← Chapters

အိမ်ခွဲခြင်း ပြဿနာ

Vol. 12 Ch. 116

အိမ်ခွဲခြင်း ပြဿနာ

Vol. 12 Ch. 116

ဤမျှ အကျပ်ရိုက်နေသည့် အခြေအနေမျိုးတွင်တောင်မှ သူမက အေးဆေးတည်ငြိမ်စွာ ရှိနေဆဲပင်။

တကယ့်ကို မာနနှင့် ဂုဏ်သိက္ခာရှိသည့် ပုံစံမျိုးပင်။

သို့သော် ယခင်ကတော့ သူသည် သမီးချွေးမကြီး၏ မျက်နှာကိုပင် သေချာမမှတ်မိသလို စကားလည်း သိပ်မပြောဖြစ်ခဲ့ချေ။

အတိတ်ကို ပြန်တွေးကြည့်လျှင် သားအကြီးဆုံးသည် ကုန်သည်မိသားစုမှ သမီးကို မဖြစ်မနေ လက်ထပ်မည်ဟု ဆိုလာစဉ်က သူ အလွန်ဒေါသထွက်ခဲ့ဖူးသည်။

သူ့ကို ရက်အနည်းငယ်ကြာအောင်ပင် အကျယ်ချုပ် ချထားခဲ့သေးသည်။

ဘေးနားရှိ ဇနီးဖြစ်သူကသာ ဝင်ရောက်ဖျန်ဖြေမပေးခဲ့လျှင် နောက်ဆုံးတွင် သခင်မသုန်သည် လင်မိသားစု၏ တံခါးကို ဝင်လာနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအခါတွင်တော့ အစပိုင်းက သူ အထင်သေးခဲ့ပြီး နှစ်ပေါင်းများစွာကြာ လျစ်လျူရှုထားခဲ့သည့် ထိုသမီးချွေးမကြီးကပင် သူတို့ကို ပြန်လည် ချုပ်ကိုင်သွားခဲ့လေပြီ။

သတိထားရမည်ဆိုသော်လည်း အကယ်၍ သူသာ ပထမအိမ်ထောင်စုနှင့် သုန်မိသားစုတို့ကို လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ချင်သည်ဆိုလျှင်လည်း မဖြစ်နိုင်သည့် ကိစ္စတော့မဟုတ်ပေ။

သို့သော် သူမ၏ ဤမျှမာကျောသော စိတ်ဓာတ်လေးကတော့ အသုံးမကျသော သူ၏သားအကြီးဆုံးထက် အများကြီး သာလွန်နေပေသည်။

ပထမသခင်မဖြစ်သော သခင်မသုန်သည် အမတ်ချုပ်လင် မည်သို့တွေးနေသည်ကို မသိသော်လည်း ခါးကို မတ်မတ်ထားပြီးသာ ရပ်နေလိုက်သည်။

သူမ ဤစကားများကို ပြောနေစဉ် အနည်းငယ်မျှပင် အားငယ်ကြောက်ရွံ့သည့်ပုံစံ ပေါ်သွား၍မဖြစ်ပေ။

သို့မဟုတ်လျှင် မျက်စိရှေ့ရှိ ဤမြေခွေးအိုကြီး နှစ်ကောင်က အိမ်ခွဲရန် ဘယ်လိုလုပ် သဘောတူပါမည်နည်း။

ထိုအကြောင်းကို တွေးမိလေလေ သူမ၏ မျက်နှာပေါ်ရှိ ခိုင်မာပြတ်သားမှုများမှာ ပို၍ပင် ထင်ရှားလာလေလေ ဖြစ်၏။

အချိန်ခဏကြာပြီးနောက် မင်းသမီးရုံခန့်က စကားပြောရန် ပြင်လိုက်ချိန်တွင် အမတ်ချုပ်လင်က ဖြည်းဖြည်းချင်း ပြောလာလေသည်။

"သားအကြီးဆုံးကရော ဒီလိုပဲ တွေးထားတာလား..."

သခင်မသုန်မှာ တိတ်ဆိတ်သွားလေ၏။ သူမသည် ယနေ့တွင် ထွက်ပေါက်ပိတ်သွားပြီဖြစ်၍ အိမ်ခွဲခြင်းမှလွဲ၍ အခြားလမ်းမရှိတော့ဟု ထင်နေခြင်းဖြစ်သည်။

သို့သော် ဤကိစ္စကို ပထမသခင်ကြီးလင်နှင့် သေချာ မတိုင်ပင်ရသေးသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

မည်သို့ ပြန်ဖြေရမည်ကို စဉ်းစားနေစဉ်မှာပင် တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။

ရောက်လာသူမှာ ပထမသခင်ကြီးလင်ပင် ဖြစ်လေသည်။

သူ၏ မျက်နှာပေါ်တွင်လည်း တစ်ခါမှမဖြစ်ဖူးသည့် လေးနက်တည်ကြည်မှုများ ရှိနေပြီး ဇနီးဖြစ်သူ၏ မျက်နှာပေါ်မှ ဒဏ်ရာများကို မြင်လိုက်ရချိန်တွင်မူ အလွန်ပင် ရင်ကွဲမတတ် နာကျင်သွားရသည်။

အရှေ့တွင် ထိုင်နေကြသော အမတ်ချုပ်လင်နှင့် မင်းသမီးရုံခန့်တို့ကို လုံးဝ လျစ်လျူရှုထားလိုက်လေ၏။

ချက်ချင်းပင် မေးလိုက်လေသည်။

"သခင်မ ဘာဖြစ်သွားသေးလဲ..."

"ဘာမှမဖြစ်ပါဘူး..."

သခင်မသုန်မှာ စောစောက လူများကြောက်လန့်သွားရလောက်အောင် မာကျောခိုင်မာနေခဲ့သော်လည်း ကိုယ့်ခင်ပွန်းရောက်လာချိန်တွင်တော့ ချက်ချင်းပင် အားကိုးတကြီးဖြစ်သွားလေ၏။

သူမ မည်မျှပင် ထိန်းချုပ်ထားချင်ပါစေ မျက်ရည်များက အဆက်မပြတ် ကျဆင်းလာတော့သည်။ မည်သို့မျှ ထိန်းချုပ်၍ မရနိုင်တော့ပေ။

ပထမသခင်ကြီးလင်က သူမ၏ လက်ကို ဖွဖွလေး ပုတ်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"စိတ်ချပါ... ဒီနေ့ကိစ္စကို သေချာပေါက် အပြတ်ရှင်းရမှာပါ..."

ထို့နောက် အမတ်ချုပ်လင်ဘက်သို့ လှည့်ကာ ရိုရိုသေသေဖြင့် ဦးညွှတ်ဂါရဝပြုလိုက်လေသည်။

"အဖေ... ချင်ကျန်း ပြောတဲ့အတိုင်းပဲ သား တွေးထားပါတယ်..."

အမတ်ချုပ်လင်သည် ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲမှ ထောင့်တစ်နေရာတွင်တော့ ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် သာအကြီးဆုံးဖြစ်သူကို သိပ်ပြီး သဘောမကျခဲ့ပေ။ ရည်မှန်းချက်မရှိသလို စိတ်သဘောထားကလည်း ပျော့ညံ့လွန်းသည်ဟု ထင်ခဲ့သည်။

သို့သော် သူ အသက်ရှင်နေဆဲကာလမှာပင် အိမ်ခွဲရန် တောင်းဆိုလာခြင်းကို ကြည့်ခြင်းအားဖြင့် သားဖြစ်သူ၏ ရင်ထဲတွင် ဤအိမ်တော်အပေါ်နှင့် သူ့လိုဖခင်တစ်ယောက်အပေါ် မည်မျှအထိ နာကြည်းနေမည်မှာ သိသာလှပေသည်။

ဤအချက်ကိုတော့ အမတ်ချုပ်လင် အနည်းငယ် လက်မခံနိုင်ဖြစ်နေမိသည်။

ထို့ကြောင့် စကားမပြောတော့ဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်ပြီး မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများစွာ ပါဝင်နေလေ၏။

ပထမသခင်ကြီးလင်သည်လည်း ကိုယ့်အဖေကို ပထမဆုံးအကြိမ် တည့်တည့်စိုက်ကြည့်နေပြီး အနည်းငယ်မျှပင် နောက်ဆုတ်သွားခြင်း မရှိပေ။

အိမ်တော်ထိန်းလင်က လူလွှတ်ပြီး သူ့ကို သွားမခေါ်ခဲ့လျှင် အိမ်ထဲတွင် ဤမျှလောက် ပြဿနာများဖြစ်နေမည်ကို သူ သိမည်မဟုတ်ပေ။

အရှေ့ဆောင်သို့ ရောက်ရောက်ချင်းပင် ရှုပ်ပွနေသော မြေပြင်ကို မြင်လိုက်ရပြီးနောက် ရုံဟယ့်ဆောင်သို့ အလျင်စလို ပြေးလာခဲ့ခြင်းဖြစ်သည်။

သူ့ဇနီးဖြစ်သူ ထပ်ပြီး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။

သူက ပျော့ညံ့ပြီး အသုံးမကျသည်မှာ မှန်သော်လည်း ဤမျှလောက် ကိစ္စရပ်များကို ကျော်ဖြတ်ပြီးနောက်တွင် အနည်းငယ်မျှပင် ရင့်ကျက်မလာဘူးဆိုလျှင် တကယ့်ကို မျှော်လင့်ချက် မရှိတော့ပေ။

ထို့ကြောင့် အိမ်ခွဲပြီး သီးသန့်သွားနေခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ဤသို့လုပ်မှသာ သူနှင့် အမတ်ချုပ်လင်တို့ကြားရှိ သားအဖသံယောဇဉ်မှာ အနည်းငယ်မျှ ကျန်ရစ်နိုင်ပေလိမ့်မည်။

အခြေအနေမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်လေ၏။

မင်းသမီးရုံခန့်က ပထမအိမ်ထောင်စုမှ ဇနီးမောင်နှံနှစ်ဦးကို အေးစက်စက် အကြည့်များဖြင့် ကြည့်နေသည်။

ဒီနေ့ ဘာတွေဖြစ်နေကြတာလဲ။

လူနှစ်ယောက်လုံးက တင်းခံနေကြတာ လင်ဝမ်ယိ နန်းတော်ထဲမှာ အဆင်ပြေနေတယ်ဆိုတာကို သိလို့များ ခုလို မာနထောင်လွှားနေကြတာလား။

အကယ်၍ အဲဒီလိုသာဆိုလျှင် နောက်နှစ်ရက်အကြာ သူမ နန်းတွင်းထဲဝင်သွားသည့်အခါ သေချာပေါက် ခြိမ်းခြောက်ပြီး သတိပေးလိုက်မှ ရတော့မည်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ချုပ်ကိုင်တာကိုတော့ ခံလို့မဖြစ်ပေ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အမတ်ချုပ်လင်က နောက်ဆုံးတွင် ခွင့်ပြုပေးလိုက်လေသည်။

"ဒီလိုဆိုမှတော့ မင်းတို့သဘောအတိုင်း လုပ်ကြပါလေ... ငါ တစ်ခွန်းပဲ ပြောလိုက်မယ်... အမတ်ချုပ်အိမ်တော်ကနေ ထွက်သွားပြီးရင် လုံးဝ ပြန်လာခွင့်မရှိတော့ဘူးဆိုတာ သိထားကြပါ..."

"သားက အဖေ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်..."

"ချွေးမကလည်း ယောက္ခမကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်..."

ပထမအိမ်ထောင်စု ဇနီးမောင်နှံနှစ်ဦး၏ စကားများသည် သူတို့ ပြောင်းရွှေ့လိုသော ဆုံးဖြတ်ချက်မှာ မည်မျှအထိ ကြီးမားကြောင်းကို အမတ်ချုပ်လင်အား သေသေချာချာ နားလည်သွားခဲ့‌စေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ဝမ်းနည်းနေသော စိတ်ခံစားချက်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သူသည် ဤသားအပေါ်တွင်လည်း သိပ်ပြီး မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ဖူးပေ။ ထို့ကြောင့် ထွက်သွားချင်ပါသည်ဆိုလျှင်လည်း ထွက်သွားကြပါစေလေ။

ထို့နောက် အမတ်ချုပ်လင်က လက်ဝှေ့ယမ်းပြကာ သူတို့ကို ထွက်သွားခွင့် ပြုလိုက်လေသည်။

မင်းသမီးရုံခန့်မှာ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသော်လည်း အပြင်ပန်းတွင်မူ အခက်တွေ့နေသည့် ပုံစံမျိုး ဟန်ဆောင်ထားသည်။

"အမတ်ချုပ်ကြီး... သားအကြီးဆုံးတို့ ဒီလိုထွက်သွားရင်... အပြင်လူတွေရဲ့ အတင်းအဖျင်းတွေက..."

"မင်းနဲ့ ဒုတိယအိမ်ထောင်စုကသာ သခင်မသုန်ဆီကနေ ပိုက်ဆံတွေ ဒီလောက်အများကြီး လိမ်ယူထားခဲ့တာ... အခုကျမှ အတင်းအဖျင်းပြောခံရမှာ ကြောက်နေပြီလား..."

မင်းသမီးရုံခန့်မှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံလိုက်ရလေ၏။

သူမက ထိုအထဲတွင် ဝင်မပါခဲ့ကြောင်း ငြင်းဆိုချင်သော်လည်း မည်သူကများ ယုံကြည်ပါမည်နည်း။

ကံကောင်းသည်မှာ အမတ်ချုပ်လင်သည်လည်း ပြစ်တင်ဝေဖန်လိုသော ရည်ရွယ်ချက်မရှိဘဲ ထိုစာရင်းစာအုပ်များကို သစ်သားသေတ္တာထဲသို့ အကုန်ပြန်ထည့်လိုက်ခြင်းပင်။

မင်းသမီးရုံခန့်ကို လေးလေးနက်နက်ဖြင့် ပြောလိုက်လေသည်။

"အပြင်လူတွေကိုတော့... ငါ့ရဲ့ ဒီနှစ်ကံကြမ္မာမှာ သွေးထွက်သံယိုဖြစ်မယ့်ဘေးရှိနေလို့ အိမ်တော်ကနေ ထွက်ခွာပြီး ဆုတောင်းပေးမယ့်သူရှိမှ ပြေလည်နိုင်မှာမလို့... သားအကြီးဆုံးမိသားစုက ငါ့အတွက် ဘေးကင်းအောင် အိမ်ခွဲပြီး သွားနေပေးတယ်လို့ပဲ ပြောလိုက်ပါ..."

ဤစကားများမှာ ပထမအိမ်ထောင်စုအတွက် ကောင်းမွန်သော ထွက်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းပင်။

သို့မဟုတ်လျှင် ဖခင်အသက်ရှင်နေဆဲကာလမှာပင် အိမ်ခွဲသည်ဆိုခြင်းက သူတို့တွင် အကြောင်းပြချက် မည်မျှပင်ရှိနေပါစေ မိဘကျေးဇူးဆပ်ခြင်းဆိုသော တာဝန်ဝတ္တရားအောက်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။

"ဟုတ်ကဲ့ပါ... အမတ်ချုပ်ကြီး စီစဉ်တဲ့အတိုင်းပါပဲ..."

မည်သို့ပင်ဖြစ်စေကာမူ ထွက်သွားပြီဆိုမှတော့ နောက်ပိုင်း သူတို့နှင့် မည်သို့မျှ သက်ဆိုင်တော့မည်မဟုတ်ပေ။ အကြောင်းပြချက်ဆိုလျှင်လည်း အကြောင်းပြချက်ပေါ့။ မင်းသမီးရုံခန့်ကလည်း သိပ်ပြီး ဂရုမစိုက်တော့ပေ။

အချိန်ခဏအကြာတွင် အမတ်ချုပ်လင်က ထပ်မံ၍ မေးလိုက်လေသည်။

"ဘုံစာရင်းမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ..."

မင်းသမီးရုံခန့်သည် အမတ်ချုပ်လင်က ဤသို့ ရုတ်တရက် မေးလာလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ပြန်ဖြေလိုက်လေသည်။

"တစ်သိန်းတောင် မပြည့်တော့ပါဘူး... အခုက ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းချိန်လည်း မဟုတ်သေးတော့ စာရင်းထဲမှာ ပိုလျှံနေတဲ့ငွေ သိပ်မရှိပါဘူး... အကုန်လုံးက သုံးစရာနေရာတွေနဲ့ပါ..."

အမတ်ချုပ်လင်က မင်းသမီးရုံခန့်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အကြည့်များက မင်းသေချာရဲ့လားဟု မေးနေသကဲ့သို့ပင်။

သို့သော် မင်းသမီးရုံခန့်မှာ လိမ်ပြောနေခြင်း မဟုတ်ပေ။ ဤမျှကြီးမားကျယ်ပြန့်သော အမတ်ချုပ်အိမ်တော်ကြီးတွင် ငွေကုန်ကြေးကျများမည့် နေရာတွေချည်းသာ။ ယခုလောက် ကျန်နေသေးသည်မှာပင် အိမ်တော်ထိန်းလင်က ဂရုတစိုက် စီမံခန့်ခွဲထား၍သာ ဖြစ်ပေသည်။

"တစ်ရက်အတွင်းမှာ ငွေသုံးသိန်း ပြည့်အောင်ရှာ…ပြည့်ရင်ငွေလက်မှတ်ပြောင်းပြီး အရှေ့ဆောင်ကို ပို့ပေးလိုက်... အိမ်ခွဲတဲ့အခါ ပေးလိုက်တဲ့ငွေလို့ပဲ သဘောထားလိုက်တော့..."

"အမတ်ချုပ်ကြီး... ကျွန်မ..."

သူ၏ အကြည့်များမှာ ရုတ်တရက် စူးရှသွားပြီး မင်းသမီးရုံခန့်၏ မျက်နှာကို စိုက်ကြည့်ကာ အာဏာပါပါဖြင့် ပြောလိုက်လေသည်။

"ပိုက်ဆံမရှိဘူးဆိုတဲ့ စကားလာမပြောနဲ့... မင်းတို့ သခင်မသုန်ဆီကနေ ယူသုံးထားတာတွေက နည်းနေလို့လား... ငါကိုယ်တော်တိုင် တစ်ခုချင်းစီ လိုက်တွက်ပြနေရဦးမလား..."

ငါကိုယ်တော်တိုင် ဆိုသည့် အသုံးအနှုန်းကိုပင် ထုတ်သုံးလာခဲ့လေပြီ။

သူသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက အရာရှိငယ်လေး မဟုတ်တော့ပေ။ နန်းတွင်းတွင် အာဏာကြီးမားလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဧကရာဇ်နှင့် မယ်တော်ကြီးတို့ ရှေ့တွင်ပင် ပြတ်ပြတ်သားသား ပြောဆိုရဲသူဖြစ်၏။ သာမန် မင်းသမီးတစ်ပါးကိုဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

မင်းသမီးရုံခန့်မှာ ဒေါသထွက်နေသော်လည်း ဤအချိန်တွင် ထိပ်တိုက်ရင်ဆိုင်ရန် မသင့်တော်သဖြင့် ကောင်းပါပြီဟုသာ ပြန်လည်ဖြေကြားရတော့သည်။

သို့သော် အချိန်နှင့်ပတ်သက်၍တော့ အနည်းငယ် ထပ်မံ ညှိနှိုင်းချင်သေးသည်။

"အမတ်ချုပ်ကြီး... တစ်ရက်ဆိုတဲ့ အချိန်က တကယ်ကို နည်းလွန်းပါတယ်... ကျွန်မလက်ထဲမှာတောင် အဲဒီလောက် ငွေသား အများကြီး မရှိပါဘူး... နောက်ထပ် နှစ်ရက်လောက်များ အချိန်ဆွဲပေးလို့ ရမလား..."

"မင်းဆီမှာ မရှိဘူးဆိုရင် ဒုတိယအိမ်ထောင်စုဆီ သွားတောင်းချေ... တကယ်လို့ သူတို့ဆီမှာလည်း မရှိဘူးဆိုရင် ဒီစာရင်းစာအုပ်တွေကိုပါ ပို့ပေးလိုက်... သူတို့ ဘယ်လိုမျက်နှာမျိုးနဲ့များ ဒီကိုလာပြီး ဆင်းရဲပါတယ်ဆိုပြီး ငိုယိုနေဦးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

All Chapters