အကြီးအကဲတစ်ဦးအား သတ်ဖြတ်ခြင်း၊ မွန်းစတားပညာရှိအား မွေးမြူခြင်း
Vol. 3 Ch. 39
အခန်း (၃၉) အကြီးအကဲတစ်ဦးအား သတ်ဖြတ်ခြင်း၊ မွန်းစတားပညာရှိအား မွေးမြူခြင်း
‘မိုးကာဝတ်ရုံဂိုဏ်းရဲ့ လျှို့ဝှက်ကြီးကြပ်သူလား?’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘အပုန်းတော်တော် ကောင်းတာပဲ’
ချင်မင်ဂိုဏ်းတိုက်ပွဲပြီးတဲ့အခါမှာ အကြီးအကဲအများစုက ဟန်ကျွယ်အပေါ်မှာ အကောင်းမြင်စိတ် ရှိခဲ့ပေမဲ့ မိုးကြိုးအင်မော်တယ်က အကောင်းမြင်စိတ် မရှိခဲ့တာ အံဩစရာ မရှိတော့ပါဘူး။
‘သူက သူလျှိုဖြစ်နေလို့ ငါ့ကို အကောင်းမမြင်နိုင်တာကိုး! တကယ့်လူလိမ်ပဲ! ငါ ဘာလုပ်သင့်လဲ? သူကို သတ်သင့်လား ဒါမှမဟုတ် သက်သေ အရင်ရှာရမလား?’
ဟန်ကျွယ်ဟာ မေးစေ့ကိုလက်နဲ့ပွတ်ပြီး စဉ်းစားလိုက်ပါတယ်။ တစ်ခဏတွေးပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျောက်အေးတောင်ထိပ်ဆီ သွားပါတယ်။ နတ်မိမယ်ရှီရွှမ်က ယုံကြည်ရပါတယ်။ သူ့လူမှုဆက်ဆံရေးမှာ သူလျှိုလို့ မဖော်ပြထားပါဘူး။ ကျောက်အေးတောင်ထိပ်ခန်းမကို ရောက်တယ်ဆိုရင်ပဲ ကျောက်တုံးတံခါးပွင့်သွားတဲ့အတွက် ဟန်ကျွယ်ဟာ အထဲကို ချက်ချင်း ဝင်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ သူ့ဆရာသခင်ကို မရှိခိုးတော့ဘဲ သူ့လက်ကို ဆုပ်ကိုင်ပြီး ဦးညွှတ်လိုက်ပါတယ်။
“ဆရာသခင်... မိုးကာဝတ်ရုံဂိုဏ်းအတွက် အလုပ်လုပ်နေတဲ့ အကြီးအကဲတစ်ယောက်ကို ကျွန်တော် ရှာတွေ့ထားတယ်၊ ကျွန်တော် ဘာလုပ်သင့်လဲ? သတ်ပစ်ရမလား? သက်သေအရင်ရှာရမလား?”
နတ်မိမယ်ရှီရွှမ်က မျက်လုံးဖွင့်လိုက်ပြီး နူးညံသိမ်မွေ့တဲ့အသံနဲ့ မေးလိုက်ပါတယ် “ဘယ်သူလဲ?”
“ကောင်းကင်မိုးကြိုးတောင်ထိပ်က မိုးကြိုးအင်မော်တယ်ပါ”
“သတ်ပစ်လိုက်”
“ဟာ...” ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။ ဒါဟာ သူထင်ထားတာနဲ့ တစ်ခြားစီပါ ‘နတ်မိမယ်ရှီရွှမ်က မိုးကြိုးအင်မော်တယ်နဲ့ ရန်ငြိုးရှိနေတာလား?’
နတ်မိမယ်ရှီရွှမ်က နှာခေါင်းရှုံ့လိုက်ပါတယ် “သူ မူမမှန်တာကို ငါ အမြဲတမ်း သတိထားမိတယ်၊ မင်းကလည်း ဒီလိုပြောမှတော့ သူလျှိုဖြစ်ဖို့ ပိုများသွားပြီ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ခန်းမထဲကနေ ထွက်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်ကလည်း တစ်ခဏ တွေးတောပြီးနောက် မတ်တပ်ရပ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ကျောက်အေးတောင်ထိပ်ကနေ ကောင်းကင်မိုးကြိုးတောင်ထိပ်ဆီ ပျံသန်းသွားပါတယ်။
လူကြိုက်များတဲ့ တောင်ထိပ်တစ်ခုအနေနဲ့ ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ နေရာအစုံမှာ တပည့် ၂၀၀ နီးပါးဟာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ဟာ ကောင်းကင်မိုးကြိုးခန်းမကို လျင်မြန်စွာပဲ ရောက်ရှိသွားပါတယ်။
“စီနီယာ... ကျွန်မ ရှင့်ဆီ လာလည်တာ” နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ရဲ့ စကားအဆုံးမှာ တံခါးပွင့်သွားတဲ့အတွက် သူတို့နှစ်ယောက်ဟာ ခန်းမထဲကို ချက်ချင်း ဝင်လိုက်ပါတယ်။ အဲဒီနောက် တံခါးပြန်ပိတ်သွားပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ ဟန်ကျွယ် ရောက်လာတာကို တွေ့လိုက်ရတဲ့အတွက် အံအားသင့်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ် “
“အကြီးအကဲနှစ်ဦး ကျုပ်ဆီ လာလည်တာက...” မိုးကြိုးအင်မော်တယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ စကားတစ်ခွန်း မဆုံးခင်မှာပဲ ခန်းမထဲမှ ဓားရိပ်တွေ ဖြာထွက်သွားပါတယ်။ ဓားရိပ်တွေဟာ မိုးကြိုးအင်မော်တယ်ရဲ့ ရင်ဘက်ကို ထိုးဖောက်သွားပြီး ခန်းမရဲ့ကျောက်စိမ်းနံရံမှာ ချိတ်ဆွဲပြီးသား ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကနဦးဝိညာဉ် ပထမအဆင့်မှာတင် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူကို သတ်နိုင်ခဲ့တာပါ။ အခုသူက ကနဦးဝိညာဉ် ပဥ္စမအဆင့်ကို ရောက်ရှိနေပြီဆိုတော့ မိုးကြိုအင်မော်တယ်ကို ရင်ဆိုင်ရာမှာ ထမင်းစား ရေသောက်ပါပဲ။
“မြန်လှချည်လား!” နတ်မိမယ်ရှီရွှမ်ဟာ ရင်ထဲမှာ အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ဘယ်လိုတိုက်ခဲ့လဲ ဆိုတာကို သူ မမြင်လိုက်လို့ပါပဲ။
မိုးကြိုးအင်မော်တယ်ဟာ အလွန်တရာ တုန်လှုပ်သွားပါတယ်။ သူ ရုန်းကန်ချင်ပေမဲ့ ဟန်ကျွယ်ရဲ့ဓားချီက သူ့စိတ်ဝိညာဉ်ချီကို လျင်မြန်စွာဝါးမြိုသွားတာကို တွေ့လိုက်ရပါတယ်။
‘မဖြစ်နိုင်ဘူး! သူ့စိတ်ဝိညာဉ်ချီက ဘာလို့ ဒီလောက်တောင် အားကြီးရတာလဲ?’
ချောက်ချားသွားတဲ့ မိုးကြိုးအင်မော်တယ်ဟာ အော်ပြောလိုက်ပါတယ် “အကြီးအကဲဟန်! ခင်ဗျား ဘာလုပ်နေတာလဲ?”
ဟန်ကျွယ်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်းရဲ့ လျှို့ဝှက်ကြီးကြပ်သူ၊ အဲတာ မင်း မဟုတ်ဘူးလား? ဂိုဏ်းချုပ် ခရီးမထွက်ခင်တုန်းက ဂိုဏ်းကို ကာကွယ်စောင့်ကြပ်ဖို့ ငါ့ကို တောင်းဆိုခဲ့တယ်၊ မကြာသေးခင်က ဂိုဏ်းထဲမှာရှိတဲ့ ပါရမီရှင်တပည့်တွေ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်၊ မင်းက သူတို့ကို သတင်းအချက်အလက်တွေ ပေးလိုက်တာမလား၊ အဲဒါကြောင့် မင်းကို ငါသတ်တာ” ဟန်ကျွယ်ဟာ ပြောဆိုရင်းနဲ့ မိုးကြိုးအင်မော်တယ်ဆီ လျှောက်သွားပါတယ်။
[မိုးကြိုးအင်မော်တယ်သည် သင့်အပေါ် မုန်းတီးသွားပြီ ဖြစ်သည်၊ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်]
မိုးကြိုးအင်မော်တယ်ဟာ ထိတ်လန့်သွားပါတယ်။ ရုတ်တရက်ဆိုသလို မိုးကြိုးအင်မော်တယ်ဟာ လျှပ်စီးအသွင် ပြောင်းလဲပြီး တံခါးဝဆီ ပျံသန်းသွားပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်လိုက်တဲ့အခါ သူ့လက်ထဲကနေ လျှပ်စီးတန်းတွေ ထွက်သွားပါတယ်။ ဒီလျှပ်စီးက ဟန်ကျွယ်လေ့ကျင့်ထားတဲ့ မိုးကြိုးမုန်တိုင်းကြီးပဲ ဖြစ်ပါတယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေဟာ ခန်းမထဲမှာ ရောယှက် ဖြစ်ပေါ်လာပြီး ကျောက်စိမ်းပုလင်း၊ ပန်းချီနဲ့ တစ်ခြားပစ္စည်းတွေ အကုန်လုံးကို ကွဲကြေသွားစေပါတယ်။
“ဝုန်း!”
ကောင်းကင်မိုးကြိုး ခန်းမဟာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပါတယ်။ မိုးကြိုးအင်မော်တယ်ဟာလည်း လျှပ်စီးအသွင်ပျက်သွားပြီး ကြမ်းပြင်ပေါ်မှာ လဲကျလျက် ပြန်ပေါ်လာပါတယ်။ သူ့ပါးစပ်ကနေလည်း သွေးတွေ အန်ထွက်သွားပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ မတ်တတ်ရပ်ဖို့ ပြင်လိုက်စဉ်မှာပဲ ဓားအရိပ်သုံးချောင်ဟာ ကောင်းကောင်ပေါ်ကနေ ဆင်းသက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ သူ့ကနဦးဝိညာဉ်က ထွက်ပြေးဖို့ ကြိုးစားပေမဲ့ ဟန်ကျွယ်ရဲ့ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်အောက်မှာ လုံးဝဖျက်ဆီးခံလိုက်ရပါတယ်။
ဒီလိုနည်းနဲ့ မိုးကြိုးအင်မော်တယ်ဟာ အသတ်ခံလိုက်ရပါတယ်။
“ဆရာသခင်... ကျန်တဲ့ကိစ္စတွေကို ဆရာ့လက်ထဲ အပ်ခဲ့ပြီနော်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ လှစ်ခနဲ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ် ထွက်သွားပြီး မကြာခင်မှာပဲ ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ တပည့်တွေဟာ ခန်းမဆီကို ရောက်လာပါတယ်။ ဒီတပည့်တွေထဲမှာ မော့ဖူချိုနဲ့ မော့ကျူလည်း ပါပါတယ်။ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ ကောင်းကင်မိုးကြိုးခန်းမကြောင့် သူတို့တွေဟာ ကျောက်ရုပ်တွေ ဖြစ်သွားကြပါတယ်။
နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ် “မိုးကြိုးအင်မော်တယ်က မိုးကာဝတ်ရုံဂိုဏ်းက သူလျှိုဆိုတာက ငါနဲ့ နတ်သတ်အကြီးအကဲ ရှာတွေ့ခဲ့တယ်၊ နတ်သတ်အကြီးအကဲက သူ့ကို အဆုံးစီရင်လိုက်ပြီ၊ ကျန်တဲ့လူတွေကို ဘာမှမစိုးရိမ်ဘဲ ဆက်လေ့ကျင့်ဖို့ ပြောလိုက်၊ ဂိုဏ်းချုပ်ပြန်လာရင် အကြီးအကဲအသစ် ရွေးပေးလိမ့်မယ်၊ ဒီအတောအတွင်း ဂိုဏ်းအပြင် မထွက်ကြနဲ့၊ မဟုတ်ရင် မိုးကာဝတ်ရုံဂိုဏ်းရဲ့ တိုက်ခိုက်တာကို ခံရလိမ့်မယ်” အဲဒီနောက် နတ်မိမယ်ရှီရွှမ်ဟာ လက်ဝှေ့ယမ်းပြီး မိုးကြိုးအင်မော်တယ်ရဲ့ သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ပါတယ်။
ကောင်းကင်မိုးကြိုးတောင်ထိပ်က တပည့်တွေဟာ ကြက်သေသေသွားကြပါတယ်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? ဆရာသခင်က ဘယ်လိုလုပ်ပြီး သူလျှို ဖြစ်သွားတာလဲ?”
“နတ်သတ်အကြီးအကဲက လူမှားတာလား?”
“ဒါပေမဲ့ ဆရာသခင်က ဂိုဏ်းမှာ နှစ်ပေါင်းများစွာ ရှိခဲ့တာ၊ သူ့ကို သံသယဝင်တယ်ဆိုရင်တောင် ဂိုဏ်းချုပ် ပြန်လာတဲ့အထိ စောင့်သင့်တယ်!”
“ဆရာသခင်က သေသွားပြီ...”
“သူတို့တွေ တောင်ထိပ်ဆီလာတာကို ငါသတိထားမိတယ်၊ အသက်ရှုကြိမ် ဆယ်ကြိမ်လောက်ပဲ ရှိသေးတယ်၊ ဒီအချိန်တိုလေးအတွင်းမှာ ဆရာသခင်က လုံးဝအသတ်ခံလိုက်ရတယ်...”
…
ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ မိုးကြိုးအင်မော်တယ်ကို နတ်သတ်အကြီးအကဲ သတ်ပစ်လိုက်တယ်!
ဒီသတင်းဟာ အတွင်းဂိုဏ်းမှာ အလင်းလိုအလျင်နဲ့ ပျံ့နှံ့သွားပြီး တောင်ထိပ် ၁၈ ထိပ်က တပည့်တွေအားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါတယ်။
မိုးကြိုးအင်မော်တယ်က တကယ့်ပဲ သူလျှိုလား? ဒီမေးခွန်းရဲ့ အဖြေကို လူတိုင်း သိချင်နေကြပါတယ်။ အကြီးအကဲတွေဟာ အဓိကတောင်ထိပ်မှာ ခပ်မြန်မြန်ပဲ စုစည်းလိုက်ကြပါတယ်။ ဒီဆွေးနွေးပွဲကို ကမကထပြုသူကတော့ တာအိုသခင်ကျင်ရှုပဲ ဖြစ်ပါတယ်။
နတ်မိမယ်ရှီရွှမ်ဟာ သူ့လက်ကို တောက်လိုက်တဲ့အခါမှာ လက်ထဲကို စာတစ်စောင် ရောက်လာပါတယ်။
“ဒီစာကို မိုးကြိုးအင်မော်တယ်ရဲ့ သိုလှောင်လက်စွပ်ထဲကနေ ရှာတွေ့ထားတာ၊ ဒီစာက မိုးကာဝတ်ရုံဂိုဏ်းရဲ့ သံတမန်ဆီကပဲ၊ မိုးကြိုးအင်မော်တယ်ကို ယွီဂျင်ဂိုဏ်းမှာရှိတဲ့ ပါရမီရှင်တပည့်တွေရဲ့ အချက်အလက်တွေကို စုဆောင်းခိုင်းတာ၊ ဒါ့အပြင် မိုးကာဝတ်ရုံဂိုဏ်းက နောက်ထပ်စာတွေလည်း ရှိသေးတယ်၊ နောက်ပြီးတော့ မိစ္ဆာကျင့်ကြံသူတွေရဲ့ အသုံးအဆောင်အချို့ကိုလည်း ရှာတွေ့ထားတယ်”
နတ်မိမယ်ရှီရွှမ်ဟာ သူ့လက်ထဲကစာကို အကြီးအကဲတွေဆီ ကမ်းပေးလိုက်ပါတယ်။ ဒီစာကို ဖတ်ပြီးတဲ့အခါမှာ ယွီဂျင်ဂိုဏ်း အကြီးအကဲတွေဟာ ယမ်းပုံမီးကျဖြစ်သွားသလို အလွန်လည်း ထိတ်လန့်သွားကြပါတယ်။ ကြောက်ရွံ့မှုကို ခံစားရပြီးတဲ့နောက် အကြီးအကဲတွေဟာ မိုးကြိုးအင်မော်တယ်ကို နည်းမျိုးစုံနဲ့ ဆဲဆိုကြိမ်မောင်းပါတယ်။
‘နတ်သတ်အကြီးအကဲက တကယ် ကြောက်ဖို့ကောင်းတာပဲ၊ မိုးကြိုးအင်မော်တယ်ကို သတ်ပစ်လိုက်တာ ငါတို့နဲ့တောင် မတိုင်ပင်ဘူး၊ နောက်ဆို သူ့ကို နည်းနည်းတောင် အပြစ်မပြုမိတာ ကောင်းတယ်၊ နို့မဟုတ်လို့ကတော့...’
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူထဲမှာထိုင်ပြီး ဆက်လက်ရှာဖွေပါတယ်။ မိုးကြိုးအင်မော်တယ်ကလွဲလို ကျန်တဲ့အကြီးအကဲတွေဟာ အပြစ်မရှိကြပါဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ်။ အကြီးအကဲတွေထဲမှာ သူလျှိုတွေ အများကြီးရှိနေရင် ယွီဂျင်ဂိုဏ်းက အစောကြီးကတည်းက ပြိုကွဲသွားမှာပါ။
အကြီးအကဲတွေ ရှင်းလင်းသွားပြီဆိုတော့ ကြီးကြပ်သူတွေကို ဆက်စစ်ဆေးလိုက်ပါတယ်။ ကြီးကြပ်သူတွေထဲမှာ သူလျှိုတွေ အများကြီးရှိနေတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ မိုးကာဝတ်ရုံဂိုဏ်းကလွဲလို့ ကျန်တဲ့ဂိုဏ်းတွေဟာ သူလျှိုတွေ စေလွှတ်ထားပါတယ်။ ဒီထဲမှာ လမ်းမှန်ဂိုဏ်းရော မိစ္ဆာဂိုဏ်းရောပါတဲ့အပြင် ကျင့်ကြံခြင်းမိသားစုတွေတောင် ပါနေပါတယ်။
ဟန်ကျွယ်ဟာ အတော်လေး အံအားသင့်သွားပါတယ် ‘ကျင့်ကြံခြင်းလောကမှရှိတဲ့ ဂိုဏ်းတွေအကုန်လုံးက ဒီလိုပဲလား? ဒါမှမဟုတ် ငါတို့ဂိုဏ်းက ကံမကောင်းတာလား?’ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် ‘ဒီထဲမှာ လူအများကြီးပါနေတယ်၊ အကုန်လုံးကို လိုက်သတ်လို့ မဖြစ်ဘူး၊ ထားလိုက်ပါတော့... ကြီးကြပ်သူတွေက ဂိုဏ်းထိခိုက်အောင် သိပ်ပြီး မလုပ်နိုင်ပါဘူး’
ဟန်ကျွယ်ဟာ အတွေးစတွေကို ဖြတ်တောက်ပြီး စတင့်လေ့ကျင့်ပါတယ်။ အဲဒီအချိန်ကစလို့ နှစ်ဝက်တိုင်းမှာ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံးလူကို စစ်ဆေးပါတယ်။ ဒီလိုလုပ်တာက မိုးကာဝတ်ရုံဂိုဏ်းက အလစ်တိုက်ခိုက်မှာကို စိုးလို့ပါပဲ။
နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရှေ့မှာ သတိပေးစာတစ်ခု ပေါ်လာပါတယ်။
[မွေးရာပါ ကံကောင်းသူကို ရှာဖွေ့တွေ့ရှိထားသည်၊ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]
‘နောက်တစ်ယောက်လား?’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ရှေ့မှာ စာတန်းတွေ ပေါ်လာပါတယ်။
[ငရဲကြက်နက်: အထက်လောကမှ ပြန်လည်မွေးဖွာလာသည့် မွန်းစတားပညာရှိ၊ သူ၏ အစစ်အမှန်ပုံစံသည် ငရဲဖီးနစ်နက် ဖြစ်သည်၊ မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကောင်းကင်ရုံးတော်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်၊ သူ့ဝိညာဉ်သည် ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်သို့ ခိုးဝင်ပြီး မော်တယ်လောက၌ မွေးဖွားခဲ့သည်၊ သူ့ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို ငရဲဖီးနစ်နက်ပုံစံသို့ ပြန်ရောက်အောင် ပြောင်းလဲနေသည်၊ သို့သော် ယခုအချိန်တွင် ကြက်တစ်ကောင်သာ ဖြစ်ပြီး အသိဉာဏ်ပညာ သိပ်မရှိသေးချေ၊ နှစ်နှစ်ကလေးအရွယ် အသိဉာဏ်သာ ရှိ၏။]
ဟန်ကျွယ်ဟာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားပါတယ် ‘အထက်လောကက မွန်စတားပညာရှိ?’
‘ဒီလောက်တောင် အံဩဖို့ ကောင်းရလား?’
ရန်ထျန်တုန်းဟာ မွန်းစတားပညာရှိရဲ့ သွေးစည်းကိုပဲ ပိုင်ဆိုင်ထားတာပါ၊ ဒါပေမဲ့ ဒီငရဲကြက်နက်က အထက်လောကက မွန်းစတားပညာရှိပါ!
‘နောက်ပြီး ကောင်းကင်ရုံးတော်လည်း ရှိတယ်၊ ကမ္ဘာမြေမှာ ကြားခဲ့ရတဲ့ ဒဏ္ဍာရီတွေက အမှန်ပဲလား? ဒီလောကမှာလည်း ဒီလိုမျိုး ရှိနေတာလား?’
ငရဲကြက်နက်ရဲ့ ဆွဲဆောင်မှုကြောင့် ဟန်ကျွယ်ဟာ သူ့အာရုံကို ဖြန့်ကျက်လိုက်ပါတယ်။
တောင်ခြေမှာ လယ်သမားအိုကြီးတစ်ဦးဟာ နွားအုပ်တစ်အုပ်ကို မောင်းလာပါတယ်။ နွားတွေရဲ့ ကျောမှာတော့ ကြက်တွေနဲ့ ပြည့်နေတဲ့ ကြက်လှောင်အိမ်နှစ်ခု ရှိနေပါတယ်။ ဟန်ကျွယ်ရဲ့ အာရုံဟာ အနက်ရောင်အမွှေးရှိတဲ့ ကြက်တစ်ကောင်ဆီ ရောက်သွားပါတယ်။ ဒီကြက်ရဲ့ အမွှေးတွေဟာ သာမန်ထက် တောက်ပနေပြီး စူးရှတဲ့ခံစားမှုတစ်ခု ပေးစွမ်းနေပါတယ်။
ဒီကြက်တွေထဲမှာ ဒီကြက်နက်လေးမှာပဲ စိတ်ဝိညာဉ်ချီ ပြောင်းလဲမှု ရှိပါတယ်။ ဟန်ကျွယ်ဟာ ဘယ်လိုလုပ်ပြီး ပြိုင်ဘက်ကင်းတဲ့ အိမ်မွှေးတိရစ္ဆာန်ကို လက်လွှတ်ခံမှာလဲ? ချက်ချင်းပဲ တောင်အောက်ဆင်းလိုက်ပါတယ်။ အဲဒီနောက် လယ်သမားအိုကြီးဆီ ချဉ်းကပ်သွားပြီး ကြက်နက်ကို တောင်းလိုက်ပါတယ်။
လယ်သမားအိုကြီးဟာ မငြင်းဆန်ရဲပါဘူး။ သူ့က ယွီဂျင်ဂိုဏ်းရဲ့ အစေခံတစ်ဦးပါ။ ဒီနွားတွေနဲ့ကြက်တွေက အတွင်းဂိုဏ်းကို ပေးရမဲ့ဟာတွေပါ။ ဟန်ကျွယ်က သူ့အကြီးအကဲထိုကင်ကို ပြလိုက်တာနဲ့ လယ်သမားအိုကြီးဟာ ဟန်ကျွယ်စကားအတိုင်း လိုက်လုပ်ပေးပါတယ်။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လိုဏ်ဂူထဲကို ပြန်သွားပါတယ်။