← Chapters

အင်မော်တယ်တွေ့ဆုံပွဲ၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူ ဆယ်ယောက်

Vol. 3 Ch. 44

အင်မော်တယ်တွေ့ဆုံပွဲ၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူ ဆယ်ယောက်

Vol. 3 Ch. 44

အခန်း (၄၄) အင်မော်တယ်တွေ့ဆုံပွဲ၊ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကျင့်ကြံသူ ဆယ်ယောက်

“ကံတော်တော်ဆိုးရှာတာပဲ” ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “စီနီယာကွမ်းပြောတာတော့ ဟွမ်ဂျိဟောင်က ယွီဂျင်ဂိုဏ်းက ထွက်လာတာတဲ့၊ ဂိုဏ်းနားက တောအုပ်ကလည်း ပျက်စီးသွားတယ်၊ အဲဒီမှာ အင်အားကြီးမားတဲ့ဓားချီကို ခံစားနိုင်တယ်၊ ယွီဂျင်ဂိုဏ်းကို စိန်ခေါ်ဖို့ ရောက်လာတာတဲ့ ဟွမ်ဂျိဟောင်ကို မင်း တိုက်ထုတ်လိုက်တာလား?”

ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်ပါတယ်”

နတ်မိမယ်ရှီရွှမ်ဟာ သက်ပြင်းချလိုက်ပါတယ် “နာမည်ကျော်ဟွမ်ဂျိဟောင်က မင်းလိုဂျူနီယာတစ်ဦးရဲ့ လက်အောက်မှာ ရှုံးနိမ့်ရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး”

ဟန်ကျွယ်ဟာ သူ့ဆရာသခင်ကို ထိုင်ဖို့နေရာ ပေးလိုက်ပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ပြီး ဆက်ပြောပါတယ် “ငါ မင်းကို လာရှာတာ စီနီယာကွမ်းကို ဖိနှိပ်စေလို့ပဲ”

‘ကွမ်းယိုကုန်းကို ဖိနှိပ်ရမှာလား?’ ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ်။

“ဂိုဏ်းချုပ်က စီနီယာကွမ်းလို အစွမ်းမရှိပေမဲ့ ဂိုဏ်းအတွက် အကောင်းဆုံး ကြိုးစားခဲ့တာ၊ ယွီဂျင်ဂိုဏ်းအတွက် သူ့ကျင့်ကြံခြင်းကိုတောင် အလေးမထားခဲ့ဘူး၊ သူသာ ဂိုဏ်းချုပ်နေရာက ဖယ်ပေးလိုက်ရရင် တော်တော်လေး သနားစရာ ကောင်းသွားလိမ့်မယ်၊ ဒါ့အပြင် စီနီယာကွမ်းက ကလဲ့စားချေချင်တာပဲ သိတာ၊ ဂိုဏ်းအတွက် ဂရုစိုက်တာ မဟုတ်ဘူး၊ သူ ဒဏ်ရာတွေ ပျောက်ကင်းသွားရင်း မင်းကို စိန်ခေါ်ခိုင်းလိုက်မယ်၊ သူသာ မင်းကို အနိုင်ယူနိုင်ရင် ဂိုဏ်းချုပ်လုပ်ရမယ်ဆိုပြီး ပြောလိုက်မယ်၊ မင်း ဘယ်လိုထင်လဲ?” နတ်မိမယ်ရှီရွှမ်ဟာ ညင်သာတဲ့အသံနဲ့ ပြောလိုက်ပါတယ်။ သူ့စကားသံနဲ့ အကြည့်တွေဟာ အစကနေ အဆုံးထိ နည်းနည်းတောင် ပြောင်းလဲသွားခြင်း မရှိပါဘူး။

“ရပါတယ်၊ ဒါပေမဲ့ ဒီတိုက်ပွဲကို တိတ်တိတ်လေးပဲ လုပ်ကြတာပေါ့၊ ဒီတိုက်ပွဲကို ဂိုဏ်းသားတွေ သိသွားရင် ကျင့်ကြံခြင်းလောကတစ်ခုလုံး သိသွားကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကျွန်တော့်နာမည်က ထပ်ကျော်ကြားပြီး ပြဿနာပေါင်း သောင်းခြောက်‌ထောင်နဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ပြီးခဲ့တဲ့တစ်ခါတုန်းက ယွီဂျင်ဂိုဏ်းကို ကူညီခဲ့လို ကျွန်တော့်နာမည်က ကျင့်ကြံခြင်းလောကကို ပျံ့နှံ့သွားခဲ့တယ်၊ ဒါကြောင့် ဟွမ်ဂျိဟောင် ရောက်လာတာ”

“အမှန်ပဲ၊ ဒီလိုလုပ်ရင် စီနီယာကွမ်း မျက်နှာပျက်စရာ မလိုတော့ဘူး”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ထောင့်နားမှာကပ်နေတဲ့ ငရဲကြက်ကို ရုတ်တရက် ကြည့်လိုက်ပြီး တအံတဩ မေးလိုက်ပါတယ် “မင်းဘာလို့ ဒီကြက်ကို မွေးထားရတာလဲ? ပုံစံကြည့်ရတာ သာမန်မဟုတ်ဘူးပဲ”

ငရဲကြက်ဟာ ချင်းချင်း ခေါင်းမော့ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ကျုပ်က ဖီးနစ်ဗျ၊ မကြာခင်မှာ ဖီးနစ်ဖြစ်လာမှာလို့ သခင်က ပြောထားတယ်”

နတ်မိမယ်ရှီရွှမ်က ပြုံးလိုက်ပါတယ် ‘ကြက်က ဖီးနစ်ဖြစ်ချင်တာလား?’

“ကျွန်တော် ဒီကောင်ကို ဂိုဏ်းမှာရှိတဲ့ လယ်သမားတစ်ဦးဆီက ရထားတယ်၊ ဒီအတိုင်း ကျင့်ကြံရတာ ပျင်းစရာကြီ၊ အဖော်တစ်ယောက်ရှိတော့ သိပ်ပျင်းစရာ မကောင်းတော့ဘူးပေါ့”

ဟန်ကျွယ်ဟာ ငရဲကြက်ရဲ့ဇစ်မြစ်ကို မပြောပါဘူး။ သူပြောရင်တောင် ဘယ်သူက ယုံကြည်မှာလဲ? ကြက်နဲ့ ဖီးနစ်ကြားက ကွာခြားချက်ဟာ ရေမြွေနဲ့ ကောင်းကင် နဂါးတစ်ကောင်လို ကွားခြားလွန်းလှပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ဘက် ပြန်လှည့်လိုက်ပါတယ် “နှစ်တစ်ရာမှာ တစ်ခါကျင်းပတဲ့ အင်မော်တယ်တွေ့ဆုံပွဲက စတင်တော့မှာ၊ ငါ့ဆီမှာ အင်မော်တယ်ထိုကင်ရှိတယ်၊ မင်းသွားမလား? ဒီပွဲမှာ လိုချင်တာမှန်သမျှ အကုန်ရနိုင်တယ်”

‘အင်မော်တယ်တွေ့ဆုံပွဲ၊ နာမည်က နားထောင်လို့ကောင်းပြီး တော်တော်စည်ကားမဲ့ပုံပဲ၊ ဝတ္ထုထဲမှာဆိုရင် ဇာတ်လိုက်အစွမ်းပြရမဲ့နေရာပဲ၊ ဒီလိုပွဲမျိုးက နည်းနည်းလေး သတိလွှတ်သွားရင်တောင် ရန်သူတွေ ရလာနိုင်တယ်၊ မသွားတာပဲ ကောင်းတယ်’

ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်ပါတယ် “ဆရာသခင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဂူအောင်းကျင့်ကြံဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်၊ နောက်ပြီး ကျွန်တော့် အရည်အချင်းနဲ့ ဒီလိုပွဲတွေကို သွားစရာမလိုသေးပါဘူး”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းညိလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး လိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို လိုဏ်ဂူဝထိ လိုက်ပို့ပါတယ်။ နတ်မိမယ်ရှီရွှမ် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ သူ့အိပ်ရာပေါ်ပြန်ထိုင်ကာ စတင်ကျင့်ကြံပါတယ်။

‘အင်မော်တယ် တွေ့ဆုံပွဲ... ကျွတ်.. ကျွတ်... ကောင်းကင်ဘုံဝင်ခြင်းအဆင့်ကို ငါရောက်ရင် ဒီပွဲက ဘယ်လိုမျိုးလဲဆိုတာ သွားကြည့်ရမယ်’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောရင်း သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ချီကို လှည့်ပတ်လိုက်ပါတယ်။

…

ဟင်္သာဓားဂိုဏ်း။

ရန်နိုင်ငံရဲ့ လက်ယာဂိုဏ်းတစ်ခုအနေနဲ့ ဟင်္သာဓားဂိုဏ်းမှာ တပည့်တစ်သောင်းနီးပါး ရှိပါတယ်။ တပည့်အများစုဟာ ဓားကို လေ့ကျင့်ကြပါတယ်။ ရန်နိုင်ငံရဲ့ အစွမ်းအထက်ဆုံး ဓားသမားတွေက ဟင်္သာဓားဂိုဏ်းကချည်းပါပဲ။

…

ဂိုဏ်းချုပ်ရဲ့အခန်းထဲမှာ ဟွမ်ဂျိဟောင်ဟာ ဖျာပေါ်ထိုင်နေပြီး တော်တော်လေး မျက်နှာပျက်နေပါတယ်။

စားပွဲရဲ့ ထိပ်ဆုံးမှာတော့ ဟင်္သာဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထန်ဟန် ထိုင်နေပါတယ်။ ထန်ဟာဟာ အသက်သုံးလေးဆယ်အရွယ် ရုပ်ရည်မျိုးရှိနေပြီး ချောမောတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ဓားလိုပဲ စူးရှထက်မြက်ပါတယ်။ သူ့ဘေးမှာတော့ ဓားတစ်ချောင်းဟာ လေပေါ်မှာ ဝဲနေပါတယ်။

“မင်းက သူဆီက ဓားချက်တစ်ချက်ကိုတောင် မခုခံနိုင်ဘူးလား?” ထန်ဟန်ဟာ မျက်မှောင်ကြုတ်နဲ့ မေးလိုက်ပါတယ်။

ဟွမ်ဂျိဟောင်ဟာ အံကြိတ်လိုက်ပါတယ် “ကျုပ် ဝန်မခံချင်ပေမဲ့ ဒါက အမှန်တရားပဲ၊ သူ့စိတ်ဝိညာဉ်ချီက အရမ်းအင်အားကြီးတယ်၊ ဒီလိုစိတ်ဝိညာဉ်ချီမျိုးကို ကျုပ် ပထမဆုံး မြင်ဖူးတာပဲ၊ ဒီစိတ်ဝိညာဉ်ချီက သာမန်သဘာဝလည်း မဟုတ်သလို အရမ်းရှားပါးတဲ့ စိတ်ဝိညာဉ်အမြစ်လည်း မဟုတ်ဘူး၊ ဘယ်လိုမျိုးလဲဆိုတာ အတပ်ပြောလို့မရဘူး”

ဟွမ်ဂျိဟောင်ဟာ ကောင်းကင်တစ္ဆေဓားကို ရင်ဆိုင်ခဲ့ရတာကို ပြန်တွေးမိပြီး ကြက်သီးမွှေးညင်း ထသွားပါတယ်။

“နောက်ပြီးတော့...”

“နောက်ပြီးတော့ ဘာဖြစ်လဲ?”

“ဒီလူရဲ့ ရုပ်ရည်က တော်တော်လေး ချောတယ်၊ ရုပ်ရည်ချင်း ယှဉ်မယ်ဆိုရင် ဟင်္သာဓားဂိုဏ်းက တစ်ယောက်မှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”

“ဒါက အရေးကြီးလို့လား?”

“အင်း... သိပ်ပြီးတော့ အရေးမကြီးပါဘူး...”

ဟွမ်ဂျိဟောင်ဟာ သက်ပြင်းချလိုက်ပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် ဟွမ်ဂျိဟောင်ရဲ့ လေသံဟာ နှာမြောတသဖြစ်နေပုံ ပေါက်နေပါတယ်။

ထန်ဟန်ဟာ ယွီဂျင်ဂိုဏ်းမှာ ဒီလိုလူမျိုးရှိလိမ့်မယ်လို့ မထင်ထားတဲ့အတွက် မျက်မှောင်ကြုတ်သွားပါတယ်။ အပြင်ဘက်မှာ ဟွမ်ဂျိဟောင်ဟာ ဟင်္သာဓားဂိုဏ်းရဲ့ အတော်ဆုံးတိုက်ခိုက်သူလို့ သတ်မှတ်ခံထားရပါတယ်။ သူဟာ ဟွမ်ဂျိဟောင်ထက် ပိုပြီးအစွမ်းထက်တယ်လို့ ခံစားရပေမဲ့ အရမ်းကြီး သာနေတာတော့ မဟုတ်ပါဘူး။

ဟွမ်ဂျိဟောင်က ဆက်ပြောပါတယ် “တစ်ခုရှိသေးတယ်၊ မိုးကာဝတ်ရုံဂိုဏ်း ပြန်ပေါ်လာပြီး ယွီဂျင်ဂိုဏ်းကို ပစ်မှတ်ထားနေတယ်၊ ကျုပ် ပြန်ကောင်းလာရင် သူတို့ကို စိန်ခေါ်ဖို့ စီစဉ်ထားတယ်”

ထန်ဟန်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “မိုးကာဝတ်ရုံဂိုဏ်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက အင်အားဆုတ်ယုတ်သွားပြီဆိုပေမဲ့ သူ့အုတ်မြစ်က ရှိနေသေးတော့ ပေါ့သေးသေးတွက်လို့ မရဘူး၊ သိပ်မကြာသေးခင်က ယွီဂျင်ဂိုဏ်း ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲ ငါ့ဆီ ရောက်လာတယ်၊ သူတို့က လက်ယာဂိုဏ်းတွေကို ပေါင်းစည်းပြီး မိုးကာဝတ်ရုံဂိုဏ်းကို ပြန်တိုက်ချင်နေတယ်၊ ဒါပေမဲ့ ငါ သဘောမတူလိုက်ဘူး၊ ဘာလို့လည်းဆိုတော့ အဲဒီလူမသေသေးရင် မိုးကာဝတ်ရုံဂိုဏ်းက ဘယ်လိုမှဖျက်ဆီးလို့ရမှာ မဟုတ်ဘူး”

“အဲဒီလူက ဘယ်သူလဲ?”

“မိုးကာဝတ်ရုံဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ၊ ဒီလူငယ်ငယ်တုန်းကလည်း မင်းလိုပဲ နာမည်ကြီးတယ်၊ သူကကိစ္စတစ်ခုကြောင့် လက်ဝဲလမ်းထဲရောက်သွားပြီး မိုးကာဝတ်ရုံဂိုဏ်း ဖြစ်လာတာ၊ ငါ့ဆရာသခင်ဆီက ကြားဖူးတာတော့ သူတို့ခေတ်တုန်းက မိုးကာဝတ်ရုံဂိုဏ်းရဲ့ ခေါင်းဆောင်က အစွမ်းအထက်ဆုံးပဲတဲ့၊ ဒီအကြိမ်မှာ မင်းသူရဲ့စွမ်းအားကို စမ်းသပ်သင့်တယ်၊ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ မနိုင်နိုင်ဘူးထင်ရင် အမြန်ပြန်ဆုတ်လာခဲ့ချည်”

“မစိုးရိမ်ပါနဲ့၊ ကျုပ်က မာနသာကြီးတာပါ၊ မတုံးပါဘူး”

“သိပါတယ်၊ သတိပေးရုံပါ”

…

နတ်မိမယ်ရှီရွှမ် လာလည်ပြီးနောက် ခုနစ်နှစ်တာအချိန်ကာလာဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ကနဦးဝိညာဉ် သတ္တမအဆင့်ကို ရောက်ရှိသွားပြီး အဋ္ဌမအဆင့်နဲ့ နီးကပ်နေပါပြီ။ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာအပြင် တစ်ခြားသူတွေကိုလည်း သူ့လူမှုဆက်ဆံရေးကနေ ဂရုတစိုက်ရှိပါတယ်။

ရန်ထျန်တုန်းနဲ့ ကျိုးဖန်ဟာ မိုးကာဝတ်ရုံဂိုဏ်းရဲ့ ဖမ်းဆီးတာကို ခံရပြီးတဲ့နောက်မှာ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက တိုးတက်လာပါတယ်။ ကြည့်ရတာ သူတို့တွေ အညံခံလိုက်ပုံပါပဲ။ ဒါပေမဲ့ သူတို့တွေက မိုးကာဝတ်ရုံဂိုဏ်းသားတွေ ဖြစ်မလာတာကြောင့် ဟန်ဆောင်အညံခံတာလို့ ဟန်ကျွယ် တွေးလိုက်ပါတယ်။

လီချင်းဇဲ့ကတော့ မိုးကာဝတ်ရုံဂိုဏ်းရဲ့ တိုက်ခိုက်မှုကြောင့် မကြာခဏဆိုသလို ဒဏ်ရာရပါတယ်။ ဒီဂိုဏ်းချုပ်က တော်တော်လေး အလုပ်လုပ်တဲ့သူပါ။ ယွီဂျင်ဂိုဏ်းအတွက် နေရာစုံအောင် ပြေးလွှာနေပြီး အချိန်တိုင်းလိုလို ဒဏ်ရာရနေပါတယ်။ ပြောရမယ်ဆိုရင် လီချင်းဇဲ့ဆီမှာ ဒဏ်ရာပျောက်ကင်းတဲ့အချိန်တောင် မရှိတော့ပါဘူး။

ဒါ့အပြင် ကွမ်းယိုကုန်းဟာ ဟန်ကျွယ်ကို တစ်ခါမှ လာမရှာပါဘူး။ ဒါကိုလည်း ဟန်ကျွယ် နားလည်ပါတယ်။ ဒဏ်ရာရနေတဲ့ ဟွမ်ဂျိဟောင်ကိုတောင် မယှဉ်နိုင်တဲ့သူက ဟွမ်ဂျိဟောင်ကို အနိုင်ယူလိုက်တဲ့ ဟန်ကျွယ်ကို ဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲမှာလဲ?

ငရဲကြက်ရဲ့ ကြီးထွားလာမှုကလည်း တော်တော်လေး မြန်ဆန်လာပါတယ်။ သူ့အင်အားက ချီသန့်စင်ခြင်း အဋ္ဌမအဆင့်ရှိတဲ့ ကျင့်ကြံသူနီးပါး ဖြစ်လာပါတယ်။ ကြက်မပြောနဲ့ ကျင့်ကြံသူတွေထဲမှာတောင် ဒီလောက်မြန်မြန် လေ့ကျင့်နိုင်တဲ့လူက လက်ချိုးရေလို့ရပါတယ်။ ငရဲကြက်ဟာ ကြီးပြင်းလာတာနဲ့အမျှ အပြင်လောကကြီးအကြောင်းကို ပိုပိုပြီး သိချင်လာပါတယ်။

ဟန်ကျွယ်ဟာ ငရဲကြက်ကို ဦးနှောက်ကျင်းပစ်ပါတယ် “အပြင်ဘက်က အရမ်းအန္တရာယ်များတယ်၊ လူအများကြီးက မင်းကို စားချင်နေကြတာ၊ အပြင်လောကကို သွားချင်တယ်ဆိုရင် ပြိုင်ဘက်ကင်းဖို့လိုတယ်၊ မဟုတ်ရင် ကျိန်းသေပေါက် သေလိမ့်မယ်၊ မင်းသခင်ဖြစ်တဲ့ ငါတောင် အပြင်လောကကို မသွားရဲဘူး”

အချိန်ကြာလာတဲ့အခါမှာတော့ ငရဲကြက်ဟာ အပြင်ထွက်ဖို့အကြောင်း လုံးဝမစဉ်းစားတော့ဘဲ ကျင့်ကြံအားထုတ်လိုစိတ်သာ ရှိပါတော့တယ်။

တစ်နေ့မှာတော့ လီချင်းဇဲ့ဟာ ဟန်ကျွယ်ဆီ ထပ်ရောက်လာပါတယ်။

လီချင်းဇဲ့ရဲ့ ရောင်ဝါက အားပျော့နေပြီး မျက်နှာသိပ်မကောင်းတာကို ဟန်ကျွယ် သတိထားမိလိုက်ပါတယ်။ ကြည့်ရတာ ထပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရာထားပုံပါပဲ။

လီချင်းဇဲ့က အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကြောက်ဖို့ကောင်းတဲ့အရာတွေ ဖြစ်လာပြီ၊ မေပယ်တောင်ကြားကို မိုးကာဝတ်ရုံဂိုဏ်းက ဖျက်ဆီးလိုက်ပြီ၊ သူတို့ရဲ့ နောက်ထပ်ပစ်မှတ်က ယွီဂျင်ဂိုဏ်းဖြစ်ဖို့ များတယ်၊ မေပယ်တောင်ကြားရဲ့ ‌ခေါင်း‌ဆောင်က သူမသေခင်မှာ ကျုပ်ဆီကို သတင်းတစ်ခု ပေးပို့ခဲ့တယ်၊ သူပြောတာက မိုးကာဝတ်ရုံဂိုဏ်းမှာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူ ဆယ်ယောက်ရှိတယ်တဲ့၊ ဒီအင်အားက ရန်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို သိမ်းပိုက်ဖို့ လုံလောက်တယ်”

ဒီစကားကို ဟန်ကျွယ်ကြားတဲ့အခါမှာ ချက်ချင်းပဲ မေးလိုက်ပါတယ် “ဒါဆိုရင် ကျုပ်တို့တွေ ဘာလို့ ထွက်မပြေးကြတာလဲ?”

လီချင်းဇဲ့ဟာ ဟန်ကျွယ်အမေးကြောင့် ကြက်သေသေသွားပါတယ်။

All Chapters