ဘေးကင်းစေရန် ငွေပေးရခြင်း
Vol. 12 Ch. 117
"ဟုတ်ကဲ့ပါ..."
မင်းသမီးရုံခန့်မှာ ဤတစ်ကြိမ်တွင်တော့ ပထမအိမ်ထောင်စု၏ အကွက်ဆင်မှုကို အသေအချာ ခံလိုက်ရလေပြီ။ ဤမျှများပြားသော ငွေကြေးများကို အလျော်ပေးရမည့်အပြင် အမတ်ချုပ်ကြီး၏ ရှေ့တွင်လည်း အရှက်ကွဲသွားရသည်။
သူမ အိမ်ထောင်ကျလာခဲ့သည့် ဤဆယ်စုနှစ်များစွာအတွင်းတွင် ဤကဲ့သို့သောအခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။ စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်နေပြီး ထိုဒေါသများအားလုံးကို ဒုတိယသခင်မဖြစ်သော သခင်မဝမ်၏ အပေါ်သို့သာ ပုံချလိုက်တော့သည်။
ထို့ကြောင့် အမတ်ချုပ်လင် အနားယူသွားပြီးနောက် လူခေါ်ကာ အနောက်ဆောင်သို့ ထွက်လာခဲ့လေသည်။
သနားစရာကောင်းသော သခင်မဝမ်မှာ ဆေးသောက်ပြီး အိပ်ပျော်ကာစသာ ရှိသေးသော်လည်း တံခါးကို အကြမ်းပတမ်း ကန်ဖွင့်လိုက်သော အသံကြောင့် လန့်နိုးသွားရလေ၏။
သူမသည် ယခုအခါတွင် သခင်မဲ့ခွေးတစ်ကောင်ကဲ့သို့ အလွန်တရာ ထိတ်လန့်နေရှာသည်။ လေတိုက်လို့ မြက်ပင်လေး လှုပ်သွားသည်ကိုပင် အလွန်အမင်း ကြောက်လန့်နေတတ်သည်။
ရောက်လာသူမှာ မင်းသမီးရုံခန့်ဖြစ်သည်ကို မြင်လိုက်ရသောအခါ သူမအတွက် တရားမျှတမှု ယူဆောင်လာပေးမည်ဟု ထင်မှတ်ကာ ချက်ချင်းပင် ငိုယိုပြီး ပြောလိုက်လေသည်။
"ယောက္ခမကြီး... ချွေးမကို ကူညီပါဦး... ချွေးမတော့ သခင်မသုန်ဆိုတဲ့ ခွေးမရိုက်လို့ သေတော့မလို့ပဲ... ပြီးတော့ ဝမ်မားမားလေ... သူက အရမ်းကို သနားစရာကောင်းအောင် သေသွားရတာ... သခင်မသုန်က သူ့အတွက် သေချာပေါက် အသက်ပြန်လျော်ပေးရမယ်..."
သူမက အော်ဟစ်ငိုယိုနေပြီး မင်းသမီးရုံခန့်၏ မျက်နှာထား မည်မျှဆိုးရွားနေသည်ကို လုံးဝ သတိမထားမိချေ။ မင်းသမီးရုံခန့်ကိုလည်း သခင်မသုန်ကြောင့် ဒေါသထွက်နေသည်ဟုသာ ထင်နေမိသည်။
နောက်ထပ် စကားအနည်းငယ် ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် မင်းသမီးရုံခန့်၏ လှောင်ပြောင်သရော်သော ရယ်သံသုံးချက်ကို ကြားလိုက်ရလေသည်။
"အသက်လျော်ရမယ် ဟုတ်လား... ပထမအိမ်ထောင်စုရဲ့ တတိယသခင်လေးကို တော်ဝင်သမားတော် ခေါ်ပြလိုက်တာ မလွယ်တော့ဘူးတဲ့... ငါတို့ကို နောက်ဆုံးခရီးအတွက် ပြင်ဆင်ထားဖို့ ပြောသွားတယ်... နင်တွေးကြည့်စမ်း... သူသာ တကယ် အသက်ထွက်သွားခဲ့ရင် နင့်ဘေးနားက ဝမ်မားမား တစ်ယောက်တည်း အသက်လျော်ပေးရုံနဲ့ လုံလောက်မယ် ထင်နေလား..."
သခင်မဝမ်သည် ထိုစကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။
ထိုအချိန်က သူမသည် ပထမအိမ်ထောင်စုကိုပါ သေပါစေဟူသော ရည်ရွယ်ချက်ဖြင့် ရက်ရက်စက်စက် လုပ်ခဲ့သည်မှာ မှန်ပေသည်။ သို့သော် ဒီကိစ္စအပြီးတွင်တော့ ပထမအိမ်ထောင်စုရှိ လူအားလုံးကို သူမ အသေအလဲ ကြောက်ရွံ့သွားခဲ့လေပြီ။ ထို့အပြင် ယောက္ခမဖြစ်သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မိသွားခဲ့ခြင်းမဟုတ်ပါလား။
အကယ်၍သာ အကုန်လုံးကို အသေးစိတ် စစ်ဆေးမေးမြန်းလာမည်ဆိုလျှင် သူမတော့ သေချာပေါက် အဆုံးသတ်သွားပြီဖြစ်သည်။ ထို့ကြောင့် တုန်ရီစွာဖြင့် မေးလိုက်လေသည်။
"ယောက္ခမကြီး... ကျွန်မ..."
"နင့်ကို အရူးမလို့ ပြောတာ တကယ်ကို အရူးမပဲ... အကုန်လုံးကို နန်းတော်ထဲက ပြန်လာမှ ရှင်းကြမယ်လို့ အစောကြီးကတည်းက ငါ ပြောထားသားပဲ... နင်က အခုလို အတင်းအဓမ္မ လုပ်ချင်နေတာ... အေးလေ... အခုတော့ ပြဿနာအကြီးကြီး ဖြစ်လာပြီ... နင်ပဲ ငါ့ကို ပြောစမ်း... ဘယ်လို ဖြေရှင်းမလဲ..."
ပြောပြီးသည်နှင့် သူမ ပါလာသော သစ်သားသေတ္တာကို ယူဆောင်လာခိုင်းလိုက်သည်။ ထို့နောက် သခင်မဝမ်၏ အရှေ့သို့ လွှင့်ပစ်လိုက်ပြီး ရက်ရက်စက်စက် ပြောလိုက်လေသည်။
"ကြည့်လိုက်စမ်း... ပထမအိမ်ထောင်စုက ဘာတွေ ပို့လိုက်သလဲဆိုတာ... အခုချက်ချင်း နင့်ကိုရော ဝမ်မိသားစုကိုပါ အတူတူ သေခိုင်းမယ်ဆိုရင်တောင် ခဏလေးအတွင်းမှာတင် ပြီးသွားမယ့် ကိစ္စပဲ..."
ဒုတိယသခင်မမှာ ဤတစ်ကြိမ်တွင်တော့ တကယ်ကို လန့်သွားခဲ့လေပြီ။ စာရင်းစာအုပ်ထဲတွင် ရှင်းလင်းစွာ ရေးမှတ်ထားသော အချက်အလက်များကို ကြည့်ရင်း သူမ၏ နဖူးပေါ်မှ ချွေးစေးများ အဆက်မပြတ် စီးကျလာတော့သည်။ အောက်သို့ ဆက်ကြည့်လေလေ နောက်ကျောထဲမှ စိမ့်လာလေလေပင်။
"ယော... ယောက္ခမကြီး... ဒါ... ဒါကို ဘယ်လိုလုပ်ရမလဲ..."
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား... သူတို့က စာရင်းစာအုပ်တွေကို အမတ်ချုပ်ကြီးရဲ့ လက်ထဲ တိုက်ရိုက် ပို့ပေးလိုက်တာလေ... အခု ငါတို့အကုန်လုံးကို အတူတူ သေဖို့ ခြိမ်းခြောက်နေပြီ..."
မိုးကြိုးငါးစင်း ပြိုင်တူပစ်ချခံလိုက်ရသကဲ့သို့ပင် သခင်မဝမ်မှာ အသက်ရှူမှားပြီး သတိလစ်သွားတော့သည်။
သူမဘေးတွင် ခစားနေသော ရှူဆွေ့က ချက်ချင်းပင် ရှေ့တိုးလာကာ သူမ၏ နှာခေါင်းအောက်ကို ဖိနှိပ်ပေးလိုက်သည်။ ပါးစပ်မှလည်း စိုးရိမ်တကြီး အော်ခေါ်နေလေ၏။
"သခင်မ... သတိထားပါဦး... သခင်မ..."
သခင်မဝမ်သည် နာကျင်မှုကြောင့် သတိပြန်လည်လာခဲ့သော်လည်း ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်ပါစေဟု အလွန်အမင်း ဆုတောင်းနေမိသည်။
သူမက ရုံဟယ့်ဆောင်မှ ထွက်လာပြီးနောက် အနောက်ဆောင်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ အရာအားလုံးက အရင်အတိုင်းသာ ဖြစ်နေလျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း။
ဝမ်းနည်းစရာကောင်းသည်မှာ မြေပြင်အနှံ့ ပြန့်ကျဲနေသော စာရင်းစာအုပ်များက သူမကို ငိုပင် မငိုထွက်နိုင်အောင် ဖြစ်စေခဲ့သည်။ ဤအချိန်တွင် သူမသည် သေဆုံးသွားပြီဖြစ်သော ဝမ်မားမားထက် အခြေအနေ ပို၍ ကောင်းမနေတော့ပေ။
ကြောက်လန့်တကြားဖြင့် မင်းသမီးရုံခန့်၏ အရှေ့သို့ ကမန်းကတန်း တွားသွားလိုက်လေ၏။
"ယောက္ခမကြီး ကယ်ပါဦး... ယောက္ခမကြီး ချွေးမကို ကယ်ပါဦး... ကယ်ပါဦး..."
"ဒုတိယသခင်ကြီးရဲ့ မျက်နှာကို ထောက်ပြီး... လင်ဝမ်ကျိုးနဲ့ လင်ကွမ်ကျစ်တို့ရဲ့ မျက်နှာကို ထောက်ပြီး ချွေးမကို ကယ်ပါဦး... တကယ်လို့ သူတို့မှာသာ ပြစ်မှုကျူးလွန်ထားတဲ့ မိခင်တစ်ယောက် ရှိနေမယ်ဆိုရင်... နောင်တစ်ချိန် လူတောထဲမှာ ဘယ်လိုလုပ် ခေါင်းမော့နိုင်ပါတော့မလဲ..."
သူမ လုပ်ခဲ့သမျှ အရာအားလုံးက အပြစ်ပေးရန် လုံလောက်နေပေပြီ။ ဤစာရင်းစာအုပ်များကို ယင်းထျန်စီရင်စုသို့ ပို့လိုက်ရုံဖြင့် အကျဉ်းထောင်က သူမနှင့် ဝေးကွာနေမည် မဟုတ်ပေ။
သူမက အလွန်အမင်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုကြွေးနေလေသည်။ အကယ်၍ နောင်တရပျောက်ဆေးဆိုတာသာ ရှိခဲ့လျှင် သူမအနေဖြင့် တစ်ပုလင်းလုံးကို မျိုချရမည်ဆိုလျှင်တောင် ဝန်လေးနေမည် မဟုတ်ပေ။
"တော်တော့... အစေခံတွေရှေ့မှာ သခင်မတစ်ယောက်ရဲ့ ပုံစံမျိုး နည်းနည်းလေးတောင် မရှိဘူး... ဘယ်လိုအချိုးမျိုးလဲ..."
မင်းသမီးရုံခန့်သည် ဤသမီးချွေးမ၏ မိုက်မဲမှုကို ရွံရှာမုန်းတီးသော်လည်း သူမပြောသည်မှာ မှန်ပေသည်။ ကိုယ့်သား၊ မြေးမနှင့် မြေးလေးတို့အတွက်ဆိုလျှင် သူမကို ဒုက္ခရောက်ခွင့် ပေး၍မဖြစ်ပေ။
ထို့ကြောင့် ဆက်လက်၍ ပြောလိုက်လေသည်။
"ငါနဲ့ အမတ်ချုပ်ကြီးက ဒီကိစ္စကို ဖုံးဖိထားလိုက်ပြီ... ပထမအိမ်ထောင်စုက အိမ်ခွဲမယ်လို့ တောင်းဆိုလာတော့ အမတ်ချုပ်ကြီးလည်း သဘောတူလိုက်တယ်... ဒါပေမဲ့ တစ်ရက်အတွင်း ငါတို့က ငွေသုံးသိန်း ရှာပြီး ပထမအိမ်ထောင်စုကို အိမ်ခွဲတဲ့အခါ ပေးရမယ့်ငွေအဖြစ် ပေးရမယ်... ဒါကြောင့် နင် ဘာသာ နည်းလမ်းရှာပြီး ငွေသွားစုချေ..."
"ဘာ... ငွေသုံးသိန်း..."
ယခုလက်ရှိ သူမလက်ထဲတွင် အကုန်လုံး ပေါင်းကြည့်လျှင်တောင် ငွေတစ်သိန်းဝန်းကျင်ခန့်သာ ရှိပေမည်။ ကျန်သည်များမှာ နန်းတော်ထဲရှိ သမီးဖြစ်သူ၏ အသုံးစရိတ်အဖြစ် ပို့ပေးခဲ့သည် မဟုတ်လျှင် ခင်ပွန်းနှင့် သားဖြစ်သူတို့၏ ရာထူးတိုးရေးအတွက် အရာရှိအသိုင်းအဝိုင်းတွင် လာဘ်ထိုးရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။
အချို့ကိုလည်း သူမ၏ မိဘများထံ ဆက်သခဲ့ပြီး အလွန်နည်းပါးသော အစိတ်အပိုင်းကိုသာ သူမ၏ လက်ဝတ်ရတနာများနှင့် ဒုတိယအိမ်ထောင်စု၏ အသုံးစရိတ်အဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။
ယခု သူမကို ငွေသုံးသိန်း ထုတ်ပေးခိုင်းနေသည်။ ၎င်းသည်လည်း တစ်ရက်အတွင်းဆိုတော့ သူမကို အသက်ရှင်နေလျက် သတ်နေသည်နှင့် မတူပေဘူးလား။
သို့သော် သခင်မဝမ်မှာ ပြန်လည်ချေပရန် စကားတစ်ခွန်းမျှပင် ထွက်မလာခဲ့ပေ။ ဤသည်မှာ ရလဒ်ကောင်းပင် မဟုတ်လား။
ဘေးကင်းစေရန် ငွေပေးရခြင်းပင်။ ဤငွေသုံးသိန်းမှာ နားထောင်ကြည့်လျှင် အလွန်များပြားသော်လည်း အနည်းဆုံးတော့ ထောင်ကျရခြင်းထက် အများကြီး ပိုကောင်းပေသည်။
သူမ၏ မျက်နှာတစ်ခုလုံး စိမ်းလိုက်ပြာလိုက်ဖြစ်နေသည်ကို မြင်တော့ မင်းသမီးရုံခန့်လည်း ဖိအားသိပ်မပေးချင်တော့ပေ။
မည်သို့ပင်ဆိုစေ ထိုငွေများ၏ အသုံးပြုမှုကို သူမလည်း သိရှိထားပေသည်။ အများစုမှာ သား၊ မြေးမနှင့် မြေးလေးတို့အတွက် အသုံးပြုခဲ့ခြင်းဖြစ်ရာ ဤအချက်ကို ကြည့်လျှင် ဤသမီးချွေးမမှာ တာဝန်ကျေသည်ဟု ဆိုရမည်ပင်။
ထို့ကြောင့် ပြောလိုက်လေသည်။
"ငါ့ဆီမှာ လောလောဆယ် မသုံးရသေးတဲ့ ငွေတစ်သိန်း ရှိတယ်... အရေးပေါ် အရင် သုံးလိုက်... ကျန်တဲ့ငွေကိုတော့ ကိုယ့်ဘာသာ နည်းလမ်းရှာ... မိဘအိမ် ပြန်တောင်းရမယ်ဆိုရင်တောင် ဒီနေ့အတွင်း ရအောင် ယူခဲ့ရမယ်... ကြားလား..."
ငွေတစ်သိန်းဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ထိုအထဲတွင် သခင်မသုန်ဆီမှ လုယူထားသည်များ ပါဝင်နေပြီး မင်းသမီးရုံခန့် ကိုယ်တိုင် နှစ်ပေါင်းများစွာ စုဆောင်းထားသော ပိုင်ဆိုင်မှုများလည်း ပါဝင်ပေသည်။
ဤငွေများကို မူလက ကလေးများအတွက် ချန်ထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယခု ဤနေရာတွင် အသုံးပြုလိုက်ရသည်မှာလည်း အရှုံးတော့ မဟုတ်ပေ။
သခင်မဝမ်မှာ အလွန်ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်လေ၏။
"ချွေးမကို ကာကွယ်ပေးတဲ့အတွက် ယောက္ခမကြီးကို ကျေးဇူးတင်ပါတယ်... နောက်ရက်တွေမှာ သေချာပေါက်..."
"စကားပိုတွေ ပြောမနေနဲ့... မြန်မြန်သွားပြီး ပိုက်ဆံရှာချေ... တကယ်လို့ နောက်ကျသွားရင်တော့ အမတ်ချုပ်ကြီးက နင့်အရေခွံကို ဆုတ်လိမ့်မယ်..."
သခင်မဝမ်၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ရီသွားလေ၏။ ယောက္ခမဖြစ်သူကို သူမ အမှန်တကယ် ကြောက်ရွံ့ပေသည်။ ထို့ကြောင့် အရေခွံဆုတ်မည်ဆိုခြင်းမှာ တကယ် အရေခွံဆုတ်ခံရမည်ဆိုခြင်းကို အနည်းငယ်မျှပင် သံသယမဝင်တော့ပေ။
"ဟုတ်ကဲ့... ဟုတ်ကဲ့... ချွေးမ သိပါပြီ..."
ပြောပြီးသည်နှင့် မင်းသမီးရုံခန့်သည် အနောက်ဆောင်မှ ထွက်ခွာသွားလေတော့သည်။ ရှုပ်ပွနေသော မြေပြင်နှင့် မြေကြီးပေါ်တွင် ထိုင်နေပြီး မထနိုင်တော့သော သခင်မဝမ်တို့သာ ကျန်ရစ်ခဲ့လေ၏။
ဘေးနားရှိ ရှူဆွေ့က အလျင်စလို လာတွဲပေးသော်လည်း တွဲမထူနိုင်ခဲ့ပေ။ ရှူထုံပါ ဝင်ရောက်ကူညီပေးမှသာ သခင်မဝမ်ကို ကုတင်ပေါ်သို့ တွဲတင်ပေးနိုင်ခဲ့သည်။
"သခင်မ... အခု ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ..."
ဝမ်မားမားသည် သေဆုံးသွားပြီဖြစ်ပြီး ရှူယွင်သည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယခု အမတ်ချုပ်ကြီး၏ အမိန့်ဖြင့် ထင်းတဲထဲတွင် အကျဉ်းချခံထားရရာ အသက်ရှင်နေသေးသလား သေသွားပြီလားဆိုသည်ကိုပင် မသိရပေ။
သူတို့နှစ်ယောက်သာ ခြံဝင်းထဲတွင် မကျန်ရစ်ခဲ့လျှင် ယခုအချိန်တွင် ရှူယွင်ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြလေပြီ။
"သွား... ငါ့ရဲ့ လက်ဝတ်ရတနာတွေ အကုန်လုံး ယူခဲ့... ပြီးတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေရော... အကုန်လုံးကို သေချာ ထုပ်ပိုးခဲ့..."
"ဟုတ်ကဲ့ပါ..."
ထို့နောက် သခင်မဝမ်က သူမ၏ ကိုယ်ပိုင်စာရင်းစာအုပ်ကို ထုတ်၍ စစ်ဆေးကြည့်ရာ သူမ ထင်ထားသည့်အတိုင်းပင် ဖြစ်နေသည်။ ကိုးသောင်းကျော်လေးသာ ရှိလေ၏။ သုံးသိန်းဆိုသော ပမာဏနှင့် အလွန်ဝေးကွာနေသေးသည်။
ထို့ကြောင့် ဤကွက်လပ်ကို ဖြည့်ဆည်းရန် နည်းလမ်းရှာရမည်သာ။