှက်၏ ခန္ဓာကိုယ်ကို ပြတ်ရှရာကြီး တစ်ခုအဖြစ် ခုတ်ပိုင်းပစ်လိုက်၏။
အန်လင်းက ငှက်ဆီသို့ နောက်တစ်ကြိမ်ပင် ပြန်မကြည့်တော့ပဲ ယုံကြည်ချက်အပြည့်နှင့် ကိုယ်ကိုလှည့်လာကာ ပြေပြင်သို့ဆင်းသက်လာသောအခါ သွေးများက သူ့နောက်မှ ပေါက်ကွဲထွက်လာတော့၏။
စက္ကန့်ပိုင်း အကြာတွင် ငှက်ကြီးက တောင်ပံများ ရုတ်တရက် အချိုးခံလိုက်ရသကဲ့သို့ မြေပေါ်သို့ ပြုတ်ကျလာပြီး အသက်စွမ်းအင်များ ကင်းမဲ့သွားကာ မြေပြင်ပေါ်သို့ ပြိုကျလာတော့သည်။
ထိုအခိုက်တွင် ရွှမ်ယွမ်ချန်က စုချန်းရန်၏ အကူအညီဖြင့် တခြားသော နတ်ဆိုးတစ်ကောင်ကို အောင်မြင်စွာ သုတ်သင်လိုက်နိုင်ပြီးဖြစ်ကာ စုရှောင်လန်က နတ်ဆိုးတစ်ကောင်ကို သူမ၏ လျှပ်စီးမီးတောက် ဖွဲ့စည်းခြင်းဖြင့် သေသည်အထိ မီးရှို့ပစ်နိုင်ခဲ့၏။
လျှိုချင်ဟွမ်က ခေါင်းနှစ်လုံးကျား၏ ပတ်လည်တွင် တောက်ပသော လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ဝဲပျံနေလေ၏။ သူမက အစွမ်းထက်မန္တန် နည်းလမ်းတစ်သီကြီးကို သူမ၏ ပစ္စည်းလေးမှ ထုတ်လိုက်ကာ နတ်ဆိုးအား တိတိကျကျ ထုနှက်နေလေတော့သည်...။
ခေါင်းနှစ်လုံးကျားကြီးက လျှိုချင်ဟွမ်ဆီသို့ ကသုတ်ကရက်ခုန်အုပ်လာ၏။ သို့သော်လည်း ထိုအရာက သူမ၏ အနီးနားကိုပင် မကပ်နိုင်ပါချေ။ ထိုအစား ထိုသည်က သူ့ခေါင်းဆီသို့ ပျံဝင်းလာသော အခြားသော အစွမ်းထက် မန္တန်ဖွဲ့စည်းခြင်းတစ်သုတ်၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရပြီး ထိုသည်၏ အသက်စွမ်းအင်မှာ အစွမ်းထက်သော်လည်း လျှိုချင်ဟွမ်၏ အဆုံးမရှိသော တိုက်ခိုက်မှုအောက်တွင် သေဆုံးခြင်း ကံတရားမှ မလွတ်မြောက်နိုင်ပါပေ။
“ဘုရားသခင်... ဒီငရဲနတ်ဆိုးတွေက တော်တော်လေး တိုးတက်လာတာပဲ။ ရှေ့လျောက် ငါ့ရဲ့မန္တန်နည်းလမ်းတွေရဲ့ ထိုးဖောက်နိုင်စွမ်းကို တိုးတက်အောင် လုပ်ရမယ်။” လျှိုချင်ဟွမ်က နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အသက်ပြင်းပြင်းရူရင်းပြောလာ၏။
အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ “မန္တန်နည်းလမ်းတွေရဲ့ ထိုးဖောက်နိုင်စွမ်းကို တိုးတက်အောင် ဘယ်လိုလုပ်မှာလဲ။ မင်းက ဗီဒီယိုဂိမ်းတွေနဲ့ လက်တွေ့ ရောနေတာလား။”
လျှိုချင်ဟွမ်က အန်လင်းကို မျက်လုံးလှန်ပြလိုက်ပြီး။ “ဉာဏ်နည်းတဲ့ ကောင်လေး၊ ငါက စိတ်ဝိညာဉ် ထိုးဖောက်ခြင်း သတ္ထုရိုင်းနဲ့ မိစ္ဆာသွေးအဆီတို့ကို ငါ့ပစ္စည်းထဲ ရောထည့်လိုက်ရင် ငါ့မန္တန်နည်းလမ်းတွေရဲ့ စွမ်းအားတွေကို ပေါ်လွင်စေပြီး သူတို့ရဲ့ ထိုးဖောက်နိုင်စွမ်းကိုလဲ တိုးတက်စေတယ်။ အဲ့အပြင် ငါ့ရဲ့ တိုက်ခိုက်မှုတွေကလည်း မိစ္ဆာသွေးအဆီကြောင့် ပိုပြင်းထန်တဲ့ ထိခိုက်မှု ရစေနိုင်ဖို့ အခွင့်အရေး ပိုများတယ်...။”
“သူမက သောက်ကျိုးနည်း ဘာပြောလိုက်တာ။”
လျှိုချင်းဟွမ်၏ အသေးစိတ်ရှင်းပြမှုအောက်တွင် အန်လင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
သေစမ်း... အဲ့တာဆို သူမက ပါးစပ်ထဲရှိရာလျှောက်ပြောနေတာမဟုတ်ဘူးပေါ့။ မန္တန်နည်းလမ်းတွေရဲ့ ထိုးဖောက်နိုင်စွမ်းကို တိုးတက်အောင်လုပ်ပေးတဲ့ ပစ္စည်းတွေက တကယ်ရှိတာပေါ့။
နောက်ဆုံးကျန်သော နတ်ဆိုးမှာ ပိုင်ချောင်၏ မန္တန်နည်းလမ်း လှောင်ချိုင့်ထဲတွင် ပိတ်မိနေသော ဝံပုလွေ နတ်ဆိုးပင်ဖြစ်သည်။
ထိုအရာသည် ကြောက်မက်ဖွယ် ကျင့်ကြံသူများက သူ့ထံချဉ်းကပ်လာသည်ကို တွေ့သောအခါ စိတ်အားငယ်ခြင်းအဆင့်သို့ ကျရောက်သွားတော့၏။
တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က အချိန်ထပ်မဖြုန်းချင်သောသည်မို့ ထိုဝံပုလွေနတ်ဆိုးကို လွှတ်ပေးလိုက်တော့သည်။
ဝံပုလွေနတ်ဆိုးက သူ့၏ လွတ်မြောက်မှုကို အောင်ပွဲခံရန်အချိန်မရလိုက်ပါပေ။ ထို့နောက် ချက်ချင်းမှာပင် စွမ်းအားကြီး မန္တန်နည်းလမ်း အများအပြား၏ လွှမ်းမိုးခံလိုက်ရပေတော့သည်...။
အကယ်၍ နတ်ဘုရားများက ဒုတိယအခွင့်အရေး ပေးလာပါကမူ ထိုသည်က သေချာပေါက်ပင် လှောင်ချိုင့်ထဲတွင် နောက်တစ်ကြိမ်အဖမ်းခံကာ မြွေဖြူဝိညာဉ်၏ အဆက်မပြတ် ကြာပွတ်ဖြင့် ရိုက်နှက်ခြင်းခံရသည်ကို ရွေးချယ်မည်ဖြစ်သည်။ ထိုသည်က နှိုင်းယှဉ်ကြည့်ပါက ကောင်းကင်ဘုံပင်ဖြစ်သည်။
“ဂုဏ်ယူပါတယ်။ နယ်မြေ စောင့်ရှောက်သူ စမ်းသပ်မှု ငရဲနတ်ဆိုးများအဆင့်က ပြီးမြောက်သွားပါပြီ။”
ကောင်းကင်မှ တရုတ်စာများပါသော အလင်းပြားတစ်ခုက ဆင်းသက်လာ၏။
ရွှမ်ယွမ်ချန် : ၆၄၀၀ မှတ်။ အန်လင်း : ၃၄၀၀ မှတ်။ စုရှောင်လန် : ၂၁၀၀ မှတ်။ လျှိုချင်ဟွမ် : ၂၁၀၀ မှတ်။ စုချန်းရန် : ၁၈၀၀ မှတ်။ ယောင်မင်ရှီ : ၇၀၀ မှတ်။ ဟူကွမ် : ၅၀၀ မှတ်။ မြွေဖြူဝိညာဉ် : ၁၀၀ မှတ်။ ထျန်းလင်းလင်း : ၁၀ မှတ်။ ထန်ရှီမန် : ၀ မှတ်။
တိုက်ပွဲနတ်ဘုရားများ၏ အမှတ်များမှာ ထည့်မတွက်ပါပေ။
ရွှမ်ယွမ်ချန်က ပထမရသည်ကို မည်သူကမှ မအံ့ဩပါချေ။ မည်သို့ဆိုဆို သူက စမ်းသပ်မှုထဲတွင် MVPဖြစ်ခဲ့၏။
သို့သော်လည်း တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က မြွေဖြူဝိညာဉ်၏ အမှတ်၁၀၀ကို စိတ်မကျေနပ်ပါချေ။
သူမက ဝံပုလွေနတ်ဆိုးကို အကြိမ်အများကြီး ရိုက်ခဲ့တာလေ။ အဲ့တာကို ဘာလို့ အမှတ် ၁၀၀ပဲ ရေတွက်ရတာလဲ။
ထျန်းလင်းလင်းက သူမ၏ အထင်သေးဖွယ် အမှတ်၁၀မှတ်ကိုကြည့်ကာ မျက်ရည်များ ကျဆင်းစပြုလာပေတော့သည်။
သို့သော်လည်း သူမက အုတ်ခဲနက်ပေါ်တွင် လှဲနေသော ထန်ရှီမန်ကိုကြည့်လိုက်ပြီး သူမ၏ အမူအရာများက သူ့ဟာသူပင် ပြန်လည် ချောမွေ့သွားလေ၏။
ထန်ရှီမန်က ထျန်းလင်းလင်း၏ အမူအရာကို တွေ့သောအခါ သွေးအပြည့်အန်ထွက်တော့မလိုပင် ဖြစ်သွား၏။ သူမက သူ့အား နှစ်သိမ့်အားပေးသည့် ပစ္စည်းအဖြစ် အသုံးပြုနေသည်လား။
ထို့နောက် ထိုနေရာ၌ပင် လူတိုင်းက အနားယူကာ ပြန်လည်ကုသလိုက်၏။
အမှောင်ထုထဲတွင် အမျိုးသမီးတစ်ဦးတည်းသာ ကျန်တော့၏။ သူမ၌ ခန္ဓာကိုယ် အောက်ပိုင်းက မြွေခန္ဓာကိုယ်နှင့် အပေါ်ပိုင်းက လူသဏ္ဍာန်ဖြစ်ပြီး သူမက ကုလားထိုင်တစ်ခုတွင် ပျင်းရိစွာထိုင်နေလေ၏။
သူမက ဖန်သားပြင်ပေါ်တွင် ပြသနေသော အန်လင်းနှင့် တခြားသူများကို ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်လေးက တွန့်ကွေးသွားပြီး တောက်တောက်ပပ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
ထို့နောက် ချက်ချင်းပင် အမှောင်ထုထဲမှ ညှို့ဓာတ်အပြည့်နှင့် အသံတစ်ခု ပေါ်ထွက်လာ၏။
“တကယ့်ရှိုးကြီး စလိုက်ရအောင်”
***