အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၃
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အောက်ဘက်မှ ဖူဟန်၏ အော်ဟစ်သံများသည် လင်းချန်၏ စိတ်ကို အနည်းငယ်မျှပင် လှုပ်ခတ်မသွားစေသလို သနားညှာတာစိတ်လည်း ဖြစ်ပေါ်မလာစေချေ။
အကယ်၍ ဖူဟန်၏ အကြံအောင်သွားပါက သူတို့အပေါ် ယခုထက် ပိုမိုယုတ်မာရိုင်းစိုင်းမည်ကို လင်းချန်တစ်ယောက် ကောင်းကောင်း သိထား၏။
အကျဉ်းထောင်ကျွန်း၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက လင်းချန်အား သင်ခန်းစာကောင်းကောင်း ပေးခဲ့ပြီးဖြစ်သည်။ ဤလောကကြီးတွင် သူတစ်ပါးအပေါ် စေတနာထားနိုင်သော်ငြား ရန်သူနှင့် ရင်ဆိုင်ရချိန်၌မူ သနားညှာတာစိတ် အနည်းငယ်မျှပင် ထားရှိ၍ မရကြောင်းကို သူ ကောင်းကောင်း နားလည်ထား၏။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ကောင်းကင်ကြီးက ပိုမိုမှောင်မိုက်လာကာ စာကြည့်တိုက်မျှော်စင် အပေါ်ဆုံးထပ်ရှိ လင်းချန်နှင့် အခြားသူများလည်း စိတ်လှုပ်ရှားလာကြ၏။
ယခုအချိန်လောက်ဆိုလျှင် ဖုတ်ကောင်များ စတင်လှုပ်ရှားကြတော့လေမည်။
လင်းချန်က လှည့်ကြည့်ကာ သတိပေးလိုက်၏။ "အကုန်လုံး သတိထားကြ။ ဖုတ်ကောင်တွေက ဘယ်နေရာကနေ ထွက်လာမလဲဆိုတာ ငါတို့ မသိနိုင်ဘူး။ ငါတို့ ရှိနေတဲ့ ဒီစာကြည့်တိုက်ထဲမှာလည်း ရုတ်တရက် ပေါ်လာနိုင်တယ်"
လင်းချန်၏ စကားကြောင့် အားလုံး အာခေါင်ခြောက်သွားကာ တံတွေးမြိုချလိုက်မိရင်း ပတ်ဝန်းကျင်အား သတိထားကြည့်လိုက်ကြသည်။
မျှော်စင်ထိပ်၌ ရှင်းရှင်းကမူ လင်းချန်အနားသို့ မသိမသာ တိုးကပ်လာ၏။ သူမ၏ သိမ်မွေ့သည့် လှုပ်ရှားမှုအား လင်းချန် သတိပြုမိလိုက်ပြီး စိတ်ထဲ၌ ကျိတ်ပြုံးလိုက်မိသည်။
ထိုသို့တွေးကာ လင်းချန်က ရှင်းရှင်း၏ နူးညံ့ပျော့ပျောင်းသော လက်ကလေးအား လှမ်းဆုပ်ကိုင်လိုက်၏။ သူမက လင်းချန်အား ခိုးကြည့်လိုက်ရာ လင်းချန်၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများနှင့် ဆုံသွားတော့သည်။
အကြည့်ချင်းဆုံသွားသဖြင့် ရှင်းရှင်းတစ်ယောက် ရှက်သွေးဖြာသွားကာ ခေါင်းငုံ့သွားရ၏။ လင်းချန်သည်တော့ တိုးတိုးလေး ရယ်မောလိုက်ပြီး ရှင်းရှင်း၏ လက်အား ဆုပ်ကိုင်ထားလျက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။
ဤကမ္ဘာငယ်လေး၏ နေမင်း ပျောက်ကွယ်သွားပြီး ညအချိန်ရောက်လာသည်နှင့် လရောင်က နယ်မြေတစ်ခုလုံးအား လင်းထိန်သွားစေသည်။
လရောင်၏ အလင်းရောင်အောက်တွင် အဆောက်အအုံများကြား၌ မြူခိုးထူများ ရုတ်တရက် အစုလိုက်အပြုံလိုက် စုစည်းသွားကြသည်ကို လင်းချန် ထင်ရှားစွာ မြင်တွေ့လိုက်ရ၏။
ထို့အပြင် ထိုမြူခိုးများသည် အပျက်အစီးများကြား၌ ပြန့်ကျဲနေသည့် သစ်ပင်ခြောက်များထံသို့ ဦးတည်သွားနေကြောင်းကိုပါ လင်းချန်တစ်ယောက် သတိပြုမိလိုက်သည်။
သစ်ပင်ခြောက်တောအုပ် အပြင်ဘက်ရှိ အဆောက်အအုံများကြား၌လည်း သစ်ပင်ခြောက်များ ရှိနေ၏။ အရေအတွက် နည်းသော်ငြား အရွယ်အစားမှာမူ တောအုပ်ထဲရှိ အပင်များထက် ပိုမိုကြီးမားကြသည်။
မြူခိုးများသည် ပါးလွှာသော ပဝါစလေးများကဲ့သို့ သစ်ပင်ခြောက်များဆီသို့ စီးဝင်သွားပြီး သစ်ပင်များက စုပ်ယူလိုက်သကဲ့သို့ ပျောက်ကွယ်သွားကြသည်။
ထိုအခြေအနေအား မြင်လိုက်ရသောအခါ လင်းချန် ရုတ်တရက် သဘောပေါက်သွား၏။
"ကြည့်ရတာ မြူခိုးထူတွေရဲ့ အရင်းအမြစ်က ဒီသစ်ပင်ခြောက်တွေဆီက လာတာကိုး"
နေ့ဘက်၌ ဤသစ်ပင်ခြောက်များက မြူများကို ထုတ်လွှတ်ပြီး ညဘက်ရောက်လျှင် ပြန်လည်စုပ်ယူကြခြင်း ဖြစ်သည်။ သစ်ပင်ခြောက်တောအုပ်ထဲ၌ မြူများ အဘယ်ကြောင့် ထူထပ်နေရသနည်း။ ဤအပျက်အစီးများကြား၌မူ အဘယ်ကြောင့် မြူများပါးလွှာနေရသနည်း ဆိုသည့် အဖြေအား လင်းချန် သိသွားလေပြီ။
တရားခံမှာ သစ်ပင်ခြောက်များပင် ဖြစ်၏။ သစ်ပင်ခြောက်တောအုပ်ထဲ၌ သစ်ပင်အရေအတွက် များပြားသဖြင့် မြူများ ထူထပ်နေခြင်းဖြစ်ပြီး ဤနေရာ၌မူ သစ်ပင်နည်းသဖြင့် မြူများ မရှိသလောက် ပါးလွှာနေရခြင်းပင်။
အချိန်အတော်ကြာ လေ့လာကြည့်ပြီးနောက် ရှင်းရှင်းက ရုတ်တရက် သုံးသပ်လိုက်၏။ "ကြည့်ရတာ ဒီသစ်ပင်ခြောက်တွေက စိတ်ဝိညာဉ်သစ်ပင်တွေနဲ့ တူနေသလိုပဲ။ ဒါပေမဲ့ စွမ်းရည်က ပြောင်းပြန်ဖြစ်နေတယ်"
လင်းချန်နှင့် အခြားသူများလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
စိတ်ဝိညာဉ်သစ်ပင်ဆိုသည်မှာ အဂ္ဂိရတ်ပညာရှင်များ စိုက်ပျိုးလေ့ရှိသည့် အပင်တစ်မျိုးဖြစ်ပြီး နေရောင်ခြည်အောက်၌ အာဟာရများကို စုပ်ယူကာ သဘာဝစွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။
ကမ်းရိုးတန်းပြည်နယ်ရှိ ဂိုဏ်းကြီးအသီးသီး၌ ထိုကဲ့သို့သော စိတ်ဝိညာဉ်သစ်ပင်များကို စိုက်ပျိုးထားလေ့ရှိကြ၏။
ဓားနတ်ဘုရားဂိုဏ်း၌လည်း တပည့်များ၏ လေ့ကျင့်ရေးကွင်းနှင့် နေထိုင်ရာ နေရာများ၌ စိတ်ဝိညာဉ်သစ်ပင်များကို တောအုပ်လိုက် စိုက်ပျိုးထားသဖြင့် ဂိုဏ်းအတွင်း၌ သဘာဝစွမ်းအင်များ ကြွယ်ဝနေခြင်း ဖြစ်သည်။
လင်းချန်က သူ၏ ထင်မြင်ချက်ကို ဆိုလိုက်၏။ "ဒီသစ်ပင်ခြောက်တွေက အစက စိတ်ဝိညာဉ်သစ်ပင်တွေ ဖြစ်ရမယ်။ ဒါပေမဲ့ ကပ်ဘေးတစ်ခုခုကြောင့် အခုလို ပြောင်းလဲသွားပြီး နေ့ဘက်မှာ စွမ်းအင်ထုတ်ပေးမယ့်အစား စိတ်ကို ကယောင်ခြောက်ခြားဖြစ်စေတဲ့ မြူတွေကို ထုတ်လွှတ်နေတာ ဖြစ်လောက်တယ်"
လင်းချန်၏ စကားကြောင့် အားလုံး တုန်လှုပ်သွားကြသည်။ ရှေးဟောင်းဂိုဏ်းကြီးသည် မည်သို့သော ကပ်ဘေးမျိုးနှင့်များ ကြုံတွေ့ခဲ့ရသနည်း။ စိတ်ဝိညာဉ်သစ်ပင်များပင် ဤကဲ့သို့ ဖြစ်လာရသည်။
သူတို့ တွေးတောနေစဉ်မှာပင် အောက်ဘက်ရှိ ဖူဟန် ရှိနေသည့်နေရာ၌ လှုပ်ရှားမှုများ စတင်လာ၏။ လင်းချန်နှင့် အခြားသူများ အံ့ဩတကြီး ကြည့်နေစဉ်မှာပင် အပျက်အစီးများကြားရှိ သစ်ပင်ခြောက်များ ရုတ်တရက် တုန်ခါလာသည်ကို တွေ့လိုက်ရသည်။
သစ်ပင်ခြောက်များ၏ အောက်ခြေရှိ မြေကြီးများ လှုပ်သွားကာ ရုတ်တရက် မဲနက်နေသည့် တွင်းပေါက်ကြီးများ ပေါ်လာ၏။ နောက်တစ်ခဏ၌ ဖြူရော်နေသည့် လက်တစ်ဖက်က ထိုတွင်းပေါက်ထဲမှ ထွက်လာပြီး တွင်းဝအား ဆုပ်ကိုင်ကာ အပေါ်သို့ တက်လာသည်။
သစ်ပင်ခြောက်အောက်ခြေရှိ တွင်းထဲမှ ထွက်လာသော အကောင်သည် လူနှင့်တူသော်ငြား လူမဟုတ်ချေ။
ထိုအကောင်များသည် သေမင်းနယ်မြေမှ ဖုတ်ကောင်များ ဖြစ်ကြ၏။ အသားများက ဖြူရော်နေပြီး ဆံပင်များ ဖွာလန်ကြဲနေကာ ဟောက်ပက်ဖြစ်နေသော မျက်လုံးအိမ်ထဲ၌ စိမ်းဖန်ဖန် မီးတောက်များ တောက်လောင်နေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်၌ စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။
ထိုဖုတ်ကောင်များထံမှ သက်ရှိအငွေ့အသက် လုံးဝမရဘဲ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များသာ ထွက်ပေါ်နေလျက် ရှိနေသည်။ ထို့အပြင် ထူးဆန်းသည်မှာ ဖုတ်ကောင်များ၏ ခန္ဓာကိုယ်သည် ပုပ်ပွနေခြင်း မရှိဘဲ လရောင်အောက်၌ သတ္တုကဲ့သို့ တောက်ပနေခြင်းပင်။
ဖူဟန်က ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်ရသည်။ "လင်းချန်... ငါ့ကို လွှတ်ပေး။ အခုချက်ချင်း လွှတ်ပေး။ မဟုတ်ရင် ငါ သရဲဖြစ်သွားရင်တောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"
မျှော်စင်ပေါ်မှ လင်းချန်တို့ပင် သေသေချာချာ မြင်နေရသည်ဆိုလျှင် အောက်ရောက်နေသည် ဖူဟန်ဆိုလျှင် ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်ရပေလိမ့်မည်။
ထိုကဲ့သို့ ထူးဆန်းကြောက်မက်ဖွယ်ကောင်းနေသည့် အခြေအနေအောက်၌ သူ ကြောက်လန့်တကြား အော်ဟစ်မိသည်မှာ မဆန်းချေ။
စာကြည့်တိုက် အပေါ်ထပ် ပြတင်းပေါက်မှ ကြည့်နေသော လင်းချန်တစ်ယောက် ခေါင်းတစ်ချက် ညိတ်လိုက်၏။ "မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"
လင်းချန် ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ဖူဟန်အား တုပ်နှောင်ထားသည့် ရွှေရောင်ချုပ်နှောင်ကြိုး ပြေလျော့သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ထို့နောက် ဘေးနားရှိ လေချန်ထံ လက်လှမ်းလိုက်သည်။ "ငါ့ကို ဒုတိယအဆင့် အထက်တန်းစား အားဖြည့်ဆေးလုံး တစ်လုံးလောက် ပေးစမ်းပါ"
လေချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ ပေးလိုက်၏။
လင်းချန် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ပုလင်းအား လေချန်ထံ ပြန်ပေးကာ ပြတင်းပေါက်မှတစ်ဆင့် ဖူဟန်ထံသို့ ပစ်ပေးလိုက်သည်။
လင်းချန် အမိန့်ပေးလိုက်၏။ "ဒါက ဒုတိယအဆင့် အထက်တန်းစား ဆေးလုံးပဲ... သောက်လိုက်"
လင်းချန်၏ လုပ်ရပ်ကြောင့် ရှင်းရှင်းနှင့် အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
တင်းကျစ်ရုံက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "သူ့ကို သေခိုင်းမလို့ မဟုတ်ဘူးလား။ ဘာလို့ လွှတ်ပေးပြီး ဆေးလုံးပါ ပေးလိုက်ရတာလဲ"
ထိုအချိန်၌ အောက်ဘက်ရှိ ဖူဟန်က ဆေးလုံးကို ဖမ်းယူပြီး မျိုချလိုက်၏။ ခန္ဓာကိုယ်ထဲ၌ အားအင်များ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်ကို ခံစားလိုက်ရပြီးနောက် လင်းချန်အား မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လင်းချန်... မင်း ရူးသွားပြီလား... ဟားဟားဟား"
ပြောပြီးသည်နှင့် ဖူဟန် မျက်နှာထား တင်းလိုက်ပြီး သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို ထုတ်ဖော်ကာ သူ့ထံသို့ ဦးတည်လာနေသည့် ဖုတ်ကောင်များအား ကြည့်လိုက်သည်။
မျှော်စင်ပေါ်ရှိ လင်းချန်ကမူ ပြုံးလိုက်ပြီး အောက်ဘက်မှ ဖူဟန်အား လက်ညှိုးထိုးပြလိုက်၏။ "သူ့ကို ပြန်ကောင်းအောင် မလုပ်ပေးရင် ဖုတ်ကောင်တွေရဲ့ စွမ်းရည်နဲ့ အားနည်းချက်ကို ငါတို့ ဘယ်လိုလုပ် သိရမှာလဲ"
လီလဲ့ထျန်က မေးစေ့အား ပွတ်သပ်ရင်း မေးလိုက်သည်။ "ခေါင်းဆောင်ကို ထည့်မတွက်ရင် ကမ်းရိုးတန်းပြည်နယ်ရဲ့ နိဗ္ဗာန်နယ်ပယ်တွေထဲမှာ ဖူဟန်က ပြိုင်ဘက်ကင်းပဲ။ ဖုတ်ကောင် ခုနစ်ကောင် ရှစ်ကောင်လောက်နဲ့တော့ သူ့ကို တားထားနိုင်ပါ့မလား။ သူ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"
လင်းချန်ကမူ ခေါင်းခါလိုက်၏။ "သူ မပြေးနိုင်ပါဘူး။ မင်းတို့ သစ်ပင်ခြောက်တောအုပ်ကို မေ့သွားကြပြီလား"
ဝမ်လန်ရှင်းက ဝင်မေးလိုက်သည်။ "ညဘက်ရောက်ရင် သစ်ပင်ခြောက်တောအုပ်ထဲက မြူတွေ ပျောက်သွားပြီဆိုတော့ ထွက်ပြေးရတာ ပိုလွယ်သွားပြီ မဟုတ်ဘူးလား"
လင်းချန်သည် ရယ်မောကာ ရှင်းပြလိုက်၏။ "ငါတို့ ခုနက မြင်လိုက်ရတာကို မင်းတို့ မေ့သွားကြပြီလား။ ညဘက်ရောက်ရင် သစ်ပင်ခြောက်တောအုပ်က နေ့ဘက်ထက်တောင် ပိုအန္တရာယ်များသေးတယ်"
လင်းချန်၏ စကားကြောင့် အားလုံး သဘောပေါက်သွားကြသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၄
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
အစောက မြင်ကွင်းကို သူတို့အားလုံး သေသေချာချာ မြင်လိုက်ရ၏။ လှုပ်ရှားနေသည့် ဖုတ်ကောင်များမှာ သစ်ပင်ခြောက်များအောက်၌ ပေါ်လာသော တွင်းပေါက်များထဲမှ ထွက်လာကြသည်။
အကယ်၍ ဖုတ်ကောင်များသည် သစ်ပင်ခြောက်များအောက်တွင် နေထိုင်ကြပြီး ညဘက်မှသာ ထွက်လာကြသည်ဆိုလျှင် လက်ရှိအချိန်၌ သစ်ပင်ခြောက်တောအုပ်ကြီးထဲတွင် ဖုတ်ကောင်များဖြင့် ပြည့်နှက်နေလောက်လေပြီ။ ထို့အပြင် သစ်ပင်ခြောက်တောအုပ်ထဲ၌ အပင်ပေါင်း ထောင်သောင်းချီ ရှိနေ၏။
သစ်ပင်တစ်ပင်အောက်၌ ဖုတ်ကောင်တစ်ကောင်စီ ရှိနေမည်ဆိုလျှင် လင်းချန်တို့ ရောက်နေသော နေရာသည် ထိုဖုတ်ကောင်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရလောက်ပြီဖြစ်သည်။ ထို့အပြင် ဤနေရာမှ ထွက်ခွာလိုလျှင် သစ်ပင်ခြောက်တောအုပ်အား မဖြစ်မနေ ဖြတ်သန်းရဦးမည်။
ထိုအချက်များကို ထည့်တွက်လိုက်လျှင် ဖူဟန်အနေဖြင့် ကောင်းကင်ကို အန်တုနိုင်သော စွမ်းအားမျိုး မရှိပါက လက်ရှိအခြေအနေမှ လွတ်မြောက်နိုင်စရာလမ်း လုံးဝမရှိချေ။
လင်းချန်နှင့် အဖွဲ့သားများသည် ဖုတ်ကောင်များ၏ စွမ်းရည်ကို သေချာမသိရသေးသော်ငြား သူတို့ အသေအချာ သိထားသည့် တစ်ခုတည်းသော အချက်မှာ ထိုဖုတ်ကောင်များသည် အလွန်တရာ အစွမ်းထက်ကြသည် ဆိုသည်ကိုပင်။
မဟုတ်လျှင် ဂိုဏ်းပေါင်းစုံမှ စေလွှတ်လိုက်သော တပည့်များထဲမှ နှစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်ထွက်ပြေးနိုင်စရာ အကြောင်းမရှိပေ။ ထိုအချိန်၌ အောက်ဘက်ရှိ ဖူဟန်သည် ဖုတ်ကောင်များနှင့် စတင်တိုက်ခိုက်နေလေပြီ။
လင်းချန်ပေးလိုက်သည့် ဆေးလုံးကြောင့် ဖူဟန်၏ ဒဏ်ရာများ အပြည့်အဝ သက်သာပျောက်ကင်းသွားပြီး စိတ်ဝိညာဉ်စွမ်းအင်များလည်း ပြန်ပြည့်ပြီ ဖြစ်၏။
ထို့အပြင် ဆေးလုံး၏ များပြားလှသည့် စွမ်းအင်များကို ခန္ဓာကိုယ်က အကုန်ချေဖျက်နိုင်စွမ်း မရှိသဖြင့် ရင်ဘတ်ထဲ၌ မီးဖိုတစ်ခုကဲ့သို့ လောင်ကျွမ်းနေပြီး ထိုစွမ်းအင်များကို အပြင်သို့ ထုတ်လွှတ်ပစ်ရန် ဆန္ဒပြင်းပြနေ၏။
ထို့ကြောင့် ဆေးစွမ်းအကူအညီဖြင့် ဖူဟန်၏ လက်ရှိစွမ်းအားသည် ကန့်သတ်ချက်ကို ကျော်လွန်နေလေပြီ။
သိုင်းဝိညာဉ် သွေးရောင်ဓားရှည်ကို ကိုင်ဆောင်ထားပြီး ခန္ဓာကိုယ်ပတ်လည်၌ သွေးရောင်စိတ်ဝိညာဉ်စွမ်းအင်များကလည်း သွေးမြစ်ကြီးတစ်ခုအလား စီးဆင်းနေသည်။
သေချာကြည့်လျှင် ထိုသွေးမြစ်ကြီးအား သွေးရောင်ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းကို တွေ့ရပေလိမ့်မည်။
ဖုတ်ကောင်များ ဖူဟန်အနားသို့ ကပ်လာသည်နှင့် သွေးမြစ်ကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး ထက်ရှလှသည့် ဓားစွမ်းအင်များ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရကာ သတ္တုချင်း ရိုက်ခတ်သကဲ့သို့ အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
ဓားစွမ်းအင်များသည် အသားကို လှီးဖြတ်လိုက်ခြင်း မဟုတ်ဘဲ သံတုံးကို ခုတ်ပိုင်းလိုက်ရသကဲ့သို့ ဖြစ်နေသည်။
အစပိုင်း၌ ဖူဟန်သည် ဆေးစွမ်းကြောင့် ရရှိလာသော စွမ်းအားကို ကျေနပ်နေပြီး ကူညီခဲ့သော လင်းချန်အား အရူးဟုပင် သတ်မှတ်လိုက်မိသေးသည်။
သို့သော် ဖုတ်ကောင်များနှင့် ထိပ်တိုက်တွေ့ပြီးနောက် ဖူဟန်၏ ဘဝင်မြင့်နေမှုများ ပျောက်ဆုံးသွားပြီး ထိတ်လန့်သွားရ၏။
သူ၏ ဓားချက်များက မီးပွားများသာ ထွက်ပေါ်စေပြီး အသားများ ပြတ်တောက်မသွားသည်ကို မြင်သောအခါ ဖူဟန်က ထိတ်လန့်တကြား ရေရွတ်လိုက်ရသည်။
“ဒီအကောင်တွေက ဒီလောက်တောင် မာတာလားဟ...”
ရင်ဘတ်ထဲ၌ စုစည်းနေသည့် ဆေးစွမ်းများကို အားကိုးပြီး ဖူဟန်သည် စိတ်ဝိညာဉ်စွမ်းအင်များကို နှမြောခြင်းမရှိဘဲ အားကုန်ထုတ်သုံးကာ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ဓားဖြင့် အကြမ်းပတမ်း ခုတ်ရမ်းတိုက်ခိုက်လိုက်ပြန်သည်။
“အရပ်လေးမျက်နှာ သတ်ဖြတ်ခြင်း...” သွေးကဲ့သို့ မျက်လုံးများဖြင့် ဖူဟန် ဟိန်းဟောက်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချက်လေးချက် ထွက်ပေါ်လာပြီး ကြီးမားသည့် သွေးရောင်ဓားစွမ်းအင်ကြီးများအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များအား ပြင်းထန်စွာ ပိုင်းခုတ်လိုက်၏။
ဖူဟန်၏ အောက်ခြေရှိ ကျောက်ပြားခင်းလမ်းမသည် ပြင်းထန်သောစွမ်းအင်များကြောင့် ကွဲအက်သွားပြီး ဓားသွားရာ လမ်းကြောင်းအတိုင်း မြောင်းကြီးလေးမြောင်းပင် ထွက်ပေါ်လာတော့သည်။
“ဖျစ်... ဖျစ်... ဖျစ်... ဖျစ်...” စိမ်းဖန်ဖန် သွေးများ ပန်းထွက်လာ၏။ ဖူဟန်၏ အစွမ်းကုန် တိုက်ခိုက်မှုသည် အမှန်တကယ် အားကောင်းလှပြီး ဖုတ်ကောင်လေးကောင်၏ ခန္ဓာကိုယ်များကို ဖြတ်တောက်လိုက်နိုင်ခဲ့သည်။
ဖူဟန်၏ ပတ်လည်၌ စိမ်းဖန်ဖန် သွေးအိုင်လေးအိုင် ဖြစ်ပေါ်လာသော်ငြား ဖုတ်ကောင် လေးကောင်အနက် တစ်ကောင်သာ လဲကျသွားလေ၏။
ကျန်သုံးကောင်သည် သွေးများ တသွင်သွင် စီးကျနေသော်လည်း ပြတ်တောက်လုနီးပါး ဖြစ်နေသော ခြေလက်များနှင့် ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ဖူဟန်ဆီသို့ ဆက်လက်ပြေးဝင်လာကြဆဲပင်။
ထိုမြင်ကွင်းကြောင့် မျှော်စင်ပေါ်မှ ကြည့်နေကြသည့် လင်းချန်နှင့် အခြားသူများ၏ မျက်နှာထားများ ပြောင်းလဲသွားရသည်။
ယီစင်းက အံ့ဩတကြီး ရေရွတ်လိုက်၏။ “ဒီအကောင်တွေက သေရမှာကို မကြောက်ဘဲ အတင်းတိုးနေကြတာပဲ။ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတောင် လှုပ်ရှားနိုင်ကြသေးတယ်...”
ဖူဟန်ထံ ပြေးဝင်လာသော ဖုတ်ကောင် သုံးကောင်သည် အရပ်လေးမျက်နှာ သတ်ဖြတ်ခြင်းကြောင့် ရင်ဘတ်များ ပွင့်ထွက်သွားပြီး လက်မောင်းများလည်း ပြတ်သွားကြသေးသည်။
ထိုအထဲမှ တစ်ကောင်ဆိုလျှင် ခေါင်းတစ်ခြမ်းပင် ပြတ်ထွက်နေသော်ငြား အသံနက်ကြီးဖြင့် အော်ဟစ်ကာ ဖူဟန်ဆီသို့ ပြေးဝင်လာနေဆဲပင်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင် ဖြစ်တော့၏။
သာမန် သိုင်းဝိညာဉ်ပညာရှင်ဆိုလျှင် မသေသေးလျှင်ပင် တိုက်ခိုက်နိုင်စွမ်း မရှိတော့လောက်ချေ။
တင်းကျစ်ရုံက ကြည့်ရင်း သုံးသပ်လိုက်၏။
“ဒါတင်မကသေးဘူး။ ဒီအကောင်တွေရဲ့ ခန္ဓာကိုယ်က ငါတို့ထင်ထားတာထက် အများကြီး ပိုမာကျောတယ်။ အရပ်လေးမျက်နှာ သတ်ဖြတ်ခြင်းဆိုတာ ဓားနတ်ဘုရားဂိုဏ်းရဲ့ တတိယအဆင့် အထက်တန်းစား စိတ်ဝိညာဉ်စွမ်းရည် မဟုတ်ဘူးလား...”
ယီစင်းက ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဟုတ်တယ်...။ ဖူဟန်ရဲ့ စွမ်းအားနဲ့ဆိုရင် ကောင်းကင်နယ်ပယ် အဆင့် ၂ က သိုင်းဝိညာဉ်ပညာရှင် တစ်ယောက်ကိုတောင် သတ်နိုင်တယ်...”
ပြောရင်းနှင့် ယီစင်းက အောက်ဘက်ကို ပြန်ကြည့်ကာ ထပ်မံ သုံးသပ်လိုက်၏။
“ဖူဟန်ရဲ့ ကိုယ်ပိုင်စွမ်းအားရယ် ဆေးလုံးရဲ့ အကူအညီရယ် ပေါင်းလိုက်ရင် သူထုတ်သုံးနိုင်တဲ့ စွမ်းအားက အနည်းဆုံး နိဗ္ဗာန်နယ်ပယ်အဆင့်ကိုး ရှိတယ်။ ပြီးတော့ နိဗ္ဗာန်စက်ဝန်း ရှစ်သွယ်ကို ပြီးမြောက်ထားသေးတယ်...”
ယီစင်း၏ သုံးသပ်ချက်ကို တခြားသူများလည်း သဘောတူလိုက်ကြပြီး မျက်နှာထားများ တင်းမာသွားကြရသည်။
လင်းချန်၏ အထူးလေ့ကျင့်ပေးမှုကြောင့် လေချန်တို့အနေဖြင့် ထိုကဲ့သို့ ဖုတ်ကောင်မျိုးကို ကိုင်တွယ်ရသည်မှာ သိပ်မခက်ခဲလှသော်ငြား... ပြဿနာက အရေအတွက်က များပြားလွန်းနေခြင်းပင်။
စာကြည့်တိုက်မျှော်စင် အပေါ်ဆုံးထပ်တွင် ဘက်ပေါင်းစုံ၌ ပြတင်းပေါက်များရှိနေ၏။ သစ်ပင်ခြောက်တောအုပ်ဘက်သို့ လှည့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် တောအုပ်ထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
သူတို့ ထင်ထားသည့်အတိုင်းပင် သစ်ပင်ခြောက်တိုင်း၏ အောက်ခြေ၌ တွင်းပေါက်များ ပေါ်လာပြီး ထိုတွင်းပေါက်များထဲမှ ဖြူဆွတ်နေသည့် ဖုတ်ကောင်များ အများအပြား ထွက်ပေါ်လာကြ၏။ အရေအတွက်မှာ များလွန်းသဖြင့် လင်းချန်တို့ တစ်သိုက် ကြက်သီးများပင် ထသွားကြရသည်။
အောက်ဘက်၌မူ ဖူဟန်တစ်ယောက် တောင့်ခံမထားနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်ပေါ်၌ သွေးများအပြင် ဖုတ်ကောင်များ၏ စိမ်းဖန်ဖန် သွေးများပါ ပေကျံနေလေပြီ။
ဖူဟန်၏ ဘေးပတ်လည်၌ ပြန်မထနိုင်တော့သည့် ဖုတ်ကောင် တစ်ဒါဇင်ကျော် လဲကျနေ၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ခမ်းခြောက်လုနီးပါး ဖြစ်နေလေပြီ။
သစ်ပင်ခြောက်တောအုပ်ထဲမှ ဖုတ်ကောင်များ ရောက်မလာသေးသော်ငြား ဤအပျက်အစီးနေရာထဲ၌ သစ်ပင်ခြောက် ရာချီရှိနေသဖြင့် ဖူဟန်၏ ဘေးတွင် ဖုတ်ကောင် ဒါဇင်ပေါင်းများစွာ ဝိုင်းရံနေပြီး သူ့အား တဖြည်းဖြည်း လွှမ်းမိုးဝါးမျိုလာကြသည်။
မျှော်စင်ပေါ်မှ လင်းချန်တို့အဖွဲ့မှာ ဖူဟန်အား မမြင်ရတော့ဘဲ နာကျည်းစွာ အော်ဟစ်သံကိုသာ ကြားလိုက်ရ၏။
“လင်းချန်... မင်း အသေဆိုးနဲ့ သေရလိမ့်မယ်... မင်း အသေဆိုးနဲ့ သေရလိမ့်မယ်ကွ...”
လင်းချန်တစ်ယောက် သနားစိတ် အနည်းငယ်မျှပင် မရှိသည့် မျက်ဝန်းများဖြင့် အေးစက်စွာသာ စိုက်ကြည့်နေလိုက်၏။
ခဏကြာသောအခါ ဖုတ်ကောင်များ ဘေးသို့ ဖယ်ခွာသွားကြပြီး ဖူဟန် ရှိခဲ့သည့်နေရာ၌ သွေးကွက်များနှင့် ပြုတ်ကျကျန်ရစ်သော စိတ်ဝိညာဉ်လက်နက် အစိတ်အပိုင်းများမှလွဲ၍ ဘာမှမကျန်တော့ချေ။
ထို့နောက် ဖုတ်ကောင်များသည် ပါးစပ်များတွင် သွေးများ ပေကျံနေပြီး တစ်စုံတစ်ရာကို ပလုတ်ပလောင်း ဝါးစားနေကြရင်း စာကြည့်တိုက်မျှော်စင်ပေါ်သို့ ပြိုင်တူ မော့ကြည့်လာကြသည်။
ကျောက်ဟိုင်မင်း၏ ပျင်းရိနေသော အမူအရာများ ပျောက်ကွယ်သွားပြီး မျက်နှာထား တင်းမာသွားကာ ထိတ်လန့်တကြား ဖြစ်သွားသည်။
“ဒုက္ခပဲ... သူတို့ ငါတို့ကို မိသွားပြီ...”
လင်းချန်ကမူ လှည့်ကြည့်ပြီး ပြုံးကာ စကားဆိုလိုက်၏။
“မင်းတို့ ရှေးဟောင်းအမွေအနှစ်နယ်မြေကို လာတာက အပန်းဖြေဖို့မှ မဟုတ်တာ။ လေ့ကျင့်ဖို့ လာတာမလား။ တိုက်ရမှာပေါ့... ဒါက လက်တွေ့လေ့ကျင့်ဖို့ ရတောင့်ရခဲ အခွင့်အရေးပဲ...”
ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန် ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ ခုန်ချလိုက်၏။
လေကိုခွဲကာ ဆင်းသက်သွားပြီးနောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျရောက်လာရာ ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့ထွက်ပေါ်သွားပြီး ဝိုင်းရံလာသော ဖုတ်ကောင်များအား နောက်သို့ လွင့်စင်သွားကြရသည်။
လင်းချန် မြေပြင်ပေါ်သို့ ဆင်းသက်မိသည်နှင့် တစ်ပြိုင်နက် အဖြူရောင်အရိပ်တစ်ခုက နောက်မှ ကပ်လိုက်လာပြီး ဘေးနား၌ ဆင်းသက်လိုက်၏။
ယီစင်းက လင်းချန်အား ချိုသာစွာ ပြုံးပြလိုက်သည်။
“မိန်း အမြဲတမ်း တွေးခဲ့တာ... ချန်လေးနဲ့အတူ ယှဉ်တွဲပြီး တိုက်ခိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့...”
သူမ၏ ရှေ့၌ စိတ်ဝိညာဉ်လက်နက် အမြုတေနှင့် အစိတ်အပိုင်းများ ထွက်ပေါ်လာသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ဆက်တိုက်ဆိုသလိုပင် လေချန် ၊ တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ ဆင်းသက်လာကြပြီး လင်းချန်ဘေး၌ နေရာယူလိုက်ကြ၏။
သူတို့ပတ်လည်၌ အကောင်ရေ နှစ်ရာကျော် ဝိုင်းရံထားသည်ကို ကြည့်ပြီး လေချန်က ခါးသက်သက် ပြုံးကာ မေးလိုက်သည်။
“ခေါင်းဆောင်... ကျွန်တော်တို့ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ပါ့မလား...”
ထိုအခါ လင်းချန်က မဲ့ပြုံး ပြုံးလိုက်ပြီး ဆိုလိုက်၏။
“မင်းတို့ ကောင်းကောင်း စွမ်းဆောင်နိုင်ရင်တော့ ရတာပေါ့...။ မဟုတ်ရင်တော့ ငါကလည်း ကယ်မှာ မဟုတ်ဘူး...”
ထိုသို့ ပြောပြီးသည်နှင့် လင်းချန်၏ ခန္ဓာကိုယ်မှ ရွှေနီရောင် မိုးကြိုးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဝုန်းးး"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team