← Chapters

ဒဏ်ရာပြင်းထန်သဖြင့် အိမ်မှထွက်ခွာခြင်း

Vol. 12 Ch. 119

ဒဏ်ရာပြင်းထန်သဖြင့် အိမ်မှထွက်ခွာခြင်း

Vol. 12 Ch. 119

မျက်နှာပျက်စရာ ကိစ္စတွေကိုတော့ ထည့်မတွက်ဘဲ မနေနိုင်ပေ။

အရှေ့ဆောင်အတွင်းတွင် ခစားနေသည့် အစေခံ တစ်ယောက်မှ မရှိတော့ချေ။

ပထမသခင်ကြီးသုန်သည် ခြံဝင်းထဲ ဝင်လာကတည်းက မျက်နှာထား အလွန်ဆိုးရွားနေလေပြီ။

သို့သော် လူမတွေ့သေးသဖြင့် ဘာမှမပြောသေးပေ။

တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ရာ ပထမသခင်ကြီးလင်နှင့် မိမိ၏ ညီမဖြစ်သူကို သေချာမြင်လိုက်ရချိန်တွင် သူ၏ အသံများပင် အနည်းငယ် တုန်ယင်သွားတော့သည်။

"ဘာတွေဖြစ်ခဲ့တာလဲ... ဘယ်လိုလုပ် ဒီလောက်တောင် ဒဏ်ရာတွေ ပြင်းထန်နေရတာလဲ..."

"အစ်ကိုကြီး... အစ်ကိုတို့ ရောက်လာကြပြီပဲ... မြန်မြန်... တတိယသခင်လေးကို အမြန်ကြည့်ပေးပါဦး... တော်ဝင်သမားတော် လာကြည့်သွားတာတောင် မလွယ်တော့ဘူးလို့ ပြောသွားတယ်..."

သခင်မသုန်က ပြောရင်းနှင့်ပင် အလွန်အမင်း ဝမ်းနည်းစွာ ငိုကြွေးနေလေ၏။

ပထမသခင်ကြီးလင်မှာ ဘေးမှနေ၍ ဇနီးဖြစ်သူကို နှစ်သိမ့်ပေးရုံမှလွဲ၍ အခြားဘာမှ မလုပ်ပေးနိုင်ခဲ့ပေ။

ဒုတိယသခင်ကြီးသုန်နှင့် ဒုတိယသခင်မသုန်တို့လည်း စကားများများမပြောတော့ချေ။

ချက်ချင်းပင် ရှေ့တိုးကာ လင်မုကျစ်၏ ဒဏ်ရာများကို စတင်စစ်ဆေးတော့လေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ သိပ်မပြင်းထန်လှပေ။ ပွန်းပဲ့ဒဏ်ရာနှင့် သွေးခြေဥနေသည့် နေရာအနည်းငယ်သာရှိပြီး ရက်အနည်းငယ် ဆေးလိမ်းလိုက်ရုံဖြင့် ပျောက်ကင်းသွားနိုင်ပေသည်။

အန္တရာယ်အရှိဆုံးမှာ နောက်စေ့မှ ဒဏ်ရာပင် ဖြစ်သည်။

သုန်မားမားက သူ့ကို ဘေးတစောင်း သိပ်ထားပြီး နောက်ကျောတွင် ခေါင်းအုံးခုပေးထားလေသည်။ ထိုသို့ထားမှသာ ခေါင်းပေါ်ရှိ ဒဏ်ရာ ထပ်မံပွတ်တိုက်မိခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

ခေါင်းပေါ်မှ သွေးများကို အသာအယာ သုတ်သင်ပေးထားပြီးဖြစ်ရာ ဒဏ်ရာမှာ အလွန်သိသာထင်ရှားနေလေ၏။

ယခု သွေးသိပ်မထွက်တော့သော်လည်း အလွန်ကြီးမားသော အဖုကြီးတစ်ခု ဖောင်းတက်နေလေပြီ။

ကြည့်ရသည်မှာ အလွန်ကျောချမ်းစရာ ကောင်းလှပေသည်။

"သစ်သားပြားနဲ့ ရိုက်ခံထားရတာလား..."

ဒုတိယသခင်မ ယွင်ရှီက မျက်နှာထား တည်တည်ဖြင့် မေးလိုက်လေသည်။

သုန်မားမားက ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေ၏။

"ဟုတ်ပါတယ်... အနောက်ဆောင်က ဒုတိယသခင်မဘေးမှာရှိတဲ့ ဝမ်မားမား ရိုက်လိုက်တာပါ... အစက ပထမသခင်မကို ရိုက်ချင်တာ... တတိယသခင်လေးက ပြေးသွားပြီး ဖက်လိုက်တဲ့အချိန်မှာ ဒီအရိုက်ကို ခံလိုက်ရတာပါ..."

"နင် ပြန်ရောက်တာ ဘယ်လောက်မှ မကြာသေးဘူးလေ... သူက ဘာကိစ္စနဲ့ နင့်ကို ရိုက်ရတာလဲ..."

ပထမသခင်ကြီးသုန်မှာ ဆေးကုသခြင်းနှင့် ပတ်သက်၍ ပါရမီမပါသဖြင့် ဒုတိယအိမ်ထောင်စုက ဘာကြောင့်များ အာဏာပြပြီး အနိုင်ကျင့်ရသနည်းဆိုသည့် အချက်ကိုသာ ပို၍ စိတ်ဝင်စားနေလေ၏။

"သူက တတိယသခင်လေးကို သူ့သားရဲ့ စုတ်တံကို ခိုးတယ်ဆိုပြီး စွပ်စွဲတယ်... ပြီးတော့ အိမ်တော်စည်းကမ်းနဲ့ အပြစ်ပေးချင်နေတာ... အဲဒါကို ငါက လက်မခံနိုင်လို့ ရှေ့ထွက်ပြီး ငြင်းခုံခဲ့တာ... စကားများရင်းနဲ့ ရိုက်ပွဲပါ ဖြစ်သွားတာပဲ..."

သခင်မသုန်က အခြေအနေကို စကားအနည်းငယ်ဖြင့် အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။

ပထမသခင်ကြီးသုန်မှာ ခေါင်းနှင့်ပန်း မခွဲခြားတတ်အောင် ရှုပ်ထွေးသွားပြီး ဆက်မေးရန် ပြင်လိုက်စဉ်မှာပင် ပထမသခင်ကြီးလင်က ဝင်ပြောလိုက်လေသည်။

"အစ်ကိုကြီးသုန်... ကျွန်တော်တို့ အိမ်ခွဲဖို့ ပြောပြီးပြီ... အဖေက သဘောတူလိုက်ပြီ... ဒါကြောင့် ဒီနှစ်ရက်အတွင်း အမတ်ချုပ်အိမ်တော်ကနေ ပြောင်းရွှေ့ရတော့မယ်... ဒါပေမဲ့ အပြင်ဘက်က အိမ်ငှားမယ့် အခြေအနေတွေကို ကျွန်တော်တို့ သိပ်နားမလည်လို့... အစ်ကိုကြီးပဲ အပင်ပန်းခံပြီး သင့်တော်တာလေး ရှိမရှိ ကြည့်ပေးပါဦး..."

"အိမ်ခွဲမယ်..."

ပထမသခင်ကြီးလင်၏ စကားကြောင့် ပထမသခင်ကြီးသုန်မှာ အံ့သြသွားရလေ၏။

သူတို့အနေဖြင့် ညီမဖြစ်သူနှင့် ယောက်ဖတို့ မိသားစု အမြန်ဆုံး အိမ်ခွဲပြီး သီးသန့်သွားနေစေချင်သည်မှာ မှန်ပေသည်။

သို့သော် အမတ်ချုပ်ကြီး သက်ရှိထင်ရှား ရှိနေသေးသဖြင့် ဤအတွေးမှာ မဖြစ်နိုင်ဘူးဟု ထင်မှတ်ထားခဲ့ကြသည်။

ထို့ကြောင့်သာ သူတို့က အမတ်ချုပ်အိမ်တော်အတွင်း အဆင်ပြေပြေ နေနိုင်စေရန် မျှော်လင့်ချက်ဖြင့် ထပ်ခါတလဲလဲ ကူညီထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ သခင်မသုန်သည်လည်း မျက်ထောင့်မှ မျက်ရည်များကို သုတ်လိုက်လေ၏။

သူမသည် ယခုအခါ ငိုထားသဖြင့် မျက်လုံးများလည်း ဖောင်းအစ်နေပြီး နှာခေါင်းများလည်း နီရဲနေလေပြီ။ သို့သော် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြည့်မည်ဆိုပါက ယခင်ကထက် အများကြီး ပို၍ ပေါ့ပါးလွတ်လပ်နေလေသည်။

"သခင်ကြီး ပြောတာ မှန်ပါတယ်... အစ်ကိုကြီးက အဆက်အသွယ် များတယ်လေ... သင့်တော်တဲ့ ခြံဝင်းလေး ရှိမရှိ ကူရှာပေးပါဦး... ရှိရင် ကျွန်မတို့ ချက်ချင်း ပြောင်းသွားကြမယ်..."

ပထမသခင်ကြီးသုန်သည် ဘာမှမပြောဘဲ မိမိ၏ ညီမဖြစ်သူကိုသာ စူးစူးစိုက်စိုက် ကြည့်နေလိုက်လေ၏။

ယခုကိစ္စများက တကယ်ကို တစ်ခုပြီးတစ်ခု တိုက်ခတ်လာသော လှိုင်းလုံးကြီးများကဲ့သို့ဟုသာ ခံစားနေရသည်။

ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့ နှစ်ဦးစလုံး ဆက်မပြောချင်ကြသည်ကို မြင်သောအခါ သူလည်း ထပ်မမေးတော့ပေ။

မည်သို့ပင်ဖြစ်စေ အမတ်ချုပ်အိမ်တော် အတွင်းမှာပင် ရှိနေသေးသဖြင့် အချို့စကားများ ပြောရန် အဆင်မပြေလှပေ။

ထို့ကြောင့် ပထမသခင်ကြီးလင်တို့ ဇနီးမောင်နှံကို ပြောလိုက်လေသည်။

"သိပါပြီ... ငါ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."

ထို့နောက် စစ်ဆေးနေဆဲဖြစ်သော ဒုတိယသခင်ကြီးသုန်တို့ ဇနီးမောင်နှံကို ထပ်မေးလိုက်လေသည်။

"ဘယ်လိုလဲ... မုကျစ်ရဲ့ အခြေအနေ ကောင်းရဲ့လား..."

"သိပ်မကောင်းဘူး... အသက်ဆက်ဆေးမှုန့်ကို တိုက်ထားပေမဲ့ အဲဒီဆေးကလည်း လဝက်လောက်ပဲ အသက်ဆက်ပေးထားနိုင်မှာ... တကယ်လို့ ဒီလဝက်အတွင်းမှာ သတိမရလာဘူးဆိုရင်... သေချာပေါက် တစ်သက်လုံး သတိရလာတော့မှာ မဟုတ်ဘူး..."

စကားပြောလိုက်သူမှာ ဒုတိယသခင်မ ယွင်ရှီပင် ဖြစ်သည်။

သူမက အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး လိမ်ညာလေ့ မရှိပေ။

ထို့ပြင် သူမ၏ ဆေးပညာမှာ ပြောရမည်ဆိုလျှင် ဒုတိယသခင်ကြီးသုန်ထက်ပင် အနည်းငယ် ပို၍ သာလွန်ပေသည်။

သူမကိုယ်တိုင်ကပင် သိပ်မကောင်းဘူးဟု ပြောနေမှတော့ တကယ်ကို အခြေအနေ မကောင်းဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ သခင်မသုန်မှာ မျက်လုံးထဲတွင် ပြာခနဲဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အားပျော့ခွေကျသွားတော့သည်။

မိဘအိမ်မှ လူများရောက်လာလျှင် မျှော်လင့်ချက် ရှိလာမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

မထင်မှတ်ဘဲ...

"ငါ့ရဲ့ တတိယသခင်လေးရယ်... မင်းက ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ... တတိယသခင်လေး..."

သခင်မသုန်မှာ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုကြွေးနေလေရာ အခန်းထဲရှိ လူအကုန်လုံးပင် လိုက်လံ စိတ်မကောင်းဖြစ်နေကြရသည်။

အလွန် လိမ္မာပြီး အနာဂတ်မှာ တောက်ပမည့် ကလေးတစ်ယောက်။

သို့သော် ဤကဲ့သို့သော အိမ်မျိုးတွင် မွေးဖွားလာသဖြင့် အသက်ကိုပင် ကာကွယ်နိုင်စွမ်း မရှိတော့ပေ။

မုန်းသလား။

သူတို့ သေချာပေါက် မုန်းတာပေါ့။

သို့သော် မုန်းနေရုံဖြင့်ရော ဘာတတ်နိုင်မည်နည်း။

ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်ကို ရင်ဆိုင်ရန် အာဏာလည်းမရှိ၊ သြဇာလည်းမရှိသော သူတို့က ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။

သခင်မသုန်သည် စာရင်းစာအုပ်များကို ကိုင်ဆောင်ကာ သူတို့နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့သော်လည်း အိမ်ခွဲရန်ဆိုသည့် အချက်တစ်ခုကိုသာ တောင်းဆိုရဲခဲ့သည်။

သူတို့ ဘာတတ်နိုင်မှာလဲ။ တကယ်လို့ ခွေးကို လမ်းပိတ်သွားသည်အထိ လိုက်ရိုက်မည်ဆိုလျှင် သေချာပေါက် ပြန်လည်အကိုက်ခံရမည်သာ။

သူတို့ ပထမအိမ်ထောင်စုနှင့် သုန်မိသားစုတို့၏ လက်ရှိ စွမ်းရည်နှင့် အင်အားကို ပေါင်းလိုက်လျှင်တောင်မှ အမတ်ချုပ်အိမ်တော်နှင့် ကျန်းမင်းသားအိမ်တော်ဆိုသည့် သစ်ပင်ကြီး နှစ်ပင်ကို လှုပ်ခါနိုင်စွမ်း မရှိပေ။

မြွေကို သေအောင်မရိုက်နိုင်လျှင် ကျောခိုင်းသည်နှင့် ပြန်ပေါက်ခံရမည်သာ။

ထိုသို့ဆိုလျှင် သုန်မိသားစုနှင့် ပထမအိမ်ထောင်စုတို့ ရင်ဆိုင်ရမည့်အရာမှာ ပျက်စီးသွားနိုင်ပေသည်။

ဤအချက်များကို အခန်းထဲတွင် ရှိနေသူတိုင်း ကောင်းစွာ သိရှိနားလည်ထားကြသည်။

သို့သော် ဤသို့ ကောင်းစွာ သိရှိနေခြင်းကပင် လူကို အနာကျင်ရဆုံး ဖြစ်စေသည်။

အာဏာရှင်များကို ရင်ဆိုင်ရန် အရာအားလုံးကို စွန့်လွှတ်ပြီး အသေခံတိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ နောက်ဆုံးတွင် သူတို့၏ လူပမာဏတစ်ဝက်လောက်ကိုသာ ထိခိုက်နိုင်မည်ဖြစ်သည်။

အခြေခံအုတ်မြစ်ကို ထိခိုက်စေမည် မဟုတ်ပေ။

ထို့ကြောင့် ကိုယ်တိုင် အင်အားကြီးမားမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပေမည်။

သခင်မသုန်၏ အဆက်မပြတ် အော်ဟစ်ငိုကြွေးသံများက ပထမသခင်ကြီးလင်၏ နားထဲသို့ ဝင်ရောက်လာလေ၏။

ယခုအချိန်တွင်သာ ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် သူသည် မိန်းမယူပြီးသည်နှင့် အမတ်ချုပ်အိမ်တော်မှ ကိုယ့်သဘောဖြင့်ကိုယ် ထွက်သွားလိုက်မည်သာ။

အမတ်ချုပ်အိမ်တော်အတွင်းတွင် အနိုင်ကျင့်ခံပြီး နောက်ဆုံး ဤကဲ့သို့သော အခြေအနေဆိုးနှင့် ရင်ဆိုင်ရမည့်အစား ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်ကာ အပြင်ဘက်တွင် ရိုးရှင်းအေးချမ်းသော ဘဝမျိုးဖြင့်သာ ဖြတ်သန်းချင်သည်။

အမုန်းတရားနှင့် ခိုင်မာပြတ်သားမှုတို့က သူ၏ ရင်ထဲတွင် အမြစ်တွယ်သွားလေပြီ။

သူသည် တွေဝေထိုင်းမှိုင်းစွာဖြင့် အနှစ်လေးဆယ်ကျော် ဖြတ်သန်းခဲ့ပြီးပြီဖြစ်ရာ ယနေ့မှစ၍ သူများ၏ အနိုင်ကျင့်ခံဘဝမျိုး လုံးဝ အဖြစ်မခံတော့ပေ။

ထိုအကြောင်းကို တွေးပြီးသည်နှင့် သူက ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်လေသည်။

"မုကျစ်ကို ခေါ်သွားမလား... သူ့ကို အိမ်ခေါ်သွားမှ အစ်ကိုတို့ ဆေးကုပေးရတာ အဆင်ပြေလိမ့်မယ်..."

"ခေါ်လို့တော့ ရပါတယ်... ဒါပေမဲ့ သူ့ခေါင်း အရမ်းမလှုပ်သွားအောင် မြင်းလှည်းထဲမှာ စောင်တွေ အများကြီး ခံထားရမယ်... ပြီးတော့ လူအားနဲ့ ဆွဲသွားတာ အကောင်းဆုံးပဲ... အဲဒါဆို ပိုပြီး ငြိမ့်ညောင်းတာပေါ့..."

"ဒါက မခက်ပါဘူး... ငါပဲ စီစဉ်လိုက်ပါ့မယ်... အဲဒါဆို မင်းတို့က ဒီမှာ ပစ္စည်းတွေ အရင် သိမ်းထားလိုက်ကြ... ငါ သွားလိုက်ဦးမယ်..."

"ကောင်းပြီ..."

ပထမသခင်ကြီးသုန် ရှိနေသောကြောင့် ဤကိစ္စများကို စီစဉ်ရသည်မှာ အလွန်လွယ်ကူသွားလေသည်။

ဒုတိယသခင်ကြီးသုန်နှင့် ယွင်ရှီတို့က လင်မုကျစ်၏ ဘေးတွင် အမြဲစောင့်ကြည့်ပေးနေသဖြင့် သခင်မသုန်နှင့် သုန်မားမားတို့မှာ ပစ္စည်းများကို သေချာ သိမ်းဆည်းနိုင်လေသည်။

အမှန်တကယ်ဆိုလျှင် ယူသွားရမည့် ပစ္စည်းများမှာ များလည်းမများ၊ နည်းလည်းမနည်းလှပေ။

အကယ်၍ သူတို့ အရေးကြီးသည့်အရာများကိုသာ ယူမည်ဆိုလျှင် သေတ္တာနှစ်လုံး သုံးလုံးလောက်ဖြင့်ပင် ပြီးစီးနိုင်ပေသည်။

သို့သော် ယခုလက်ရှိတွင် ခြံဝင်းထဲရှိ လူများအားလုံး ထင်းတဲထဲတွင် အကျဉ်းချခံထားရသည်။

သူတို့အနေဖြင့် ကြီးကြီးမားမား လှုပ်ရှားချင်လျှင်တောင်မှ မဖြစ်နိုင်တော့ပေ။

"စိတ်ချပါ... သူတို့ရဲ့ အစေခံစာချုပ်တွေ အကုန်လုံးက ငါ့လက်ထဲမှာ ရှိတယ်... အိမ်ခွဲသွားရင်တောင်မှ သူတို့ကို ခေါ်သွားမှာပါ... သူတို့ကို ဒီမှာ ထားခဲ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."

သခင်မသုန်က ဤစကားကို ပြောနေစဉ် သုန်မားမား၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

"မားမားလည်း အတူတူပဲ... ဘာမှ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်... မားမားတို့ကို ငါ ခေါ်သွားနိုင်တယ်... ငါ့ကို ယုံပါ..."

သုန်မားမားက ပြုံးလိုက်ပြီး မျက်ဝန်းထဲတွင် ကြည်နူးမှုများ ပြည့်နှက်နေလေ၏။

သို့သော် သူမ သေချာသိထားသည်မှာ သူမသည် လူတစ်ယောက်၏ အသက်ကို သတ်မိခဲ့ပြီးပြီ ဖြစ်သည်။

အသက်မလျော်ရဘူးဆိုလျှင်သာ ထူးဆန်းနေမည်။

သို့သော် ယခုအချိန်တွင် သခင်မသုန်ကို ထပ်ပြီး စိတ်မကောင်း မဖြစ်စေချင်တော့သဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

"ဒီအစေခံက သခင်မကို ယုံပါတယ်... သခင်မ ဘာလုပ်ချင်လဲဆိုတာ သာမန်ကာလျှံကာ တွေးမနေဘဲ လုပ်စရာရှိတာသာ ဆက်လုပ်ပါ..."

All Chapters