အပေါင်ခံငွေချေးခြင်း
Vol. 12 Ch. 118
ထိတ်လန့်တကြားဖြစ်နေစဉ် သူမ မိဘအိမ်မှ မရီးဝမ် ပြောဖူးသော ကျန့်ထုံးငွေလဲကောင်တာတွင် အပေါင်ခံငွေချေး၍ ရသည်ဆိုသော ကိစ္စကို ရုတ်တရက် သတိရသွားလေသည်။
ယခုလက်ရှိ ခန္ဓာကိုယ်အခြေအနေ မည်သို့ပင်ဖြစ်နေပါစေ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
"မြန်မြန်... ဝမ်မိသားစုအိမ်တော်ကို လူလွှတ်ပြီး မရီးကို သွားခေါ်ချေ... ငါ အရေးကြီးကိစ္စ တိုင်ပင်စရာ ရှိလို့ မြန်မြန်လာခဲ့ပါလို့ ပြောလိုက်... ကြားလား..."
"ဟုတ်ကဲ့... ဒီအစေခံ အခုပဲ သွားလုပ်လိုက်ပါ့မယ်..."
သူမ၏ ခန္ဓာကိုယ်သာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့လျှင် သူမကိုယ်တိုင် သွားရောက်တွေ့ဆုံမည်ပင် ဖြစ်သည်။
အချိန်ခဏကြာပြီးနောက် မရီးဝမ် အလျင်စလို လျှောက်လာသည်ကို မြင်လိုက်ရသည်။ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် သံသယများ ပြည့်နှက်နေပြီး သခင်မဝမ်ကို မြင်လိုက်ရသောအခါ လေပူတစ်ချက် မှုတ်ထုတ်မိလေ၏။
"ညီမလေး... ဘာဖြစ်တာလဲ... ဘယ်လိုလုပ် ဒီလောက် ပြင်းထန်တဲ့ဒဏ်ရာ ရသွားရတာလဲ..."
သခင်မဝမ်၏ ခန္ဓာကိုယ်၊ မျက်နှာနှင့် ခေါင်းပေါ်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများ ပြည့်နှက်နေလေသည်။ အထူးသဖြင့် ခေါင်းပေါ်တွင် ဆံပင်ဆွဲခံထားရသဖြင့် ဦးရေပြားကွက်နေသော နေရာကို ကြည့်ရသည်မှာ အလွန်ပင် ကျောချမ်းစရာကောင်းလှသည်။
"မရီး... ကျွန်မကို ကယ်ပါဦး..."
"ဘာတွေဖြစ်သွားတာလဲ... မြန်မြန်ပြောပြပါဦး..."
မည်သူကများ ဝမ်မိသားစု၏ သမီး၊ အမတ်ချုပ်အိမ်တော်၏ ဒုတိယသခင်မကို ဤမျှ ရက်ရက်စက်စက် လုပ်ရဲလောက်အောင် သတ္တိကောင်းနေသနည်း ဆိုသည်ကို မရီးဝမ်မှာ မယုံနိုင်အောင် ဖြစ်နေရသည်။
"ပထမအိမ်ထောင်စုက အဲဒီခွေးမကြောင့်ပေါ့..."
"သခင်မသုန်လား..."
"သူပဲလေ... ကျွန်မဘေးနားက ဝမ်မားမားကိုတောင် ရိုက်သတ်လိုက်သေးတယ်..."
"ဘာ..."
မရီးဝမ်မှာ အလွန်အမင်း တုန်လှုပ်သွားရပြီး ဘေးနားမှ လိုက်ပါလာသော အစေခံအိုကြီးများနှင့် အစေခံမလေးများပင် ယုံကြည်ရန် ခက်ခဲနေကြသည်။
"ညီမလေးနဲ့ သူ မရီးမယား နေလာတာ နှစ်နှစ်ဆယ်ကျော်ပြီ... အမြဲတမ်း သူကပဲ အလျှော့ပေးခဲ့ရတာ... ညီမလေးက သူ့ကို သည်းခံရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ပါဘူး… အခုက ဘာတွေဖြစ်ခဲ့လို့... သူက ညီမလေးကို ဒီလောက် ရက်ရက်စက်စက် လုပ်ရဲရတာလဲ..."
သခင်မဝမ်မှာ မိဘအိမ်မှ မိသားစုဝင်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းနည်းစွာ ငိုကြွေးနေလေ၏။ ထို့ကြောင့် စကားကိုပင် ရှင်းလင်းစွာ မပြောနိုင်တော့ပေ။
နောက်ဆုံးတွင် ဘေးနားရှိ ရှူဆွေ့ကသာ အရေးကြီးသည့် အခြေအနေများကို အရင် ပြောပြလိုက်ရသည်။ ပထမအိမ်ထောင်စု အိမ်ခွဲရန် ငွေသုံးသိန်း ထုတ်ပေးရမည်ဆိုသော စကားကို ကြားလိုက်ရသောအခါ မရီးဝမ်၏ အတ္တကြီးသော မျက်နှာထားမှာ အထင်အရှား ပေါ်လွင်လာတော့သည်။
"ဘာလို့လဲ... အဲဒီပစ္စည်းတွေက ညီမလေး အတင်းလုယူထားတာမှ မဟုတ်တာ... ဘာလို့ နောက်ဆုံးကျတော့ ညီမလေးက အကုန်လုံး အလျော်ပေးရမှာလဲ..."
"မရီးပြောတာ မှန်ပါတယ်... ဒါပေမဲ့ အဲဒီခွေးမက ယောက္ခမကြီးရှေ့မှာ အကုန်ဖွင့်ပြောလိုက်လို့လေ... အဲဒါကြောင့်..."
"အမတ်ချုပ်ကြီးက ဒီကိစ္စတွေကို သိသွားပြီလား..."
မရီးဝမ်မှာ မနေနိုင်တော့ဘဲ တံတွေးမြိုချရင်း မေးလိုက်လေသည်။
သူမ ဝမ်မိသားစုသို့ အိမ်ထောင်ကျလာပြီးနောက်ပိုင်း ယောက်မဖြစ်သူ၏ ရက်ရောသော ပုံစံများကို မကြာခဏ မြင်တွေ့ခဲ့ရသည်။ ယောက်မဖြစ်သူ၏ ဘေးတွင် ဓနနတ်မင်းကြီး ရှိနေသည်ကို မနာလိုဖြစ်မိသော်လည်း သူမလည်း ထိုနောက်မှလိုက်ကာ အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။
သခင်မသုန်ဆီမှ လိမ်လည်ရယူခဲ့သော ဆိုင်ခန်းများထဲမှ ယခုအခါတွင် သုံးခန်းမှာ သူမ၏ အမည်ပေါက်အဖြစ် ပြောင်းလဲထားခဲ့လေပြီ။ နှစ်စဉ် ငွေနှစ်ထောင်၊ သုံးထောင်ခန့် အမြတ်အစွန်းကို ရရှိပေသည်။
ယောက်မဖြစ်သူလောက် မများပြားသော်လည်း အနည်းဆုံးတော့ အပိုဝင်ငွေတစ်ခုပင် ရပေသည်။ ရုတ်တရက် ဖော်ထုတ်ခံလိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်တွင်လည်း အနည်းငယ် အနေခက်သွားလေ၏။
"သိတာပေါ့... မဟုတ်ရင် ကျွန်မကို ဘယ်လိုလုပ် အလျော်ပေးပြီး ပထမအိမ်ထောင်စုကို ပေးခိုင်းပါ့မလဲ... အဲဒီခွေးမက အစကတည်းက ကျင်းတူးပြီး ကျွန်မ သေမယ့်အချိန်ကို စောင့်နေခဲ့တာ... နှစ်နှစ်ဆယ်ကျော် စာရင်းတွေကို တစ်ကွက်လေးတောင် မကျန်အောင် မှတ်ထားခဲ့တာတဲ့... အဲဒါတွေ အကုန်လုံးကို ယောက္ခမကြီးဆီ ပို့လိုက်တာပဲ..."
"ဒါဆို အမတ်ချုပ်ကြီးက..."
မရီးဝမ်မှာ အခြားအရာများကို မကြောက်သော်လည်း သူမတို့ဆီမှ ထိုပစ္စည်းများကို အလျော်ပေးခိုင်းမည်ကိုတော့ အလွန်ကြောက်ရွံ့လေသည်။ ဤသို့ဆိုလျှင်တော့ ပြဿနာဖြစ်မည်သာ။ သူမတို့နှင့် မသက်ဆိုင်သော ပစ္စည်းများကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပြီးနောက် ပြန်ပေးရမည်ဆိုလျှင် အသားကိုလှီးထုတ်ခံရသကဲ့သို့ နာကျင်ရပေလိမ့်မည်။
"အခု ယောက္ခမကြီးက ကျွန်မကို ငွေတစ်သိန်း ကူရှာပေးတယ်... ကျွန်မဆီမှာလည်း ငွေတစ်သိန်း ရှိတယ်... ဒါပေမဲ့ နောက်ထပ် တစ်သိန်း လိုနေသေးတယ်... မရီး... ဒါကို ဘယ်လိုလုပ်ရမလဲ..."
"အို... ညီမလေးရဲ့ ယောက္ခမကြီးကလည်း တကယ်ပါပဲ... ပထမအိမ်ထောင်စုကို ဘက်လိုက်ရင်တောင်မှ ဒုတိယအိမ်ထောင်စုဆီက သွေးကို စုပ်စရာ မလိုပါဘူး... ဒီနှစ်တွေ အကြာကြီးရှိနေပြီဆိုတော့ အဲဒါတွေက အကြွေးဟောင်းတွေ ဖြစ်နေလောက်ပြီ... ဘယ်လိုလုပ် ပြန်ဆပ်လို့ရတော့မှာလဲ..."
မရီးဝမ်၏ စကားမှာ ပြောသည်နှင့် မပြောသည် အတူတူပင်။ သူမဆီမှ ပစ္စည်းများကို ပြန်ပေးရမည်ဆိုခြင်းမှာ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်နှင့် တူပေသည်။
သခင်မဝမ်သည် ထိုစကားကို ကြားသောအခါ လူက ဒဏ်ရာရထား၍လားမသိ၊ သူမ၏ အဓိက ဆိုလိုရင်းကိုပင် နားမလည်ခဲ့ပေ။ ထို့ကြောင့် ဆက်လက်၍ ပြောလိုက်လေသည်။
"အရင်တစ်ခေါက်က မရီးပြောတာ ကြားဖူးတယ်... ကျန့်ထုံးငွေလဲကောင်တာမှာ အပေါင်ခံပြီး ငွေချေးလို့ရတယ်ဆို... တကယ်လို့ ကျွန်မ သွားချေးရင် ဒီနေ့ ချက်ချင်း ပိုက်ဆံရနိုင်မလား..."
မရီးဝမ်သည် သူမကို ပိုက်ဆံ အလျော်ပေးခိုင်းခြင်း မဟုတ်မှန်း ကြားလိုက်ရသည်နှင့် ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။ ချက်ချင်းပင် အကြံပေးတော့လေ၏။
"ငါ့မိဘအိမ်ဘက်က အဝေးဆွေမျိုးတစ်ယောက်က အဲဒီမှာ မန်နေဂျာ လုပ်နေတာ... သူ့ကို နည်းလမ်းတစ်ခုခု စဉ်းစားခိုင်းလို့တော့ ရတယ်... ဒါပေမဲ့ ဒီလိုငွေချေးတာက ပစ္စည်း အပေါင်ထားရတာနော်... ညီမလေးက အခု တစ်ခါတည်း ငွေတစ်သိန်းဆိုတော့... အပေါင်ထားဖို့ ပစ္စည်းများများစားစား ရှိလို့လား..."
သခင်မဝမ်မှာ အံကြိတ်လိုက်ပြီး မည်မျှပင် နှမြောနေပါစေ မလုပ်ဘဲ နေ၍မရပေ။ ထို့ကြောင့် ရှူဆွေ့ကို သစ်သားသေတ္တာတစ်လုံး ယူလာခိုင်းလိုက်သည်။ မစဉ်းစားတော့ဘဲ မရီးဝမ်ကို ကမ်းပေးလိုက်လေ၏။
"မရီး... ဒီအထဲမှာ ကျွန်မ ဒီနှစ်တွေအတွင်း တိတ်တဆိတ် စုဆောင်းထားတဲ့ လယ်ယာမြေ၊ အိမ်ဂရန်တွေနဲ့ ဆိုင်ခန်းတွေ ပါတယ်... တွက်ကြည့်လိုက်ရင် အဲဒီငွေပမာဏလောက်တော့ တန်ပါတယ်... အရင်ဆုံး သွားပေါင်ထားပေးပါ... သုံးလကြာရင် ကျွန်မကိုယ်တိုင် လူလွှတ်ပြီး ငွေနဲ့ ပြန်ရွေးမယ်လို့ သူတို့ကို ပြောလိုက်ပါ..."
"သုံးလ... ညီမလေးမှာ တခြား စီးပွားရေးတွေ ရှိသေးလို့လား..."
"အခု ခုနစ်လပိုင်းတောင် ရောက်တော့မယ်... ရှစ်လပိုင်းကုန်၊ ကိုးလပိုင်းအစလောက်ဆိုရင် အိမ်တော်မှာ ဆောင်းဦးစာရင်းတွေ ဝင်လာတော့မယ် မဟုတ်လား... အဲဒီအချိန်ကျရင် အရင်တုန်းကလိုပဲ နည်းနည်းလေး ဉာဏ်သုံးလိုက်ရင် သေချာပေါက် ရလာမှာပါ..."
မရီးဝမ်က ခေါင်းညိတ်လိုက်လေသည်။ ဤသည်မှာလည်း ကောင်းမွန်သော နည်းလမ်းတစ်ခုပင်။ သို့သော် အမတ်ချုပ်အိမ်တော်၏ အမည်ပေါက် ဆောင်းဦးစာရင်းများမှ ဤမျှများပြားသော ငွေကြေးများကို တကယ်ပဲ ထုတ်ယူသုံးစွဲနိုင်ပါမည်လား။ သူမ အလွန် သံသယဝင်နေမိသည်။
သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ ဒုတိယအိမ်ထောင်စု၏ သမီးတစ်ယောက်က နန်းတော်ထဲတွင် ကွေ့ဖေးအဖြစ် ရှိနေသည်မဟုတ်လား။ အကယ်၍ ဆောင်းဦးစာရင်းထဲက ထုတ်ယူ၍ မရနိုင်လျှင်တောင် ကွေ့ဖေးက သေချာပေါက် နည်းလမ်းရှာပေးမည်သာ။ ထို့ကြောင့် ပြုံးကာ လက်ခံလိုက်လေသည်။
"စိတ်ချပါ... ဒီကိစ္စကို ငါ့ဆီသာ လွှဲထားလိုက်... မိုးမချုပ်ခင် ငွေလက်မှတ်တွေ သေချာပေါက် လာပို့ပေးမယ်..."
"မရီးကို အလုပ်ရှုပ်စေမိပြီ..."
ထို့နောက် ရှူဆွေ့ကို ပြောလိုက်လေသည်။
"နင် သွား... မရီးနောက်ကို လိုက်ပြီး ဒီကိစ္စကို လုပ်ချေ... နင့်မျက်နှာကို သေချာ ဖုံးထားဖို့ မမေ့နဲ့နော်... နောက်ရက် ပြန်ရွေးရမယ့်အချိန်ကျရင်လည်း နင်ပဲ သွားလုပ်ရမှာ..."
"ဒီအစေခံ သိပါပြီ..."
အကယ်၍ ဝမ်မားမားသာ ရှိနေသေးလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သူမအား လွှဲအပ်ခြင်းက အသင့်တော်ဆုံး ဖြစ်ပေမည်။ သို့သော် ယခုတော့ လူပုလေးတွေထဲကမှ အရပ်အရှည်ဆုံးကို ရွေးရသကဲ့သို့ အနည်းငယ် ဉာဏ်ရည်ရှိသော ရှူဆွေ့ကိုသာ ရွေးချယ်ရတော့သည်။
မရီးဝမ်သည် လူများကို ခေါ်ဆောင်ကာ အလျင်စလို ပြန်ထွက်သွားလေ၏။ တံခါးမှ ထွက်သည်နှင့် တောင်ဘက်ရှိ ကျန့်ထုံးငွေလဲကောင်တာဆီသို့ တန်းတန်းမတ်မတ် သွားလေသည်။
သူတို့ ထွက်သွားပြီး မကြာမီမှာပင် သုန်မိသားစု၏ မြင်းလှည်း ရောက်ရှိလာခဲ့လေသည်။ မြင်းလှည်းပေါ်မှ ဆင်းလာသူများမှာ သုန်မိသားစု၏ ပထမသခင်ကြီးသုန်၊ ဒုတိယသခင်ကြီးသုန်နှင့် ဒုတိယသခင်မသုန်တို့ပင် ဖြစ်သည်။
သူတို့သုံးယောက်လုံး၏ မျက်နှာများမှာ သိပ်မကောင်းကြပေ။ အထူးသဖြင့် ဒုတိယသခင်ကြီးသုန်ပင်။ သူ၏ တူဖြစ်သူ ခေါင်းနောက်ဘက်တွင် အရိုက်ခံရ၍ ဒဏ်ရာရကြောင်း ကြားလိုက်ရသည်နှင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရလေသည်။
သူတို့သည် သမားတော်များဖြစ်ကြပြီး လူသေကိုပင် ပြန်ရှင်အောင် ကယ်တင်နိုင်ကြသူများ ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အချို့သော ရောဂါဝေဒနာများမှာ ကုသ၍ မရနိုင်ကြောင်းကိုလည်း သူတို့ သိထားကြသည်။ လူဆိုသည်မှာ မရှိတော့ဘူးဆိုလျှင်လည်း တကယ် မရှိတော့သည်သာ။
သနားစရာကောင်းသော လင်မုကျစ်မှာ အသက်ဆယ့်သုံးနှစ်သာ ရှိသေးသည်။ အကယ်၍ ဤမတော်တဆမှုကြောင့်သာ လူသေဆုံးသွားရမည်ဆိုလျှင် ကောင်းကင်ဘုံကပင် ပါရမီရှင်ကို မနာလိုဖြစ်သည်ဆိုသော စကားနှင့် အမှန်တကယ် ကိုက်ညီပေလိမ့်မည်။
တံခါးဝတွင် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် အိမ်တော်ထိန်းလင် ရပ်နေလေသည်။ သူတို့သုံးယောက် ဆင်းလာသည်ကို မြင်သည်နှင့် ချက်ချင်းပင် ရှေ့တိုးကာ ကြိုဆိုလိုက်လေ၏။
"ပထမသခင်ကြီးသုန်... ဒုတိယသခင်ကြီးသုန်နဲ့ ဒုတိယသခင်မသုန်တို့ကို ဂါရဝပြုပါတယ်..."
"အိမ်တော်ထိန်းလင်... ကိစ္စက အရေးကြီးတယ်... ကျွန်တော်တို့ကို မြန်မြန် မုကျစ်ဆီ အရင်ခေါ်သွားပေးပါဦး..."
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒီဘက်ကို ကြွပါ..."
ပြောပြီးသည်နှင့် သူတို့မှာ ခြေလှမ်းသွက်သွက်ဖြင့် အရှေ့ဆောင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကြလေသည်။
ယွိရှင်းဆောင် ရှေ့မှ ဖြတ်သောအခါ အိမ်တော်ထိန်းလင်က တမင်တကာပင် လမ်းလွှဲကာ ခေါ်ဆောင်သွားလေ၏။
သုန်မိသားစုမှ လူများလည်း တစ်ချိန်ချိန်တွင် ကိစ္စရပ်များ၏ အမှန်တရားကို သေချာပေါက် သိလာရမည်ဆိုသော်လည်း ယခုအချိန်တွင် သူတို့ကို ယွိရှင်းဆောင် ၏ ဆိုးရွားသော အခြေအနေကို ပေးမြင်လိုက်မည်ဆိုပါက ပြဿနာများစွာ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်ရပေသည်။
သူသည် ပထမအိမ်ထောင်စုအတွက် မတရားဘူးဟု ခံစားရသော်လည်း မည်သို့ပင်ဆိုစေ သူက အမတ်ချုပ်အိမ်တော်၏ အိမ်တော်ထိန်းသာ ဖြစ်ပေသည်။