← Chapters

ဝှက်ဖဲအားလုံးကို ထုတ်သုံးခြင်း

Vol. 25 Ch. 351

ဝှက်ဖဲအားလုံးကို ထုတ်သုံးခြင်း

Vol. 25 Ch. 351

အန်လင်းက ကတုံးအမျိုးသားကြောင့် ထိုးနှက်ခံရပြီး ပျံသန်းသွားပြီးနောက် ရွှမ်ယွမ်ချန်က သူ့ဆီသို့ တစ်ဟုန်ထိုးဝင်တိုက်လာပြန်ကာ သူ့၏ အနန္တစိတ်ဝိညာဉ် ထိုက်ချီဖွဲ့စည်းခြင်းဖြင့် ပိတ်လှောင်ထားရန် ကြိုးစားလိုက်၏။

သို့သော် ရွှမ်ယွမ်ချန်က သူ့၏ ဖွဲ့စည်းခြင်းသည် ကတုံးအမျိုးသားဆီမှ နှစ်ချက်မျှပင် အထိုးခံလိုက်ရသောအခါ အားအင်များ ကုန်ခန်းသွားသကဲ့သို့ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် လျှိုချင်ဟွမ်က လေထဲ၌ ခပ်မြင့်မြင့် ပျံသန်းနေပြီဖြစ်ကာ သူမ၏ ငှက်မွေးခြောက်ခုပါသည့် ပစ္စည်းကို ဝှေ့ယမ်းလိုက်ပြီး အောက်ရှိ ကတုံးအမျိုးသားပေါ်သို့ တရစက်ကျသွားမည့် တစ်ဝက်ဖောက်မြင်နိုင်သော စွမ်းအင်ရောင်စဉ်တန်းများ ဖန်တီးလိုက်၏။

ပေါက်ကွဲမှု တစ်သီကြီး အပြီးနောက် ကတုံးအမျိုးသားက ဖုန်မှုန့်နှင့် အပျက်အစီးများကြားမှ ထွက်လာတော့သည်။ သူ့ကတုံးပြောင်ပြောင်က အရင်ကလိုပင် တောက်ပနေဆဲဖြစ်ကာ နေရောင်ကို တောက်ပသောအလင်းပြန်ထက်နေလေ၏။

“သေစမ်း...။ သူရဲ့လျင်မြန်ဖျတ်လက်မှုနဲ့ အားအင်တွေတင်မကပဲ ခုခံကာကွယ်မှုတွေကလည်း သန်မာတယ်။ သူဘာနည်းလမ်းတွေသုံးနေတာလဲ။” လျှိုချင်ဟွမ်က အံ့အားသင့်စွာ မျက်လုံးပြူးသွားတော့သည်။

သူမက ကျောရိုးတစ်လျှောက်စိမ့်အေးသွားပြီး အစွမ်းကုန် တပ်ဆုတ်လိုက်တော့သည်။

သို့သော် အဝါရောင် ပုံရိပ်မှာ ပို၍ပင် လျင်မြန်နေပြီး သူက ချက်ချင်းပင် သူမဆီသို့ ခုန်အုပ်လိုက်ကာ သူမကို အဝေးသို့ ပျံထွက်သွားစေနိုင်သော လက်သီးတစ်ချက် အညှာအတာမဲ့ ထိုးချလိုက်၏။

လျှိုချင်ဟွမ်က သူမ၏ မြင်ကွင်းထဲတွင် ကျယ်ပြန့်လာသည့် လက်သီးကြီးကို ကြည့်ကာ အံတင်းတင်းကြိတ်လိုက်ပြီး သူမ၏ ပစ္စည်းကိုဆုတ်ကိုင်ကာ တိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်လိုက်၏။

ထိုအခိုက်၌ပင် အဖြူရောင် ပုံရိပ်တစ်ခုက သူမရှေ့တွင် ပေါ်လာပြီး ထိုက်ချိစွမ်းအင်နှင့် ပြည့်နေသော ရှေး​ဟောင်းဓားတစ်ချောင်းက လက်သီးကို ထုလိုက်သောကြောင့် မူရင်းလမ်းကြောင်းကို လွဲချော်စေလိုက်၏။

လက်အိပ်ဝတ်လက်သီးကြီးက လေထုထဲတွင် စုတ်ပြဲသွားပြီး သတိဝင်လာချိန်တွင် လေပြင်းများ တိုက်ခတ်စေတော့သည်။

ထိုကဲ့သို့ အစွမ်းထက်လှသည့် တိုက်ကွက်၏ စွမ်းအားကို အပြည့်အဝ ပျက်ပြားစေသည့်နည်းလမ်း မရှိပါချေ။

လက်သီးကို အဝေးသို့ လမ်းလွှဲလိုက်ပြီးနောက် ရွှမ်ယွမ်ချန်၏ ခန္ဓာကိုယ်က နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရပြီး နောက်ပြန်လန်ကျသွားကာ အလွန်အမင်း အခြေအနေဆိုးနေပုံပေါ်၏။

ကတုံးအမျိုးသားမှာ အန်လင်း၏ အဖွဲ့ထဲ၌ ရွှမ်ယွမ်ချန်မှာ စိတ်ရှုပ်စရာအကောင်းဆုံး အဖွဲ့ဝင် ဖြစ်ကြောင်း သိရှိပြီး ချက်ချင်းပင် သူ့အား ဦးတည်တိုက်ခိုက်လာတော့သည်။ လျှိုချင်ဟွမ်က ချက်ချင်းပင် ရွှမ်ယွမ်ချန်၏ ရှေ့၌ သုံးမြှောင့်သဏ္ဍာန် အကာအကွယ်တစ်ခု ဖန်တီးလိုက်၏။

“ပျံသန်းလျှပ်စီး ဓားချက်...”

စုရှောင်လန်က သူမ၏ နဂါးစာကလေးဓားကိုကိုင်ဆောင်ကာ လျှပ်စီးအလင်းတန်းတစ်ခုကို ကတုံးအမျိုးသား၏ညာဘက်သို့ ခုတ်ချလိုက်၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးက ရုတ်တရက် မဲမှောင်သွားတော့သည်။

အန်လင်းက လူကြီး၏ ဘယ်ဘက်တွင် ပေါ်လာပြီး သူ့မိစ္ဆာရှင်းဓားက သေစေနိုင်သောလမ်းကြောင်းနှင့် လွှဲခုတ်လာတော့သည်။

ဒုတိယမြောက်နည်းလမ်း...။ အရိပ်ကျား...။

ကတုံးအမျိုးသားက အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ အမူအရာမှာ တည်တံ့လာ၏။

အစိမ်းရောင် သံမဏိ လက်သည်း...။

သူက လက်ချောင်းများကို လက်သည်းအဖြစ်ကွေးချလိုက်ပြီး တောက်ပသော အစိမ်းရောင်အလင်းတန်းက သူ့၏လက်များမှ ထိုးထွက်လာတော့သည်။

ခွက်...

ကြွပ်ဆတ်သော အက်ကွဲသံတစ်ခုက အမှောင်ထဲသို့ ပံ့တင်ထပ်လာ၏။

ကတုံးအမျိုးသား၏ ညာလက်က ရပ်တန့်၍ မရနိုင်သည့် ဓားသွားတွင် လျှပ်စီးလက်နေသော စုရှောင်လန်၏ နဂါးစာကလေးဓားကို ကိုင်ထား၏။ တစ်ချိန်တည်းမှာပင် ဘယ်လက်က မိစ္ဆာရှင်းဓားသွားပေါ်သို့ မြံမြံခုခံထားကာ ရှေ့သို့ပေါက်ထွက်လု ဆဲဆဲ နက်စွေးစွေး စွမ်းအင်များက အတွက်ဘက်သို့ ဝင်ရောက်ခြင်းကို သူ့လက်သည်းများဖြင့် တားဆီးလိုက်ရ၏။

သို့သော်လည်း လောင်းကျွမ်းနေသည့် အလင်းတိုင်ကြီးက လေထုကို ဖြတ်ကာ အမျိုးသား၏ ရင်ဘတ်ကို ထုလိုက်၏။

ထို့နောက် ချက်ချင်းပင် အန်လင်းနှင့် စုရှောင်လန်က အလွန်အစွမ်းထက်သော အားအင်များ သူတို့ဓားများမှတဆင့် ကူးပြောင်းလာသည်ကို ခံစားလိုက်ရပြီး လေပေါ်ပျံတက်သည်အထိ ထိုးနှက်ခံလိုက်ရ၏။

နောက်ထပ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကတုံးအမျိုးသားက လျှိုချင်ဟွမ်၏ ဘေးတွင် ထပ်မံပေါ်လာလေသည်။ သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုဖြစ်သွားပြီး မီးကျွမ်းနေသော အရေပြားကို အနည်းငယ်ဖော်ပြနေပေ၏။

“မင်းက ငါ့ကို ဒဏ်ရာရအောင်လုပ်နိုင်တာပဲ။ မင်းကို လက်သီးတစ်ချက် ဆုချမယ်။”

လက်အိပ်ဝတ်လက်သီးကြီးက ကြီးမားလှသော အားကြီးဖြင့် လျှိုချင်ဟွမ်ဆီသို့ ကျရောက်လာကာ သူမက အသက်ရှုပင် ကြပ်သွားတော့၏။

ထိုအခိုက်၌ပင် ရွှမ်ယွမ်ချန်က သူမ၏ ရှေ့တွင် ထပ်မံပေါ်လာလေတော့သည်...။

လက်သီး၏ ကြောက်မက်ဖွယ် အားအင်ကြီးက အပေါ်မှ တိမ်တိုက်များကို လွင့်စင်ပပေါက်စေပြီး အဝေးမှတောင်ကြီးကို အမှုန့်ချေပစ်လေ၏။

ရွှမ်ယွမ်ချန်နှင့် လျှိုချင်ဟွမ် နှစ်ဦးစလုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပါးစပ်များ သွေးများစီးကျနေတော့သည်။

“ရွှမ်ယွမ်ချန် နင်အဆင်ပြေရဲ့လား။”

လျှိုချင်ဟွမ်က သူမ၏ ဒဏ်ရာများကို လျစ်လျူရှုကာ ရွှမ်ယွမ်ချန်ဆီသို့ ပြေးသွားလိုက်ပြီး အလန့်တကြားဖြင့် သူ့ခန္ဓာကိုယ်ကို မြေကြီးပေါ်မှ ကူမပေးလိုက်၏။

“အဆင်ပြေတယ်။ ငါ့ကို စိတ်မပူနဲ့။” ရွှမ်ယွမ်ချန်က လျှိုချင်ဟွမ်၏ လက်များမှ လွတ်မြောက်အောင် ရုန်းလိုက်၏။ သူက အံကြိတ်ကာ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။ “အဲ့တာက ငါ့အမှားပါ။ သူ့ကို တားမထားနိုင်တဲ့ ငါ့ကြောင့် လူတိုင်းက ဒဏ်ရာရရတာ။”

လျှိုချင်ဟွမ်က သူ့စကားလုံးများကြောင့် ငေးကြောင့်ကြည့်နေမိ၏။

သူမ၏ရှေ့ရှိ ကိုယ့်ဒဏ်ရာကို စိတ်မပူပဲ အကြိမ်ကြိမ်ပြန်ထနေသော အမျိုးသားကိုကြည့်ကာ သူ့မ၏နှလုံးသား တုန်လှုပ်သွားသည်ဟု ခံစားရ၏။

သူမက ဘာကို ကြောက်နေတာလဲ။

ဓားကိုင်ဖို့ကို ကြောက်နေတာလား။ အတိတ်ကို ပြန်သတိရမှာကို ကြောက်နေတာလား။

သူတို့အားလုံးက သူမကို ကာကွယ်ဖို့အတွက် အသက်ကို  ရင်းထားတာရတာဖြစ်သည်။

သို့သော် သူမကတော့ ဓားကို ကောက်ကိုင်ပြီး တိုက်ခိုက်ဖို့ပင် သတ္တိမရှိပါချေ...။

သူတို့က သူမ၏ အဖော်များပင်။ သူမ၏ စစ်မှန်သော ရဲဘော်ရဲဘက်များပင်။

လျှိုချင်ဟွမ်က ကိုယ့်ကိုကိုယ်အ​ပြစ်တင်သည့် ရယ်သံတစ်ခု ထုတ်လိုက်၏။ သူမက သူမကိုယ်သူမရယ်နေမိ၏။ သူမ၏ ကိုယ်ပိုင်အားနည်းချက်များနှင့် တုံးအမှုများကို ရယ်နေမိ၏။

ဘုန်း...

ကတုံးအမျိုးသားက လျှိုချင်ဟွမ်နှင့် ရွှမ်ယွမ်ချန်၏ ရှေ့သို့ အမြှောက်ဆံတစ်ခုလို ရောက်လာသောအခါ အဝေးဆီမှ အသံကျယ်ကြီးတစ်ခုထွက်ပေါ်လာ၏။ သူက သူတို့အား ပစ်မှတ်အဖြစ် ဦးစားပေးရန် ဆုံးဖြတ်လိုက်သည်မှာ အသိသာကြီးပင်။

ဤကဲ့သို့ ကြီးမားလွန်းသည့် စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ရွှမ်ယွမ်ချန်က လျှိုချင်ဟွမ်၏ ရှေ့တွင် အလေးအနက်မျက်နှာဖြင့် မတ်တပ်ရပ်လိုက်ပြီး ယင်ယန်ပုံရိပ်အလင်းတန်းတစ်ခုက သူ့ခြေထောက်အောက်တွင် ပေါ်လာ၏။

ဤသည်မှာ သူခံနိုင်သော နောက်ဆုံးထိုးချက် ဖြစ်နိုင်၏။ သို့သော်လည်း ဤသို့ဆိုလျှင်တောင် သူ့၏ ရဲဘော်ရဲဘက်များအတွက် အခွင့်အရေး ဖန်တီးရန် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်သည်။ သူက သေသည်အထိ တိုက်ခိုက်မည် ဖြစ်ပါ၏။

ခွပ်...

ရွှမ်ယွမ်ချန်က သူ့နောက်မှ အနည်းငယ်အေးစိမ့်မှုကို ရုတ်တရက်ကြီး ခံစားလိုက်ရ၏။

ထိုအခိုက်အတန့်တွင် ကတုံးအမျိုးသားက သူ့ရှေ့တွင် ပေါ်လာပြီးဖြစ်ကာ ဖျက်ဆီးစေနိုင်သော ထိုးချက်တစ်ခုကို အညှာအတာမဲ့ ပစ်သွင်းလာ၏။

သူတို့ပတ်ဝန်းကျင်က ရုတ်တရက် နှင်းနှင့် ရေခဲကမ္ဘာသို့ ကူးပြောင်းသွား၏။

လေထဲတွင် အပြာရောင်လှိုင်းငယ်လေးများက စတင်ပေါ်ပေါက်လာပြီး သူတို့ဖန်တီးလိုက်သော အလွန်အေးသည့်အပူချိန်ဖြင့် လေထုကိုပင် အေခဲစေတော့သည်။

လျှိုချင်ဟွမ်က ရွှန်ယွမ်ချန်နှင့် နေရာလဲလိုက်ကာ အပြာရောင်ဖဲကြိုးရှည်လေးက သူမ၏ နှင်းကဲ့သို့ ဖြူစွတ်နေသော အရေပြားပေါ်တွင် ကခုန်နေလေတော့သည်။

သူမက ရင်ကော့ပြီး အေးစက်စက် မျက်နှာထားဖြင့် ရပ်နေ၏။ သူမ၏ ခရမ်းရောင်မျက်လုံးများက ရွံရှာမူများဖြင့်ပြည့်နှက်နေပြီး သူမအား ပြိုင်ဘက်ကင်း ဓားအင်မော်တယ် တစ်ယောက်၏ ပုံစံကို ပေါ်နေစေ၏။

ကတုံးအမျိုးသား၏ ခန္ဓာကိုယ်မှာ အပူချိန်နိမ့်နိမ့်၏ လွှမ်းမိုးခြင်းခံရပြီး ချက်ချင်း တောင့်တင်းသွား၏။

သို့သော်လည်း ထိုအရာသည် သူ့အား ခဏတာပင် ရပ်တန့်သွားစေနိုင်ပြီး မကြာမီပင် ထိုသည်ကို ကြမ်းတမ်းသော အားကြီးဖြင့် ချိုးဖျက်ကာ သူ့၏ အစွမ်းထက် လက်အိတ်ဝတ် လက်သီးကြီးကို ဆက်လက် ထုတ်လွှတ်လိုက်လေ၏။

“ကြမ်းတမ်း နှင်းစက်...”

လျှိုချင်ဟွမ်က သူမ၏ ကြီးမြတ်ရေခဲဓားကို လက်သွယ်သွယ်လေးများထဲတွင် တင်းတင်းဆုတ်ကာ အော်လိုက်၏။ သူမက လက်အိတ်ဝတ်လက်သီးကြီးဆီသို့ ဓားအား အပေါ်ဘက်ကို လွှဲခုတ်ပစ်လိုက်ရာ နှင်းထုကြီးက သူတို့ကြားကွက်လပ်သို့ စိမ့်ဝင်လာတော့သည်။

ကတုံးအမျိုးသားက ဝါဂွမ်းနံရံကြီးတစ်ခုထဲသို့ ထိုးလိုက်ရသလို ခံစားလိုက်ရပြီး အလွန်အေးမြသည့် လေပြင်းအားတစ်ခု က သူ့ခန္ဓာကိုယ်ထဲသို့  တိုးဝင်လာပြီး သူ့စွမ်းအားများအားလုံးကို ပျက်ပြားစေလေ၏။

“နှင်းထူထူ...”

လျှိုချင်ဟွမ်၏ ကြီးမြတ်ရေခဲဓားက လင်းလက်သွားပြီး ကတုံးအမျိုးသား၏ နှလုံးသားထဲသို့ ထိုးစိုက်သွားတော့သည်။

ထိုအခိုက်မှာပင် ကျဆင်းနေသော နှင်းစက်များပင် ရပ်တန့်သွားပြီး အရာအားလုံးမှာ အလွန်တိတ်ဆိတ်သွားတော့သည်။

ဤမြင်ကွင်းထဲတွင် သူမ၏ ဓားတစ်ခုတည်းသည်သာ ရွှေ့လျားနေပြီး အလွန်အေးစက်သော စွမ်းအားများ ပြည့်နှက်နေသည့် လှပသော အပြာရောင် အလင်းတန်းနှင့် ရှေ့သို့ ထိုးစိုက်သွားတော့သည်။ ထိုသည်က လေထုနှင့် နှင်းစက်ကို ဖြတ်သန်းပြီး သူမရန်သူ၏ နှလုံးသားထဲသို့ တည့်တည့် စိုက်ဝင်သွားတော့၏။

အောက်ဘက်မှနှင်းစက်များပေါ်သို့ သွေးများ ပြန့်ကျဲကုန်တော့သည်။

လျှိုချင်ဟွမ်၏ ဓားရှည်သည် ကတုံးအမျိုးသား၏ ရင်ဘတ်တွင် ထိုးစိုက်နေလေ၏။

သို့သော်လည်း ဓားသွားက လက်အိတ်ဝတ်ထားသော လက်ဖြင့် ခပ်တင်းတင်းဆုတ်ကိုင်ခံလိုက်ရပြီး ထိုသည်အား တစ်မီလီမီတာလောက်ပင်ရွှေ့လျားခြင်းမှ တားဆီးလိုက်၍ သူမ၏ ဓားထိပ်မှာ အမျိုးသား၏ နှလုံးဆီသို့မရောက်ရှိသေးပါပေ။

သွေးများက ဓားသွားတစ်လျောက်စီးဆင်းသွားပြီး မကြာမီပင် အရောင်မှိန်သွားမည့် ခပ်တောက်တောက်အနီစက်များကို နှင်းထုအပေါ်သို့ တစက်စက်ကျနေစေ၏။

ကတုံးအမျိုးသား၏ မျက်နှာမှာ နောက်ဆုံးတွင်တော့ အတည်ပေါက်အဖြစ် ပြောင်းသွားကာ “ကောင်းတယ်။ မင်းက ငါ့ကို နောက်ထပ်ဒဏ်ရာရစေပြန်ပြီ။ နောက်ထပ် လက်သီးတစ်ချက် ထပ်ပြီး ဆုချမယ်။”

သူ့လက်သီးက လေထုထဲသို့ ဖြတ်ကာ လျှိုချင်ဟွမ်၏ သိုင်းပညာအားလုံးကို ပကတိ ခွန်အားဖြင့် ပျက်စီးစေလိုက်၏။ သူ့လက်သီးထဲတွင် ပြည့်နှက်နေသော ဖျက်ဆီးစေတတ်သော စွမ်းအားက သူမ၏ အေးမြ ကောင်းကင်ဘုံနယ်ပယ်ကို ဖြိုခွဲပစ်လိုက်လေ၏။

လျှိုချင်ဟွမ်က ပါးစပ်အပြည့် သွေးအန်လာပြီး သူမ၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော လေတံခွန်တစ်စင်းကဲ့သို့ လေထဲတွင် ပျံသန်းသွားတော့သည်။ အရိုးများကျိုးကြေသောအသံနှင့် သွေးများထိုးထွက်နေသော အသံများကို သူမ ပတ်ဝန်ကျင်ရှိလူများအားလုံးက ကြားနိုင်ပေ၏။

လျှိုချင်ဟွမ်၏ ပြိုင်ဘက်ကင်း ဓားသိုင်းပညာကို မြင်တွေပြီးနောက် ရွှမ်ယွမ်ချန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပေါ်လာပေတော့သည်။ သို့သော် သူ့၏ မျှော်လင့်ချက်များမှာ ကတုံးအမျိုးသား၏ ကြမ်းတမ်းသော လက်သီးချက်တွင် ချက်ချင်းပင် တစ်စစီ ပြန်လည် ကွဲကြေသွားတော့သည်။

ဤကဲ့သို့ အစွမ်းထက် ဓားသိုင်းကပင် သူ့အား အနိုင်မယူနိုင်ပါ...။ ထိုအမျိုးသားမှာ ယုံကြည်နိုင်သည်ထက်ပင် ပို၍ အစွမ်းထက်နေပေတော့သည်။

ကတုံးအမျိုးသားက မြေပြင်ပေါ်တွင် မြံမြံရပ်ကာ နောက်ဆုံး သတ်ဖြတ်မည့် ထိုးနှက်ချက်ကို ပြင်ဆင်ကာ လေထုကို ဖြတ်၍ လျှိုချင်ဟွမ်ဆီသို့ ဦးတည် ပစ်လွှတ်လိုက်တော့၏။

လျှိုချင်ဟွမ်က ဖျက်ဆီးနိုင်စွမ်းနှင့် ပြည့်နှက်နေသော လက်သီးကြီးကို ကြည့်ကာ သူမနှလုံးသားထဲတွင် စိတ်ပျက်အားငယ်ခြင်းများ ဖြစ်တည်လာတော့၏။

သူမက ဤထိုးနှက်ချက်တွင် အသက်မရှင်နိုင်မှန်း သိလေ၏။

သို့သော် ထိုအခိုက်အတန့်တွင် စွမ်းအားကြီး လက်မောင်းတစ်စုံက သူမ၏ ခါးသွယ်သွယ်ကို သိုင်းဖက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က ပေတစ်ထောင်ကျော်အဝေးဆီသို့ ချက်ချင်း ပို့ဆောင်ခြင်းခံလိုက်ရ၏။

ဘုန်း...

ကတုံးအမျိုးသား၏ လက်သီးစွမ်းအားမှာ ကောင်ကင်၌ပင် အပေါက်တစ်ပေါက်ဖြစ်သွားစေနိုင်၏။

သို့သော် သူက ပစ်မှတ်ကို လွဲချော်သွားသည်ပင်...

“ဟီးဟီး... သူရဲကောင်းက ကယ်တင်ဖို့ရောက်လာပါပြီ။ မင်းအတွက် like ခလုပ်ကို နှိပ်ပေးပါရစေ။” လျှိုချင်ဟွမ်က သူမကို ကယ်လိုက်သောအမျိုးသားကို ကြည့်ကာ ပျော်ရွှင်စွာ ​ပြောလာတော့၏။ သူမ၏ ဖြူဖျော့ကာ ရှုပ်ထွေးနေသော သွင်ပြင်များပေါ်တွင် သွေးစီးကြောင်းများ ရှိနေဆဲဖြစ်ကာ သူမ၏ အပြုံးများမှာ စိတ်လှုပ်ရှားနေကာ အလွန်လဲ ဝမ်းနည်းနေဆဲဖြစ်၏။

“subscribe လုပ်ဖို့လဲ မမေ့နဲ့နော်။”

“ပြန်ထိုင်နေပြီး ငါက ပွဲကိုအပိုင်သိမ်းပစ်မှာကို စောင့်ကြည့်နေ။”

အမျိုးသားက လျှိုချင်ဟွမ်ကို မြေပြင်ပေါ်သို့ချလိုက်ပြီး အနက်ရောင် မြူခိုးများက သူ့ကိုယ်မှရှေ့သို့ မရပ်မနား ထွက်နေလေတော့သည်။

အမျိုးသားမှာ သရဲလောက၏ မူရင်းစွမ်းအားကို အသက်သွင်းပြီးသော အန်လင်းမှလွဲ၍ တခြားသူ မဟုတ်ပါပေ။

***

All Chapters