အခန်း (၁၀၉၅-၁၀၉၆)
Vol. 93 Ch. 1095-1096
အခန်း ၁၀၉၅- ခံတပ်များ တည်ဆောက်ခြင်း၊ နဂါးလူသားမျိုးနွယ်၏ ကိုယ်ဝန်ဆောင်မှုနှင့် မဟာမိတ်အဖွဲ့သို့ ပြန်လာခြင်း
ရှောင်းယီ၏ အကဲခတ်မှုများအရ မသေမျိုးမျိုးနွယ်၏ တပ်ဖွဲ့များထဲတွင် ဝတ်ရုံနက်ဝတ်ထားသည့် ဟန်ဆောင်ကောင်းသူများ မရှိတော့ပေ။ သို့ဆိုလျှင် ဤသေမျိုးမဲ့တပ်ဖွဲ့များကို ဆုတ်ခွာရန် မည်သူက အမိန့်ပေးနေသနည်း။
ထျန်းဝူသည် စောစောက နတ်သူငယ်နှင့်အတူ ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင်ရှောင်း ငါတို့ ဒီ သရဲတံခါး တောင်ကြားလမ်းကို ဒီလောက်မြန်မြန် သိမ်းပိုက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
ထျန်းဝူ၏ လေသံရှိ စိတ်လှုပ်ရှားမှုများမှာ ဖုံးကွယ်ထား၍ပင် မရပေ။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။
“မသေမျိုးမျိုးနွယ်တွေရဲ့ ကျူးကျော်မှုကို ကာကွယ်ဖို့ သရဲတံခါး တောင်ကြားလမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ခံတပ်တစ်ခုစီ တည်ဆောက်မယ်။”
“ကောင်းပါပြီ။ ဒါက ငါတွေးနေတဲ့အတိုင်းပဲ။”
ထျန်းဝူက ချက်ချင်း သဘောတူလိုက်သည်။
ရှောင်းယီသည် ကနဦးအောင်ပွဲရပြီးနောက် အောင်မြင်မှုကို မက်မောကာ အဆင်အခြင်မဲ့ ရှေ့တိုးသွားမည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့သို့ထပ်တိုးလျှင် မြေပြန့်လွင်ပြင်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ထိုနေရာသို့ ရောက်သွားပါက မသေမျိုးမျိုးနွယ်ကို တွန်းလှန်ရန်နှင့် နယ်မြေကို ထိန်းသိမ်းထားရန်မှာ မလွယ်ကူတော့သောကြောင့်ပင်။
“အစ်ကိုကျန်း...ငါတို့ရဲ့ အင်ဂျင်နီယာအဖွဲ့ကို သရဲတံခါး တောင်ကြားလမ်းရဲ့ ဘေးနှစ်ဖက်မှာ ခံတပ်တွေဆောက်ဖို့ ချက်ချင်း စီစဉ်လိုက်ပါ။ အစ်ကိုကတော့ လုံခြုံရေးအတွက် တာဝန်ယူပေးပါ။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီက ထျန်းဝူဘက်လှည့်ကာ မေးလိုက်သည်။
“ဒီတောင်ကြားလမ်းကို ကျုပ်တို့ဆီမှာပဲ ထားခဲ့လိုက်ပါ။ ခင်ဗျားတို့ ခဏလောက် အနားယူပြီး ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို လည်ပတ်ဖို့ သွားကြမလား။”
ရှောင်းယီတွင် လက်နက်ကိရိယာ အမြောက်အမြားရှိသည်ကို မြင်ရသဖြင့် ထျန်းဝူနှင့် အခြားသူများက ခေါင်းညိတ်ပြလိုက်ကြသည်။
“မဟာမိတ်အဖွဲ့ဆီ သွားမယ့်ခရီးစဉ်ကိုတော့ ခဏ ရွှေ့ထားလိုက်ပါဦးမယ်။ ကျုပ်တို့ နောက်တန်းကို အရင်ပြန်ချင်သေးတယ်။ အဲ့ဒီက ထွက်လာတာ ၃ နှစ်တောင် ရှိပြီဆိုတော့ ကျုပ်ဇနီးက ကျုပ်အတွက် သားသမီးတွေ မွေးပေးပြီးပြီလားဆိုတာ မသိသေးဘူး။”
ထိုစကားကို ကြားရသောအခါ ရှောင်းယီမှာ ထျန်းဝူ၏ ဦးခေါင်းပေါ်တွင် မြင်းတစ်ကောင် ဒုန်းစိုင်းပြေးလွှားနေသကဲ့သို့ (ဇနီးဖြစ်သူ ဖောက်ပြန်နေမည်ကို အရွှန်းဖောက်သည့်သဘော) ခံစားလိုက်ရသည်။
ရှောင်းယီ၏ ထူးဆန်းသော အကြည့်ကို မြင်သော်လည်း ထျန်းဝူက များများစားစား မစဉ်းစားမိပေ။ သူသည် ဤနေရာရှိ ကာကွယ်ရေးများကို အလျင်အမြန် စီစဉ်ပြီးနောက် နဂါးလူသားမျိုးနွယ်စုနှင့်အတူ ထွက်ခွာသွားတော့သည်။
ဘေးရှိ နတ်သူငယ်မျိုးနွယ်စုကလည်း မထွက်ခွာမီ ဤနေရာတွင် စောင့်ကြပ်ရန် နတ်သူငယ်အစောင့်အချို့ကို ချန်ထားရစ်ခဲ့သည်။
ရှောင်းယီက ဤနေရာ၏ ကာကွယ်ရေးအတွက် တာဝန်ယူမည်ဟု ပြောထားသော်လည်း နဂါးလူသားမျိုးနွယ်နှင့် နတ်သူငယ်မျိုးနွယ် နှစ်ခုစလုံးမှာ ၎င်းတို့၏ တပ်ဖွဲ့အချို့ကို ချန်ထားခဲ့ကြဆဲပင်။ အမှန်တကယ်တွင် ၎င်းတို့သည် အခုမှ စတင်ထိတွေ့ဖူးခြင်းဖြစ်ရာ သံသယအနည်းငယ်တော့ ရှိနေကြသေးသည်။ တစ်ချိန်တည်းမှာပင် လူအချို့ကို ချန်ထားခြင်းက တစ်ခုခုဖြစ်လာပါက ဆက်သွယ်ရန်နှင့် သတင်းပို့ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
ထျန်းဝူနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှောင်းယီက မနေနိုင်ဘဲ မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင် ရွှမ်းချီ ခင်ဗျားတို့ နဂါးလူသားမျိုးနွယ်ရဲ့ ကိုယ်ဝန်ဆောင်ကာလက ဘယ်လောက်ကြာလဲ။”
“၃ နှစ်ကနေ ၅ နှစ်အထိ ကြာတတ်ပါတယ်။”
ရွှမ်းချီက ရှောင်းယီကို ဇဝေဇဝါဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကိုယ်ဝန်ရဖို့ကတော့ အရမ်းခက်ခဲတယ်ာ”
ရှောင်းယီ ချက်ချင်း နားလည်သွားခဲ့သည်။
“ဒါကြောင့် ခင်ဗျားတို့ နဂါးလူသားမျိုးနွယ်ရဲ့ လူဦးရေက သိပ်မများတာကိုး။ ဒါပေမဲ့ ကျုပ်တို့ မဟာမိတ်ဆေးရုံကို သွားကြည့်လို့ရပါတယ်။ အဲ့ဒီမှာ ခင်ဗျားတို့ရဲ့ ကိုယ်ဝန်ရရှိမှုပြဿနာတွေကို ဖြေရှင်းပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။”
ရွှမ်းချီမှာ အနည်းငယ် မှင်တက်သွားပြီးနောက် မျက်လုံးများ အနည်းငယ် တောက်ပလာကာ မေးလိုက်၏။
“ခင်ဗျားတို့ ဆေးရုံက တကယ်ပဲ ကျုပ်တို့ နဂါးလူသားမျိုးနွယ်ရဲ့ ကိုယ်ဝန်ရရှိမှုပြဿနာကို ဖြေရှင်းပေးနိုင်မှာလား။”
“ဖြစ်နိုင်ပါတယ်။ အရင်ဆုံး သွားပြီး တိုင်ပင်ဆွေးနွေးကြည့်လို့ ရတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။”
ဤနေရာရှိ အခြေအနေများ တည်ငြိမ်သွားပြီး သရဲတံခါး တောင်ကြားလမ်းရှိ ကာကွယ်ရေးခံတပ်များ တည်ဆောက်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်းယီသည် လေဟာနယ်တံခါးမှတစ်ဆင့် မဟာမိတ်ပင်မကျွန်းသို့ ပြန်ရောက်လာခဲ့သည်။
လေဟာနယ်တံခါးထဲမှ ထွက်လာသည်နှင့် သူ၏ လက်ကိုင်ဖုန်းမှာ အဆက်မပြတ် အသံမြည်လာတော့သည်။ ဟိုဘက်တွင် လိုင်းမမိဘဲ ပြန်ရောက်လာချိန်မှသာ စုပုံနေသော မက်ဆေ့ခ်ျများ အားလုံး တစ်ပြိုင်နက် ပေါ်လာခြင်းဖြစ်သည်။
ရှောင်းယီသည် ဖုန်းကို အသံပိတ်လိုက်ပြီးနောက် အပန်းဖြေစခန်းဆီသို့ လျှောက်သွားရင်း မက်ဆေ့ခ်ျများကို စတင်ဖတ်ရှုတော့သည်။
“ခမည်းတော် ကြည့်ကြည့်...။ ဒါက သူတို့ ရုံးလုပ်ငန်းတွေအတွက် သုံးတဲ့အရာပဲ။ လပ်တော့ပ်လို့ ခေါ်တယ်။”
ရော်ဂျာသည် လော့လင်တန်ကို ဤနေရာရှိ အရာအားလုံးအား စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးနေ၏။
“ဒီပစ္စည်းက မှတ်တမ်းတင်နိုင်စွမ်းနဲ့ တွက်ချက်နိုင်စွမ်း အရမ်းကောင်းတယ်။”
ရော်ဂျာက နိုင်ငံတော်ဘဏ္ဍာတိုက်ရှိ ပစ္စည်းစာရင်းဇယားများ တွက်ချက်ရာတွင် ဤပစ္စည်းကို မည်သို့အသုံးချရမည်ကို လော့လင်တန်အား လက်တွေ့ပြသနေလေသည်။
ရော်ဂျာ၏ လက်တွေ့ပြသမှုကို ကြည့်ပြီး လော့လင်တန်မှာ အကြီးအကျယ် တုန်လှုပ်သွားရ၏။
ပထမအချက်မှာ ၎င်းဘာသာ အလိုအလျောက် တွက်ချက်နိုင်စွမ်းရှိသော ဤကဲ့သို့ စက်မျိုး ရှိနေခြင်းအပေါ် အံ့သြမိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူ၏သားဖြစ်သူက ဤပစ္စည်းသစ်ကို ဤမျှမြန်မြန်ဆန်ဆန် လက်ခံနိုင်စွမ်းရှိသည်ကို အံ့သြမိခြင်းဖြစ်သည်။
“ရှောင်ကျဲ ဒီကိုရောက်တာ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ်လေ။”
လော့လင်တန်က သူ့ဘာသာ တွေးလိုက်မိသည်။
“ရှောင်ကျဲကို မဟာမိတ်အဖွဲ့ဆီမှာ ပညာလာသင်ခိုင်းတာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုပဲ။”
ရော်ဂျာတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် အရာအားလုံးကို မိတ်ဆက်ပေးနေစဉ်မှာပင် ရှောင်းယီ ရောက်ရှိလာခဲ့သည်။ သူ အနည်းငယ် မေးမြန်းကြည့်ပြီးနောက် လော့လင်တန်နှင့် ရော်ဂျာတို့ သားအဖကို ရှာတွေ့သွားခဲ့သည်။
“ကျွန်းပိုင်ရှင်...။”
ရှောင်းယီကို မြင်သည်နှင့် လော့လင်တန်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
ရှောင်းယီက ထိုမျှအထိ လုပ်ထုံးလုပ်နည်းများ မလိုကြောင်း လက်ဟန်ပြလိုက်ပြီးမေးလိုက်သည်။
“ကောင်းကင်မိုးကြိုး မင်းဆက်ဘက်က ကိစ္စတွေ အဆင်ပြေသွားပြီလား။”
“ဟုတ်ကဲ့။ ပြည်တွင်းအခြေအနေတွေ အားလုံး အခြေကျသွားပါပြီ။ ဒီနေ့ကစပြီး အနီးနားက အင်ပါယာတွေကို တန်ပြန်တိုက်စစ် စတင်ဆင်နွှဲနေပါတယ်။”
လော့လင်တန်က ပြန်ဖြေလိုက်သည်။
မနေ့ညက သူတို့ တိုက်ပွဲဝင်စီမံချက်ကို ညလုံးပေါက် အပြီးသတ်ခဲ့ကြပြီး ယနေ့အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ နိုင်ငံလေးနိုင်ငံ၏ ကာကွယ်ရေးများကို ထိုးဖောက်နိုင်မည်ဟု မျှော်လင့်ထားကြသည်။
“အင်း... ကျုပ်ဘက်က ဘာအကူအညီပဲ လိုလို ချက်ချင်းပြောပါ။”
ရှောင်းယီက ခေါင်းညိတ်ပြလိုက်သည်။ လော့လင်တန်က သဘောတူလိုက်၏။
“ဒီနေ့ ဒီကိုလာတာ မဟာမိတ်အဖွဲ့ထဲက အရာတွေကို လာကြည့်ရုံတင်မကဘဲ ကျွန်းပိုင်ရှင်ကို အကူအညီတောင်းစရာ တစ်ခုလည်း ရှိပါသေးတယ်။”
“ဘာများလဲ။”
ရှောင်းယီက မေးလိုက်သည်။
“ရော်ဂျာကို မဟာမိတ်အဖွဲ့ရဲ့ ကျောင်းကို ဝင်ခွင့်ပြုစေချင်ပါတယ်။ ကျွန်းပိုင်ရှင် ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်။”
လော့လင်တန်က ရိုသေစွာ ပြောလိုက်သည်။ ရှောင်းယီ အနည်းငယ် မှင်တက်သွားပြီးနောက် ရယ်မောလိုက်၏။
“ကျုပ်က ဘာအရေးကြီးတဲ့ ကိစ္စလဲလို့။ ဒါက သေချာပေါက် ပြဿနာမရှိပါဘူး။ မဟာမိတ်အဖွဲ့မှာ ကျောင်းနေအရွယ် လူငယ်တွေအားလုံး ကျောင်းတက်ရမယ်ဆိုတဲ့ စည်းမျဉ်းရှိပြီးသားပဲ။ ရော်ဂျာလည်း အဲ့ဒီထဲမှာ ပါတာပေါ့။ ခင်ဗျားတို့ မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပိုပြီး လေ့လာဖို့ လိုဦးမယ်။”
“ဟုတ်ကဲ့။ ကျွန်းပိုင်ရှင်ရဲ့ သင်ပြမှုတွေကို ကျုပ်တို့ အတိအကျ လိုက်နာပါ့မယ်။”
လော့လင်တန်က ချက်ချင်း တုံ့ပြန်လိုက်သည်။ ထို့နောက် သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် စမ်းတဝါးဝါး မေးလိုက်သည်။
“ဒါပေမဲ့ ဒီလိုဆိုရင် လူတိုင်းက ဉာဏ်ပွင့်လင်းကုန်ကြမှာမလား။ အဲ့ဒါက အုပ်ချုပ်ရေးပိုင်းအတွက် အခက်အခဲ မဖြစ်စေဘူးလား။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်သည်။
“လူမှုအဖွဲ့အစည်း တိုးတက်ဖို့ဆိုတာ အသိဉာဏ်ရှိတဲ့လူတွေကို ပိုပြီးလိုအပ်တယ်။ ကျုပ်တို့က အမြဲတမ်း ရှေ့ကို ဆက်လှမ်းနေရမှာလေ။ ဒါ့အပြင် မဟာမိတ်အဖွဲ့ကသာ သူ့ရဲ့ အားသာချက်တွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် သူတို့က ကျုပ်တို့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ဖို့ လိုမှာမဟုတ်ဘူး။ ဘယ်အင်အားစုကမှ ကျုပ်တို့ မဟာမိတ်အဖွဲ့လောက် အဆင့်မြင့်ပြီး သဘောထားမကြီးဘူးလေ။”
လော့လင်တန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ သုံးတဲ့ ချစ်ပ်တွေကနေတစ်ဆင့် မှတ်ပုံတင်ထားတဲ့သူတွေရဲ့ အချက်အလက်အားလုံးကို ကွန်ပျူတာထဲ ထည့်ထားလို့ ရလား။”
“ရတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပဲ။ လူတိုင်းရဲ့ အချက်အလက်တွေကို စီမံခန့်ခွဲရတာ ပိုပြီးလွယ်ကူသွားတာပေါ့။”
လော့လင်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ ကောင်းကင်မိုးကြိုး မင်းဆက်က လူအားလုံးကိုလည်း ဒီချစ်ပ်တွေ မှတ်ပုံတင်ပေးလို့ ရမလား။”
ကောင်းကင်မိုးကြိုး မင်းဆက်၏ လူဦးရေမှာ ယီရန်ပင်း မဟာမိတ်အဖွဲ့ထက် များစွာ ပိုများသဖြင့် ဤပစ္စည်းများ ပြတ်လပ်မည်ကို လော့လင်တန် စိုးရိမ်နေခြင်းဖြစ်သည်။
“ရတာပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“တကယ်တော့ မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတဲ့သူ အားလုံးကို ဒီချစ်ပ် မှတ်ပုံတင်စေချင်တာက ကျုပ်ရဲ့ ဆန္ဒပါပဲ။”
“သိပ်ကောင်းတာပဲ။ ဒါဆို ကျုပ်တို့ လူတွေအားလုံး ဒီကို လာပြီး မှတ်ပုံတင်ရမှာလား။”
လော့လင်တန်က မေးလိုက်သည်။ ရှောင်းယီ အနည်းငယ် စဉ်းစားလိုက်၏။
“ဒီစက်တွေကို ဟိုဘက်ကို သယ်သွားဖို့ ကျုပ်လူလွှတ်ပြီး စီစဉ်ပေးပါ့မယ်။”
“ကျွန်းပိုင်ရှင်ကို ကျေးဇူးအများကြီး တင်ပါတယ်။”
လော့လင်တန်က ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါဆို ကွန်ပျူတာတွေကရော...။”
ရှောင်းယီက ပြုံးလိုက်၏။
“ခင်ဗျား ဘာပဲဝယ်ချင်ဝယ်ချင် ဦးလေးအန်းနဲ့ တိုက်ရိုက် ဆွေးနွေးလို့ရပါတယ်။ ပစ္စည်းအတော်များများအတွက် သူက ဆုံးဖြတ်ချက် ချပေးနိုင်တယ်။”
ထို့နောက် ရှောင်းယီသည် အန်းယွဲ့ကို ခေါ်လိုက်ပြီး လော့လင်တန်၊ ရော်ဂျာတို့ သားအဖနှင့်အတူ အပန်းဖြေစခန်း၌ အတူတူ ထမင်းစားလိုက်ကြသည်။
“ဦးလေးအန်း... နောင်ကျရင် အရှင်မင်းကြီးလော့လင်တန် ဘာပဲ လိုအပ်လိုအပ် ပံ့ပိုးကူညီပေးလိုက်ပါ။ အားလုံးကို အကြွေးစာရင်းထဲ အရင်မှတ်ထားလိုက်ပေါ့။ ကောင်းကင်မိုးကြိုး မင်းဆက်ရဲ့ ဘဏ္ဍာငွေတွေက မရောက်သေးဘူး။”
ရှောင်းယီက မှာကြားလိုက်လေသည်။
အခန်း ၁၀၉၆- တစ်စုံတစ်ယောက်က လေဟာနယ်တံခါးထဲ တိုးဝင်သွားတယ်၊ ဒါအမှန်ပဲ
“ကောင်းပါပြီ။ စိတ်ချပါ ကျွန်းပိုင်ရှင်။”
အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်သည်။
ထမင်းစားပြီးနောက် ရှောင်းယီသည် ဗီလာသို့ ပြန်သွားခဲ့ပြီး လော့လင်တန်ကမူ အန်းယွဲ့ကို သတိထား၍ မေးလိုက်သည်။
“အကြီးအကဲအန်း နိုင်ငံတော်ဘဏ္ဍာတိုက် ရန်ပုံငွေဆိုတာ ဘာလဲမသိဘူး။ ကျုပ်တို့ဘက်က ဘာတွေ ပေးအပ်ဖို့ လိုမလဲ။”
မဟာမိတ်အဖွဲ့ထဲရှိ လူတိုင်းက အန်းယွဲ့ကို အကြီးအကဲအန်းဟု ခေါ်ကြသဖြင့် လော့လင်တန်ကလည်း လိုက်ခေါ်ခြင်းဖြစ်သည်။
အန်းယွဲ့က ပြုံးလိုက်သည်။
“ဒါက ခင်ဗျားတို့နိုင်ငံက ပေးအပ်မယ့် အုတ်မြစ်ကျောက်တွေပဲ။ ကျွန်းပိုင်ရှင်က ခင်ဗျားတို့ ပေးသွင်းသမျှ အုတ်မြစ်ကျောက်တွေကို သတ်မှတ်ထားတဲ့ လဲလှယ်နှုန်းထားအတိုင်း ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲပေးပြီး ခင်ဗျားတို့နိုင်ငံရဲ့ အကောင့်ထဲကို ထည့်ပေးထားမှာပါ။”
“ဪ...လက်စသတ်တော့ ဒီလိုကိုး။ ဒါဆိုရင် ကျုပ်တို့ ဘဏ္ဍာတိုက်ထဲက အုတ်မြစ်ကျောက်တွေကို အခုချက်ချင်း သယ်လာခိုင်းလိုက်ပါ့မယ်။”
လော့လင်တန်က အလျင်အမြန် ပြောလိုက်သည်။
“မလောပါနဲ့ဦး။ ကျွန်းပိုင်ရှင် လိုအပ်တဲ့အချိန်ကျမှ သယ်လာပေးလို့ ရပါတယ်။ အခုလောလောဆယ်တော့ စာရင်းထဲမှာပဲ မှတ်ထားလိုက်ပါဦး။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
လော့လင်တန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
အုတ်မြစ်ကျောက် လက်ခံဖို့အတွက် နေ့ကောင်းရက်သာ ရွေးနေဖို့ လိုလို့လား။
သို့သော် ရှောင်းယီက ထိုသို့ တောင်းဆိုထားသဖြင့် လော့လင်တန်အနေဖြင့် လိုက်နာရုံသာ ရှိတော့သည်။
အကြွေးစနစ်နှင့် ဝယ်ယူနိုင်သဖြင့် အချို့သော ပစ္စည်းများကို အရင်ဆုံး ဝယ်ယူထား၍ ရသည် မဟုတ်ပါလော။
“အကြီးအကဲအန်း ကျုပ် ဒီကို ကူညီပေးမယ့်သူတွေ ထပ်ခေါ်လာလို့ ရမလား။ ကျုပ်တစ်ယောက်တည်းနဲ့ ဒီဝယ်ယူရေးကိစ္စတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။”
လော့လင်တန်က မေးလိုက်သည်။
“ဒီနေရာက အများပြည်သူအတွက် ဖွင့်ထားတာပါ။ ဒါကြောင့် ဘယ်အချိန်လာမယ်၊ လူဘယ်နှစ်ယောက် ခေါ်လာမယ်ဆိုတာကို ကျုပ်ဆီဖြစ်ဖြစ်၊ ကျွန်းပိုင်ရှင်ဆီဖြစ်ဖြစ် အစီရင်ခံနေဖို့ မလိုပါဘူး။ အပန်းဖြေစခန်းကို ဝင်ရောက်ဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီရင် ရပါပြီ။”
“ဟုတ်ကဲ့။”
လော့လင်တန်က ပြန်ဖြေပြီးနောက် မုခိုင်ကို ချက်ချင်း ဖုန်းဆက်ကာ လူအချို့ ခေါ်လာခိုင်းလိုက်တော့သည်။
လော့လင်တန် တစ်ယောက် အပန်းဖြေစခန်းတွင် ပစ္စည်းများ အကြီးအကျယ် ဝယ်ယူနေစဉ်မှာပင် ရှောင်းယီမှာ အသက်ရှင်ကျန်ရစ်သူတစ်ဦးက သူကဲ့သို့ လေဟာနယ်တံခါးထဲသို့ တိုက်ခိုက်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။
“ခုနတင် လေဟာနယ်တံခါးထဲကနေ ထွက်လာတဲ့ မသေမျိုး အရေအတွက်က သိသိသာသာ လျော့နည်းသွားတာကို မြင်ရလို့ ကျုပ်တို့ အထဲကို တိုက်ခိုက်ပြီး ဝင်ကြည့်ခဲ့တယ်။”
“ဝိုး... မင်းက တကယ်သတ္တိကောင်းတာပဲ။ အဲ့ဒါကိုတောင် လုပ်ရဲတယ်ပေါ့။”
“မေးခွန်းက... မင်း အောင်မြင်ခဲ့လား ညီလေး။”
“ကျုပ်တို့ တကယ်ပဲ အထဲကို ရောက်သွားခဲ့တယ်ဗျ။”
“ဟား... ဒါက အထင်ကြီးစရာပဲ။ ဟို လူကြီးမင်းတောင် မင်းလောက် မိုက်မှာ မဟုတ်ဘူး။”
“ဒါပေမဲ့ ကျုပ်တို့ ပြန် အထုခံလိုက်ရတယ်။”
“မင်း စကားပြောရင် အသက်ရှူရပ်သလို ခဏခဏ မနားလို့ မရဘူးလား။”
“ဒါတောင်မှ မင်း အထဲကို ရောက်သွားတာကတော့ တကယ့်ကို ချီးကျူးစရာပဲ။ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းမှာ ဘာတွေရှိနေလဲဆိုတာ ပြောပြပါဦး။”
“နေရာတိုင်းမှာ မသေမျိုးတွေနဲ့ ပြည့်နှက်နေတာလား။”
“မသေမျိုးတွေ အများကြီး ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ လေဟာနယ်တံခါးနဲ့ သိပ်မဝေးတဲ့ နေရာမှာ အဖွဲ့နှစ်ဖွဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေကြတယ်။ ဘယ်သူတွေလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပဲ မသေမျိုးတွေက ကျုပ်တို့ကို ပြန်မောင်းထုတ်လိုက်တာ။”
ထိုအရာကို မြင်သောအခါ ရှောင်းယီ အံ့သြသွားခဲ့သည်။ လေဟာနယ်တံခါးထဲကို တိုက်ခိုက်ဝင်ရောက်ရဲသည့် မဟာမိတ်အဖွဲ့ အမှန်တကယ်ရှိနေသည် မဟုတ်ပါလော။
“ခင်ဗျားပြောချင်တာက ဟိုဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ်ပေါ့ ဟုတ်လား။”
“ပေါက်ကရတွေ...လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းက မသေမျိုးမျိုးနွယ်တွေရဲ့ အခြေစိုက်စခန်း ဖြစ်ရမှာ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ အဲ့ဒီမှာ ဘယ်လိုလုပ်ပြီး စစ်တလင်း ဖြစ်နေမှာလဲ။ မင်းက လိမ်တာတောင် ယုတ္တိရှိအောင် မလိမ်တတ်ဘူးပဲ။”
“ဒါပေါ့...သူက လူအာရုံစိုက်ခံချင်နေတဲ့ လူပြက်တစ်ယောက်ပဲ ဖြစ်ရမယ်။”
“ကျုပ်ပြောတာ အားလုံး အမှန်တွေပဲ။ အကယ်၍ ကျူပ် လိမ်ပြောနေတာဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ မသေမျိုးတွေ ၁၀ ဆလောက် ပိုအားကောင်းလာပါစေဗျာ။”
“အိုက်ယား...ညီအစ်ကိုရာ...ကျုပ်တို့က ဒီတိုင်း စကားအဖြစ် ပြောလိုက်တာပါ။ အဲ့လောက်ကြီးအထိ ကျိန်ဆိုစရာ မလိုပါဘူး။”
“သူပြောတာတွေက တကယ်ပဲ အမှန်ဖြစ်နိုင်မလား။”
“ဘာပဲဖြစ်ဖြစ် ငါကတော့ မယုံဘူး။ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းက ဘယ်လိုလုပ် စစ်တလင်း ဖြစ်နေဦးမှာလဲ။ ဦးနှောက်ရှိတဲ့သူတိုင်း သိတယ်။ ဒါက လုံးဝ ပေါက်ကရပဲ။”
“ငါ့ချီး... ဒါဆိုရင်တော့ ခင်ဗျားဦးနှောက်က ခင်ဗျားဖင်ထဲ ရောက်နေလို့ နေမှာပေါ့။ ကျုပ်က ဘာလို့ ပေါက်ကရ ပြောရမှာလဲ။ ကျုပ်က ကျုပ် မြင်ခဲ့ရတာကိုပဲ ပြောပြနေတာ။ ယုံတာ မယုံတာကတော့ ခင်ဗျားတို့အပိုင်းပဲ။”
“မင်းမြင်ခဲ့တာ ဟုတ်လား။ မင်းတကယ်မြင်ခဲ့တာလားဆိုတာ ဘယ်သူသိမှာလဲ။ မင်း တကယ်တော်တယ်ဆိုရင် သက်သေပြစမ်းပါ။”
“မင်းလို ဦးနှောက်သေနေတဲ့လူနဲ့ စကားအခြေအတင်ပြောနေမိတဲ့ ငါလည်း ရူးနေလို့ပဲ ဖြစ်မယ်။”
“အပေါ်က ညီအစ်ကို...အဲ့ဒီအချိန်တုန်းက ဓာတ်ပုံဘာညာ မရိုက်ထားခဲ့ဘူးလား။ အခု လူတိုင်းမှာ လက်ကိုင်ဖုန်း ရှိနေတာပဲ။ ဓာတ်ပုံရိုက်ဖို့ဆိုတာ အရမ်းလွယ်တဲ့ကိစ္စပဲလေ။”
“ကျုပ်တို့က စမ်းသပ်ကြည့်ရုံပဲဆိုတော့ ဘာမှ ကြိုတင်ပြင်ဆင်မထားမိဘူး။ အထဲကို တကယ်ရောက်သွားလိမ့်မယ်လို့လည်း ဘယ်သူထင်မှာလဲ။ ရောက်သွားပြီးတာနဲ့ ချက်ချင်းဆိုသလို ပြန်အထုခံလိုက်ရတာ။ အဲဒီလောက်များတဲ့ မသေမျိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဓာတ်ပုံရိုက်နေနိုင်မှာလဲ။”
“ဟမ့်... တကယ်လိုလိုနဲ့။ ဆက်ပြီးတော့သာ လုပ်ကြံပြောနေလိုက်။ မင်းပြောတဲ့ စကားထဲက ပုဒ်ဖြတ်ပုဒ်ရပ် တစ်ခုကိုယုံရင်တောင် ငါ့အရူးပဲ။”
ဤသည်ကို မြင်သောအခါ ရှောင်းယီက ဂရုထဲတွင် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
“သူပြောတာတွေ အားလုံး အမှန်တွေပဲ။”
“အမ်... သူဌေးတောင် သတိထားမိသွားပြီလား။”
“သူဌေး ပြောချင်တာက ဘာလဲ။ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းက တကယ်ပဲ နောက်ထပ် စစ်တလင်းတစ်ခုလား။”
“အပေါ်ကလူ...ခင်ဗျားပဲ မယုံဘူးဆို။”
“ခင်ဗျား စောစောက ပြောတာက အရမ်း ချဲ့ကားလွန်းနေတော့ လူတိုင်း သံသယရှိတာ သဘာဝပဲလေ။ ဒါပေမဲ့ အခု သူဌေးကတောင် ထွက်ပြောပြီဆိုမှတော့ ကျုပ်တို့လည်း ရှင်းရှင်းလင်းလင်း သိအောင် မေးရတော့မှာပေါ့။”
“ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတာဆိုရင်... ဘာလို့ ငါတို့ကို တိုက်ဖို့ လေဟာနယ်တံခါးတွေ အများကြီး ဖွင့်ထားတာလဲ။”
“မသေမျိုးမျိုးနွယ်က အင်အားစုတွေ အများကြီးကို စစ်မျက်နှာ အများအပြားကနေ ရင်ဆိုင်နိုင်လောက်အောင် အားကောင်းနေပြီလား။”
“သူဌေးကော အထဲကို တိုက်ဝင်ခဲ့ပြီးပြီလား။”
ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။
“ကျုပ်တို့လည်း ခုနကပဲ အထဲကို တိုက်ဝင်ခဲ့တယ်။ လေဟာနယ်တံခါးရဲ့ ဟိုဘက်ခြမ်းက မသေမျိုးတွေကို တိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာ အစစ်အမှန်ပဲ။ ကျုပ်တို့ ရှိနေတဲ့နေရာက အမှန်တော့ နောက်တန်း အဝေးကြီးမှာ ရောက်နေတာ။”
“ရှေ့တန်းမှာ မသေမျိုးတွေကို တိုက်နေတဲ့သူတွေ ရှိနေသေးတာလား။”
“ဟုတ်ပါတယ်။ အဲ့ဒါက မျိုးနွယ်ခြားတွေပဲ။ သူတို့က မသေမျိုးမျိုးနွယ်ရဲ့ အဓိက စစ်အင်အားကို ကျုပ်တို့အတွက် ဟန့်တားပေးထားတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ငြိမ်းချမ်းတဲ့အချိန်ဆိုတာ မရှိပါဘူး။ တစ်စုံတစ်ယောက်က ကျုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးပေးထားလို့သာ ဒီလိုနေနိုင်နေကြတာပဲ။”
“ဟုတ်တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့က အရင်တုန်းက မျိုးနွယ်ခြားတွေကို အရမ်း နှိမ်ခဲ့တယ်။ တကယ်တော့ အဲ့ဒီလို မလုပ်သင့်ခဲ့ဘူး။”
“နောင်တစ်ချိန် မျိုးနွယ်ခြားတွေနဲ့ ထပ်တွေ့ရင်တော့ သူတို့ကို ဂုဏ်သရေရှိ ဧည့်သည်တွေလို သေချာ ဧည့်ခံတော့မယ်။”
“သူဌေး အခြေအနေက အတိအကျ ဘယ်လိုလဲ။ အကျယ်တဝင့် ရှင်းပြပေးလို့ ရမလား။”
ထိုအခါ ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက လောလောဆယ် ကျုပ်ရဲ့ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ အကြမ်းဖျင်းပဲ မှတ်ထားကြပါ။ တကယ့် အခြေအနေကိုတော့ ကျုပ်လည်း အတိအကျ မပြောနိုင်သေးဘူး။”
ထို့နောက် ရှောင်းယီသည် သူ၏ သုံးသပ်ချက်များကို ဂရုထဲတွင် မျှဝေလိုက်သော်လည်း အချို့သော အချက်အလက်များကိုမူ ချန်လှပ်ထားခဲ့သည်။
“ဆိုလိုတာက....အခု မသေမျိုးတွေကို ဖယ်ရှားဖို့ နည်းလမ်း နှစ်မျိုးရှိတယ်ပေါ့။ ပထမတစ်ခုက ကျုပ်တို့အားလုံး SSS အဆင့်ကို မြှင့်တင်ပြီး ဒီကမ္ဘာကနေ ထွက်သွားဖို့။ အဲ့ဒီအခါကျရင် ဒီမှာ ငြိမ်းချမ်းတာ စစ်ဖြစ်တာက ကျုပ်တို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။”
“ဒုတိယတစ်ခုကတော့ ဒီက ဒေသခံတွေနဲ့ မျိုးနွယ်ခြားတွေကို မသေမျိုးတွေရဲ့ အန္တရာယ်ကနေ အပြီးတိုင် ဖယ်ရှားနိုင်အောင် ကူညီပေးဖို့။ အဲ့ဒီလိုဆိုရင်တော့ ကျုပ်တို့အားလုံး SSS အဆင့် ရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ ဒီနေရာမှာ ငြိမ်းချမ်းရေး ပြန်ရလာမှာပဲ။”
တစ်စုံတစ်ယောက်က အခြေအနေကို အနှစ်ချုပ်လိုက်သည်။
“ဒီနည်းလမ်း နှစ်မျိုးလုံးက ခက်ခဲမယ့်ပုံပဲ။ ပထမတစ်ခုကတော့ ကျုပ်တို့ ရှားနိုင်ငံကလူတွေ SSS အဆင့် ရောက်သွားရင်တောင် တခြား နိုင်ငံခြားသားတွေ အားလုံး အဲ့ဒီလောက် မြန်မြန် ရောက်နိုင်ပါ့မလားဆိုတာ မသေချာဘူး။ အချိန်ကို ထိန်းချုပ်ဖို့ နည်းလမ်းမရှိဘူး။ ဒုတိယ နည်းလမ်းက ပိုတောင် ခက်သေးတယ်။ ဒီက ဒေသခံတွေနဲ့ မျိုးနွယ်ခြညးတွေ မသေမျိုးတွေနဲ့ ဘယ်လောက်တောင် အရှုံးအနိုင် မပေါ်ဘဲ တိုက်နေရလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျုပ်တို့ ဝင်ပါလိုက်တာနဲ့ သူတို့ကို အပြီးတိုင် ချေမှုန်းနိုင်မယ်လို့ ထင်တာကတော့ နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းတယ်။”
“ဟုတ်တယ်။ ကျုပ် သဘောကတော့ ပထမနည်းလမ်းကိုပဲ ပိုအားသန်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးက ကျုပ်တို့နဲ့ အများကြီး မသက်ဆိုင်ဘူးလေ။”
“မင်းက တကယ် သွေးအေးတာပဲ။ ဒါပေမဲ့ ငါ အဲ့ဒီလို လူစားမျိုးကို ကြိုက်တယ်။”
“ဒီနေရာမှာ သူတော်စင်လာလုပ်မနေနဲ့...။ သေစမ်း... ငါ့ရဲ့ မီတာလေးဆယ်ရှည်တဲ့ ဓားကို မနည်း ထိန်းထားလိုက်ရတယ်။ မဟုတ်ရင် မဟာမိတ်ကိုတောင် ဒဏ်ရာပေးမိတော့မလို့။”
“ဒါပေမဲ့ လူတိုင်းရဲ့ အဆင့်တက်တဲ့နှုန်းက မတူတာတော့ အမှန်ပဲ။ ဒီအတိုင်း ထိုင်စောင့်နေမယ့်အစား စွန့်စားကြည့်တာ ပိုကောင်းမယ်။”
“မှန်တယ်...နည်းလမ်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း သုံးကြည့်ရင်ရော ဘယ်လိုလဲ။”