← Chapters

စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်၊ ပြင်းထန်စွာ ဒဏ်ရာရသွားသည့် အကြီးအကဲတစ်ဦး

Vol. 3 Ch. 43

စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်၊ ပြင်းထန်စွာ ဒဏ်ရာရသွားသည့် အကြီးအကဲတစ်ဦး

Vol. 3 Ch. 43

အခန်း (၄၃) စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်၊ ပြင်းထန်စွာ ဒဏ်ရာရသွားသည့် အကြီးအကဲတစ်ဦး

‘သူက ဘယ်လိုလုပ်ပြီး ငါ့ကို အကောင်းမြင်စိတ် ရှိသွားရတာလဲ?’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ ကိစ္စကတော့ တဖြည်းဖြည်း ခက်ခဲလာပါပြီ။ သူ့အပေါ် အကောင်းမြင်စိတ် ရှိနေတဲ့သူကို ထိခိုက်အောင် ဟန်ကျွယ် မလုပ်ချင်ပါဘူး။

ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ရှေ့ကို လျှောက်သွားပြီး ပြောလိုက်ပါတယ် “ကောင်လေး... ငါမင်းကို သဘောကျတယ်၊ ငါ့ဆီမှာ တပည့်ခံပါလား? ကနဦးဝိညာဉ်အဆင့်ကို မင်း အသာလေး ရောက်နိုင်တယ်”

အခြေခံအဆင့် ကျင့်ကြံသူတွေအတွက် ကနဦးဝိညာဉ်အဆင့်ကို ရောက်ဖို့ဆိုတာ ကြီးမားတဲ့ အိပ်မက်တစ်ခုပါ။ သူ့ရှေ့က ကောင်လေးက ဒီအခွင့်အရေးကို ငြင်းလိမ့်မယ်လို့ ဟွမ်ဂျိဟောင် လုံးဝမတွေးထားပါဘူး။

‘သဘောကျတာလား?’ ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ယောက်ျား အချင်းချင်းကို ဘာသဘောကျစရာ ရှိလို့လဲ? ဖြစ်နိုင်တာက...’ ဟန်ကျွယ်ဟာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပြီး ချက်ချင်းပဲ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပါတယ်။

“ခင်ဗျားက ဘယ်သူလဲ? ယွီဂျင်ဂိုဏ်းကို ဘာလာလုပ်တာလဲ?” ဟန်ကျွယ်က ခပ်တိုးတိုး မေးလိုက်ပါတယ်။

“ငါက ဟင်္သာဓားဂိုဏ်းက ဟွမ်ဂျိဟောင်ပဲ၊ မင်းငါ့ကို ကြားဖူးလား? မင်းတို့ယွီဂျင်ဂိုဏ်းကို လာရတာက မင်းတို့ရဲ့ နတ်သတ်အကြီးအကဲကို စိန်ခေါ်မလို့ပဲ!”

“ဂိုဏ်းချုပ်ကို စိန်မခေါ်ဘဲ ဘာလို့ နတ်သတ်အကြီးအကဲကို စိန်ခေါ်ရတာလဲ?”

“မင်းတို့ဂိုဏ်းချုပ်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ငါအနိုင်ယူပြီးပြီ၊ နတ်သတ်အကြီးအကဲပဲ ငါနဲ့ ယှဉ်ပြိုင်စရာ ကျန်တော့တယ်၊ ပထမတုန်းကတော့ ဒီကိုလာဖို့ စိတ်ကူးမရှိပါဘူး၊ မိုးကာဝတ်ရုံဂိုဏ်းကို သွားစိန်ခေါ်မလို့၊ ဒါပေမဲ့ မိုးကာဝတ်ရုံဂိုဏ်းသားတွေက နတ်သတ်အကြီးအကဲကို စိန်ခေါ်မယ်ဆိုမှ သူတို့နေရာကို ပြောပြမယ်ဆိုပြီး ခေါင်းမာတယ်လေ”

ဟွမ်ဂျိဟောင်က သာမန်ကာလျှံကာ ပြောလိုက်သော်လည်း မိုးကာဝတ်ရုံဂိုဏ်းအပေါ် ဟန်ကျွယ်ရဲ့ မုန်းတီးမှုဟာ ကြယ်ခြောက်ပွင့်ထိ ထိုးတက်သွားပါတယ်။

“မိုးကာဝတ်ရုံဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေ အများကြီးရှိတယ်ဆို? သူတို့ဂိုဏ်းချုပ်ရဲ့ စွမ်းအားကရော ဘယ်လိုနေလဲ?”

“မိုးကာဝတ်ရုံဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူတွေ အများကြီးရှိတာတော့ ဟုတ်တယ်၊ သူတို့က နှစ်ထောင်ချီတဲ့ အုတ်မြစ်ရှိတာကိုး၊ ဒီလောက်တော့ ရှိမှာပေါ့၊ သူတို့ခေါင်းဆောင်က အရမ်းလျှို့ဝှက်တယ်၊ ဘယ်လောက်ထိ စွမ်းအားရှိမယ်ဆိုတာ ငါ အတပ်မပြောနိုင်ဘူး”

“မိုးကာဝတ်ရုံဂိုဏ်းကို စိန်ခေါ်တာ နိုင်နိုင်ချေ ဘယ်လောက်ရှိလဲ?”

“မင်းက ဘာလို့ ဒီလောက် မေးခွန်းအများကြီး မေးနေရတာလဲ? ငါ့ တပည့်လုပ်မှာလား၊ မလုပ်ဘူးလား?”

[ဟွမ်ဂျိဟောင်၏ သင့်အပေါ်အကောင်းမှုသည် လျော့ကျသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟွမ်ဂျိဟောင်ဟာ စိတ်မရှည်ပုံ ပေါက်လာပါတယ်။

ဟန်ကျွယ်ဟာ ရယ်ချင်စိတ် ပေါက်သွားပါတယ် ‘ငါက မင်းကို မေးခွန်းနည်းနည်းပဲ မေးရသေးတယ်၊ အကောင်းမြင်စိတ်က တစ်ဝက်ကျသွားပြီ၊ ဒါလည်း ကောင်းတယ်၊ ငါလည်း မင်းကို အားနာနေစရာ မလိုတော့ဘူး’

ဟန်ကျွယ်ဟာ ချီလင်ဓားကို ထုတ်ကာ ပြောလိုက်ပါတယ် “ခင်ဗျား ကျုပ်ရဲ့ဓားတစ်ချက်ကို ခုခံနိုင်ရင် ကျုပ်ရဲ့ ဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်!”

ဟွမ်ဂျိဟောင်ဟာ ပြုံးရယ်လိုက်ပါတယ် “ကောင်လေး၊ မင်းက ငါ့နာမည်ကို မကြားဖူးသေးဘူးနဲ့ တူတယ်!”

“ကျုပ်မေးတာပဲ ဖြေပါ၊ ကျုပ်ဓားချက်ကို ခုခံရဲလား!”

“ကောင်းပြီ၊ မင်းဓားချက်ကို ငါ ခုခံမယ်၊ မင်းငါ့ကို နည်းနည်းလေး ပွန်းပဲ့အောင် လုပ်နိုင်ရင် ဒီနေရာကနေ ငါပြန်လှည့်သွားမယ်၊ ယွီဂျင်ဂိုဏ်းကိုလည်း နောက်ထပ် ဘယ်တော့မှ ဒုက္ခမပေးတော့ဘူး!”

“ခင်ဗျား ပြောတာကို မှတ်ထားပါ”

“မှတ်ထားပါတယ်” ဟွမ်ဂျိဟောင်ဟာ မာနကြီးပါတယ်။ ဟန်ကျွယ်က အခြေခံအဆင့် နဝမတန်းပဲ ရှိတဲ့အတွက် ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်စကားကို စိတ်ထဲမထည့်ပါဘူး။

ဟန်ကျွယ်ဟာ ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ လမ်းခြောက်သွယ်စိတ်ဝိညာဉ်ချီဟာ မီးတောင်ပေါက်ကွဲသလို ထွက်ပေါ်လာပြီး ချီလင်ဓားထဲကို စီးဆင်းသွားပါတယ်။

ဟွမ်ဂျိဟောင် မျက်လုံးပြူးသွားပါတယ် ‘ဒီ စွမ်းအားက...’

ဟွမ်ဂျိဟောင်ဟာ ချက်ချင်းပဲ လက်မြှောက်ပြီး သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ယူလိုက်ပါတယ်။

ဓားရောင်လက်သွားပြီး အနက်ရောင်ဓားချီဟာ တောအုပ်ကို ခုတ်ဖြတ်လိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်ပေါ် ထိုးတက်ပြီး တိမ်တွေကို နှစ်ပိုင်းဖြစ်အောင် ပိုင်းဖြတ်လိုက်ပါတယ်။ ဒီဓားချီကြောင့် မြေကြီးဟာ သွက်သွက်ခါခါသွားပြီး ဖုန်ထသွားပါတယ်။

ဟွမ်ဂျိဟောင်ဟာ အံကြိတ်လိုက်ပြီး သူ့စွမ်းအားကို အကုန်လုံးထုတ်ကာ ဟန်ကျွယ်ရဲ့ ကောင်းကင်ဒဏ်ပေး တစ္ဆေဓားကို ခုခံလိုက်ပါတယ်။ ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့ ဓားချီကြောင့် ဟွမ်ဂျိဟောင်ဟာ နောက်ကို ဆက်တိုက်ဆုတ်သွားရပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ အကာအကွယ်ဒိုင်းမှာလည်း အက်ကြောင်းတွေ ပေါ်လာပါတယ်။

‘မကောင်းတော့ဘူး... ငါ မခုခံနိုင်တော့ဘူး’

ဟွမ်ဂျိဟောင်ဟာ ကျိန်ဆဲလိုက်ပြီး ခုန်ရှောင်လိုက်ပါတယ်။ ဟွမ်ဂျိဟောင် ဒီလို ခုန်ရှောင်လိုက်တယ် ဆိုရင်ပဲ ဟန်ကျွယ်ရဲ့ ဓားချီဟာ သူ့ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတာကြောင့် သွေးတစ်ပွက် အန်ထွက်သွားပါတယ်။ အဲဒီနောက်မှာတော့ သူ့ခန္ဓာကိုယ်ဟာ ပေတစ်ထောင်နီးပါး အကွာအဝေးကို ရောက်ရှိသွားပါတယ်။

ဓားရောင်ဝါဟာ လမ်းတစ်လျှောက်က သစ်ပင်တွေကို ပြိုလဲသွားစေတာကြောင့် မြေပြင်ပေါ်မှာ လျှိုမြောင်ကြီးတစ်ခု ပေါ်လာပါတယ်။ ဒီလျှိုမြောင်ဟာ တော်တော်လေးကြီးမားပြီး ကျဉ်းမြောင်းတဲ့ ချိုင့်ဝှမ်းတစ်ခုလိုပါပဲ။

ဟွမ်ဂျိဟောင်ဟာ ဟန်ကျွယ်ကို ထိတ်ထိတ်လန့်လန့် ကြည့်လိုက်ပါတယ် ‘ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ? မဟုတ်ဘူး! ဒါက ဆန်းကြယ်စွမ်းအားပဲ!’

“နာမည်ကျော် ဟွမ်ဂျိဟောင်က ကိုယ်ပြောထားတဲ့စကားကိုတော့ ပြန်မရုတ်ဘူးမလား?” ဟန်ကျွယ်ဟာ ခံစားချက် ကင်းမဲ့စွာ မေးလိုက်ပါတယ်။

[ဟွမ်ဂျိဟောင်သည် သင့်အား မုန်းတီးသွားပြီ ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

ဟန်ကျွယ်ဟာ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိဘဲ ဟွမ်ဂျိဟောင်ကို စိုက်ကြည့်လိုက်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ ‌‌ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါနေပါတယ်။ သူဟာ ဟန်ကျွယ်ကို သတ်ပစ်ချင်ပေမဲ့လည်း သူ့စကားကြောင့် ဘာမှမလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ဓားချီက အရမ်းစွမ်းအားကြီးတဲ့အတွက် သူသေကိုယ်သေ တိုက်မယ်ဆိုရင် အနိုင်ရဖို့ မလွယ်ပါဘူး။

အဲဒါကြောင့် ဟွမ်ဂျိဟောင်ဟာ အံကြိတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ?”

“ခင်ဗျားက ကျုပ်ကို လာရှာပြီးတော့ ကျုပ် ဘယ်သူလဲ မေးနေရသေးလား?”

ဟွမ်ဂျိဟောင်ဟာ ဒေါသကြောင့် ရယ်မောလိုက်ပါတယ် ‘ခင်ဗျားက ယွီဂျင်ဂိုဏ်းက နတ်သတ်အကြီးအကဲကိုး၊ နာမည်ကျော်သလောက် စွမ်းပါပေတယ်!’

“ဟွန်း... ကျုပ် ယွီဂျင်ဂိုဏ်းကို နောက်ထပ် မလာတော့ဘူး၊ ယွီဂျင်ဂိုဏ်းကနေ ခင်ဗျားထွက်ခွာရင် ကျုပ် ခင်ဗျားကို ထပ်စိန်ခေါ်မယ်!” ပြောဆိုပြီးတာနဲ့ ဟွမ်ဂျိဟောင်ဟာ လှည့်ထွက်သွားပါတယ်။

ဟန်ကျွယ်ဟာ မထီမဲ့မြင်အပြုံး ပြုံးလိုက်ပါတယ် ‘ယွီဂျင်ဂိုဏ်းကနေ ငါထွက်ခွာတဲ့အချိန်? မင်းတစ်ဘဝလုံး စောင့်နိုင်မှာလား?’ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို ပြန်သွားပါတယ်။

သိပ်မကြာခင်မှာပဲ ယွီဂျင်ဂိုဏ်းရဲ့ အကြီးအကဲတွေဟာ တိုက်ပွဲဖြစ်ရာနေရာကို ရောက်ရှိလာပါတယ်။ သူတို့ဟာ အပျက်အစီးတွေကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို တွေးမိပြီး စိတ်သက်သာရာ ရသွားပါတယ်။

‘နောက်ထပ် စွမ်းအားကြီးတဲ့ ရန်သူလား?’

…

ယွီဂျင်ဂိုဏ်းကနေ ထွက်ခွာလာတဲ့ ဟွမ်ဂျိဟောင်ဟာ သူ့ဓားပျံပေါ်မှာ မတ်တတ်ရပ်ရင်း သူ့ဒဏ်ရာတွေကို ကုသနေပါတယ်။

“သေစမ်း... မင်းက ငါ့ကို လှည့်စားရဲတယ်!” ဟွမ်ဂျိဟောင်ဟာ အရူးပမာ ဖြစ်နေပါတယ်။ ဟန်ကျွယ်သာ အစောကြီးကတည်းက သူ့နာမည်ကို ထုတ်ပြောခဲ့ရင် ဟွမ်ဂျိဟောင်ဟာ အမှတ်မဲ့နေခဲ့မှာ မဟုတ်ပါဘူး။ သူသာ ဂရုတစိုက်ရှိနေခဲ့ရင် ဒီဓားချက်ကို ကျိန်းသေပေါက် ခုခံနိုင်ခဲ့မှာပါ။

‘ထားလိုက်ပါတော့... ငါ့ကိုယ်က ပေါ့ဆမိတာ၊ ငါ့အပြစ်ပဲ၊ နောက်တစ်ခါကျရင်တော့ တွေ့ကျသေးတာပေါ့ကွ...’

ဟွမ်ဂျိဟောင် စိတ်ပျက်လက်ပျက် ဖြစ်နေတုန်း သူ့ရှေ့မှာ လူတစ်ယောက်ပေါ်လာပြီး သူ့လမ်းကို ပိတ်ရပ်လိုက်ပါတယ် “မင်းက ဘယ်သူလဲ? ဘာလို့ ယွီဂျင်ဂိုဏ်းထဲက ထွက်လာတာလဲ?” ဒီလူဟာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့နောက်မှာ ဓားလေးချောင်းပါတဲ့ သေတ္တာတစ်လုံးကို လွယ်ထားပါတယ်။

ဟွမ်ဂျိဟောင်ဟာ အလွန်တရာ စိတ်မချမ်းမသာ ဖြစ်နေသည်မို့ ချက်ချင်းပဲ နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ် “ငါ့ဘာသာ ဘာလုပ်လုပ် မင်းအပူပါလား? လမ်းဖယ်စမ်း!”

အစိမ်းရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူဟာ ရယ်မောလိုက်ပါတယ် “မင်းက ငါ့ကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောရဲတာ၊ သေမှာမကြောက်ဘူးလား?”

“ဟားဟားဟား... မင်းကိုယ်မင်း ဘာထင်နေတာလဲ?”

“ဒါဆိုရင် တိုက်ခိုက်ကြတာပေါ့၊ ဘယ်သူက စကားကြီးစကားကျယ် ပြောတာဆိုတာ သိရတာပေါ့”

“မင်းက သေချင်နေပြီပဲ!”

“ဝုန်း...”

…

လိုဏ်ဂူထဲကို ပြန်ရောက်လာတဲ့ ဟန်ကျွယ်ဟာ ထိုင်လိုက်တယ်ဆိုရင်ပဲ သူ့‌ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။

[သင်သည် ဟွမ်ဂျိဟောင်ဟာ တိတ်တဆိတ် အနိုင်ယူခဲ့သည့်အတွက် စိတ်ဝိညာဉ်ရတနာကို ရရှိပါသည်။]

[စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့် မီးမိစ္ဆာခေါင်းလောင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]

[မီးမိစ္ဆာခေါင်းလောင်း: ခုခံခြင်း စိတ်ဝိညာဉ်ရတနာ ဆဋ္ဌမအဆင့်။ ဟင်းလင်းပြင်းပေါင်းစပ်ခြင်း အဆင့်အောက်ရှိ တိုက်ခိုက်မှုမှန်သမျှကို ခုခံနိုင်သည်။ ခေါင်းလောင်းထဲသို့ စိတ်ဝိညာဉ်ချီ သွတ်သွင်းလျှင် ခေါင်းလောင်း၏ အလေးချိန်သည် တိုးလာမည်ဖြစ်ပြီး ဧရာမတောင်ကြီး တစ်တောင်ကဲ့သို့ လေးလံသွားမည် ဖြစ်သည်။]

‘ဟမ်? ရတနာကောင်းပဲ! ဟင်းလင်းပြင်ပေါင်းစပ်ခြင်း အဆင့်အောက်က တိုက်ခိုက်မှုမှန်သမျှကို ခုခံနိုင်တယ်ဆိုပဲ! ကောင်းလိုက်တာ!’

ဟန်ကျွယ်ဟာ မီးမိစ္ဆာခေါင်းလောင်းကို ပျော်ရွှင်ထုတ်ယူလိုက်ပြီး သေသေချာချာ ကြည့်လိုက်ပါတယ်။ မီးမိစ္ဆာခေါင်းလောင်းဟာ နက်မှောင်နေပြီ ရှေးကျတဲ့ မကောင်းဆိုးဝါးရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ဟန်ကျွယ်ဟာ ခေါင်းလောင်းပေါ်ကို သူ့သွေးစက် ချလိုက်ပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မီးမိစ္ဆာ‌ခေါင်းလောင်းကို ရီဖိုင်းလုပ်တာ ပြီးစီးသွားပါတယ်။ ဒီအချိန်မှာ မီးမိစ္ဆာခေါင်းလောင်းဟာ ဟန်ကျွယ်လက်လိုပဲ လိုသလိုအသုံးပြုနိုင်တဲ့ ရတနာပစ္စည်းတစ်ခု ဖြစ်သွားပါပြီ။

ဟန်ကျွယ်ဟာ ရွှေရောင်ဆန်းကြယ် နတ်ဝတ်ရုံနဲ့ မီးမိစ္ဆာခေါင်းလောင်းကြောင့် အလွန်တရာ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။ သူ့ကိုယ်သူလည်း ဂုဏ်ယူလို့မဆုံးပါဘူး။ အဲဒီနောက်မှာတော့ ဟန်ကျွယ်က သူ့ကျင့်ကြံခြင်းကို ဆက်အားထုတ်ပါတယ်။

နောက်နေ့မနက်ခင်းမှာတော့ နတ်မိမယ်ရှီရွှမ်ဟာ သူ့ဆီ ရောက်လာပါတယ်။ ဒါဟာ သူ့ဆရာသခင် သူ့ကို ပထမဦးဆုံးအကြိမ် လာရှာတာပါ။

ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပါတယ်။

“ယွီအာက ငါ့စီနီယာ ကွမ်းယိုကောင်းအကြောင်း ပြောထားတယ်မလား၊ မနေ့က သူပြန်ရောက်လာတယ်၊ ဒါပေမဲ့ ယွီဂျင်ဂိုဏ်းနားမှာ ဟွမ်ဂျိဟောင်နဲ့ ထိပ်တိုက်တွေ့ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်” နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ရှေ့မှာရောက်ပြီး တိုက်ရိုက်ပြောလိုက်ပါတယ်။

‘ဟင်? ဂိုဏ်းချုပ် ဖြစ်ချင်တဲ့သူက ရောက်လာတယ်ဆို အရိုက်ခံလိုက်ရတယ်ပေါ့!’ ဟန်ကျွယ်ဟာ ကွမ်းယိုကောင်းအတွက် နည်းနည်းတောင် စိတ်မကောင်း ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီကွမ်းယိုကောင်းကလည်း တော်တော့်ကို ညံပါတယ်။ ဒဏ်ရာရနေတဲ့ ဟွမ်ဂျိုဟောင်ကို အနိုင်မရတဲ့အပြင် ပြင်းပြင်းထန်ထန်တောင် ဒဏ်ရာရသွားပါသေးတယ်။ ဒီလိုလူမျိုးက သူ့ဆရာသခင်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်သေးတယ်လို့ ဟန်ကျွယ်က တွေးလိုက်ပါတယ်။

All Chapters