အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အခန်း (၄၁၅) - ဗီဇပြောင်းလူသား အမျိုးအစား နှစ်မျိုး
ရုပ်ဆိုးလှသော ဗီဇပြောင်းလူသား အမျိုးသားတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခြင်းက ရှိနေသူအားလုံးကို ထိတ်လန့်သွားစေသည်။
သို့သော်လည်း အားလုံးမှာ အကျပ်အတည်းများကို ရင်ဆိုင်ကျော်ဖြတ်ဖူးသည့် အတွေ့အကြုံရှိသူများ ဖြစ်ကြရာ ခဏတာ တုန်လှုပ်သွားပြီးနောက် ထိုဗီဇပြောင်းလူသားကို စုပေါင်းစစ်ဆေးကြတော့၏။
"ဒီလူက..."
ချီရွှယ်ဖေးက ထိုင်ချလိုက်ပြီး ထိုသူ၏ မျက်နှာကို အသေအချာ ကြည့်ရှုစစ်ဆေးလိုက်သည်။
ထိုသူ၏ မျက်လုံးများမှာ ပြူးထွက်နေပြီး မျက်လုံးအိမ်များတွင် သွေးကြောများ ယှက်သန်းနေသည်။
သူ၏ မျက်လုံးသူငယ်အိမ်များသာ လှုပ်ရှားနိုင်ပြီး ကျန်သူများ၏ အကြည့်အောက်တွင် မျက်လုံးမှာ နှစ်ကြိမ်ခန့် ဖြည်းဖြည်းချင်း လည်ပတ်သွားကာ သူငယ်အိမ်မှာလည်း အလျှင်အမြန် ကျုံ့သွားပွသွား ဖြစ်နေသည်မှာ အလွန်အမင်း ထိတ်လန့်နေသည့်ပုံ ပေါက်နေသည်။
"သူ မျက်တောင်တောင် ခတ်လို့မရဘူးလား" ဟု ကျိချောင်းယန်က မေးစေ့ကို ပွတ်ရင်း မေးမြန်းလိုက်သည်။
"ဟုတ်တယ်၊ မျက်လုံးသူငယ်အိမ်ပဲ လှုပ်ရှားနိုင်တာ" ဟု ရွှီရှင်းက အားမလိုအားမရ ဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။
တစ်ပြိုင်နက်တည်းမှာပင် သူသည် မာဟုန်ဝေကိုလည်း လက်ပတ်အတွင်းမှ ထုတ်လိုက်၏။
မာဟုန်ဝေမှာ စွမ်းအားပေါက်ကွဲမှုအဆင့် ပြီးဆုံးသွားပြီဖြစ်ရာ မျက်နှာပေါ်မှ သွေးရောင်မျဉ်းများ မှေးမှိန်သွားပြီး အားအင်ကုန်ခမ်းသည့် အခြေအနေသို့ ရောက်ရှိနေသည်။
သူသည် သတိမရသေးဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲ ဖြစ်ရာ ဤတစ်ကြိမ်တွင် သူရရှိခဲ့သော ဒဏ်ရာမှာ မည်မျှအထိ ပြင်းထန်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။
"သူ ကံကောင်းသွားတာပဲ" ဟု လုဖေးအာက သက်ပြင်းချလိုက်သည်။
"လက်ပတ်အတွင်းမှာ တစ်ချိန်လုံး သတိလစ်နေခဲ့လို့ အထဲက ဟာလာဟင်းလင်းဖြစ်နေတဲ့ အခြေအနေကို မရင်ဆိုင်ခဲ့ရဘူး"
"ဒါပေမဲ့ သူက အဲဒီထက် ပိုကြောက်စရာကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရတာပါ" ဟု ရွှီရှင်းက မာဟုန်ဝေ အသက်ရှင်လျက် ကြိတ်ခြေခံခဲ့ရသည့် အဖြစ်အပျက်ကို ပြန်တွေးရင်း စိုးရိမ်တကြီး ပြောလိုက်၏။
"လက်ပတ်ထဲက ဟာလာဟင်းလင်းဖြစ်နေတာထက်စာရင် အဲဒီလို ကြိတ်ခြေခံရတာကိုပဲ ကျွန်မ ရွေးချယ်ပါ့မယ်။ အနည်းဆုံးတော့ ကျွန်မတို့က ပြန်ရှင်လာလို့ ရတာကိုး" ဟု လုဖေးအာက ပြုံးစိစိဖြင့် ဆိုသည်။
ရွှီရှင်းသည် မာဟုန်ဝေကို အခြားအခန်းရှိ ကုတင်ပေါ်တွင် အသာ တင်ထားလိုက်ပြီး သူ၏ အသက်ရှူနှုန်းနှင့် အခြေအနေများကို စစ်ဆေးကာ စိတ်ချရပြီဟု သိရမှ အိပ်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ချီရွှယ်ဖေးမှာ မတ်တပ်ရပ်နေပြီး မြေပြင်ပေါ်က ဗီဇပြောင်းလူသားကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။
"ဒီလူက ခရာမှုတ်တဲ့ လူတွေနဲ့ လုံးဝ မတူဘူး။ နင် လူမှားရှာလာတာလည်း ဖြစ်နိုင်တယ်။ ဒါဟာ ငါတို့ ခုနက ပြောနေတဲ့ လုယက်သူ မဟုတ်လောက်ဘူး"
"ဘာလဲဟ"
ရွှီရှင်း အံ့အားသင့်သွားရသည်။
"မမရွှယ်ဖေး၊ မမက ခရာမှုတ်တဲ့သူကို မြင်ခဲ့တာလား" ဟု လီဝမ်ရှီးက ရွှီရှင်း မေးချင်နေသည့် မေးခွန်းကို အမြန်ပင် မေးမြန်းလိုက်သည်။
"အင်း၊ မြင်ခဲ့တယ်"
ချီရွှယ်ဖေးက ခေါင်းညိတ်ပြသည်။
"အဲဒီအချိန်တုန်းက ကျိချောင်းယန်လည်း ငါ့ကို ကူညီနေတာ အတော်ကြာနေပြီ။ သူက သားရဲလှိုင်းထဲမှာ ရောနှောနေပြီး ငါ့မျက်စိရှေ့ကနေ ရှောင်ဖို့လည်း အစီအစဉ်မရှိဘူး၊ ဒါကြောင့် ငါ အသေအချာ မြင်ခဲ့ရတာ။ ကျိချောင်းယန်လည်း မြင်ခဲ့မှာပါ"
ရွှီရှင်းက ကျိချောင်းယန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကျိချောင်းယန်က ထိုဗီဇပြောင်းလူသားကို အသေအချာ စစ်ဆေးနေရင်း "ဟုတ်တယ်၊ ငါလည်း မြင်ခဲ့တယ်။ သူက သားရဲအုပ်စုရဲ့ နောက်ဆုံးမှာ ရှိနေပြီး ဗီဇပြောင်းသတ္တဝါတွေက သူ့ကို ဝိုင်းပြီးကာကွယ်ပေးထားကြတာ၊ သားရဲအုပ်စုရဲ့ အချက်အချာကျတဲ့သူလိုပဲ။ ဒါပေမဲ့ အဆုံးထိ သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ အခွင့်အရေး မရခဲ့ဘူး"
"ဒါဆို သူ့ရဲ့ ပုံစံက..."
ချီရွှယ်ဖေးက ဆက်ပြောပြသည်။
"ဒီလူနဲ့တော့ မတူဘူး။ အကယ်၍ သူက မတ်တပ်လမ်းလျှောက်တာ၊ လက်နက်ကိရိယာတွေ ကိုင်ထားတာနဲ့ လှုပ်ရှားမှုတွေက လူနဲ့တူတာမျိုးသာ မဟုတ်ရင် သူ့ကို ကြည့်လိုက်တာနဲ့..."
"လူဝံနဲ့ တူတာလား" ဟု ရွှီရှင်းက ကြားဖြတ်မေးလိုက်သည်။
"...ဟုတ်တယ်၊ တစ်ကိုယ်လုံးမှာ အညိုရောင်အမွေးအမျှင်တွေ ဖုံးလွှမ်းနေတာ။ အမွေးတွေက သိပ်မရှည်ပေမဲ့ တစ်ကိုယ်လုံးမှာ ရှိနေတာပဲ။ အကယ်၍ သူတို့က မတ်တပ်ရပ်တာနဲ့ ပစ္စည်းကိရိယာတွေကို လူတွေလို သုံးစွဲနေတာသာ မဟုတ်ရင် ငါလည်း သူတို့ကို လူဝံတွေလို့ပဲ ထင်မိမှာ" ဟု ချီရွှယ်ဖေးက ပြန်လည် ပြောပြသည်။
၎င်းမှာ ရွှီရှင်း ဂူထဲတွင် ယခင်က မြင်တွေ့ခဲ့ရသည်များနှင့် ဆင်တူလှပေသည်။
ဂူထဲသို့ ပထမဆုံး ဝင်ရောက်သွားပြီး ချန်ယင်၏ စမ်းသပ်မှုကို ခံခဲ့ရသော ရှင်ကျန်သူများ၏ ဗီဇပြောင်းလဲပြီးနောက်ပိုင်း ပုံစံမှာလည်း ထိုသို့ပင် ဖြစ်သည်။
"သူတို့များလား"
ရွှီရှင်းက အဓိကအချက်ကို ဖမ်းဆုပ်လိုက်မိသည်။
"ဒီလို ဗီဇပြောင်းလူသားတွေ အများကြီး ရှိနေတာလား"
"နှစ်ယောက်။ ငါ စုစုပေါင်း နှစ်ယောက် မြင်ခဲ့တယ်"
ချီရွှယ်ဖေးက လက်နှစ်ချောင်း ထောင်ပြ၏။
"တစ်ယောက်က အဖွဲ့ထဲမှာ ရောနှောနေပြီး၊ နောက်တစ်ယောက်ကတော့ အဝေးကနေ ဖြတ်ပြေးသွားတာကို မြင်လိုက်တာ။ ငါ မြင်တာ မမှားပါဘူး"
ကျိချောင်းယန်ကလည်း - "ငါ့ရဲ့ သစ်ပင်အိမ်နားမှာလည်း ဗီဇပြောင်းလူသား နှစ်ယောက်ကို မြင်ခဲ့တယ်။ ငါ့ရဲ့ ကြိုတင်ခန့်မှန်းချက်မှာ မြင်ခဲ့ရတဲ့အတိုင်းပဲ။ ချီရွှယ်ဖေး ပြောတဲ့အတိုင်းပါပဲ"
ရွှီရှင်းနှင့် လုဖေးအာတို့ အကြည့်ချင်း ဆုံလိုက်ကြ၏။
၎င်းတို့နှစ်ဦးစလုံးသည် ဗီဇပြောင်းလဲမှု အမျိုးအစား နှစ်မျိုးအကြား ကွာခြားချက်ကို သိရှိထားကြပြီးသား ဖြစ်သည်။
သို့မဟုတ်လျှင်လည်း ရွှီရှင်းကိုယ်တိုင်ကပင် ထိုဗီဇပြောင်းလဲမှု နှစ်မျိုးလုံးကို ဖန်တီးနိုင်စွမ်း ရှိပေသည်။
ပထမအမျိုးအစားမှာ အမွေးအမျှင်များ ဖုံးလွှမ်းနေသော ဗီဇပြောင်းလူသားများ ဖြစ်ကြပြီး၊ အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲများ၏ ညစ်ညမ်းနေသော အသားများဖြင့် ပြုလုပ်ထားသည့် ဗီဇပြောင်းဆေးရည်ကို သောက်သုံးခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည်။
၎င်းမှာ ကြမ်းတမ်းရိုးရှင်းသော ဗီဇပြောင်းလဲမှု ဖြစ်ပြီး ချန်ယင်၏ ပြောကြားချက်အရ ထိုသို့ ပြောင်းလဲသွားသူများသည် လူသားတို့၏ သိစိတ်ကို မထိန်းသိမ်းနိုင်တော့ဘဲ တိရစ္ဆာန်အသိစိတ်သာ ကျန်ရှိတော့သည့် သတ္တဝါများ ဖြစ်သွားကြရသည်။
ဒုတိယအမျိုးအစားမှာ အရေပြားပေါ်တွင် သွေးရောင်မျဉ်းများ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ၎င်းမှာ လူသားများနှင့် ရှင်ကျန်သူများအတွက် လုဖေးအာ၏ စွမ်းရည်ဖြင့် အထူးဖော်စပ်ထားသော ဗီဇပြောင်းဆေးလုံးများ လိုအပ်သည်။
ထိုဆေးလုံးများသည် ၎င်းတို့၏ သိစိတ်ကို ထိန်းသိမ်းထားနိုင်စေပြီး စွမ်းအားပေါက်ကွဲမှု စွမ်းရည်ကို ရရှိစေသည်။
ဤဗီဇပြောင်းလဲမှုမှာ ပိုမိုမြင့်မားပြီး သိမ်မွေ့၏။
စွမ်းအားပေါက်ကွဲချိန်တွင် အသိစိတ် ပျောက်ဆုံးသွားစေကာမူ လုဖေးအာနှင့် မာဟုန်ဝေတို့သည် စွမ်းအားပေါက်ကွဲချိန်တွင် သိစိတ် ပြန်လည်ရရှိခဲ့သည့် အခြေအနေများလည်း ရှိခဲ့ဖူးသည်။
လုဖေးအာ စွမ်းအားပေါက်ကွဲမှု စွမ်းရည်ကို အသုံးပြုချိန်တွင် ရှိနေသည့် ပုံစံမှာ ယခု သူတို့ရှေ့တွင် ရှိနေသော ဗီဇပြောင်းလူသားနှင့် ပိုမိုဆင်တူလှပေသည်။
ထို့ကြောင့် အရေပြားပေါ်တွင် သွေးရောင်မျဉ်းများ ပေါ်ထွက်လာစေပြီး စွမ်းအားပေါက်ကွဲမှု စွမ်းရည်ကို ပေးစွမ်းနိုင်သော ဤဗီဇပြောင်းလဲမှုမှာ အမွေးအမျှင်များ ပေါက်လာသော အမျိုးအစားထက် ပိုမိုမြင့်မားသည့် ဗီဇပြောင်းလဲမှု အမျိုးအစား ဖြစ်ကြောင်း သေချာသလောက် ရှိနေတော့သည်။
အခန်း ၄၁၅ ပြီး။
အခန်း (၄၁၆) - ဗီဇပြောင်းလူသား အမျိုးအစား နှစ်မျိုး (၂)
သို့သော်လည်း ကျိချောင်းယန်တို့၏ ပြောပြချက်အရဆိုလျှင် ထိုအမွေးအမျှင်ထူသော ထူးဆန်းသည့်သတ္တဝါများတွင် ကိုယ်ပိုင်အသိစိတ် ရှိပုံရသည်။
၎င်းမှာ သူသိရှိထားသည်နှင့် အနည်းငယ် ကွဲလွဲနေပေသည်။
"အဲဒီအမွေးအမျှင်နဲ့ကောင်တွေက အရပ်ရှည်လား" ဟု ရွှီရှင်းက ရုတ်တရက် မေးမြန်းလိုက်သည်။
သူ၏ သစ်ပင်အိမ်နှင့် လီဝမ်ရှီး၏ သစ်ပင်အိမ်အနီးတွင် အရိပ်အချို့ကို သူမြင်တွေ့ခဲ့ရသော်လည်း လေထဲသို့ ခုန်တက်ချိန်တွင် ခဏတာ မြင်လိုက်ရသည့် လူသဏ္ဌာန် အရိပ်များသာ ဖြစ်သောကြောင့် သဲသဲကွဲကွဲ မမြင်ခဲ့ရပေ။
"အရပ်ရှည်လား"
ချီရွှယ်ဖေးက ရွှီရှင်း ဘာကြောင့် ဤသို့မေးသည်ကို ဇဝေဇဝါဖြစ်သွားသော်လည်း ခေတ္တစဉ်းစားပြီးမှ "သိပ်မရှည်ပါဘူး၊ သာမန်လူတွေနဲ့ အရပ်အမောင်း အတူတူလောက်ပါပဲ" ဟု ပြန်ဖြေသည်။
ရွှီရှင်း ခေါင်းညိတ်လိုက်၏။
သူ၏ အမြင်မှာလည်း ထိုသို့ပင်ဖြစ်ပြီး သူမြင်ခဲ့သော အရိပ်များမှာ အရပ်မရှည်ကြပါပေ။
သာမန် ဗီဇပြောင်းလဲမှုမျိုးဖြစ်ပြီး ဧရာမသားရဲမျိုးနွယ် မဟုတ်ဘဲနှင့် ကိုယ်ပိုင်အသိစိတ်ကို ထိန်းသိမ်းထားနိုင်ကာ ဗီဇပြောင်းသားရဲအုပ်စုကို ထိန်းချုပ်နိုင်သူများမှာ မည်သူများ ဖြစ်နိုင်သနည်း။
ပြီးတော့ သူ့ရှေ့မှာ လဲလျောင်းနေတဲ့ ဒီလူကရော ဘယ်သူလဲ။
"ဝမ်ရှီး၊ နင်ရော အဲဒီလို အမွေးအမျှင်နဲ့ကောင်တွေကို မြင်ခဲ့လား" ဟု ရွှီရှင်းက လီဝမ်ရှီးကို မေးလိုက်သည်။
လီဝမ်ရှီးသည် ဆိုဖာပေါ်တွင် ထိုင်ရင်း အိပ်ပျော်နေဆဲဖြစ်သော ခဲခဲလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးနေသည်။
ရွှီရှင်း၏ အမေးကို ကြားသောအခါ သူမသည် ခဲခဲလေးကို ရင်ခွင်ထဲပိုက်ကာ ခေါင်းလေးစောင်းလျက် စဉ်းစားပြီးမှ ခေါင်းခါပြသည်။
"မမြင်ခဲ့ဘူး၊ အဲဒီအချိန်တုန်းက ငါက ခံစစ်ကိုပဲ အာရုံစိုက်နေရတာလေ။ ပေါက်ကွဲမြားတွေကို အရူးအမူး ပစ်ခတ်နေရတာဆိုတော့ ပတ်ဝန်းကျင်မှာ မီးခိုးတွေ၊ မီးတောက်တွေနဲ့ ဘယ်သူရှိနေလဲဆိုတာ ဘယ်လိုလုပ် သဲသဲကွဲကွဲ မြင်နိုင်မှာလဲ"
ရွှီရှင်း ခေါင်းညိတ်လိုက်သည်။
ထိုသို့သော အခြေအနေမျိုးတွင် သဲသဲကွဲကွဲမြင်ရန် တကယ့်ကို ခက်ခဲလှပေသည်။
"နင်က သစ်ပင်အိမ်ပေါ်ကနေ မြှားပစ်စက်ကို ထိန်းချုပ်နေတာဆိုတော့ အဲဒီလို အမွေးအမျှင်နဲ့ကောင်မျိုး မြင်ခဲ့သေးလား"
မြေပြင်ပေါ်က ဗီဇပြောင်းလူသားကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေသည့် လုဖေးအာဘက်သို့ ရွှီရှင်း လှည့်ကြည့်လိုက်သည်။
"...ဟင်"
လုဖေးအာ သတိပြန်ဝင်လာပြီး "ဘာလဲ ဘယ်လိုလူမျိုးလဲ"
ရွှီရှင်းက မေးခွန်းကို ထပ်မံမေးမြန်းလိုက်သည်။
"အာ... ဒါကတော့လေ..."
လုဖေးအာက နေရခက်စွာ ရယ်မောလိုက်၏။
"ရှင်သိတဲ့အတိုင်း အခု ကျွန်မက ဗီဇပြောင်းသတ္တဝါတစ်ကောင် ဖြစ်နေတာဆိုတော့ သတ်ဖြတ်ချင်တဲ့စိတ်က အရမ်းပြင်းထန်နေတာ။ မြှားပစ်စက်နဲ့ သားရဲအုပ်ကို ဗုံးကြဲနေတဲ့အချိန်မှာ ကျွန်မရဲ့ ဦးနှောက်က ဖရိုဖရဲ ဖြစ်နေတာပဲ။ ရှင့်ရဲ့ အမိန့်တွေကို လိုက်နာနိုင်ဖို့ သတိလေး နည်းနည်း ကျန်နေတာတောင် အတော်လေး အကန့်အသတ် ရောက်နေပြီဆိုတော့ တခြားထူးဆန်းတဲ့ကောင်တွေကို သတိထားကြည့်ဖို့ အချိန်မရှိပါဘူး"
၎င်းမှာလည်း အဓိပ္ပာယ်ရှိလှပေသည်။
ယနေ့ လုဖေးအာ ထိန်းချုပ်ရေးခလုတ်ကို ကိုင်တွယ်နေချိန်တွင် အချို့သော လုပ်ဆောင်ချက်များမှာ အနည်းငယ် ထုံထိုင်းနေသလို သူမ၏ ဦးနှောက်မှာလည်း သိပ်ပြီး စဉ်းစားနိုင်ပုံမရပါပေ။
အစပိုင်းတွင်လည်း သူမသည် သတ်ဖြတ်လိုစိတ် ပြင်းထန်နေပြီး ဗီဇပြောင်းသတ္တဝါများကို ဗုံးကြဲရန်သာ အာရုံစိုက်နေခဲ့ကာ သူ၏ အမိန့်ကိုပင် ဖီဆန်လုနီးပါး ဖြစ်ခဲ့သေးသည်။
ဗီဇပြောင်းသတ္တဝါများတွင် သတ်ဖြတ်လိုစိတ်၏ လွှမ်းမိုးမှုကို လွယ်လွယ်ကူကူ ခံရတတ်သော ဤပြဿနာ ရှိနေတတ်သည်။
ထိုစဉ် လုဖေးအာက ရုတ်တရက် စကားဆိုလာ၏။
"ရှင်ပြောတဲ့ အမွေးအမျှင်နဲ့ ဗီဇပြောင်းလူသားတွေကိုတော့ ကျွန်မ မမှတ်မိဘူး၊ ဒါပေမဲ့ ဒီလူကတော့"
သူမက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ ဗီဇပြောင်းလူသားကို ညွှန်ပြလိုက်သည်။
"ဒီလူကတော့ သေချာပေါက် ကျွန်မနဲ့ အမျိုးအစားတူတဲ့သူပဲ။ ကျွန်မ ခံစားလို့ရတယ်၊ မာဟုန်ဝေဆီကနေလည်း ခံစားလို့ရတယ်။ အဲဒီလို ခံစားချက်ကြောင့်ပဲ ကျွန်မ ရွှီရှင်းကို သူ့ဆီ ခေါ်သွားခဲ့တာ"
ရွှီရှင်း ခေါင်းညိတ်လိုက်သည်။
ထိုစဉ်က လုဖေးအာသည် သူမနှင့် အမျိုးအစားတူသော အထူးလူတစ်ဦးကို ရှာဖွေနေကြောင်း သူ့ကို ပြောပြခဲ့သည်မှာ အမှန်ပင်။
ထို့အပြင် ထိုအချိန်တွင် သူမမှာ ထူးဆန်းစွာပင် စွမ်းအားပေါက်ကွဲမှု အခြေအနေသို့ ရောက်ရှိလုနီးပါး ဖြစ်ခဲ့သေးသည်။
အမျိုးအစားတူသူ...
ဒီလူကလည်း ဗီဇပြောင်းဆေးလုံးတွေကနေတစ်ဆင့် ဗီဇပြောင်းလဲသွားတာများလား။
"ဟူး..."
ရွှီရှင်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွရှူလိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားသည်။
သူသည် ကျောပိုးအိတ်ထဲမှ ဆေးပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူကာ သွေးရောင်ဆေးလုံးတစ်လုံးကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။
ဗီဇပြောင်းဆေးလုံး (အပြာရောင်အဆင့်): ရှင်ကျန်သူတစ်ဦး၏ ရှင်သန်နိုင်စွမ်းကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးပြီး ရှင်ကျန်သူကို ဗီဇပြောင်းစွမ်းအားများ ပိုင်ဆိုင်နိုင်စေခြင်း။ ဆေးသောက်ပြီးနောက် ရှင်ကျန်သူသည် ထိုဗီဇပြောင်းစွမ်းအားကို အသုံးပြုရန် ကိုယ်တိုင် ထိန်းချုပ်နိုင်ခြင်း။
ဗီဇပြောင်းဆေးလုံး၏ မိတ်ဆက်စာမှာ ရှင်ကျန်သူကိုသာ အဓိကဗဟိုပြုထားသဖြင့် ဤဆေးလုံးသည် ရှင်ကျန်သူများအတွက်သာ အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ဆိုလိုပေသည်။
အခြားသော နည်းလမ်းများက မည်သို့သော ဗီဇပြောင်းလဲမှုမျိုးကို ဖြစ်စေသည်ကို မသိရသော်လည်း ဤဆေးလုံးတစ်မျိုးတည်းနှင့် ရှင်ကျန်သူများသာလျှင် ထိုကဲ့သို့သော ဗီဇပြောင်းလဲမှုကို ရရှိနိုင်ကြောင်း တွေ့မြင်နိုင်သည်။
ဒါဆိုရင်...
ရွှီရှင်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သနားစရာကောင်းနေသော ထိုလူကို ကြည့်လိုက်မိသည်။
ဖြစ်နိုင်တာက ဒီလူက ရှင်ကျန်သူတစ်ယောက်လား။
ဗီဇပြောင်းလဲသွားတဲ့ ရှင်ကျန်သူတစ်ယောက်လား။
ရွှီရှင်းသည် ချီရွှယ်ဖေး ပေးထားသော ကုသရေးဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်၏။
"နင် သူ့ကို ဒါ တိုက်မလို့လား။ ဒီဆေးလုံးက ရှင်ကျန်သူတွေအပေါ်မှာပဲ သိသာတဲ့ အကျိုးသက်ရောက်မှု ရှိတာနော်။ ငါ ဒဏ်ရာရနေတဲ့ သားရဲတွေကို ဒီဆေး တိုက်ဖူးတယ်၊ ဒဏ်ရာတွေ သက်သာစေနိုင်ပေမဲ့ အကျိုးသက်ရောက်မှုက မသိသာဘူး၊ အသက်ကို ကယ်ဆယ်ပေးနိုင်ပြီး ကိုယ်တိုင်ပြန်လည်ကျန်းမာလာအောင် အရှိန်မြှင့်ပေးနိုင်ရုံပဲ" ဟု ချီရွှယ်ဖေးက သတိပေးလိုက်ပြီးမှ "ဘာလို့လဲ၊ သူက ဒဏ်ရာရနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နင် ထင်လို့လား" ဟု မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပေါ့"
ရွှီရှင်းက ထိုသူ၏ မေးရိုးကို ညှစ်ကာ ဆေးလုံးကို ပါးစပ်ထဲသို့ အတင်းထည့်လိုက်သည်။
ဆေး၏အာနိသင်မှာ ထိုသူ့အပေါ်တွင် လျင်မြန်စွာ ထင်ဟပ်လာ၏။
လူအများ၏ အကြည့်အောက်မှာပင် သူ၏ ပြူးထွက်နေသော မျက်လုံးများမှာ မြင်သာသော အရှိန်အဟုန်ဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး မျက်တောင်မခတ်နိုင်ဘဲ သွေးကြောများ ယှက်သန်းနေသော မျက်လုံးများမှာလည်း ပုံမှန်အတိုင်း ပြန်လည် ကြည်လင်လာခဲ့သည်။
သွေးနီရောင် မျက်လုံးသူငယ်အိမ်မှာလည်း အသက်ဝင်လာခဲ့ချေပြီ။
မျက်နှာပေါ်မှ သွေးရောင်မျဉ်းများမှာလည်း အနီရင့်ရောင်မှ အနီတောက်တောက် အရောင်သို့ ပြောင်းလဲသွားသည်။
အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
"ဟင်"
ချီရွှယ်ဖေး အနည်းငယ် အံ့အားသင့်သွားသည်။
"ဒီဆေးလုံးက သူ့အပေါ်မှာ ဒီလောက်အထိ အာနိသင် ထူးကဲတာလား။ သူက... သူက ရှင်ကျန်သူတစ်ယောက်လား"
ထို့နောက် သူမဘာသာ ပြန်လည် ရေရွတ်လိုက်၏။
"မဟုတ်သေးပါဘူး၊ မဟုတ်နိုင်ပါဘူး၊ ဒီဆေးလုံးက လူသားတွေအပေါ်မှာ ထူးခြားတဲ့ အာနိသင် ရှိနေတာလည်း ဖြစ်နိုင်တာပဲ"
တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျိချောင်းယန်က ရုတ်တရက် စကားဆိုလာသည်။
"ငါ ဒီလိုလူမျိုးကို တစ်ခါ မြင်ဖူးတယ်"
"မြင်ဖူးတယ်လား ဘယ်မှာ မြင်ဖူးတာလဲ"
ရှိနေသူအားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
ရွှီရှင်းက လုဖေးအာကို ညွှန်ပြရင်း "သူမလည်း အဲဒီလို ဗီဇပြောင်းလဲနေသူတစ်ယောက်ပဲ၊ သူမနဲ့ ဆင်တူတဲ့သူကို မြင်ခဲ့တာလား" ဟု မေးလိုက်သည်။
လုဖေးအာကလည်း သူမ၏ လက်မောင်းက သွေးရောင်မျဉ်းများကို ပြသရန် အင်္ကျီလက်ကို လိပ်တင်လိုက်၏။
"ကျွန်မရဲ့ ဗီဇပြောင်းလဲမှုကလည်း အရေပြားပေါ်မှာ သွေးရောင်မျဉ်းတွေအဖြစ် တိုက်ရိုက် ပေါ်လာတာပါ"
"အင်း..."
ကျိချောင်းယန်က ခေတ္တ စဉ်းစားပြီးမှ "မနေ့က ငါ တစ်နေကုန် အပြင်မှာ စူးစမ်းရှာဖွေခဲ့တာ နင်တို့ သိကြမှာပါ။ မနေ့က ငါ အမြင်အာရုံ မြှင့်တင်ခြင်း ကို ရွေးချယ်ခဲ့တယ်။ အမြင်အာရုံ မြှင့်တင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကိုတော့ နင်တို့ အသေအချာ သိကြမှာပါ" ဟု ဆိုသည်။
သူ၏ စကား နောက်ဆုံးအပိုင်းမှာ ရွှီရှင်းကို ရည်ရွယ်ပြောကြားခြင်း ဖြစ်သည်။
အမြင်အာရုံ မြှင့်တင်ခြင်းကို ရွေးချယ်ခဲ့တာလား။
ကျိချောင်းယန်၏ သစ်ပင်အိမ် အလှဆင်မှုအဆင့်မှာလည်း ၅၀၀ ပြည့်သွားခဲ့ပြီ ဖြစ်ပုံရသည်။
ရွှီရှင်းက ခေါင်းညိတ်ပြလိုက်၏။
"မြင်ကွင်းထဲက အရာအားလုံးကို အသေအချာ မြင်နိုင်တာပေါ့"
"ရွှီရှင်း၊ တခြားနယ်မြေက ရှင်ကျန်သူတွေ ထူးဆန်းစွာ သေဆုံးကုန်ကြပေမဲ့ သူတို့ရဲ့ သစ်ပင်အိမ်တွေကတော့ အတူးခံရတာမျိုး မရှိဘူးလို့ ငါ မနေ့က ပြောခဲ့တာကို မင်း မှတ်မိလား"
ကျိချောင်းယန်၏ အသံမှာ လေးနက်သွားခဲ့သည်။
"အဲဒီကိစ္စက..."
ရွှီရှင်း အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီးမှ ရုတ်တရက် သူ၏ရင်ထဲမှာ တုန်လှုပ်သွားကာ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်သေးသော ဗီဇပြောင်းလူသားဘက်သို့ လှည့်ကြည့်လိုက်မိသည်။
"မင်း ပြောချင်တာက... သူက အဲဒီလို သေဆုံးသွားတဲ့ ရှင်ကျန်သူတွေထဲက တစ်ယောက်လို့ ပြောချင်တာလား"
အခန်း ၄၁၆ ပြီး။
အခန်း (၄၁၇) - ထူးဆန်းသော ခဲခဲလေးနှင့် ရုတ်တရက်ထွက်ပေါ်လာသော ခရာသံ
ကျိချောင်းယန်ရဲ့ စကားတွေက ရွှီရှင်းအား အံ့အားသင့်သွားစေ၏။
ဒီလူဟာ သားရဲအုပ်ကို ထိန်းချုပ်နေတဲ့ လုယက်သူမဟုတ်ဘဲ ဗီဇပြောင်းလဲသွားတဲ့ ရှင်ကျန်သူတစ်ဦးဖြစ်မယ်လို့ သူ သံသယရှိခဲ့ပေမဲ့ ဒီကိစ္စက ပတ်ဝန်းကျင်နယ်မြေမှာ လူတွေ အဆက်မပြတ် ပျောက်ဆုံးသေဆုံးနေတာနဲ့ ဆက်စပ်နေလိမ့်မယ်လို့တော့ သူ တစ်ခါမှ မတွေးမိခဲ့ပါဘူး။
နယ်မြေအတွင်းက ပျောက်ဆုံးမှုတွေဟာ လုယက်သူတွေက သူတို့ကို အခုလို အခြေအနေမျိုးရောက်အောင် အတင်းအကျပ် ဗီဇပြောင်းလဲခိုင်းလို့ ဖြစ်နေတာများလား။
မဟုတ်သေးပါဘူး၊ ဒါက မဖြစ်နိုင်ပါဘူး။
ရွှီရှင်း သူ့လက်ထဲက ပုဆိန်ကို ကြည့်လိုက်၏။
ဒီပုဆိန်က လုယက်သူတွေရဲ့ အဖွဲ့ပိုင်တာ သေချာသလို အမွေးအမျှင်နဲ့ သတ္တဝါတွေဟာ ပုဆိန်တွေ ကိုင်ဆောင်ထားတတ်တယ်လို့လည်း ကျိချောင်းယန်က ပြောခဲ့ဖူး၏။
ဒီပုဆိန်တွေက သစ်ပင်အိမ်တွေကို တိုက်ခိုက်ဖို့ အထူးပြုလုပ်ထားတာဖြစ်လို့ ဒီ လုယက်သူ တွေဟာ အတွင်းထဲက အရင်းအမြစ်တွေကို လုယူဖို့ သစ်ပင်အိမ်တွေကို တိုက်ရိုက်ခုတ်လှဲကြမှာ ဖြစ်၏။
ဒါပေမဲ့ ပတ်ဝန်းကျင်နယ်မြေမှာ ပျောက်ဆုံးသွားတဲ့ ဒါမှမဟုတ် ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့ ရှင်ကျန်သူတွေဟာ အတူးခံရတာ ဒါမှမဟုတ် အခုတ်ခံရတာမျိုးမရှိဘဲ သေဆုံးလုနီးပါးဖြစ်နေတဲ့ သစ်ပင်အိမ်တွေကိုပဲ ချန်ရစ်ခဲ့ကြတယ်လို့ ကျိချောင်းယန်က သူ့ကို ပြောပြခဲ့ဖူး၏။
ဒါကိုကြည့်ရင် အဲဒီထူးဆန်းတဲ့ သေဆုံးမှုတွေဟာ လုယက်သူတွေနဲ့ မပတ်သက်နိုင်ဘူးလို့ ယူဆရမှာပင်။
"ဒီနှစ်ခုကြားမှာ ဘယ်လိုဆက်စပ်မှုရှိနေလဲဆိုတာကို မင်း ဘယ်မှာတွေ့ခဲ့လို့လဲ" လို့ ရွှီရှင်းက သူ့ရှေ့ကလူနဲ့ ထူးဆန်းစွာ သေဆုံးသွားတဲ့ ရှင်ကျန်သူတွေကြားက ဆက်စပ်မှုကို ရည်ညွှန်းပြီး မေးလိုက်၏။
"နေဦး၊ နင်တို့ ဘာတွေပြောနေကြတာလဲ" လို့ ချီရွှယ်ဖေးက ဘာတွေဆွေးနွေးနေမှန်း မသိတာကြောင့် ဇဝေဇဝါနဲ့ မေးလာ၏။
"အင်းလေ၊ ဒီကိစ္စကို နင်တို့ကို ပြောပြရတော့မှာပေါ့" လို့ ကျိချောင်းယန်က သူရှာဖွေတွေ့ရှိထားသမျှကို တခြားသူတွေနဲ့ မျှဝေဖို့ ပြင်လိုက်၏။
သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီးမှ အံ့အားသင့်သွားကာ "လီဝမ်ရှီးက... အိပ်ပျော်သွားတာလား" လို့ မေးလိုက်သည်။
ဟင်....
ရွှီရှင်း ဆိုဖာဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ ခဲခဲလေးကို ပွတ်သပ်ပေးရင်း လက်တင်ခုံကိုမှီကာ အခန်းထဲမှာ ငိုက်နေတဲ့ ကျောင်းသားလေးလို ခေါင်းလေး တငိုက်ငိုက်ဖြစ်နေတဲ့ လီဝမ်ရှီးကို တွေ့လိုက်ရ၏။
ရှိနေသူအားလုံး အကြည့်ချင်းဆုံပြီး မရယ်ဘဲ မနေနိုင်ဖြစ်သွားကြသည်။
တစ်မနက်လုံး တင်းမာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အဝစားထားပြီးတဲ့နောက် အခုလို ငိုက်လာတာက သဘာဝကျ၏။
ဒါပေမဲ့ ရှေ့ဆက်ဖြစ်လာမယ့် ကိစ္စတွေကို သူမ သိထားဖို့ လိုအပ်တာကြောင့် ဆက်ပြီး အိပ်နေလို့တော့ မဖြစ်ချေ။
ရွှီရှင်း လျှောက်သွားပြီး လီဝမ်ရှီးရဲ့ ပါးကို ခပ်ဖွဖွပုတ်ကာ "ဝမ်ရှီး၊ ထတော့၊ မအိပ်နဲ့ဦးလေ" လို့ နှိုးလိုက်၏။
ဒါပေမဲ့ လီဝမ်ရှီးကတော့ အသံလေး တစ်ချက်ပြုပြီး နှုတ်ခမ်းလေး တပြင်ပြင်နဲ့ "ထပ်မစားနိုင်တော့ဘူး... အရမ်းများတယ်... ဒါပေမဲ့ တကယ်ကောင်းတာပဲ..." လို့ ယောင်နေရှာ၏။
အချိန်အကန့်အသတ်နဲ့ ထွက်ပေါ်လာတတ်တဲ့ သူမရဲ့ ယောင်သံလေးတွေ ပြန်လည်ရောက်ရှိလာတာပင်။
ရွှီရှင်း ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူမရဲ့ ပါးကို ထပ်ပုတ်ကာ "ဝမ်ရှီး၊ ထတော့၊ ထရမယ့်အချိန်ရောက်ပြီ" လို့ ထပ်နှိုးပေမဲ့ ဘယ်လိုပဲလုပ်လုပ် လီဝမ်ရှီးက နိုးမလာပေ။
သူမက ရွှီရှင်းကိုတောင် လက်တွေ ခြေထောက်တွေနဲ့ တွယ်ကပ်ဖက်ထားပြီး သူ့ရင်ခွင်ထဲ တိုးဝင်ကာ ပြန်ပြီး အိပ်ပျော်သွား၏။
ရွှီရှင်းမှာတော့...
ဘေးမှာ လူတွေသာ မရှိရင် သူ တကယ်ကို...
ဒါပေမဲ့ သူ တစ်စုံတစ်ခု ထူးခြားနေတာကို ချက်ချင်း သတိထားမိသွား၏။
သူ မျက်မှောင်ကြုတ်လိုက်ပြီး လီဝမ်ရှီးရဲ့ ပုခုံးကို ကိုင်ကာ "ဝမ်ရှီး ဝမ်ရှီး" လို့ အနည်းငယ် လှုပ်နှိုးလိုက်၏။
ဒါတောင် လီဝမ်ရှီးက နိုးမလာတဲ့အပြင် သူမရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ခဲခဲလေးကပါ လှုပ်ရှားမှုကြောင့် လျောကျပြီး ကြမ်းပြင်ပေါ်ကို ဘုန်းခနဲ ပြုတ်ကျသွား၏။
"အီး"
ခဲခဲလေး ရုတ်တရက် နိုးလာပြီး ကြမ်းပြင်ပေါ်ကနေ ခုန်ထကာ "အီး... အီး" လို့ အော်ဟစ်လိုက်၏။
"ဟီးဟီး၊ လူတွေအများကြီးရှိနေတာကို နင်တို့က အဲဒီလို ပုံစံကြီးနဲ့..."
လုဖေးအာက ရွှီရှင်းကို ရေဘဝဲလို ကပ်ထားတဲ့ လီဝမ်ရှီးကို ကြည့်ပြီး စနောက်လိုက်၏။
"သူမကို နိုးလို့မရတာလား" လို့ ကျိချောင်းယန်က ထူးခြားမှုကို သတိထားမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လုဖေးအာနဲ့ ချီရွှယ်ဖေးတို့လည်း လန့်သွားပြီး အနားကို အမြန်တိုးလာကြ၏။
သူတို့နှစ်ယောက်စလုံး ရွှီရှင်းထက် ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းမျိုးစုံနဲ့ နှိုးကြည့်ကြပေမဲ့ လီဝမ်ရှီးကတော့ နိုးမလာပါဘူး။
သူမက ရွှီရှင်းကိုပဲ တင်းတင်းကြပ်ကြပ် ဖက်ထားရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်ပေမဲ့ လုဖေးအာတို့ရဲ့ လက်ချက်ကြောင့် သူမရဲ့ ပါးပြင်လေးတွေကတော့ နီမြန်းနေချေပြီ။
"ဒါက ဘာဖြစ်တာလဲ"
ရွှီရှင်းလည်း အနည်းငယ် ထိတ်လန့်သွား၏။
"ဝမ်ရှီးက ဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားရတာလဲ"
ချီရွှယ်ဖေးက မျက်မှောင်ကြုတ်ရင်း ဆေးလုံးတစ်လုံး ထုတ်လိုက်ကာ "ရောဂါအားလုံးကို ပျောက်ကင်းစေတဲ့ ဒီဆေးလုံးကို သူမကို တိုက်ကြည့်ရမလား" လို့ မေးလိုက်သည်။
"ဒါက... ရောဂါလား"
ရွှီရှင်းက ဇဝေဇဝါ ဖြစ်နေ၏။
လီဝမ်ရှီးက ယောင်နေသေးတာကြောင့် ဒီအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာနဲ့ပဲ တူနေတာကိုး။
ပြီးတော့ အဲဒီဆေးလုံးက ခန္ဓာကိုယ်ကို အားနည်းစေနိုင်၏။
သားရဲလှိုင်းလုံးက ပြီးသွားပြီဆိုပေမဲ့ ဘယ်အချိန်မှာ ပြန်လာမလဲ မသိနိုင်တာကြောင့် မလိုအပ်ဘဲနဲ့တော့ ဆေးမတိုက်ချင်ချေ။
"အီး"
ခဲခဲလေးက ဆိုဖာပေါ် တက်လာပြီး ခေါင်းလေးစောင်းကာ လီဝမ်ရှီးကို သူ့ရဲ့ ခြေဖဝါးလေးနဲ့ တို့ကြည့်၏။
"အင်း..."
လီဝမ်ရှီးက အသံလေးတစ်ချက်ပြုပြီး ရွှီရှင်းရဲ့ ရင်ခွင်ထဲမှာ နှစ်ကြိမ်လောက် ပွတ်သပ်လိုက်ကာ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာတော့သည်။
အဲဒီနောက်မှာတော့ သူမဆီကို ဝိုင်းကြည့်နေကြတဲ့ လူတွေနဲ့ ရွှီရှင်းကို ဖက်ထားတဲ့ သူမရဲ့ အနေအထားကို သတိထားမိသွားပြီး အော်ဟစ်ကာ ရွှီရှင်းဘေးကနေ အမြန်ပဲ ဖယ်ထိုင်ကာလိုက်၏။
သူမ ခေါင်းလေးငုံ့ပြီး ပါးပြင်တွေ ရဲတောက်နေရှာတော့သည်။
ဘာတွေ ဖြစ်ကုန်တာလဲ။
ငါ ဘယ်လိုလုပ် အိပ်ပျော်သွားပြီး ရွှီရှင်းကို အတင်းဖက်ထားမိတာလဲ...
လူတွေအများကြီး ရှေ့မှာ၊ ရှက်ဖို့ကောင်းလိုက်တာ။
သူမ တခြားသူတွေကို ခိုးကြည့်လိုက်တဲ့အခါ စိတ်သက်သာရာရသွားသလို ဇဝေဇဝါလည်း ဖြစ်သွား၏။
ဘယ်သူမှ သူမကို ကြည့်မနေဘဲ ရွှီရှင်းရဲ့ တစ်ဖက်မှာ ရပ်နေတဲ့ ခဲခဲလေးကိုပဲ စိုက်ကြည့်နေကြတာကိုး။
"အီး"
အားလုံးက သူ့ကို ကြည့်နေတာ မြင်တော့ ခဲခဲလေးက ဘာဖြစ်လို့လဲဆိုတာ နားမလည်ဘဲ ခေါင်းလေး စောင်းနေ၏။
ဒါပေမဲ့ သူ အများကြီး မစဉ်းစားတော့ချေ၊ ဘာလို့လဲဆိုတော့ သူ စားစရာနံ့ ရနေပြီလေ။
စားပွဲပေါ်မှာတော့ အကြွင်းအကျန်တွေပဲ ရှိပါတော့၏။
"အီး အီး... အီး"
ခဲခဲလေးက သူ့ကို စားဖို့အတွက် မနှိုးကြဘူးဆိုပြီး မကျေမနပ်နဲ့ အော်ဟစ်လိုက်လေတော့သည်။
ပြီးသည်နှင့် စားပွဲပေါ်တက်ကာ လက်တစ်ဖက်နဲ့ တူတစ်ချောင်းကို ကိုင်ပြီး အားရပါးရ စားသောက်နေတော့၏။
အခန်း ၄၁၇ ပြီး။