အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း (၄၀၉) - လီဝမ်ရှီး၏ အနမ်း ၂
"... ဪ... ဟုတ်သားပဲ။"
လီဝမ်ရှီးသည် ရွှီရှင်း၏ ရင်ခွင်ထဲမှ ခေါင်းမော့လိုက်ရင်း ရုတ်တရက် အရာအားလုံးကို သတိရသွား၏။
"ခုနက အခြေအနေက အရမ်းအရေးကြီးနေလို့ ရှင် ဒီကအခြေအနေကို မြင်နေရတာကို ကျွန်မ မေ့သွားတာ။ ရှင်ရောက်လာပြီဆိုတော့ ကျွန်မ တို့ရဲ့ ဒီအန္တရာယ်ကို ရှင်းပေးနိုင်မလား"
လီဝမ်ရှီးသည် သူမ၏ မျက်လုံးလေးများကို မှေးလျက် ရွှီရှင်း၏ မျက်နှာကို မော့ကြည့်နေသည်။
ဤကဲ့သို့သော အခြေအနေတွင် သူ့ကို ဖက်ထားရင်း ခေါင်းလေးမော့ကာ မျက်ရည်စများနှင့် မျက်လုံးလေးများ နီမြန်းနေသော သူမ၏ ပုံစံလေးကို ကြည့်ပြီး ရွှီရှင်းမှာ သူမ၏ ပါးလေးကို ဆွဲညှစ်လိုက်ချင်စိတ် ပေါ်လာခဲ့သည်။
ထိုအချိန်တွင် နောက်ထပ် ဗီဇပြောင်းသတ္တဝါတစ်ကောင်မှာ သွေးရောင်မျဉ်းများ လင်းလျက် သူတို့ထံ တိုးဝင်လာပြန်ရာ ရွှီရှင်းသည် အေးဆေးပင် လှံရှည်ကို ဝေ့ယမ်းလိုက်ပြီး ၎င်းကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
ထို့နောက် သူသည် လီဝမ်ရှီး၏ မျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးရင်း ပါးလေးကို ဆွဲညှစ်လိုက်ကာ "သေချာပေါက် ရှင်းပေးနိုင်တာပေါ့။ ငါ့ဘက်က အခြေအနေက နင့်ဘက်ထက် အများကြီး ပိုဆိုးတာ။ အဲဒါကို ရှင်းပြီးမှ ငါ ဒီကို လာခဲ့တာ။ ဘာလဲ... ငါ့ကို မြင်လိုက်ရလို့ ဝမ်းသာလွန်းလို့ ငိုတာလား"
"မဟုတ်ပါဘူး..."
လီဝမ်ရှီးသည် အနည်းငယ် ရှက်သွားဟန်ဖြင့် ခေါင်းငုံ့ကာ မျက်လုံးလေးများကို ပွတ်နေရှာသည်။
သစ်ပင်အိမ်ကို ဝိုင်းရံထားသော ဗီဇပြောင်းသတ္တဝါများသည် အနားမကပ်ရဲကြစေကာမူ ခြိမ်းခြောက်သည့် အသံများဖြင့် ဟိန်းဟောက်နေကြသည်။
ကြည့်ရသည်မှာ "မင်းတို့နှစ်ယောက် ပြီးကြပြီလား။ တိုက်ပွဲကိုရော အလေးအနက်ထားကြဦးမှာလား" ဟု ပြောနေသည့်အတိုင်းပင်။
"ကဲ... ဒါကို ယူထား။"
ရွှီရှင်းသည် စွမ်းအင်အမြုတေ အပိုင်းအစကို လီဝမ်ရှီးအား ကမ်းပေးလိုက်၏။
"ဒါကို ကိုင်ထားပြီး သစ်ပင်အိမ်အမြစ်တွေကို အသုံးပြီး လေထဲမှာ တွဲလွဲခိုနေလိုက်။ ဒါဆိုရင် သူတို့တွေ သစ်ပင်အိမ်နားကို မကပ်ရဲတော့ဘူး။ အဲဒီအချိန်ကျရင် နင်က အောက်ကကောင်တွေကို ပေါက်ကွဲ မြားတွေနဲ့ ပစ်ပေါ့"
"အင်း"
လီဝမ်ရှီးသည် ခေါင်းကို အပြင်းအထန် ညိတ်ပြရင်း စွမ်းအင်အမြုတေ အပိုင်းအစကို လှမ်းယူလိုက်ရာ ၎င်း၏ နွေးထွေးမှုကို လက်ထဲတွင် ခံစားလိုက်ရသည်။
"ရှင်ကရော ရှင်က ဘာလုပ်မလို့လဲ..."
"ငါကတော့ သားရဲအုပ်ထဲကို တိုးဝင်ပြီး အကုန်ရှင်းပစ်မလို့။"
ရွှီရှင်းသည် တိုးဝင်လာနေသော သားရဲအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။
လှံရှည်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ဗီဇပြောင်းသတ္တဝါ တစ်အုပ်လုံး သေဆုံးသွားခဲ့ရပြီး သူတို့၏ သွေးများမှာ ရွှီရှင်းနှင့် လီဝမ်ရှီးတို့အပေါ်သို့ စင်သွားခဲ့၏။
"နင့်ကို ကူညီပြီးရင် ငါ အစ်မရွှယ်ဖေးဆီကိုလည်း သွားကြည့်ရဦးမယ်"
သွေးများ နေရာအနှံ့ စင်နေစေကာမူ သူတို့နှစ်ယောက်လုံး ဒါကို ဂရုမစိုက်ကြပါပေ။
ရွှီရှင်းမှာ အစကတည်းက သွေးချင်းချင်းနီနေသူဖြစ်သလို လီဝမ်ရှီးမှာလည်း သွေးတွေပေနေသူကို သွားဖက်ထားခဲ့မိသဖြင့် သူမလည်း သွေးတွေ စိုရွှဲနေချေပြီ။
လီဝမ်ရှီးသည် သူ့ကို မတားဆီးတော့ပါပေ။
၎င်းအစား သူမသည် ခေါင်းလေးမော့ကာ သူ၏ ပါးကို ခပ်ဖွဖွလေး တစ်ချက် နမ်းလိုက်ပြီးမှ ရင်ခွင်ထဲမှ ထွက်လိုက်သည်။
"ရှင့်မျက်နှာမှာ သွေးတွေ ပေနေပြီ ဟဲဟဲ"
ရွှီရှင်းသည် သူ၏ ပါးပေါ်တွင် ခဏတာ ခံစားလိုက်ရသော အထိအတွေ့လေးကြောင့် ပြုံးလိုက်မိ၏။
"ငါ တစ်ကိုယ်လုံး သွေးတွေပေနေတာပါ"
"ရှင်ကတော့လေ"
လီဝမ်ရှီး၏ ပါးပြင်လေးများမှာ နီမြန်းသွားပြီး "သတိထားနော်" ဟု တိုးတိုးလေး မှာလိုက်၏။
ထို့နောက်တွင်တော့ အရာအားလုံးက လွယ်ကူသွားခဲ့သည်။
လီဝမ်ရှီးသည် စွမ်းအင်အမြုတေ အပိုင်းအစကို ကိုင်ဆောင်ကာ သစ်ပင်အိမ်ထိပ်ဖျားအောက်တွင် တွဲလွဲခိုနေသည်။
ဗီဇပြောင်းသတ္တဝါ အများစုမှာ အနားမကပ်ရဲကြဘဲ တိုးဝင်လာသမျှ သတ္တဝါများကို သူမ၏ မြားပစ်စက်ဖြင့် အမှုန့်ဖြစ်အောင် ပစ်ခတ်လိုက်သည်။
သစ်ပင်အိမ်ပေါ်တွင် လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့ကလည်း ထိန်းချုပ်ရေးခလုတ်နှင့် ကျည်ဖြည့်ခြင်းတို့ကို အသီးသီး တာဝန်ယူကာ ပေါက်ကွဲမြားများကို အဆက်မပြတ် ပစ်ခတ်နေကြသဖြင့် ပေါက်ကွဲမှု မီးတောက်များမှာ ဆက်တိုက် ဖြစ်ပေါ်နေတော့သည်။
ရွှီရှင်းမှာလည်း အားမနေပါပေ။
သားရဲအုပ်ကြီးအတွင်းသို့ တိုးဝင်ကာ ဤဗီဇပြောင်းသတ္တဝါများ၏ အသက်ကို မနားတမ်း ရိတ်သိမ်းနေတော့သည်။
သက်စောင့်စွမ်းအင်များမှာ လှံရိုးမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသဖြင့် သူ့ကို ပို၍ တက်ကြွလာစေသည်။
သူသည် တိုက်ခိုက်မှုများကို ရှောင်မနေတော့ဘဲ လှံရှည်ကို အားကုန်ဝေ့ယမ်းလိုက်တိုင်း အဆင့်နိမ့် သတ္တဝါ အမြောက်အမြားမှာ တစ်ပြိုင်နက်တည်း သေဆုံးကုန်ကြသည်။
သွေးတွေကြားမှာ ရေချိုးနေရစေကာမူ သူ၏ သတ်ဖြတ်မှုမှာ ရွံရှာခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိပါပေ။
အဆက်မပြတ် စီးဝင်လာသော သက်စောင့်စွမ်းအင်များကြောင့် သူ၏ စိတ်မှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ပင် ခံစားနေရ၏။
ဤသတ်ဖြတ်မှုကြီးမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။
"အရမ်းသန်မာတာပဲ၊ တကယ့်ကို အမိုက်စားပဲ..."
လီဝမ်ရှီးမှာ လေထဲတွင် တွဲလွဲခိုနေရင်း သားရဲအုပ်ကြီးကြားမှာ ဟိုဒီပြေးလွှား တိုက်ခိုက်နေသော ရွှီရှင်းကို ငေးကြည့်နေမိသည်။
ထို့နောက် သစ်ပင်အိမ်ကို လာတိုက်မည့် သတ္တဝါတစ်ကောင်ကို သတိလက်လွတ်ပင် မြားဖြင့် ပစ်ခတ်လိုက်သည်။
ရွှီရှင်း၏ အစွမ်းနှင့် စွမ်းအင်အမြုတေ၏ အထောက်အပံ့ကြောင့် ဗီဇပြောင်းသတ္တဝါ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ စူးရှသော ခရာမှုတ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။
ရွှီရှင်း၏ နားတွင် ထိုခရာသံ လာရာအရပ်ကို အတိအကျ ကြားလိုက်ရ၏။
သူသည် အာရုံစိုက်လိုက်ပြီး လေထဲသို့ မီတာ ၄၀၊ ၅၀ ခန့် မြင့်အောင် ခုန်တက်ကာ ခရာသံ ထွက်ပေါ်ရာကို လှမ်းကြည့်လိုက်သည်။
တောအုပ်အတွင်း၌ ပုံရိပ်တစ်ခုမှာ သစ်ပင်တစ်ပင်၏ နောက်ကွယ်သို့ ကွယ်ကာပျောက်သွား၏။
ပုံရိပ်တစ်ခုပါလား...။
သေချာတယ်၊ အဲဒါ ဗီဇပြောင်းလူသားပဲ။
ဒီဗီဇပြောင်းသတ္တဝါ စစ်တပ်ကို ဗီဇပြောင်းလူသားတစ်ယောက်က ထိန်းချုပ်နေတာပဲ။
ဖြစ်နိုင်သည်မှာ သူ၏ လက်ပတ်အတွင်းရှိ ဗီဇပြောင်းလူသားတွင်လည်း သတ္တဝါများကို ထိန်းချုပ်နိုင်သော ဤကဲ့သို့သော ခရာမျိုး ရှိနေနိုင်သည်။
သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် ဆင်းသက်လာသည့်အခါ သားရဲအုပ်ကြားသို့ ကျသွားပြီး ဗီဇပြောင်းသတ္တဝါ တစ်ကောင်၏ ခေါင်းကို နင်းခြေကာ သုတ်သင်လိုက်သည်။
ခရာသံကို ကြားသည်နှင့် ဗီဇပြောင်းသတ္တဝါများမှာ နှစ်စက္ကန့်ခန့် ကြောင်အသွားကြပြီးနောက် အိမ်ခြေမဲ့ခွေးများပမာ သစ်ပင်အိမ်နှင့် ဝေးရာသို့ အရပ်မျက်နှာအနှံ့ အရူးအမူး ထွက်ပြေးသွားကြတော့သည်။
ခရာသံက သူတို့ကို ဆုတ်ခွာရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
သိသာသည်မှာ ထိုဗီဇပြောင်းလူသားသည် ဤအဆင့်နိမ့် သတ္တဝါများဖြင့် လီဝမ်ရှီး၏ သစ်ပင်အိမ်ကို မဖျက်ဆီးနိုင်မှန်း သိသွားသောကြောင့်ပင် ဖြစ်၏။
ဆက်လက်တိုက်ခိုက်နေပါက သူ၏ အင်အားများသာ ကုန်ဆုံးသွားပေလိမ့်မည်။
သားရဲလှိုင်းလုံး ဆုတ်ခွာသွားသည့်အခါ မြေပြင်ပေါ်တွင်တော့ အလောင်းပြင်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
"ရွှီရှင်း"
လီဝမ်ရှီးသည် အမြန်ပြေးလာကာ သွေးတွေပေနေသော ရွှီရှင်းကို နောက်တစ်ကြိမ် ထပ်မံဖက်ထားလိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်နေတော့သည်။
"ကျွန်မ တို့ သားရဲတွေကို မောင်းထုတ်နိုင်ပြီ။ ခုနက ရှင် ဘယ်လိုလုပ် အဲဒီလောက် အမြင့်ကြီး ခုန်နိုင်တာလဲ"
"ဒီအတိုင်း အရှိန်မြှင့်လိုက်တာပါ၊ မိုက်တယ် မလား"
"မိုက်တာပေါ့" ဟု ပြောရင်း သူမသည် ခြေဖျားလေးထောက်ကာ ရွှီရှင်း၏ ပါးကို "မွ" ခနဲ တစ်ချက် ထပ်နမ်းလိုက်ပြန်သည်။
"ရှင် ခုနက တကယ့်ကို အမိုက်စားပဲ၊ အရမ်းတော်တာပဲ"
"ငါက အဲဒီလောက်တောင် အမိုက်စားဖြစ်နေမှတော့ နောက်ထပ် အနမ်းတစ်ချက် ထပ်ရထိုက်တယ် မဟုတ်လား"
ရွှီရှင်းက သူ၏ နှုတ်ခမ်းကို ညွှန်ပြရင်း ပြုံးစိစိဖြင့် ပြောလိုက်သည်။
လီဝမ်ရှီး၏ ပါးပြင်လေးများ ထပ်မံ နီမြန်းသွားပြန်သည်၊ သို့သော် သူမ ရှက်မနေတော့ပါပေ။
သူမသည် သူ၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ခြေဖျားထောက်ကာ သူ၏ နှုတ်ခမ်းကို တိုက်ရိုက်ပင် နမ်းလိုက်တော့သည်။
နူးညံ့လှသော အထိအတွေ့နှင့်အတူ သူ၏ နှုတ်ခမ်းဘေးမှာ ပေနေသော သွေးများကြောင့် သံဓာတ်နံ့ ခပ်သင်းသင်းလေးကို ခံစားလိုက်ရ၏။
ရွှီရှင်းသည် အတင်းအကျပ် မလုပ်ဘဲ ခေါင်းကို အနည်းငယ် ငုံ့ပေးလိုက်ကာ လီဝမ်ရှီး၏ အတွေ့အကြုံမရှိသေးသော အနမ်းလေးကို အရသာခံနေမိသည်။
လီဝမ်ရှီးမှာ မျက်လုံးလေးများကို စုံမှိတ်ထားပြီး သူမ၏ ထူထပ်လှသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ခါနေရှာသည်။
ထိုအနမ်းမှာ သုံး၊ လေးစက္ကန့်ခန့်သာ ကြာမြင့်ပြီးနောက် လျင်မြန်စွာ အဆုံးသတ်သွားခဲ့သည်။
လီဝမ်ရှီးသည် ခြေဖျားလေး ပြန်ချလိုက်ရင်း ပါးပြင်လေးများ ရဲတောက်နေစေကာမူ တောက်ပစွာ ပြုံးလိုက်သည်။
"ဪ... နမ်းရတာက ဒီလို ခံစားချက်မျိုးကိုး။ နှုတ်ခမ်းတွေက တကယ်ပဲ နူးညံ့တာပဲ။ ဒါ ရှင့်ရဲ့ ပထမဆုံး အနမ်းလား"
"အဲ... အဲဒါက..."
ရွှီရှင်းမှာ ရုတ်တရက် နေရခက်သွားပြီး ခေါင်းကို ကုတ်နေမိသည်။
သူ၏ ပထမဆုံး အနမ်းမှာ အထက်တန်းကျောင်းတုန်းကတည်းက ကုန်ဆုံးခဲ့ပြီ မဟုတ်ပါလား။
"ဟွန့်... ငါ သိသားပဲ။"
လီဝမ်ရှီးက နှာခေါင်းရှုံ့ကာ နှုတ်ခမ်းလေး စူလိုက်ပြီးမှ ပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်တော့သည်။
"ကျွန်မ ရဲ့ ပထမဆုံး အနမ်းက ဒီလို ဒဏ္ဍာရီဆန်တဲ့ နေရာမျိုးမှာ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"
အမှန်ပင် သွေးပင်လယ်နှင့် သားရဲအလောင်းများ တောင်ပုံရာပုံ ရှိနေသည့်ကြားတွင် သူတို့နှစ်ဦးမှာ ရပ်ပြီး နမ်းနေကြခြင်း ဖြစ်သည်။
ရွှီရှင်းလည်း လိုက်ရယ်လိုက်မိသည်။
"နင်က တော်တော်လေး သတ္တိရှိတာပဲ"
"ရှင်က အရင်လုပ်ခိုင်းတာလေ၊ လူယုတ်ကြီးရဲ့"
လီဝမ်ရှီးက သူ့ကို ခပ်ဖွဖွလေး ထိုးလိုက်၏။
ရွှီရှင်းမှာ သူမ၏ လက်သီးချက်ကြောင့် ကိုယ်လေး အနည်းငယ် ကိုင်းသွားခဲ့ရသည်။
လွန်ခဲ့သော မိနစ်ပိုင်းကမှ သားရဲအုပ်ထဲတွင် စိတ်လှုပ်ရှားစွာ သတ်ဖြတ်နေခဲ့ပြီး ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများမှာလည်း တက်ကြွနေဆဲ ဖြစ်ရာ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်က သူ၏ ရင်ခွင်ထဲ တိုးဝင်ပြီး အနမ်းပေးလိုက်သည့်အခါ...
ဤကမ္ဘာတွင် ကြာမြင့်စွာ နေထိုင်လာခဲ့ပြီး မည်သည့် တပ်မက်မှုကိုမျှ မထုတ်ဖော်ခဲ့ရသော ရွှီရှင်းအတွက်တော့ ဒါကို ထိန်းချုပ်ရန် တကယ့်ကို ခက်ခဲလှပေသည်။
ကံကောင်းသည်မှာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသဖြင့် အပြင်ပန်းမှ ဘာမှမပေါ်လွင်ခြင်းပင် ဖြစ်၏။
"ကဲ... ဒါဆိုရင် အစ်မရွှယ်ဖေးဆီကို သွားကြမလား။ ကျွန်မ လည်း လိုက်ခဲ့မယ်"
လီဝမ်ရှီးက စွမ်းအင်အမြုတေ အပိုင်းအစကို ရွှီရှင်းထံ ပြန်ပေးလိုက်သည်။
"ဒါနဲ့ဆိုရင် ကျွန်မ လည်း မြားပစ်စက်နဲ့ သူတို့ကို ဗုံးကြဲပြီး ကူညီပေးလို့ ရတာပေါ့၊ ဝုန်း ဝုန်း ဝုန်း"
ပြောပြောဆိုဆိုဖြင့် သူမသည် လက်ကို သေနတ်ပုံစံ လုပ်ပြရင်း ပစ်မှတ်ချိန်သည့် အမူအရာ လုပ်ပြနေ၏။
သူမ၏ ပါးပြင်လေးများမှာ နီမြန်းနေဆဲ ဖြစ်သဖြင့် ရွှီရှင်းမှာ ၎င်းတို့ကို နောက်တစ်ကြိမ် ထပ်မံ ဆွဲညှစ်လိုက်မိပြန်သည်။
"မလိုတော့ဘူး၊ ငါတို့ သွားစရာ မလိုတော့ဘူး"
"ဟင် ဘာဖြစ်လို့လဲ"
လီဝမ်ရှီးက သူမ၏ ပါးကို ဆွဲညှစ်ထားသော ရွှီရှင်း၏ လက်ကို ဖမ်းကိုင်ရင်း ဇဝေဇဝါ မေးလိုက်သည်။
"အစ်မရွှယ်ဖေးက သူမဘာသာ ဖြေရှင်းနိုင်သွားပုံရတယ်၊ ဒါမှမဟုတ် ကျိချောင်းယန် ရောက်သွားတာလည်း ဖြစ်နိုင်တယ်"
မြေပုံပေါ်တွင် ချီရွှယ်ဖေး၏ သစ်ပင်အိမ်ကို ဝိုင်းရံထားသော အနီရောင်အစက်များမှာ အများစု ပျောက်ကွယ်သွားခဲ့ပြီဖြစ်သလို ကျန်ရှိနေသော အစက်များမှာလည်း သူမ၏ အိမ်ကို ဝိုင်းရံမနေတော့ဘဲ လျင်မြန်စွာ ပြန့်ကျဲသွားကြပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့လေးဦးစလုံး၏ အန္တရာယ်မှာ လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
အခန်း ၄၀၉ ပြီး။
အခန်း (၄၁၀) - စစ်မြေပြင်ကို ရှင်းလင်းခြင်းနှင့် ဆီးနှင်းဝံပုလွေကို စာချုပ်ချုပ်ခြင်း
"ငါတို့ တခြားနေရာကို သွားစရာ မလိုတော့ဘူးဆိုမှတော့၊ ဒီစစ်မြေပြင်ကိုပဲ အရင်ရှင်းကြရအောင်။"
ရွှီရှင်းက သားရဲအလောင်းများ ပြန့်ကျဲနေသော မြေပြင်ကို ညွှန်ပြလိုက်သည်။
သူ၏ သစ်ပင်အိမ်ဘက်တွင်မူ အပင်နှလုံးသား ကိုသာ လွှတ်ထားလိုက်ရုံနှင့် အရာအားလုံးကို အစအနမကျန် ရှင်းလင်းပေးနိုင်သော်လည်း လီဝမ်ရှီး၏ ဘက်တွင်မူ သူတို့ကိုယ်တိုင် လက်ဖြင့် ရှင်းလင်းကြရမည် ဖြစ်သည်။
"ကောင်းပြီလေ ငါ ယာကျွင်းနဲ့ ယိုဖန်းကို အောက်ဆင်းလာဖို့ သွားခေါ်လိုက်ဦးမယ်"
လီဝမ်ရှီးက သူမ၏ သစ်ပင်အိမ်ဆီသို့ ပြေးသွားတော့၏။
ရွှီရှင်းသည် ဗီဇပြောင်းလူသား ပေါ်လာခဲ့သော နေရာကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိသည်။
"အဲဒီလူတွေက ဒီကမ္ဘာမှာ ဗီဇပြောင်းလဲသွားတဲ့ ဒေသခံတွေလား။"
ရွှီရှင်းသည် သူ၏ ဘယ်ဘက်လက်က လက်ပတ်ကို လှည့်ရင်း တွေးတောနေမိသည်။
သူ၏ လက်ပတ်အတွင်းရှိ ဗီဇပြောင်းလူသားမှာ ထူးဆန်းသော အခြေအနေတွင် ရှိနေဆဲပင် ဖြစ်သည်။
အကယ်၍သာ ထိုသူ့ထံမှ သတင်းအချက်အလက် အချို့ ရရှိနိုင်မည်ဆိုပါက အတော်လေး အဆင်ပြေပေလိမ့်မည်။
"ဒီသားရဲလှိုင်းလုံးက ဆုတ်ခွာသွားတာပဲ ရှိသေးတာ၊ အမြစ်ပြတ် သုတ်သင်နိုင်တာ မဟုတ်ဘူး။ ဆိုလိုတာက သူတို့တွေ အချိန်မရွေး ပြန်လာနိုင်တဲ့ အန္တရာယ် ရှိနေတုန်းပဲ။ ငါတို့ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်"။
လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့သည် လီဝမ်ရှီး၏ နောက်မှနေ၍ သစ်ပင်အိမ်ပေါ်မှ ဆင်းလာကြသည်။
"အစ်ကိုရွှီ အာ... မဟုတ်ဘူး၊ ဆရာကြီး။ ဆရာကြီးက တကယ့်ကို သန်မာတာပဲ"
လဲ့ယိုဖန်းသည် မျက်လုံးများ အရောင်တောက်လျက် ရွှီရှင်းထံသို့ ပြေးလာ၏။
"ခုနက ဆရာကြီး ဘယ်လိုလုပ် အဲဒီလောက် အမြင့်ကြီး ခုန်နိုင်တာလဲဗျာ"
လဲ့ယိုဖန်းမှာ ယခုအခါတွင်တော့ ရွှီရှင်း၏ ပရိသတ်အမာခံလေး ဖြစ်နေချေပြီ။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ငါ့ရဲ့ အထူးစွမ်းရည် တစ်ခုပါပဲ။"
ရွှီရှင်းက ထပ်ပြီး ရှင်းမပြတော့ဘဲ အေးဆေးပင် ပြောလိုက်သည်။
"ကဲ... စစ်မြေပြင်ကို အရင်ရှင်းကြရအောင်။ နင်တို့လည်း သွေးတွေ၊ အလောင်းတွေကြားမှာ မနေချင်ကြဘူး မဟုတ်လား"
လီဝမ်ရှီး၏ စစ်မြေပြင်မှာ သူ၏ဘက်ထက် များစွာ ပို၍ ဖရိုဖရဲ ဖြစ်နေ၏။
သူ၏ဘက်တွင်မူ ပေါက်ကွဲစေတတ်သော မြားများကို မီတာ တစ်ရာအကွာမှသာ ပစ်ခတ်ခဲ့ပြီး သစ်ပင်အိမ်အနီးရှိ သတ္တဝါများကိုတော့ အပင်နှလုံးသားကသာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
အပင်နှလုံးသားသည် သားရဲများ၏ အသက်ရှူလမ်းကြောင်းနှင့် အားနည်းချက်များကိုသာ တိကျစွာ ထိုးနှက်ခဲ့သဖြင့် အလောင်းတစ်ဝက်မှာ အပင်နှလုံးသား၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ကျန်တစ်ဝက်မှာလည်း ခန္ဓာကိုယ်တွင် အပေါက်လေးများ ဖြစ်နေသည်မှအပ နဂိုအတိုင်း ရှိနေသဖြင့် စစ်မြေပြင်မှာ ထိုမျှအထိ မရှုပ်ပွပါပေ။
သို့သော် ဤနေရာတွင်မူ သစ်ပင်အိမ်ကို ကာကွယ်ရန် ပေါက်ကွဲ မြားများကိုသာ အဓိက အားကိုးခဲ့ရသဖြင့် မြင်ကွင်းမှာ တကယ့်ကို ဆိုးရွားလှပေသည်။
အရပ်မျက်နှာအနှံ့တွင် ပြတ်တောက်နေသော ခြေလက်အင်္ဂါများ ပြန့်ကျဲနေပြီး သစ်ပင်အိမ်အနီးရှိ ပျက်စီးနေသော လျှပ်စစ်ကွန်ရက် ဘေးတွင်သာ နဂိုအတိုင်းရှိသော မီးလောင်ကျွမ်းနေသည့် အလောင်းအချို့ကို တွေ့ရ၏။
ထိုအလောင်းများမှာလည်း ကြည့်ရဆိုးလှပေသည်။
"တကယ့်ကို ရက်စက်လွန်းတာပဲ..."
တိုက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ခဲ့စေကာမူ အနီးကပ် မြင်ကွင်းကို ကြည့်လိုက်ရသည့်အခါ ရွှီရှင်းပင် မအံသြဘဲ မနေနိုင်ပါပေ။
လီဝမ်ရှီးနှင့် ကျန်သူများမှာလည်း နေရခက်သော ခံစားချက်ကို ခံစားလိုက်ရသည်။
မြားပေါင်းများစွာကို ပစ်ခတ်ခဲ့သဖြင့် ပေါက်ကွဲမှု မြင်ကွင်းများကို ရိုးအီနေပြီ ဖြစ်စေကာမူ ပြတ်တောက်နေသော ခန္ဓာကိုယ်များနှင့် ကိုယ်တွင်းအင်္ဂါများကို အနီးကပ် မြင်လိုက်ရသည့်အခါ...
လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့သည် သူတို့၏ ပါးစပ်များကို ပိတ်ထားကြသည်။
အသက်ရှင်ကျန်ရစ်သည့် ဝမ်းသာမှုများ လျော့ပါးသွားသည့်အခါတွင်တော့ ခန္ဓာကိုယ်၏ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်လာသော မအီမသာ ခံစားချက်များမှာ သူတို့၏ ဦးနှောက်ထဲသို့ တိုးဝင်လာခဲ့ချေပြီ။
ကံကောင်းသည်မှာ သူတို့နှစ်ဦးစလုံးသည် တောအုပ်အတွင်း၌ သားရဲများကို အမဲလိုက်ဖူးသည့် အတွေ့အကြုံရှိသဖြင့် ဤမြင်ကွင်းမှာ သူတို့ကို အော့အန်သွားစေလောက်သည်အထိတော့ မဖြစ်ပါပေ။
လီဝမ်ရှီး၏ နီမြန်းနေသော ပါးပြင်လေးများမှာလည်း အနည်းငယ် ဖြူလျော့သွားခဲ့ရသည်။
သူတို့သည် စစ်မြေပြင်ကို စတင် ရှင်းလင်းကြတော့၏။
"အု..."
လီဝမ်ရှီးသည် ခွဲခြမ်းစိတ်ဖြာ၍ ရနိုင်သေးသော အလောင်းများကို သူမ၏ ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းရင်း မျက်မှောင်ကြုတ်နေမိသည်။
"ဒါက တကယ့်ကို သွေးပျက်စရာပဲ... နောက်ဆိုရင် တခြားနည်းလမ်းမရှိမှသာ ဒီလို ပေါက်ကွဲတဲ့မြားတွေကို သုံးရတော့မယ်။ ဒီလို အကြွင်းအကျန်တွေက ရွံစရာကောင်းရုံတင် မဟုတ်ဘူး၊ သားရဲအရေခွံ တစ်ခုကိုတောင် နဂိုအတိုင်း ပြန်မရတော့ဘူး..."
အမှန်ပင် ပျက်စီးသွားသော သားရဲအရေခွံများ၏ အဆင့်မှာ တိုက်ရိုက် ကျဆင်းသွားပေလိမ့်မည်။
အပြာရောင်အဆင့် အရေခွံမှာ အစိမ်းရောင်အဆင့်သို့ ကျဆင်းသွားသလို၊ ခရမ်းရောင်အဆင့်အထိ ရရှိနိုင်သော အရေခွံများမှာလည်း အပြာရောင်အဆင့်သာ ရရှိနိုင်တော့မည် ဖြစ်သည်။
ဒါကို တွေးလိုက်ရုံနှင့်တင် တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်၏။
မကြာမီမှာပင် စစ်မြေပြင်မှာ အတော်လေး သန့်ရှင်းသွားခဲ့ချေပြီ။
မြေပြင်မှာ မီးလောင်ကျွမ်းထားသလို နီရဲသော သွေးကွက်များ ရောယှက်နေသဖြင့် ကြောက်စရာကောင်းနေစေကာမူ သူတို့အနေဖြင့်လည်း ဘာမှမတတ်နိုင်ပါပေ။
အကယ်၍သာ မိုးရွာမည်ဆိုလျှင် အရာအားလုံး ဆေးကြောသွားနိုင်မည် ဖြစ်သော်လည်း ဆောင်းရာသီ မကုန်ဆုံးမီအထိတော့ မိုးရွာရန်မှာ ခဲယဉ်းလှပြီး လက်ရှိ အပူချိန်အရဆိုလျှင် နှင်း သို့မဟုတ် မိုးသီးများသာ ကျဆင်းနိုင်၏။
"ဟင် ရွှီရှင်း ရွှီရှင်း၊ ဒီကို မြန်မြန်လာပါဦး၊ ဒီမှာ အသက်ရှင်နေသေးတဲ့ ဆီးနှင်းဝံပုလွေ တစ်ကောင် ရှိနေတယ်"
လီဝမ်ရှီးက မလှမ်းမကမ်းမှနေ၍ ရွှီရှင်းကို လှမ်းခေါ်လိုက်သည်။
"သူက တခြားဝံပုလွေတွေထက် ပိုကြီးသလိုပဲ"
ရွှီရှင်း လျှောက်သွားလိုက်ရာ မြေပြင်ပေါ်တွင် လျှာလေးတဖျပ်ဖျပ် ထုတ်ပြီး အသက်ကို လုရှူနေသော ဆီးနှင်းဝံပုလွေ တစ်ကောင်ကို တွေ့လိုက်ရ၏။
ငွေရောင်ဘုရင်နှင့် နှိုင်းယှဉ်လျှင်မူ ၎င်း၏ အရွယ်အစားမှာ များစွာ သေးငယ်လှသလို သူ ခုနက သတ်ဖြတ်ခဲ့သော ဝံပုလွေဘုရင်နှင့် နှိုင်းယှဉ်လျှင်ပင် သိသိသာသာ သေးငယ်နေပါသေးသည်။
သို့သော်လည်း အခြားသော အဆင့်နိမ့် ဗီဇပြောင်း ဆီးနှင်းဝံပုလွေများကြားတွင်မူ ၎င်းမှာ သိသိသာသာ ပိုကြီးနေခြင်း ဖြစ်သည်။
ဒါက ဧရာမသားရဲ သွေးမျိုးနွယ်ပါတဲ့ သွေးရောင်မျဉ်း ဗီဇပြောင်း ဆီးနှင်းဝံပုလွေလား။
ဤဝံပုလွေတွင် ပြင်ပဒဏ်ရာ များများစားစား မတွေ့ရပါပေ။
ထို့ကြောင့် ၎င်းသည် ပေါက်ကွဲမှုဒဏ်ကို တိုက်ရိုက်မခံရဘဲ ဘေးထွက်ဆိုးကျိုးကြောင့် ကိုယ်တွင်းဒဏ်ရာ ရရှိသွားခြင်း ဖြစ်နိုင်ပြီး ယခုအခါတွင်တော့ အသက်ကို ခက်ခဲစွာ ရှူနေရခြင်း ဖြစ်သည်။
၎င်း၏ နောက်ခြေများမှာ ကန်ကျောက်နေသော်လည်း မတ်တပ်ရပ်နိုင်စွမ်း မရှိတော့ဘဲ "ဝူး..." ဟူသော အသံလေးများကိုသာ ထုတ်လွှတ်နိုင်တော့သည်။
"ခွေးကြီးတစ်ကောင်နဲ့ တူလိုက်တာ..."
လီဝမ်ရှီးသည် ထိုင်ချလိုက်ပြီး ဝံပုလွေကို လက်ဖြင့် ထိတွေ့ရန် ကြိုးစားလိုက်သည်။
ဝံပုလွေမှာလည်း ပြန်လည် တုံ့ပြန်ရန် အင်အားမရှိတော့သဖြင့် လီဝမ်ရှီး၏ ပွတ်သပ်ပေးမှုကို ငြိမ်ခံနေရှာသည်။
လီဝမ်ရှီးသည် ရွှီရှင်းကို မော့ကြည့်လိုက်ပြီး "ရှင် ဘယ်လိုထင်လဲ။ ဒီဝံပုလွေကို ရှင် ယူမလား။ သူ့ကို မြင်မြင်ချင်းမှာပဲ ရှင့်အတွက် စာချုပ်ချုပ်ဖို့ တကယ့်ကို သင့်တော်တဲ့သူလို့ ကျွန်မ ခံစားလိုက်ရတယ်။ သူက တခြားဝံပုလွေတွေထက် သန်မာပုံရပေမဲ့ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါအဆင့်ကိုတော့ မရောက်သေးဘူး၊ တကယ့်ကို အနေတော်ပဲ"
စစ်မြေပြင်ကို ရှင်းလင်းနေစဉ်အတွင်း ပေါက်ကွဲမှုဒဏ်ကြောင့် သေလုနီးပါးဖြစ်နေသော ဗီဇပြောင်းသတ္တဝါ အချို့ကို သူမ တွေ့ရှိခဲ့သော်လည်း ထိုသတ္တဝါများမှာ အလွန်အားနည်းနေသဖြင့် သူမကိုယ်တိုင်ပင် အဆုံးစီရင်ကာ ကျောပိုးအိတ်ထဲသို့ သိမ်းဆည်းခဲ့ပြီး ဖြစ်သည်။
အခန်း ၄၁၀ ပြီး။
အခန်း (၄၁၁) - စစ်မြေပြင်ကို ရှင်းလင်းခြင်းနှင့် ဆီးနှင်းဝံပုလွေကို စာချုပ်ချုပ်ခြင်း (၂)
ဤဝံပုလွေတစ်ကောင်တည်းသာလျှင် စာချုပ်ချုပ်ရန် သင့်တော်သည်ဟု သူမခံစားရသဖြင့် ရွှီရှင်းကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
"ဟုတ်တယ်၊ ဒါက သေချာပေါက် အဆင်ပြေတယ်" ဟု ရွှီရှင်းက ခေါင်းညိတ်ရင်း ပြောလိုက်၏။
သူသည် ဗီဇပြောင်းသတ္တဝါများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုကို အမြဲတမ်း တည်ထောင်လိုခဲ့သည်။
လောလောဆယ်တွင် ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့က သူ၏ဘေးတွင် တိုက်ပွဲဝင်ပေးနိုင်ကြသည်။
ကြင်ယာတော် မှာမူ အင်းဆက်များကို နှိမ်နင်းရာတွင် ထိရောက်သော်လည်း အခြားဗီဇပြောင်းသတ္တဝါများနှင့် ယှဉ်လျှင်တော့ မသန်မာလှသဖြင့် တစ်ဝက်တစ်ပျက်သာ အားကိုး၍ ရသေးသည်။
ရွှီရှင်းအနေဖြင့် ထိုအကောင်ငယ်လေးနှစ်ကောင် ကြီးပြင်းလာပါက မည်မျှအထိ တိုက်ခိုက်နိုင်စွမ်း ရှိလာမည်ကို အလွန်ပင် မျှော်လင့်နေမိသည်။
ခဲခဲလေးကိုတော့ ထည့်မတွက်ထားပါပေ။
ခဲခဲလေး၏ တာဝန်မှာ စူးစမ်းရှာဖွေခြင်းနှင့် ချစ်စရာကောင်းအောင် နေခြင်းသာ ဖြစ်သည်။
သူတို့အပြင် မာဟုန်ဝေနှင့် လုဖေးအာတို့လည်း ရှိနေသေးသည်။
မာဟုန်ဝေ၏ ပေါက်ကွဲအားမှာ ခွန်အားနှင့် ဆက်နွှယ်နေစေကာမူ ရွှီရှင်းက သူ့ကို တိုက်ပွဲများထဲတွင် အသုံးချရန် အစီအစဉ်မရှိပေ။
ဘာပဲဖြစ်ဖြစ် သူသည် သစ်ပင်အိမ်၏ ပြင်ပလက်နက်ကိရိယာများ ထုတ်လုပ်ရာတွင် ထူးချွန်သော ပါရမီရှင်တစ်ဦး မဟုတ်ပါလား။
လုဖေးအာမှာမူ တိုက်ခိုက်ရေးတွင် ပါရမီရှင်ဖြစ်သလို ရှင်ကျန်သူတစ်ဦးအနေဖြင့် သူမသည် ငြင်းရက်စရာမရှိသော လူသတ်သမားအဆင့် ပုံရိပ်မျိုး ရှိ၏။
သို့သော်လည်း အင်အားစုမှာ နည်းပါးနေသေးသည်ဟု သူ ခံစားရသည်။
ရွှီရှင်းတွင် အကြံတစ်ခု ရှိ၏။
သူကိုယ်တိုင် တိုက်ခိုက်နေမည့်အစား သားရဲထိန်းကျောင်းသူတစ်ဦးကဲ့သို့ ဖြစ်လာချင်ခြင်းပင်။
နောင်တွင် အပြင်သို့ ထွက်သည့်အခါ တိုက်ခိုက်ရေးကို တာဝန်ယူမည့် ဗီဇပြောင်းသတ္တဝါ အုပ်စုကြီးကို ခေါ်ဆောင်သွားပြီး သူကမူ အမိန့်ပေးစေခိုင်းသူအဖြစ်သာ နေလိုသည်။
သူကိုယ်တိုင်၏ စွမ်းရည်မှာလည်း မနိမ့်ကျသဖြင့် အခြားသူများ၏ တိုက်ခိုက်မှုကိုလည်း ကြောက်စရာ မလိုပါပေ။
၎င်းမှာ ဝမ်ကွေ့ရှင်း၏ စွမ်းရည်နှင့် အနည်းငယ် ဆင်တူစေကာမူ သူမ၏ လက်ပါးစေများမှာ တစ်ခါသုံးများဖြစ်ပြီး နေရာမှာတင် ကူးစက်စေကာ ကြာရှည်မခံပါပေ။
ရွှီရှင်းကမူ သူ၏ ဗီဇပြောင်းသတ္တဝါ အားလုံးကို အလွန်အစွမ်းထက်သော သတ္တဝါကြီးများအဖြစ် ပြုစုပျိုးထောင်လိုခြင်း ဖြစ်သည်။
ထို့အပြင် တိုက်ပွဲတိုင်းတွင် ကိုယ်တိုင်ပါဝင်နေခြင်းမှာလည်း သိပ်ပြီး အမြော်အမြင်မရှိလှပေ။
ယခုတစ်ကြိမ်ကဲ့သို့ အလယ်အလတ်အဆင့် ဆီးနှင်းကျားသစ်တစ်ကောင်က သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက် ဖိသိပ်လိုက်သည့် အခြေအနေမျိုး ရှိခဲ့သည်။
အကယ်၍သာ အပင်နှလုံးသား၏ အကာအကွယ် နယ်မြေအတွင်း မဟုတ်ဘဲ ရွှီရှင်းအတွက် အသာစီးမရသော နေရာမျိုးသာ ဖြစ်နေမည်ဆိုပါက ထိုတိုက်ပွဲမှာ မည်မျှအထိ ခက်ခဲသွားမည်ကို မည်သူမျှ မသိနိုင်ပါပေ။
တစ်ဦးချင်း ခွန်အားဆိုသည်မှာ ကန့်သတ်ချက် ရှိစမြဲပင်။
အုပ်စုလိုက် ဝိုင်းတိုက်နိုင်သည့် အခွင့်အရေးရှိနေပါလျက်နှင့် ဘာကြောင့် တစ်ဦးတည်း ရင်ဆိုင်နေရမည်နည်း။
ရွှီရှင်းသည် ဗီဇပြောင်းသားရဲ စာချုပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဆီးနှင်းဝံပုလွေ၏ ရှေ့တွင် ထိုင်ချလိုက်၏။
ဆီးနှင်းဝံပုလွေ၏ သိမ်မွေ့သော လှုပ်ရှားမှုများအရ ဤဝံပုလွေသည် အခြားသော လက်နက်ကိရိယာသဖွယ် ဝံပုလွေများနှင့် မတူဘဲ ကိုယ်ပိုင်ဆန္ဒ ရှိနေကြောင်း သူ ဆုံးဖြတ်လိုက်သည်၊ ၎င်းမှာ ကိုယ်တွင်းရှိ ဧရာမသားရဲ သွေးမျိုးနွယ်ကြောင့် ဖြစ်ပေလိမ့်မည်။
"အသက်ရှင်ချင်ရင် ငါ့ဆီမှာ ခိုလှုံလိုက်ပါ။ ငါ မင်းကို ဒီတစ်ကြိမ်ပဲ အခွင့်အရေး ပေးမယ်၊ ပြန်မတွန်းလှန်နဲ့၊ ဒါဆိုရင်မင်း အသက်ရှင်ဖို့ ငါ အာမခံတယ်" ဟု ရွှီရှင်းက ယခင်က ငွေရောင်ဘုရင်ကို ချော့မြူခဲ့သည့် နည်းလမ်းအတိုင်းပင် ဆီးနှင်းဝံပုလွေ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ဝူး..."
ဆီးနှင်းဝံပုလွေမှာ ခိုလှုံလိုသော်လည်း ဝန်လေးနေဟန်ဖြင့် ညည်းညူလိုက်ရှာသည်။
"စာချုပ်ချုပ်လို့ ရပါ့မလား"
လီဝမ်ရှီးက စပ်စုလိုက်၏။
လုဖေးအာ အပါအဝင် ရွှီရှင်း၏ ပတ်ဝန်းကျင်ရှိ ဗီဇပြောင်းသတ္တဝါ အားလုံးမှာ စာချုပ်ချုပ်ထားသူများ ဖြစ်ကြောင်း သိထားစေကာမူ စာချုပ်ချုပ်သည့် မြင်ကွင်းကိုတော့ သူမ မမြင်ဖူးပါပေ။
"အခုဆိုရင် ဖြစ်နိုင်လောက်ပါပြီ"
ဆီးနှင်းဝံပုလွေမှာ ပြန်လည်ခုခံလိုသော ဆန္ဒမရှိတော့သည်ကို မြင်သောအခါ ရွှီရှင်းသည် လက်ထဲက စာချုပ်ကို ချေဖျက်လိုက်၏။
အလင်းစအနများမှာ ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ ပျံဝင်သွားပြီး ဝံပုလွေမှာလည်း ရုန်းကန်ခြင်းမရှိဘဲ အလွယ်တကူပင် စာချုပ်ချုပ်ဆိုမှု အောင်မြင်သွားခဲ့သည်။
[ဗီဇပြောင်း ဆီးနှင်းဝံပုလွေဘုရင်နှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့သဖြင့် ရမှတ် ၇၀ ရရှိသည်။]
ရွှီရှင်း၏ မျက်လုံးများ အရောင်တောက်သွားခဲ့၏။
ဝံပုလွေဘုရင်လား။ ဒါကလည်း ဝံပုလွေဘုရင်တစ်ကောင်ပဲလား။
သေချာပါသည်၊ ဤဝံပုလွေသည် လီဝမ်ရှီးဘက်ရှိ ဗီဇပြောင်း ဆီးနှင်းဝံပုလွေများ၏ ခေါင်းဆောင် ဖြစ်ပေလိမ့်မည်။
သာမန်ဝံပုလွေများထက် များစွာ ကြီးမားနေခြင်းမှာ မဆန်းပါပေ။
တကယ့်ကို အဖိုးတန်တဲ့ သားရဲကြီးတစ်ကောင်ကို စာချုပ်ချုပ်နိုင်ခဲ့တာပဲ။
အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါသာ ဖြစ်စေဦးတော့ ၎င်းမှာ ဆီးနှင်းဝံပုလွေဘုရင်တစ်ကောင် ဖြစ်သည်။
သို့သော်လည်း ဗီဇပြောင်းသားရဲစာချုပ်မှာ ငွေရောင်ဘုရင်၏ အစီးအနင်းစာချုပ်ကဲ့သို့ ဒဏ်ရာများကို ချက်ချင်း ပျောက်ကွယ်စေခြင်း မရှိပေ။
ထို့ကြောင့် ရွှီရှင်းသည် ချီရွှယ်ဖေး ပေးထားသော ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဆီးနှင်းဝံပုလွေ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒါကို စားလိုက်၊ ဒါဆိုရင် နင် အသက်ရှင်လိမ့်မယ်"။
"အစ်မရွှယ်ဖေးရဲ့ ဆေးလုံးတွေက ဗီဇပြောင်းသတ္တဝါတွေအတွက်လည်း အလုပ်ဖြစ်လို့လား"
လီဝမ်ရှီးက စပ်စုလိုက်ပြန်သည်။
"ဖြစ်မှာပေါ့"
ရွှီရှင်းက တွေးတောရင်း ပြန်ဖြေလိုက်၏။
"ဒီဆေးလုံးကို သွေးတိတ်မြက်နဲ့ လုပ်ထားတာလေ၊ ငါ မီမီကို သုံးပေးဖူးတယ်၊ အလုပ်ဖြစ်တယ်"။
အပြာရောင်အဆင့် အသီးအနှံများမှာ သားရဲတွေအပေါ် အလုပ်မဖြစ်စေကာမူ အပြာရောင်အဆင့် ဆေးဖက်ဝင်အပင်များကတော့ သိသိသာသာမဟုတ်စေကာမူ အကျိုးသက်ရောက်မှု ရှိနေဆဲပင် ဖြစ်သည်။
အမှန်ပင် ဆေးလုံးကို မျိုချပြီးနောက် ဆီးနှင်းဝံပုလွေ၏ အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
လုံးဝ ပြန်လည်ကျန်းမာသွားခြင်းမျိုး မဟုတ်စေကာမူ ဘေးစောင်းလဲပြီး အသက်လုရှူနေရသည့် အခြေအနေမှ ခက်ခက်ခဲခဲ မတ်တပ်ရပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဆီးနှင်းဝံပုလွေသည် ထရပ်လိုက်ပြီးနောက် ရွှီရှင်းကို ခေါင်းဖြင့် တို့လိုက်ကာ ခွေးလေးတစ်ကောင်ကဲ့သို့ အသံပြုလိုက်သည်။
"ဝူး..."။
"ခွေးကြီးပဲ"
လီဝမ်ရှီးက ဆီးနှင်းဝံပုလွေ၏ ကျောကို ပွတ်သပ်ပေးလိုက်၏။
"သူကရော အစီးအနင်းလုပ်လို့ ရလား"။
"အင်း... နင် လိုချင်လို့လား"။
"ငါလား ငါတော့ မယူတော့ပါဘူး။ သူက တခြားဝံပုလွေတွေထက် ကြီးတယ်ဆိုပေမဲ့ နွားမလေးနဲ့ ယှဉ်ရင်တော့ အများကြီး သေးတယ်။ ငါ့ရဲ့ အစီးအနင်းကတော့ လေးလံတဲ့ ဝန်တွေကို သယ်ဆောင်နိုင်ဖို့ပဲ အဓိကထားရမယ်"။
ရွှီရှင်းလည်း ထိုသို့ပင် တွေးမိသည်။
ဤဝံပုလွေဘုရင်မှာ လီဝမ်ရှီးအတွက် မသင့်တော်ပါပေ။
သူသည် လုဖေးအာအတွက် အစီးအနင်းတစ်ခု ပေးရန် စဉ်းစားနေသည်မှာ ကြာပြီဖြစ်ရာ ဤဝံပုလွေမှာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပေသည်။
လုဖေးအာကို ဘာကြောင့် အစီးအနင်းပေးရသလဲဆိုလျှင် ရုတ်တရက် ကျရောက်လာသော ဘေးဒုက္ခများ ရှိနေစေကာမူ သူတို့၏ စူးစမ်းရှာဖွေသူများ အဖွဲ့အနေဖြင့် အခြားသော ရှင်ကျန်သူများကို စုဆောင်းရန် ရွေးချယ်မှုမှာ ပြောင်းလဲခြင်း မရှိပါပေ။
သို့သော် သူကိုယ်တိုင် အခြားရှင်ကျန်သူများကို လိုက်ရှာရန် အမြဲတမ်း ပြေးလွှားနေဖို့ မဖြစ်နိုင်ပေ။
သူ့တွင် လုပ်ဆောင်စရာ တာဝန်တွေ အများကြီး ရှိနေသည် မဟုတ်ပါလား။
ကုန်းမြင့်အရင်းအမြစ်နယ်မြေ နှင့် ချန်ယင်မိသားစု ပျောက်ကွယ်သွားမှုနှင့် ဆက်နွှယ်နေသော ယဇ်ပလ္လင်ကိစ္စများ ရှိနေသည်။
အခု သားရဲတွေ ပြန်ရောက်လာပြီဆိုတော့ ယဇ်ပလ္လင်မှာ ယဇ်ပူဇော်မှုတွေ ဆက်လုပ်နိုင်တော့မည် ဖြစ်ရာ ယဇ်ပလ္လင်၏ အကြောင်းအရာများကို သူ ရှင်းလင်းစွာ သိရန် လိုအပ်၏။
ထို့အပြင် ကျိချောင်းယန်၏ သစ်ပင်အိမ်အနီးက ဧရာမဘီလူးကြီး၏ လက်မောင်းကိုလည်း အမြန်ဆုံး စူးစမ်းရှာဖွေရန် လိုအပ်နေသေးသည်။
ထို့ကြောင့် ရှင်ကျန်သူများကို သစ်ပင်အိမ်သို့ ပြန်လည်ခေါ်ဆောင်လာမည့် တာဝန်ကို လုဖေးအာအား ပေးရန် သူ ပြင်ဆင်နေခြင်း ဖြစ်သည်။
လုဖေးအာသည် ထိုတာဝန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။
အထူးသဖြင့် ပြင်ပလူများနှင့် ရင်ဆိုင်ရသည့်အခါ လုဖေးအာ၏ သရုပ်ဆောင်မှုနှင့် ခွန်အားက သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။
သူမအတွက် အစီးအနင်းတစ်ခု ပေးထားရန်မှာလည်း လိုအပ်လှသည်။
ပြီးခဲ့သည့်အကြိမ် လဲ့ယိုဖန်းကို ဖမ်းဆီးခဲ့စဉ်ကကဲ့သို့ သူ၏ ငွေရောင်ဘုရင်ကို ခဏခဏ လာငှားနေ၍ မဖြစ်ပေ။
"ကောင်းပြီလေ၊ ဒါဆိုရင် ဒီဝံပုလွေကို ငါပဲ ယူလိုက်တော့မယ်" ဟု ရွှီရှင်းက ခေါင်းညိတ်လိုက်သည်။
သူသည် ပြန်လည်လဲလျောင်းသွားသော ဆီးနှင်းဝံပုလွေကို သူ၏ လက်ပတ်အတွင်းသို့ သိမ်းဆည်းလိုက်၏။
ဝံပုလွေမှာ ဒဏ်ရာရထားဆဲ ဖြစ်သဖြင့် မလှုပ်ရှားနိုင်သေးရာ လက်ပတ်အတွင်းမှာပင် ခေတ္တ ထားရှိရမည် ဖြစ်သည်။
"ရှင် ပြန်တော့မလို့လား"
လီဝမ်ရှီးက ဝန်လေးစွာဖြင့် ရွှီရှင်း၏ လက်မောင်းကို ဖက်ထားလိုက်သည်။
"အပေါ်ကို တက်ပြီး ခဏလောက် ထိုင်ပါဦးလား၊ အခု တောကောင်တွေက ဆုတ်သွားပြီပဲဥစ္စာ"။
"ဒါဆိုရင် ငါ့ကို နောက်ထပ် အနမ်းတစ်ချက် ထပ်ပေးဦးလေ"
ရွှီရှင်းက ပြုံးလျက် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။
"ရှင်ကတော့လေ"
လီဝမ်ရှီး ရှက်သွေးဖြာသွားပြီး ရွှီရှင်း၏ မျက်နှာကို တွန်းထုတ်လိုက်သည် ။
"သူတို့တွေ ဒီမှာ ရှိနေသေးတယ်လေ"။
လီယာကျွင်းနှင့် လဲ့ယိုဖန်းတို့မှာ အနားသို့ ရောက်ရှိနေကြပြီး ရွှီရှင်း၏ စာချုပ်ချုပ်သည့် အခိုက်အတန့်ကို မြင်တွေ့ခဲ့ကြသည်။
လီဝမ်ရှီး ပြောလိုက်သည်ကို ကြားသောအခါ လီယာကျွင်းက မပြုံးဘဲ မနေနိုင်ဖြစ်သွားသလို လဲ့ယိုဖန်းကမူ ဘာမှမမြင်သည့်အလား ဟန်ဆောင်လိုက်သည။
"ဟင် အိုး... ငါ့မျက်လုံးတွေ ဘာမှမမြင်ရတော့ပါလား"
ပြောပြောဆိုဆိုဖြင့် သူသည် စမ်းတဝါးဝါးလုပ်ကာ သူ၏ သစ်ပင်အိမ်ဆီသို့ ပြန်သွားတော့သည်။
"ပြန်လာခဲ့စမ်း"
လီဝမ်ရှီးက ရှက်ကိုးရှက်ကန်းဖြင့် မြေကြီးကို ဆောင့်လိုက်၏။
"တိုက်ပွဲက ပြီးသွားပြီပဲ၊ အောင်ပွဲခံ စားသောက်ပွဲ မလုပ်ချင်ကြတော့ဘူးလား"။
"အောင်ပွဲခံ စားသောက်ပွဲလား"
ခုနက ဆိုးရွားလှသော မြင်ကွင်းကို ပြန်တွေးမိသည်နှင့် လီယာကျွင်း၏ မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။
"ထားလိုက်ပါတော့ ဝမ်ရှီး၊ ငါ ဘာမှ စားချင်စိတ် မရှိတော့ဘူး၊ တကယ်ပါပါ..."။
"ငါ... ငါလည်း မစားတော့ဘူး..."
လဲ့ယိုဖန်းက လှည့်ကြည့်ရင်း အားနာဟန်ဖြင့် ပြုံးပြလိုက်၏။
"ဪ..."
လီဝမ်ရှီး အနည်းငယ် စိတ်ပျက်သွားရှာသည်။
သူမ၏ စိတ်ဓာတ်ခံနိုင်ရည်မှာ ထိုနှစ်ဦးထက် များစွာ ပိုမိုသန်မာလှပေရာ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ရသဖြင့် အနည်းငယ်တော့ ဆင်နွှဲလိုခြင်း ဖြစ်သည်။
"ရပါတယ်"
ရွှီရှင်းက လီဝမ်ရှီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ငါ့ဘက်မှာလည်း ကိုင်တွယ်စရာ ကိစ္စတွေ ရှိသေးတယ်၊ ဒါကြောင့် အခုတော့ ငါ ပြန်လိုက်ဦးမယ်။ နင်လည်း ပြန်ပြီးတော့ နင့်ရဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးလိုက်ဦး၊ ကစားဖို့ချည်းပဲ မတွေးနဲ့ဦး"။
သူ့တွင် လုပ်စရာ ကိစ္စများ ရှိနေ၏။
ဖျက်ဆီးခံလိုက်ရသော မာဟုန်ဝေ၏ သစ်ပင်အိမ်အနီးတွင် မြွေကြီး၏ အကြေးခွံများ ရှိနေနိုင်သည်။
၎င်းမှာ ခရမ်းရောင်အဆင့် အရင်းအမြစ် ဖြစ်ပေသည်။
သူသည် လီဝမ်ရှီးကို ကူညီရန် အမြန်ပြေးလာခဲ့ရသဖြင့် ထိုအရာများကို စစ်ဆေးရန် အခွင့်အရေး မရခဲ့သေးပေ။
"ကောင်းပါပြီ..."
လီဝမ်ရှီးက ဝန်လေးစွာဖြင့် ရွှီရှင်း၏ လက်မောင်းကို လွှတ်ပေးလိုက်သည်။
"ပစ္စည်းစာရင်း စစ်ပြီးတာနဲ့ ကျွန်မ ရှင့်ဆီ လာခဲ့မယ်။ ဒီလို ဆက်သွယ်ရေးတွေ ပျက်နေတာက တကယ့်ကို စိတ်မအေးစရာပဲ"
အခန်း ၄၁၁ ပြီး။