← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၅

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

လေချန်တို့က အော်ဟစ်လိုက်ကြသည်။ “သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း...”

လင်းချန်မှလွဲ၍ ယီစင်းအပါအဝင် ကျန်လူအားလုံးသည် မိမိတို့၏ စိတ်ဝိညာဉ်လက်နက်များနှင့် အမြုတေများကို ထုတ်ဖော်ကာ သိုင်းဝိညာဉ်အသွင် ပြောင်းလဲလိုက်ကြ၏။

လင်းချန် လက်ဗလာဖြင့် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ယီစင်းက အံ့ဩတကြီး မေးလိုက်သည်။ “ချန်လေး... နင်က မပြောင်းဘူးလား...”

လင်းချန်က ခေါင်းညိတ်ပြလိုက်၏။ “မပြောင်းတော့ဘူး... သိုင်းဝိညာဉ်အသွင်သာ ပြောင်းလိုက်ရင် ငါ့ကိုယ်ငါ လေ့ကျင့်ဖို့ အခွင့်အရေး မရှိတော့မှာစိုးလို့...”

တကယ်လို့ သူသာ သိုင်းဝိညာဉ်အသွင် ပြောင်းလိုက်ပါက သူ၏စွမ်းအားများ အဆမတန် တိုးတက်လာမည်ဖြစ်ရာ ထိုဖုတ်ကောင်များသည် သူ့အတွက် ပြိုင်ဘက်များ ဖြစ်လာတော့မည် မဟုတ်ချေ။

ယခု ဖုတ်ကောင်များသည် သူ့ကိုယ်သူ လေ့ကျင့်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေသဖြင့် ထိုအခွင့်အရေးကို အလဟဿ အဆုံးရှုံးခံမည် မဟုတ်ပေ။

လင်းချန်၏ စကားကို ကြားသောအခါ ယီစင်းက မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။ “ကြွားလိုက်တာ...”

ထို့နောက် သူမသည် ဓားရှည်ကို ဆုပ်ကိုင်ကာ ရှေ့ရှိ ဖုတ်ကောင်များထံ ပြေးဝင်သွားလိုက်တော့၏။

ယီစင်း ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် လင်းချန်၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။

ယီစင်း၏ လက်ထဲရှိ ဓားရှည်မှာ အလွန်ပြီးပြည့်စုံလွန်းနေသည်ကို သူ သတိထားမိလိုက်၏။

နက်ပြာရောင် ဓားကိုယ်ထည်ပေါ်တွင် ကြယ်တာရာများ စီခြယ်ထားသကဲ့သို့ တောက်ပနေပြီး ကြယ်တာရာ စိတ်ဝိညာဉ်စွမ်းအင်များ ရောင်ပြန်ဟပ်နေမှုကြောင့် ပိုမိုဆန်းကြယ်နက်နဲနေပုံရသည်။

ယီစင်း၏ လက်နက်ကို မြင်သည်နှင့် လင်းချန်တစ်ယောက် တီးတိုးရေရွတ်လိုက်မိ၏။ “ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ပဲ...”

ဘိုးဘေးအဆင့် သိုင်းဝိညာဉ်များနှင့်ပတ်သက်သော လျှို့ဝှက်ချက်များကို ဆရာဖြစ်သူ ဝေဝူရွှမ်ထံမှတစ်ဆင့် ကြားဖူးနားဝ ရှိထားသဖြင့် လင်းချန်က ပြုံးကာ ဆိုလိုက်သည်။ “ရှင်းရှင်းက... တကယ် မခေပါလား...”

ယီစင်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်များက သူမ၏ ဘိုးဘေးများမှာ တစ်ချိန်က ပြိုင်ဘက်ကင်း ပညာရှင်ကြီးများ ဖြစ်ခဲ့ဖူးကြောင်း သက်သေပြနေ၏။

ယီမိသားစုသည် အကြောင်းရင်းတစ်စုံတစ်ရာကြောင့်သာ ယခုကဲ့သို့ အဆင့်အတန်း ကျဆင်းသွားခဲ့ခြင်း ဖြစ်ပုံရသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ယီစင်းထံတွင် ဘိုးဘေးအဆင့် သိုင်းဝိညာဉ် နိုးထလာခဲ့ပြီး ဘိုးဘေးများ၏ သွေးဆက်စွမ်းအားများကို ဆက်ခံနိုင်ခဲ့ခြင်း ဖြစ်၏။

ယီစင်းသည် ဖုတ်ကောင်များထံ ပြေးဝင်သွားကာ လက်ထဲရှိဓားကို ဝှေ့ယမ်းလိုက်ရာ ဓားသွားမှ ကြယ်တာရာ အလင်းတန်းများ ဖြာထွက်သွားပြီး ဖုတ်ကောင်များကို ပိုင်းဖြတ်ပစ်လိုက်သည်။

ကြယ်တာရာ စွမ်းအင်များ ပါဝင်နေသော ဓားချက်က ဖုတ်ကောင်များကို ခုတ်ပိုင်းမိသည့်အခါ သတ္တုချင်း ရိုက်ခတ်သွားသကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာ၏။

ယီစင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်မောင်းနှစ်ဖက်ဆီသို့ ခွန်အားများ စုစည်းလိုက်ကာ ရှေ့ရှိ ဖုတ်ကောင်တစ်ကောင်၏ လက်မောင်းကို ခုတ်ဖြတ်ချလိုက်သည်။ “ရွှပ်...”

ထို့နောက် ယီစင်းက ကိုယ်ကို လှည့်ကာ နောက်ထပ် ဖုတ်ကောင်တစ်ကောင်ကို ထပ်မံခုတ်ပိုင်းလိုက်ရာ ကြယ်တာရာ ဓားအလင်းတန်းများသည် ညအမှောင်ထုကို ခွင်းလျက် ထိုဖုတ်ကောင်အား ထက်ပိုင်းပြတ်ကျသွားစေ၏။

ယီစင်း၏ ကျော့ရှင်းလှပလှသော ဓားသိုင်းကွက်များကြောင့် လင်းချန်မှာ မှင်သက်သွားရပြီး ပြုံးကာ ရေရွတ်လိုက်မိသည်။ “ငါ့ဇနီးလောင်းက တကယ် လှတာပဲ...”

လင်းချန်တစ်ယောက် ယီစင်းကို ငေးမောနေစဉ် ဖုတ်ကောင်တစ်ကောင်က သူ့ရှေ့သို့ ရောက်လာပြီး ဟိန်းဟောက်လိုက်၏။ “ဝါးးး...”

လင်းချန်၏ မျက်နှာထား တည်တင်းသွားပြီး လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးချလိုက်ရာ ဖုတ်ကောင်မှာ အဝေးသို့ လွင့်စင်ထွက်သွားတော့သည်။ “ဘုန်း...”

လင်းချန်က နှာခေါင်းရှုံ့ကာ ဆဲဆိုလိုက်၏။ “ငါ့ဇနီးလောင်းကို ကြည့်နေတာ... ရှေ့က ကွယ်မနေနဲ့ကွ...”

ယီစင်း၏ ပတ်လည်တွင် တောက်ပသော ကြယ်အလင်းရောင်များ ဝန်းရံနေသဖြင့် အခြားဖုတ်ကောင်များမှာ သူမအနားသို့ပင် မကပ်နိုင်ကြပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် လင်းချန်တစ်ယောက် စိတ်အေးသွားကာ လေချန်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။

လေချန်ကတော့ ထားလိုက်တော့။ တင်းကျစ်ရုံနှင့် ကျန်လေးယောက်သည်လည်း နတ်ဓားဂိုဏ်း၏ ထိပ်သီးတပည့်များ ဖြစ်ကြ၏။

လင်းချန်၏ ပြင်းထန်ရက်စက်လှသော လေ့ကျင့်မှုများအပြီးတွင် သူတို့သည် နိဗ္ဗာန်နယ်ပယ်၏ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့ကြပြီး စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြသည်။

ထို့ကြောင့် လက်ရှိအခြေအနေကို ရင်ဆိုင်ရန် သူတို့အတွက် သိပ်မခက်ခဲလှချေ။

ဖူဟန်နှင့် ယှဉ်လျှင်ပင် သူတို့က ပို၍ သက်တောင့်သက်သာ ရှိနေပုံရ၏။

လင်းချန်က လူတိုင်းကို လှမ်းအော်ပြောလိုက်ပြီးနောက် သူကိုယ်တိုင်လည်း ဖုတ်ကောင်အုပ်ထဲသို့ တိုးဝင်သွားလိုက်သည်။ “ဒီကောင်တွေရဲ့ အားနည်းချက်က ဒန်တျန်ပဲ...”

လင်းချန်၏ အသံကို ကြားလိုက်ရချိန်တွင် ယီစင်းနှင့် အခြားသူများ၏ မျက်လုံးများ အရောင်လင်းလက်သွားကြ၏။

ယခင်က ထိုဖုတ်ကောင်များကို ခေါင်းဖြတ်လိုက်လျှင်ပင် အလကားသာ ဖြစ်နေခဲ့သည်။

လင်းချန် ပြောသည့်အတိုင်း ဖုတ်ကောင်များ၏ ဒန်တျန်ကို ထိုးဖောက် ဖျက်ဆီးလိုက်သောအခါ ထိုအကောင်များသည် လေလျော့သွားသော အရုပ်များကဲ့သို့ မြေပြင်ပေါ်တွင် ပျော့ခွေကျသွားကြတော့၏။

အခြေအနေကို သဘောပေါက်သွားကြသဖြင့် လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။

မသေမျိုး ဖုတ်ကောင်များ၏ အားနည်းချက်ကို သိရှိသွားပြီဖြစ်၍ ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူသွားပြီ ဖြစ်၏။

စင်စစ်အားဖြင့် လင်းချန်သည် ဖူဟန် တိုက်ခိုက်နေစဉ်ကတည်းက ဖုတ်ကောင်များ၏ အားနည်းချက်ကို ရိပ်မိခဲ့ခြင်း​ပင်။

ဖူဟန်က အရပ်လေးမျက်နှာ သတ်ဖြတ်ခြင်း သိုင်းကွက်ကို အသုံးပြုလိုက်စဉ်က ဖုတ်ကောင်လေးကောင်အနက် ဝမ်းဗိုက် ပွင့်ထွက်သွားသော တစ်ကောင်တည်းသာ ပြန်မထနိုင်တော့သည်ကို သူ သတိထားမိခဲ့၏။

ထို့ကြောင့်ပင် ဖုတ်ကောင်များ၏ အားနည်းချက်မှာ ဝမ်းဗိုက်ပိုင်းရှိ ဒန်တျန်ဖြစ်ကြောင်း လင်းချန် အသေအချာ နားလည်သွားခဲ့ခြင်း ဖြစ်သည်။

လင်းချန်က အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များကို နှိုးဆွကာ မိုးကြိုးစစ်နတ်ဘုရားတစ်ပါးအလား ဖုတ်ကောင်အုပ်ကြားထဲသို့ ပြေးဝင်သွား၏။ “ဟား...”

လင်းချန်နှင့် ရင်ဆိုင်ရသော ဖုတ်ကောင်များသည်လည်း ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ဟိန်းဟောက်ကာ ပြန်လည်တိုက်ခိုက်ကြသည်။ “ဝါးးး...”

ဖုတ်ကောင်တစ်ကောင်က ထက်ရှသော လက်သည်းချွန်များဖြင့် လင်းချန်အား ကုတ်ခြစ်ရန် ရွယ်လိုက်၏။

လင်းချန်က တွေဝေခြင်းမရှိဘဲ ထိုလက်သည်းကို လက်သီးဖြင့် ပြင်းထန်စွာ ပိတ်ထိုးလိုက်သည်။ “ဘုန်း...”

ဖုတ်ကောင်များ၏ ခန္ဓာကိုယ်သည် အလွန်မာကျောလှသဖြင့် ပြင်းထန်သော ရိုက်ခတ်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

သို့သော် ဖုတ်ကောင်၏ ဓားသွားကဲ့သို့ ထက်ရှသော လက်သည်းများ ကျိုးပဲ့ထွက်သွားပြီး သံမဏိသဖွယ် မာကျောလှသော လက်မောင်းရိုးများမှာလည်း တစ်စစီ ကြေမွသွားလေပြီ။

ထိုးပြီးသည်နှင့် လင်းချန်တစ်ယောက် လက်သီးကို အမြန်ပြန်ရုပ်ကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ဖုတ်ကောင်၏ ပခုံးကို ထပ်မံထိုးချလိုက်ပြန်သည်။ “ဂျွတ်...”

ထိုအသံကို နားထောင်ရုံဖြင့် ပခုံးရိုးတစ်ခုလုံး ကြေမွသွားမှန်း သိသာထင်ရှားလှ၏။

ချက်ချင်းဆိုသလိုပင် လင်းချန်က လျှပ်စီးကဲ့သို့ လျင်မြန်လှသော ခြေကန်ချက်နှစ်ချက်ဖြင့် ဖုတ်ကောင်၏ ခြေသလုံးရိုးများကိုပါ ရိုက်ချိုးပစ်လိုက်သည်။

ထို့နောက် လင်းချန်က အော်ဟစ်လိုက်ပြီး သူ့ရှေ့မှ ဖုတ်ကောင်၏ ပါးကို အားကုန်လွှဲရိုက်လိုက်၏။ “ဖြောင်း...”

ပြတ်သားသော ပါးရိုက်သံနှင့်အတူ ဖုတ်ကောင်၏ ခေါင်းမှာ သုံးပတ်မျှ လည်ထွက်သွားကာ မြေကြီးပေါ်သို့ ပစ်လဲကျသွားတော့သည်။

မြေပေါ်ကျသွားသော ဖုတ်ကောင်သည် ဆက်လက်လှုပ်ရှားကာ တိုက်ခိုက်ရန် ကြိုးစားနေသေးသော်လည်း ကြေမွနေသော ခန္ဓာကိုယ်ကတော့ လုံးဝ မဟန်နိုင်တော့ချေ။

လင်းချန်က လက်သီးနှင့် ခြေထောက်ကိုသာ အသုံးပြုပြီး အနီးကပ်တိုက်ခိုက်ကာ သူ၏ တိုက်ရည်ခိုက်ရည်ကို သက်သက်မဲ့ လေ့ကျင့်နေခြင်းသာ ဖြစ်၏။

အစကနေအဆုံးထိ သူသည် ဖုတ်ကောင်များ၏ အားနည်းချက်ကို မတိုက်ခိုက်ဘဲ အရိုးများကို ရိုက်ချိုးကာ မလှုပ်ရှားနိုင်အောင်သာ ဖန်တီးနေသည်။

ယီစင်းက ရံဖန်ရံခါ လှမ်းကြည့်လိုက်ရာ လင်းချန်၏ ရက်စက်သော တိုက်ခိုက်ပုံကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩသွားမိပြီး ရေရွတ်လိုက်၏။ “ချန်လေးက... နည်းနည်း ကြမ်းလွန်းမနေဘူးလား...”

ဖုတ်ကောင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ယီစင်းမှာ ဖိအားများကို ခံစားနေရသည်။

ရန်သူ့အရေအတွက် များပြားလွန်းသဖြင့် သူမအနေဖြင့် အတော်လေး ဒုက္ခရောက်နေ၏။

သူမက ဖုတ်ကောင်များ၏ အားနည်းချက်ကို တိုက်ခိုက်ရန် ကြိုးစားတိုင်း ထိုဖုတ်ကောင်များက လက်မောင်းတစ်ဖက် အပြတ်ခံကာ ကာကွယ်လိုက်ပြီး သူမအနားသို့ အတင်းတိုးကပ်လာတတ်ကြသည်။

လက်မောင်းနှစ်ဖက်လုံး ပြတ်သွားလျှင်ပင် နောက်ဆုတ်မသွားဘဲ ရှေ့ဆက်တိုးလာကာ တခြားဖုတ်ကောင်များအတွက် အခွင့်အရေး ဖန်တီးပေးနေကြသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၅ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၆

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

သို့သော် လင်းချန်ကမူ ရန်သူ၏ အားနည်းချက်များကို လိုက်လံရှာဖွေနေခြင်းမပြုဘဲ ဤတိုက်ပွဲကို ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန်သက်သက်သာ သဘောထားကာ အာရုံစိုက်နေ၏။

ထိုစဉ် ယီစင်းက တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

သူမသည်လည်း အားနည်းချက်ကို လိုက်လံတိုက်ခိုက်နေရမည်ဟူသော အစွဲကို စွန့်လွှတ်လိုက်ပြီး ရန်သူများကို အမြန်ဆုံး ရှင်းလင်းပစ်ရန်သာ အာရုံစိုက်လိုက်တော့၏။

တိုက်ပွဲက ဆက်လက်ပြင်းထန်နေသော်လည်း ယီစင်းသည် တိုက်ခိုက်မှုသဘောတရားများကို နားလည်သွားပြီဖြစ်ရာ ယခင်ကထက် များစွာ ပေါ့ပါးလွယ်ကူစွာ တိုက်ခိုက်လာနိုင်ပြီ ဖြစ်၏။

ထိုအချိန်တွင် စူးရှရှည်လျားသော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာရာ တိုက်ခိုက်နေသော ဖုတ်ကောင်များအားလုံး ရုတ်တရက် ရပ်တန့်သွားကြပြီး နောက်သို့ ဆုတ်ခွာသွားကြသည်။

ထို့နောက် ဖုတ်ကောင်များက ဘေးတစ်ဖက်တစ်ချက်စီသို့ စနစ်တကျ လမ်းဖယ်ပေးလိုက်ကြပြီး ထိုအကြားမှ လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ၏ပုံစံက အခြားဖုတ်ကောင်များနှင့် ဆင်တူသော်ငြား ထူးခြားချက်အချို့ ရှိနေသည်။

သူ၏အသားအရေသည် ဖြူရော်နေပြီး မျက်လုံးအိမ်များမှာ ဟာလာဟင်းလင်း မဲနက်နေ၏။ သို့သော် ထိုမျက်လုံးအိမ်အတွင်းမှ စိမ်းဖန်ဖန် တစ္ဆေမီးတောက်များကမူ အခြားဖုတ်ကောင်များထက် သိသိသာသာ ပိုမိုတောက်ပနေလျက် ရှိသည်။ ထို့အပြင် သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း စုတ်ပြတ်သတ်နေခြင်းမရှိဘဲ သပ်ရပ်သန့်ရှင်းနေကာ အခြားဖုတ်ကောင်များနှင့် လုံးဝကို ကွဲပြားခြားနားနေ၏။

သပ်ရပ်စွာ ဝတ်ဆင်ထားသော ထိုဖုတ်ကောင်က စတင်စကားပြောလာသောအခါ လင်းချန်က မျက်ခုံးတစ်ချက် ပင့်သွားသည်။

ထိုဖုတ်ကောင်က ရေရွတ်လိုက်၏။ “စိတ်ဝင်စားစရာပဲ... ဒီကမ္ဘာငယ်လေးထဲကို သက်ရှိလူသားတွေ ခြေမချတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲဆိုတာ ငါကိုယ်တိုင်တောင် မမှတ်မိတော့ဘူး...”

ထိုဖုတ်ကောင် ရောက်ရှိလာသည်နှင့် အခြားဖုတ်ကောင်များအားလုံး လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး သူ့အား အရိုအသေပေးသည့်အလား ငြိမ်သက်သွားကြသည်။

ထိုအချိန်မှာပင် ယီစင်းနှင့် အခြားသူများသည် လင်းချန်ဘေးနားသို့ ကပ်လာကြပြီး စကားပြောတတ်သော ထိုဖုတ်ကောင်ကို အထူးသတိထားကာ စောင့်ကြည့်နေကြ၏။

ရိုးရိုး လမ်းလျှောက်ကာ တိုက်ခိုက်တတ်သည့် ဖုတ်ကောင်များကို မြင်ရသည်ကပင် သူတို့အတွက် အတော်လေး ခေါင်းခဲစရာ ကောင်းနေပြီဖြစ်ရာ ယခုကဲ့သို့ စကားပါပြောတတ်သော ဖုတ်ကောင် ထပ်မံပေါ်ပေါက်လာမှုက သူတို့ရင်တွင်း၌ ထိတ်လန့်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေတော့သည်။

လင်းချန်ကမူ တည်ငြိမ်နေဆဲပင် ဖြစ်၏။ မျက်နှာချင်းဆိုင်မှ ဖုတ်ကောင်ကို စိတ်ဝင်တစား ပြန်လည်ကြည့်ရှုရင်း သူက မှတ်ချက်ချလိုက်သည်။ “ဇွန်ဘီးက စကားပြောတတ်တယ်ဆိုတာက ကျုပ်အတွက်လည်း တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတယ်...”

ထိုဖုတ်ကောင်က ခေါင်းခါယမ်းလိုက်ပြီး ဝမ်းနည်းဟန်ဖြင့် ရှင်းပြလာ၏။ “ဘာတုန်း ဇွန်ဘီးက... ငါတို့ကို သံမဏိဖုတ်ကောင်တွေလို့ ခေါ်တယ်။ ရန်သူတွေက ရက်စက်ယုတ်မာတဲ့ စိတ်ဝိညာဉ်ပညာရပ်ကို သုံးပြီး ငါ့တပည့်တွေကို တိုက်ခိုက်ခဲ့လို့ အခုလို အခြေအနေမျိုးကို ရောက်သွားကြရတာပဲ...”

လင်းချန်က တီးတိုး ရေရွတ်လိုက်သည်။ “သံမဏိဖုတ်ကောင်တဲ့လား...”

မိမိကိုယ်ကို ရွှေနီရောင် မိုးကြိုးစွမ်းအင်များဖြင့် လွှမ်းခြုံထားဆဲဖြစ်သော လင်းချန်တစ်ယောက် သတိကို လုံးဝ မလျှော့ချထားဘဲ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားလေ၏။ ဤထူးဆန်းသော သက်ရှိထံမှ အလွန်ထူးခြားသည့် အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သူက အထူးသတိထားနေရခြင်း ဖြစ်သည်။

သို့သော် ထိုသူ၏ စကားအရဆိုလျှင် ဤဖုတ်ကောင်များသည် ရှေးဟောင်းဂိုဏ်းကြီးကို ဖျက်ဆီးခဲ့သော ရန်သူ၏ စိတ်ဝိညာဉ်ပညာရပ်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသွားရခြင်း ဖြစ်ပုံပေါ်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ယီစင်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ “ဒါဆို ရှင်က ဘယ်သူလဲ။ ဒီဂိုဏ်းက လူအစစ်ပဲလား...”

ထိုဖုတ်ကောင်က ဝမ်းနည်းနေသော လေသံဖြင့် သူ့ကိုယ်သူ မိတ်ဆက်ရင်း ရှင်းပြလာ၏။ “ဟုတ်ပါတယ်...။ ငါကတော့ နန်ရှင်း ပါ။ တစ်ချိန်တုန်းက တန်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ရန်သူရဲ့ စိတ်ဝိညာဉ်ပညာရပ်ကြောင့် ငါတို့ရဲ့ စိတ်ဝိညာဉ်တွေဟာ သေဆုံးနေတဲ့ ခန္ဓာကိုယ်တွေထဲမှာ ပိတ်လှောင်ခံလိုက်ရပြီး အခုလို သံမဏိဖုတ်ကောင်တွေ ဖြစ်ကုန်ကြတာပဲ။ ငါကတော့ ကျင့်ကြံဆင့် မြင့်မားလို့ အသိစိတ် မပျောက်သွားပေမဲ့ ငါ့တပည့်တွေကတော့ သနားစရာကောင်းလှပါတယ်...”

တန်ယွမ်ဂိုဏ်း...

နန်ရှင်း၏ စကားကို ကြားသောအခါ လင်းချန်နှင့် အဖွဲ့သားများ တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်ကြသည်။ ဤရှေးဟောင်းဂိုဏ်း၏ နာမည်က တန်ယွမ်ဂိုဏ်း ဖြစ်နေ၏။

ထို့အပြင် ဤဖုတ်ကောင်၏ အစစ်အမှန် မူလနောက်ခံက ရှေးဟောင်းဂိုဏ်းကြီး၏ အကြီးအကဲတစ်ယောက် ဖြစ်နေသည်လော။

ရှေးဟောင်းဂိုဏ်းကြီးတစ်ခု၏ အကြီးအကဲဆိုသည်မှာ အတိတ်ကာလတုန်းကသာဆိုလျှင် လွန်စွာ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်ခဲ့ပေမည်။

ယခုတော့ သူ၏စိတ်ဝိညာဉ်သည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြား ဗျာများနေရသော ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ခံထားရပြီး သူ၏တပည့်များကမူ ထိုထက် ပိုမိုဆိုးဝါးသော ကံကြမ္မာနှင့် ကြုံတွေ့နေရရှာသည်။

ထို့ကြောင့် သူ၏လေသံထဲတွင် ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လင်းချန်က နန်ရှင်းအား မေးခွန်းထုတ်လိုက်၏။ “ဒါဆို ခင်ဗျား အခု ကျွန်တော်တို့ရှေ့ ပေါ်လာတာက အတိတ်ကြောင်းတွေကို ပြန်ပြောပြဖို့ သက်သက်တော့ မဟုတ်လောက်ဘူးမလား...”

ထိုစကားကို ကြားသောအခါ နန်ရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏ ဖြူရော်နေသော လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုရင်း တောင်းဆိုလာသည်။ “ဒါပေါ့... ငါ မင်းတို့ကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ...”

လင်းချန်က ရေရွတ်လိုက်၏။ “အကူအညီတောင်းချင်တယ်...”

နန်ရှင်း၏ တောင်းဆိုမှုက သူ့ စိတ်ဝင်စားမှုကို အပြည့်အဝ နှိုးဆွလိုက်လေသည်။

လင်းချန်က ဆက်မေးလိုက်၏။ “ခင်ဗျားက ကျွန်တော်တို့ဆီကနေ ဘယ်လို အကူအညီမျိုး လိုချင်တာလဲဆိုတာ သိပါရစေ...”

နန်ရှင်းသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် သူ၏ အတိတ်ဇာတ်လမ်းကို စတင် ပြောပြလေတော့သည်။

နန်ရှင်း၏ အဆိုအရ တန်ယွမ်ဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု၏ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ကောင်းကင်နှင့် မြေကြီးပင် ပျက်စီးလုမတတ် ပြင်းထန်လှသော စစ်ပွဲကြီး ဖြစ်ပွားခဲ့၏။

ရှေးဟောင်းခေတ်ကာလများဆီက တန်ယွမ်ဂိုဏ်းသည် ဧရာမအင်အားစုကြီးတစ်ခုဖြစ်ပြီး ဤဒေသတစ်ခုလုံးကို ခြယ်လှယ်လွှမ်းမိုးထားသော အရှင်သခင်များ ဖြစ်ခဲ့ကြသည်။ သို့သော် တန်ယွမ်ဂိုဏ်းကို လာရောက်တိုက်ခိုက်သော ထိုလျှို့ဝှက်အင်အားစုမှာလည်း သာမညတော့ မဟုတ်ခဲ့ပေ။

သူတို့၏ တိုက်ပွဲသည် အလွန်ရက်စက်ကြမ်းကြုတ်လှပြီး ထိပ်သီးပညာရှင်များ၏ စွမ်းအားများကြောင့် ကောင်းကင်နှင့် မြေကြီးပင် တုန်ခါသွားခဲ့ရကာ တန်ယွမ်ဂိုဏ်း၏ နယ်မြေအများအပြားမှာ ကွဲအက်ပြိုဆင်းသွားပြီး ဤကမ္ဘာငယ်လေးထဲသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်၏။

ရှေးဟောင်းအမွေအနှစ်နယ်မြေ တည်ရှိရာ ဤကမ္ဘာငယ်လေးသည် တစ်ချိန်က တန်ယွမ်ဂိုဏ်းမှ နိဗ္ဗာန်နယ်ပယ်အဆင့် တပည့်များ လေ့ကျင့်ရာ နယ်မြေတစ်ခုဖြစ်ခဲ့ပြီး ယခုအခါ ပြိုကျလာသော ဂိုဏ်း၏ နယ်မြေအများအပြားပါ ရောနှောပါဝင်နေသည်။ လင်းချန်တို့ လက်ရှိ ရပ်နေသော နေရာသည်လည်း ထိုအပျက်အစီးနယ်မြေများထဲမှ တစ်ခုပင် ဖြစ်၏။

သို့သော် နန်ရှင်း၏ ပြောကြားချက်အရ သူတို့ခြေအောက်ရှိ အပျက်အစီးများမှာ သာမန်အပျက်အစီးများ မဟုတ်ပေ။ ဤသည်က ပထမအလွှာသာ ဖြစ်ပြီး သူတို့ခြေအောက်ရှိ ဒုတိယအလွှာတွင် တန်ယွမ်ဂိုဏ်း၏ ရတနာသိုက်ကြီး တည်ရှိနေသည်။

နန်ရှင်းက ထိုအကြောင်းကို ပြောပြလိုက်သောအခါ လင်းချန်နှင့် အဖွဲ့သားများ၏ မျက်လုံးများ အရောင်တောက်သွားကြ၏။ တကယ်သာ ဟုတ်မှန်ခဲ့ပါက လွန်စွာ ကြီးမားသော ဆုလာဘ်ကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအချိန်ကျမှ လင်းချန်က သဘောပေါက်သွားလေသည်။ ဤဖုတ်ကောင်အုပ်ကြီးသည် မြေအောက်ရှိ ရတနာသိုက်ထဲမှ ထွက်ပေါ်လာကြခြင်း ဖြစ်ပေမည်။

ထိုအခါ လင်းချန်က ဝမ်းသာအားရ ဆိုလိုက်၏။ “သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရင်း တန်ယွမ်ဂိုဏ်းရဲ့ ရတနာသိုက်ကို ဆုကြေးအနေနဲ့ ရမယ်ဆိုရင် ကျွန်တော်တို့က ဘာလို့ မလုပ်ပေးနိုင်ရမှာလဲ...”

ထိုစဉ် နန်ရှင်းက သူတို့ခြေအောက်ရှိ ကျောက်ပြားခင်းကြမ်းပြင်ကို လက်ညှိုးညွှန်ပြရင်း တောင်းပန်သော လေသံဖြင့် အသနားခံလာသည်။ “ကျေးဇူးပြုပြီး... ငါ့ကို ကူညီပေးကြပါ...”

စကားအဆုံးတွင် လင်းချန်က တုံ့ပြန်လိုက်၏။ “ဘာလုပ်ပေးရမလဲဆိုတာကို အတိအကျ ပြောပြလို့ရမလား။ တကယ်လို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စဆိုရင် ပြဿနာမရှိပါဘူး...။ ဒါပေမဲ့ ကျွန်တော်တို့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေရင်တော့ ကျွန်တော်လည်း မတတ်နိုင်ဘူး...”

နန်ရှင်းက လင်းချန်နှင့် အဖွဲ့သားများကို ဦးညွှတ်လိုက်ပြီးနောက် လေးနက်စွာဖြင့် ရှင်းပြလာသည်။ “အောက်ဘက် ရတနာသိုက်ရှိတဲ့ နေရာမှာ အစီအရင်တစ်ခု ရှိတယ်။ အဲ့ဒီအစီအရင်က ငါတို့အပေါ် ကျရောက်နေတဲ့ စိတ်ဝိညာဉ်ပညာရပ်ကို သက်ဝင်နေစေပြီး ငါ့စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားတာပဲ။ ပြီးတော့ ငါ့ဂိုဏ်းက တပည့်တွေကိုလည်း သံမဏိဖုတ်ကောင်တွေ ဖြစ်သွားစေခဲ့တယ်။ မင်းတို့ အောက်ကိုဆင်းပြီး အဲ့ဒီအစီအရင်ကို ဖျက်ဆီးပေးနိုင်မယ်ဆိုရင် ငါတို့အပေါ် ကျရောက်နေတဲ့ ယုတ်မာတဲ့ စိတ်ဝိညာဉ်ပညာရပ်ကို ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

ယီစင်းက လှည့်ကြည့်လိုက်ပြီး လင်းချန်၏ သဘောထားကို တောင်းခံလိုက်၏။ “ချန်လေး... ရှင် ဘယ်လိုသဘောရလဲ...”

လင်းချန်က ခေါင်းညိတ်လိုက်ပြီး သဘာဝကျကျ ပြန်ဖြေလိုက်သည်။ “အင်း... အစီအရင်တစ်ခုကို ဖျက်ဆီးရုံနဲ့ ရှေးဟောင်းဂိုဏ်းရဲ့ ရတနာသိုက်ကို ရမယ်ဆိုရင် ကျုပ်တို့က ဘာလို့ ငြင်းရမှာလဲ...”

ထို့နောက် လင်းချန်က နန်ရှင်းဘက်သို့ လှည့်ကာ အချက်ပြလိုက်၏။ “အကြီးအကဲ... လမ်းပြပါတော့။ ခင်ဗျားကို ဒီဆင်းရဲဒုက္ခပင်လယ်ကနေ လွတ်မြောက်အောင် ကျွန်တော် ကူညီပေးပါ့မယ်...”

လင်းချန်၏ သဘောတူညီမှုကို ရပြီးနောက် နန်ရှင်း၏ ဖြူရော်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဟာလာဟင်းလင်း မျက်လုံးအိမ်များထဲမှ စိမ်းဖန်ဖန် တစ္ဆေမီးတောက်များသည် မရပ်မနား တဖျပ်ဖျပ် တောက်ပသွားသည်။

ထို့နောက် နန်ရှင်းသည် လှည့်ထွက်သွားပြီး သစ်ပင်ခြောက်များရှိရာ တောအုပ်ဘက်သို့ ထွက်သွားလေ၏။ သူ့အား ဝိုင်းရံထားသော ဖုတ်ကောင်များသည်လည်း လမ်းဖယ်ပေးလိုက်ကြပြီး လင်းချန်နှင့် အဖွဲ့သားများကိုပါ နောက်မှ လိုက်ပါခွင့် ပြုလိုက်ကြသည်။

လင်းချန်နှင့် အဖွဲ့သားများ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်နေသော အမူအရာများကို ကြည့်ပြီး နန်ရှင်း၏ မျက်လုံးထဲမှ စိမ်းဖန်ဖန် တစ္ဆေမီးတောက်များသည် ကခုန်နေသကဲ့သို့ လှုပ်ရှားသွား၏။

နန်ရှင်းက တီးတိုး လှောင်ပြောင်ရေရွတ်လိုက်သည်။ “လောဘကြီးတဲ့ ကောင်တွေ... တကယ့် ငတုံးတွေပဲ...”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၄ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters