အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
(ကျွန်တော် author moon ပါဗျ။ ကျွန်တော် စာစစ်နေရာကနေ ထွက်ထားပါတယ်။ ဘာသာပြန်ဆရာ Ko Yoohtoo ကနေပဲ ဆက်ပြီးတော့ စစ်ပါလိမ့်မယ်ဗျ။ ဖတ်ကြည့်လို့ အဆင်မပြေရင် ကောမန့်မှာ မန့်ခဲ့ပေးပါ။ ကျွန်တော် ပြန်ဝင်စစ်ပေးပါမယ်)
ယီစင်းနှင့် အခြားသူများ အိမ်ထဲမှ ထွက်လာချိန်၌ ခြံဝင်းအဝင်ဝရှိ ကျောက်ပြားခင်းလမ်းမပေါ်တွင် လင်းချန်နှင့် ဖူဟန်တို့ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။ သို့သော် ယီစင်းတို့၏ အမြင်၌မူ ဖူဟန်တစ်ယောက်တည်းသာ တစ်ဖက်သတ် အနိုင်ကျင့်ခံနေရခြင်းပင်။
ဖူဟန်သည် သိုင်းဝိညာဉ် သွေးရောင်ဓားရှည်အား ကိုင်ဆောင်ကာ တရစပ် တိုက်ခိုက်နေပြီး သူ ဓားကို ဝှေ့ယမ်းလိုက်တိုင်း လေထုထဲ၌ သွေးရောင်လမ်းကြောင်းများကို ဖြစ်ပေါ်လာစေသည်။
ထိုသွေးရောင် ဓားစွမ်းအင်တို့သည် မုန်တိုင်းတစ်ခုအလား လင်းချန်ထံသို့ တရစပ် ပြေးဝင်လာကြ၏။
သို့သော် ထိုကဲ့သို့ ပြင်းထန်လှသည့် တိုက်ခိုက်မှုများအောက်၌ လင်းချန်ကမူ သက်တောင့်သက်သာပင် ရှိနေပုံရသည်။ လင်းချန်တစ်ယောက် ညာလက်တစ်ဖက်အား ဆန့်ထုတ်လိုက်ရုံဖြင့် ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
ထိုမိုးကြိုးအကာအကွယ်သည် ဖြိုဖျက်၍မရနိုင်သည့် ခံတပ်ကြီးသဖွယ် ဖူဟန်၏ တိုက်ခိုက်မှုမှန်သမျှအား အလွယ်တကူပင် ကာကွယ်ထားလျက် ရှိနေသည်။
ဖူဟန်၏ အစွမ်းကုန်ထုတ်သုံးထားသည့် တိုက်ကွက်တို့သည် လင်းချန်၏ အကာအကွယ်ပေါ်၌ လှိုင်းဂယက် အနည်းငယ်လောက်သာ ပေါ်လာနိုင်စွမ်းရှိသည်။
"ဟူး... ဟူး..."
အချိန်အနည်းငယ် ကြာသောအခါ ဖူဟန်တစ်ယောက် အသက်ရှူသံ ပြင်းလာပြီး မျှော်လင့်ချက်မဲ့စွာဖြင့် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရတော့၏။ သူ ဘာပဲလုပ်လုပ် အချည်းနှီးသာဖြစ်နေကြောင်းကို နားလည်သွားလေပြီ။
သူ၏ အမြင်၌ လင်းချန်၏ စွမ်းအားသည် ကြောက်ခမန်းလိလိ ဖြစ်လွန်းနေပြီး သူအနေဖြင့် လင်းချန်အား ခြစ်ရာလေးတစ်ခုမျှပင် ထင်ကျန်အောင် လုပ်နိုင်မည် မဟုတ်ချေ။
အိမ်ထဲမှ လူတစ်သိုက် ထွက်လာသည်ကို မြင်သောအခါ လင်းချန်က စပ်စုချင်စိတ်ဖြင့် လှမ်းမေးလိုက်၏။ “ဒါနဲ့... ကျူးရှောင်ကျားရော...”
ယီစင်းက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ “မိန်း သတ်လိုက်ပြီ...”
လင်းချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ဖူဟန်ရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။
“ဖူဟန်... မင်း အခုပဲ သေချင်တာလား...။ ဒါမှမဟုတ် သေဖို့ အချိန်နည်းနည်း ယူချင်သေးလား...”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့် ရွှေနီရောင် ဓားတစ်လက်အား ဖန်တီးလိုက်ပြီး ဖူဟန်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားလာလိုက်သည်။
လင်းချန် ရှေ့တိုးလာသည်ကို မြင်သောအခါ ဖူဟန်က ကြောက်လန့်တကြားဖြင့် ခြိမ်းခြောက်အော်ဟစ်လိုက်တော့၏။ “လင်းချန်... တကယ်လို့ မင်း ငါ့ကို သတ်ရင် ငါ့အဘွားက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူးကွ...။ မင်းဆရာ စစ်ဧကရာဇ်က မသေသေးရင်တောင် သေလုမျောပါး ဖြစ်နေပြီလေ...။ သူက မင်းကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား...”
လင်းချန်က လှောင်ပြုံး ပြုံးလိုက်သည်။ “ဒါပေမဲ့ ငါ့ဇနီးလောင်းရဲ့ ဆရာက ဓားနတ်ဘုရားဂိုဏ်းရဲ့ ဓားသူတော်စင်မယ်လေ...။ သူကတော့ လက်ပိုက်ကြည့်နေမယ် မထင်ဘူးနော်...”
လင်းချန်၏ စကားအား ဖူဟန်က လှောင်ရယ်ရယ်မောလျက် တုံ့ပြန်လိုက်၏။ “ဟားဟားဟား... အဲ့ဒီ မင်းပြောနေတဲ့ ဆရာဆိုတဲ့ တစ်ယောက်က ကိုယ့်ဖင်ကိုယ်တောင် မနိုင်တော့တာကွ...။ မင်းကို ဂရုစိုက်နိုင်ပါ့ဦးမလား...”
ထိုအခါ လင်းချန်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ယီစင်းအား လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်၌လည်း ဝမ်းနည်းရိပ်သမ်းနေသည်ကို တွေ့လိုက်ရသည်။
ဖူဟန်က လင်းချန်အား ဆက်လက်၍ ခြိမ်းခြောက်လာ၏။ “ပြီးတော့ ငါ့ခန္ဓာကိုယ်ပေါ်မှာ ငါ့အဘွားထည့်ပေးထားတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိသေးတယ်ကွ...။ တကယ်လို့ ငါသာ သေသွားရင် မင်းဆီမှာ အမှတ်အသား ထင်ကျန်ခဲ့လိမ့်မယ်...”
“မင်း ဘယ်လောက်ပဲ အဝေးကို ထွက်ပြေးပြေး... ငါ့အဘွားကတော့ မင်းကို ရှာတွေ့သွားမှာပဲ...”
ပြောရင်းဆိုရင်းပင် ဖူဟန်၏ မျက်နှာပေါ်၌ ယုတ်မာသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။ “ဒါတင်မကသေးဘူး... မင်းက ပုရွက်ဆိတ်အကောင်ပေါင်းများစွာ ကိုက်ဖဲ့နေသလိုမျိုး နှလုံးသားကို စားသုံးခံရမယ့် ကျိန်စာသင့်လိမ့်ဦးမယ်...။ ပြီးရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေပါ ကျဆင်းသွားလိမ့်မယ်ကွ...”
“နိဗ္ဗာန်နယ်ပယ်ကို ရောက်ဖို့ဆိုတာ မလွယ်ဘူးလေ...။ ပြီးတော့ နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ဆိုတာက ပိုလို့တောင် မလွယ်သေးတာ...။ တကယ်လို့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေသာ ကျသွားမယ်ဆိုရင်တော့... ကျွတ် ကျွတ် ကျွတ်...”
မလှမ်းမကမ်းမှနေ၍ ယီစင်းက သက်ပြင်းချကာ ဝင်ပြောလာသည်။ “ချန်လေး... သူ့အဘွားက သူ့ရဲ့ သက်တမ်း နှစ်တစ်ရာလောက်ကို ပေးဆပ်ပြီးမှ သူ့မြေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲ့ဒီလျှို့ဝှက်နည်းလမ်းကို ထည့်ပေးထားခဲ့တာ...”
ဖူဟန်က ခေါင်းမော့ကာ ရယ်မောလိုက်ပြီး လင်းချန်အား လက်ညှိုးကွေးကာ စိန်ခေါ်လိုက်တော့၏။ “လာလေ... ငါ့ကို လာသတ်လှည့်လေ... လာစမ်းပါကွာ...”
လင်းချန်သည်တော့ စိန်ခေါ်နေသည့် ဖူဟန်အား ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် ရွှေနီရောင် မိုးကြိုးစွမ်းအင်တို့အား ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်ထဲရှိ ဓားကိုလည်း ဖျောက်ဖျက်လိုက်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖူဟန်မှာ ပို၍ပင် ဘဝင်မြင့်သွားကာ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့အား လှမ်းအော်လိုက်တော့သည်။
“မင်းတို့နှစ်ကောင် ဒီကို လာခဲ့ကြစမ်း...”
ဖူဟန်တစ်ယောက် လင်းချန်အား သူ ထိန်းချုပ်နိုင်သွားပြီဟု ထင်မှတ်နေပုံရလေ၏။
သို့သော် မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့မှာ တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့၏ စောင့်ကြည့်ခြင်းကို ခံနေရသဖြင့် ခြေတစ်လှမ်းမျှပင် ရှေ့မတိုးရဲကြပေ။
လင်းချန်က ရုတ်တရက် လှောင်ပြောင်လိုက်၏။ “အခုဆို မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက တော်တော်လေးကို ကုန်ခမ်းနေပြီလေ...။ ငါ့လူတွေထဲက ဘယ်သူမဆို မင်းကို အလွယ်တကူ သတ်ပစ်နိုင်တယ်...။ ငါကိုယ်တိုင် လက်ဖျားထိပ်နဲ့တောင် တို့စရာမလိုဘူး...”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လေတိုးသံများ ထွက်ပေါ်လာပြီး လေဟုန်စစ်သည် ရှစ်ဦးမှာ သူတို့၏ ပတ်ဝန်းကျင်၌ ရုတ်တရက် ပေါ်လာသည်။
ဟွာရှာအင်ပါယာထဲမှ ဆင့်ခေါ်ထားသည့် လေဟုန်စစ်သည်များအနက် ကိုးယောက်မှာ ကျောက်လုံနှင့်အတူ ပါသွားခဲ့ပြီး ကျန်သည့်သူအများစုက သစ်ပင်ခြောက်တောအုပ်ထဲ၌ သေဆုံးကုန်ကြပြီ ဖြစ်ရာ ယခုအခါ ရှစ်ယောက်သာ ကျန်ရှိတော့ခြင်း ဖြစ်၏။
လေဟုန်စစ်သည် ရှစ်ယောက် ပေါ်လာသည်ကို မြင်သောအခါ ယီစင်းနှင့် အခြားသူများ၏ မျက်လုံးများ စတောက်ပသွားကြ၏။ သူတို့အနေဖြင့် ဤအချက်ကို မေ့နေလုနီးပါးပင် ဖြစ်နေကြသည်။'
လေဟုန်စစ်သည်များ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ဖူဟန်၏ ဘဝင်မြင့်နေသော မျက်နှာကြီးမှာ ပျက်ယွင်းသွားရပြီး အော်ဟစ်လိုက်တော့၏။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲကနေ ဘယ်လိုလုပ် လူတွေအများကြီး ထပ်ထွက်လာရတာလဲကွ...”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့သည်လည်း မျက်နှာပျက်သွားကြသည်။
နိဗ္ဗာန်နယ်ပယ်အဆင့်ကိုး အရှိန်အဝါများ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူရှစ်ယောက်မှာ လင်းချန် ဆင့်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း သိသာလွန်းနေ၏။
အကယ်၍ လင်းချန် တကယ် ကျိန်စာသင့်ပြီး သေသွားခဲ့လျှင်ပင် ထိုရှစ်ယောက်နှင့် ယှဉ်ပါက သူတို့၌ အနိုင်ရဖို့ အခွင့်အရေး မရှိသလောက်ပင်။
လင်းချန်က အထင်သေးစွာဖြင့် ဆိုလိုက်သည်။ “ဒါပေါ့... မင်းရဲ့ အသက်က ငါ့စစ်သည်တစ်ယောက်လောက်တောင် တန်ဖိုးမရှိဘူးလေ...”
လေဟုန်စစ်သည်များမှာ အဆင့်နိမ့်ဆုံး စစ်သည်များဖြစ်ပြီး အများအပြား ထုတ်လုပ်နိုင်သကဲ့သို့ တန်ဖိုးလည်း သက်သာလှသည်။ သို့သော် လင်းချန်၏ အမြင်၌မူ ဖူဟန်ကဲ့သို့ အမှိုက်ကောင်အား သတ်ဖြတ်ရန်အတွက် သူ၏ စစ်သည်တစ်ယောက်ကို အဆုံးရှုံးခံရမည်ကပင် နှမြောစရာ ကောင်းလွန်းနေ၏။
“ဒါနဲ့ ငါ့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေ အများကြီး ရှိသေးတယ်ကွ...။ တစ်ခုက ကျိန်စာတွေကို ကာကွယ်ပေးနိုင်တယ်... ဒါမှမဟုတ် ပြန်ကန်ထွက်သွားအောင် လုပ်ပေးနိုင်တယ်လေ...။ အဲ့ဒါကိုသာ ဝတ်ထားမယ်ဆိုရင် မင်းကို သတ်လိုက်လည်း ငါ့ကို ဘာမှ လာမထိခိုက်နိုင်တော့ဘူးပေါ့...”
“ပြီးတော့ နောက်ထပ် စိတ်ဝင်စားစရာ ပစ္စည်းတစ်ခုလည်း ရှိသေးတယ်...။ အဲ့ဒါက မင်းခန္ဓာကိုယ်ပေါ်က လျှို့ဝှက်နည်းလမ်းကို သိမ်းဆည်းထားပြီးတော့ ရှန်ထျန်ဂိုဏ်းက တပည့်တွေဆီကိုပါ လွှဲပြောင်းပေးလိုက်လို့ရတယ်လေ...။ အဲ့ဒီကျရင်တော့ မင်းအဘွားက သူတို့ကို လိုက်ပြီး ပြဿနာရှာလိမ့်မယ်...။ ငါကတော့ အေးအေးဆေးဆေး ထိုင်ကြည့်နေရုံပဲ...”
လင်းချန်၏ စကားကြောင့် ဖူဟန်၏ စိတ်နှလုံးသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကို တွင်တွင်ခါယမ်းလျက် ငြင်းဆန်လိုက်တော့၏။ “မဖြစ်နိုင်ဘူး...။ လုံးဝကို မဖြစ်နိုင်ဘူး...။ မင်းဆီမှာ ဘယ်လိုလုပ် အဲ့ဒီလို ထူးဆန်းတဲ့ ပစ္စည်းတွေ ရှိနေရမှာလဲကွ...”
ယီစင်းက လင်းချန်အနားသို့ ကပ်လာပြီး တိုးတိုးလေး သတိပေးလိုက်သည်။ “ချန်လေး... အဲ့ဒီလိုလုပ်လိုက်ရင် ဓားနတ်ဘုရားဂိုဏ်းနဲ့ ရှန်ထျန်ဂိုဏ်း စစ်ဖြစ်သွားလိမ့်မယ်နော်...”
လင်းချန်က ရယ်မောလိုက်ပြီး ယီစင်းအား စိတ်အေးစေရန် လက်ကာပြလျက် နှစ်သိမ့်လိုက်၏။ “မပူပါနဲ့ မိန်း... ကိုက ဒီအတိုင်း လျှောက်ပြောလိုက်တာပါဗျာ...။ တကယ်တော့ ဖူဟန်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကို့မှာ အကြံရှိပြီးသားပါ...”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန် လက်ဝါးကို ဖြန့်လိုက်ရာ ရွှေရောင်ကြိုးတစ်ချောင်း ပေါ်လာသည်။
ဟွာရှာအင်ပါယာသို့ ကူးပြောင်းလာပြီးနောက်ပိုင်း လင်းချန်၏ အရင်ဘဝမှ ဂိမ်းအသုံးအဆောင် ပစ္စည်းတို့သည် စိတ်ဝိညာဉ်ပစ္စည်းများအဖြစ် ပြောင်းလဲသွားကြတော့၏။ ယခု ရွှေရောင်ကြိုးသည်လည်း ထိုအထဲမှ တစ်ခုပင်ဖြစ်ပြီး နာမည်မှာ ချုပ်နှောင်ကြိုး ဖြစ်၏။ အဆင့်နိမ့်ပစ္စည်းတစ်ခုသာ ဖြစ်သော်ငြား လက်ရှိ လင်းချန် သိထားသည့် အဆင့်သတ်မှတ်ချက်အရ တတိယအဆင့် အထက်တန်းစား စိတ်ဝိညာဉ်ပစ္စည်းနှင့် ညီမျှသည်။
လက်ရှိအချိန်၌ ဖူဟန်မှာ အားအင်ကုန်ခမ်းနေပြီဖြစ်၍ ထိုချုပ်နှောင်ကြိုးအား ရှောင်နိုင်စွမ်း မရှိနေချေ။
လင်းချန် သူ၏ လက်ထဲမှ ချုပ်နှောင်ကြိုးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်တို့အား ထည့်သွင်းလိုက်ပြီး ဖူဟန်ထံသို့ ပစ်လွှတ်လိုက်၏။ လေထဲ၌ ချုပ်နှောင်ကြိုးသည် ရွှေရောင်မြွေတစ်ကောင်အလား တွန့်လိမ်သွားပြီး ပစ်မှတ်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်သွားသည်။
ဖူဟန်က ရှောင်တိမ်းရန် ကြိုးစားလိုက်သော်ငြား လင်းချန် နှာခေါင်းရှုံ့လိုက်ပြီး ခြေထောက်ကို ဆောင့်နင်းလိုက်ကာ ကြမ်းပြင်မှ ကွာထွက်လာသော ကျောက်ပြားအကျိုးအပဲ့တစ်ခုအား ဖမ်းယူ၍ ဖူဟန်၏ ဒူးခေါင်းဆီသို့ ပစ်ပေါက်လိုက်၏။
“အားးး”
ဖူဟန်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ဒူးထောက်ကျသွားတော့သည်။ ထိုအချိန်၌ပင် ရွှေရောင် ချုပ်နှောင်ကြိုးက သူ၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားပြီး ရုတ်တရက် တင်းကျပ်လာကာ သူ့အား မလှုပ်နိုင်အောင် ချုပ်နှောင်လိုက်တော့သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လေချန်က မေးလိုက်သည်။ "အကိုကြီး လင်းချန်။ သတ်မာလား။"
လင်းချန်ကမူ မိစ္ဆာဆန်ဆန်ပြုံးလျက် ဆိုလိုက်၏။ "ဟင့်အင်း။ ဒီတိုင်း သတ်လိုက်တာက အရမ်းကို ညှာတာရာ ကျလွန်းသွားပြီ။"
"သူ့ကို ဖုတ်ကောင်မျှားစာ လုပ်မယ်။
လူတိုင်းက လင်းချန်အား နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။ “ဖုတ်ကောင် မျှားစာ ဟုတ်လား...” ထိုစကား၏ ဆိုလိုရင်းကို သူတို့ သဘောမပေါက်ကြချေ။
လင်းချန်က ကြမ်းပြင်ပေါ်၌ ချုပ်နှောင်ကြိုးဖြင့် တုပ်နှောင်ခံထားရသော ဖူဟန်အား လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။ “ညဘက်ဆို ဒီနေရာမှာ ဖုတ်ကောင်တွေ သောင်းကျန်းတယ်လို့ သတင်းထွက်နေပေမဲ့ ငါတို့ဆီမှာ တိကျတဲ့ အချက်အလက် မရှိသေးဘူးလေ။ အခု နေဝင်တော့မှာဆိုတော့ ငါတို့က အမှောင်ထဲမှာ ပုန်းနေခဲ့ပြီး ဒီကောင့်ကို ကွင်းပြင်ထဲ ထားခဲ့ကြမယ်။ ပြီးရင် ဖုတ်ကောင်တွေနဲ့ ဒီကောင် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။”
လင်းချန်၏ စကားကို ကြားလိုက်ရသောအခါ ဖူဟန်၏ မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာတော့၏။
သေမင်းနယ်မြေထဲ၌ ဖုတ်ကောင်များ ကျက်စားကြောင်း သူသည်လည်း သိထားသည်။ အကယ်၍ လင်းချန်သာ တကယ်လုပ်ခဲ့လျှင် သူ့အတွက် သေလမ်းမှလွဲ၍ အခြားမရှိတော့ချေ။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်နည်းစနစ်များက ဖုတ်ကောင်များအပေါ် မည်သို့လုပ် သက်ရောက်မှု ရှိနိုင်မည်နည်း။
ဖူဟန်က ကြမ်းပြင်ပေါ်၌ လူးလိမ့်နေရင်း လင်းချန်အား မရပ်မနား ကျိန်ဆဲတော့၏။ “လင်းချန်... မင်း တော်တော်ရက်စက် ယုတ်မာတဲ့ကောင်ပဲကွာ...”
ဖူဟန်၏ ကျိန်ဆဲသံများကြောင့် လင်းချန်တစ်ယောက် ရယ်မောလိုက်သည်။ “ရက်စက်တယ်... ယုတ်မာတယ် ဟုတ်လား...။ တကယ်လို့သာ မင်းအကြံ အောင်မြင်သွားခဲ့ရင် ငါတို့တွေ ဘယ်ဘဝရောက်သွားမလဲဆိုတာ မင်း တွေးကြည့်ဖူးရဲ့လား...”
အစောက ဖူဟန်၏ ရိုင်းစိုင်းကြမ်းကြုတ်သော မျက်နှာထားအား လင်းချန် ကောင်းကောင်းမှတ်မိနေသေး၏။ ဤသို့သောကောင်မျိုးအား လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။ လင်းချန်သည် အပြစ်မဲ့သူများအား လက်လွတ်စပယ် သတ်ဖြတ်တတ်သူ မဟုတ်သော်ငြား သူ့အား သတ်ချင်နေသော ဖူဟန်ကဲ့သို့ လူမျိုးကိုမူ လုံးဝ သက်ညှာပေးမည် မဟုတ်ချေ။
ထိုအချိန်၌ပင် "ဖုန်း" ခနဲအသံနှင့်အတူ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့နှစ်ယောက် ရုတ်တရက် လင်းချန်ရှေ့၌ ဒူးထောက်ချလိုက်ပြီး တောင်းပန်လိုက်ကြတော့၏။ “ဖူဟန်က ဓားနတ်ဘုရားဂိုဏ်းမှာ အာဏာရှိတော့ ကျွန်တော်တို့လည်း မလွန်ဆန်နိုင်လို့ သူ့အမိန့်ကို နာခံခဲ့ရတာပါဗျာ...။ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ...”
လင်းချန်က လှည့်ကြည့်လိုက်ပြီး ဒူးထောက်နေသော နှစ်ယောက်အား နှာခေါင်းရှုံ့ကာ မေးခွန်းထုတ်လိုက်သည်။ “မင်းတို့နှစ်ယောက်ကို လွှတ်ပေးဖို့က ပြဿနာ မရှိပါဘူး...။ ဒါပေမဲ့ ဒီအတိုင်း ဒူးထောက်ရုံနဲ့ အသက်ချမ်းသာရာ ရမယ်လို့တော့ မထင်နဲ့...”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏ သိုလှောင်အိတ်များအား ထုတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ကြ၏။
သိုလှောင်အိတ်နှစ်လုံးအား ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ အထဲ၌ ပစ္စည်းအမျိုးမျိုး ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
စိတ်ဝိညာဉ်ကျောက်တုံးများ ၊ စိတ်ဝိညာဉ်လက်နက် နှလုံးသားများ၊ စိတ်ဝိညာဉ်အစိတ်အပိုင်းများ ၊ ဆေးလုံးအချို့နှင့် ဓားနတ်ဘုရားဂိုဏ်း၏ ကျမ်းစာအုပ် အနည်းငယ် ပါဝင်သည်။
ကြည့်ရသည်မှာ ထိုသိုလှောင်အိတ်နှစ်လုံးထဲ၌ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့၏ ပိုင်ဆိုင်မှုအားလုံး ပါဝင်နေပုံရ၏။
လင်းချန် သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ “မဆိုးဘူး... တော်တော်လေး ရိုးသားကြတာပဲ...” ထို့နောက် ကျမ်းစာအုပ်များအား ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ဟွာရှာအင်ပါယာသို့ ပို့ဆောင်လိုက်သည်။
ထို့နောက် လင်းချန်က စိတ်ဝိညာဉ်လက်နက် နှလုံးသားများနှင့် အစိတ်အပိုင်းများအား မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့ထံသို့ ပြန်ပစ်ပေးလိုက်သည်။ “ခဏနေရင် ငါ့လူတွေက မင်းတို့ကို ဒီနေရာကနေ ထွက်သွားဖို့ လမ်းပြပေးလိမ့်မယ်...။ သစ်ပင်ခြောက်တောအုပ်ကို ဖြတ်ပြီး ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ စမ်းသပ်မှုတွေကိုသာ ဆက်လုပ်ကြတော့...”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့မှာ အံ့ဩသွားကြ၏။ “ဒါက...” လင်းချန်က သူတို့၏ လက်နက်အစိတ်အပိုင်းများအား ပြန်ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။
အကယ်၍ ထိုအစိတ်အပိုင်းများသာ မရှိပါက သူတို့အနေဖြင့် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းအား လုပ်ဆောင်နိုင်တော့မည် မဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းရည် အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခဲ့လျှင်ပင် နောက်ပိုင်း၌ မည်သည်ကိုမှ ဆက်ပြီးလုပ်နိုင်တော့မည် မဟုတ်ချေ။
လင်းချန်၏ မျက်နှာထားက တင်းသွားပြီး သူတို့အား စိုက်ကြည့်ကာ သတိပေးလိုက်၏။ “ဒီသေမင်းနယ်မြေထဲမှာ မင်းတို့ကို ငါ ထပ်မမြင်ချင်တော့ဘူးနော်...။ တကယ်လို့ မင်းတို့ ခိုးကြောင်ခိုးဝှက် ပြန်ဝင်လာတာကို သိရင်တော့ အဲ့ဒီကျရင် ငါ ညှာတာနေမှာ မဟုတ်ဘူး...”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့မှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြာပြာသလဲ ကတိပေးလိုက်ကြသည်။
သူတို့နှစ်ယောက်သည် စိတ်ဝိညာဉ်လက်နက် အစိတ်အပိုင်းများအား သေသေချာချာ ပြန်လည်သိမ်းဆည်းလိုက်ပြီး လေဟုန်စစ်သည်တစ်ယောက်၏ လမ်းပြမှုဖြင့် သစ်ပင်ခြောက်တောအုပ်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့၏။
ရရှိလာသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအား လူတိုင်းကို လင်းချန် ခွဲဝေပေးလိုက်သည်။
ယီစင်းက ကြမ်းပြင်ပေါ်မှ ဖူဟန်အား ရွံရှာသလို ကြည့်ပြီး လင်းချန်အနားသို့ လျှောက်လာကာ မေးလိုက်၏။ “အခု ဘာဆက်လုပ်ကြမလဲ...”
လင်းချန်က လေဟုန်စစ်သည်တစ်ယောက်အား ဖူဟန်ကို ထမ်းခိုင်းလိုက်ပြီး ရှေ့နားရှိ အဆောက်အအုံများအား ညွှန်ပြလိုက်သည်။ “ဒီမှာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ရှိသေးတာပဲလေ မိန်းရဲ့... တစ်ခုချင်းစီ ဝင်မွှေရမှာပေါ့...”
လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် လင်းချန်နောက်သို့ လိုက်ပါသွားပြီး အခြားသော အဆောက်အအုံများအား စတင်ရှာဖွေကြတော့၏။
ရှာဖွေမှု ဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ ဤနေရာရှိ အဆောက်အအုံများသည် တပည့်များ နေထိုင်ရာ အိမ်များသာမကဘဲ ဂိုဏ်း၏ အခြားသော အရေးကြီး အဆောက်အအုံများပါ ဖြစ်နေကြောင်း လင်းချန် သတိထားမိလာသည်။
အချိန်အတော်ကြာ လေ့လာပြီးနောက် ယီစင်းက လင်းချန်အား သုံးသပ်ပြ၏။ “အခြေအနေအရဆို အရင်တုန်းက ကပ်ဘေးကြီးတစ်ခုကြောင့် ရှေးဟောင်းဂိုဏ်းကြီးရဲ့ ဂိုဏ်းပိုင် အဆောက်အအုံတွေ အများကြီး ဒီကမ္ဘာငယ်လေးထဲကို ပြိုကျလာတာ ဖြစ်လောက်တယ်...”
လင်းချန် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ကျန်ရှိနေသည့် အဆောက်အအုံများအား ကြည့်ခြင်းအားဖြင့် ဤရှေးဟောင်းဂိုဏ်းကြီးသည် အလွန်ပင် အင်အားကြီးမားခဲ့ကြောင်း သိသာလှ၏။
ထိုမျှလောက် အင်အားကြီးမားသည့် ဂိုဏ်းတစ်ခုက မည်သို့လုပ်၍ ဤကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ဤသို့သော အခြေအနေကို ရောက်လာရသည်နည်း။
စဉ်းစားလေ အဖြေရှာမရလေ ဖြစ်နေသဖြင့် လင်းချန် ဆက်မတွေးတော့ဘဲ ယီစင်းတို့နှင့်အတူ ရှာဖွေရေးကိုသာ ဆက်လုပ်လိုက်တော့သည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လင်းချန်တို့အဖွဲ့ စုဆောင်းရမိသည်များမှာ ပိုမိုများပြားလာ၏။ ဆေးလုံးများ သိမ်းဆည်းထားသည့် ဆေးတိုက်တစ်ခုနှင့် ကျမ်းစာအုပ်များ သိမ်းဆည်းထားသော စာကြည့်တိုက်တစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။
စာကြည့်တိုက်ထဲရှိ စာအုပ်အားလုံးကိုမူ လင်းချန်တစ်ယောက်တည်းကသာ သိမ်းယူလိုက်ပြီး ဟွာရှာအင်ပါယာသို့ ပို့ဆောင်လိုက်သည်။ ဆေးတိုက်မှ ရရှိလာသော ဆေးလုံးများကိုလည်း လင်းချန်က အမျိုးအစားတစ်ခုစီမှ တစ်လုံးစီသာ နမူနာယူပြီး ကျန်သည့်အရာများအားလုံးကို သူတို့ထံ ခွဲဝေပေးလိုက်၏။
ကျောက်ဟိုင်မင်းက သူ၏ သိုလှောင်အိတ်အား ပုတ်ကာ ပျော်လွန်းသဖြင့် အော်ဟစ်လိုက်တော့၏။ “တကယ့်ကို ထောတာပဲကွာ...။ ဒီနေရာမှာ ဒုတိယအဆင့် အထက်တန်းစား ဆေးလုံးတွေတောင် ရှိနေတာပဲ...”
ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံး၌ ဒုတိယအဆင့် အထက်တန်းစားဆိုသည်ကို မပြောနှင့် ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးများပင် အလွန်ရှားပါးလှသည်။
လေချန်ကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဝင်ထောက်ခံ၏။ “ဒီဆေးလုံးတွေကိုသာ ဂိုဏ်းကို အပ်လိုက်ရင် ငါတို့ရမယ့် ဂိုဏ်းအမှတ်တွေက တွေးကြည့်လို့တောင် မရနိုင်လောက်အောင် များမှာပဲ...”
လင်းချန်ကမူ သူတို့နှင့် ဆန့်ကျင်ဘက်ပင် ဆေးလုံးများအား စိတ်မဝင်စားချေ။ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနက ဆေးလုံးများ၏ ပါဝင်ပစ္စည်းနှင့် အာနိသင်အား ဓာတ်ခွဲစမ်းသပ်ပြီးပါက ယခုထက်ပိုကောင်းသည့် ဆေးရည်များကို သေချာပေါက် ထုတ်လုပ်နိုင်မည် ဖြစ်သောကြောင့်ပင်။
လင်းချန်အတွက်မူ စာအုပ်များကသာ တကယ့် ရတနာသိုက်ကြီး ဖြစ်လေ၏။ ဤကမ္ဘာ၏ အသိပညာ ဗဟုသုတများနှင့် ဟွာရှာအင်ပါယာ၏ နည်းပညာများသာ ပေါင်းစပ်လိုက်ပါက ရလဒ်ကောင်းများ ထွက်ပေါ်လာမည်မှာ အသေအချာပင်။
လေဟုန်စစ်သည်တစ်ယောက် ထမ်းထားသည့် ဖူဟန်ကမူ ရယ်မောပျော်ရွှင်နေကြသည့် လင်းချန်တို့အား ကြည့်ပြီး ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်နေတော့သည်။ “ဒီဟာတွေ အကုန်လုံးက ငါ့ဟာတွေ ဖြစ်သင့်တာ... အကုန်လုံး ငါ့ဟာတွေကွ...”
သို့သော် ဖူဟန် မည်မျှပင် နာကျည်းနေပါစေ အချည်းနှီးသာ ဖြစ်၏။ လင်းချန်၏ လက်ခုပ်ထဲက ရေဖြစ်နေသောကြောင့် သူမည်သည်ကိုမှ မတတ်နိုင်တော့ချေ။
လင်းချန် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ အသိပေးလိုက်သည်။ “နေဝင်တော့မယ်... ပုန်းဖို့ ပြင်ရအောင်...”
သူတို့ ပုန်းခိုမည့်နေရာအား အစောတည်းက ရွေးချယ်ထားပြီးဖြစ်၏။ ထိုနေရာမှာ စာအုပ်များ သိမ်းဆည်းထားခဲ့သော စာကြည့်တိုက် မျှော်စင်ပင်။ ခုနစ်ထပ်မြင့်သော မျှော်စင်ကြီးသည် ကောင်းမွန်စွာ ကျန်ရှိနေသေး၏။
မကြာမီမှာပင် လင်းချန်နှင့် အခြားသူမျာယ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြပြီး ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
စာကြည့်တိုက်ရှေ့ရှိ ကျောက်ပြားခင်းလမ်းမပေါ်၌ ဖူဟန်ကမူ ချုပ်နှောင်ကြိုးဖြင့် ကောက်ညှင်းထုပ်ကဲ့သို့ တုပ်နှောင်ခံထားရလျက် လူးလိမ့်နေကာ အပေါ်ထပ်ရှိ လင်းချန်တို့အား လှမ်း၍ အော်ဟစ်လျက် ရှိနေသည်။
“လင်းချန်... မင်း သတ္တိရှိရင် ငါ့ကို မင်းလက်နဲ့မင်း သတ်စမ်းပါ...။ ဒါက ယောကျ်ားကောင်းတစ်ယောက် လုပ်တဲ့လုပ်ရပ်လားကွ... ငါ သရဲဖြစ်ရင်တောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး...။ မင်း ဘယ်တော့မှ ကောင်းကောင်း နေရမှာ မဟုတ်ဘူးကွ...”
ဖူဟန်၏ ကျိန်ဆဲသံများကြား၌ပင် ညအချိန်ကာလက တိတ်တဆိတ် ရောက်ရှိလာသည်။ တစ်ချိန်တည်း၌မှာပင် ဖူဟန်၏ ရင်ထဲ၌ ကြောက်ရွံ့မှုများက စိမ့်ဝင်လာတော့၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team