← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

ကံတရားကိုရောင်းစားမယ်

အခန်း (၃) လိမ်လည်နေသော ဆိုင်

“ခေါင်းကိုက်စရာပဲ၊ မြင်းက ထွက်ပြေးသွားပြီ”

အချိန်က တဖြည်းဖြည်း မှောင်မိုက်လာပြီဖြစ်ရာ လီယွဲ့မှာ ခေါင်းကိုက်နေတော့သည်။

ရုတ်တရက် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခု လင်းလက်သွား၏။ သူ၏ စွမ်းအားနယ်မြေ၏

မရှုံးနိုင်သော အစွမ်းက သူ၏ ခန္ဓာကိုယ်ကို လေပေါ်

ပျံသန်းနိုင်အောင်များ လုပ်ပေးနိုင်မည်လား။ မရှုံးနိုင်သော

စွမ်းအားနယ်မြေသည် သူ့ကို ဗဟိုပြုထားခြင်း ဖြစ်ရာ သူ

လှုပ်ရှားပါက စွမ်းအားနယ်မြေသည်လည်း သူနှင့်အတူ ရွေ့လျားမည်သာ

ဖြစ်သည်။ သီအိုရီအရ ဆိုလျှင်တော့ စမ်းကြည့်သင့်ပေသည်။

“စီနီယာ... ခုနက ကျွန်မတို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်”

ခန္ဓာကိုယ် ပိန်ပါးနုနယ်သော အမျိုးသမီးလေးက လီယွဲ့ကို ဦးညွှတ်ကာပြောလိုက်သည်။

“ကျွန်တော်က စီနီယာ မဟုတ်ပါဘူး။ ပြီးတော့ ကျေးဇူးတင်စရာလည်း မလိုပါဘူး။ တကယ်လို့ ကျေးဇူးတင်ရမယ် ဆိုရင်တောင် ခင်ဗျားတို့က ကျွန်တော့်ကို အကြုံစီးခွင့်ပေးခဲ့လို့ ကျွန်တော်က ကျေးဇူးတင်ရမှာပါ”

ရုတ်တရက် လမ်းဘေး မြက်ခင်းပြင်ဆီမှ လှုပ်ရှားမှု တစ်ခုကို သူ သတိထားမိလိုက်သည်။

လီယွဲ့၏ မျက်လုံးများ အရောင်လက်သွား၏။ နောက်တစ်စက္ကန့်တွင် သူက ထိုနေရာသို့

ချက်ချင်း ရောက်ရှိသွားကာ မြင်းဇက်ကြိုးကို လှမ်းဖမ်းလိုက်သည်။

“ဟေး မြင်းလေး... မင်း ဒီမှာ ရှိနေတာကိုး”

အစေခံ အမျိုးသမီး၏ သူငယ်အိမ်များမှာ အံ့အားသင့်မှုကြောင့် ကျုံ့ဝင်သွားတော့သည်။

“သိုင်းပညာရှင်ပဲ”

လီယွဲ့က မြင်းကို ဆွဲခေါ်လာပြီး အစေခံ အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။

“ဒီအစ်ကိုကြီးက တော်တော်လေး ဒဏ်ရာပြင်းထန်ပုံရတယ်။

မြင်းကိုယူပြီး ခရီးဆက်ကြတော့လေ”

“ဒါဆို စီနီယာကရော”

“ကျွန်တော့်နာမည်က လီယွဲ့ပါ။ ကျွန်တော်က စီနီယာ မဟုတ်ပါဘူးလို့ ပြောပြီးပြီပဲ။ ကျွန်တော့်ကို အဲဒီလောက် အသက်ကြီးတဲ့ပုံ ပေါက်အောင် မခေါ်ပါနဲ့”

“အချိန်က နည်းနည်း နီးကပ်နေလို့၊ ကျွန်တော် အရင် သွားနှင့်တော့မယ်”

အတွေးတစ်ချက်နှင့်အတူ သူက လေထဲသို့ ပျံတက်သွားကာ

ကြယ်ပျံတစ်စင်းကဲ့သို့ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး နင်ယန်မြို့ဆီသို့ ပျံသန်းသွားလေတော့သည်။

“ဟူး... တကယ်ကို အစွမ်းထက်တာပဲ”

အစေခံ အမျိုးသမီးနှင့် မိန်းကလေးငယ်မှာ နေရာတွင်ပင်

ရပ်လျက် မှင်သက်နေကြပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်ဘဲ ရှိနေကြတော့သည်။

လက်တွေ့လုပ်ဆောင်ခြင်းက အမှန်တရားကို ရရှိစေသည်။ လုပ်ဆောင်မှုများမှတစ်ဆင့်

လီယွဲ့သည် သူ၏ စွမ်းအားနယ်မြေကို မည်သို့ အသုံးပြုရမည်ကို

တဖြည်းဖြည်း နားလည်လာခဲ့သည်။ လေထဲမှ ပျံသန်းလာခြင်းဖြစ်ရာ

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ ချင်းကျိုးမြို့ပြင်သို့

ရောက်ရှိလာခဲ့၏။

ကံကောင်းစွာဖြင့် အချိန်မီ ရောက်လာခဲ့သည်။ ဆိုင်များ မပိတ်ကြသေးသဖြင့် သူက

နေ့စဉ်သုံး ပစ္စည်းများ၊ ထင်း၊ ဆန်၊ ဆီ နှင့် ဆား တို့ကို

အများအပြား ဝယ်ယူကာ စနစ်ဟင်းလင်းပြင် ထဲသို့

ထိုးထည့်လိုက်သည်။ ထို့နောက် စားသောက်ရန် နေရာတစ်ခုကို

ရှာဖွေလိုက်သည်။ ဤကမ္ဘာမှ အစားအသောက်များမှာ သာမန်မျှသာ

ဖြစ်သော်လည်း လီယွဲ့မှာ အလွန် ဆာလောင်နေပြီ ဖြစ်သဖြင့်

မြိန်ယှက်စွာပင် စားသောက်လိုက်သည်။

စားသောက်ပြီးနောက် လီယွဲ့ အချိန်မဆွဲတော့ပေ။ နေ့ခင်းဘက်တွင်ပင် အပြင်ထွက်သူ

ရှားပါးလှရာ ညဘက်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ထို့ကြောင့် သူ ရေမိုးချိုးကာ စောစောပင်

အိပ်ရာဝင်လိုက်တော့သည်။

နေ့သစ်တစ်နေ့ ရောက်ရှိလာပြီး လီယွဲ့ စောစောထလိုက်သည်။ သူ နံနက်စာ လုပ်ရန်

ပြင်နေဆဲမှာပင်...

...အပြင်ဘက်တွင် လူတစ်ချို့ ရောက်ရှိလာလေသည်။ ဒုတိယထပ် ပြတင်းပေါက်မှ

ငုံ့ကြည့်လိုက်ရာ... ဟောဗျာ... မနေ့က သူ့ဆီလာပြီး

ပိုက်ဆံလာပေးဖို့ မစောင့်နိုင် မအောင့်နိုင် ဖြစ်နေတဲ့ ထီရူးလေး

သုံးယောက် ဖြစ်နေသည်။ ပြီးတော့ ယခုတစ်ကြိမ် သူတို့က အခြား

တစ်ယောက်ကိုပါ ခေါ်လာခဲ့ကြသေး၏။

အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမက အနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို

အထက်သို့ မြှင့်ကာ စည်းနှောင်ထားသည်။ သူမ၏ သွယ်လျသော ကိုယ်ခန္ဓာနှင့်

ဖြူဖွေးနုနယ်သော မျက်နှာလေးတို့က သူမကို နာမည်ကြီး

မင်းသမီး တစ်ဦးအလား ထင်မှတ်ရစေသည်။

“အစ်မကြီး... ကျွန်တော် တကယ် အရက်သွားမသောက်ပါဘူး။ ကျွန်တော့် မုန့်ဖိုးတွေအကုန်လုံး ဒီဆိုင်က ခြစ်ကတ်တွေ ဝယ်တာနဲ့ပဲ ကုန်သွားတာပါ”

အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး

“ဘာခြစ်ကတ်လဲ... လုံးဝကိုရယ်စရာကောင်းတာပဲ။ နင့်ဦးနှောက်နဲ့ဆို လိမ်ခံနေရမှန်းတောင်

သိမှာ မဟုတ်ဘူး”

ပိန်ပိန်ပါးပါး လူငယ်လေးမှာ ထိုအမျိုးသမီးကို အလွန် ကြောက်ရွံ့ပုံရသည်။ သူ၏

မျက်နှာမှာ နီရဲသွားသော်လည်း ပြန်လည် မပြောဆိုရဲချေ။ အမျိုးသမီးက

လက်ပိုက်ကာ အထက်သို့ မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှ လီယွဲ့နှင့် မျက်လုံးချင်း

ဆုံသွားလေသည်။

“ရှင်က ဒီ လိမ်စားနေတဲ့ ဆိုင်ရဲ့ ပိုင်ရှင်လား”

သူမ၏ လေသံမှာ အေးစက်နေပြီး မျက်နှာမှာလည်း တည်တင်းနေကာ ‘ငါ့ကို လာမစမ်းနဲ့’ ဟူသော

စာသားကို မျက်နှာတွင် ရေးထားသကဲ့သို့ ပုံစံမျိုး ပေါက်နေသည်။

“အမျိုးသမီးလေး... ဒါက တရားဝင် စီးပွားရေး လုပ်ငန်းတစ်ခုပါ။ ဘယ်လိုလုပ်လိမ်စားတဲ့ဆိုင် ဖြစ်သွားရတာလဲ။ ကျုပ်ကို လာပြီး အသရေမဖျက်ပါနဲ့။ မဟုတ်ရင် ခင်ဗျားကို အသရေဖျက်မှုနဲ့ တရားစွဲရလိမ့်မယ်”

စကားပြောရင်းဖြင့် လီယွဲ့သည် အောက်ထပ်သို့ ဆင်းလာကာ ထီဆိုင်တံခါးကို ဖွင့်လိုက်သည်။

အမျိုးသမီးက အေးစက်စက် ရယ်မောလိုက်ပြီး “ရွှေဒင်္ဂါး တစ်သောင်းနဲ့ လူတွေကို

မြှူဆွယ်ထားတယ်။ ဒီကတ်ပြားလေး တစ်ခုကို အားကိုးပြီး ဘာမှ မလုပ်ဘဲ အချောင်လိုချင်နေတာ... ဒီအရူးသုံးယောက်ပဲ ခံရမှာပေါ့”

“အချောင်လိုချင်တယ် ဆိုတာက ဘာကို ပြောတာလဲ အလှလေးရဲ့... ဒီဆုငွေတွေက တကယ်အစစ်အမှန်တွေပါ။ ဒီသုံးယောက်က ကံမကောင်းလို့ မပေါက်တာလေ။

ပြီးတော့ သူတို့ ခြစ်ကတ် မဝယ်ခင်ကတည်းက ကျုပ် အရာအားလုံးကို ရှင်းပြထားပြီးသား”

“ရွှေဒင်္ဂါး တစ်သောင်း ဆုငွေရှိတယ်ဆိုတာ အစစ်လား အတုလား ရှင့်စကား တစ်ခွန်းတည်းနဲ့ဘယ်လိုလုပ် သက်သေပြနိုင်မှာလဲ”

“ကျုပ်...”

လီယွဲ့ တစ်ခဏမျှ စကားဆွံ့အသွားသည်။ သူ တကယ်ကို သက်သေမပြနိုင်ပေ။

ဤနေရာသည် အာဏာပိုင် အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေသော အမျိုးသားထီဌာနချုပ် ရှိသည့် သူ၏ ယခင်ကမ္ဘာ မဟုတ်ချေ။ ဤနေရာတွင် အရာအားလုံးက သူ၏

နှုတ်မှ ရှင်းပြချက် အပေါ်တွင်သာ အခြေခံနေရာ ယုံကြည်ရနိုင်မှု

အားနည်းနေသည်မှာ အမှန်ပင် ဖြစ်သည်။

အမျိုးသမီးက အရာအားလုံးကို ထိုးထွင်းသိမြင်သွားသကဲ့သို့ အောင်နိုင်သူ တစ်ဦးအလား

ပြုံးလိုက်ပြီး

“ဘာလဲ... ငါ ပြောတာ မှန်နေတယ် မဟုတ်လား”

“ဒီနေ့ ငါ ဒီနေရာကို ဖြိုချပစ်မယ်... ဒါမှ နင် တခြား ဘယ်သူ့ကိုမှ ထပ်မလိမ်နိုင်မှာ”

စကားအဆုံးတွင် သူမက ထီဆိုင်၏ ကောင်တာဆီသို့ လက်ဝါးဖြင့် ရွယ်လိုက်ရာ မျက်စိဖြင့်

မြင်နိုင်သော အစွမ်းထက် လက်ဝါးလေလှိုင်းတစ်ခု ပေါ်ထွက်လာလေသည်။

လီယွဲ့၏ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ ဒီအမျိုးသမီးက ကျင့်ကြံသူ တစ်ယောက်ပဲ။

သူက ချက်ချင်း ရှေ့သို့ တိုးထွက်လိုက်သည်။ လက်ဝါးလေလှိုင်းက သူ့ကို

ထိမှန်သွားသော်လည်း တုန်ခါမှု အနည်းငယ်မျှပင်

မဖြစ်ပေါ်ခဲ့ချေ။ နောက်တစ်စက္ကန့်တွင်...

...သူမ၏ အနီးသို့ သူ ရောက်ရှိသွားပြီး သူ၏ အသံမှာ အလွန်တရာ အေးစက်နေလေသည်။

“ခင်ဗျားကျုပ်ကို သံသယ ဝင်လို့ ရပါတယ်။ ဒါပေမယ့် ကျုပ်ဆိုင်ကို လာထိတာမျိုးတော့ခွင့်မပြုနိုင်ဘူး”

“အားလုံး ထွက်သွားကြစမ်း”

ဒေါသတကြီး ဟစ်အော်သံနှင့်အတူ ဆိုင်အတွင်းမှ အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ခု

ရုတ်တရက် ပေါက်ကွဲထွက်လာကာ ထိုလေးယောက်လုံးကို ထီဆိုင်ထဲမှ

လွင့်ထွက်သွားစေပြီး ခြံဝင်းကို ကျော်ကာ အပြင်ဘက်

လမ်းမပေါ်သို့ ပြုတ်ကျသွားစေသည်။

“အား... နာလိုက်တာကွာ”

“ငါ့ တင်ပါးတော့ သွားပါပြီ”

ထီရူးလေး သုံးယောက်မှာ သာမန်လူများသာ ဖြစ်ကြရာ ဤကဲ့သို့ ပြုတ်ကျမှုကို ခံနိုင်ရည်မရှိကြဘဲ နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် လဲကျနေကာ အချိန်အတော်ကြာသည်အထိမထနိုင်အောင် ဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ နှလုံးသားမှာမူ အကြီးအကျယ် တုန်လှုပ်နေတော့သည်။

ခုနက အစွမ်းထက်လှတဲ့ အငွေ့အသက်...။ ဆိုင်ထဲက လူကသာ သူတို့ကို တကယ်သတ်ချင်ခဲ့မယ်ဆိုရင် အခုချိန် မြေပြင်ပေါ်မှာ အလောင်းလေးလောင်းဖြစ်နေလောက်ပြီဆိုတာ သူမ သေချာပေါက် သိလိုက်သည်။

ဒီလို ခေါင်ဖျားတဲ့ နေရာမျိုးမှာ ဘယ်လိုလုပ် ဒီလို သိုင်းပညာရှင်မျိုး ရှိနေရတာလဲ။

သူမက သွားကို ကြိတ်ကာ အတင်းရုန်းထပြီး ခြံဝင်းထဲသို့ အမြန်

ပြန်ပြေးဝင်လာခဲ့သော်လည်း

အေးစက်စက် မျက်လုံးများ၏ ကြိုဆိုခြင်းကိုသာ ခံလိုက်ရသည်။

“ကျုပ်ဆိုင်က ဖွင့်ထားတာပါ။ လာတဲ့သူက ဧည့်သည်တွေပဲ၊ ဒါပေမယ့် ဘယ်သူ့ကိုမှအတင်းအကျပ် ဝယ်ခိုင်းတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ ဒါကသင်ခန်းစာ ပေးလိုက်တာပဲ။ ခင်ဗျား ထပ်ပြီး ပြဿနာ လာရှာနေမယ်ဆိုရင်ကျုပ် အညှာအတာ ကင်းတယ်လို့ မပြောနဲ့”

အမျိုးသမီးက သူမ၏ သဘောထားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လီယွဲ့အား လက်အုပ်ချီကာ

“စီနီယာ... ချင်းလီက စီနီယာရဲ့ ကြီးမြတ်မှုကို မသိဘဲ စော်ကားမိသွားပါတယ်။ ခွင့်လွှတ်ပေးပါ”

“ကျုပ်က စီနီယာ မဟုတ်ဘူး။ ခင်ဗျားက ကိစ္စရှိလို့ လာတာ မဟုတ်ရင် အခုချက်ချင်း ထွက်သွားတော့”

အမျိုးသမီး၏ နာမည်မှာ လျိုချင်းလီ ဖြစ်သည်။ သူမသည် ချင်းကျိုးမြို့ရှိ လျိုမိသားစု၏ သမီးကြီး ဖြစ်ပြီး ပိန်ပိန်ပါးပါး လူငယ်လေး၏ အစ်မ ဖြစ်လေသည်။

လျိုချင်းလီ သွားကို တင်းတင်းကြိတ်လိုက်ကာ

“စီနီယာ ခဏလေး နေပါဦး... ဒီ...ဒီမျိုးဆက်သစ်ကို အဲဒီ... ဘာခေါ်လဲ... ခြစ်ကတ်လေးတွေ နည်းနည်းလောက် ရောင်းပေးပါ”

ဒီလို ခေါင်ဖျားတဲ့ နေရာမျိုးမှာ ဒီလို သိုင်းပညာရှင်မျိုးနဲ့ တွေ့ရတာက အခွင့်အရေး

တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အဲဒီလို မဟုတ်ရင်တောင် အနည်းဆုံးတော့ သူ့ကို သိကျွမ်းခွင့် ရသွားတာပေါ့။ ပြီးတော့ ဒီလောက် အစွမ်းထက်တဲ့သူကရွှေဒင်္ဂါးလေး အနည်းငယ်အတွက်နဲ့တော့ လူတွေကို လိမ်မှာ

မဟုတ်ပါဘူး။

လီယွဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“သေချာလို့လား... ခုနကပဲ ဒါကိုလိမ်စားနေတဲ့ဆိုင်လို့ ခေါ်နေတာ မဟုတ်ဘူးလား”

လျိုချင်းလီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ

“စီနီယာက သိုင်းပညာရှင် တစ်ယောက်ပါ။ ဒါက ဒီမျိုးဆက်သစ်ရဲ့ စိတ်လိုက်မာန်ပါ လုပ်မိတာတွေပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

လီယွဲ့က စိတ်ထဲမှ မျက်လုံးလှန်လိုက်မိသည်။ ဒီမျက်နှာပြောင်းတာက အရမ်း မြန်လွန်းတယ်။

တကယ်ပါပဲ... ဒီ သိုင်းစွမ်းအားကိုသာ အလေးအမြတ်ထားတဲ့ ကျင့်ကြံခြင်း ကမ္ဘာမှာတော့

အစွမ်းထက်တာကသာ အမြင့်ဆုံး ယုတ္တိဗေဒပဲ။ ဥပဒေတွေ စည်းမျဉ်းတွေ ဆိုတာ

အကုန်လုံး အဓိပ္ပာယ်မရှိတဲ့ စကားတွေချည်းပါပဲ။

“ကောင်းပြီလေ... ဝင်ခဲ့” လီယွဲ့က ကောင်တာပေါ်ရှိ တစ်ခုတည်းသော ခြစ်ကတ် အမျိုးအစား

နှစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “ဘယ်ဟာကို လိုချင်တာလဲ” “စီနီယာ...” “ဒီမှာ

စီနီယာ မရှိဘူး။ ကျုပ်ကို သူဌေး ဒါမှမဟုတ် ဆိုင်ရှင်လို့ ခေါ်လို့ ရတယ်” “ဟုတ်ကဲ့

သူဌေး။ ဒါဆို သူဌေး... အဲဒါလေးတွေကို မိတ်ဆက်ပေးလို့ ရမလား”

လီယွဲ့က ‘ပျော်ရွှင်ခြင်း’ ခြစ်ကတ်ကို ထုတ်ယူလိုက်ပြီး ဒရွတ်တိုက် လမ်းလျှောက်ကာ

ပြန်ဝင်လာသည့် ထီရူးလေး သုံးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ “ဒါက မနေ့က

သူတို့ ခြစ်သွားတဲ့ ဟာပဲ။ အမြင့်ဆုံးဆုက ရွှေဒင်္ဂါး တစ်သောင်း” ထို့နောက်

သူက နောက်ထပ် စာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။

“ဒါက ဒီနေ့မှ ထွက်တဲ့ ပစ္စည်းအသစ်ပဲ။ အမြင့်ဆုံးဆုက ခြင်ဆီသန့်စင်ဆေးရည် တစ်ပုလင်း။

ခင်ဗျားက ကျင့်ကြံသူဆိုတော့ ဒါရဲ့ အစွမ်းကို သိမှာပါ”

လျိုချင်းလီ အလွန်အမင်း အံ့အားသင့်သွားသည်။ “ခြင်ဆီသန့်စင်ဆေးရည်” ထိုအခါ

လူငယ်လေးသည်လည်း အလျင်အမြန် တိုးဝင်လာကာ

“သူဌေး... ထီအသစ်ထွက်တာလား”

လွန်ခဲ့သော အချိန်တိုလေး အတွင်းက နင်ယန်မြို့ရှိ ရွှီမိသားစုသည် သူတို့၏အရွယ်ရောက်ခါစ သခင်လေးအတွက် ထျန်းယွမ် လေလံရုံမှ ခြင်ဆီသန့်စင်ဆေးရည် တစ်ပုလင်းကို ရွှေဒင်္ဂါး

တစ်သိန်းပေးကာ ဝယ်ယူခဲ့သေးသည်။

ကောင်းကင်ကြယ်တာရာ တိုက်ကြီး တစ်ခုလုံး အနေဖြင့် ထျန်းယွမ် လေလံရုံမှ

ခြင်ဆီသန့်စင်ဆေးရည်၏ ဈေးနှုန်းမှာ အနည်းငယ်

ကြီးမြင့်နေနိုင်သော်လည်း ရွေးချယ်စရာ မရှိပေ။

နင်ယန်မြို့တွင်တော့ ၎င်းသည် ငွေပေးတိုင်း ဝယ်၍

မရနိုင်သော ရှားပါး ပစ္စည်းတစ်ခု ဖြစ်နေလေသည်။

ခြင်ဆီသန့်စင်ဆေးရည်ကို ဖော်စပ်ရန် အဆင့်သတ်မှတ်ခံထားရသော ဆေးပညာရှင် တစ်ဦး

လိုအပ်သည်။ ဆေးပညာ လမ်းစဉ်သည် အလွန်တရာ ခက်ခဲပြီး ပါရမီအပေါ်

များစွာ မှီခိုနေရသဖြင့် ကောင်းကင်ကြယ်တာရာ တိုက်ကြီး တစ်ခုလုံးတွင်

ဆေးပညာရှင်များမှာ အလွန် ရှားပါးလှသည်။

အဆင့်သတ်မှတ်ခံထားရသော ဆေးပညာရှင်များကို ဂိုဏ်းများနှင့် အင်အားစု အသီးသီးက

ဂုဏ်ထူးဆောင် ဧည့်သည်တော်များ အဖြစ် ဖိတ်ကြားကြသည် သို့မဟုတ်

လစာမြင့်မားစွာ ပေး၍ အကြီးအကဲများ အဖြစ် ခန့်အပ်လေ့ ရှိကြသည်။

အဆက်အသွယ်များ မရှိလျှင်တော့ ထို မင်းစိုးရာဇာ မိသားစုများအတွက်

ခြင်ဆီသန့်စင်ဆေးရည် ရရှိနိုင်မည့်

တစ်ခုတည်းသော ရင်းမြစ်မှာ လေလံရုံများသာ ဖြစ်လေသည်။

လေလံရုံများသည် ယေဘုယျအားဖြင့် ဂိုဏ်းများနှင့်

အဆက်အသွယ် ရှိကြသည်။ သို့မဟုတ် ဂိုဏ်းများ၏ လက်အောက်ခံ

စီးပွားရေး လုပ်ငန်းများ ဖြစ်ကြသည်။ သို့သော် သူတို့သည်

အချိန်အတန်ကြာမှသာ လေလံပွဲများကို ကျင်းပလေ့ ရှိကြသည်။

ထျန်းယွမ် လေလံရုံမှာ ချင်းကျိုးပြည်နယ်ရှိ အကြီးဆုံး ဂိုဏ်းဖြစ်သော ထျန်းယွမ်ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်လေသည်။

ကံတရားကိုရောင်းစားမယ်

အခန်း (၄) ကျော့ကွင်းထဲသို့ သက်ဆင်းခြင်း

“ဘာလဲ... ကျုပ်ရဲ့ ခြင်ဆီသန့်စင်ဆေးရည်က အတုလို့ ထပ်ပြောချင်ပြန်တာလား”

“မဟုတ်... မဟုတ်ရပါဘူး၊ ကျွန်မ သူဌေးကို ယုံပါတယ်။ အရင်ဆုံး ဒီခြစ်ကတ်လေး အခုနှစ်ဆယ်လောက် ပေးပါ”

လျိုချင်းလီ၏ မျက်နှာမှာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။ လီယွဲ့က သူမထံသို့

ခြစ်ကတ်တစ်ထပ်ကို လှမ်းပေးလိုက်သည်။ တစ်ထပ်လျှင် အတိအကျ အခု

နှစ်ဆယ် ပါဝင်သည်။

“တစ်ကတ်ကို ရွှေဒင်္ဂါး နှစ်ဆယ်ဆိုတော့ စုစုပေါင်း ရွှေဒင်္ဂါး လေးရာ ကျသင့်ပါမယ်”

“ရပါတယ်”

လျိုချင်းလီက သူမ၏ ညာဘက်လက်ရှိ လက်စွပ်ကို ပွတ်သပ်လိုက်ရာ ရွှေဒင်္ဂါးများ တဖွဲဖွဲကျဆင်းလာတော့သည်။

လီယွဲ့ မျက်လုံးများ အရောင်လက်သွား၏။ အခြားကမ္ဘာမှ ကျင့်ကြံသူများ အသုံးပြုသော

သိုလှောင်လက်စွပ် ဆိုသည်မှာ အပြင်ပန်းကြည့်လျှင် သေးငယ်သော်လည်း

အရာဝတ္ထုများစွာကို သိမ်းဆည်းထားနိုင်လေသည်။ ယခင်က

ဝတ္ထုများထဲတွင် သူ ဖတ်ဖူးခဲ့ရာ တကယ်ကို

အံ့မခန်းစရာပင်။

သို့သော် သိုလှောင်လက်စွပ်များတွင်လည်း အဆင့်အမျိုးမျိုး ရှိကြသည်။ အရည်အသွေးမြင့်လက်စွပ်များမှာ သိုလှောင်နိုင်သည့် နေရာ အလွန် ကျယ်ဝန်းပြီး အချို့ဆိုလျှင်

တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေးအတွက် အထူး မှော်ဝင် အစီအရင်များပင် ပါဝင်တတ်ကြသည်။

လျိုချင်းလီ၏ လက်ထဲမှ လက်စွပ်မှာမူ ဤတိုက်ကြီးပေါ်တွင် အတွေ့ရအများဆုံး အမျိုးအစား

ဖြစ်သည်။ အထူး မှော်ဝင် အစီအရင်များ မပါဝင်ဘဲ တစ်စတုရန်းမီတာခန့်မျှသာ

ကျယ်ဝန်းသော သိုလှောင်ရန် နေရာ ပါရှိကာ အဝတ်အစား သို့မဟုတ်

ငွေကြေးများကိုသာ ထည့်ထားရန် သင့်လျော်သည်။ သူမ၏ မိသားစုက သူမ ကျင့်ကြံခြင်း

လမ်းစဉ်ပေါ်သို့ ဝင်ရောက်လာခြင်း အထိမ်းအမှတ် လက်ဆောင်အဖြစ် လေလံပွဲတစ်ခုမှ

ရွှေဒင်္ဂါး ငါးသောင်းပေး၍ ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

လျိုချင်းလီက ထီလက်မှတ်များကို ယူကာ လျင်မြန်စွာ စတင်ခြစ်လေတော့သည်။ သူမ၏ နောက်မှ

ထီရူးသွပ်သူ သုံးဦးမှာလည်း အနီးကပ် စောင့်ကြည့်နေကြ၏။

ပထမ ဆယ်ကတ်မှာ ဘာမှ မရှိပေ။ အနည်းဆုံး ရွှေဒင်္ဂါး တစ်ပြားမျှပင် ဆုမပေါက်ခဲ့ချေ။

လီယွဲ့ပင်လျှင် စကားဆွံ့အသွားမိသည်။ ဆယ်ကတ် ဆက်တိုက် ခြစ်တာတောင် နှစ်သိမ့်ဆုလေး

တစ်ခုမှ မပေါက်ရဘူး ဆိုတော့ ဒီကောင်မလေးရဲ့ ကံက တော်တော်လေးကို

ဆိုးရွားလွန်းနေပြီ။

“အစ်မ... ကျွန်တော် ကူခြစ်ပေးမယ်။ အစ်မရဲ့ ကံက အရမ်း ဆိုးနေတယ်”

“သွားစမ်းပါ”

လျိုချင်းလီသည် မည်းမှောင်နေသော မျက်နှာဖြင့် ဆယ့်တစ်ကတ်မြောက်ကို ဆက်ခြစ်လေသည်။

ဤတစ်ကြိမ်တွင်တော့ အခြေခံဆုဖြစ်သော ရွှေဒင်္ဂါး နှစ်ဆယ်ကို ပေါက်သွားခဲ့၏။

သူမ သက်ပြင်းတစ်ချက် ချလိုက်သည်။ အနည်းဆုံးတော့ နှစ်သိမ့်ဆုလေး ရှိသေးသည်ပဲ။

ဆယ့်နှစ်ကတ်မြောက်၊ ဆယ့်သုံးကတ်မြောက်... အခု နှစ်ဆယ်ပြည့်သည်အထိ... အားလုံး

အလွတ်များသာ။

ပထမဆုံး တစ်ထပ်။ ရွှေဒင်္ဂါး လေးရာ ကုန်သွားပြီး ရွှေဒင်္ဂါး နှစ်ဆယ်သာ

ပြန်ရခဲ့သည်။

လျိုချင်းလီက လီယွဲ့ကို ကြည့်ကာ “သူဌေး... ဒါက ပုံမှန်ပဲလား” ဟု မေးလိုက်သည်။

လီယွဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။ “အင်း...

နောက်တစ်ကြိမ်လောက် ထပ်စမ်းကြည့်ပါလား။ ကံဆိုတာ

တစ်လှည့်စီ လာတတ်ပါတယ်”

“ကောင်းပြီ၊ နောက်ထပ် အခု နှစ်ဆယ် ထပ်ပေး”

လျိုချင်းလီ ဆက်ခြစ်သည်။ သူမ၏ ကံမှာ ဆိုးရွားနေဆဲပင်။ သူမ ဘာမှ မရခဲ့ချေ။ ဘေးမှ

လူငယ် ထီရူးလေး သုံးဦးမှာ ကြည့်ရင်းနှင့်ပင် စိတ်ပူလာကြသည်။ လီယွဲ့

ကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။ ဒီကောင်မလေးရဲ့ ကံက

အလွန်အမင်း ဆိုးရွားလွန်းနေသည်။ ဒါမှမဟုတ် ဒီထီအသစ်က ဆုပေါက်နိုင်ခြေ

အဲဒီလောက်တောင် နည်းနေတာများလား။

“နောက်ဆုံး တစ်ကတ်...”

လျိုချင်းလီက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆုပေါက်နိုင်သော နေရာ တစ်ခုချင်းစီကို

ဖြည်းညင်းစွာ ခြစ်ကြည့်လေသည်။ ဘာမှမရှိ။ အားလုံး တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် လီယွဲ့က ဤအခြေအနေကို စတင် ဖြိုခွင်းလိုက်သည်။ “အင်း... ခြစ်ကတ်

ဆိုတာကတော့ ကံတရား သက်သက်ပါပဲ။ ဒါပေမယ့် စကားပုံတစ်ခု

ရှိတယ်လေ... ကံဆိုတာ အချိန်တန်ရင် လှည့်လာတတ်ပါတယ် တဲ့။

လျိုသခင်မလေး ဆက်လုပ်ဦးမလား”

လျိုချင်းလီက သူ့ကို သေချာကြည့်ကာ သွားကို ကြိတ်လိုက်ပြီ

“သူဌေး... ရှင်ကို နောက်တစ်ကြိမ် ထပ်ယုံကြည့်မယ်”

သူမက နောက်ထပ် တစ်ထပ်ကို ထပ်ယူလိုက်သည်။ ပထမ ဆယ့်ငါးကတ်တွင် ရွှေဒင်္ဂါး နှစ်ဆယ်

တစ်ဆုသာ ပေါက်ခဲ့သည်။ နောက်ဆုံး ငါးကတ်ကို ရောက်လာသောအခါ သူမ၏ ခြစ်သည့်

အမြန်နှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာလေသည်။ ဘာကြောင့်မှန်း မသိ၊

လီယွဲ့ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။

နောက်ဆုံးကတ်ရဲ့ အရှေ့တစ်ကတ်... ဘာမှမရှိ။ နောက်ဆုံး တစ်ကတ်။

“ငါ ပေါက်ပြီ... ပေါက်ပြီဟေ့”

လျိုချင်းလီ ရုတ်တရက် အံ့အားသင့်စွာဖြင့်

အော်ဟစ်လိုက်သည်။

“အစ်မ... ဘယ်လောက် ပေါက်တာလဲ”

“ရွှေဒင်္ဂါး တစ်ရာ”

လီယွဲ့၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ ရွှေဒင်္ဂါး တစ်ရာလေး ပေါက်တာကို

အဲဒီလောက်တောင် စိတ်လှုပ်ရှားရသလား။ သူမ အော်လိုက်တာများ

ခြင်ဆီသန့်စင်ဆေးရည်ကိုများ ပေါက်တာလားလို့တောင် ထင်လိုက်မိတယ်။

သို့သော်လည်း ရွှေဒင်္ဂါး နှစ်ဆယ်ထက် ပိုများသော ပမာဏကို ပထမဆုံးအကြိမ်

မြင်တွေ့လိုက်ရခြင်း ဖြစ်ရာ သူမ၏ တုံ့ပြန်မှုကို သူ

နားလည်ပေးနိုင်ပါသည်။

“သူဌေး... နောက်တစ်ခေါက် ထပ်ပေး” လျိုချင်းလီ တစ်ယောက် မျှော်လင့်ချက် ရောင်ခြည်ကို

မြင်တွေ့သွားပြီ ဖြစ်ကြောင်း သိသာလှသည်။

စတုတ္ထမြောက် တစ်ထပ်။ “နောက်တစ်ခါ ပေါက်ပြန်ပြီကွ... ရွှေဒင်္ဂါး တစ်ရာဆု

နှစ်ခုတောင်” အလယ်ပိုင်းလောက် အရောက်တွင် ကတ်တစ်ခုမှ

ရွှေဒင်္ဂါး တစ်ရာဆု နှစ်ခု ပေါက်ခဲ့လေသည်။ ထိုအထပ်၏

ကျန်ရှိနေသော ကတ်များမှ ရွှေဒင်္ဂါး နှစ်ဆယ်ဆု တစ်ခုသာ ထပ်မံ

ထွက်ပေါ်လာသော်လည်း လျိုချင်းလီကမူ သူမ၏ ကံတရား ရောက်ရှိလာပြီဟု ခံစားနေရပြီ

ဖြစ်သည်။

သူမ၏ ဂနာမငြိမ်သော စိတ်လှုပ်ရှားမှုမှာ ပိုမို ပြင်းထန်လာတော့သည်။

“နောက်တစ်ကဒ်ပေးပါ သူဌေး”

ပဉ္စမမြောက် တစ်ထပ် ပြီးသွားသောအခါ သူမက တစ်ရာဆု တစ်ခု၊ ငါးဆယ်ဆု နှစ်ခုနှင့်

နှစ်ဆယ်ဆု လေးခု ပေါက်ခဲ့သည်။ “ထပ်ပေး” ဒီကောင်မလေး ရူးသွပ်နေပြီပဲ။

လီယွဲ့က သေချာပေါက် ဖောက်သည်ကို ငြင်းဆန်မည် မဟုတ်ပေ။ သို့သော်... ကောင်မလေးမှာ

ပိုက်ဆံ ပြတ်သွားလေပြီ။

“လျိုသခင်မလေး... ကျုပ် ဆုငွေတွေကို လဲပေးလိုက်မယ်။

အဲဒါနဲ့ နောက်တစ်ထပ် ထပ်ယူလို့ ရတယ်”

“ကောင်းပြီလေ”

လျိုချင်းလီက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမ၏

အကြည့်များက ကောင်တာပေါ်ရှိ ခြစ်ကတ်များ အပေါ်သို့သာ

လုံးလုံးလျားလျား စူးစိုက်နေလေသည်။

ဆဋ္ဌမမြောက် တစ်ထပ်။

သူ၏ ဖောက်သည်ကြီး ဒီနေ့အတွက် ပိုက်ဆံကုန်သွားပြီ ဖြစ်ကြောင်း လီယွဲ့ စိတ်ထဲမှ

မှတ်ချက်ချလိုက်စဉ်မှာပင်... ...ဆိုင်ထဲတွင် ရုတ်တရက် အာမေဍိတ်သံ တစ်ခု

ထွက်ပေါ်လာလေသည်။

“ငါ ပေါက်ပြီ... ငါ ပေါက်ပြီဟေ့”

“အစ်မ... ဒီတစ်ခါ ဘယ်လောက်လဲ”

လူငယ်လေးများကလူငယ်လေးများက အလျင်အမြန် ဝိုင်းအုံလာကြသည်။

“ရွှေဒင်္ဂါးတွေ မဟုတ်ဘူး... ခြင်ဆီသန့်စင်ဆေးရည် ပေါက်တာကွ” လီယွဲ့လည်း

လျိုချင်းလီ၏ လက်ထဲမှ ထီလက်မှတ်ကို လှမ်းကြည့်လိုက်သည်။

ဘုရားရေ... အောက်ဆုံးတန်းရဲ့ အဆုံးကနေ ဒုတိယမြောက် ကွက်လပ်လေးထဲမှာ

‘ခြင်ဆီသန့်စင်ဆေးရည်’ လို့ သေးသေးလေး ရေးထားတဲ့ ပုလင်းပုံစံ ပုံလေး

တစ်ခု ရှင်းရှင်းလင်းလင်း ပေါ်နေပါလား။

အချိန်အကြာကြီး စောင့်ပြီးမှ တစ်ချက်တည်း ပေါက်ကွဲထွက်လာတာပဲ။ အဲဒီလောက်

ခြစ်ခဲ့ရတဲ့ ကံတွေ အကုန်လုံးက ဒီတစ်ခုတည်းမှာ လာစုနေတာကိုး။

လီယွဲ့ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တကယ်လို့များ ဘာမှ ထွက်မလာခဲ့ဘူးဆိုရင် သူ၏

ဂုဏ်သိက္ခာကို ဘယ်လို ပြန်ဆယ်ရမလဲ သူတကယ် မသိတော့ချေ။ လောလောဆယ်တွင်တော့

ကောင်မလေးက စိတ်ခံစားမှုနောက် လိုက်ကာ ကစားနေခြင်း ဖြစ်သည်။

အိမ်ပြန်ရောက်၍ စိတ်တည်ငြိမ်သွားသောအခါ... ကောင်းပြီလေ...

သေချာပေါက် နောက်တစ်ခါ ပြန်လာမှာ မဟုတ်တော့ဘူး။

အခြားကမ္ဘာတစ်ခုတွင် ဆိုင်ဖွင့်ရာ၌ အစပိုင်းတွင် ဆုပေါက်နိုင်ခြေ အနည်းငယ်

များနေရန် လိုအပ်သည်။ သူ၏ ယခင်ဘဝက ထီလုပ်ငန်းများအတိုင်းသာ

ဆိုလျှင် ဖောက်သည်သစ်များကို ဖမ်းဆွဲထားနိုင်မည် မဟုတ်ဘဲ နောက်ဆုံးတွင်

စီးပွားရေး ပျက်သွားမည်သာ ဖြစ်သည်။

“သူဌေး... ကျွန်မ ပေါက်ပြီ၊ တကယ်ကြီး ပေါက်တာရှင်”

လီယွဲ့ ပြုံးလိုက်ပြီး “ဆိုင်ဖွင့်ကတည်းက ပထမဆုံး ဆုကြီးပါပဲ။ ဂုဏ်ယူပါတယ်”

“တကယ်လား”

လျိုချင်းလီ တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ စရောက်ခါစက သူမ၏

ရန်လိုနေသော အမူအရာများ လုံးဝ ပျောက်ကွယ်သွားပြီး ကလေးငယ်

တစ်ဦးအလား ခုန်ပေါက်နေတော့သည်။

“ဆက်လုပ်ဦးမလား” လီယွဲ့က ထီလက်မှတ်ကို ယူရင်း စနစ်ဟင်းလင်းပြင်ထဲမှ

ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ ၎င်းမှာ တကယ်ပင်

ခြင်ဆီသန့်စင်ဆေးရည် ဖြစ်ပေသည်။

“နောက်မှပဲလေ။ အခု ကျွန်မမှာ အရေးတကြီး လုပ်စရာလေး ရှိနေလို့။ သွားတော့မယ်နော်သူဌေး”

“အစ်မ... ဘာတွေ လောနေတာလဲ။ ကျွန်တော့်ကို ပိုက်ဆံနည်းနည်း

ချေးပါဦး၊ ကျွန်တော်လည်း ကစားချင်လို့”

သူတို့ အံ့သြသွားစေရန် လျိုချင်းလီက သူမ၏ မောင်ဖြစ်သူကို ဆွဲကာ အပြင်သို့ အမြန်

ပြေးထွက်သွားလေတော့သည်။

“အစ်မ... ဘာလုပ်တာလဲ။ ကျွန်တော်... အား...”

“အိမ်မြန်မြန်ပြန်ပြီး ခြင်ဆီသန့်စင်ဆေးရည် သောက်ဖို့အတွက်

မိသားစုထဲက လူကြီးတွေဆီ အကူအညီ သွားတောင်းရမယ်။ ဒါမှ မင်းကျင့်ကြံခြင်း လမ်းစဉ်ထဲ ဝင်နိုင်မှာလေ”

ရွှေဒင်္ဂါး နှစ်ထောင်တည်းဖြင့် ခြင်ဆီသန့်စင်ဆေးရည် တစ်ပုလင်း ရရှိခဲ့ခြင်းမှာ ကောင်းကင်ဘုံမှ ရွှေမိုး ငွေမိုး ရွာကျလာခြင်းနှင့် ဘာမှ မကွာခြားချေ။

လီယွဲ့က ကျန်ရစ်ခဲ့သော နှစ်ယောက်ကို ကြည့်လိုက်ပြီး

“မင်းတို့နှစ်ယောက်ရော ကတ်နည်းနည်းလောက် စမ်းကြည့်ဦးမလား”

“ဒါပေါ့ သူဌေးရဲ့...ကျွန်တော်တို့က ခြစ်ကတ် ခြစ်ဖို့ သီးသန့် လာခဲ့ကြတာပဲ”

“ရွှေဒင်္ဂါး နှစ်ဆယ်တန်လား”

“ရွှေဒင်္ဂါး နှစ်ဆယ်တန်က အရမ်းဈေးကြီးတယ်။ မနေ့က ဟာတွေပဲ ယူမယ်။ ဆယ်ကတ် ပေးပါ”

“ကျွန်တော်လည်း ဆယ်ကတ်ပဲ”

တစ်နာရီခန့် ကြာပြီးနောက်... လူငယ် ထီရူးလေး နှစ်ဦးသည် ထီဆိုင်ထဲမှ

စွမ်းအင်ကုန်ခမ်းနေသူများ အလား ပြန်လည်

ထွက်ခွာသွားကြပြန်သည်။

“ရွှေဒင်္ဂါး နှစ်ဆယ် ထပ်ရှုံးပြန်ပြီကွာ။ ငါ့ကိုယ်ငါ မထိန်းနိုင်ခဲ့ဘူး”

“ဟူး...ငါလည်း အတူတူပါပဲ။ ခုနကတောင် ငါ အမြတ်ထွက်နေသေးတာ”

“ဒီ ခြင်ဆီသန့်စင်ဆေးရည်ပုလင်းက အစစ်လို့ မင်းထင်လား၊ အတုများ ဖြစ်နေမလား”

“အစစ် ဖြစ်မှာပါ။ ဒီသူဌေးက လျှို့ဝှက်ဆန်းကြယ်တဲ့ပုံ ပေါက်တယ်၊ လူလိမ်ပုံတော့မပေါ်ပါဘူး”

“အကယ်လို့ အစစ်ဆိုရင်တော့ လျိုမိသားစု ဒီတစ်ခါ

ထီပေါက်တာပဲကွ”

ချင်းကျိုးမြို့တွင်တော့ လျိုမောင်နှမ နှစ်ဦး အိမ်သို့ အလျင်စလို ပြန်ရောက်လာကြသည်။

“အဘိုး... ဘယ်လိုနေလဲ” ဆံဖြူအဘိုးအိုသည် သူ၏ လက်ထဲရှိ ကြွေပုလင်းလေးကို သေချာစွာ

စစ်ဆေးကြည့်ရှုနေပြီး သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ တဖြည်းဖြည်း

ပေါ်ထွက်လာလေသည်။

“ဒါက တကယ်ပဲ ခြင်ဆီသန့်စင်ဆေးရည်ပဲ။ ပြီးတော့ အရည်အသွေးကလည်း ဒီအဘိုးအို တစ်သက်လုံး

မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ”

လျိုချင်းလီက ပျော်ရွှင်စွာဖြင့်

“ထင်တဲ့အတိုင်းပဲ... အဲဒီစီနီယာက လိမ်မပြောဘူး”

“ရွှေဒင်္ဂါး နှစ်ထောင်တည်းနဲ့ ဒီခြင်ဆီသန့်စင်ဆေးရည် ပုလင်းကို ရလာတယ်ဆိုတာက တကယ်ကို မယုံနိုင်စရာပဲ”

အနီးရှိ လူလတ်ပိုင်း အမျိုးသား တစ်ဦးသည်လည်း အလားတူပင် အံ့အားသင့်နေလေသည်။ သူသည်

လက်ရှိ လျိုမိသားစု၏ အကြီးအကဲ ဖြစ်ပြီး လျိုချင်းလီနှင့် လျိုဝူယီတို့၏

ဖခင်လည်း ဖြစ်သည်။

“ဒီလောက် အစွမ်းထက်တဲ့ သိုင်းပညာရှင်က ငါတို့ ချင်းကျိုးမြို့ကို ဘယ်တုန်းကများ ရောက်လာပါလိမ့်” အဘိုးအို၏ မျက်လုံးများ အရောင်လက်သွား၏။ “ငါလည်းတော်တော်လေး သိချင်နေတယ်။ ဝူယီရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းအောင်မြင်သွားတာနဲ့ ငါတို့ သူ့ဆီကို သွားပြီး ဂါရဝပြုကြတာပေါ့”

“ဟုတ်ကဲ့ပါ အဖေ”

“ငါတို့နှစ်ယောက် ပူးပေါင်းပြီး ဝူယီအတွက် အစောင့်အရှောက် အဖြစ်တာဝန်ယူပေးကြရအောင်။ ဒါမှ သူ ကျင့်ကြံခြင်း လမ်းစဉ်ထဲကို ဝင်ရောက်နိုင်မှာလေ”

...လျိုချင်းလီ တစ်ယောက်တည်းကပင် ရွှေဒင်္ဂါး နှစ်ထောင် ဖိုး ဝယ်ယူသွားခဲ့ရာ

အရောင်းရငွေ တာဝန်မှာ အလွယ်တကူပင် တစ်ဝက်ကျော် ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

နေ့လည်စာ စားပြီးနောက် လီယွဲ့သည် ခြံဝင်းထဲတွင် နေပူဆာလှုံနေလေသည်။ မေလနှင့် ဇွန်လ၏

နေရောင်ခြည်မှာ အလွန် နွေးထွေးလှသည်။ ဆားနယ်ငါး စီးပွားရေး ပုံစံ...

ဆန္ဒရှိသူများသာ ငါးမျှားချိတ်ကို ဟပ်လိမ့်မည်။

“ဝိုး... လှလိုက်တဲ့ အိမ်လေးပါလား” အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ လီယွဲ့

တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်ရာ လူငယ် အမျိုးသား တစ်ဦးနှင့်

အမျိုးသမီး တစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။

“ထီဆိုင်... နာမည်ကလည်း ထူးဆန်းလိုက်တာ” “မိတ်ဆွေတို့... စိတ်ဝင်စားတယ် ဆိုရင်

ဆိုင်ထဲဝင်ပြီး လေ့လာကြည့်ကြပါလား”

အမျိုးသမီးလေးက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး လီယွဲ့အား လှမ်းကြည့်ကာ “ဒီက အိမ်ကတော့

တော်တော်လှတယ်။ ဒါပေမယ့် ဒီထီဆိုင်ဆိုတာက... ဘာတွေ ရောင်းတာလဲ”

“အရင်းအနှီးနည်းနည်းနဲ့ အကျိုးအမြတ် အများကြီး

ရနိုင်ဖို့၊ အခွင့်အရေး တစ်ခုကို ရောင်းချတာပါပဲ။ ပြီးတော့

ပျော်စရာလေးတွေလည်း ပါတာပေါ့”

ထိုစကားကို ကြားသောအခါ အမျိုးသားဖြစ်သူမှာ စိတ်ဝင်စားသွားပြီး ပြုံးလိုက်ကာ “ဘယ်လို

အခွင့်အရေးမျိုးလဲ၊ ပြီးတော့ ဘယ်လောက်တောင် ပျော်စရာကောင်းလဲ ဆိုတာ ကျွန်တော်

သိချင်တယ်ဗျ” ဟု ပြောလိုက်သည်။

လီယွဲ့က သူတို့နှစ်ဦးကို ဆိုင်ထဲသို့ ခေါ်သွားကာ ခြစ်ကတ် နှစ်မျိုး၏ ကစားပုံနှင့်

ဆုကြေးများကို ရှင်းပြလိုက်ရာ သူတို့နှစ်ဦးမှာ ချက်ချင်း နားလည်သွားကြသည်။

“ကံတရားသက်သက်ပဲလား... စိတ်ဝင်စားစရာပဲ” “ကောင်းပြီလေ... အဲဒါဆိုလည်း

စမ်းကြည့်ကြတာပေါ့။ ကျွန်တော် ရွှေဒင်္ဂါး နှစ်ပြားတန်

တစ်ခု အရင်ယူမယ်”

လီယွဲ့က ဂရုမစိုက်ပေ။ ရွှေဒင်္ဂါး နှစ်ပြား ဆိုသည်ကလည်း အရောင်းရငွေပင် မဟုတ်ပါလော။

သူက ပြုံးရွှင်စွာဖြင့် ရွှေဒင်္ဂါးများကို လက်ခံယူလိုက်ပြီး ရွှေဒင်္ဂါး

နှစ်ပြားတန် ထီလက်မှတ် တစ်ခုကို ကမ်းပေးလိုက်သည်။ သူ လောလို့

မရပေ၊ လူများကို ကျော့ကွင်းထဲသို့ တစ်ဆင့်ချင်းစီ သွေးဆောင် ခေါ်ယူရမည်ဖြစ်သည်။

“အိုး... ကံကောင်းတာပဲ၊ အရင်း ပြန်ရပြီကွ”

ပထမဆုံး ကတ်မှာပင် ရွှေဒင်္ဂါးနှစ်ပြားဆု ပေါက်သွားလေသည်။

“ကစားရတာ ရိုးရှင်းသလို ပျော်စရာလည်း ကောင်းသားပဲ”

အမျိုးသားက ဆုပေါက်သောလက်မှတ်ကို လီယွဲ့ထံသို့ ကမ်းပေးလိုက်ပြီး “ဒါက ရွှေဒင်္ဂါး

နှစ်ပြား တန်တယ်လေ။ အသစ်တစ်ခုနဲ့ ပြန်လဲလို့ ရမလား” “သေချာပေါက် ရတာပေါ့”

လီယွဲ့က နောက်ထပ် တစ်ခုကို ထုတ်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင်လည်း ထိုအမျိုးသားက

ရွှေဒင်္ဂါး နှစ်ပြားဆု ထပ်ပေါက်ပြန်သည်။

“ဟားဟားဟား ပေါက်ပြန်ပြီကွ... နောက်တစ်ခု” တတိယမြောက် ကတ်၊ ဤတစ်ကြိမ်တွင် သူ

ရွှေဒင်္ဂါး ငါးပြားဆု ပေါက်လေသည်။

အမျိုးသားမှာ ပို၍ စိတ်လှုပ်ရှားလာတော့သည်။ “သူဌေး... ဒီဆုပေါက်လက်မှတ်နဲ့

အသစ်နှစ်ခု အရင်လဲပေးပါဦး။ ကျန်တဲ့ ရွှေဒင်္ဂါးတွေကို နောက်မှ

ရှင်းကြတာပေါ့”

စတုတ္ထမြောက် ကတ်က ရွှေဒင်္ဂါး နှစ်ပြား၊ ပဉ္စမမြောက် ကတ်က ရွှေဒင်္ဂါး ငါးပြား။

“ထပ်ပေးဗျာ”

အမျိုးသားမှာ တဖြည်းဖြည်း ကျော့ကွင်းထဲ သက်ဆင်းလာပြီး ဘေးမှ အမျိုးသမီးလေးပင်လျှင်

ပြုံးလာကာ စမ်းသပ်ကြည့်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။

“သူဌေး... ကျွန်မကိုလည်း ကစားဖို့ တစ်ခု ပေးပါဦး” လီယွဲ့ စိတ်ထဲမှ တိတ်တခိုး

ပျော်ရွှင်သွား၏။ နောက်ထပ် တစ်ယောက် ကျော့ကွင်းထဲ ဝင်လာတော့မည်။

“ထပ်ပေး... ထပ်ပေးဗျာ။ ကျွန်တော့်ကံတွေ အရမ်း ကောင်းနေသလို ခံစားရတယ်။ ကတ်တိုင်းက

ဆုတွေချည်းပဲ၊ ဆုကြီးများ ပေါက်မလား မသိဘူး”

အမျိုးသမီးလေးက သူမ၏ ပထမဆုံး ကတ်ကို ခြစ်ပြီးသောအခါ ဘာမှ မရခဲ့ချေ။ သူမက ဘေးမှ

စိတ်လှုပ်ရှားနေသော အမျိုးသားကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။

လက်မခံနိုင်စွာဖြင့် သူမက “သူဌေး... ကျွန်မကို ငါးကတ် ပေးပါ” “ချက်ချင်းရပါပြီဗျာ”

All Chapters