← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆) - ဝိုင်းရံခံထားရသော သစ်ပင်အိမ်

ရွှီရှင်းသည် ပထမဦးစွာ တည်နေရာကူးပြောင်းစက် ရှိရာသို့ လာခဲ့ပြီး လီဝမ်ရှီးဘက်ရှိ တည်နေရာနှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်၏။

ခရမ်းနက်ရောင် အလင်းတန်းများ စုစည်းလာပြီးနောက် ချိတ်ဆက်မှု အောင်မြင်သွားကာ အလင်းတံခါး ပေါ်ထွက်လာခဲ့သည်။

ချိတ်ဆက်မှု အောင်မြင်သွားခြင်းမှာ ကံကောင်းလှပေသည်၊ အကြောင်းမှာ တစ်ဖက်ရှိ တည်နေရာကူးပြောင်းစက် ပျက်စီးမသွားသေးကြောင်း ညွှန်ပြနေသောကြောင့် ဖြစ်၏။

ထိုဘက်ရှိ တည်နေရာကူးပြောင်းစက် တည်ရှိရာ နေရာမှာ ဗီဇပြောင်းသတ္တဝါများ၏ ဝိုင်းရံမှုကို ခံထားရသဖြင့် အကယ်၍သာ တည်နေရာကူးပြောင်းစက် ပျက်စီးသွားပါက သူသည် ငွေရောင်ဘုရင်ကို စီး၍ သွားရမည်ဖြစ်ရာ အချိန်များစွာ ကြန့်ကြာသွားပေလိမ့်မည်။

သူသည် အလင်းတံခါးထဲသို့ ချက်ချင်း မဝင်သေးဘဲ သစ်ပင်အိမ်အတွင်းသို့ ခေတ္တ ပြန်ဝင်လာခဲ့၏။

ခဲခဲလေးက သူ့အပေါ်သို့ တန်းပြီး ခုန်တက်လာသည်။

"အီး"

ခုနက ရွှီရှင်း ဆီးနှင်းကျားသစ်၏ အဖိသိပ်ခံလိုက်ရသည့် မြင်ကွင်းက ခဲခဲလေးအား တကယ့်ကို ထိတ်လန့်သွားစေခဲ့ပုံရပြီး အပေါ်မှနေ၍ စိုးရိမ်တကြီး အော်ဟစ်နေခဲ့ရှာသည်။

"ခုနက တကယ့်ကို အန္တရာယ်များတာပဲ"

လုဖေးအာလည်း အနားသို့ ရောက်လာသည်။

"ကျွန်မ အဲဒီဆီးနှင်းကျားသစ်ကို ပစ်ဖို့ လုပ်နေတာ"

"နင် ငါ့ကိုပါ ပစ်မိတော့မှာပေါ့"

ရွှီရှင်းက ခဲခဲလေး၏ ခေါင်းလေးကို ပုတ်ပေးရင်း လုဖေးအာကို ပြောလိုက်သည်။

"ငါတို့ စိတ်လျှော့လို့ မရသေးဘူး၊ သားရဲလှိုင်းက လုံးဝ ပြီးသွားတာ မဟုတ်သေးဘူး။ နင် သစ်ပင်အိမ်မှာပဲ နေခဲ့ပါ။ ငါ ဝမ်ရှီးကို သွားကူရမယ်၊ သူမဘက်မှာ ပြိုလဲတော့မယ့် အခြေအနေ ရောက်နေပြီ။"

"ဝမ်ရှီးကို ကူမလို့လား။ ကျွန်မလည်း..."

"နင် လိုက်လို့ မရဘူး။"

ရွှီရှင်း ခေါင်းခါယမ်းလိုက်ရင်း ခဲခဲလေးကို ဆိုဖာပေါ်သို့ အသာအယာ ချပေးလိုက်သည်။

တစ်ဖက်ရှိ တည်နေရာကူးပြောင်းစက် တည်ရှိရာနေရာကို ဗီဇပြောင်းသတ္တဝါများက ဝိုင်းရံထားကြချေပြီ။

အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသာ ဖြစ်စေဦးတော့ လုဖေးအာသာ သွားမည်ဆိုပါက သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး တိုက်ခိုက်ရေးစွမ်းရည် လုံးဝ ပျောက်ဆုံးသွားပေလိမ့်မည်။

သူမအနေဖြင့် အဆင့်နိမ့်ကောင်များကိုပင် ကိုင်တွယ်နိုင်စွမ်း ရှိမည်မဟုတ်ပါပေ။

ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း ထိုနည်းတူပင် ဖြစ်သည်။

ရွှီရှင်း သက်ပြင်းချလိုက်မိသည်။

ဤစူးစမ်းရှာဖွေသူများအကြား ကူးသန်းသွားလာနိုင်ရန် သစ်ပင်အိမ်အတွင်း၌ပင် ကူးပြောင်းစက် အနည်းငယ် တပ်ဆင်ထားသင့်သလားဟု သူ စဉ်းစားမိသည်။

သို့သော်လည်း ထိုသို့လုပ်ခြင်းမှာ မသင့်တော်ပါပေ၊ အကြောင်းမှာ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ အလင်းတံခါးမှတစ်ဆင့် အခြားသူများ၏ သစ်ပင်အိမ်သို့ ဝင်ထွက်သွားလာနိုင်မည် ဖြစ်သောကြောင့်ပင်။

ယခုအခြေအနေတွင် သူ တစ်ဦးတည်းသာ သွားရန် ရှိတော့သည်။

ကံကောင်းသည်မှာ ရန်သူအားလုံးမှာ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသာ ဖြစ်သဖြင့်၊ သူ၏ လက်ရှိ လက်နက်ကိရိယာများနှင့် စွမ်းရည်များအရ ထိုသတ္တဝါများကြားတွင် ဒဏ်ရာမရဘဲ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။

အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်နေချေပြီ။

လုဖေးအာသည်လည်း သူမ၏ မူးဝေတတ်သော ပြဿနာကို သတိရသွားပြီး ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ၊ သွားပါ သခင်ကြီး။ ဒီမှာတော့ ကျွန်မ စိတ်ချလက်ချ စောင့်နေပါ့မယ်။"

လက်ရှိ လုဖေးအာမှာတော့ သူ့အတွက် များစွာ ပိုမို စိတ်ချရသူ ဖြစ်လာခဲ့သည်။

"တစ်ခုခု ဖြစ်လာရင် ငါ့ရဲ့ မော်နီတာကနေတစ်ဆင့် နင့်ရဲ့ သစ်ပင်အိမ်ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ။ ငါ့ရဲ့ နာရီမှာလည်း ဆက်သွယ်မှု မှတ်တမ်းတွေ လက်ခံရရှိနိုင်တယ်"

ရွှီရှင်းက မော်နီတာကို ညွှန်ပြရင်း သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။

ပင်မသစ်ပင်အိမ်နှင့် ကပ်ပါးသစ်ပင်အိမ်များအကြား ဆက်သွယ်မှု ပြုလုပ်နိုင်ဆဲ ဖြစ်သဖြင့် ဤနည်းဖြင့် ဆက်သွယ်နိုင်ခြင်း ဖြစ်၏။

ရွှီရှင်းက ဘယ်ဘက်လက်ကို မြှောက်လိုက်သည်ကို မြင်သောအခါ လုဖေးအာမှာ အလိုအလျောက်ပင် နောက်သို့ အနည်းငယ် ဆုတ်သွားမိသည်။

"အဲဒီလောက်ကြီး ကြောက်မနေပါနဲ့"

ရွှီရှင်း စကားပင် မဆိုနိုင်တော့ပါပေ။

သူ၏ ဘယ်ဘက်လက်က လက်ပတ်အတွင်း၌ မာဟုန်ဝေနှင့် ဗီဇပြောင်းလူသားတို့ ရှိနေဆဲ ဖြစ်သည်။

"ခုနကတောင် နင် ကိုင်ခဲ့သေးတာပဲကို"

"ကျွန်မ... ကျွန်မ အခုထိ မနေတတ်သေးလို့ပါ"

လုဖေးအာ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။

"နားလည်ပါပြီ၊ ဝမ်ရှီးကို မြန်မြန်သွားကူလိုက်ပါတော့"

"အီး"

ခဲခဲလေးကလည်း ရွှီရှင်း တိုက်ပွဲသွားတော့မည်ကို သိသဖြင့် သူ့အပေါ်သို့ ကပ်မနေတော့ပါပေ။

၎င်းအစား မတ်တပ်ရပ်ရင်း သူမ၏ လက်ဖဝါးလေးကို ဝေ့ယမ်းကာ နှုတ်ဆက်နေရှာသည်။

ရွှီရှင်း ခေါင်းညိတ်ပြလိုက်ပြီး အချိန်မဆွဲတော့ဘဲ သစ်ပင်အိမ်ပေါ်မှနေ၍ အောက်သို့ ခုန်ဆင်းလိုက်၏။

အလင်းတံခါး၏ အဝင်ဝမှာ ပိတ်မသွားသေးဘဲ ခရမ်းနက်ရောင် ဝဲဂယက်ကြီးမှာ ဆက်လက် လည်ပတ်နေဆဲပင်။

ရွှီရှင်းသည် မြေပုံကို နောက်တစ်ကြိမ် ပြန်စစ်ဆေးကာ လီဝမ်ရှီးဘက်က တည်နေရာကူးပြောင်းစက် ပတ်ဝန်းကျင်တွင် အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသာ ရှိကြောင်း အတည်ပြုပြီးနောက် အလင်းတံခါးအတွင်းသို့ လှမ်းဝင်လိုက်လေတော့သည်။

...

အခြားတစ်ဖက်ရှိ လီဝမ်ရှီး၏ သစ်ပင်အိမ်အတွင်းမှာတော့ -

"ယာကျွင်း ကျည်ဖြည့်ဦး။ ပေါက်ကွဲမြားတွေ ကုန်တော့မယ်"

လီဝမ်ရှီးသည် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နေရင်း ဖြူလျော့နေသော ပါးပြင်ပေါ်မှ ချွေးစက်များမှာ တစက်စက် စီးကျကာ သူမ၏ သားရေချပ်ဝတ်ကိုပင် စိုရွှဲနေခဲ့သည်။

"ဖြည့်နေပြီ"

"ယာကျွင်း၊ ယာကျွင်း ငါ့ဘက်မှာလည်း ကုန်တော့မယ်၊ စစ်ကူလွှတ်ပေးဦး"

လဲ့ယိုဖန်း၏ အသံမှာလည်း အရေးတကြီး ဖြစ်နေသလို ပင်ပန်းနွမ်းနယ်မှုများလည်း ပါဝင်နေသည်။

သူ့တွင် ထိန်းချုပ်ရေး မော်နီတာ မရှိသဖြင့် သူ၏ အနောက်ဘက်ရှိ မြှားပစ်စက်ကိုသာ ကိုယ်တိုင် ထိန်းချုပ်နေရပြီး၊ ဤဘက်ရှိ ဗီဇပြောင်းသတ္တဝါများကို ပစ်ခတ်ရန် တာဝန်ယူထားခြင်း ဖြစ်သည်။

လီဝမ်ရှီးကတော့ ကျန်ရှိသော အရပ်မျက်နှာ သုံးခုအတွက် ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နေခြင်း ဖြစ်၏။

လီယာကျွင်းမှာမူ သစ်ပင်အိမ်များအကြား ကျည်ဖြည့်ရန် တာဝန်ယူထားရသည်။

ပတ်ဝန်းကျင်တွင် ဗီဇပြောင်းသတ္တဝါများ အလွန်များပြားနေသဖြင့် ဘယ်နေရာကို ပစ်ပစ် ထိနေမည်ဖြစ်ရာ သူတို့သည် အလိုအလျောက် ပစ်ခတ်မှုစနစ် ကိုလည်း အသုံးပြုရန် ကြိုးစားခဲ့ကြ၏။

သို့သော်လည်း အလိုအလျောက်စနစ်မှာ မြားသုံးစွဲမှု အလွန်ပင် မြန်ဆန်လှပြီး၊ တစ်နေရာတည်းကိုပင် ငါးစင်းမှ ဆယ်စင်းအထိ ဆက်တိုက် ပစ်ခတ်လေ့ရှိသဖြင့် ထိမှန်မှု များစေကာမူ သားရဲအုပ်ကြီးအပေါ် ထိခိုက်မှုပေးနိုင်စွမ်းမှာ နည်းပါးလှပေသည်။

သူတို့တွင် မြှားအမြောက်အမြား ရှိနေစေကာမူ ဤသားရဲလှိုင်းက မည်မျှ ကြာရှည်မည်ကို မသိသဖြင့် သတိထားပြီး သုံးစွဲနေရခြင်း ဖြစ်သည်။

"ဒါက များလွန်းတယ်..."

ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နေသော လီဝမ်ရှီး၏ လက်များမှာ နာကျင်နေချေပြီ။

ပေါက်ကွဲမှုများကြောင့် လွင့်စင်နေသော ဗီဇပြောင်းသတ္တဝါများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရင်း သူမ၏ စိတ်များမှာလည်း ထုံထိုင်းလာခဲ့ရသည်။

ရုတ်တရက် စူးရှသော အသံတစ်ခု သူမ၏ နားထဲသို့ တိုးဝင်လာပြီး၊ ပြင်းထန်လှသော ပေါက်ကွဲသံများကြောင့် ဝေဝါးနေသော သူမ၏ ဦးနှောက်ကို ကြည်လင်သွားစေခဲ့၏။

"ဒါ ဘာအသံလဲ"

လီဝမ်ရှီး သတိထားလိုက်မိသည်။

"ခရာမှုတ်သံလား"

ထို့နောက် သူမ သတိထားမိလိုက်သည်မှာ အရင်က လျှပ်စစ်ကွန်ရက်ကို ကြောက်လန့်ပြီး သစ်ပင်အိမ်အနားသို့ မတိုးဝံ့ကြသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများ၏ ကိုယ်ပေါ်ရှိ သွေးရောင်မျဉ်းများမှာ ရုတ်တရက် လင်းထိန်လာခဲ့ခြင်းပင်။

ထို့နောက်တွင်တော့ သူတို့သည် လျှပ်စစ်ကွန်ရက်ကို အရူးအမူး စတင် တိုက်ခိုက်လာကြတော့သည်။

လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသွားသော ဗီဇပြောင်းသတ္တဝါများ၏ အကြောင်းကြားချက်များမှာ သူမ၏ နားထဲတွင် အဆက်မပြတ် မြည်နေတော့သည်။

သို့သော် သူမ၏ မျက်နှာမှာ ပို၍ ပျက်သွားခဲ့ရ၏။

အကြောင်းမှာ လျှပ်စစ်ကွန်ရက်မှာ ပုံပျက်နေပြီဖြစ်ပြီး အချိန်မရွေး အဖောက်ခံရတော့မည့် အခြေအနေ ဖြစ်နေသောကြောင့်ပင်။

ဤအဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသည် မည်သည့်အရာမှန်းမသိသော ခရာသံ၏ မြှင့်တင်ပေးမှုကြောင့် ယခုအခါတွင်တော့ သူတို့၏ အသက်ကို စတေးကာ လျှပ်စစ်ကွန်ရက် ခံစစ်ကို ဖောက်ထွက်ရန် ကြိုးစားနေကြလေတော့၏။

အခန်း ၄၀၆ ပြီး။

အခန်း (၄၀၇) - ဝိုင်းရံခံထားရသော သစ်ပင်အိမ်

လျှပ်စစ်ကွန်ရက်ပတ်လည်တွင် ဗီဇပြောင်းသတ္တဝါများ၏ အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေချေပြီ။

၎င်းတို့ထဲတွင် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးသွားသောအကောင်တွေနှင့် ပေါက်ကွဲမှုကြောင့် သေဆုံးသွားသောအကောင်များပါ ပါဝင်နေပြီး ထိုအလောင်းပုံကြီးများက ကျန်ရှိနေသော သတ္တဝါများ၏ တိုက်ခိုက်မှုကို အနည်းငယ် အဟန့်အတား ဖြစ်စေနေသည်။

လီဝမ်ရှီးသည် သူမ၏ လက်များကို ပို၍မြန်မြန် လှုပ်ရှားလိုက်ပြီး မရေမတွက်နိုင်သော ပေါက်ကွဲမြားများကို ပျားအုပ်ကြီးပမာ အဆက်မပြတ် ပစ်ခတ်လိုက်တော့၏။

သို့သော်လည်း သစ်ပင်အိမ်အောက်ရှိ သားရဲများ၏ ရူးသွပ်မှုကိုတော့ မရပ်တန့်နိုင်ပါပေ။

ထိုသတ္တဝါများသည် အသက်ငင်နေသည့်တိုင်အောင် လျှပ်စစ်ကွန်ရက်ကို အတင်းအကျပ် တိုးဝင်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

"ဂျွတ်"

ပြင်းအားမြင့် လျှပ်စစ်ကွန်ရက်၏ အစိတ်အပိုင်းတစ်ခုမှာ ကြေမွသွားပြီး အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရာ ဗီဇပြောင်းသတ္တဝါများမှာ ထိုအပေါက်ဆီသို့ အရူးအမူး တိုးဝင်လာကြတော့သည်။

ကံကောင်းသည်မှာ ထိုအပေါက်မှာ သိပ်မကြီးလှဘဲ အတင်းတိုးဝှေ့နေစဉ်အတွင်း အခြားသော သတ္တဝါများမှာ လျှပ်စစ်ဓာတ်လိုက်ကာ အပေါက်ဝတွင်ပင် အလောင်းချင်း ထပ်နေသဖြင့် ကျန်ရှိသော သတ္တဝါများ ဝင်မလာနိုင်အောင် အလိုလို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။

"ဝမ်ရှီး လျှပ်စစ်စွမ်းအင် ကုန်တော့မယ်။ဘက်ထရီက စွမ်းအားတွေ ကုန်တော့မယ်။အင်ဂျင်က ထုတ်ပေးတဲ့ စွမ်းအားက အပြင်က ကွန်ရက် သုံးစွဲနေတာကို မမှီတော့ဘူး"

လီယာကျွင်းက ရုတ်တရက် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ကျောက်မီးသွေးကို အပြည့်ထည့်လိုက်။ ရွှီရှင်း ပြောတာတော့ အပြည့်ထည့်ထားမှ စွမ်းဆောင်ရည် ပိုကောင်းမယ်ဆိုတာပဲ"

လီဝမ်ရှီးက မြားများကို ဆက်တိုက်ပစ်ခတ်ရင်း လီယာကျွင်းဘက်သို့ လှည့်ပြောလိုက်သည်။

"အပြည့်ထည့်ထားတာပဲ၊ အခုလေးတင် ထည့်လိုက်တာ။ ဒါပေမဲ့ စွမ်းဆောင်ရည်က မလောက်ဘူး။ အား... ကုန်သွားပြီ"

"တောက် အပြင်က ကွန်ရက်က အလုပ်မလုပ်တော့ဘူး"

လဲ့ယိုဖန်းမှာလည်း အပြင်ဘက်ကို အသည်းအသန် ဗုံးကြဲနေရင်း မျက်နှာတွင် ထိတ်လန့်မှုများ ဖုံးလွှမ်းနေတော့၏။

အပြင်ဘက်က သားရဲများသည် လျှပ်စစ်ကွန်ရက်ကို မရပ်မနား ဆက်လက်တိုက်ခိုက်နေကြသော်လည်း ကွန်ရက်မှာတော့ သူတို့ကို လျှပ်စစ်ဓာတ် မလိုက်စေတော့ပါပေ။

သစ်ပင်အိမ်ကို ဝိုင်းရံထားသော လျှပ်စစ်ကွန်ရက်မှာ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။

"သူတို့တွေ ဝင်လာတော့မယ်၊ ဘယ်လိုလုပ်ကြမလဲ"

လီယာကျွင်းလည်း တုန်လှုပ်နေချေပြီ။

လီဝမ်ရှီး၏ လက်များမှာ အနည်းငယ် တုန်ရီနေသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူမျှ တည်ငြိမ်စွာ စဉ်းစားနိုင်မည် မဟုတ်သော်လည်း သူမကိုယ်သူမ အတင်းအကျပ် စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။

"ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး၊ ဒါက ငါတို့ရဲ့ နောက်ဆုံးခံစစ်ပဲ။ ဒီသတ္တဝါတွေ လျှပ်စစ်ကွန်ရက်ကို ဖောက်လာတာနဲ့ သစ်ပင်အိမ်ကို တိုက်ခိုက်တော့မှာ။ ငါ သစ်ပင်အိမ် ချပ်ဝတ်တွေ အများကြီး လုပ်ထားတယ်။ တစ်ခု ပျက်စီးသွားရင် တစ်ခု အစားထိုးမယ်။ လဲ့ယိုဖန်း၊ နင် ချပ်ဝတ်တွေ သွားလဲပေး၊ ငါ နေရာအနှံ့ကို ဗုံးကြဲတာ ကိုင်တွယ်မယ်"

ပြောပြောဆိုဆိုဖြင့် သူမသည် ကြိုတင်ပြင်ဆင်ထားသော သစ်ပင်အိမ် ချပ်ဝတ်တန်ဆာများ အပြည့်ပါသည့် ကျောပိုးအိတ်တစ်လုံးကို လဲ့ယိုဖန်းထံသို့ လှမ်းပစ်ပေးလိုက်၏။

လဲ့ယိုဖန်းသည် ကျောပိုးအိတ်ကို ဖမ်းယူလိုက်ပြီး အပြင်ဘက်က အခြေအနေကို စိုးရိမ်တကြီး ကြည့်နေတော့သည်။

"ဂျွတ် ဂျွတ်"

လျှပ်စစ်ကွန်ရက်၏ အစိတ်အပိုင်း နှစ်ခုမှာ သားရဲအုပ်၏ တွန်းတိုက်မှုကြောင့် တိုက်ရိုက် ပြိုလဲသွားခဲ့ပြီး မရေမတွက်နိုင်သော ဗီဇပြောင်းသတ္တဝါများမှာ မီတာ တစ်ဆယ်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကာ သစ်ပင်အိမ်အောက်ခြေသို့ ရောက်ရှိလာကြတော့သည်။

သစ်ပင်အိမ်အောက်ခြေသည် မြှားပစ်စက်များနှင့် ပစ်ခတ်၍ မရသော နေရာဖြစ်သည်။

လီဝမ်ရှီး၏ မျက်လုံးများတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့ရ၏။

သူမတွင် တိုက်ခိုက်ရေးစွမ်းရည် မရှိပါပေ။

သူမသည် အဆင့်မြင့် ကုန်ကြမ်းအားလုံးကို ရွှီရှင်းအား ပေးထားခဲ့သဖြင့် သူမ၏ လက်နက်ကိရိယာများမှာ ထိုမျှအထိ မကောင်းလှသလို၊ အောက်ဆင်း၍ သားရဲအုပ်နှင့် တိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။

သူမသည် အံကိုကြိတ်ကာ မြှားပစ်စက်ကို ကောက်ကိုင်လိုက်ပြီး သစ်ပင်အိမ် အမြစ်များကို အသုံးပြု၍ လေထဲတွင် တွဲလွဲခိုရင်း အောက်ခြေက ဗီဇပြောင်းသတ္တဝါများကို ပေါက်ကွဲမြားများဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း သားရဲများက များလွန်းလှသဖြင့် သူမ၏ ကြိုးစားမှုမှာ သမုဒ္ဒရာထဲ ရေတစ်စက် ချလိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

ထို့အပြင် အပေါ်တွင်လည်း သစ်ပင်အိမ်၏ ဆက်တိုက်ပစ် မြှားပစ်စက် ကို ထိန်းချုပ်မည့်သူ နှင့် မြှားပစ်စက် လေးလုံးအတွက် ကျည်ဖြည့်မည့်သူမရှိပေ။

သစ်ပင်အိမ် ချပ်ဝတ်များကို လဲလှယ်မည့်သူလည်း လိုအပ်နေသေးသည်။

အင်အားမှာ လုံးဝ မလုံလောက်ပါပေ။

ဤအတိုင်းသာ ဆက်သွားပါက သူတို့အားလုံး ဖရိုဖရဲ ဖြစ်နေသည့်ကြားတွင် သေချာပေါက် အရှုံးပေးကြရပေလိမ့်မည်။

"ဝမ်ရှီး၊ ဝမ်ရှီး တည်နေရာကူးပြောင်းစက် ဝဲဂယက်က အလင်းတံခါး ပေါ်လာပြီ။ တစ်ယောက်ယောက် ငါတို့ကို လာကူညီနေပြီ"

လီယာကျွင်းက ရုတ်တရက် အော်ဟစ်လိုက်ရာ သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုများ ပြည့်နှက်နေပြီး ရှိုက်သံလေးပင် ပါဝင်နေသည်။

အဆုံးမရှိသော သားရဲအုပ်ကြီး၏ ဝိုင်းရံမှုကို ခံထားရခြင်းမှာ တကယ့်ကို မျှော်လင့်ချက်မဲ့စေသောအရာ ဖြစ်သည်။

အကယ်၍ လီဝမ်ရှီး၏ တည်ငြိမ်သော အမိန့်ပေးမှုများသာ မရှိပါက၊ ဤကဲ့သို့သော သားရဲလှိုင်းလုံးကြီးကို သူမ တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင် လွန်ခဲ့သော အချိန်ကတည်းက လက်လျှော့သွားခဲ့ပေလိမ့်မည်။

"တကယ်ကြီး ရောက်လာတာပဲ ရွှီရှင်း ကိုယ်တိုင်လား။ ရွှီရှင်း ငါတို့ကို လာကယ်တာပဲ"

လဲ့ယိုဖန်းလည်း အားတက်သရော အော်ဟစ်လိုက်၏။

လီဝမ်ရှီးသည် ထိုသတင်းကို ကြားသည်နှင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

ဤအချိန်တွင် ရောက်လာနိုင်သူမှာ သေချာပေါက် ရွှီရှင်းပင် ဖြစ်ရမည်။

ရွှီရှင်းက ငါ့ကို ကယ်ဖို့ လာတာပဲ။

သူလာမယ်ဆိုတာ ငါ သိနေသားပဲ။

သို့သော် တစ်စုံတစ်ခုကို သတိရလိုက်သောအခါ သူမ၏ အပြုံးမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မျက်နှာအမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မဖြစ်ဘူး၊ မဖြစ်ဘူး သူ ဒီကို ကူးပြောင်းလာလို့ မရဘူး"

တည်နေရာကူးပြောင်းစက် ရှိရာ နေရာမှာ သွေးရောင်မျဉ်းများဖြင့် တောက်ပနေသော ဗီဇပြောင်းသတ္တဝါ အုပ်စုကြီး၏ ဝိုင်းရံမှုကို ခံထားရခြင်း ဖြစ်သည်။

အကယ်၍ ရွှီရှင်းသာ ထိုသားရဲအုပ်ကြီးထဲသို့ တိုက်ရိုက် ရောက်ရှိလာမည်ဆိုပါက...

ဖြစ်လာမည့် အကျိုးဆက်များကို သူမ မတွေးဝံ့ပါပေ။

လူတစ်ယောက်တည်းက ဤမျှများပြားလှသော သားရဲအုပ်ကြီးကို ဘယ်လိုများ ရင်ဆိုင်နိုင်မှာလဲ။

ဖြည်းဖြည်းချင်း လည်ပတ်နေသော အလင်းတံခါးဝကို ကြည့်ရင်း သူမ ခံစားရမည့် စိတ်လှုပ်ရှားမှုများမှာ အေးစက်လှသော ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

ရွှီရှင်း ပေါ်လာသည်နှင့် သားရဲများ၏ ဝိုင်းအုံကိုက်ဖြတ်ခြင်းကို ခံရမည့် မြင်ကွင်းကို သူမ မြင်ယောင်နေမိချေပြီ။

သူမသည် ထိန်းချုပ်ရေးခလုတ်ဆီသို့ လက်လှမ်းလိုက်ပြီး ရွှီရှင်း၏ ပတ်ဝန်းကျင်က သားရဲများကို ပေါက်ကွဲမြားများဖြင့် ရှင်းလင်းပေးရန် ကြိုးစားလိုက်သော်လည်း သူမ၏ လက်မှာ ရပ်တန့်သွားခဲ့သည်။

ရွှီရှင်း အလင်းတံခါးမှ ရုတ်တရက် ထွက်လာခဲ့ပါက ပေါက်ကွဲမှုဒဏ်က သူ့ကို ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် သူမ မပစ်ရဲပါပေ။

သူမသည် ရွှီရှင်းအား ဆက်သွယ်ပြီး ဤနေရာတွင် သားရဲတွေ အလွန်များနေသဖြင့် မလာရန် တားဆီးချင်သော်လည်း ယခုအချိန်တွင် ရွှီရှင်းကို လုံးဝ ဆက်သွယ်၍ မရပေ။

ဘာလုပ်ရမှန်းမသိဘဲ သူမ၏ ခြေလက်များမှာ အေးစက်တောင့်တင်းနေပြီး ခရမ်းနက်ရောင် ဝဲဂယက်ကြီးကိုသာ စိုက်ကြည့်ရင်း "မလာပါနဲ့၊ တောင်းပန်ပါတယ်... ရှင် သေသွားလိမ့်မယ်၊ မလာပါနဲ့..." ဟု တိုးတိုးလေး ရေရွတ်နေမိတော့သည်။

အလင်းတံခါး ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က ဗီဇပြောင်းသတ္တဝါများမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး ခရမ်းနက်ရောင် ဝဲဂယက်ကြီးဆီသို့ ဝိုင်းကြည့်လိုက်ကြ၏။

သူတို့သည် ဤအရာနှင့် အလွန်ပင် ရင်းနှီးနေကြ၏။

သူတို့ ဤနေရာသို့ ရောက်လာခဲ့ကြသည်မှာလည်း သည်အရာမှတစ်ဆင့် မဟုတ်ပါလား။

သားရဲအားလုံးမှာ သစ်ပင်အိမ်ကို တိုက်ခိုက်နေခြင်းမှ ရပ်တန့်လိုက်ကြပြီး တည်နေရာကူးပြောင်းစက် ရှိရာသို့ ဝိုင်းရံရန် ပြင်လိုက်ကြသည်။

ဤမြင်ကွင်းက လီဝမ်ရှီးကို ပို၍ပင် တုန်လှုပ်သွားစေခဲ့၏။

ဗီဇပြောင်းသတ္တဝါ အားလုံးမှာ အလင်းတံခါးဆီသို့ အာရုံရောက်သွားကြပြီ မဟုတ်ပါလား။

သို့သော် သူမ ချက်ချင်း သတိဝင်လာပြီး ထိန်းချုပ်ရေးခလုတ်ကို အရှိန်ဖြင့် ကိုင်တွယ်ကာ ငြိမ်သက်နေသော သားရဲအုပ်ကြီးဆီသို့ အရူးအမူး ဗုံးကြဲတိုက်ခိုက်လိုက်တော့သည်။

သူမသည် တည်နေရာကူးပြောင်းစက် ပတ်ဝန်းကျင်ကို မပစ်ဝံ့စေကာမူ သားရဲအုပ်၏ အာရုံကို လွှဲပေးရမည် ဖြစ်သည်။

ဤသတ္တဝါများကို အလင်းတံခါးဆီသို့သာ လုံးလုံးလျားလျား အာရုံစိုက်ခွင့် မပေးနိုင်ပါပေ။

"ဝုန်း ဝုန်း ဝုန်း"

သားရဲအုပ်ကြီးအတွင်း၌ မိုးကြိုးပစ်သံကဲ့သို့သော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြန်သည်။

အလင်းတံခါး၏ ထွက်ပေါက်မှာတော့ တိတ်ဆိတ်စွာပင် ဆက်လက် လည်ပတ်နေဆဲ ဖြစ်၏။

လီဝမ်ရှီးမှာ သူမကိုယ်သူမ စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရသည်။

အလင်းတံခါးကို ဗီဇပြောင်းသတ္တဝါများက ဝိုင်းရံထားကြချေပြီ၊ ရွှီရှင်းကို အန္တရာယ်ကြားထဲ မလာစေချင်သည်မှာ အမှန်ပင်။

သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ သူ့အား သူရဲကောင်းတစ်ယောက်ကဲ့သို့ ရောက်လာစေပြီး ပတ်ဝန်းကျင်က သားရဲအားလုံးကို မောင်းထုတ်သတ်ဖြတ်ပေးစေလိုသည့် ဆန္ဒလည်း ရှိနေပြန်သည်။

သူမလည်း မသေချင်ပါပေ။

ဤရှုပ်ထွေးလှသော ခံစားချက်များကြောင့် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့ရ၏။

သားရဲများနှင့် တိုက်ခိုက်နေစဉ် တစ်ချိန်လုံး သူမ မျက်ရည်မကျခဲ့ပါပေ။

အလင်းတံခါးမှာ ရုတ်တရက် လှုပ်ခတ်သွားပြီးနောက် တည်နေရာကူးပြောင်းစက်၏ အစွန်းတွင် ပုံရိပ်တစ်ခု ခြေချလာခဲ့ချေပြီ။

"ရွှီရှင်း၊ တကယ်ကြီး ရွှီရှင်းပဲ ငါတို့ လွတ်ပြီကွ"

လဲ့ယိုဖန်းက အားတက်သရော အော်ဟစ်ရင်း ခုန်ပေါက်နေတော့သည်။

"ရွှီရှင်း..."

လီယာကျွင်းလည်း ရွှီရှင်း၏ ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူမ၏ ရင်ထဲက တင်းကျပ်မှုများမှာ ချက်ချင်း ပြေလျော့သွားပြီး ခန္ဓာကိုယ်မှာလည်း ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

ထို့နောက်တွင်တော့ သူမ ပြုံးလိုက်မိတော့သည်။

နယ်မြေအားလုံးတွင် အဆင့် ၁ ရရှိထားသော ထိုလူသား၏ ပုံရိပ်မှာတင် လုံခြုံမှုအပြည့်အဝ ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

"သူ တကယ် ရောက်လာတာပဲ..."

ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ လီဝမ်ရှီး၏ ရှုပ်ထွေးလှသော ခံစားချက်များမှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်သွားခဲ့ရပြီး မနီးမဝေးတွင် သူ၏ လှံရှည်ကြီးဖြင့် တည်နေရာကူးပြောင်းစက် ဘေးပတ်ပတ်လည်ကို ရှင်းလင်းနေသော ရွှီရှင်းကို ငေးကြည့်ရင်း သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တိတ်တဆိတ် စီးကျလာခဲ့တော့၏။

အခန်း ၄၀၇ ပြီး။

အခန်း (၄၀၈) - လီဝမ်ရှီး၏ အနမ်း

ရွှီရှင်းသည် လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တည်နေရာကူးပြောင်းစက် ဝဲဂယက်အတွင်းသို့ လှမ်းဝင်လိုက်၏။

ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီးနောက် မြေပြင်ပေါ်သို့ ခြေချနိုင်ခဲ့သည်။

သူ သတိကပ်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသည်မှာ သူ့အား စိုက်ကြည့်နေကြသော နီရဲလှသော မျက်လုံးအစုံများပင် ဖြစ်သည်။

အရပ်မျက်နှာအနှံ့က ဗီဇပြောင်းသတ္တဝါ အားလုံးသည် သူ၏ထံသို့သာ အကြည့်ချင်း စုံနေကြသည်။

ထိုနီရဲသော မျက်လုံးများသာမက သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်မျဉ်းများမှာလည်း လင်းထိန်နေကြပြီး ပြန့်ကျဲနေသော ခြေလက်အင်္ဂါအစိတ်အပိုင်းများ၊ သွေးနံ့များနှင့် ယမ်းငွေ့နံ့များကြောင့် ရွှီရှင်းပင် အသားထဲမှ စိမ့်တက်သွားရသည်။

ဤမြင်ကွင်းမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

သူ ထင်ထားခဲ့သည်မှာ ဤနေရာသည် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်တစ်ခု ဖြစ်လိမ့်မည်ဟူ၍ ဖြစ်သည်၊ သို့သော် လက်တွေ့မြင်ကွင်းမှာ သူ စိတ်ကူးထားသည်နှင့် လုံးဝ မတူပါပေ။

မူလက သူသည် ရောက်ရောက်ချင်းမှာပင် စွမ်းအင်အမြုတေ အပိုင်းအစကို ထုတ်ယူကာ ဖြူဖျော့ဖျော့ အလင်းရောင်ဖြင့် ဤအဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများကို အနောက်ဘက် နတ်ပြည်သို့ တိုက်ရိုက် ပို့ပစ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူသည် အလိုအလျောက်ပင် နှစ်မီတာခန့်အကွာရှိ သားရဲများကို လှံရှည်ဖြင့် ဝေ့ယမ်းတိုက်ခိုက်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် သားရဲများ၏ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်သွားကာ သူ၏ သုံးမီတာပတ်လည် အတွင်းမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။

"ဒါက တကယ့်ကို ခံစားလို့ ကောင်းတာပဲ"

ရွှီရှင်းသည် လှံရိုးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော ကြီးမားလှသည့် သက်စောင့်စွမ်းအင်များကို ခံစားရင်း သက်တောင့်သက်သာပင် လေ့ကျင့်ခန်း လုပ်လိုက်မိသည်။

ထို့နောက် သူသည် စွမ်းအင်အမြုတေ အပိုင်းအစကို ချက်ချင်း ထုတ်ယူလိုက်၏။

ဖြူဖျော့ဖျော့ အလင်းရောင်မှာ ပတ်ဝန်းကျင်ကို ချက်ချင်း လင်းထိန်သွားစေပြီး အပူချိန်မှာလည်း ၂၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်အထိ မြင့်တက်လာခဲ့သည်။

သို့သော်လည်း အလင်းရောင် အောက်သို့ ရောက်သွားသော ဗီဇပြောင်းသတ္တဝါများသည် ရွှီရှင်း ထင်ထားသလို ပြန့်ကျဲသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းမျိုး မရှိကြပါပေ။

ရွှီရှင်းကို တိုက်ခိုက်ရန် ပြင်နေသော ထိုသတ္တဝါများသည် သူတို့၏ ကိုယ်ပေါ်က သွေးရောင်မျဉ်းများ ပို၍ပင် လင်းထိန်လာသည်ကို တွေ့ရသည်။

သူတို့သည် ရွှီရှင်း၏ လက်ထဲက အမြုတေကို အနည်းငယ် ကြောက်လန့်ဟန်ဖြင့် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားကြသည်မှအပ ထွက်ပြေးခြင်း သို့မဟုတ် သေဆုံးခြင်းမျိုးတော့ မရှိကြချေ။

"...ဟင်"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဤနေရာက အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသည် အဆင့်မြှင့်တင်ခံထားရခြင်းလား။

သူ၏ဘက်တွင် ဤကဲ့သို့ အခြေအနေမျိုး မရှိခဲ့ပါပေ။

ထို့အပြင် အဆင့်မြှင့်တင်ထားသော ဗီဇပြောင်းသတ္တဝါများသည် အမြုတေ၏ အလင်းရောင်အောက်တွင် ချက်ချင်း သေဆုံးသွားခြင်း မရှိကြပါပေ။

သူတို့ ဘယ်လောက်အထိ အစွမ်းထက်နေကြတာလဲ။

"ဝုန်း"

ရွှီရှင်း၏ အနောက်ဘက် အနီးအနားတွင် ပေါက်ကွဲမြားတစ်စင်း ပေါက်ကွဲသွားသဖြင့် သူ လန့်သွားရ၏။

"ရွှီရှင်း ရွှီရှင်း အပေါ်ကို မြန်မြန်တက်လာခဲ့၊ အောက်မှာ အရမ်းအန္တရာယ်များတယ်"

လီဝမ်ရှီးက ပြတင်းပေါက်မှနေ၍ လှမ်းအော်နေသည်။

သူမသည် ထိန်းချုပ်ရေးခလုတ်ကို လီယာကျွင်းအား လွှဲပေးထားခဲ့ပြီး ရွှီရှင်းကို အစွမ်းကုန် ကူညီပေးရန် မှာကြားထားခဲ့သည်။

"မြန်မြန်လာပါ၊ ငါ နင့်ကို ဆွဲတင်ပေးမယ်"

"ရတယ်၊ ငါ မကြောက်ဘူး"

ရွှီရှင်းက သူမကို လက်ပြရင်း အော်ပြောလိုက်ပြီး လီဝမ်ရှီး၏ သစ်ပင်အိမ်ဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။

သစ်ပင်အိမ်ပတ်လည်က လျှပ်စစ်ကွန်ရက်များ လုံးဝ ပျက်စီးသွားသည်ကို မြင်သောအခါ အခြေအနေ မည်သို့ရှိသည်ကို သူ ခန့်မှန်းမိလိုက်၏။

သူသည် လီဝမ်ရှီး၏ သစ်ပင်အိမ်အောက်သို့ သွားရောက်ကာ အန္တရာယ်ကင်းအောင် ကာကွယ်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သူ၏ ပတ်ဝန်းကျင်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေပြီး၊ လီယာကျွင်းမှာလည်း ရွှီရှင်း၏ ဘေးပတ်ပတ်လည်က သားရဲများကို ရှင်းလင်းပေးရန် အစွမ်းကုန် ကြိုးစားနေရှာသည်။

ထိုအချိန်တွင် ဗီဇပြောင်း ဆီးနှင်းဝံပုလွေ တစ်ကောင်၏ သွေးရောင်အလင်းများ တောက်ပလာကာ ၎င်းသည် အူလိုက်ရင်း ရွှီရှင်းထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်သည်။

ရွှီရှင်းသည် သူတို့၏ လက်ရှိအခြေအနေကို စပ်စုလိုသဖြင့် လှံရှည်ကို မသုံးဘဲ ဘေးသို့ ရှောင်လိုက်ကာ ဝံပုလွေ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် အားကုန် ထိုးပစ်လိုက်ရာ ၎င်းမှာ လွင့်ထွက်သွားတော့သည်။

"အု..."

ဝံပုလွေမှာ နာကျင်စွာ အော်ဟစ်ရင်း သားရဲအုပ်ထဲသို့ လွင့်စင်သွားခဲ့ရာ ကျန်သားရဲများမှာ ဘေးသို့ ဝိုင်းရှောင်လိုက်ကြသဖြင့် ၎င်းမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားသည်။

ထို့နောက် ရွှီရှင်း၏ အံ့သြနေသော အကြည့်အောက်မှာပင် ထိုဝံပုလွေမှာ သွေးများ အန်ထုတ်လိုက်ပြီး ကိုယ်ပေါ်က သွေးရောင်မျဉ်းများ ချက်ချင်း မှိန်သွားကာ ဝံပုလွေ ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြောက်ကပ်သွားပြီး အလောင်းကောင်ကြီး ဖြစ်သွားခဲ့၏။

၎င်းမှာ အပင်နှလုံးသားက စုပ်ယူလိုက်သကဲ့သို့ မဟုတ်ဘဲ နေပူထဲတွင် အခြောက်လှန်းထားသော အသားခြောက်ကြီးနှင့် တူလှပေသည်။

သေချာပေါက် စွမ်းအင်အမြုတေ အပိုင်းအစကြောင့် မဟုတ်ပါပေ။

"...သွေးရောင်မျဉ်းတွေကနေ ရတဲ့ အားအင်တွေက သူတို့ရဲ့ သက်စောင့်စွမ်းအားတွေကို လောင်ကျွမ်းစေတာလား" ဟု ရွှီရှင်း ခန့်မှန်းမိလိုက်သည်။

ဤအခြေအနေတွင် သူတို့သည် အမြုတေ၏ အလင်းရောင်ကို ခံနိုင်ရည်ရှိသွားသော်လည်း ထိုစွမ်းအားများ ကုန်ဆုံးသွားသည်နှင့် သူတို့၏ သက်တမ်းမှာလည်း တစ်ခါတည်း အဆုံးသတ်သွားရခြင်း ဖြစ်ပေလိမ့်မည်။

ဤအဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများသည် သူ၏ဘက်မှာဖြစ်စေ လီဝမ်ရှီးဘက်မှာဖြစ်စေ တကယ့်ကို စစ်ပွဲလက်နက်ကိရိယာများသာ ဖြစ်ကြပေသည်။

သနားစရာ ကောင်းလှပေသည်။

သူ တွေးတောနေစဉ်မှာလည်း တိုက်ခိုက်မှုကိုတော့ အလျှော့မပေးပါပေ။

ရွှီရှင်းသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေ၏။

ဤဗီဇပြောင်းသတ္တဝါများသည် ဖြူဖျော့ဖျော့ အလင်းရောင်အောက်တွင် မသေဆုံးကြစေကာမူ ရွှီရှင်းအနားသို့ မချဉ်းကပ်ရဲကြပါပေ။

သူ လီဝမ်ရှီး၏ သစ်ပင်အိမ်ဘက်သို့ တစ်လှမ်း တိုးလာတိုင်း ဤအဆင့်နိမ့် သတ္တဝါများမှာ တစ်လှမ်း ဆုတ်သွားကြရသည်။

မအောင့်နိုင်တော့သော ဗီဇပြောင်းသတ္တဝါ နှစ်ကောင်မှာ သွေးရောင်အလင်းများ ပိုမိုလင်းထိန်လာပြီး ရွှီရှင်းကို တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။

ရွှီရှင်းက သူ၏ လှံရှည်ကို နှစ်ချက်မျှသာ ဝေ့ယမ်းလိုက်ရာ သူတို့၏ ဦးခေါင်းများမှာ ကိုယ်ထည်မှ ပြတ်တောက်သွားခဲ့ရချေပြီ။

ထိုလုပ်ရပ်က ကျန်ရှိနေသော သားရဲများကို ပို၍ပင် ကြောက်လန့်သွားစေသည်။

ရွှီရှင်းမှာ သူတို့ တစ်လှမ်းချင်း ဆုတ်သွားသည်ကို မစောင့်တော့ဘဲ အရှိန်မြှင့်ကာ လှံရှည်ကို ဝေ့ယမ်းရင်း လီဝမ်ရှီး၏ သစ်ပင်အိမ်ဆီသို့ သွေးလမ်းခင်းကာဖောက်ဝင်ရောက်သွားတော့သည်။

လျှပ်စစ်ကွန်ရက်မှာ လုံးဝ ပြိုလဲသွားပြီး အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်း မရှိတော့သလို သစ်ပင်စည်ပေါ်က ချပ်ဝတ်များမှာလည်း အတော်လေး ပျက်စီးနေချေပြီ။

ကံကောင်းသည်မှာ သူ အချိန်မီ ရောက်လာနိုင်ခဲ့ခြင်းပင်။

"ရွှီရှင်း"

လီဝမ်ရှီးသည် သစ်ပင်အိမ်ပေါ်မှ ချက်ချင်းပင် ဆင်းလာခဲ့ပြီး ရွှီရှင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။

"ရှင်... ရှင်က တကယ့်ကို မိုက်မဲတာပဲ"

သူမသည် ပတ်ဝန်းကျင်မှ ဗီဇပြောင်းသတ္တဝါများက ရွှီရှင်းကို မတိုက်ခိုက်ရဲကြသည်ကို မြင်သောကြောင့်သာ ဤကဲ့သို့ လုပ်ရဲခြင်း ဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး ရပါတယ်"

ရွှီရှင်းက ခဲခဲလေးကို ချော့သကဲ့သို့ လီဝမ်ရှီး၏ ခေါင်းလေးကို ပုတ်ပေးလိုက်၏။

သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီနေသည်ကို သူ ခံစားမိသည်။

"ငါ့မှာ မြေပုံကြည့်နိုင်တဲ့ စွမ်းရည်ရှိတာ နင် မေ့နေတာလား။ နင့်ရဲ့ အခြေအနေကို မြေပုံကနေတစ်ဆင့် ငါ အမြဲ စောင့်ကြည့်နေတာပါ"

အခန်း ၄၀၈ ပြီး။

All Chapters