← Chapters

အသေခံတိုက်ခိုက်ခြင်း

Vol. 12 Ch. 114

အသေခံတိုက်ခိုက်ခြင်း

Vol. 12 Ch. 114

"သခင်မက ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့… ဒီအစေခံက သေချာပေါက် ကူညီပေးရမှာပေါ့…"

ပြောပြီးသည်နှင့် သုန်မားမားသည် သူမ၏ အခန်းဆီသို့ လှည့်ထွက်သွားလေ၏။ အချိန်ခဏကြာသောအခါ ရတနာသေတ္တာထက်ပင် ပိုကြီးသော သစ်သားသေတ္တာတစ်လုံးကို ယူဆောင်လာခဲ့သည်။

ထိုအထဲတွင် စာရင်းစာအုပ် ရှစ်အုပ်ရှိနေပြီး အပေါ်တွင် စာများ သိပ်သည်းစွာ ရေးမှတ်ထားလေသည်။

၎င်းတို့မှာ ဤနှစ်များအတွင်း ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်တို့မှ အကြောင်းပြချက်အမျိုးမျိုးပြကာ ပထမအိမ်ထောင်စုဆီမှ လိမ်လည်လှည့်ဖြား၍သော်လည်းကောင်း၊ အတင်းအဓမ္မ လုယူ၍သော်လည်းကောင်း ယူဆောင်သွားခဲ့သည့် ပစ္စည်းစာရင်းများပင် ဖြစ်သည်။

စာရင်းစာအုပ် ရှစ်အုပ်လုံးကို ပေါင်းကြည့်လိုက်လျှင် ငွေစပေါင်း ၃.၈၆ သန်းခန့် တန်ဖိုးရှိပေသည်။

ဤမျှများပြားလှသော ငွေကြေးများဖြင့် မြောက်ပိုင်းရှိ မြို့သုံးမြို့ကို ဝယ်လိုက်လျှင်တောင် ပိုလျှံနေဦးမည်သာ။

သို့သော် ရလဒ်အနေဖြင့် ထိုငွေများအားလုံးမှာ ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်တို့၏ အိတ်ကပ်ထဲသို့သာ ရောက်ရှိသွားခဲ့လေသည်။

အမတ်ချုပ်အိမ်တော်၏ ဘုံစာရင်းထဲသို့ တစ်ခါမှ ဝင်မလာခဲ့ပေ။

အကယ်၍ ဤကိစ္စသာ အမတ်ချုပ်လင်၏ ရှေ့မှောက်တွင်ဖြစ်စေ၊ တစ်လောကလုံးရှိ လူများရှေ့တွင်ဖြစ်စေ ပေါက်ကြားသွားခဲ့မည်ဆိုလျှင်။

လင်အိမ်တော်၊ ကျန်းမင်းသားအိမ်တော်နှင့် ဝမ်မိသားစုတို့၏ ဂုဏ်သိက္ခာများ ကျဆင်းသွားမည့်အပြင် ပြစ်ဒဏ်ပါ ခံရနိုင်ချေရှိပေသည်။

သူမက အစကတည်းက အသေးစိတ် မှတ်တမ်းတင်ထားခဲ့ခြင်းမှာ တစ်နေ့နေ့တွင် ဤအရာကို အသုံးပြုပြီး တစ်မိသားစုလုံး အသက်ရှင်သန်ခွင့်ရရန်အတွက်ပင်။

ပိုက်ဆံမရှိတော့လျှင် သုန်မိသားစု၏ အရည်အချင်းဖြင့် ပြန်ရှာ၍ရနိုင်သည်။ သို့သော် လူသာသေသွားခဲ့လျှင်တော့ အရာအားလုံး အချည်းနှီးဖြစ်သွားရပေလိမ့်မည်။

သုန်မားမားကို ကြည့်နေသည့် သခင်မသုန်၏ အကြည့်များမှာ တစ်ခါမှမဖြစ်ဖူးလောက်အောင် ခိုင်မာပြတ်သားနေလေ၏။

"မားမား စိတ်ချပါ… ဒီတစ်ကြိမ်တော့ အိမ်ခွဲပြီး လူအကုန်လုံးကို ငါသေချာပေါက် ခေါ်ထုတ်သွားမှာပါ… ငါတို့ချည်းပဲ သီးသန့်နေကြမယ်… အခုလို အချည်းနှီး ဒေါသထွက်စရာတွေကို ဆက်ပြီး သည်းခံမနေနိုင်တော့ဘူး…"

သုန်မားမားမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ယခုလို အခြေအနေအထိ ရောက်နေသည့်တိုင် သခင်မက သူမကို ခေါ်သွားရန် စဉ်းစားပေးနေသေးသည်။ သူမ၏ ရင်ထဲတွင် မည်သို့လျှင် မခံစားဘဲ နေပါမည်နည်း။

သို့သော် ဝမ်မားမား၏ သေဆုံးမှုအတွက် အပြစ်ခံပေးမည့်သူ တစ်ယောက် သေချာပေါက် လိုအပ်နေကြောင်း သူမ သိထားသဖြင့် သူမ ထွက်သွား၍မရနိုင်ပေ။

သို့သော် ဤကဲ့သို့သော အရေးကြီးအချိန်တွင် သခင်မကို စိုးရိမ်ပူပန်စေမည့် စကားများကို သူမ မပြောချင်တော့ချေ။

ထို့ကြောင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"သခင်မ သဘောအတိုင်းပါပဲ…"

ထိုအကြောင်းများကို ပြောဆိုပြီးသွားချိန်တွင်တော့ အပြင်ဘက်မှ တော်ဝင်သမားတော် ရောက်ရှိလာခဲ့လေသည်။

ရောက်လာသူမှာ မျက်နှာစိမ်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သခင်မသုန်နှင့် သုန်မားမားတို့မှာ အလွန်ပင် သတိထားနေကြသည်။ သူ့ကိုသာ စူးစိုက်ကြည့်နေကြပြီး တစ်ခဏလေးပင် အာရုံမလွှဲရဲကြပေ။ လင်မုကျစ်ကို ဒုက္ခပေးသွားမည်ကို ကြောက်ရွံ့နေကြသကဲ့သို့ပင်။

အချိန်ခဏကြာပြီးနောက် သွေးခုန်နှုန်းစမ်းသပ်ခြင်း ပြီးဆုံးသွားလေ၏။ ထိုတော်ဝင်သမားတော်က သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ခေါင်းခါကာ ပြောလိုက်သည်။

"သခင်မ စိတ် အေးအေးထားပါ… တတိယသခင်လေးကတော့ မလွယ်တော့ဘူးထင်တယ်…"

ထိုစကားကို ကြားလိုက်ရသည်နှင့် သခင်မသုန်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် အားပျော့ကာ ခွေကျသွားတော့သည်။

သုန်မားမားက မျက်စိလျင်လက်လျင်ဖြင့် သူမကို လှမ်းဖမ်းထိန်းလိုက်သော်လည်း နှစ်ယောက်သား ကုတင်ရှေ့တွင် အတူတူ လဲကျသွားကြလေ၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ သခင်မသုန်သည် အားနည်းစွာဖြင့် ငိုကြွေးမနေတော့ပေ။ သူမ၏ စိတ်ကို အသာအယာ ပြန်လည်စုစည်းလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်ကာ သုန်မားမားကို မှာကြားလိုက်လေသည်။

"တတိယသခင်လေးကို မားမားပဲ ကြည့်ရှုစောင့်ရှောက်ထားပေးပါ… ငါ တော်ဝင်သမားတော်နဲ့အတူ ယောက္ခမဆီ သွားတွေ့လိုက်ဦးမယ်…"

သူမ၏ မျက်ဝန်းထဲရှိ ခိုင်မာပြတ်သားမှုများကို သုန်မားမား တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုခိုင်မာပြတ်သားမှုထဲတွင် မအောင်မြင်လျှင် အသေခံမည်ဆိုသော ဆုံးဖြတ်ချက်မျိုး ပါဝင်နေလေသည်။

ထို့ကြောင့် သုန်မားမားက လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။

"သခင်မ စိတ်ချပါ… ဒီအစေခံက တတိယသခင်လေးကို သေချာပေါက် ကောင်းကောင်း စောင့်ရှောက်ထားပါ့မယ်…"

တော်ဝင်သမားတော်မှာ ဒါက ဘယ်လိုအခြေအနေမျိုးလဲဆိုတာ နားမလည်နိုင်ဖြစ်နေရှာသည်။ သို့သော် အထက်တန်းလွှာအိမ်တော်ကြီးများအတွင်းမှ ကိစ္စရပ်များမှာ သူတို့ ဝင်ရောက်စွက်ဖက်နိုင်သည့်အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် သခင်မသုန်၏ နောက်မှလိုက်ကာ ရုံဟယ့်ဆောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်တော့သည်။

သူတို့ ရုံဟယ့်ဆောင်သို့ ရောက်ရှိသွားချိန်တွင် အထဲတွင် ခစားနေသော အစေခံများက တားဆီးရန် ရည်ရွယ်ထားကြဆဲပင်။ ခေါင်းဆောင်ဖြစ်သူ ဒုတိယအဆင့် အစေခံအိုကြီးက ပြောလာလေသည်။

"ပထမသခင်မက အရှေ့ဆောင်မှာ သေချာအနားမယူဘဲ… အခုလိုအချိန်ကြီး ရုံဟယ့်ဆောင်ကို ဘာကိစ္စ လာရတာလဲ…"

"ဖယ်စမ်း…"

"အမတ်ချုပ်ကြီးက အခုလေးတင်မှ အနားယူသွားတာ… ပထမသခင်မ ဝင်သွားလို့ အမတ်ချုပ်ကြီး အနှောင့်အယှက်ဖြစ်သွားရင်… အဲဒီနောက်ဆက်တွဲဆိုးကျိုးကို တာဝန်ယူရဲလို့လား…"

"ငါ နောက်တစ်ခေါက် ထပ်ပြောမယ်… ဖယ်စမ်း…"

သူမ၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားလေ၏။ ယခု မျက်မှောက်တွင်ရှိနေသော သခင်မသုန်သည် ယခင်ကလို အစေခံများ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေရပြီး အနိုင်ကျင့်ရလွယ်ကူသည့် သခင်မမျိုး မဟုတ်တော့ပေ။

ထိုအစေခံအိုကြီးမှာ ချက်ချင်းပင် လန့်ဖျပ်သွားရသည်။ မူလက တစ်ခုခု ဆက်ပြောရန် ကြံရွယ်ထားသေးသော်လည်း သခင်မသုန်၏ ခြိမ်းခြောက်မှုကို ခံလိုက်ရလေသည်။

"အကယ်၍ နင်က ဝမ်မားမားနဲ့ အဖော်လုပ်ချင်နေတယ်ဆိုရင်လည်း… ဒီသခင်မက ဖြည့်ဆည်းပေးရတာပေါ့… ငရဲပြည်သွားတဲ့လမ်းမှာ အဖော်ပါရင် အထီးမကျန်ရတော့ဘူးလေ…"

ထိုအစေခံအိုကြီးမှာ ကြောက်လန့်တကြားဖြင့် နောက်သို့ ဆက်တိုက်ဆုတ်သွားပြီး တံတွေးများကိုသာ အဆက်မပြတ် မျိုချနေမိတော့သည်။

အမှန်အတိုင်းပြောရလျှင် ဝမ်မားမား၏ သေဆုံးမှုသတင်းကြောင့် အမတ်ချုပ်အိမ်တော် တစ်ခုလုံးရှိ အစေခံများမှာ ပထမအိမ်ထောင်စုမှ လူများကို ကြောက်ရွံ့နေကြပြီဖြစ်သည်။

စကားများရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ကြသည်ဆိုတာမျိုးကတော့ ရှိတတ်စမြဲပင်။ သို့သော် လူတစ်ယောက်ကို နေရာမှာတင် သေအောင် ရိုက်သတ်သည်မျိုးကိုတော့ တစ်ခါမှ မမြင်ဖူးကြပေ။

အလောင်းကို သိမ်းဆည်းပေးခဲ့သည့် အစေခံအိုကြီးများ ပြောစကားအရဆိုလျှင် ဦးနှောက်များပင် ပိပြားသွားခဲ့ပြီး မြေကြီးပေါ်မှ အုတ်ချပ်များပင် ကွဲသွားသည်အထိပေ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မည်မျှအထိ အားပြင်းပြင်းဖြင့် ရိုက်နှက်ခဲ့သည်ကို တွေးကြည့်၍ ရပေသည်။

ထိုအစေခံအိုကြီး တုန်ရီနေသည်ကို မြင်သောအခါ သခင်မသုန်က အေးစက်စက် တစ်ချက်နှာမှုတ်လိုက်ပြီး အထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်လေသည်။

သူမ ထွက်သွားပြီးမှသာ ထိုအစေခံအိုကြီးမှာ နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်နိုင်တော့၏။ ကိုယ့်ဘာသာ အပြစ်ရှိသလို ခံစားရပြီး ချွေးပြန်နေသလား၊ သို့မဟုတ် ရာသီဥတုက ပူလွန်းနေသလားဆိုသည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။

ရုံဟယ့်ဆောင်၏ ပင်မခန်းမဆောင်အတွင်းတွင် သခင်မသုန်နှင့် တော်ဝင်သမားတော်တို့ မတ်တပ်ရပ်နေကြလေသည်။ အမတ်ချုပ်လင်နှင့် မင်းသမီးရုံခန့်တို့ကမူ အမြင့်ဆုံးနေရာတွင် ထိုင်နေကြ၏။

တော်ဝင်သမားတော် လျှောက်တင်သည့်စကားကို ကြားပြီးနောက် သူတို့နှစ်ယောက်လုံး၏ မျက်နှာထားများမှာ မကောင်းတော့ပေ။

"တတိယသခင်လေးက ဒဏ်ရာ အရမ်းပြင်းထန်သွားတဲ့အပြင်… ခေါင်းကိုပါ ထိသွားတာဆိုတော့… ဒီအောက်ခြေအရာရှိလည်း ဘာမှမတတ်နိုင်တော့ပါဘူး… အမတ်ချုပ်ကြီးနဲ့ မင်းသမီးတို့ စိတ်ထိန်းကြပါ…"

အမတ်ချုပ်လင်မှာ ဤမျှအထိ ပြဿနာများကြီးကျယ်သွားပြီး မိမိ၏မြေးအရင်း အသက်အန္တရာယ်ကြုံရသည်အထိ ဖြစ်သွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

သမီးချွေးမကြီးဖြစ်သူ သခင်မသုန်၏ မျက်ရည်များခမ်းခြောက်နေသော မျက်နှာကို ကြည့်ရင်း သူက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။

"ဒီလိုဖြစ်မှတော့… နောက်ဆုံးခရီးအတွက် ပြင်ဆင်ခိုင်းလိုက်တော့… အကောင်းဆုံးနဲ့ အခမ်းနားဆုံး ဖြစ်ပါစေ…"

"ဟုတ်ကဲ့ပါ…"

မင်းသမီးရုံခန့်ကမူ စည်းကမ်းတကျရှိလှပြီး အမတ်ချုပ်လင်၏ ရှေ့တွင် ဘဝင်မြင့်သောဟန် အနည်းငယ်မျှပင် မပြချေ။ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းလှသည်။ ဝမ်းနည်းစရာကောင်းသည်မှာ သခင်မသုန်၏ မျက်လုံးထဲတွင်မူ လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်ကို မြင်နေရခြင်းပင်။

သူမက ဤဟန်ဆောင်ကောင်းလွန်းသည့် လူနှစ်ယောက်နှင့် စကားပြောရန် စိတ်ကူးလုံးဝမရှိသဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောချလိုက်လေသည်။

"ယောက္ခမကြီး ခွင့်ပြုပေးပါ… ကျွန်မ တတိယသခင်လေးကို မိဘအိမ်ခေါ်သွားပြီး ဆေးကုပေးချင်ပါတယ်…"

ထိုစကားကို ကြားလိုက်ရသောအခါ မင်းသမီးရုံခန့်မှာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားရလေ၏။

ယခု အချိန်တွင် လင်မုကျစ် သေရမည်မှာ သေချာသလောက်ဖြစ်နေပြီဖြစ်သည်။ သို့သော် သုန်မိသားစုအိမ်တော်သို့ ပြန်သွားပြီး သူတို့ကများ ကယ်တင်နိုင်သွားခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။

သူမသည် အနောက်ဆောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသူဖြစ်သော်လည်း အပြင်ဘက်မှ ကိစ္စရပ်များကိုတော့ အနည်းအကျဉ်း သိရှိနားလည်ထားသည်။ သုန်မိသားစုသည် ရှန်းကျင်းမြို့တော်၌ ဆေးခန်းတစ်ခုရှိလေသည်။ ဒုတိယသခင်ကြီးသုန်နှင့် ဒုတိယသခင်မတို့ ကိုယ်တိုင် ဆေးကုသပေးကြသည်ဟု ကြားဖူးသည်။ လူတိုင်းက သူတို့၏ ဆေးကုသမှုစွမ်းရည်ကို ဟွာထော်ဝင်စားသကဲ့သို့ တော်လွန်းလှသည်ဟု ချီးကျူးတတ်ကြသည်။

အကယ်၍ ထိုစကားများသာ အမှန်ဖြစ်နေခဲ့လျှင် ဝမ်မားမား သေသွားရသည်မှာ အချည်းနှီး ဖြစ်သွားမည်မလား။ သုန်မားမားကိုပါ ထပ်ပြီး လျော်ကြေးပေးလိုက်ရမယ်ဆိုရင်တောင် ဘာများ အသုံးဝင်မှာလဲ။ အစေခံအိုကြီး တစ်ယောက်က ပထမအိမ်ထောင်စုရဲ့ တရားဝင်သားနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်၍ ရနိုင်မှာလဲ။

ထို့ကြောင့် သူမက သွယ်ဝိုက်သောနည်းဖြင့် ပြောလာလေသည်။

"သမီးချွေးမကြီး… အခု သမီးက စိတ်လောပြီး ရရာသမားတော်ကို လိုက်ပြချင်နေတယ်ဆိုတာ ငါ သိပါတယ်… ဒါပေမဲ့ တော်ဝင်သမားတော်ကိုယ်တိုင်ကတောင် ငါတို့ကို စိတ်ထိန်းဖို့ ပြောနေပြီဆိုမှတော့… သမီးလည်း စိတ်ကို လျှော့လိုက်ပါတော့… တတိယသခင်လေးကို အေးအေးချမ်းချမ်း ထွက်သွားခွင့် ပြုလိုက်ပါ… သမီးက အခုလို သူ့ကို ဟိုရွှေ့ဒီရွှေ့လုပ်နေမယ်ဆိုရင်… သူ သေရတာတောင် အေးချမ်းမှာ မဟုတ်ဘူးလေ…"

လူက အသက်ရှိနေသေးသည်ကို ဤမင်းသမီးရုံခန့်က သေဖို့အကြောင်းကိုသာ တွင်တွင်ပြောနေသည်။ ဤသည်မှာ ကျိန်ဆဲနေခြင်းမဟုတ်လျှင် ဘာများဖြစ်နိုင်မည်နည်း။

သခင်မသုန်၏ သူမကို ကြည့်‌သော မျက်ဝန်းထဲတွင် တစ်ခါမှ မဖြစ်ဖူးသော အမုန်းတရားများ ပြည့်နှက်နေလေ၏။

မင်းသမီးရုံခန့်ကလည်း သခင်မဝမ်ကဲ့သို့ စက္ကူကျားမျိုးမဟုတ်ပေ။ သူမ ငယ်စဉ်ကတည်းက မည်သည့်အခြေအနေမျိုးကိုမျှ မမြင်ဖူးဘဲ မရှိခဲ့ချေ။ ထို့ကြောင့် မျက်နှာထားတင်းတင်းဖြင့် ပြန်ကြည့်လိုက်သည်။ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။

အချိန်ခဏမျှ အပြန်အလှန် စိုက်ကြည့်ပြီးနောက် သခင်မသုန်က အမတ်ချုပ်လင်ကို ပြောလိုက်သည်ကို ကြားလိုက်ရလေ၏။

"ချွေးမမှာ လျှောက်တင်စရာ အရေးကြီးကိစ္စ ရှိပါတယ်… အပြင်လူတွေ ရှိနေရင် အရှက်ကွဲမှာစိုးလို့… ယောက္ခမကြီး လူတွေကို အပြင်ထွက်ခိုင်းပေးပါ…"

ဤကဲ့သို့ အရေးကြီးအချိန်တွင် သူမက ဘာများ ပြောချင်နေတာလဲ။ အသေခံတော့မည့် ပုံစံမျိုးပါ ဖမ်းထားသေးသည်။

အမတ်ချုပ်လင်သည် ထိုကိစ္စတွင် သူ မသိသေးသည့် အကြောင်းအရာများ သေချာပေါက်ရှိနေမည်ကို ရိပ်မိလိုက်သဖြင့် တော်ဝင်သမားတော်ကို ပြောလိုက်လေသည်။

"ဒီနေ့ တော်ဝင်သမားတော် အပင်ပန်းခံပြီး လာပေးရတာ ကျေးဇူးပါပဲ… ဒီအဖိုးကြီး လူလွှတ်ပြီး ပြန်ပို့ပေးပါ့မယ်…"

"အမတ်ချုပ်ကြီးကို ကျေးဇူးတင်ပါတယ်… ဒီအောက်ခြေအရာရှိ ပြန်ခွင့်ပြုပါဦး…"

All Chapters