နတ်ဆိုးများလွတ်မြောက်လာခြင်း
Vol. 107 Ch. 1070
ယဲ့လန်၏ဆက်သွယ်မှုက မျက်စိတစ်မှိတ်အတွင်း ကျန်းယန်စီရင်စုသုံးခုတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့၏။
ကောင်းကင်ကို ဖုံးလွှမ်းနေသော လူသားဧကရာဇ်ချီ၏စွမ်းအားမြှင့်တင်မှုအောက်တွင် အင်ပါယာခုံရုံး၏စစ်တပ်များက စီရင်စုမြို့တော်မှအလျင်အမြန်ထွက်ခွာလာကြပြီး လမ်းကြီးလမ်းငယ်တိုင်းကို တင်းကျပ်စွာစောင့်ကြပ်နေခဲ့ကြချေသည်။
အရာအားလုံးနောက်ဆုံးတွင် နေရာတကျ ဖြစ်သွားချိန်မှသာ လူများက သက်ပြင်းချကာ အနည်းငယ် စိတ်သက်သာရာရသွားကြပေသည်။
အင်ပါယာခုံရုံး နှင့် မသေမျိုးခုံရုံး တို့က သေမျိုးလောကကိုပူးတွဲစီမံအုပ်ချုပ်ကြပြီး တစ်ဦးစီတွင် ကိုယ်ပိုင်တာဝန်များရှိကြ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၎င်းကအလေ့အကျင့်တစ်ခု ဖြစ်လာခဲ့ချေသည်။
သို့သော် တစ်ဖက်က သူတို့၏တာဝန်များကို ထမ်းဆောင်ရန် ရပ်တန့်လိုက်သည်နှင့် ပြဿနာများစွာသည် လုံးလုံးလျားလျားပေါ်ထွက်လာတော့၏။
ဥပမာအားဖြင့် ယခုတစ်ကြိမ်တွင် မြေစောင့်မသေမျိုးက ကြိုတင်အသိမပေးခဲ့လျှင် နတ်ဆိုးများ မျှော်စင်ထဲမှလွတ်မြောက်သွားပြီး အင်ပါယာခုံရုံး က တုံ့ပြန်မည့်အချိန်တွင် အလွန်နောက်ကျသွားလောက်ပြီဖြစ်ကာ မရေမတွက်နိုင်သောအပြစ်ကင်းမဲ့သည့် အသက်ပေါင်းများစွာဆုံးရှုံးသွားရပေလိမ့်မည်။
ရိုးရှင်းသောနှိုင်းယှဉ်ချက်တစ်ခုကပင် အင်ပါယာခုံရုံးက မသေမျိုးဌာနကို တည်ထောင်ခဲ့သည်မှာနှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အစစ်အမှန် ကောင်းကင်ဘုံခုံရုံး နှင့် နှိုင်းယှဉ်ပါက အလွန် အတွေ့အကြုံနုနယ်နေသေးကြောင်း ပြသနေပေသည်။
ကောင်းကင်ဘုံက သေမျိုးလောကကို ပရမ်းပတာဖြစ်စေရန်ကိုယ်တိုင်ပေါ်လာရန် မလိုအပ်ချေ။
အင်ပါယာခုံရုံး၏စစ်တပ်ဖွဲ့စည်းပုံနှင့် ပတ်သက်၍မူ ၎င်းက ကာကွယ်ရေးအတွက် လုံလောက်သော်လည်း နတ်ဆိုးများကို သုတ်သင်ရှင်းလင်းရန် မဖြစ်နိုင်ကြောင်း ထင်ရှားလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မသေမျိုးနတ်ဘုရားများ နှင့် နှိုင်းယှဉ်နိုင်သော သားရဲများကို လူသားဧကရာဇ်ချီ၏အထောက်အပံ့ဖြင့် ရင်ဆိုင်ရခြင်းဖြစ်ပြီး လူစုကွဲသွားပါက အလွယ်တကူကျိုးပေါက်သွားနိုင်သောကြောင့် ဖြစ်ချေ၏။
နတ်ဆိုးဖိနှိပ်ရေးမျှော်စင်ပြိုကျမှုသည် စီရင်စုမြို့တော်ကို မထိခိုက်စေပေ။
သို့သော် အောက်ဘက်ရှိ ခရိုင်များစွာမှာမူ မလွဲမသွေထိခိုက်ခံရမည်ဖြစ်ပြီး ဆုံးရှုံးမှုများနှင့် ပတ်သက်၍မူ...
"အခုတော့ အဲဒီ စီနီယာတွေကိုပဲ အားကိုးရတော့မှာပဲ" စစ်သည်များက သူတို့၏လှံများကို တင်းကျပ်စွာဆုပ်ကိုင်ထားကြပြီးကြမ်းကြုတ်သည့် မဟာနတ်ဆိုးတစ်ကောင်က အချိန်မရွေးတိုက်ခိုက်လာနိုင်သည့်အလား သူတို့၏မျက်လုံးများမှာ လေးနက်တည်ကြည်နေကာ နတ်ဆိုးဖိနှိပ်ရေးမျှော်စင် ရှိရာဘက်သို့ ကြည့်နေခဲ့ကြသည်။
အတွင်းရေးကို သိရှိသော စစ်သူကြီးအနည်းငယ်က တိုးညှင်းစွာသက်ပြင်းချလိုက်ကြ၏။
မသေမျိုးဌာနက အစစ်အမှန်ကောင်းကင်ဘုံခုံရုံး နှင့် မယှဉ်နိုင်ကြောင်း အင်ပါယာခုံရုံးက သိရှိထားပေသည်။ လူသိများသော ဌာနခွဲရှစ်ခုအပြင် ဤအားနည်းချက်ကို ဖြည့်ဆည်းရန်အတွက် ဖန်တီးထားသောလျှို့ဝှက်ဌာနတစ်ခုလည်း ရှိနေချေ၏။
ထိုစီနီယာများဟု ခေါ်ဆိုကြသူများက ဤကွက်လပ်ကိုဖြည့်ဆည်းရန် အမှန်တကယ် ခွန်အားရှိမရှိနှင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်ကိုမူ မသိရသေးချေ။
ထိုအချိန်တွင် နတ်ဆိုးဖိနှိပ်ရေးမျှော်စင်က အလှမ်းဝေးနေသေးသော်လည်း လူတိုင်းနီးပါး သူတို့၏နားထဲတွင် မိုးကြိုးကဲ့သို့ ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ကြရပါသည်။
ဂါး..
ဤအသံက မည်သည့် မိစ္ဆာနတ်ဆိုးအမျိုးအစားဖြစ်ကြောင်း လူများမခွဲခြားနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မဟာနတ်ဆိုး များစွာ၏နာကြည်းဟိန်းဟောက်သံများ ပေါင်းဆုံမှုဖြစ်သောကြောင့်ဖြစ်ပေ၏။
လာနေပြီ
လူတိုင်း၏အမူအရာများပြင်းထန်စွာ ပြောင်းလဲသွားပြီးနောက် စစ်သူကြီးတစ်ဦးကအော်ဟစ်လိုက်၏။ "တန်းစီ"
စီရင်စုသုံးခု အစိုးရရုံးအတွင်းရှိ နန်းတွင်းအရာရှိများ၏လှုပ်ရှားမှုနှင့်အတူ ကောင်းကင်ကန့်လန့်ကာ အတွင်းရှိကြွယ်ဝသော ဧကရာဇ်ချီက ရုတ်တရက် လှုပ်ရှားလာပြီး စစ်တပ်ဖွဲ့စည်းပုံနှင့် ပေါင်းစပ်သွားကာကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် ခံစားချက်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့ချေသည်။
...
ဆီးနှင်းများထူထပ်စွာ ကျဆင်းနေသော အေးစက်သည့် ဆောင်းရာသီတွင် ချင်တောင်တန်းက စိမ်းလန်းစိုပြေနေဆဲဖြစ်ရာ ၎င်းကသိပ်သည်းသော မသေမျိုးစွမ်းအားများဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်ကြောင်း ထင်ရှားလှပေ၏။
သို့သော် တောင်တန်းများ၏နက်ရှိုင်းသော နေရာတွင် ခုနစ်ထပ်မြင့်သော စေတီအဟောင်းတစ်ဆူ ရှိနေပြီး အနည်းငယ်ယိမ်းယိုင်နေသောအစီအရင်နှင့်အတူ အနီရောင်နံရံများက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။
အနည်းငယ်တုန်ခါသွားမှုနှင့်အတူ နံရံအစအနများ ကြွေကျလာခဲ့၏။
အောက်ခြေတွင်မူ အဆိုင်အခဲဖြစ်လုနီးပါးဖြစ်နေသောသိပ်သည်းသည့် အနီရောင်မြူခိုးများ ပန်းထွက်လာပြီး တောင်လေကပင် မဖယ်ရှားနိုင်ဘဲ ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးများကို ဖြစ်ပေါ်စေခဲ့သည်။
ဤစေတီအို၏အောက်တွင် မည်သည့်အရာများ ရှိနေမည်၊မည်ကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် သက်ရှိများကို အကျဉ်းချထားမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။
မျှော်စင်၏တုန်ခါမှုက ပိုမိုပြင်းထန်လာခဲ့ပြီး ဤကဲ့သို့သိသာထင်ရှားသော ပုံမှန်မဟုတ်မှုများကို ပတ်ဝန်းကျင်မှလုံးဝလျစ်လျူရှုထားခဲ့ကြပေသည်။
မျက်နှာချင်းဆိုင် တောင်ထိပ်ပေါ်တွင်သာ အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက ချောက်ကမ်းပါးစွန်းသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့ပြီး သူ၏ဝတ်ရုံနက်များလွင့်ခါနေကာ လေတိုက်မှုကြောင့်ဝီစီမှုတ်သံကဲ့သို့ အသံများထွက်ပေါ်နေခဲ့ချေ၏။
လူငယ်လေးက စေတီအိုကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ "..."
စီရင်စုများ အပေါ် ရှန်းယီ၏နားလည်မှုဖြင့် သူက မြေပြင်ပေါ်ရှိ ရွှေရောင်မျဉ်းများကို အလွယ်တကူ မြင်တွေ့နိုင်သည်။ တစ်စုံတစ်ခုနှင့် ချိတ်ဆက်ထားပြီး ဤမျှော်စင်ကိုဖိနှိပ်ရန် မသေမျိုးစွမ်းအားကို စုစည်းနေသောမျဉ်းဆယ်ခုကျော်ရှိသော်လည်း ယခုအခါ ဤရွှေရောင်မျဉ်းများအားလုံးမှာ မှေးမှိန်သွားခဲ့ချေပြီ။
"ငါ့အတွက် ကျိုးပဲ့စမ်း" ဒေါသပြည့်နှက်နေသော ဟိန်းဟောက်သံနှင့်အတူ မျှော်စင်ကိုယ်ထည်က မြေပြင်မှ တွန်းတင်ခံရသည့်အလား နောက်တစ်ကြိမ်ယိမ်းယိုင်သွားပြီး ကျဉ်းမြောင်းသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့၏။
များပြားလှသော ဟိန်းဟောက်သံများကြားတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ချေသည်။
နှစ်ပေါင်းများစွာ ဖိနှိပ်ခံရပြီးနောက် နေ့အလင်းရောင်ကို နောက်တစ်ကြိမ် မြင်တွေ့ရမည့် အချိန်ရောက်လာပြီဖြစ်ကာ နှစ်ကာလများစွာ စုဆောင်းလာခဲ့သော နာကြည်းမှုများနှင့် ဆင်းရဲဒုက္ခများအားလုံးက ယခုအခါ အပြင်းထန်ဆုံးသော ဟိန်းဟောက်သံများအဖြစ် ပြောင်းလဲသွားခဲ့ပေ၏။
ဤအရာများပ တစ်ချိန်က ကြောက်မက်ဖွယ်ကောင်းသောသက်ရှိများဖြစ်ခဲ့ကြပြီး ယခု ပြန်လည်ပေါ်ထွက်လာပြီဖြစ်ရာ သူတို့က လောကကြီးကို သူတို့၏နာမည်များကို နောက်တစ်ကြိမ် ပြန်လည်မှတ်မိစေရပါလိမ့်မည်။
"သတ်" မိုးကြိုးကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ခုနစ်ထပ်မြင့်သော စေတီအိုကြီးက ချက်ချင်းပြိုကျသွားပြီး အောက်ဘက်တွင် တွင်းနက်ကြီးတစ်ခုကဲ့သို့သော အပေါက်တစ်ခု ပေါ်ထွက်လာခဲ့၏။
အနီရောင် အလင်းတန်းများက တစ်ခုပြီးတစ်ခု ပစ်ထွက်လာကြပြီး မိုးမြေကြားတွင် ပုံသဏ္ဍာန်များ အမျိုးမျိုးထွက်ပေါ်လာကာ သူတို့၏ကြမ်းကြုတ်သော အစစ်အမှန်ပုံစံများကို ထုတ်ဖော်ပြသလိုက်ကြချေသည်။
ကျင့်ကြံခြင်းအဆင့်များ ကွဲပြားကြသော်လည်း ကောင်းကင်သို့ ထိုးတက်နေသော သူတို့၏နာကြည်းမှုများမှာမူ တူညီနေကြပေသည်။
ချုပ်နှောင်မှုမှ ယခုလေးတင် လွတ်မြောက်လာကြသော ဤမဟာနတ်ဆိုးများက ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်ရှုလိုက်ကြပေ၏။
သို့သော် သူတို့မျှော်လင့်ထားသော ကျင့်ကြံသူ အုပ်စုများကိုဖြစ်စေ နတ်ဘုရားမင်းဆက် မှ ထောင်သောင်းချီသော စစ်တပ်များကိုဖြစ်စေ သူတို့၏အမြင်အာရုံထဲတွင် မတွေ့ခဲ့ရချေ။
ဗလာကျင်းနေသော မြင်ကွင်းက သူတို့ကို အနည်းငယ်လမ်းပျောက်သွားစေခဲ့၏။
တစ်ခဏအကြာတွင် များပြားလှသော အကြည့်များက အားနည်းပုံရသည့် ထိုတစ်ခုတည်းသော ပုံရိပ်အပေါ်သို့ စုစည်းသွားကြချေသည်။
"မင်း တစ်ယောက်တည်း လာတာလား" ရွှေရောင် အမွေးများဖြင့်ဖုံးလွှမ်းနေသော ရှေးဟောင်း မျောက်ဝံတစ်ကောင်က ဦးစွာစကားပြောလိုက်၏။
သူတို့က ပိတ်ဆို့မှုကို ဖောက်ထွက်ကာ အသေအကြေတိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားခဲ့ကြချေသည်။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားထဲတွင် ထူးဆန်းသော ဆုံးရှုံးမှု ခံစားချက်တစ်ခုကို ခံစားလိုက်ကြရသည်။
"အချိန်အကြာကြီးဖိနှိပ်ခံထားရတော့ ငါတို့ကို ဘယ်သူမှ မမှတ်မိကြတော့ဘူး" ရှေးဟောင်း မျောက်ဝံက သူ၏ခေါင်းကိုဖြည်းညှင်းစွာ နောက်သို့ လှည့်ကြည့်လိုက်၏။
ဤနေရာတွင် ထိုက်ယင်နတ်ဆိုးမသေမျိုးများ သီးသန့်ပင်လျှင် ဆယ်ကောင်ကျော်ရှိနေသော်လည်း နတ်ဆိုးဖိနှိပ်ရေးမျှော်စင်မှ သူတို့ ဖောက်ထွက်လာမှုသည် ဤလောက၏အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့ချေ။
ဒီလို စော်ကားမှု၊ ဒီလို လျစ်လျူရှုမှုမျိုး..
တဖြည်းဖြည်းနှင့် ရှေးဟောင်းမျောက်ဝံ၏ညှိုးနွမ်းနေသော မျက်နှာပေါ်တွင် ကြမ်းကြုတ်သောအပြုံးတစ်ခုပေါ်လာခဲ့၏။ "အခု ငါတို့ ဘယ်သူလဲဆိုတာ သူတို့ကို ပြောပြလိုက်စမ်း"
သူတို့က ကိုယ့်ကိုယ်ကိုယ်နာမည်ပေးခြင်းထက် လုပ်ရပ်များမှတစ်ဆင့် သူတို့၏မည်သူမည်ဝါဖြစ်ကြောင်းကိုပြသရန် ပိုမို နှစ်သက်ကြပေသည်။
နောက်တစ်ခဏတွင် သိပ်သည်းလှသော နတ်ဆိုးစွမ်းအင်များက ဆက်တိုက်ဆိုသလို အနီရောင် တိမ်တိုက်များအဖြစ်ပြောင်းလဲသွားပြီး ချင်တောင်တန်း၏ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားကာ ၎င်းကိုအတောက်ပဆုံး နေဝင်ချိန်ထက်ပင် အဆပေါင်းများစွာ ပိုမိုနီရဲသွားစေခဲ့ချေသည်။
လွန်ခဲ့သောတစ်ခဏက စိမ်းလန်းစိုပြေနေသော သန့်ရှင်းသည့် မြေနေရာကချက်ချင်းပင် ကြမ်းကြုတ်သော နတ်ဆိုးနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။