အခန်း (၅-၆)
Vol. 1 Ch. 5-6
ကံတရားကိုရောင်းစားမယ်
အခန်း (၅) တကယ်ကို ရယ်စရာကောင်းလွန်းတယ်
အချိန်တိုအတွင်းမှာပင် အမျိုးသား၏ ရှေ့တွင် ခြစ်ကတ်များ အထပ်လိုက်
ပုံသွားလေတော့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ၏
ကံတရားမှာ တဖြည်းဖြည်း ဆိုးရွားလာတော့၏။
“ဘာမှ မရှိသေးဘူး” “ဒီတစ်ခုမှာလည်း ဘာမှ မရှိဘူး။ ဒီလိုတော့ မဖြစ်သင့်ပါဘူး။ ခုနက
ကတ်တိုင်း ပေါက်နေတာလေ၊ ဘာလို့ အခု လေးငါးကတ်လောက် ဆက်တိုက် ဘာမှ မပေါက်ရတာလဲ”
“ဘာမှ မရှိပြန်ဘူး”
ဆယ်ကတ်ကျော် ဆက်တိုက် ဘာဆုမှ မရတော့သောအခါ အမျိုးသားမှာ တဖြည်းဖြည်း ဂနာမငြိမ်
ဖြစ်လာတော့သည်။ ရုတ်တရက် သူက ခေါင်းမော့ကာ လီယွဲ့အား မျက်လုံးကျဉ်း၍
ကြည့်လိုက်သည်။ “သူဌေး... ခင်ဗျား လှည့်ကွက်တွေများ သုံးနေတာမဟုတ်ပါဘူးနော်”
လီယွဲ့က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး “ကျုပ်က အစကတည်းက ခင်ဗျားအနားကို လာတောင်
မလာတာ၊ ဘယ်လိုလုပ် လှည့်ကွက် သုံးလို့ ရမှာလဲ” “ဒါပေမယ့် ခင်ဗျားပဲကျွန်တော့်ကို ခြစ်ကတ်တွေ ပေးနေတာလေ” “ကျုပ် ခင်ဗျားကို ပေးတိုင်း အထပ်လိုက်ထဲကနေ အစီအစဉ်အတိုင်း ဆွဲထုတ်ပေးခဲ့တာပဲ။ ခင်ဗျားကိုယ်တိုင်လည်း တစ်ချိန်လုံး မြင်နေခဲ့တာပဲလေ။ အဲဒီလို မဟုတ်က
ဟုတ်ကတွေ မပြောသင့်ဘူး”
အမျိုးသား၏ မျက်နှာ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွား၏။ “ခင်ဗျား တကယ်ပဲ
ဘာလှည့်ကွက်မှ မသုံးထားဘူးလို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်
ခင်ဗျားကို သေချာပေါက် နောင်တရအောင် လုပ်ပစ်မယ်”
“နောက်ထပ်...နေဦး... နောက်ထပ် နှစ်ကတ် ပေး”
လီယွဲ့က စားပွဲပေါ်တွင် ပြသထားသော ခြစ်ကတ်များကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီတစ်ခါကိုယ့်ဘာသာကိုယ် ရွေးယူလိုက်”
အမျိုးသား ကိုယ်တိုင် နှစ်ထပ် ဆွဲယူလိုက်ပြီး ထပ်ခြစ်လေသည်။ ဆုပေါက်နိုင်ခြေ
မများသဖြင့် ဘေးမှ အမျိုးသမီးလေးမှာ ကတ်အနည်းငယ် ခြစ်ပြီးနောက်
တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့ကျသွားကာ အမျိုးသားကိုသာ အာရုံစိုက်
ကြည့်နေတော့သည်။
ထိုနှစ်ထပ်လုံးမှ သူတို့ ရွှေဒင်္ဂါး ငါးပြားဆု နှစ်ခုသာ စုစုပေါင်း ရရှိခဲ့လေသည်။
ဒေါသထွက်လွန်းသဖြင့် အမျိုးသားသည် စားပွဲကို ဝုန်းခနဲ ထုလိုက်သည်။
“မဖြစ်နိုင်ဘူး... ဒီမှာ သေချာပေါက် တစ်ခုခု မှားနေပြီ”
လီယွဲ့က ပြုံးကာ သူ့ကို ကြည့်လိုက်သည်။ “ကံဆိုတာ တစ်လှည့်စီ လာတတ်ပါတယ်။
နောက်တစ်ကြိမ်လောက် ထပ်မစမ်းကြည့်ချင်ဘူးလား။ နောက်ကျရင်
ကံပြန်ကောင်းလာမှာပေါ့” “ဟွန့်... ခင်ဗျားရဲ့ လှည့်ကွက်တွေထဲ ငါက
ထပ်ကျသွားဦးမယ်လို့ ထင်နေလား”
ပြောပြီးသည်နှင့် အမျိုးသားသည် အမျိုးသမီးကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။
“နေဦးလေ... မင်း တစ်ခုခု မေ့နေတယ် မဟုတ်လား”
အမျိုးသားက လှည့်ကြည့်ကာ မောက်မာစွာဖြင့် “မင်းက ငါတို့ကို လိမ်စားသေးတယ်။ ပြီးတော့
ပိုက်ဆံ ထပ်လိုချင်သေးတယ်ပေါ့။ ငါ အာဏာပိုင်တွေဆီ တိုင်မတောတာကိုပဲကျေးဇူးတင်သင့်တယ်”
လီယွဲ့က ရှေ့သို့ ဖြည်းညင်းစွာ တိုးလာခဲ့သည်။ “မင်းမှာ သက်သေရှိရင် သွားတိုင်လို့
ရပါတယ်။ ဒါပေမယ့် အခု ပြဿနာက... မင်း ပိုက်ဆံပေးဖို့ လိုနေတယ်” “မင်းတို့ရဲ့
ဆုကြေးငွေတွေကို နှုတ်ပြီးတဲ့နောက် မင်း ငါ့ကို ရွှေဒင်္ဂါး
တစ်ရာ့ဆယ့်ခြောက်ပြား ပေးဖို့ အကြွေးတင်နေတယ်။
အော်... ဟုတ်သားပဲ... ဒီအမျိုးသမီးလေး အကြွေးပါ ပေါင်းလိုက်ရင် စုစုပေါင်းရွှေဒင်္ဂါး တစ်ရာ့နှစ်ဆယ့်ရှစ်ပြား”
အမျိုးသားက အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။ “မင်းက
လိမ်လည်လှည့်ဖြားနေတဲ့ ဆိုင်ဖွင့်ထားပြီးတော့
ပိုက်ဆံ လိုချင်သေးတယ်ပေါ့။ အိပ်မက်သာ မက်နေလိုက်”
လီယွဲ့၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။
“မင်း ဆိုလိုတာက... မင်းကငွေမရှင်းဘဲ လစ်ပြေးချင်တယ် ဆိုတဲ့ သဘောလား”
“ဘာဖြစ်လဲ။ ငါ အခုနင်ယန်မြို့ကို ပြန်ပြီး မင်းကို တိုင်တော့မှာ။ ထောင်ထဲရောက်ဖို့သာစောင့်နေလိုက်တော့”
အမျိုးသား တံခါးဝသို့ ခြေလှမ်းလိုက်သည်နှင့် သူ၏ မျက်စိရှေ့တွင် အမည်းရောင်
အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
“မင်း... မင်း ဘာလုပ်မလို့လဲ” “မင်းက ကောင်းကောင်းပြောလို့ နားမလည်မှတော့
ငါ ကိုယ်တိုင် အရေးယူရတာကို အပြစ်မတင်နဲ့”
“အား...” လီယွဲ့က ထိုအမျိုးသားကို ဆွဲကိုင်ကာ အပေါ်သို့ မြှောက်ချီလိုက်ပြီး
လေထဲတွင် ဇောက်ထိုး လှန်ချလိုက်သည်။ သူက အမျိုးသားကို
အားပြင်းပြင်းဖြင့် အကြိမ်အနည်းငယ် ခါယမ်းလိုက်ရာ
ငွေအိတ်တစ်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ထို့နောက် သူ၏ အခြားလက်တစ်ဖက်က မြေပြင်ဆီသို့ ဆွဲယူသည့် ပုံစံမျိုး
လှုပ်ရှားလိုက်ရာ ငွေကြေးများက သူ၏ လက်ဝါးထဲသို့
တစ်ခုပြီးတစ်ခု အလိုအလျောက် ခုန်တက်လာကြတော့သည်။ ရွှေဒင်္ဂါးများ၊
ငွေဒင်္ဂါးများနှင့် ကြေးပြားများ ပါဝင်သည်။
ဒါပေမယ့်... အဲဒါက မလုံလောက်သေးဘူး။
“ငါ့ကို လွှတ်စမ်း” ဘေးရှိ မိန်းကလေးမှာ ကြောက်လန့်လွန်းသဖြင့် စကားပင်
မပြောနိုင်တော့ချေ။ ဒီဆိုင်ရှင်က ကျင့်ကြံသူ တစ်ယောက်
ဖြစ်နေမည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထို့အပြင် ဤကဲ့သို့
စိတ်အာရုံဖြင့် ပစ္စည်းများကို လှမ်းယူနိုင်သော
အစွမ်းမျိုးမှာ သာမန် ကျင့်ကြံသူများ သေချာပေါက်
မလုပ်နိုင်သောအရာ ဖြစ်သည်။ သူမ မိသားစုရှိ စီနီယာများပင်
မလုပ်နိုင်ကြချေ။
လီယွဲ့က အမျိုးသမီးဆီသို့ အကြည့်လွှဲလိုက်သည်။ “သူ့ဆီမှာ ပိုက်ဆံ မလောက်ဘူး။
ကျန်တဲ့ ပိုက်ဆံကို...” “ကျွန်... ကျွန်မဆီမှာ ဒီလောက်ပဲ ပါတယ်”
အမျိုးသမီးက ပန်းပွင့်ပုံစံ ပိုက်ဆံအိတ်လေးကို တုန်ရီစွာဖြင့် ထုတ်ပေးလိုက်သည်။
ထိုအထဲတွင် ရွှေဒင်္ဂါး ဆယ်ပြားခန့်သာ ပါဝင်သည်။
“မလောက်သေးဘူး” “ငါ့ကို လွှတ်ပေးစမ်း... ငါ ဘယ်သူလဲဆိုတာ မင်းသိလား” ဇောက်ထိုး
တွဲလောင်းဖြစ်နေသော အမျိုးသားမှာ မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။
“မင်း ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းက ငါ့ဆိုင်မှာ အကြွေးမဆပ်ဘဲ လစ်ပြေးမလို့
လုပ်နေတယ်ပေါ့။ ကောင်းကင်ဘုံက ဘုရင်ကြီး ကိုယ်တိုင် လာရင်တောင် ရမှာမဟုတ်ဘူး”
လီယွဲ့က အမျိုးသမီးကို ကြည့်ကာ “ရွှေဒင်္ဂါး သုံးဆယ် လိုနေသေးတယ်။ သူ ဒီမှာ
နေခဲ့ရမယ်။ မင်း ပိုက်ဆံရမယ့် နည်းလမ်းတစ်ခုခု ရှာပြီး
မိုးမချုပ်ခင် လာပေး... ဒါမှမဟုတ် သူ့မိသားစုကို
လာရွေးခိုင်းလိုက်။ မင်း လုပ်နိုင်မလား” “ဟုတ်... ဟုတ်ကဲ့ပါ”
အမျိုးသမီးက ခေါင်းကို ဆက်တိုက် ညိတ်ပြသည်။ “ကောင်းပြီ... မင်း သွားလို့ရပြီ”
အမျိုးသမီး ထွက်သွားပြီးနောက် လီယွဲ့က အမျိုးသားကို ပါးတစ်ချက်ရိုက်၍
သတိလစ်သွားစေပြီး ထောင့်တစ်နေရာသို့ ပစ်ချထားကာ
လစ်လျူရှုထားလိုက်သည်။ သူ နေ့ခင်းဘက် တစ်ရေးအိပ်လိုက်သည်။
သူ နိုးလာသောအခါ နေဝင်ရီတရော အချိန်ပင် ရောက်နေလေပြီ။
“ဒီကောင်မလေး လုံးဝပေါ်မလာတော့တာမျိုးများ ဖြစ်နေမလား”
လီယွဲ့ အောက်ထပ်သို့ ဆင်းလာစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ခု
ဝင်ရောက်လာလေတော့သည်။
“ငါ့ ရှီမိသားစုက လူကို ဘယ်သူကများ ထိရဲတာလဲ”
လူသန်ကြီး သုံးဦး ခြံဝင်းထဲသို့ အတင်း ဝင်ရောက်လာကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ
အထူးတလည် တောင့်တင်းသန်မာပြီး ကျန်နှစ်ဦးမှာ အစေခံများအသွင်
ဝတ်ဆင်ထားကာ တစ်ဦးက အရပ်ရှည်ပြီး တစ်ဦးက ပုလေသည်။
သြော်... ကျင့်ကြံသူ သုံးယောက်ကိုး။ လီယွဲ့က သတိလစ်နေသော လူငယ်လေးကို ခြေထောက်ဖြင့်
ကန်ကာ နှိုးလိုက်သည်။ “ဟေ့... မင်းကို လာရွေးတဲ့သူတွေ ရောက်နေပြီ”
လူငယ်လေးမှာ ဖြည်းညင်းစွာ နိုးလာပြီး ခြံဝင်းထဲမှ ရောက်လာသူများကို မြင်သည်နှင့်
ငိုကြွေးတော့သည်။ “ဦးလေးသုံး... ကျွန်တော့်ကို ကယ်ပါဦး”
ထိုမြင်ကွင်းကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းက ဟစ်အော်လိုက်သည်။
“ယုံအာ... မကြောက်နဲ့၊ မင်းရဲ့ ဦးလေးသုံး ရောက်လာပြီ”
ပြောရင်းနှင့် သူက လီယွဲ့ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
“သူခိုးကောင်...သွားသေလိုက်စမ်း”
လီယွဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “မင်း ဦးနှောက်များ မကောင်းဘူးလား”
ဘန်း... ထိုလက်သီးချက်မှာ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း သူ
အနည်းငယ်မျှပင် မလှုပ်ရှားသွားချေ။ ထိုအစား လူသန်ကြီးမှာသာ
လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ
သွေးများ အန်ထုတ်လိုက်ရသည်။
“သခင်လေးသုံး”
အရပ်ရှည်ရှည်နှင့် ပုပု အစေခံ နှစ်ဦးစလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြသည်။
သခင်လေးသုံးမှာ အဋ္ဌမအဆင့် အစောပိုင်း နယ်ပယ်သို့ ရောက်ရှိနေသည့်
သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး နင်ယန်မြို့တွင် နာမည်အနည်းငယ် ရနေသူ ဖြစ်သည်။
သို့သော် သူသည် ဤလူ၏ ကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့သည့်အပြင်
တန်ပြန်ရိုက်ခတ်မှုကြောင့် အပြင်းအထန် ဒဏ်ရာပင်
ရသွားခဲ့သေးသည်။
“သခင်... သခင်လေးသုံး... ဒီမှာပဲ ခဏစောင့်နေပါ။ ကျွန်တော်တို့ ပြန်ပြီး အကူအညီ
သွားခေါ်လိုက်ပါ့မယ်” အစေခံ နှစ်ဦးသည် လှည့်၍ ထွက်ပြေးကြတော့သည်။
“မြန်မြန်... မြန်မြန်သွား...” “သိပါတယ် သခင်လေးသုံးရဲ့... မြန်မြန်
သွားပါ့မယ်” အသံများမှာ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
“ပြန်... ပြန်လာခဲ့ကြစမ်း” မြေပြင်ပေါ်ရှိ လူသန်ကြီးက သွေးအနည်းငယ် ထပ်အန်လိုက်ပြီး
မနည်း ရုန်းကန်ထရပ်လိုက်သော်လည်း အစေခံများ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ချေ။ သူက
အိမ်ထဲမှ လီယွဲ့ကို ကြည့်ကာ စိတ်ထဲမှ ကြိတ်ကျိန်ဆဲလိုက်သည်။
ဒီလောက် အစွမ်းထက်တဲ့ တည်ရှိမှုမျိုးကို ရင်ဆိုင်ရတာ... သူတို့ ရှီမိသားစုရဲ့
ဘိုးဘေးကြီးကို သင်္ချိုင်းထဲက ပြန်တူးဖော်လာရင်တောင် ဘာမှ အသုံးဝင်မှာ
မဟုတ်ဘူး။ ဒီ အရူးနှစ်ကောင်။
တစ်ချိန်တည်းမှာပင် ခုနကမှ နိုးလာသော လူငယ်လေးမှာ မှင်သက်နေလေသည်။ “ဦးလေးသုံးက
အဋ္ဌမအဆင့် သိုင်းပညာရှင်လေ... ဘယ်လိုလုပ်ပြီး...”
လီယွဲ့ မတ်တပ်ရပ်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ လူသန်ကြီးမှာ သူ၏ သူငယ်အိမ်များ
တုန်ယင်သွားပြီး ခြေလှမ်းတစ်လှမ်း နောက်ကျပါက ချက်ချင်း အသတ်ခံရမည်ကို
ကြောက်ရွံ့သဖြင့် လီယွဲ့၏ ရှေ့သို့ ဒူးထောက်ကာ လျှောတိုက် ဝင်သွားလေတော့သည်။
“အစ်ကိုကြီး... သိုင်းပညာရှင်ကြီး... စီနီယာ... ကျွန်တော်က စီနီယာရဲ့
ကြီးမြတ်မှုကို မသိခဲ့ပါဘူး။ ကျွန်တော်
မှားသွားပါပြီ... မှားသွားပါပြီ” လူသန်ကြီးသည် လီယွဲ့၏
ခြေထောက်ကို ဖက်ကာ ငိုယိုရင်း အသနားခံတော့သည်။
“ငါက စီးပွားရေး သမား တစ်ယောက်ပါ။ ဒီကောင်က ငါ့ကို ရွှေဒင်္ဂါး သုံးဆယ်
အကြွေးတင်နေလို့ သူ့ကို လာရွေးဖို့ ခေါ်ခိုင်းလိုက်တာလေ။
မင်းတို့က ဘာလို့ ပြဿနာ လာရှာနေရတာလဲ” လီယွဲ့က လက်ပိုက်ကာ အောက်သို့
ငုံ့ကြည့်ရင်း ကူကယ်ရာမဲ့ပြီး နားမလည်နိုင်သည့် အမူအရာဖြင့်
ပြောလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ဒီမျိုးဆက်သစ်က ကိုယ့်အစွမ်းအစကိုယ် အထင်ကြီးနေမိလို့ပါ။
ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ စီနီယာ။ ယုံအာ အကြွေးတင်နေတဲ့ ပိုက်ဆံကို
ကျွန်တော် ဆပ်ပါ့မယ်”
လူသန်ကြီးက ပြောပြောဆိုဆိုနှင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို စတင်
ဆွဲထုတ်လေသည်။ သို့သော် အချိန်အတော်ကြာ မွှေနှောက်ရှာဖွေပြီးနောက်
ရွှေဒင်္ဂါး လေးပြားသာ ရှာတွေ့ခဲ့သည်။
လီယွဲ့၏ မျက်နှာ မည်းမှောင်သွား၏။ သူ့အဝတ်အစားကို ကြည့်ရတာ ချမ်းသာတဲ့ မိသားစုက
လာပုံရပြီး အစောင့်အရှောက်တွေတောင် ပါသေးတယ်။ ဘယ်လိုလုပ် ဒီလောက်တောင်
ဆင်းရဲနေရတာလဲ။
သူမသိသည်မှာ ဤလူသန်ကြီးသည် နင်ယန်မြို့ရှိ ရှီမိသားစု၏ သခင်လေးသုံး၊ ရှီပင်းဖုန်း
ဖြစ်သည်။ သူသည် အရက်အလွန်အကျွံ သောက်တတ်ပြီး ပြည့်တန်ဆာရုံများနှင့်
လောင်းကစားရုံများ၏ ဖောက်သည်ဟောင်း တစ်ဦး ဖြစ်ကာ နေ့စဉ်
ရေလို ငွေသုံးနေသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အကျင့်ဆိုးများကို
ထိန်းချုပ်ရန် ရှီမိသားစုက သူ၏ ငွေကြေးသုံးစွဲမှုကို အလွန်
တင်းကျပ်ထားလေသည်။
“မင်းမှာ ပိုက်ဆံ မရှိဘူးလား” “အင်း... အဲဒါက...” ရှီပင်းဖုန်း တစ်ယောက်
ချွေးစေးများ ပျံလာတော့သည်။ “စီနီယာ... ကျွန်တော်
ပြန်သွားပြီး ပိုက်ဆံ နည်းနည်းလောက် စုဆောင်းပြီးမှ မနက်ဖြန်
လာဆပ်ရင်ရော ရမလား”
ဒုတ်... “အား... ဦးလေးသုံး... ကျွန်တော့်ကို ဖိမိနေပြီ” လီယွဲ့က လက်တစ်ချက်
ဝှေ့ယမ်းလိုက်ရာ ထောင့်ထဲမှ တစ်ယောက်တည်း ရှိနေသော လူမှာ နှစ်ယောက်
ဖြစ်သွားပြီး လူပုရွက်ဆိတ် ကစားနည်းကို ကစားနေကြလေသည်။
“ခုနက အစေခံ နှစ်ယောက် အကူအညီ သွားခေါ်တယ် မဟုတ်လား။ ရွှေဒင်္ဂါး သုံးဆယ်
အပြည့်ရတာနဲ့ မင်းတို့ သွားလို့ရပြီ” ရှီပင်းဖုန်းက သူ၏
တင်ပါးကို ပွတ်လိုက်သည်။ ထိုစကားကို ကြားသောအခါ သူ၏ မျက်နှာ အမူအရာ
ပြင်းထန်စွာ ပြောင်းလဲသွားပြီး ရှီယုံနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
“တူလေး... မင်းအဖေ လာတာမျိုးတော့ မဟုတ်လောက်ဘူး မဟုတ်လား” ရှီယုံ၏ နှုတ်ခမ်းများ
တွန့်ကွေးသွား၏။ “ကျွန်တော်... ကျွန်တော် အဲဒီလိုပဲ မျှော်လင့်ပါတယ်”
လီယွဲ့က သူ့ကိုယ်သူ လက်ဖက်ရည် တစ်ခွက် ငှဲ့လိုက်ပြီး တံခါးပေါက်တွင် အပန်းဖြေ
ကုလားထိုင် တစ်လုံးကို သက်သောင့်သက်သာ ချထားလိုက်သည်။ နွေဦးရာသီ ဖြစ်ရာ
သူ့ထံသို့ တိုက်ခတ်လာသော လေပြေလေးမှာ အလွန် သာယာလှသည်။ ထောင့်ထဲမှ လူနှစ်ဦးမှာ
လှုပ်ပင် မလှုပ်ရဲကြဘဲ တစ်စုံတစ်ခုကို ပီပီသသ မဟုတ်ဘဲ ရေရွတ်နေကြသည်...
မဟုတ်သေးပါဘူး၊ ဆုတောင်းနေကြသည့်ပုံနှင့် ပိုတူလေသည်။
နာရီဝက်ခန့် ကြာပြီးနောက်။
“သတ္တိခဲ လူရမ်းကား... ငါ့ညီသုံးကို ဒဏ်ရာရအောင် လုပ်ပြီး ငါ့ယုံအာကို
ပြန်ပေးဆွဲရဲတယ်ပေါ့လေ” ထိုစကားကို ကြားသည်နှင့်
ရှီပင်းဖုန်းနှင့် ရှီယုံတို့၏ မျက်နှာများမှာ ချက်ချင်း
ပြာနှမ်းသွားကြတော့သည်။ ပြီးပြီပဲ။
လီယွဲ့က တံခါးပေါက်သို့ လှမ်းကြည့်လိုက်သည်။ လူ တော်တော်များများ ပါလာသည်။
ဦးဆောင်လာသော လူလတ်ပိုင်းမှာ ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး
အတော်လေး ခမ်းနားထည်ဝါသော အသွင်အပြင် ရှိသည်။ ထိုသူမှာ ရှီမိသားစု၏
အကြီးအကဲ၊ ရှီပင်းယန် ပင်တည်း။
“အဲဒီလူပဲ မိသားစုအကြီးအကဲ” အရပ်ရှည်ရှည်နှင့် ပုပု အစေခံ နှစ်ဦး ရှေ့ထွက်လာပြီး
လီယွဲ့အား ဒေါသတကြီး လက်ညှိုးထိုးပြကြသည်။ ရှီပင်းယန်က အေးစက်စက်
နှာမှုတ်လိုက်သည်။
“ကောင်လေး... မင်းကပဲ...”
“ဟေး... ဟေး... ဟေး...”
သူတို့ ဆက်လက် ပြဇာတ်မခင်းခင်မှာပင် လီယွဲ့က ရှေ့သို့ လှမ်းသွားကာ သူ့ကို
ဖမ်းဆွဲလိုက်ပြီး ရှီယုံကို လုပ်သကဲ့သို့ပင် ဇောက်ထိုး
လှန်ချလိုက်လေသည်။
ခါလိုက်... ခါလိုက်... ခါလိုက်... သိုလှောင်အိတ် တစ်အိတ် မြေပြင်ပေါ်သို့
ပြုတ်ကျလာသည်။ လီယွဲ့က လှမ်းယူလိုက်ပြီး အထဲမှ ပစ္စည်းများကို
သွန်ချလိုက်သည်... သိုလှောင်အိတ်များသည် သိုလှောင်လက်စွပ်များကဲ့သို့ပင်
ကျင့်ကြံသူများ အသုံးပြုသော သိုလှောင်ရေး ပစ္စည်းများ ဖြစ်ကြပြီး
ပိုက်ဆံအိတ်နှင့် ပုံစံတူကာ ပုံပန်းသဏ္ဌာန်သာ ကွာခြားခြင်း ဖြစ်သည်။
သိုလှောင်ရေး ပစ္စည်းတစ်ခုက သူ၏ သခင်ကို အသိအမှတ် ပြုပြီးသည်နှင့် အသေးစား အကာအကွယ်
အစီအရင် တစ်ခု အလိုအလျောက် ပေါ်ပေါက်လာမည် ဖြစ်သည်။ ထိုအစီအရင်ကို ပိုင်ရှင်မှလွဲ၍
မည်သူမျှ ဖွင့်၍ မရနိုင်ချေ။ ပြင်ပလူ တစ်ဦးဦးက အထဲမှ ပစ္စည်းများကို ယူလိုပါက
နည်းလမ်း တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အကာအကွယ် အစီအရင်ကို အတင်းအကျပ်
ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ဤသို့ လုပ်ဆောင်လိုက်ပါက သိုလှောင်အိတ်မှာ
ပိုင်ရှင်မဲ့ ဖြစ်သွားမည် ဖြစ်သည်။
သို့သော် လီယွဲ့၏ လုပ်ရပ်များက ရှီပင်းယန်ကို လုံးဝ မှင်သက်သွားစေခဲ့သည်။
သိုလှောင်အိတ်၏ အစီအရင် ပျက်စီးမသွားကြောင်း သူ သိနေသေးသည်။
အဘယ်ကြောင့်ဆိုသော် သူ ခံစားသိရှိနိုင်သေးသောကြောင့်ပင်။ သို့သော် အထဲမှ
ပစ္စည်းများကို သာမန် ပုံးတစ်ပုံးထဲမှ ပစ္စည်းများကို သွန်ချသကဲ့သို့
သွန်ချခံနေရသည်။
“မလုပ်နဲ့...”
ရုတ်တရက် ရှီပင်းယန်သည် မြေပြင်ပေါ်သို့ ကျလာသော ရောင်စုံ
ပစ္စည်းများကို မြင်လိုက်ရသဖြင့် ဟစ်အော်လိုက်သည်။
ယခင်ကတည်းက နီရဲနေသော သူ၏ မျက်နှာမှာ ပို၍ပင် နီရဲလာတော့သည်။
“အော့” လီယွဲ့က သူ့ကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီကောင်က ကြည့်ရတာ
သပ်သပ်ရပ်ရပ် ရှိပေမယ့် တကယ်တော့ ဒီလို ဝါသနာမျိုး ရှိနေတာကိုး။
မြေပြင်ပေါ်တွင် ပါးလွှာသော အမျိုးသမီး အတွင်းခံ အဝတ်အစား အချို့ ပြန့်ကျဲနေလေသည်။
“ဘုရားရေ... အစ်ကိုကြီးမှာ ဒီလို ဝါသနာ ရှိမှန်း ကျွန်တော် မသိခဲ့ဘူးဗျာ။ လုံးဝကို
မသိသာဘူး။ ပုံမှန်ဆို အရမ်း အတည်ပေါက် နေတတ်ပြီးတော့ အစ်ကိုကြီးက
ဒီလိုမျိုးကိုး... ဟားဟားဟားဟား”
ရှီပင်းဖုန်းက ထောင့်ထဲမှနေ၍ ခုန်ထလာကာ အထိန်းအကွပ်မဲ့စွာ ရယ်မောလေတော့သည်။
တစ်ချိန်တည်းမှာပင် ရှီယုံမှာ မျက်နှာကို လက်ဖြင့်
အုပ်ထားလိုက်သည်။ “ဒါက အရမ်းကို ရှက်စရာ
ကောင်းလွန်းတယ်”
လီယွဲ့က သိုလှောင်အိတ်ထဲမှ အရာအားလုံးကို သွန်ချလိုက်သည်။ သူက မြေပြင်ပေါ်မှ
ပစ္စည်းများကို ခြေထောက်ဖြင့် ထိုးဆွကြည့်ပြီး နှုတ်ခမ်းများ
တွန့်ကွေးသွား၏။
“ငွေဒင်္ဂါး ရှစ်ပြားပဲ ရှိတာလား... သောက်ကျိုးနည်း” “မင်းတို့ မိသားစုက ဘယ်လိုလုပ်
အဲဒီလောက်တောင် မွဲတေနေရတာလဲ... အဲဒါတောင် အသက်ရှင်ဖို့ မျက်နှာပြောင်တိုက်
နေရဲသေးတယ်”
ရှီပင်းယန်၏ မျက်နှာမှာ “ငါ့ကိုသာ သတ်လိုက်ပါတော့” ဟူသော အမူအရာမျိုး ဖြစ်နေသည်။
သူက ဘာမှ မတုံ့ပြန်ဘဲ သူ၏ အကြည့်များမှာ လွတ်ဟာနေလေသည်။
ရှီမိသားစု၏ အကြီးအကဲ ရှီပင်းယန်မှာ မိန်းမကြောက် တစ်ဦး ဖြစ်သည်။ သူ၏ ဇနီးက
မိသားစု၏ ငွေကြေးကိစ္စများကို ချုပ်ကိုင်ထားသည်။ သူက
ပုံမှန်ဆိုလျှင် ခမ်းနားထည်ဝါသော အသွင်ရှိသော်လည်း
တကယ်တမ်းတွင် သူ၏ အိတ်ကပ်ထဲ၌ ရွှေဒင်္ဂါး နှစ်ပြားထက် ပို၍ ဘယ်တော့မှ
မရှိခဲ့ချေ။ အိမ်ထဲမှ အစေခံများကို ဖယ်လိုက်ပါက သူသည် ရှီမိသားစု
တစ်ခုလုံးတွင် အဆင်းရဲဆုံး လူဟုပင် ဆိုနိုင်လေသည်။
ဤအချက်ကြောင့်ပင် ရှီပင်းဖုန်းနှင့် ရှီယုံတို့မှာ ခုနက အလွန်အမင်း
စိုးရိမ်နေခဲ့ကြခြင်း ဖြစ်သည်။ ရှီပင်းယန်သာ
သူတို့ကို ကယ်ဖို့ ရောက်လာပြီး ပိုက်ဆံ မပါလာလျှင် ထိုလူ
ဒေါသထွက်သွားကာ သူတို့ သုံးယောက်လုံးကို တစ်ပါတည်း
ရှင်းပစ်လိုက်မည်ကို သူတို့ ကြောက်ရွံ့နေခဲ့ကြသည်။ ကံကောင်းစွာဖြင့် ထိုလူက
ပိုက်ဆံကိုသာ လိုချင်ပြီး မည်သူ့ကိုမျှ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့ချေ။
လီယွဲ့က သူ၏ မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်ပြီး ရှီပင်းယန်ကို ထောင့်ဆီသို့
လွှဲပစ်လိုက်သည်။ “ဟေး... ဟေး... ဟေး... ငါ့ကို ဖမ်းကြပါဦး ညီသုံး... ယုံအာ”
ဒုတ်... “အော့... ခင်ဗျားတို့ နှစ်ယောက်... ဒီ ခွေးကောင်တွေ” ထောင့်ထဲသို့ နောက်ထပ်
တစ်ယောက် တိုးသွားပြန်လေပြီ။
လီယွဲ့က ခြံဝင်းထဲရှိ အခြားသူများထံသို့ အကြည့်လွှဲလိုက်သည်။ အရပ်ရှည်ရှည်နှင့်
ပုပု အစေခံ နှစ်ဦးစလုံးမှာ ကြက်သီးမွေးညင်းများ ထသွားကြပြီး မတ်မတ်ရပ်လိုက်ကြသည်။
“နားလည်ပါပြီ... ကျွန်တော်တို့ ပြန်ပြီးလူသွားခေါ်လိုက်ပါ့မယ်”
“ထွက်သွားစမ်း”
အစေခံ တစ်စုမှာ အလွန်တရာ မြန်ဆန်စွာ ပြေးလွှားသွားကြရာ သူတို့၏ နောက်တွင်ဖုန်လုံးကြီးများပင် ထသွားလေတော့သည်။
***
ကံတရားကိုရောင်းစားမယ်
အခန်း (၆) အားလုံး ပြုတ်ပြုတ်ပြုန်းခြင်း
အချိန်က တဖြည်းဖြည်း မှောင်ရီပျိုးလာပြီ။ ထီဆိုင်၏ ထောင့်တစ်နေရာတွင် လူသုံးဦးမှာ
ကြောက်လန့်တုန်ရီစွာဖြင့် ကပ်ထိုင်နေကြလေသည်။
“ခယ်မလေးက ဘာလို့ ခုထိ ရောက်မလာသေးတာလဲ”
“အဘိုးကြီးက သီးသန့်ကျင့်ကြံဖို့ ဝင်နေတယ်။
ငါလည်း မရှိဘူး။ ညီလေးနှစ်ကလည်း နင်ယန်မြို့မှာ မရှိဘူးဆိုတော့ အိမ်ကိစ္စ
အားလုံးကို မင်းရဲ့ ခယ်မလေးပဲ ဆုံးဖြတ်နေရတာလေ။ သူ သေချာပေါက်
ရောက်လာမှာပါ၊ ခဏလောက် ထပ်စောင့်လိုက်ပါဦး”
“အဲဒါဆိုလည်း တော်သေးတာပေါ့။ မေမေက
အမြဲတမ်း သိမ်မွေ့တယ်။ သူက ဒီသိုင်းပညာရှင်ကြီးကို ဒေါသထွက်အောင် လုပ်မှာ
မဟုတ်ပါဘူး”
“ငါတို့တော့ လွတ်ပါပြီကွာ”
ထိုအချိန်တွင် လီယွဲ့ တစ်ယောက် ထမင်းစားနေလေသည်။ ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ
ထွက်ပေါ်လာ၏။
“ရပ်လိုက်စမ်း... ငါ့သားကို ဒဏ်ရာရအောင်လုပ်ပြီး ငါ့ရဲ့ အချစ်တော် မြေးလေးကို
ဖမ်းထားရဲတဲ့ သတ္တိခဲက ဘယ်သူလဲ”
ထိုအသံကို ကြားသည်နှင့် ရှီပင်းယန် အပါအဝင် သုံးယောက်လုံး တစ်ပြိုင်နက်တည်း
တုန်တက်သွားကြသည်။ “အဘိုးကြီးက ဘာလို့ သီးသန့်ကျင့်ကြံတဲ့ အခန်းထဲက
ထွက်လာရတာလဲ”
“သောက်ကျိုးနည်း... ငါတို့တော့ သေပါပြီ”
“မလန့်ကြနဲ့။ ဒီသိုင်းပညာရှင်ကြီးက ယုံအာ အကြွေးတင်နေတဲ့ ပိုက်ဆံကိုပဲ လိုချင်တာလေ။
အဘိုးကြီးဆီမှာ သေချာပေါက် ပိုက်ဆံပါမှာပါ။ အဆိုးဆုံးဆို နည်းနည်းပါးပါးအဆူခံရရုံလောက်ပဲ ရှိမှာပါ။ ပြဿနာ မကြီးပါဘူး”
“အစ်ကိုကြီး ပြောတာလည်း ဟုတ်တာပဲ”
ဆံဖြူအဘိုးအို တံခါးပေါက်သို့ ဝင်လာသည်နှင့် လီယွဲ့က ရှေ့သို့ လှမ်းဝင်သွားလေသည်။
“ဟေး... ဟေး... ဟေး... ဒီအဘိုးအိုကို လွှတ်စမ်း”
“ငါ့ သိုလှောင်အိတ်ကိုအောက်ချထားပေး...”
“အား... ဘန်း...”
လီယွဲ့၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။ ရှီပင်းယန်နှင့်
ရှီပင်းဖုန်းတို့ ဘာလုပ်ရမှန်း မသိခင်မှာပင် အဘိုးကြီးမှာ မြေပြင်ပေါ်သို့
ပြင်းထန်စွာ ပြုတ်ကျသွားခဲ့လေပြီ။
“အဖေ”
“အဘိုး”
“ဒီ မိုက်မဲတဲ့ သားတွေ... မင်းတို့က ငါ့ကို ဘာလို့ လှမ်းမဖမ်းကြတာလဲ” ရှီမိသားစု၏
အကြီးအကဲဖြစ်သော ရှီလုံယန်က ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။
“အဘိုး... အဘိုးဆီမှာလည်း ပိုက်ဆံ မပါဘူးလား” “ဘာတွေ လာပြောနေတာလဲ... ငါက ဘာလို့
သီးသန့်ကျင့်ကြံတဲ့ အခန်းထဲ ရောက်နေတယ်လို့ ထင်လဲ” “မကြာသေးခင်က အဖေ
ထျန်းယွမ် လေလံရုံမှာ ကနဦး ဝိညာဉ်ဂျင်ဆင်းကို
လေလံအောင်ခဲ့လို့လေ... ဒါဆို...”
ထိုအခါမှ ရှီညီအစ်ကို နှစ်ဦးလုံး ရုတ်တရက် သဘောပေါက်သွားကြတော့သည်။ “ကျွန်တော်...
ကျွန်တော် မေ့သွားတယ်”
ရှီလုံယန် သွားကို တင်းတင်းကြိတ်လိုက်ပြီး ညီအစ်ကို နှစ်ဦး၏ ခေါင်းကို တစ်ချက်စီ
ခပ်ပြင်းပြင်း ခေါက်ချလိုက်သည်။ “ပြောစမ်း... ဘာတွေ ဖြစ်နေတာလဲ။ အဲဒီကောင်က
ဘယ်သူလဲ...” “အဖေ... တော်တော့လေ” ရှီပင်းဖုန်းက သူ၏ ဖခင် ပါးစပ်ကို အလျင်အမြန်
လှမ်းပိတ်လိုက်သည်။
အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သည်။ ရှီယုံက သူ့ဘေးရှိ အားကိုးမရသော လူကြီး
သုံးယောက်ကို ကြည့်ကာ မျက်လုံးလှန်လိုက်မိသည်။ “ကောင်းရော...
အားလုံး ပြုတ်ပြုတ်ပြုန်းပြီပဲ” “မေမေရေ... သားကို လာကယ်ပါဦး”
လီယွဲ့က အရပ်ရှည်ရှည်နှင့် ပုပု အစေခံ နှစ်ဦးကို တစ်ချက် ကြည့်လိုက်သည်။ အစေခံ
နှစ်ဦးစလုံးက လီယွဲ့၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်ပြီး လှည့်၍
ထွက်ပြေးရန် ပြင်ကြသည်။ “နေဦး” အစေခံ နှစ်ဦးစလုံး ခြေလှမ်းတန့်သွားပြီး
တံခါးပေါက်တွင် ဒူးထောက် ကျသွားကြလေသည်။
“သိုင်းပညာရှင်ကြီး... ဒါက ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး” “စီနီယာ...
ကျွန်တော်က ရှီမိသားစုရဲ့ အစေခံ တစ်ယောက်ပါ။ ကျွန်တော့်မှာ
တကယ်ကို ပိုက်ဆံ မရှိပါဘူး”
လီယွဲ့က သူ၏ နားထင်ကို ပွတ်သပ်လိုက်သည်။ စီးပွားရေး လုပ်ရတာ တကယ်ကို ခက်ခဲလှပါတကား။
“ငါ မင်းတို့ကို ပြောချင်တာက... ဒီတစ်ခါကျရင် နည်းနည်းပါးပါး အားကိုးရပြီးတော့
ကိစ္စကို ဆုံးဖြတ်ပေးနိုင်တဲ့သူ၊ ပြီးတော့ ဒီအကြွေးကို ရှင်းဖို့
ပိုက်ဆံရှိတဲ့သူကို သေချာ ရှာခေါ်လာပေးလို့ ရမလား”
အစေခံ နှစ်ဦးက ကြက်စာဆိတ်သကဲ့သို့ ခေါင်းကို ဆက်တိုက် ညိတ်ပြကြသည်။ “ဒီတစ်ခါ
သေချာပေါက် ခေါ်လာခဲ့ပါ့မယ်၊ သေချာပေါက် ခေါ်လာခဲ့ပါ့မယ်”
“ကောင်းပြီ... သွားတော့”
အစေခံ နှစ်ဦး ထွက်သွားပြီးနောက် လီယွဲ့ လှည့်အထွက်တွင် တံခါးပေါက်သို့ နောက်ထပ်
လူတစ်စု ရောက်ရှိလာလေသည်။
“စီနီယာ”
“လျိုသခင်မလေး... ဘာလို့ ဒီလောက် နောက်ကျမှ လာတာလဲ”
ရောက်လာသူများမှာ လျိုမိသားစုမှ လူများ ဖြစ်ကြသည်။ မိသားစု အကြီးအကဲ လျိုချန်ဖုန်း၊
ဘိုးဘေးကြီး လျိုမုချင်း အပြင် လျိုချင်းလီနှင့် ယခုလေးတင် စွမ်းအား နိုးထလာကာကျင့်ကြံခြင်း လမ်းစဉ်ထဲသို့ ဝင်ရောက်လာခဲ့သော လျိုဝူယီ တို့ ဖြစ်ကြသည်။
စွမ်းအားများ နိုးထလာပြီးပြီးချင်းမှာပင် လျိုဝူယီက မစောင့်နိုင်တော့ဘဲ ချက်ချင်း
ပြေးလာခဲ့ခြင်း ဖြစ်သည်။ “သူဌေး... ကျွန်တော်တို့က သူဌေးကို သီးသန့်ကျေးဇူးတင်ချင်လို့ လာခဲ့တာပါ”
လီယွဲ့ အံ့အားသင့်သွားသည်။ “ကျေးဇူးတင်တယ် ဟုတ်လား... ဘာအတွက်လဲ” လျိုဝူယီက
ရှေ့သို့ စိတ်လှုပ်ရှားစွာ တိုးလာပြီး လီယွဲ့၏ ရှေ့တွင် ဒူးထောက်
ချလိုက်လေသည်။ “သူဌေး... ကျွန်တော်... ကျွန်တော် ကျင့်ကြံခြင်း လမ်းစဉ်ထဲကို
ဝင်ရောက်နိုင်ခဲ့ပါပြီ။ အားလုံးက သူဌေးရဲ့ ခြင်ဆီသန့်စင်ဆေးရည်
ကျေးဇူးကြောင့်ပါ”
လီယွဲ့က လက်ကို အသာအယာ မြှောက်လိုက်ရာ လျိုဝူယီက မြင်ကွင်းတွင် မမြင်ရသော
စွမ်းအားတစ်ခုက သူ့ကို ပင့်မထူပေးလိုက်သည်ကို ခံစားလိုက်ရသည်။
ဤမြင်ကွင်းကြောင့် သူ၏ နောက်တွင်ရှိသော လျိုချန်ဖုန်းနှင့် လျိုမုချင်းတို့၏
ရင်ထဲတွင် အလွန်တရာ အံ့အားသင့်သွားကြတော့သည်။ ဒီသိုင်းပညာရှင်ကြီးက
တကယ်ကို သာမန် မဟုတ်ဘူးပဲ။
“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက စီးပွားရေး တစ်ခု သက်သက်ပါ။ ဆုကြီး ပေါက်သွားတာက
မင်းအစ်မရဲ့ ကံတရားပဲ။ ဒါကြောင့် မင်း အဆင့်တက်သွားတာက ကျုပ်နဲ့ ဘာမှ
မဆိုင်ပါဘူး”
လျိုချန်ဖုန်းနှင့် လျိုမုချင်းတို့ ရှေ့သို့ တိုးလာကြသည်။
“ဂါရဝပြုပါတယ် စီနီယာ”
“ဒီမှာ စီနီယာ မရှိပါဘူး။ ကျုပ်ကို သူဌေးလို့ပဲ ခေါ်ပါ”
“ဟုတ်ကဲ့ သူဌေး”
လျိုမုချင်းက ပြုံးကာ
“သူဌေး... ကျွန်တော် ချင်းလီဆီက ကြားတာတော့ခြင်ဆီသန့်စင်ဆေးရည်ကို ဒီက...
ကတ်တစ်မျိုးမျိုးကို ခြစ်ပြီး ပေါက်သွားတာဆို”
“ဟုတ်ပါတယ်။ ခြစ်ကတ် ပါ”
“သူဌေး... ကျွန်တော်တို့ရော တစ်ခါလောက်
စမ်းကြည့်ခွင့် ရမလား။ တောင်းပန်ပါတယ်။ ကျွန်တော်တို့က ဗဟုသုတနည်းပါးလို့ ရယ်စရာ ဖြစ်သွားရပါတယ်”
လီယွဲ့က ပြုံးလိုက်ပြီး “ကျုပ်က ဆိုင်ဖွင့်ထားတာလေ၊ ဧည့်သည်တွေကို ဘာလို့
ငြင်းရမှာလဲ” “ကျေးဇူးတင်ပါတယ် သူဌေး” “ဝင်ခဲ့ကြပါ။ ဒါပေမယ့်
နောက်ထပ်... နာရီဝက်လောက် နေရင်တော့ ဆိုင်ပိတ်တော့မှာနော်” “နားလည်ပါပြီ။
ကျွန်တော်တို့ သူဌေးကို အနှောင့်အယှက် မပေးပါဘူး”
ထို့နောက် လျိုမိသားစုမှ လူများအားလုံး ထီဆိုင်ထဲသို့ ဝင်လာကြလေသည်။
“လျိုမိသားစုက လူတွေက ဘာလို့ ဒီကို ရောက်နေတာလဲ။ ပြီးတော့ ဟို အဘိုးကြီး
လျိုမုချင်း လည်း ပါသေးတယ်။ သွားပါပြီ... ငါတို့တော့ ဒီတစ်ခါ
လုံးဝကို အရှက်ကွဲတာပဲ” ထောင့်ထဲမှ ရှီမိသားစုဝင် လေးဦးမှာ သူတို့၏ မျက်နှာများကို
အင်္ကျီလက်စများဖြင့် အုပ်ကာ အလွန်တရာ ရှက်ရွံ့နေကြလေသည်။
“ဒီလူတွေက ဘယ်သူတွေလဲ” “သြော်... ထီခြစ်ပြီး ပိုက်ဆံမပေးတဲ့ ကောင်တွေလေ။ သူတို့
မိသားစုတွေ လာရွေးမယ့် အချိန်ကို စောင့်နေကြတာ” “သြော်... အဲဒီလိုကိုး”
ထိုအချိန်တွင် လျိုဝူယီက မျက်မှောင်ကြုတ်ကာ ထောင့်ဆီသို့ ဖြည်းညင်းစွာ
ချဉ်းကပ်လာသည်။ “မင်း... မင်းက ဘာလို့ ဒီလောက်
ရင်းနှီးနေရတာလဲ” “မဟုတ်... မဟုတ်ပါဘူး။ မရင်းနှီးပါဘူး။ ငါ
မင်းကို မသိဘူး”
ရှီယုံက စကားမပြောခဲ့လျှင် ပိုကောင်းမည် ဖြစ်သော်လည်း သူ စကားပြောလိုက်သည်နှင့်
လျိုဝူယီက သူ့ကို ချက်ချင်း မှတ်မိသွားတော့သည်။
“ရှီယုံ”
“ငါ မဟုတ်ဘူး”
“ငရဲကျသွားပါလား... မင်းအသံကိုတော့ ငါ လုံးဝ မမှားနိုင်ဘူးကွ”
လျိုဝူယီက ရှီယုံ မျက်နှာကို ဖုံးကွယ်ထားသော အင်္ကျီလက်စကို ဆွဲဖယ်လိုက်သည်။
“မင်း... မင်းရဲ့ ခွန်အားက ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ”
လျိုဝူယီက ခါးကို လက်ထောက်လိုက်ပြီး “ဒီသခင်လေးက သိုင်းပညာရှင် အဆင့်ကို
ရောက်သွားပြီကွ။ ယုံလေး... နောက်ဆိုရင် ငါ့ကိုတွေ့ရင် မင်း
ခေါင်းငုံ့ပြီး သွားဖို့ ကောင်းမယ်၊ နားလည်လား” “မင်းက အဆင့်တက်သွားပြီ
ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” “ငါက မင်းကို ဘာလို့
လိမ်ပြောရမှာလဲ။ အကုန်လုံး သူဌေးရဲ့ ကျေးဇူးတွေချည်းပဲ”
ရှီယုံက လီယွဲ့အား တစ်ချက် ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက်
သတိရသွားသည်။ “ခြင်ဆီသန့်စင်ဆေးရည်” “အေးပေါ့ကွ။ ငါ့အစ်မက
ရွှေဒင်္ဂါး နှစ်ထောင်ပဲ အကုန်ခံပြီး သူဌေးဆီက ဆုကြီးကို ခြစ်နိုင်ခဲ့တာ။
ခြင်ဆီသန့်စင်ဆေးရည် တစ်ပုလင်း အတိပဲ”
ရှီမိသားစု၏ ဘိုးဘေးကြီးက နောက်ဆုံးတွင် ဆက်လက် သည်းမခံနိုင်တော့ပေ။ “ဘာ...
ခြင်ဆီသန့်စင်ဆေးရည်က ရွှေဒင်္ဂါး နှစ်ထောင်တည်း ဟုတ်လား။ ဘာတွေ
ဖြစ်နေတာလဲဆိုတာ ငါ့ကို ရှင်းပြနိုင်တဲ့သူ ရှိလား”
လျိုမုချင်းက ရှေ့သို့ တစ်လှမ်း တိုးလာသည်။ “ရှီလုံယန်... မင်းလည်း ဒီမှာ
ရှိနေတာကိုး... မင်း... ဖူး...” ရုတ်တရက် သူက လီယွဲ့ ခုနက
ပြောခဲ့သည့် စကားကို သတိရသွားသည်။
“ဟားဟားဟား... မင်းက ငယ်ငယ်ကလည်း အကြွေးမဆပ်ဘဲ လစ်ပြေးတတ်တယ်။ အခု သေခါနီး
အချိန်ထိတောင် ခွေးမြီးကောက် ကျည်တောက်စွပ်ပါလား... ဟားဟားဟား”
“မုချင်း ငနဲလေး... မင်းကို ငါ သတ်မယ်”
“အဟမ်း” မိုးခြိမ်းသံအလား ချောင်းဟန့်သံ နှစ်ကြိမ် ထွက်ပေါ်လာသည်။ လူတိုင်းက
အသံလာရာဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြရာ အေးစက်နေသော
မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝှစ်... အားလုံးက မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း ဒူးထောက် ကျသွားကြပြီး သူတို့၏
ကျောပြင်များတွင် ချွေးအေးများ စီးကျလာတော့သည်။
ရှီမိသားစုနှင့် လျိုမိသားစုတို့မှာ ရန်ငြိုးရန်စ နက်ရှိုင်းလှသည်။ မိသားစု
နှစ်ခုလုံး၏ ဘိုးဘေးကြီး နှစ်ဦးမှာ ငယ်စဉ်က သူငယ်ချင်း ကောင်းများ
ဖြစ်ခဲ့ကြသည်ဟု ဆိုကြသည်။ နောင်တွင် သူတို့နှစ်ဦးလုံး အမျိုးသမီး တစ်ဦးတည်းကို
ချစ်ကြိုက်မိခဲ့ကြရာ လျိုမိသားစုမှ လျိုမုချင်းက ရှီမိသားစုမှ ရှီလုံယန်ကို
အနိုင်ယူပြီး ထိုအလှလေးကို အောင်မြင်စွာ လက်ထပ်နိုင်ခဲ့လေသည်။
ထိုအချိန်မှစ၍ ထိုနှစ်ဦးမှာ သူငယ်ချင်းအဖြစ်မှ ပြတ်စဲသွားခဲ့ကြပြီး မိသားစု
နှစ်ခုမှာလည်း ဆယ်စုနှစ်များစွာကြာ အဆက်အသွယ် ဖြတ်ခဲ့ကြသည်။
သူတို့၏ မျိုးဆက်များမှာလည်း မကြာခဏ ပွတ်တိုက်မှုများ ရှိခဲ့ပြီး
တွေ့ဆုံတိုင်းလည်း ရန်ဖြစ်လေ့ ရှိကြသည်။
ယခုလည်း သူတို့ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို တစ်ခဏမျှ မေ့သွားပြီး ကြီးမားလှသော
အမှားကြီး တစ်ခုကို ကျူးလွန်မိမလို ဖြစ်သွားခဲ့ကြသည်။ လူတိုင်း၏ ရင်ထဲတွင်
စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
“မင်းတို့ ကစားမှာလား မကစားဘူးလား။ နောက်ထပ် ဆူညံသံ တစ်သံလောက် ကြားရသေးရင် အားလုံး
ထွက်သွားကြတော့” “ခွင့်လွှတ်ပေးပါ သူဌေး။ နောက် တစ်ခါ မဖြစ်စေရပါဘူး”
လီယွဲ့က ခြစ်ကတ် တစ်မျိုးစီကို နှစ်ထပ်စီ ထုတ်ယူလိုက်သည်။ “ကိုယ်ဘာသာကိုယ် ရွေးကြ။
လျိုသခင်မလေးက ဈေးနှုန်းတွေကို သိပါတယ်” “ဟုတ်ကဲ့ပါ သူဌေး”
လျိုမိသားစုဝင်များက ကောင်တာအနီးသို့ စုရုံးလာကြပြီး ရွှေဒင်္ဂါး နှစ်ဆယ်တန်
ခြစ်ကတ်များကို တစ်ထပ်စီ ယူလိုက်ကြသည်။ လျိုဝူယီအတွက်မူ ရွှေဒင်္ဂါး
နှစ်ဆယ်တန် ခြစ်ကတ်ကို ပထမဆုံးအကြိမ် ခြစ်ဖူးခြင်း ဖြစ်ရာ သူ အနည်းငယ်
စိတ်လှုပ်ရှားနေပြီး မျက်နှာပင် နီမြန်းနေလေသည်။
“အဘိုး... အဖေ... စည်းမျဉ်းတွေက အရမ်း ရိုးရှင်းတယ်။ ဘယ်ဘက် အောက်ထောင့်မှာ အသေးစိတ် ညွှန်ကြားချက်တွေ ရေးထားတယ်”
“အော်... တွေ့ပြီ”
ထို့နောက် သူတို့ လေးဦး စတင် ခြစ်ကြတော့သည်။ “ငါ ပေါက်ပြီ... ရွှေဒင်္ဂါး နှစ်ဆယ်”
“ငါ့မှာ ငါးဆယ် ပေါက်တယ်” “ငါလည်း ငါးဆယ်ပဲ” “ဟားဟားဟား... ငါ တစ်ရာ ပေါက်တယ်ကွ”
“မင်း ပါးစပ်ပိတ်ထားစမ်း... တိုးတိုးလုပ်” “ဟုတ်ကဲ့ပါ အဖေ”
ထိုလူစုထံမှ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော ရယ်မောသံများနှင့် စိတ်လှုပ်ရှားမှုများကို
ကြည့်ရင်း... သူတို့နောက်ရှိ ရှီမိသားစုဝင်များမှာ ရင်ထဲတွင် ယားကျိကျိ
ဖြစ်လာကြတော့သည်။ ယခုအခါတွင် ရှီယုံ၏ ရှင်းပြချက်ကြောင့်
ရှီမိသားစုမှ လူကြီး သုံးဦးမှာ ထီဆိုင်၏ အလုပ်လုပ်ပုံကို အခြေခံအားဖြင့်
နားလည်သွားကြပြီ ဖြစ်သည်။
“သူဌေး”
“ဟင်”
ရှီလုံယန်က လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ “ဟိုလေ...
ကျွန်တော်တို့လည်း နည်းနည်းလောက် ကစားကြည့်လို့ ရမလား” “ခင်ဗျားတို့က ဟုတ်လား...
ပိုက်ဆံရော ရှိလို့လား”
“စိတ်မပူပါနဲ့။ ကျွန်တော့် ချွေးမလေး ပင်းအာ ရောက်လာတာနဲ့ သူဌေးအတွက် ပိုက်ဆံ
လိုမှာ မဟုတ်ပါဘူး” ဟု ရှီလုံယန်က သူ၏ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
လီယွဲ့က ရှီယုံကို ရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး “ဒါဆိုလည်း သူ
ရောက်လာတဲ့အထိ စောင့်လေ။ ခင်ဗျားတို့က ယုံကြည်ရမှု
မရှိတဲ့အပြင်၊ ကျုပ်ဆိုင်က အကြွေးနဲ့ မရောင်းဘူး” “မိုက်မဲတဲ့
သား... မင်း ဘာတွေ လုပ်ထားလဲ ကြည့်စမ်း” ရှီပင်းယန်က ရှီယုံအား
ဟိန်းဟောက်လိုက်သည်။
“အဖေ... ကျွန်တော်... ကျွန်တော် ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ အဖေရော ဒီလို
ကစားနည်းမျိုး မြင်ဖူးလို့လား။ ကြည့်ရတာ တကယ့် လိမ်စားတဲ့... အွန်း...
အွန်း... အွန်း”
သူ့စကားပင် မဆုံးလိုက်၊ သူ၏ ဖခင် ကိုယ်တိုင်က သူ၏ ပါးစပ်ကို ပိတ်လိုက်လေသည်။ “မင်း
ဆက်ပြီး မဟုတ်က ဟုတ်ကတွေ ပြောနေဦးမယ်ဆိုရင်၊ ငါ ကိုယ်တိုင် မင်းကို သတ်ပစ်ဖို့
ဝန်လေးမှာ မဟုတ်ဘူး” “အွန်း... အွန်း...”