အိမ်တော်တွင်းက အုပ်စုနှစ်စုရဲ့ တိုက်ပွဲ
Vol. 12 Ch. 111
သခင်မဝမ် သည် တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ်အဖြစ် အရှုံးနှင့် ရင်ဆိုင်ရကြောင်းကို သူမ သိသွားခဲ့တော့၏။
"အကြောင်းအရင်းမရှိဘဲ အရှေ့ဆောင်ကို ဘာလို့ ပြဿနာလာရှာမိပါလိမ့်… ဒါ ငါးမစားဘဲ အရိုးစူးတာ မဟုတ်ဘူးလား…"
သခင်မသုန် ကမူ သူမနှင့် အချိန်ကုန်ခံကာ စကားများမနေလိုတော့ချေ။ ထို့ကြောင့် သူမက ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
"ခေါ်သွားစမ်း"
"ဟုတ်ကဲ့ပါ"
သုန်မားမား ၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူမ ခေါ်ဆောင်လာသော လူများသည် ရှူယွင် အား သွားရောက်ချုပ်နှောင်ထားလိုက်ကြလေသည်။ အရှေ့ဆောင် မှ အစေခံများမှာ သုန်မိသားစုအိမ်တော် ဘက်မှ ပါလာသူများ မဟုတ်လျှင်တောင် ဤနှစ်များအတွင်း သခင်မသုန် ကိုယ်တိုင် သေချာစွာ သင်ကြားရွေးချယ်ထားသူများသာ ဖြစ်ကြပေသည်။ သူတို့ တစ်ဦးချင်းစီတိုင်းသည် သစ္စာရှိကြပေ၏။
ထို့ကြောင့် သူတို့အားလုံးသည် တစ်ဟုန်ထိုး ပြေးထွက်သွားကြလေသည်။ ချက်ချင်းဆိုသလိုပင် ယွိရှင်းဆောင် တစ်ခုလုံးသည် ဈေးတန်းတစ်ခုပမာ ဆူညံသွားခဲ့လေတော့သည်။
အနောက်ဆောင် မှ လူများသည်လည်း ရှူယွင် အဖမ်းခံရမည်ကို အလိုမရှိကြချေ။ အကယ်၍ သူမ အဖမ်းခံရပါက အရှက်ကွဲမည့်သူမှာ သူမတစ်ဦးတည်းသာ မဟုတ်ပေ။
နှစ်ဖက်အုပ်စုမှာ အကြိတ်အနယ် သတ်ပုတ်ကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားကုန်ကြလေသည်။ ပြဿနာ၏ တရားခံဖြစ်သော သခင်မဝမ် သည်ကား ဤမြင်ကွင်းကိုကြည့်ကာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားခဲ့လေသည်။ ထို့နောက် သူမက ဘေးနားရှိ ဝမ်မားမား အား ဆွဲကိုင်၍ အော်ဟစ်လိုက်လေသည်။
"ပုန်ကန်နေကြပြီ... ပုန်ကန်နေကြပြီ... အရှေ့ဆောင်က ကောင်မတွေ အကုန်လုံးကို ဖမ်းထားစမ်း... ပြီးရင် ရိုက်သတ်သင့်တဲ့ကောင်မကို ရိုက်သတ်... ရောင်းစားသင့်တဲ့ကောင်မကို ရောင်းစား... တစ်ယောက်မှ အရှင်မထားနဲ့..."
"ဟုတ်ကဲ့..."
သခင်မဝမ် ခေါ်ဆောင်လာသူများမှာ နည်းပါးသော်လည်း သူတို့သည် အနောက်ဆောင် ၌ ဗိုလ်ကျနေသူများသာ ဖြစ်ကြလေသည်။ ထို့ကြောင့် သူတို့က မည်သို့လျှင် အလျှော့ပေးပါမည်နည်း။
ထိုသို့ဖြင့် နှစ်ဖက်အုပ်စုတို့သည် အသေအလဲ ရိုက်နှက်ထိုးကြိတ်ကြတော့လေသည်။ ခမ်းနားလှသော အမတ်ချုပ်အိမ်တော်ရှိ ယွိရှင်းအဆောင်မှာ ယခုတွင် အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
သခင်မသုန် သည် သားဖြစ်သူ ထိခိုက်မှုမရှိစေရန် ကာကွယ်ပေးရင်းဖြင့် အချက်ပေါင်းများစွာ အရိုက်ခံလိုက်ရလေသည်။ သူမ၏ နဖူးမှ သွေးများပင် ထွက်လာသော်လည်း သူမ၏ မျက်ဝန်းများထဲတွင် အလျှော့ပေးမည့် အရိပ်အယောင် လုံးဝမရှိချေ။
လင်မုကျစ် သည်လည်း မိခင်ဖြစ်သူ စော်ကားခံရသည်ကို မကြည့်ရက်နိုင်သဖြင့် ဝင်ရောက်ကာကွယ်ပေးရင်း သစ်သားပြားဖြင့် အပြင်းအထန် အရိုက်ခံနေရလေသည်။
မည်သူက တွန်းလိုက်မှန်း မသိရဘဲ သခင်မသုန် တစ်ယောက် မြေကြီးပေါ်သို့ ပုံကျသွားခဲ့လေသည်။ သခင်မဝမ် သည် အခွင့်ကောင်းဖြစ်ကြောင်း မြင်တွေ့သွားပြီးနောက် ဝမ်မားမား အား ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
"နွားမကြီး၊ သွား... အဲဒီကောင်မကို ရိုက်သတ်လိုက်..."
"တကယ်လို့များ သူမကို ဒီတံခါးဝကနေ ထွက်သွားခွင့်ပေးပြီး အထက်ကို တိုင်စာသွားတင်လိုက်ရင် တကယ့် ဒုက္ခရောက်မှာက ကိုယ်တွေလေ။"
ဝမ်မားမား သည် မျက်လုံးများ နီရဲလာပြီး သူမ၏ လက်ထဲမှ သစ်သားပြားကြီးဖြင့် သခင်မသုန် ၏ ဦးခေါင်းကို ရိုက်ချလိုက်လေသည်။ သို့သော် လင်မုကျစ် က မြင်တွေ့သွားပြီး မိခင်ဖြစ်သူအား အပေါ်မှနေ၍ ဝင်အုပ်လိုက်သောကြောင့် ၎င်းအချက်ကို သူကသာ ခံလိုက်ရလေတော့သည်။
"အမေ... သတိထား..."
သူ၏ ဦးခေါင်းမှ သွေးများ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အောက်သို့ ပုံကျသွားခဲ့လေသည်။ သခင်မသုန် တစ်ယောက် ရူးမတတ် ဖြစ်သွားခဲ့ရလေသည်။
"တတိယသခင်လေး..."
သူမက သားဖြစ်သူကို ပြေးဖက်လိုက်ပြီး အော်ဟစ်ငိုယိုတော့သည်။
လင်မုကျစ် အရိုက်ခံလိုက်ရသည်မှာ နောက်စေ့ကိုပင် ဖြစ်လေသည်။ ထို့ကြောင့် သူသည် တစ်ချက်တည်းဖြင့် သတိလစ်သွားခဲ့သည်။ လင်မုကျစ်သည် မူလက မိခင်ဖြစ်သူအား စိတ်မပူစေရန် စကားအနည်းငယ်မျှ ပြောလိုသော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့သွားပြီး သတိလစ်သွားခဲ့လေသည်။
ဝမ်မားမား ကမူ သတ်ဖြတ်လိုစိတ်များ ဝင်ရောက်နေလေပြီ။ တစ်ယောက်ကို ရိုက်လှဲပြီးဖြစ်ရာ နောက်တစ်ယောက်ကို ထပ်မံရိုက်နှက်ရန် သူမက ဝန်လေးမနေတော့ချေ။ သူမသည် သစ်သားပြားကြီးကို ကိုင်ဆောင်၍ သခင်မသုန် ထံသို့ ထပ်မံ ပြေးဝင်သွားပြန်လေသည်။
သစ်သားပြားကြီးသည် သခင်မ၏ ဦးခေါင်းပေါ်သို့ ကျရောက်လာတော့မည့် အချိန်တွင် သုန်မားမား က အလန့်တကြားဖြင့် အော်ဟစ်လိုက်လေသည်။
"သခင်မ... သတိထား..."
သူမက ပြေးသွားရန် ဟန်ပြင်လိုက်သော်လည်း အနောက်ဆောင် မှ အစေခံများက သူမတို့အား ဝိုင်းဝန်းပိတ်ဆို့ထားသောကြောင့် သူမက သွားရောက်ကူညီ၍ မရနိုင်ဖြစ်နေလေသည်။
သခင်မသုန် သည် သားဖြစ်သူ၏ ခန္ဓာကိုယ်လေးအား ဖက်ထားရင်း သူမ၏ မျက်ဝန်းများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်သွားခဲ့လေသည်။ ယခုအချိန်တွင် သူမက မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ချေ။
သူမ၏ သားအကြီးဆုံးမှာ စစ်ထဲဝင်ရန် ဖိအားပေးခံခဲ့ရပြီး တစ်ဦးတည်းသော သမီးလေးသည်လည်း နန်းတော်ထဲတွင် ဒုက္ခများစွာ ခံစားနေရလေသည်။ ယခု အနားတွင် ကျန်ရစ်သော ဤသားအငယ်ဆုံးလေးကိုပင် ဤမျှလောက်ထိ ညှဉ်းပန်းနှိပ်စက်နေကြသေးသည်။ သူမ၏ ကလေးများ တစ်ယောက်ပြီးတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံနေရသည်ကို မြင်တွေ့နေရရာ မိခင်တစ်ယောက်အနေဖြင့် သူမ မည်သို့မျှ ဆက်လက် သည်းမခံနိုင်တော့ချေ။
ထို့ကြောင့် သူမသည် မည်သည့်နေရာမှ အားအင်များ ရရှိလာမှန်း မသိရဘဲ လူအုပ်ကြားထဲမှ ရုန်းထွက်လာခဲ့လေသည်။ သူမက အပြစ်ပေးရာတွင် အသုံးပြုသော သစ်သားပြားကို လုယူပြီးနောက် သခင်မဝမ် ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့လေသည်။
သခင်မဝမ် ဆိုသည်မှာ အပြင်ပန်းသာ ဟန်လုပ်နေတတ်ပြီး တကယ်တမ်းတွင် သတ္တိကြောင်သူသာ ဖြစ်လေသည်။ စကားနိုင်လုခြင်းနှင့် အာဏာပြခြင်းကိုသာ သူမက တတ်ကျွမ်းလေသည်။ လက်တွေ့တွင် အသေအလဲ ရင်ဆိုင်ရတော့မည့်အခါတွင်မူ သူမသည် သေးထွက်မတတ် ကြောက်ရွံ့သွားခဲ့လေတော့သည်။
"ကယ်ကြပါဦး... လူသတ်နေပြီ... အရှေ့ဆောင်က လူသတ်နေပြီဟေ့..."
မိမိက အရင်အပြစ်လုပ်ထားပြီး သူတစ်ပါးကို အရင်အပြစ်တင်သည် ဆိုသည်မှာ ယနေ့တွင်မှ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်လေတော့သည်။
ဝမ်မားမား သည် မိမိ၏ သခင်မဖြစ်သူအား သွားရောက်ကူညီရန် ဟန်ပြင်လိုက်သော်လည်း သုန်မားမား က သူမ၏ ဆံပင်ကို လှမ်း၍ ဆွဲကိုင်လိုက်လေသည်။ သုန်မားမား က အနောက်သို့ ဆောင့်ဆွဲလိုက်သည်ဖြစ်ရာ သူမသည် ပက်လက်လန်ကျသွားခဲ့ရလေသည်။ ထို့အပြင် သုန်မားမား သည် သူမအပေါ်သို့ ခွထိုင်လိုက်ပြီး သူမ၏ ဦးခေါင်းကို မြေကြီးနှင့် ဆောင့်ချလေတော့သည်။ သူမက ဆောင့်ချနေရင်းနှင့်ပင် တတွတ်တွတ် ကျိန်ဆဲနေလေသည်။
"နင်သေလိုက်တော့ ကောင်မ..."
သိပ်မကြာခင်မှာပင် ဝမ်မားမား တစ်ယောက် ငြိမ်သက်သွားခဲ့လေသည်။ သူမ၏ ဦးခေါင်းအောက်တွင် သွေးများ အိုင်ထွန်းနေပြီး အသက်ရှူသံပင် သိပ်မကြားရတော့ချေ။
သုန်မားမား ၏ မျက်နှာနှင့် လက်များတွင်မူ သွေးများ ပေကျံနေပြီး ညဉ့်နက်ယံမှ လူသတ်သမားတစ်ဦးပမာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။
"အရှေ့ဆောင်က လူတွေ အကုန်နားထောင်... ဒီနေ့ သူတို့ တစ်ယောက်မှ အရှင်ပြန်မထွက်သွားစေနဲ့..."
"ဟုတ်ကဲ့..."
ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ စကားအနည်းငယ် ပြောရုံဖြင့် ပြီးပြတ်မည့်ကိစ္စ မဟုတ်တော့ချေ။ အရှေ့ဆောင် မှ လူများသည်လည်း မျက်လုံးများ နီရဲနေကြလေပြီ။ သူတို့သည် သေရမည့်အတူတူ အဖော်ခေါ်သွားမည်ဟူသော စိတ်များ ဝင်ရောက်နေကြသည်။
အနောက်ဆောင် မှ လူများသည်လည်း သခင်အား ကာကွယ်ရန်အတွက် အားနည်းနေသော်ငြားလည်း အသက်စွန့်၍ တိုက်ခိုက်ကြလေသည်။ တိုက်ပွဲသည် စောစောကထက်ပင် ပိုမို၍ ကြမ်းတမ်းလာသည်ကို မြင်တွေ့ရလေသည်။
သခင်မသုန် ကမူ သခင်မဝမ် အား သစ်သားပြားဖြင့် လိုက်လံရိုက်နှက်နေပုံမှာ တကယ့်ကို ကြောက်မက်ဖွယ် ဖြစ်လေသည်။ သူမသည် သခင်မဝမ် အား ငရဲပြည်သို့ တိုက်ရိုက် ပို့လွှတ်ချင်နေသည့် ပုံစံမျိုးပင် ဖြစ်လေသည်။
သခင်မဝမ် တစ်ယောက် မျက်နှာများ ဖြူရော်သွားပြီး "ကယ်ပါဦး" ဟု အော်ဟစ်နေသော်လည်း အရှုပ်အထွေးများကြားတွင် သူမ၏ အသံများမှာ ပျောက်ကွယ်ကုန်လေသည်။ သူမသည် သစ်သားပြားဖြင့် အချက်ပေါင်းများစွာ အရိုက်ခံလိုက်ရပြီး နာကျင်လွန်းသဖြင့် လူးလိမ့်နေရသော်လည်း ထွက်ပြေးဖို့ရာ ထပင် မထနိုင်တော့ချေ။ သူမသည် သေမသွားစေရန်နှင့် ရူးမသွားစေရန် ဦးခေါင်းနှင့် လည်ပင်းကိုသာ ကာကွယ်ထားနိုင်တော့လေသည်။
အိမ်တော်တွင်းမှ အုပ်စုနှစ်စု၏ တိုက်ပွဲသည် ကြီးမားလွန်းလှသဖြင့် နယ်မှ ယခုလေးတင် ပြန်လည်ရောက်ရှိလာသော လင်အမတ်ချုပ်ကြီး ကိုပင် တုန်လှုပ်သွားစေခဲ့သည်။ သူသည် အိမ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်မှာ လက်ဖက်ရည်တစ်ခွက် သောက်ချိန်မျှပင် မရှိသေး၊ ရုံဟယ့်ဆောင် သို့ပင် မရောက်ရှိသေးချေ။ သို့သော် ယွိရှင်းဆောင် ဘက်မှ ဖြတ်ပြေးလာသည့် လန့်ဖျပ်နေသော အစေခံမလေးနှင့် ဝင်တိုက်မိလေတော့သည်။
"မျက်လုံးမပါဘူးလား... အမတ်ချုပ်ကြီးကိုတောင် ဝင်တိုက်ရဲတယ်... သေချင်နေတာလား..."
ထိုသို့ ဆဲဆိုလိုက်သူမှာ အိမ်တော်ထိန်းလင် ပင် ဖြစ်လေသည်။ သူသည် ခရီးပန်းလာသော အမတ်ချုပ်ကြီးကို ကြိုဆိုရန် ယခုလေးတင်မှ သွားရောက်ကြိုဆိုလာခဲ့ခြင်း ဖြစ်ပြီး အိမ်ထဲဝင်ဝင်ချင်း ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ကြောက်လန့်တကြား ဖြစ်နေသော အစေခံမလေးသည် မြေကြီးပေါ်တွင် ဒူးထောက်၍ သွေးရူးသွေးတန်း ကန်တော့လေတော့သည်။
"အမတ်ချုပ်ကြီး... အသက်ချမ်းသာပေးပါ..."
"ဘာဖြစ်လို့ ဒီလောက်တောင် လန့်နေရတာလဲ..."
သူမ၏ အရှေ့တွင် ရပ်နေသော လင်အမတ်ချုပ်ကြီး သည် ယခုအခါ အသက် ၆၂ နှစ် အရွယ် ရှိနေပြီ ဖြစ်သည်။ သူ၏ ကျန်းမာရေးမှာ ကောင်းမွန်နေဆဲဖြစ်သော်လည်း ညီလာခံတွင် အခြားသူများနှင့် အားပြိုင်နေရသည့်အပြင် နယ်သို့လည်း လအတော်ကြာ သွားရောက်ခဲ့ရသဖြင့် သူသည် ခရီးပန်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ပိန်ချုံးသွားခဲ့ပြီး မျက်နှာသွေးမွေးလည်း မကောင်းလှချေ။ ယခုကဲ့သို့ ဝင်တိုက်ခံရပြီးနောက် သူ၏ မျက်နှာကြီးသည် ပိုမို၍ မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော် သူသည် နှစ်ပေါင်းများစွာ အကျင့်ပါနေသော အရင်ဆုံးနားထောင်တတ်သည့် သဘောထားကြောင့်သာ ယခုကဲ့သို့ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
အစေခံမလေးသည် အောက်နှုတ်ခမ်းကို ကိုက်ထားရင်း အခြေအနေကို အမှန်အတိုင်း ပြောရမည်လား၊ မပြောရမည်လား ဆိုသည်ကို တွေးတောနေလေသည်။ အရှေ့နှင့် အနောက်ဆောင် တို့ ဤမျှလောက်ထိ ရန်ပွဲဖြစ်ပွားခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ အကယ်၍ သူမက ပြောပြလိုက်ပါက အိမ်တော်တွင်း ရေးရာများကို စီမံခန့်ခွဲသော မင်းသမီးရုံခန့် ၏ အမှားဟု အမတ်ချုပ်ကြီးက ထင်မြင်သွားမည်လား။ အကယ်၍ မင်းသမီးရုံခန့် မကျေနပ်ပါက သူမ၏ အသက်ပါ သေဆုံးသွားနိုင်ပေသည်။
"ကျွန်တော်မျိုးမ... ကျွန်တော်မျိုးမ..."
"ဗလုံးဗထွေးနဲ့ ဘာတွေ ပြောနေတာလဲ... အချိုးကို မပြေဘူး..."
လင်အမတ်ချုပ်ကြီး က တစ်ချက်ကြည့်လိုက်ရုံဖြင့် ပြဿနာရှိနေမှန်း သိရှိလိုက်လေသည်။ သူ၏ အော်ဟစ်သံကြောင့် အစေခံမလေးသည် ထပ်မံ၍ မထိမ်ချန်ရဲတော့ချေ။
"ယွိရှင်းဆောင် မှာလေ... ယွိရှင်းဆောင် မှာ... ပထမသခင်မ နဲ့ ဒုတိယသခင်မ တိုက်ခိုက်နေကြတယ်... လူတောင် သေတယ် ကြားတယ်..."
"ဘာ..."