ဒေါသထွက်ပြီး လူသတ်ခြင်း
Vol. 12 Ch. 113
ထို့ကြောင့် ပြင်ပလူများ၏ အမြင်တွင် သူမက ဩဇာတိက္ကမ ကြီးမားသည်ဟု ထင်ရသော်ငြားလည်း လင်အမတ်ချုပ်ကြီး ၏ ရှေ့တွင်မူ သူမသည် အမြဲတမ်း နူးညံ့သိမ်မွေ့သော ဇနီးကောင်းတစ်ဦးသာ ဖြစ်လေသည်။
"ဒုတိယချွေးမ က တော်တော် သတ္တိရှိနေပါလား... စုတ်တံ တစ်ချောင်းလေးအတွက်နဲ့ ဒီလောက် ပြဿနာ ကြီးသွားအောင် လုပ်ရသလား..."
သူသည် ဒုတိယချွေးမ၏ လုပ်ရပ်ကို လုံးဝ မကျေနပ်သော်ငြားလည်း မင်းသမီးရုံခန့် ကမူ ဟန်ဆောင်၍ ကာကွယ်ပေးနေရသေးသည်။ ထို့ကြောင့် သူမက ပြုံးပြုံးလေးဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။
"အမတ်ချုပ်ကြီး စိတ်မဆိုးပါနဲ့... အထဲမှာ စကားနည်းနည်း မှားသွားလို့ ပြဿနာ သေးသေးလေး ဖြစ်သွားတာ နေမှာပါ... ကျွန်မ သွားကြည့်လိုက်ပါ့မယ်... အမတ်ချုပ်ကြီးလည်း ခရီးပန်းလာတာဆိုတော့ အနားယူလိုက်ပါဦး..."
ဤအချိန်တွင် သူအား ဝင်ပါခွင့် ပေးလိုက်ပါက ဒုတိယဆောင်က နစ်နာသွားမည် မဟုတ်လား။ ထို့ကြောင့် မင်းသမီးရုံခန့် ၏ စကားများသည် ဒုတိယဆောင်ဘက်သို့ ဘက်လိုက်နေကြောင်း သိသာလှပေသည်။
လင်အမတ်ချုပ်ကြီး သည် မင်းသမီးရုံခန့် အား တစ်ချက် ကြည့်လိုက်သည်နှင့် အကုန်လုံးကို နားလည်လေသည်။ ညီလာခံတွင် ဓားလှံများဖြင့် အားပြိုင်နေရသည်ကိုပင် သူက အကုန် သိရှိနားလည်နိုင်ရာ အနောက်ဆောင်မှ အမျိုးသမီးများ၏ ဤမျှလောက်သော လှည့်ကွက်လေးကို သူက အဘယ်ကြောင့် မသိရှိဘဲ နေမည်နည်း။ အရှေ့ဆောင်က ဤနှစ်များအတွင်း ခံစားခဲ့ရသည်များကိုလည်း သူက လုံးဝ မသိရှိသည် မဟုတ်ချေ။ ရုန်းထွက်ရန် မကြိုးစားကြသည်ကို ဒေါသထွက်မိသောကြောင့် သူက မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေကာမူ သူ့အတွက် ဒုတိယဆောင်က သွေးဆက် ရှိနေသေးသည် မဟုတ်လား။
သို့သော် ယနေ့တွင်မူ သူ သေချာစွာ မြင်တွေ့လိုက်ရလေပြီ။ အရှေ့ဆောင်မှ လူများသည်လည်း နှစ်ပေါင်းများစွာ နာကြည်းနေခဲ့ကြသောကြောင့် ယခုကဲ့သို့ ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်းကို သူက သိရှိလိုက်လေသည်။ ဤသည်မှာလည်း ရုံဟယ့်ဆောင် နှင့် အနောက်ဆောင် တို့၏ ရှေ့မှောက်တွင် သူတို့ အမြဲတမ်း နှိမ်ခံနေရသောကြောင့်ပင် ဖြစ်လေသည်။
သူက မင်းသမီးရုံခန့် အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မည်သည့်စကားကိုမျှ ထပ်မံမပြောတော့ဘဲ အိပ်ဆောင်ဆီသို့ တန်းတန်းမတ်မတ် ထွက်သွားခဲ့လေသည်။ မင်းသမီးရုံခန့် တစ်ယောက် ယခုကဲ့သို့ အေးစက်စက် ဆက်ဆံခံရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်လေရာ သူမ စိုးရိမ်သွားရလေသည်။ သူမက လင်အမတ်ချုပ်ကြီး ၏ နောက်မှ လိုက်ပါလာသော အိမ်တော်ထိန်းလင် အား တိုးတိုးလေး မေးမြန်းလိုက်လေသည်။
"ဘာဖြစ်တာလဲ..."
အိမ်တော်ထိန်းလင် က မထိမ်ချန်ရဲတော့ဘဲ ယခုလေးတင် ဖြစ်ပွားခဲ့သော ကိစ္စများကို အကုန်အစင် ပြောပြလိုက်လေသည်။ လင်မုကျစ် သတိလစ်နေကြောင်းကို ကြားသိရသောအခါ မင်းသမီးရုံခန့် ၏ ဒေါသများမှာ ထောင်းခနဲ ထွက်လာခဲ့တော့သည်။
"ငတုံး... တကယ့် ငတုံးမ..."
သူမ ဆဲဆိုလိုက်သည်မှာ သခင်မဝမ် ကိုပင် ဖြစ်လေသည်။ သူတို့အား ဘယ်နေရာမှ အသုံးမကျသူများ ဖြစ်လာအောင် တဖြည်းဖြည်းချင်း လုပ်ယူ၍ ရပါလျက်နှင့် အဘယ်ကြောင့် ဤသို့သော အောက်တန်းကျသည့် နည်းလမ်းကို အသုံးပြုရပါသနည်း။ ယခုကဲ့သို့ ဖြစ်သွားပါက အရှေ့ဆောင် သည် သနားစရာ ဖြစ်သွားရုံသာမက ဤကိစ္စမှတစ်ဆင့် အကျိုးအမြတ်များပင် ရရှိသွားနိုင်လေသည်။ တကယ့်ကို အသုံးမကျသောသူပင် ဖြစ်လေသည်။
သို့သော် သူမ၏ မျက်နှာပေါ်တွင်မူ စိတ်ပူပန်နေသည့် ပုံစံလေး ဟန်ဆောင်လိုက်ရသေးသည်။
"ဒါနဲ့ တတိယသခင်လေး ကရော အခု ဘယ်လိုနေသေးလဲ... တော်ဝင်သမားတော် ရောက်လာပြီလား..."
"အမတ်ချုပ်ကြီး က သွားပင့်ခိုင်းထားပါတယ်... အခုထိတော့ မရောက်လာသေးပါဘူး..."
ဤစကားကို ကြားရသောအခါ မင်းသမီးရုံခန့် သည် သမားတော် လမ်းတွင် ပိတ်မိနေပါစေရန် ဆုတောင်းနေမိသည်။
မည်သို့ပင်ဖြစ်စေကာမူ ပြဿနာမှာ ကြီးထွားနေပြီဖြစ်ရာ အဓိက သွေးသားကို ရိုက်နှက်သည်ဟူသော နာမည်ဆိုးက ရှိနေပြီးသားပင် ဖြစ်လေသည်။ အကယ်၍ သေဆုံးသွားခဲ့လျှင်ပင် လူတစ်ယောက် ရှာဖွေ၍ အပြစ်ပုံချလိုက်ရုံသာ ဖြစ်လေသည်။
"အေးပါ... အေးပါ... ပြဿနာရှာတဲ့ ဒုတိယဆောင်က အစေခံတွေရော ဘယ်လိုလုပ်လိုက်လဲ... ဖမ်းထားလိုက်ပြီလား..."
"ဖမ်းထားလိုက်ပါပြီ... ဒါပေမယ့် ဒုတိယသခင်မ အနားက ဝမ်မားမား ကတော့ သေသွားပါပြီ..."
မင်းသမီးရုံခန့် သည် မျက်မှောင်ကြုတ်ကာ အိမ်တော်ထိန်းလင် အား ကြည့်ရှုလိုက်လေသည်။
"သေသွားပြီ... ဘယ်လိုဖြစ်တာလဲ..."
"ပထမသခင်မ အနားက သုန်မားမား ကိုယ်တိုင် ဝန်ခံတာပါ... ဝမ်မားမား ကို သူကိုယ်တိုင် ရိုက်သတ်လိုက်တာတဲ့..."
"ပုန်ကန်နေကြတာပဲ... မှားတာ မှန်တာကို ငါနဲ့ အမတ်ချုပ်ကြီး က ဆုံးဖြတ်ပေးမှာပေါ့... နန်းတော်ထဲကလူတောင် ဒီလို မလုပ်ရဲဘူး... အိမ်ထဲမှာ ဒေါသထွက်လို့ လူသတ်ရဲတယ်ပေါ့လေ..."
အိမ်တော်ထိန်းလင် သည် မည်သည့်စကားကိုမျှ ဝင်မပြောရဲတော့ချေ။ သုန်မားမား ၏ ဤလုပ်ရပ်မှာ အသက်ကို အသက်နှင့် ပြန်လည်ပေးဆပ်ရမည့် ကိစ္စပင် ဖြစ်လေသည်။ အကယ်၍ တတိယသခင်လေးသာ တစ်ခုခု ဖြစ်သွားခဲ့ပါက ဝမ်မားမား သည်လည်း သေသင့်သေထိုက်သူပင် ဖြစ်ပါလိမ့်မည်။
"လူကိုရော ဖမ်းထားလိုက်ပြီလား..."
"ဟင့်အင်း... အမတ်ချုပ်ကြီး က ပထမသခင်မ ကို ပြုစုဖို့ နောက်ထပ် နှစ်ရက်လောက် အချိန်ပေးထားပါတယ်..."
မင်းသမီးရုံခန့် သည် ဤဆုံးဖြတ်ချက်ကို သဘောမကျသော်ငြားလည်း သူမက မည်သည့်စကားကိုမျှ ဝင်မပြောရဲချေ။ ထို့ကြောင့် သူမက သက်ပြင်းတစ်ချက်ချကာ အမိန့်ပေးလိုက်လေသည်။
"အမတ်ချုပ်ကြီး ဆုံးဖြတ်တာ မှန်ပါတယ်... မြန်မြန် သမားတော်ခေါ်ပြီး သခင်မ နှစ်ယောက်ကို ကုသခိုင်းလိုက်... သေသွားတဲ့ ဝမ်မားမား ကိုတော့ ခေါင်းထဲ အမြန်ထည့်လိုက်... ဝမ်မိသားစု ဘက်က ဒီကိစ္စကို အကြောင်းပြပြီး ပြဿနာ မရှာနိုင်အောင်လို့..."
"ဟုတ်ကဲ့ပါ..."
မင်းသမီးရုံခန့် သည် သခင်မဝမ် ၏ ဉာဏ်ရည်ဉာဏ်သွေးကို သဘောမကျသော်ငြားလည်း သူမ၏ နောက်ခံမိသားစုမှာမူ အတော်လေး ကောင်းမွန်လှပေသည်။ ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသော သခင်မသုန် နှင့် နှိုင်းယှဉ်ပါက တကယ့်ကို မိုးနှင့်မြေပမာ ကွာခြားလွန်းလှပေသည်။
ထို့ကြောင့် ဤကိစ္စကို အကြောင်းပြ၍ ဝမ်မိသားစု အား မြှောက်ပြောပေးလိုက်ပါက ပို၍ အဆင်ပြေသွားနိုင်မည်ဟု သူမက ထင်လေသည်။ သူမ၏ မျက်ဝန်းများထဲတွင် လှည့်ကွက်များ ပေါ်လာပြီးနောက် ပုံမှန်အတိုင်း ပြန်လည် နေထိုင်လိုက်လေသည်။ ထို့နောက် လိုက်ကာကို ဆွဲ၍ အိပ်ဆောင်ဘက်သို့ ဝင်သွားလေသည်။ လင်အမတ်ချုပ်ကြီး အား သူမ ချော့ရဦးမည် မဟုတ်လား။
အရှေ့ဆောင် တွင် သခင်မသုန် နှင့် သုန်မားမား တို့ ဒဏ်ရာရထားကြသော်ငြားလည်း အပြင်ပန်း ဒဏ်ရာများသာ ဖြစ်သဖြင့် ဆေးလူး၍ နားနေပါက သက်သာသွားမည် ဖြစ်လေသည်။ သို့သော် ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်မုကျစ် ကမူ မတူညီချေ။ သွေးများ တိတ်သွားပြီဖြစ်သော်ငြားလည်း သွေးထွက်လွန်ထားသောကြောင့် သူ၏ မျက်နှာလေးသည် ဖြူရော်နေလေသည်။
သခင်မသုန် ထံတွင် သုန်မိသားစုအိမ်တော် မှ ပို့ဆောင်ပေးထားသော ဆေးများ အများအပြား ရှိလေသည်။ အသက်ဆက်ဆေးမှုန့် တစ်ထုပ်ကို အလျင်စလို တိုက်ကျွေးလိုက်မှသာ အသက်ရှူသံလေး မှန်လာတော့သည်ကို မြင်တွေ့ရသည်။
သို့သော် တော်ဝင်သမားတော် သည် ယခုအထိ ရောက်ရှိမလာသေးချေ။ သခင်မသုန် သည် လင်အမတ်ချုပ်ကြီး ၏ အိမ်တော်အပေါ် ပိုမို၍ မုန်းတီးလာခဲ့လေသည်။
"သခင်မ... စိတ်မပူပါနဲ့... တော်ဝင်သမားတော် ရောက်လာလို့ တတိယသခင်လေး ကို မကုနိုင်ရင်တောင် သုန်အိမ်တော် ကို ပြန်ပို့မယ်... ဒုတိယသခင်ကြီး နဲ့ ဒုတိယသခင်မ တို့က တတိယသခင်လေး ကို သေချာပေါက် ကယ်နိုင်မှာပါ..."
သုန်မားမား က အားပေးနှစ်သိမ့်နေသည်မှာ သူမကိုယ်တိုင် သေဆုံးရမည်ကိုတောင် သူမက အနည်းငယ်မျှ စိတ်ထဲ မထားခဲ့ချေ။ သခင်မသုန် ကမူ သူမ၏ လက်ကိုဆွဲကာ ငိုနေသည်မှာ မျက်လုံးများပင် နီရဲ၍ နေလေသည်။
"အဲဒီ ဝမ်မားမား သေသင့်ပေမယ့် နင်ကိုယ်တိုင် မသတ်သင့်ဘူး... အမတ်ချုပ်ကြီးသာ ဒေါသထွက်လာရင်... နင့်အတွက်..."
သုန်မားမား က ဂရုမစိုက်သကဲ့သို့ ပြုံးလိုက်လေသည်။
"သခင်မ... စိတ်မပူပါနဲ့... လူသတ်ရင် အသက်ပြန်ပေးရမှာ ဓမ္မတာပဲ... အမတ်ချုပ်ကြီး က ကျွန်တော်မျိုးမ ကို သတ်မယ်ဆိုရင်တောင်... အဲဒီ ဝမ် ဆိုတဲ့ကောင်မ သေသင့်တယ်လို့ပဲ ထပ်ပြောမယ်... သူသာ အသက်ရှင်နေသေးရင် သူ့ကို နောက်တစ်ခါ ထပ်သတ်ဦးမှာပဲ..."
သူမ၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်နေသည်ဖြစ်ရာ ပြင်ပလူသာ မြင်တွေ့ပါက လန့်သွားနိုင်ပေသည်။ သို့သော် သခင်မသုန် ကမူ ဆက်လက်၍သာ ငိုရှိုက်နေနိုင်တော့သည်။
သူမ၏ ခံနိုင်ရည်များနှင့် တုံ့ပြန်မှုများ အားလုံးသည် စောစောက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကုန်အစင် သုံးစွဲလိုက်ပြီး ဖြစ်လေသည်။ ယခု ကိုယ့်အိမ်သို့ ပြန်လည်ရောက်ရှိလာသောအခါတွင်လည်း ခြေထောက်များ ယိုင်နဲ့နဲ့ဖြစ်နေလေသည်။ ယခုအချိန်အထိ စောစောက ဖြစ်ပျက်သွားခဲ့သော ကိစ္စရပ်များသည် အိပ်မက်တစ်ခုနှယ် ခံစားရသည်။
သုန်မားမား သည် ငိုကြွေးနေသော သခင်မအား ကြည့်ရှုရင်း ရင်ထဲ မကောင်းဖြစ်သွားရခဲ့လေသည်။ ထို့ကြောင့် သူမက ချက်ချင်းပင် အားပေးနှစ်သိမ့်လိုက်လေသည်။
"သခင်မ... အခုလို ဖြစ်သွားပြီဆိုမှတော့ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး... ကျွန်တော်မျိုးမ တစ်ယောက်တည်း သေရုံနဲ့ အရှေ့ဆောင်က လူတွေ လင်အိမ်တော် မှာ ခြေကုပ်ရသွားတာ တန်ပါတယ်... ဒါပေမယ့် သခင်မ က အစေခံတွေကို ကယ်ထုတ်ရမယ်... မဟုတ်ရင် သူတို့အားလုံး အပြစ်ပေးခံရရင် နောင်ဆို သခင်မတို့ မိသားစု နေရထိုင်ရ ခက်သွားလိမ့်မယ်..."
သုန်မားမား ၏ စကားကြောင့် မိမိ၏ ဝမ်းနည်းမှုထဲတွင် နစ်မွန်းနေသော သခင်မသုန် သည် သတိပြန်လည် ဝင်ရောက်လာခဲ့လေသည်။
အမှန်ပင်... ယခု သခင်ကြီးလည်း အိမ်မှာ မရှိသည်ကြောင့် သူမသည် အရှေ့ဆောင်ရဲ့ ခေါင်းဆောင်ပင်။ သူမသာ အားနည်းသွားလျှင် သစ္စာရှိသည့် အစေခံများကို မည်သို့ မျက်နှာပြရမည်နည်း။
ဒုတိယဆောင်နဲ့ မျက်နှာပျက်မှတော့ သူတို့ကိုပါ အတူတူ ရေထဲဆွဲချရမှာပေါ့။ သူတို့က မင်းသမီးရုံခန့် ရဲ့ အကာအကွယ် ရှိပေမယ့် အရှေ့ဆောင်ကတော့ မတူဘူး၊ မသေရင်တောင် အရေခွံ ဆုတ်ခံရမှာ။
အခုချိန်မှာ အကောင်းဆုံး နည်းလမ်းက မင်းသမီးရုံခန့် ကိုပါ ခြိမ်းခြောက်ရမယ်။
ထို့ကြောင့် သူမက မျက်ရည်များကို သုတ်လိုက်ပြီး သုန်မားမား အား မေးမြန်းလိုက်လေသည်။
"စာရင်းစာအုပ် ဘယ်မှာလဲ..."
"သခင်မ က ငါးသေရင် ပိုက်ကွန်ပေါက်မယ် ဆိုတဲ့အတိုင်း လုပ်မလို့လား..."
"ဟွန်း... ပိုက်ကွန်ကတော့ သေချာပေါက် ပေါက်မှာ... ဒါပေမယ့် ငါးသေမလား ရှင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့..."