အစေခံများကို ခေါ်ဆောင်သွားခြင်း
Vol. 12 Ch. 120
"အင်း..."
သူတို့နှစ်ဦး ပစ္စည်းများ သိမ်းဆည်းနေစဉ်မှာပင် အိမ်တော်ထိန်းလင် ရောက်လာသည်ကို မြင်လိုက်ရသည်။
သူ၏ အနောက်တွင် အရင်က အရှေ့ဆောင်မှာ သူတို့ကို ခစားခဲ့သော အစေခံများလည်း ပါလာလေသည်။
လူနှစ်ဆယ်ကျော်ရှိပြီး တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသီးသီး ရှိနေကြသော်လည်း မျက်ဝန်းများထဲတွင်မူ သေဘေးမှ လွတ်မြောက်လာသည့် အရိပ်အယောင်များ ပြည့်နှက်နေကြ၏။
သခင်မသုန်ကို မြင်လိုက်ရသောအခါ အားလုံးက တပြိုင်နက်တည်း ဒူးထောက်ချလိုက်ကြလေသည်။
"ဒီအစေခံတွေ အသက်ကို ကယ်တင်ပေးတဲ့အတွက် ပထမသခင်မကို ကျေးဇူးတင်ပါတယ်..."
ဤမြင်ကွင်းကြောင့် သခင်မသုန်နှင့် သုန်မားမားတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
ခုလေးတင်မှ လူကယ်မည့်အကြောင်း ပြောနေကြတာ၊ ဘယ်လိုလုပ် မျက်စိတစ်မှိတ်အတွင်းမှာ အောင်မြင်သွားရတာလဲ။
ထို့ကြောင့် အိမ်တော်ထိန်းလင်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
"အိမ်တော်ထိန်းလင်... ဒါက..."
"အမတ်ချုပ်ကြီး မှာလိုက်တာပါ... ပထမအိမ်ထောင်စုက အိမ်ပြောင်းမယ်ဆိုရင် ခစားမယ့် အစေခံမရှိလို့ မဖြစ်ဘူးတဲ့... ဒါကြောင့် အထူးကင်းလွတ်ခွင့်ပေးပြီး သူတို့ကို လွှတ်ပေးလိုက်တာပါ... အကုန်လုံးကို တစ်ခါတည်း လာပို့ပေးတာပါ..."
သခင်မသုန်၏ ရင်ထဲတွင် အနည်းငယ်မျှ ကျေးဇူးတင်သွားမိသော်လည်း ထိုကျေးဇူးတင်မှုက ဤအချိန်လေး၌သာ ကန့်သတ်ထားလေသည်။
နှစ်ပေါင်းများစွာကြာအောင် အမတ်ချုပ်လင်၏ လျစ်လျူရှုထားမှုက ပထမအိမ်ထောင်စု ယနေ့အထိ အနိုင်ကျင့်ခံရခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပေသည်။
အကယ်၍ အစကတည်းက သူသာ ဖခင်တစ်ယောက်အနေဖြင့် တရားမျှတစွာ ဆက်ဆံပေးခဲ့မည်ဆိုလျှင် အရှေ့ဆောင်နှင့် အနောက်ဆောင်တို့သည် ယနေ့အခြေအနေအထိ ရောက်လာမည်မဟုတ်ပေ။
ခဏမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"ယောက္ခမကြီးကို ကျွန်မကိုယ်စား ကျေးဇူးတင်ပေးပါဦး အိမ်တော်ထိန်းလင်... ပြီးတော့ သုန်မားမား ကိစ္စကရော..."
ပထမသခင်မဖြစ်သူ သခင်မသုန် ယခုအချိန်တွင် အစိုးရိမ်ဆုံးမှာ ဤကိစ္စပင် ဖြစ်သည်။ အကယ်၍ သုန်မားမားကို ခေါ်မသွားနိုင်ဘူးဆိုလျှင် သူမလည်း ယနေ့ ထွက်သွားနိုင်မည် မဟုတ်ပေ။
ထိုအခါ အိမ်တော်ထိန်းလင်က ခပ်ဖွဖွလေး ပြုံးလိုက်လေသည်။
"ပထမသခင်မ စိတ်ချပါ... အမတ်ချုပ်ကြီးက ပြောတယ်... သုန်မားမားက သခင်ကို ကာကွယ်ဖို့အတွက် အဲဒီအစေခံအိုကြီးကို မှားယွင်းပြီး ရိုက်မိသွားတာတဲ့... အဲဒီအစေခံက အပြစ်ကြီးလွန်းတယ်... သခင်လေးကိုတောင် ဒုက္ခပေးချင်နေတာဆိုတော့ သေတာတောင် နည်းသေးတယ်တဲ့... ဝမ်မိသားစုဆီကိုလည်း သတင်းပို့လိုက်ပါပြီ... ဝမ်မိသားစုကလည်း ဒီလို အောက်တန်းကျတဲ့ အစေခံမျိုးက မသေလို့ အိမ်ပြန်ပို့ရင်တောင် ရိုက်သတ်ပစ်မှာလို့ ပြန်ပြောလိုက်တယ်... ဒါကြောင့် သုန်မားမားအတွက် ဘာပြဿနာမှ မရှိတော့ပါဘူး... နောက်ဆို ပထမသခင်မနောက်ကိုပဲ လိုက်သွားလို့ ရပါပြီ..."
ထိုစကားကို ကြားလိုက်ရသောအခါ သခင်မသုန်နှင့် သုန်မားမားတို့မှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားကြလေသည်။
အထူးသဖြင့် သုန်မားမားပင်၊ သူမက ဤတစ်ကြိမ်တွင်တော့ သူမအသက် မရှင်ရတော့ဘူးဟု ထင်မှတ်ထားခဲ့သည်။
ပထမသခင်မတို့ဘက်က အခြေအနေများ အဆင်ပြေသွားချိန်ကျမှ အမတ်ချုပ်အိမ်တော်သို့ ပြန်လာပြီး ပြစ်ဒဏ်ခံယူမည်ဟု စဉ်းစားထားခဲ့ခြင်းပင်။
မထင်မှတ်ဘဲ...
သူမ အသက်ရှင်လျက် ထွက်ခွာခွင့် ရခဲ့လေပြီ။
လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရှည်လျားစွာ မှုတ်ထုတ်လိုက်လေ၏။
"အမတ်ချုပ်ကြီးကို ကျေးဇူးတင်ပါတယ်... ဒီအစေခံ ဂါရဝပြုပါတယ်..."
ထို့နောက် ရုံဟယ့်ဆောင် ရှိရာဘက်သို့ လှည့်ကာ ဤတစ်ကြိမ်တွင်တော့ ရိုးသားစစ်မှန်သော စိတ်ဖြင့် ဒူးထောက်ကာ ဦးအကြိမ်ကြိမ် ချလိုက်လေသည်။
ထို့နောက်မှ မတ်တပ်ရပ်လိုက်ပြီး ပြန်ရောက်လာသော အစေခံများကို ခေါ်ဆောင်ကာ ဆေးအရင်သွားထည့်ပေးလိုက်လေသည်။
အရှေ့ဆောင်က လူများ သိပ်ကြာကြာ နေရတော့မည်မဟုတ်မှန်း အိမ်တော်ထိန်းလင် သိထားသဖြင့် စကားတစ်ခွန်း မေးလိုက်လေသည်။
"ပထမသခင်မ... အပြင်ဘက်မှာ သင့်တော်တဲ့ နေစရာ ရပြီလား... ဒီအစေခံ ကူပြီး ရှာပေးရဦးမလား..."
သခင်မသုန်က သူ၏ စေတနာကို သိသော်လည်း သွယ်ဝိုက်သောနည်းဖြင့် ငြင်းပယ်လိုက်လေသည်။
"ကျွန်မတို့ အိမ်က အစ်ကိုကြီးကို ကူရှာပေးဖို့ ပြောထားပါတယ်... ဒီရက်ပိုင်းအတွင်း သတင်းကောင်း ကြားရလောက်ပါတယ်... အခုက တတိယသခင်လေးရဲ့ ရောဂါအခြေအနေက မကောင်းနေတော့ အချိန်မရွေး ဆေးကုသလို့ရအောင် မိဘအိမ်ကိုပဲ ပြန်ပြီး ရက်အနည်းငယ် နေလိုက်ဦးမယ်..."
"ဟုတ်တာပေါ့... ဟုတ်တာပေါ့... ဒုတိယသခင်ကြီးသုန်ရဲ့ ဆေးပညာက အပြင်မှာ လူတိုင်း ချီးကျူးနေကြတာပဲလေ... သူရှိနေရင် တတိယသခင်လေးလည်း သေချာပေါက် ကံဆိုးတာတွေ ကုန်ဆုံးပြီး ကံကောင်းလာမှာ သေချာပါတယ်... အန္တရာယ်ကနေ ကင်းဝေးသွားမှာပါ..."
"အဲဒီလို ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..."
"ဒါဆို ပထမသခင်မ ဆက်လုပ်စရာရှိတာ လုပ်ပါဦး... တကယ်လို့ လိုအပ်တာများရှိရင် ဒီအစေခံကို လာခေါ်ခိုင်းလိုက်ပါ..."
"ကောင်းပါပြီ... အိမ်တော်ထိန်းလင် ဖြည်းဖြည်းသွားပါ..."
အရှေ့ဆောင်အတွင်းတွင် ဒုတိယသခင်မ ယွင်ရှီက သူတို့အားလုံး၏ ဒဏ်ရာများကို တစ်ယောက်ချင်းစီ လိုက်စစ်ဆေးပေးနေလေသည်။
အစေခံမလေး သုံးယောက်မှာ အကြောလွဲဒဏ်ရာ ပြင်းထန်သဖြင့် လဝက်ခန့် ငြိမ်သက်စွာ အနားယူရန် လိုအပ်သည်မှလွဲ၍ ကျန်သူများမှာ အရေပြား ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်သည်။
ဆေးလိမ်းပြီး အနားယူလိုက်လျှင် ပျောက်ကင်းသွားနိုင်ပေသည်။
သူတို့ ပြန်ရောက်လာချိန်တွင် "အိမ်ခွဲမည်" ဆိုသော ကိစ္စကို ကြားသိခဲ့ပြီးဖြစ်ရာ လူတိုင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လွင်နေကြ၏။
ပထမအိမ်ထောင်စုနှင့်အတူ စိတ်ပျက်စရာကောင်းလှသော ဤနေရာမှ ထွက်ခွာခွင့်ရမည်ကို တွေးမိသည်နှင့် အလွန်ပျော်ရွှင်နေကြလေသည်။
ပစ္စည်းများ သိမ်းဆည်းသည့် လှုပ်ရှားမှုများတွင် အလွန်ပင် သွက်လက်မြန်ဆန်လှပေသည်။
အချိန်နာရီဝက်ခန့် အကြာတွင်တော့ ခြံဝင်းအလယ်ရှိ မြေကွက်လပ်ပေါ်တွင် သေတ္တာအလုံး လေးဆယ်ကျော် ချထားပြီးဖြစ်လေသည်။
အထဲတွင် ထည့်ထားသည်များမှာ နေ့စဉ် သုံးနေကျ ပစ္စည်းများသာ ဖြစ်သည်။
အခန်းတွင်းရှိ စားပွဲ၊ ကုလားထိုင်နှင့် ကုတင်များမှာလည်း သခင်မသုန် အိမ်ထောင်ကျပြီးနောက်ပိုင်း တဖြည်းဖြည်းနှင့် အစားထိုးလဲလှယ်ထားခဲ့သည်များပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဖြစ်ရာ အကုန်လုံး အကျွမ်းတဝင် ဖြစ်နေကြလေပြီ။
သို့သော် တစ်ခါတည်း ယူဆောင်သွားရန် အဆင်မပြေသဖြင့် စွန့်ပစ်လိုက်ရုံသာ ရှိတော့သည်။
ယူသွားနိုင်သည်များမှာ သယ်ဆောင်ရ လွယ်ကူသော ပစ္စည်းများသာ ဖြစ်သည်။
ထိုမျှ ယူဆောင်သည်တောင်မှ အခန်းတိုင်းတွင် ရုတ်တရက် အလွန် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ အထဲတွင် လူများ ရပ်နေခြင်း မရှိဘူးဆိုလျှင် အလွန် ခြောက်ကပ်နေသော ခံစားချက်မျိုး အပြည့်အဝ ပေးစွမ်းနေမည်မှာ သေချာပေသည်။
ပထမသခင်ကြီးသုန်က အားလုံးကို စီစဉ်ပြီးနောက် မြင်းလှည်းများကို ခေါ်ဆောင်လာခဲ့လေသည်။
အမတ်ချုပ်အိမ်တော်သို့ ပြန်ရောက်လာချိန်တွင် စောင်များဖြင့် ပတ်ပတ်လည် ထုပ်ပိုးထားသော ထမ်းစင်တစ်ခုနှင့် ကြည့်လိုက်ရုံဖြင့် အလွန်ခွန်အားကြီးမားမှန်း သိသာသော အစေခံအချို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။
လင်မုကျစ်ကို ရွှေ့ပြောင်းသယ်ဆောင်ရာတွင် သတိထားပြီး သေချာလုပ်ရန် လိုအပ်ပေသည်။
အရေးကြီးဆုံးမှာ ခေါင်းနေရာကို ထပ်မံ လှုပ်ခါသွားခြင်းမျိုး မဖြစ်စေရန်ပင်။
ထိုအစေခံများ ထမ်းလာသော ထမ်းစင်မှာ တောင်ကြီးတစ်တောင်ကဲ့သို့ တည်ငြိမ်နေပြီး အနည်းငယ်မျှပင် လှုပ်ခါသွားခြင်း မရှိပေ။
လင်မုကျစ်မှာ ထိုအပေါ်တွင် အိပ်လျက်ပါသွားပြီး မည်သည့် သက်ရောက်မှုကိုမျှ မခံရချေ။
အရှေ့ဆောင်မှ ထွက်လာပြီး မြင်းလှည်းဆီသို့ တန်းတန်းမတ်မတ် သွားကြလေသည်။
မြင်းလှည်းရှေ့တွင် ချည်နှောင်ထားသော မြင်းနှစ်ကောင်စလုံးမှာ လေ့ကျင့်မှု ကောင်းစွာရရှိထားပြီးဖြစ်ရာ တစ်လှမ်းချင်းစီဖြင့် သုန်မိသားစုအိမ်တော်ဘက်သို့ ဖြည်းဖြည်းချင်း သွားနေကြလေသည်။
သခင်မသုန်သည် သားဖြစ်သူနှင့်အတူ အရင် ထွက်သွားလေ၏။
ကျန်ရစ်ခဲ့သော ပစ္စည်းများကိုတော့ ပထမသခင်ကြီးလင်က ညွှန်ကြားကာ အပြင်ဘက်သို့ စတင်သယ်ဆောင်နေကြလေသည်။
အမတ်ချုပ်အိမ်တော် တစ်ခုလုံးရှိ လူများအားလုံး ဖြစ်ပျက်သွားသည့် ကိစ္စများကို သိရှိကြသော်လည်း အိမ်တော်ထိန်းလင်က မည်သူမျှ အရှေ့ဆောင်အနီးသို့ အကြောင်းမဲ့ မကပ်ရန်နှင့် အတင်းအဖျင်း မပြောဆိုရန် တင်းကျပ်စွာ အမိန့်ပေးထားလေသည်။
ထို့ကြောင့် သူတို့ ထွက်ခွာသွားချိန်တွင် မည်သို့သော ရုတ်ရုတ်သဲသဲမျှ မဖြစ်ခဲ့ပေ။
သို့သော် နောက်ဆုံး ပစ္စည်းတင်ထားသော မြင်းလှည်းအချို့ ထွက်ခွာရန် ပြင်နေချိန်တွင်တော့ အိမ်တော်ထိန်းလင် နောက်တစ်ခေါက် ရောက်လာခဲ့ပြီး သူ၏ဘေးတွင် သခင်မဝမ်၏ အစေခံ ရှူဆွေ့လည်း ပါလာလေသည်။
ရောက်လာသူများကို မြင်လိုက်ရသောအခါ ပထမသခင်ကြီးလင်၏ စိတ်ထဲတွင် အလွန်မကျေမနပ် ဖြစ်သွားလေ၏။
"မင်း ဘာလာလုပ်တာလဲ..."
မျက်နှာထားမှာ လေးနက်တည်ကြည်နေပြီး အကာအကွယ်ယူသည့် အငွေ့အသက်များစွာ ပါဝင်နေလေသည်။
ရှူဆွေ့က မျက်မှောင်ကြုတ်လိုက်မိသည်။ အမှန်တကယ်တော့ သူမလည်း ဤနေရာသို့ မလာချင်ခဲ့ပေ။ သို့သော် ယခု အနောက်ဆောင်အတွင်းတွင် သူမမှလွဲ၍ မည်သူကများ လာနိုင်ဦးမည်နည်း။
ထို့ကြောင့် မတတ်သာဘဲ ပြောလိုက်ရလေသည်။
"ဒီအစေခံ ရှူဆွေ့ ပထမသခင်ကြီးကို ဂါရဝပြုပါတယ်... ဒီတစ်ခေါက် ကျွန်မလာတာ အမတ်ချုပ်ကြီးရဲ့ အမိန့်နဲ့ ပထမသခင်ကြီးဆီ ပစ္စည်းလာပို့ပေးတာပါ... ပထမသခင်ကြီး လက်ခံပေးပါ..."
ပြောပြီးသည်နှင့် လက်ထဲတွင် ကိုင်ထားသော သစ်သားသေတ္တာငယ်ကို ကမ်းပေးလိုက်လေသည်။
ပထမသခင်ကြီးလင်က အိမ်တော်ထိန်းလင်ကို တစ်ချက်ကြည့်လိုက်ရာ သူက ခေါင်းညိတ်ပြသည်ကို မြင်မှသာ လှမ်းယူလိုက်လေသည်။
အတွင်းတွင် ငြိမ်သက်စွာ ရှိနေသော ငွေသုံးသိန်းတန် ငွေလက်မှတ်များကို မြင်လိုက်ရသောအခါ အမှန်တကယ်ပင် အနည်းငယ် အံ့သြသွားရလေ၏။
"ဒါက..."
"ဒါက အမတ်ချုပ်ကြီး ပြင်ဆင်ပေးထားတဲ့ အိမ်ခွဲတဲ့အခါ သုံးဖို့ငွေပါ... ပထမသခင်ကြီးနဲ့ ပထမသခင်မတို့ အိမ်ပြောင်းသွားပြီဆိုတော့ အပြင်မှာ ကိစ္စတွေက များပြီး ရှုပ်ထွေးလှတယ်လေ... နေရာတိုင်းက ပိုက်ဆံသုံးရမယ့် နေရာတွေချည်းပဲမို့... အဲဒါကြောင့် လူလွှတ်ပြီး ပို့ခိုင်းလိုက်တာပါ..."
ပထမသခင်ကြီးလင်က ထိုပေါ့ပါးလှသော ငွေလက်မှတ်များကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ်မျှပင် တုန်လှုပ်မှု မရှိခဲ့ပေ။
ရုံဟယ့်ဆောင်နှင့် အနောက်ဆောင်တို့က မည်မျှအထိ လုယူသွားခဲ့သည်ကို အတိအကျ မသိသော်လည်း၊ ဤငွေပမာဏလောက်လေးတင် မကဘူးဆိုတာ သေချာလှပေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက အနည်းငယ်မျှပင် မငြင်းဆန်တော့ပေ။
"ဒါက ငါတို့ ပထမအိမ်ထောင်စု ရသင့်ရထိုက်တာတွေပဲ... ကျန်တဲ့ ဟာတွေကိုတော့ အတိတ်က သံယောဇဉ်တွေနဲ့ ကျေးဇူးတရားတွေအတွက်လို့ပဲ သတ်မှတ်လိုက်ပါတော့..."
ဤစကားကို ပြောပြီးနောက် ရုံဟယ့်ဆောင် ရှိရာဘက်သို့ မော့ကြည့်လိုက်လေသည်။
ထိုနေရာတွင် တစ်ချိန်က သူအလွန်ဂုဏ်ယူခဲ့ရသော ဖခင်ဖြစ်သူ နေထိုင်လေသည်။ သို့သော် ယခုအခါ သူတို့ သားအဖကြားရှိ နောက်ဆုံးကျန်ရစ်နေသော ဆွေမျိုးသံယောဇဉ်လေးသည်လည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
နောက်တစ်ကြိမ် ဘယ်တော့များမှ ပြန်တွေ့ရမည်ကိုပင် မသိနိုင်တော့ချေ။
ဤနှစ်များအတွင်း ဖခင်ဖြစ်သူက သူ့အား အကြိမ်ကြိမ် ဆူပူကြိမ်းမောင်းခဲ့ခြင်းများနှင့် ဇနီး၊ သားသမီးများအပေါ် လျစ်လျူရှုထားခဲ့ခြင်းများကို ပြန်လည် သတိရမိလေသည်။
ရင်ထဲတွင် အနည်းငယ်မျှပင် တမ်းတမှု မရှိတော့ပေ။
အိမ်တော်ထိန်းလင်ကို ပြောလိုက်လေသည်။
"အဖေ့ဆီကို ငါ သွားပြီး နှုတ်မဆက်တော့ဘူး... နောက်နေ့တွေ ရေစက်ဆုံလို့ ပြန်တွေ့ကြမှပဲ တခြားစကားတွေ ပြောကြတာပေါ့..."