မွန်းစတားပညာရှိသွေးစည်း၊ တပည့်ဆီမှ အခွင့်အရေးတစ်ခု
Vol. 3 Ch. 36
အခန်း (၃၆) မွန်းစတားပညာရှိသွေးစည်း၊ တပည့်ဆီမှ အခွင့်အရေးတစ်ခု
“ငါ့အရည်အချင်းနဲ့ ဂျူနီယာဟန်ကို လိုက်မီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ချန်ယွီအာ သုန်မှုန်စွာ သက်ပြင်းချလိုက်ပါတယ် ‘ငါက တကယ့်ပဲ ဟန်ကျွယ်နဲ့ ထိုက်တန်လို့လား?’ အခုလောလောဆယ် အတွင်းဂိုဏ်းထဲမှာပင် ချန်ယွီအာအတွက် ပြိုင်ဘက်နှစ်ယောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီထဲက မော့ကျူရဲ့ အရည်အချင်းဟာ သူ့ထက်အများကြီး သာပါတယ်။
“စီနီယာက ကျွန်တော့်ကို လိုက်မီဖို့မလိုပါဘူး၊ တက်နိုင်သလောက် ကြိုးကြိုးစားစား လေ့ကျင်ရင်ပဲ ရပါပြီ၊ အသက်ရှည်ခြင်းက ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးအရာပဲ” ဟန်ကျွယ်က ချန်ယွီအာကို နှစ်သိမ့်လိုက်ပါတယ်။
ဟန်ကျွယ်စကားကြောင့် ချန်ယွီအာဟာ ပိုပြီးတော့ စိတ်ဓာတ်ကျသွားပါတယ်။ အဲဒီနောက်မှာတော့ ချန်ယွီအာဟာ ဂိုဏ်းထဲက အဖြစ်အပျက်တွေကို ဟန်ကျွယ်သိအောင် ပြောပြပါတယ်။
ဂိုဏ်းချုပ်ဟာ တောင်ထိပ်ဆယ်ထိပ်ရဲ့ အကြီးအကဲတွေနဲ့ တပည့်တွေကို ဦးဆောင်ပြီး ချင်မင်ဂိုဏ်းကို တိုက်ခိုက်ပါတယ်။ ကျန်တဲ့တောင်ထိပ်ရှစ်ခုကတော့ ယွီဂျင်ဂိုဏ်းကို စောင့်ကြပါတယ်။
ချင်မင်ဂိုဏ်း တိုက်ခိုက်တာကို ခံခဲ့ရတဲ့နေ့ကစပြီး အတွင်းဂိုဏ်းဟာ နဂိုကထက် အလွန်အကျွံ ကျင့်ကြံအားထုတ်ကြပါတယ်။ ကျိုးဖန်ဟာ အခြေခံအဆင့် နဝမတန်းကို ရောက်သွားပြီး ရွှေဓာတ်လုံးအဆင့်ကို ထိုးဖောက်ဖို့အတွက် ပြင်ဆင်နေပါတယ်။
ယွီဂျင်ဂိုဏ်းရဲ့ ဂုဏ်သတင်းဟာလည်း ကျင့်ကြံခြင်းလောကမှာ အတော်လေး တိုးတက်သွားပြီး လမ်းမှန်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်လိုမျိုး ဖြစ်သွားပါတယ်။ အင်အားချင်းယှဉ်ပြိုင်ရင်တော့ ယွီဂျင်ဂိုဏ်းဟာ တစ်ခြားလမ်းမှန်ဂိုဏ်းတွေကို မမီနိုင်သေးပါဘူး။
နတ်သတ်အကြီးအကဲ ဇတ်လမ်းဟာလည်း ကျင့်ကြံခြင်းလောကကို ပျံ့နှံ့သွားပါတယ်။ ဟန်ကျွယ်ဟာ ခပ်ကုပ်ကုပ်နေချင်ပေမဲ့ သူ့ဘွဲ့ကတော့ တိုက်ပွဲတစ်ခုတည်းနဲ့ အလွန်ကျော်ကြားသွားပါတယ်။
လေးနာရီကြာတဲ့အခါမှာတော့ ချန်ယွီအာ ပြန်သွားပါတယ်။ စိတ်ဝိညာဉ်ချီ စုဆောင်းခြင်း ဖော်မေးရှင်းကို အသက်သွင်းလိုက်တဲ့အခါမှာ လိုဏ်ဂူထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီဟာ သိသိသာသာကြီးကို တိုးတက်သွားပါတယ်။
“ကြည့်ရတာ ဂိုဏ်းရဲ့အဆင့်အတန်းကလည်း အတော်လေး အရေးကြီးပုံပဲ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအလျင်ကို သက်ရောက်နိုင်တာပဲ” ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီချင်းဇဲ့ဆီက ဆေးအချို့တောင်းရမယ်လို့ တွေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျင့်ကြံခြင်းကို စတင်လိုက်ပါတယ်။
…
နှစ်ဝက်ကြာတဲ့အခါမှာတော့ သတိပေးချက်တစ်ခုဟာ ဟန်ကျွယ်မျက်လုံးရှေ့မှာ ပေါ်လာပါတယ်။
[ချင်မင်ဂိုဏ်းသည် ယွီဂျင်ဂိုဏ်းအား တိုက်ခိုက်နေခြင်းကို လက်လျှော့လိုက်ပါပြီ၊ ထို့ကြောင့် သင်သည် ရတနာတစ်မျိုးနှင့် မန္တန်တစ်ပုဒ်ကို ရရှိမည်။]
[မွန်းစတားချည်ကြိုးနှင့် မိုးကြိုးမုန်တိုင်းကြီးမန္တန်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]
[မွန်းစတားချည်ကြိုး: အလွန်ကြီးမားသော ချည်နှောင်အစွမ်းရှိသည်၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအောက်ရှိ သက်ရှိမှန်သမျှကို မရွေ့လျားနိုင်အောင် ချည်နှောင်နိုင်သည်။]
[မိုးကြိုးမုန်တိုင်းကြီး: မိုကြိုးမန္တန်တစ်မျိုးဖြစ်ပြီး မိုးမြေတစ်ခွင်ရှိ မိုးကြိုးစိတ်ဝိညာဉ်ချီကို ဆွဲဆောင်၍ မိုးကြိုးမုန်တိုင်းဖြစ်အောင် ဖန်တီးနိုင်သည်၊ ကျယ်ဝန်းသော သက်ရောက်မှုရှိသည်။]
ချင်မင်ဂိုဏ်းက နောက်ဆုံးတော့ လက်လျှော့လိုက်ပြီပဲ။ ရိုးရိုးသားသား ပြောရရင် ဒီချင်မင်ဂိုဏ်းသားတွေက တော်တော်လေးကို ဇွဲနပဲကြီးမားပါတယ်။ ဂိုဏ်းဌာနချုပ်ကနေ ထွက်ပြေးနေရတာတောင် ကလဲ့စားချေဖို့ အစီအစဉ်ဆွဲကြပါသေးတယ်။
အခုကြည့်ရသလောက်တော့ ချင်မင်ဂိုဏ်းဟာ မျိုးပြုတ်သွားလောက်ပါပြီ။ အခုအချိန်ကစပြီး ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကမှာ ချင်မင်ဂိုဏ်းဆိုတာ မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး မွန်းစတားချည်းကြိုးကို သူ့ကိုယ်မှာ ပတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မိုးကြိုးမုန်တိုင်းကြီးကို စတင် ဆက်ခံလိုက်ပါတယ်။ မိုးကြိုးမုန်တိုင်းကြီးဟာ သက်ရောက်တဲ့ဧရိယာ ကျယ်ဝန်းတဲ့အတွက် ဟန်ကျွယ်အကြိုက်ပါပဲ။
အဲဒီနေ့ည အတွင်းဂိုဏ်းအပေါ်မှာ မိုးကြိုးတိမ်တိုက်တွေ စုစည်းလာပြီး ကြောက်မယ်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခုဟာ တောင်ထိပ် ၁၈ ခုလုံးကို လွှမ်းမိုးသွားပါတယ်။ လူတိုင်းဟာ ဒီအရှိန်အဝါကြောင့် ကြောက်ရွံတုန်လှုပ်သွားကြပါတယ်။
“ချင်မင်ဂိုဏ်းက ငါတို့ကို ထပ်တိုက်တာလား?”
“ချင်မင်ဂိုဏ်းက မျိုးပြုတ်နေပြီလေ!”
“ဒါဆိုရင် နောက်ထပ် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလား?”
“အဲတာဖြစ်နိုင်တယ်၊ ချင်မင်ဂိုဏ်းက မိစ္ဆာဂိုဏ်းတွေထဲမှာ အင်အားအကြီးဆုံးဂိုဏ်း မဟုတ်ဘူး”
“တိုက်ပွဲအတွက် ပြင်ဆင်ကြ!”
…
ယွီဂျင်ဂိုဏ်းမှာ ကျန်ရှိနေခဲ့တဲ့ တောင်ထိပ်ရှစ်ခုရဲ့ တပည့်တွေဟာ အလွန်တရာမှာ ရင်ထိတ်နေကြပါတယ်။ အကြီးအကဲတွေတောင် စိုးရိမ်ထိတ်လန့်နေကြပါတယ်။ မကြာခင်မှာပဲ အကြီးအကဲတွေဟာ ဒီမိုးကြိုးစိတ်ဝိညာဉ်ချီက ဟန်ကျွယ်လိုဏ်ဂူထဲကနေ လာနေတာရယ် ကောင်းကင်ပေါ်မှာ ထူထပ်နေတဲ့ မိုးကြိုးတိမ်တိုက်တွေက အတွင်းဂိုဏ်းကို မထိခိုက်စေဘူးဆိုတာကို ရှာဖွေတွေ့ရှိသွားပါတယ်။
‘သူက မန္တန်လေ့ကျင့်နေတာလား? ဝိုး... တကယ့်အံဖွယ်ပဲ!” အကြီးအကဲတွေဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားကြပါတယ်။ အချိန်တစ်ခုကြာတဲ့အခါမှာတော့ ကောင်းကင်ပေါ်က မိုးကြိုးတိမ်တိုက်တွေဟာ လျင်မြန်စွာပဲ လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းလည်း တစ်ဖန်ပြန်ပြီး ငြိမ်သက်သွားပါတယ်။
အဲဒီအဖြစ်အပျက်ပြီးလို့ သိပ်မကြာခင်မှာပဲ အကြီးအကဲတစ်ယောက်က ဒီသာဘဝလွန် လက္ခာဏာဟာ နတ်သတ်အကြီးအကဲ မန္တန်တစ်ခု လေ့ကျင့်နေတာလို့ ထုတ်ပြောလိုက်ပါတယ်။ ဒီသတင်းပျံ့နှံ့သွားတဲ့အခါမှာ ယွီဂျင်ဂိုဏ်းတပည့်တွေဟာ ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစားလိုက်ရပါတယ်။
လွန်ခဲ့နှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြီးကတည်းက နတ်သတ်အကြီးအကဲဟာ သူတို့ရဲ့ အကြီးမားဆုံး ထောက်တိုင်ကြီးတစ်ခုပါ။ နတ်သတ်အကြီးအကဲ ရှိနေသမျှကာလပတ်လုံး သူတို့တွေ ဘာမှမဖြစ်ဘူးဆိုတာ ယွီဂျင်ဂိုဏ်းတပည့်တွေက ယုံကြည်ထားကြပါတယ်။
…
နှစ်နှစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ဒုတိယအဆင့်မှာ ရှိနေတုန်းဆိုပေမဲ့ တတိယအဆင့်နဲ့ တော်တော်လေး နီးကပ်သွားပါပြီ။ ဒါဟာ တကယ့်ကို မြန်ဆန်လှတဲ့ ကျင့်ကြံမှုအလျင်ပါ။ ဟန်ကျွယ် အတွင်းဂိုဏ်းကို ဝင်ကတည်းက သူနဲ့ဆက်ဆံရေးရှိခဲ့တဲ့ ကနဦးဝိညာဉ်ကျင့်ကြံသူ အများစုရဲ့ ကျင့်ကြံခြင်းအဆင့်တွေဟာ အခုအချိန်အထိကို မတိုးတက်သေးပါဘူး။
ဟန်ကျွယ်ဟာ သူ့ရဲ့ အခြေအနေ တိုးတက်လာမှုကို ကျေနပ်အားရပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်မှာ နေထိုင်ဖို့ နှစ်ပေါင်း ၈၀၀ ကျော် ကျန်ရှိပါသေးတယ်။ ဒီနှစ်ရာချီမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို အဆင့်တက်ဖို့ဆိုတာ ဟန်ကျွယ်အတွက် ထမင်းစား ရေသောက်သလိုပါပဲ။
“အကြီးအကဲဟန်... အချိန်အားလား?” အသံတစ်သံကို လိုဏ်ဂူအပြင်ဘက်ကနေ ကြားလိုက်ရပါတယ်။ ဒီအသံပိုင်ရှင်က တစ်ခြားသူမဟုတ်ပါဘူး။ လီချင်းဇဲ့ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာ ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ ကျောက်တုံးတံခါးဟာ ပွင့်သွားပါတယ်။
လီချင်းဇဲ့ရဲ့မျက်နှာဟာ ကြည်လင်တောက်ပနေပါတယ်။ ယွီဂျင်ဂိုဏ်းက ကျော်ကြားလာတဲ့အတွက် ဂိုဏ်းချုပ်ဖြစ်တဲ့ သူလည်း အလိုလိုနေရင်း လေးစားခံလာရပါတယ်။ လီချင်းဇဲ့ဟာ လိုဏ်ဂူထဲကို လမ်းလျှောက်ဝင်လာပြီးနောက် အပြုံးနဲ့ မေးလိုက်ပါတယ် “ဒီလိုဏ်ဂူက အကြီးအကဲဟန်အတွက် နည်းနည်းကျဉ်းနေတယ်၊ အဓိကတောင်ထိပ်ကို လာပြီး ကျင့်ကြံအားထုတ်ပါလား?”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ဒီမှာလည်း အဆင်ပြေပါတယ်၊ ကျွန်တော် ကျင့်သားရနေပါပြီ” ဟန်ကျွယ်ဟာ လိုဏ်ဂူအပြင်မှာစောင့်နေတဲ့ အခြေခံအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။
[ကံတရားအထောက်အပံ့ပါသူကို ရှာဖွေတွေ့ရှိထားသည်၊ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ရန်ထျန်တုန်း မွန်းစတားပညာရှိတစ်ဦး၏ သွေးစည်းအား ပိုင်ဆိုင်ထားသည်၊ သူသည် လူသားတစ်ဝက် မွန်းစတားတစ်ဝက်ဖြစ်ပြီး သူ့ကျင့်ကြံခြင်းစွမ်းရည်သည် ပြိုင်ဘက်ကင်းဖြစ်၏၊ သို့သော် သူငယ်စဉ်တွင် ထိန်းချုပ်မှုလွတ်ကင်းပြီး မွန်းစတားအသွင်ပြောင်းလဲကာ သူ့သူငယ်ချင်းများကို ဒဏ်ရာရစေခဲ့သည်၊ ထို့ကြောင့် ချင်မင်ဂိုဏ်း၏ ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်၊ ကံကောင်းထောက်မစွာပင် ယွီဂျင်ဂိုဏ်းက သူ့အား ကယ်တင်ခဲ့သည်။]
‘အား? နောက်ထပ် ဇာတ်လိုက်တစ်ယောက်ပါလား? ချင်မင်ဂိုဏ်းကလည်း တကယ့်ကို အံဖွယ်ပဲ၊ ဒီလိုမွေးရာပါ ကံကောင်းသူ နှစ်ယောက်တောင် ရှိရတယ်လို့!’
တကယ်တော့ ယွီဂျင်ဂိုဏ်းမှာလည်း ရှိပါတယ်။ ဒါပေမဲ့ အရည်အချင်းရှိသူ ပေါများသလောက် နောက်ဆုံးထိ အသက်ရှင်နိုင်တဲ့သူက ရှားပါတယ်။
“ဒီလိုဆိုတော့လည်း ကျုပ် ထပ်မပြောတော့ဘူး၊ ဒါပေမဲ့ တာအိုရောင်းရင်းမှာ လိုချင်တာရှိရင် အချိန်မရွေး ပြောနိုင်ပါတယ်၊ ဂိုဏ်းအကြီးအကဲတွေကိုလည်း တာအိုရောင်းရင်းရဲ့ကိစ္စက ဂိုဏ်းရဲ့ကိစ္စကြီးလို့ ကျုပ် ပြောထားပါတယ်” လီချင်းဇဲ့ဟာ တဟားဟား ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းမှာရှိတဲ့လူတိုင်းကို ဖိနှိပ်နိုင်ပြီဆိုပေမဲ့ ဘဝင်မမြင့်ဘဲ ခပ်ကုပ်ကုပ်လေးပဲ ဆက်နေထိုင်ပါတယ်။
“ဒါနဲ့ အကြီးအကဲဟန်... ဘာလို့ တပည့်တစ်ယောက်လောက် လက်မခံတာလဲ? သာမန်ကာလျှံကာ လမ်းညွှန်ပေးရင်မှာ၊ ဒီကောင်လေးက တော်တော်လေး အရည်အချင်းရှိတဲ့၊ သူ ကြီးပြင်းလာတဲ့အခါ တာအိုရောင်းရင်းအတွက် အထောက်အကူကောင်း ဖြစ်စေမှာပါ” လီချင်းဇဲ့က အပြုံးနဲ့ ပြောလိုက်ပါတယ်။
အဲဒီနောက်မှာတော့ လီချင်းဇဲ့ဟာ လိုဏ်ဂူအပြင်ဘက်က ရန်ထျန်တုန်းကို ဆင့်ခေါ်လိုက်ပါတယ်။
ရန်ထျန်တုန်းဟာ အသက်နှစ်ဆယ်အရွယ်လောက်ပဲ ရှိသေးပြီး ရုပ်ရည်ကလည်း ချောမောတယ်လို့ ပြောလို့ရပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ အနီးဝန်းကျင်မှာတော့ သားရဲတစ်ယောက်ရဲ့ အရှိန်အဝါကို ထုတ်လွှတ်နေပါတယ်။ ဒါကြောင့် ယွီဂျင်ဂိုဏ်းရဲ့ တာအိုဝတ်စုံနဲ့ အနည်းငယ် မလိုက်မဖက် ဖြစ်နေပါတယ်။
ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။ ဟန်ကျွယ် ပထမဆုံးတွေးမိတာက ငြင်းဆန်ဖို့ပါ။ ဒါပေမဲ့ တပည့်မွေးတာကလည်း မကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ တွေးမိလိုက်ပါတယ်။ သူတို့တွေ ကြီးပြင်းလာရင် သူ့ကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
“ကျွန်တော် တပည့်လက်ခံနိုင်ပါတယ်၊ ဒါပေမဲ့ ကျင့်ကြံခြင်းကျင့်စဉ်ကိုတော့ ယွီဂျင်ဂိုဏ်းကပဲ သင်ပေးပါ၊ ကျန်တဲ့ ဆန်းကြယ်စွမ်းအားတို့ သိုင်းပညာ မှော်ပညာပညာတို့ကို ကျွန်တော် သင်ပေးပါ့မယ်” ဟန်ကျွယ်က အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။
လီချင်းဇဲ့က ပြုံးလိုက်ပါတယ် “ကျင့်စဉ်နဲ့ ပတ်သက်လို့ ဘာပြဿနာမှာ မရှိဘူး၊ ကျုပ် သူ့ကို အတွင်းစည်းရဲ့ ကျင့်စဉ်တစ်ခု ပေးလိုက်မယ်၊ ဒါပေမဲ့ သူက ယွီဂျင်ဂိုဏ်းတပည့်မဟုတ်တော့ ဒီလျှို့ဝှက်ပညာရပ်တွေကို လေ့လာချင်ရင် အကျိုးဆောင်ဖို့တော့ လိုလိမ့်မယ်”
“ရတယ်၊ ကိစ္စမရှိဘူး”
လီချင်းဇဲ့က ‘နတ်သတ်’ စာလုံးထွင်းထားတဲ့ ထိုကင်တစ်ချို့ကို ထုတ်ယူလိုက်ပါတယ် “ဒါက တာအိုရောင်းရင်းအတွက် ထိုကင်တွေပါ၊ အနာဂတ်မှာ တာအိုရောင်းရင်း လက်ခံမဲ့ တပည့်တွေကို ပေးနိုင်ပါတယ်” လီချင်းဇဲ့ဟာ ပြောဆိုပြီးတာနဲ့ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ထိုကင်တစ်ခုဟာ ရန်ထျန်တုန်းဆီ ပျံသန်းသွားပြီး တစ်ခြားထိုကင်တွေက စကြာဝဠာခါးပတ်ထဲ ရောက်သွားပါတယ်။
[ရန်ထျန်တုန်းသည် သင့်အပေါ်တွင် အကောင်းမြင်စိတ်ရှိ၏၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]
‘အား? ကြယ်တစ်ပွင့်တည်းလား?’
ဟန်ကျွယ်ဟာ သူ့မျက်လုံးပေါက်ကို ကျဉ်းကာ ပြောလိုက်ပါတယ် “ငါ မင်းဘယ်သူလဲဆိုတော့ တွက်ချက်ပြီးပြီ၊ မင်းနာမည်က ရန်ထျန်တုန်း၊ လူသားတစ်ဝက် မွန်းစတားတစ်ဝက်၊ ချင်မင်ဂိုဏ်းမှာ ချုပ်နှောင်ခံခဲ့ရတယ်၊ ဟုတ်တယ်မလား?”
ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်ပါတယ်။ သူဒီကိုမလာခင် သူ့အတိတ်ကို ထုတ်မပြောဖို့ လီချင်းဇဲ့က အထူးမှာကြားလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က အလွယ်တကူ တွက်ချက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
‘ဒါဆိုရင် ဒီပုဂ္ဂိုလ်က ဝိညာဖော်မေးရှင်းကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တဲ့လူလား?’
[ရန်ထျန်တုန်းသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်]
ရန်ထျန်တုန်းက တလေးတစား ပြောလိုက်ပါတယ် “ဆရာသခင်... ဆရာသခင်က တကယ့်ကို အံဖွယ်ပါပဲ၊ ကျွန်တော့်အကြောင်းကို ခဏလေးနဲ့ တွက်ချက်နိုင်တယ်၊ တကယ်ကို လေးစားမိပါတယ်”
အဲဒီနောက် တစ်ခဏရပ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ အနီရောင် ငှက်မွေးတောင်တစ်တောင် ပေါ်လာပါတယ်။ ရန်ထျန်တုန်းက လေးလေးနက်နက် ပြောလိုက်ပါတယ်။
“ဆရာသခင်... ဒီဟာက ကျွန်တော့်အဖေ ချန်ထားခဲ့တာပါ၊ ဒီထဲမှာ အလွန့်အလွန်အစွမ်းထက်တဲ့ ပညာရပ်တစ်မျိုး ရှိနေပါတယ်၊ ဒီဟာကို ကျင့်ကြံဖို့အတွက် စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ လိုအပ်ပါတယ်၊ ကျွန်တော်က စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နဲ့ အလှမ်းဝေးသေးတယ်ဆိုတော့ ဒီပညာကို ဆရာသခင် အရင်ဆုံးလေ့လာပါ၊ နောက်တော့မှ ကျွန်တော့်ကို ပြန်သင်ပေးပေါ့”