← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း(၂၂၃)

ရွှေဝူဟန်၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက အခန်းထဲမှာ အသံလုံစည်းချအစီအရင်တစ်ခုကိုပင် ခင်းကျင်းလိုက်သည်။

“ အကိုသီ အရိုးမြှုပ်ကုန်းမြေအကြောင်း ကြားဖူးလားမသိဘူး ”

ရွှေဝူဟန်က ချက်ချင်း ပြန်မဖြေဘဲ သီရှီထျန်ကို မေးခွန်းတစ်ခု မေးသည်။

သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ ‘ အရိုးမြှုပ်ကုန်းမြေ ’ကို တစ်ခါမှ သူမကြားဖူးပေ။ အမှန်မှာ စက်ကရာသည် ခရမ်းရွှေကုန်းမြေ၏ နေရာဒေသအများအပြားကို မရောက်ဖူးပေ။ သူသည် မွေးဖွားလာကတည်းက ကျားရဲတောင်တန်းဒေသနှင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှာသာ နေထိုင်ခဲ့သည်။ ယခုက ပထမဆုံးအကြိမ် အပြင်လောကသို့ သူထွက်လာခြင်း ဖြစ်သည်။

သို့ဖြစ်လေရာ တခြားနေရာဒေသများအကြောင်း သူဘာမှမသိပေ။

ရိုးရှင်းစွာဆိုရလျှင် သူက “ တောသား မြို့ရောက် ”အခြေအနေမှာ ဖြစ်သည်။ သူ၏ ဗဟုသုတများက အလွန်နည်းပါးသည်။ မသေမျိုးကျင့်ကြံခြင်းလောကနှင့်ပတ်သက်သော သူ၏ ဗဟုသုတများက အလွန်နည်းပါးလေရာ ‘ အရိုးမြှုပ်ကုန်းမြေ ’အကြောင်း မည်သို့သူသိမည်နည်း။ သူက သစ်သားတုံးအောက်မှ ဖားတစ်ကောင်နှင့် ဆင်တူသည်။

သို့သော်လည်း သီရှီထျန်သည် သူမသိကြောင်းဝန်ခံရန် ရှက်ရွံ့နေမည့်လူ မဟုတ်ပေ။ သူက ခေါင်းခါလိုက်ပြီး ပွင့်လင်းစွာ ပြောသည်။

" ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လှောင်ရယ်ရင်လည်း ကျုပ်ခံရမှာပဲ… ကျုပ်က တောတောင်တွေထဲမှာပဲ အမြဲတမ်း ကျင့်ကြံနေခဲ့တော့ ပြင်ပဗဟုသုတ အရမ်းနည်းပါတယ်… ကျုပ်က မကြာသေးခင်ကမှ အပြင်လောကဆီ ထွက်လာခဲ့တာ… အဲ့တော့ ခင်ဗျားပြောတဲ့ ‘ အရိုးမြှုပ်ကုန်းမြေ ’အကြောင်း တစ်ခါမှ ကျုပ်မကြားဖူးဘူး ”

ယင်းကို ဝူဝူဒီကြားသောအခါ သူက မနေနိုင်ဘဲ အော်ရယ်လိုက်သည်။

" ဒီတော့ အကိုသီက တောတောင်တွေထဲမှာ တံခါးပိတ်ကျင့်ကြံနေတဲ့လူကို… ကျုပ်တို့သုံးယောက် ဒီနေရာမှာ လာဆုံစည်းကြတာ ကံတရားရဲ့ အလိုတော် ဖြစ်မယ်… လာ လာ… တစ်ခွက်လောက်တိုက်ရအောင် ”

ရွှေဝူဟန်သည်လည်း ပြုံးလိုက်ပြီး သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ သူတို့သုံးယောက် နောက်တစ်ကြိမ် ခွက်တိုက်ပြီးလျှင် ရွှေဝူဟန်က ပြုံးလိုက်ပြီး ပြောသည်။

" ဒီတော့ အဲ့လိုကို… အကိုသီမသိတာ ကိစ္စမရှိပါဘူး… ကျုပ်ရှင်းပြပါမယ် ”

သူက စကားပြောနေရင်း ခဏရပ်လိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးတောနေဟန် ရ၏။ ထို့နောက် သူက ဆက်ပြောသည်။

“ အရိုးမြှုပ်ကုန်းမြေလို့ ပြောကြပေမဲ့ တကယ်ဆို အဲ့ဒါကို အရိုးမြှုပ်ချောက်နက်လို့ ခေါ်သင့်တယ်… ”

ရွှေဝူဟန်၏ ရှင်းပြချက်ကို ကြားသောအခါ သီရှီထျန်က စိတ်ဝင်တစား နားစွင့်လိုက်သည်။ ယင်းက မသေမျိုးကျင့်ကြံသူအများစု မသိထားသော လျှို့ဝှက်ချက်ဖြစ်ကြောင်း သူနားလည်သည်။ ဤနေရာသို့ သူရောက်လာရသည့် ရည်ရွယ်ချက်က ခရမ်းရွှေကုန်းမြေနှင့် မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်နိုင်ရန် ဖြစ်သည်။ သို့ဖြစ်၍ ဤသို့အခွင့်အရေးကို သူလက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

ရွှေဝူဟန်ပြောသော အရိုးမြှုပ်ကုန်းမြေသည် ဝူတိုင်းပြည်နှင့် သိပ်မဝေးပေ။ အတိအကျဆိုရသော် ယင်းက အရှေ့ပိုင်းဒေသကြီး၏ ပြည်ထောင်သုံးခုကြားမှာ တည်ရှိသည်။ ထိုနေရာသည် အလွန်ဖရိုဖရဲဖြစ်နေသည်။ ယင်းက ပြည်ထောင်သုံးခု နှစ်ပေါင်းများစွာကြာအောင် စစ်ဖြစ်ပွားခဲ့သော ရှေးဟောင်းစစ်မြေပြင် ဖြစ်သည်။ ထိုရှေးဟောင်းစစ်မြေပြင်ထဲမှာ စစ်သည်တော်သိန်းပေါင်းများစွာ မြှုပ်နှံခံခဲ့ကြရသည်။

အရိုးမြှုပ်ကုန်းမြေသည် ထိုရှေးဟောင်းစစ်မြေပြင်ထဲမှာ ရှေးခေတ်ကတည်းက တည်ရှိနေခဲ့သည်။ ယင်းက ရှေးဟောင်းစစ်မြေပြင်၏ အနက်ပိုင်းထဲမှာ တည်ရှိသည်။ အနက်ရောင်မြူခိုးထုက ထိုဧရိယာကို တစ်နှစ်ပတ်လုံး လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးအုပ်နေသည်။ ထိုဧရိယာတွင် နေရောင်ခြည်ကို မမြင်ရပေ။ ထို့ပြင် ရံဖန်ရံခါ တစ္ဆေအော်ငိုသံများ ကြားရ၏။ လူတချို့က ထိုဧရိယာထဲမှာ တစ္ဆေများကို ကိုယ်တိုင်မြင်ခဲ့ကြသည်ဟု ပြောကြသည်။

ထို့ပြင် သတ္တိကောင်းသော လူတချို့က အထဲသို့ ဝင်သွားခဲ့ကြသည်။ သို့သော်လည်း ကံမကောင်းသည်မှာ လူဆယ်ယောက်၌ တစ်ယောက် နှစ်ယောက်သာ အပြင်သို့ ပြန်ထွက်နိုင်ကြသည်။ အပြင်သို့ ပြန်ထွက်လာသော လူများသည်လည်း အခြေအနေမကောင်းကြပေ။

သူတို့က ရူးသွပ်သွားကြပြီး ‘ အရိုးမြှုပ်ကုန်းမြေ ’ဟူသော စကားလုံးကို ခဏခဏ ပြောကြသည်။ သိပ်မကြာမီ ထိုလူများသည်လည်း သေဆုံးသွားကြသည်။ ထိုကိစ္စက မသေမျိုးကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သို့သော်လည်း ထိုနေရာက အလွန်ထူးဆန်းသည်။ အထဲသို့ ဝင်ရောက်သွားကြသော မသေမျိုးကျင့်ကြံသူများထဲမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများပင် ပါရှိကြသည်။ သို့သော်လည်း ‘ အရိုးမြှုပ်ကုန်းမြေ ’သည် အဝင်လွယ်ပြီး အထွက်ခက်သော နေရာဖြစ်သည်။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် အထဲမှာ သေဆုံးသွားနိုင်သည်။

ထိုနေရာက မည်မျှကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်ပါစေ မသေမျိုးကျင့်ကြံသူများ၏ စူးစမ်းလိုစိတ်ကို မငြိမ်းသတ်နိုင်ပေ။ နှစ်ပေါင်းတစ်ရာကြာအောင် စူးစမ်းလေ့လာပြီးနောက် မသေမျိုးကျင့်ကြံသူများက တစ်စုံတစ်ခုကို ရှာတွေ့သွားကြသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သော နန်းတော် ဖြစ်သည်။

ထိုနန်းတော်သည် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။ တခြားနန်းတော်များက နေရာမှ မရွေ့နိုင်သော်လည်း ထိုနန်းတော်က အဆက်မပြတ် ရွေ့လျားနိုင်သည်။ နန်းတော်သည် ယနေ့ ဤနေရာမှာ ရှိနေလျှင် နောက်တစ်နေ့၌ တခြားနေရာဆီသို့ ပြောင်းရွှေ့သွားလိမ့်မည်။

နန်းတော်သည် ယိုယွင်းပျက်စီးနေသည်။ ယင်းက တိုက်ပွဲကြီးတစ်ခုကြောင့် ထိခိုက်ပျက်စီးခဲ့ပုံပေါ်သည်။ သို့သော်လည်း တစ်ခုသေချာသည်မှာ ထိုနန်းတော်က အဖိုးတန်ရတနာ ဖြစ်သည်။ ထို့ပြင် နန်းတော်ထဲမှာ မရေမတွက်နိုင်သော ရတနာများ ရှိနိုင်လောက်၏။

မသေမျိုးကျင့်ကြံသူများသည် ကြီးမားသော မျှော်လင့်ချက်နှင့်အတူ ကံစမ်းကြည့်ရန် နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။

တစ်စုံတစ်ယောက်သည် ကံကောင်းထောက်မ၍ နန်းတော်ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။ သူက အချိန်သိပ်မကြာမီ နန်းတော်အပြင်သို့ ကန်ထုတ်ခံလိုက်ရသော်လည်း အပြင်သို့ သူထွက်လာသည့်အခါ သူ့လက်ထဲ၌ မြက်ပင်တစ်ပင်ကို ဆုပ်ကိုင်ထားသည်။

ယင်းက မြက်ပင်တစ်ပင်ဖြစ်သောကြောင့် အထင်မသေးသင့်ပေ။ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ထဲမှ ရရှိခဲ့သော မြက်ပင်က မည်သို့ကြောင့် သာမန်မြက်ပင်ဖြစ်နိုင်မည်နည်း။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းတစ်သောင်းကြာအောင် ပျောက်ဆုံးနေခဲ့သော အမတမြက်ပင် ဖြစ်သည်။

ယင်းက မိုးမြေကြားမှ ဝိညာဉ်စွမ်းအင်အနှစ်သာရ ကိန်းအောင်းနေသော ရှားပါးဝိညာဉ်အပင် ဖြစ်သည်။ ‘ အမတ ’ဟူသော စကားလုံးကို နားထောင်ရုံဖြင့်ပင် ထိုမြက်ပင်က မည်မျှတန်ဖိုးကြီးမားကြောင်း စိတ်ကူးကြည့်နိုင်၏။

ဒဏ္ဍာရီထဲ၌ ဖော်ပြထားသည်မှာ အမတမြက်ပင်တွင် အံ့ဖွယ်ကောင်းသော စွမ်းအင်ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို အပင်လိုက် ဝါးစားမည်ဆိုလျှင် ချက်ချင်း သေဆုံးသွားလိမ့်မည်။ သို့သော်လည်း ယင်းကို “ အံ့ဖွယ်အမတဆေးလုံး ”နှင့် “ သက်တော်ရှည်ဆေးလုံး ” ဖန်တီးသန့်စင်ရာတွင် အသုံးပြုနိုင်သည်။ ထိုအခါ ယင်း၏ ဆေးအာနိသင်က ကောင်းကင်ဘုံကိုပင် အန်တုနိုင်လိမ့်မည်။ ဥပမာ လူတစ်ယောက်က မည်မျှဒဏ်ရာရရှိထားပါစေ အသက်ရှူနေသေးသရွေ့ “ အံ့ဖွယ်အမတဆေးလုံး ”ကို သောက်လိုက်မည်ဆိုလျှင် ချက်ချင်း လူကောင်းပကတိ ပြန်ဖြစ်သွားလိမ့်မည်။

အကယ်၍ ကျင့်ကြံသူတစ်ယောက်က ရုပ်ခန္ဓာကိုယ်ပျက်စီးသွားပြီး ဝိညာဉ်နတ်သူငယ်သာ ကျန်ရှိတော့သည့်ဆိုလျှင် “ အံ့ဖွယ်အမတဆေးလုံး ”ကို သောက်သုံးလိုက်သည့်အခါ ဝိညာဉ်နတ်သူငယ်က အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားပြီး ရုပ်ခန္ဓာကိုယ်အသစ်တစ်ခု ပြန်လည်ဖွဲ့စည်းနိုင်လိမ့်မည်။

ယမမင်း၏ သေမင်းမှတ်စုထဲမှာ ပါရှိသော တစ်စုံတစ်ယောက်ကိုပင် ပြန်လည်ကယ်တင်နိုင်ပေသည်။

ထိုကြောင့် “ အံ့ဖွယ်အမတဆေးလုံး ”သည် အထွတ်အမြတ် အသက်ကယ်ရတနာဆေးလုံး ဖြစ်သည်။ ဤသို့ တွေးကြည့်နိုင်သည်။ ပညာရှင်နှစ်ယောက် အသေအကြေ တိုက်ခိုက်ကြသည့်အခါ သူတို့ထဲမှ တစ်ယောက်ဆီမှာ “ အံ့ဖွယ်အမတဆေးလုံး ”ရှိနေမည်ဆိုလျှင် ရလဒ်က မည်သို့ဖြစ်သွားမည်နည်း။ တစ်ဖက်လူက ဒဏ်ရာအပြင်းအထန်ရနေစဉ် သူက ချက်ချင်း စွမ်းအားပြန်ပြည့်သွားမည် မဟုတ်ပါလော။ ယင်းကို ကြည့်ခြင်းအားဖြင့် “ အံ့ဖွယ်အမတဆေးလုံး ”၏ တန်ဖိုးကို သိနိုင်ပေသည်။

“ သက်တော်ရှည်ဆေးလုံး ”က ပိုပြီးအံ့ဖွယ်ကောင်းသည်။ ဒဏ္ဍာရီအရ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က “ သက်တော်ရှည်ဆေးလုံး ”ကို သောက်သုံးလိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက အဆမတန် တိုးမြှင့်သွားလိမ့်မည်။ သူက နှစ်တစ်ရာအတွင်း အမတတစ်ပါး ဖြစ်လာလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုဆေးလုံးက မည်မျှတန်ဖိုးကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။ ယင်းက မသေမျိုးကျင့်ကြံသူအများအပြားကို ရူးသွပ်သွားစေရန် ဆွဲဆောင်နိုင်သည်။

မှန်ပေသည်။ သာမန်ကျင့်ကြံသူများက ထိုဆေးလုံးနှစ်မျိုးကို ဖန်တီးသန့်စင်နိုင်ကြမည် မဟုတ်ချေ။ အမတမြက်ပင်သည် ထိုဆေးလုံးနှစ်မျိုးသန့်စင်ရန် လိုအပ်သော အဓိကပါဝင်ပစ္စည်းများအနက် တစ်ခုသာ ဖြစ်သည်။ သို့တိုင်အောင် အမတမြက်ပင်က အလွန်တန်ဖိုးကြီးမားဆဲပင်။

ထိုသို့အခြေအနေကို စိတ်ကူးကြည့်နိုင်ပေသည်။ မရေမတွက်နိုင်သော မသေမျိုးကျင့်ကြံသူများသည် အဆုံးမရှိသော ဒီရေသဖွယ် “ အရိုးမြှုပ်ကုန်းမြေ ”ထဲသို့ ဝင်ရောက်သွားကြသည်။ သို့သော်လည်း နန်းတော်ကို ရှာတွေ့ပြီး အထဲမှ ရတနာများကို ရယူနိုင်သူများက အလွန်နည်းပါးသည်။ နန်းတော်ထဲမှ ရတနာများကို ရရှိခဲ့သူများသည် ကြီးမားသော ကံကြမ္မာဖြင့် မွေးဖွားလာကြသူများ ဖြစ်ကြသည်။

သူတို့ထဲမှ မည်သူမဆို မသေမျိုးကျင့်ကြံခြင်းလောက၌ ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့ကြသည်။ သူတို့က အချိန်တိုလေးအတွင်းမှာ အထက်ဘုံဆီသို့ တတ်လှမ်းသွားနိုင်ခဲ့ကြသည်။

အခွင့်အလမ်းများသည် အန္တရာယ်များနှင့် အမြဲဒွန်တွဲနေလေ့ရှိသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက နန်းတော်ထဲမှာ အသက်ဆုံးရှုံးသွားခဲ့ကြသည်။ နောက်ဆုံးမှာတော့ အကယ်၍ ထိုအတိုင်း ဆက်သွားနေလျှင် ကျင့်ကြံသူများသာ အသက်ဆုံးရှုံးသွားကြပြီး ဘာမှမထူးလာနိုင်ကြောင်း နားလည်သွားကြသည်။

မည်သို့ဖြစ်ပါစေ လူတိုင်းက ကံကြမ္မာကောင်းဖြင့် မွေးဖွားလာသူများ မဟုတ်ကြချေ။

ထိုအချက်ကို နားလည်သဘောပေါက်သွားသောအခါ “ အရိုးမြှုပ်ကုန်းမြေ ”သတင်းက တဖြည်းဖြည်း တိမ်ကောသွားသည်။ ကျင့်ကြံသူတချို့က ကံစမ်းရန် ထိုနေရာသို့ သွားရောက်နေဆဲဖြစ်သော်လည်း သူတို့က ယခင်ကဲ့သို့ မရူးမိုက်ကြတော့ချေ။ ထို့ပြင် ဝရမ်းပြေးကျင့်ကြံသူများနှင့် ရိုင်းစိုင်းကြမ်းကြုတ်သော ကျင့်ကြံသူများသည် ထိုနေရာက သူတို့အခြေချနေထိုင်ရန် သင့်တော်ကြောင်း ရှာတွေ့သွားကြသည်။ ရမ်းကားသော ကျင့်ကြံသူများက ထိုနေရာမှာ ပြည့်နှက်သွားကြသည်။ ယင်းက “ အရိုးမြှုပ်ကုန်းမြေ ”ကို ပိုပြီးအန္တရာယ်များစေသည်။ အထဲသို့ ဝင်ရောက်သွားကြသော ကျင့်ကြံသူများက မကောင်းဆိုးဝါးကျင့်ကြံသူများ၏ လက်ချက်ကြောင့် အသက်ဆုံးရှုံးသွားကြသည်။

ထို့ကြောင့် “ အရိုးမြှုပ်ကုန်းမြေ ”က အန္တရာယ်များသော တားမြစ်နယ်မြေ ဖြစ်လာသည်။ လူအနည်းစုသာလျှင် ထိုနေရာသို့ သွားရောက်ဝံ့ကြတော့သည်။

မည်သို့ဖြစ်ပါစေ အခွင့်အလမ်းများထက် မိမိတို့၏ အသက်က ပိုပြီးအရေးကြီးပေသည်။

သီရှီထျန်က ထိုအကြောင်းအရာအားလုံးကို သူ့စိတ်ထဲမှာ မှတ်သားလိုက်သည်။ သူက တိတ်တဆိတ် နားထောင်နေရင်း စိတ်ထဲမှာ အံ့ဩစွာ ရေရွတ်လိုက်သည်။

“ ခရမ်းရွှေကုန်းမြေမှာ အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီး ရှိနေတာပဲ… အကန့်အသတ်မဲ့ ကျယ်ပြောတဲ့ ဒီကုန်းမြေထဲမှာ ရှေးခေတ်က လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင်မှ ပုန်းကွယ်နေတာလဲ ”

တခြားကို စဉ်းစားနေရန် မလိုပေ။ သူနေထိုင်သော မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အနောက်ဘက်၌ လျှို့ဝှက်ဆန်းကြယ်သော ဧရာမအုတ်ဂူတစ်ခု ရှိသည်။ ထိုအုတ်ဂူမှ ထုတ်လွှတ်နေသော အအေးဓာတ်က သူ့အသက်ကို နုတ်ယူပစ်နိုင်စွမ်းရှိသည်။ ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသ၏ မြေအောက်ထဲမှာ ထူးခြားဆန်းကြယ်သော ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခု ရှိသည်။

ထိုအကြောင်းများကို စဉ်းစားမိသွားသောအခါ သီရှီထျန်၏ နှလုံးက ပရမ်းပတာ တုန်လှုပ်သွားသည်။ သူက ခရမ်းရွှေကုန်းမြေ၏ နေရာဒေသအသီးသီးဆီသို့ ခြေမချဖူးသော်လည်း ဤအတောအတွင်း သူမြင်ခဲ့ကြုံခဲ့ရသော အရာများသည်ပင် အလွန်အံ့ဩစရာကောင်းနေသည်။

သို့ဖြစ်၍ ခရမ်းရွှေကုန်းမြေတစ်ခုလုံးဆီမှာ မည်မျှများပြားသော လျှို့ဝှက်ချက်များ မြှုပ်ကွယ်နေကြောင်း မည်သူသိနိုင်မည်နည်း။

ရှေးခေတ်ကာလတွင် ခရမ်းရွှေကုန်းမြေက မည်သို့အခြေအနေရှိခဲ့သနည်း။ ထူးခြားဆန်းကြယ်သော ထိုနယ်မြေများက မည်သို့ကြောင့် ဖြစ်ပေါ်လာရသနည်း။ သူ၏ အမြင်တွင် ခရမ်းရွှေကုန်းမြေကို မြူခိုးအလွှာတစ်ခုက ဖုံးအုပ်ထားဟန် ရ၏။ ထို့ကြောင့် သူက ခရမ်းရွှေကုန်းမြေ၏ လျှို့ဝှက်ချက်များကို ထွင်းဖောက်မမြင်နိုင်ပေ။

“ အရိုးမြှုပ်ကုန်းမြေဆီမှာ အဲ့လိုသမိုင်းကြောင်းရှိတယ်လား ”

သီရှီထျန်သည် အသိပြန်ဝင်လာပြီးနောက် ရွှေဝူဟန်နှင့် ဝူဝူဒီကို ကြည့်လိုက်သည်။

“ အကိုရွှေ… ခင်ဗျားက ဒီအကြောင်း ရုတ်တရက် ကျုပ်ကို ပြောလာတယ်ဆိုတော့… မဟုတ်မှလွဲရော ခင်ဗျားက အရိုးမြှုပ်ကုန်းမြေဆီ သွားချင်နေတာလား ”

သီရှီထျန်က ဉာဏ်ကောင်းသူဖြစ်လေရာ ထိုစကားများကို နားထောင်ပြီးနောက် ရွှေဝူဟန်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။

တစ်ဖက်လူက “ အရိုးမြှုပ်ကုန်းမြေ ”ဆီသို့ သွားရောက်ရန် မရည်ရွယ်ထားလျှင် မည်သို့ကြောင့် သူ့ကို လေကုန်ခံပြီး ရှင်းပြနေမည်နည်း။ ထိုအကြောင်းကို သူတို့ပြောလာခြင်းက “ အရိုးမြှုပ်ကုန်းမြေ ”ဆီသို့ သွားရောက်ရန် ဆန္ဒရှိနေကြောင်း သေချာပေသည်။

အခန်း(၂၂၄)

သူမျှော်လင့်ထားသကဲ့သို့ပင် ဝူဝူဒီက ကြားဝင်ပြောသည်။

" ဟုတ်တယ်… အရိုးမြှုပ်ကုန်းမြေက အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့ဒီနေရာက အတွေ့အကြုံရှာဖွေဖို့ အကောင်းဆုံး နေရာတစ်နေရာဖြစ်တယ်… တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် လျှို့ဝှက်ဆန်းကြယ်တဲ့ နန်းတော်ထဲ ကျုပ်ဝင်ရောက်ချင်တယ်… တကယ်တော့ အဲ့ဒီနန်းတော်အကြောင်း ကျုပ်စိတ်ဝင်စားနေတာ အတော်ကြာပြီ… ဒီတစ်ခေါက် အကိုရွှေက ကျုပ်ကို အဲ့ဒီအကြောင်း ပြောလာတော့ ချက်ချင်းပဲ ကျုပ်သဘောတူလိုက်တယ် ”

“ ဟုတ်တယ်… အပြင်လောကမှာ ရှာဖွေရခက်ခဲတဲ့ ရတနာတွေကို အရိုးမြှုပ်ကုန်းမြေထဲမှာ ရှာဖွေနိုင်တယ်… တကယ်လို့ ကျုပ်တို့က လျှို့ဝှက်ဆန်းကြယ်တဲ့ နန်းတော်ကို ရှာမတွေ့ဘူးဆိုရင်တောင် ကျုပ်တို့အတွက် တခြားအခွင့်အလမ်းတွေ ရှိနေပါသေးတယ်… ဒါကြောင့် ကျုပ်တို့က အကိုသီကို ကျုပ်တို့နဲ့ အတူပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်… ကျုပ်တို့သုံးယောက်အတူတူ အရိုးမြှုပ်ကုန်းမြေဆီ ခရီးထွက်ကြမယ် ”

ရွှေဝူဟန်က သီရှီထျန်ကို မျှော်လင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သီရှီထျန် သဘောတူရန် သူမျှော်လင့်နေသည်။ အကယ်၍ လူတစ်ယောက် ထပ်တိုးလာလျှင် သူတို့အုပ်စု၏ အင်အားက ပိုပြီးသန်စွမ်းလာလိမ့်မည်။ အထူးသဖြင့် သီရှီထျန်ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးကို သူတို့လိုအပ်သည်။

ကုချင်းဘုံထဲမှာ သီရှီထျန်က မည်မျှအားကောင်းသော တိုက်ပွဲစွမ်းအားကို ထုတ်ဖော်ခဲ့ကြောင်း သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြသည် မဟုတ်ပါလော။

သီရှီထျန်သည် မည်သည့်စကားမှ ပြန်မပြောပေ။ သူက စိတ်ထဲမှာ အမြန်တွေးတောလိုက်သည်။ လူတိုင်းမှာ စူးစမ်းလိုစိတ်ရှိသည်။ သူသည်လည်း ချွင်းချက်မဟုတ်ပေ။

မသေမျိုးကျင့်ကြံသူများသည် တံခါးပိတ်ကျင့်ကြံခြင်းအပြင် အပြင်လောကသို့ ထွက်သွားပြီး အတွေ့အကြုံများ ရှာဖွေကြလေ့ရှိသည်။ အတွေ့အကြုံသည် သူတို့အတွက် စွမ်းအားတစ်မျိုး ဖြစ်သည်။ အတွေ့အကြုံပိုများလေ သူတို့အတွက် ပိုပြီးအားသာချက်ရှိလေ ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများသည် အတွေ့အကြုံရှာဖွေခြင်းကို မဖြစ်မနေ လုပ်ဆောင်ကြရသည်။

သီရှီထျန်သည် တစ်ခဏကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက တုံ့ဆိုင်းသော အမူအရာဖြင့် ပြောသည်။

“ အရိုးမြှုပ်ကုန်းမြေလို ထူးခြားဆန်းကြယ်တဲ့ နယ်မြေတွေကို တကယ်ပဲ ကျုပ်စိတ်ဝင်စားတယ်… ဒါပေမဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက နောက်သုံးနှစ်နေရင် ဖွင့်လှစ်လိမ့်မယ်လို့ ကျုပ်ကြားထားတယ်… ဒါ့အပြင် ဒီအတောအတွင်းမှာ ကျုပ်မအားဘူး… ကုချင်းချိုင့်ဝှမ်းထဲမှာ ကုချင်းပညာသင်ယူဖို့ ကျုပ်ဆုံးဖြတ်ထားတယ်… ဒါကြောင့် ခင်ဗျားတို့နဲ့ ကျုပ်မလိုက်နိုင်မှာ စိုးရိမ်တယ် ”

သူက စကားပြောနေရင်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း တမင်ထည့်ပြောခဲ့သည်။ သီရှီထျန်သည် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်း အများကြီး မသိထားသော်လည်း သူ့အရှေ့မှ နှစ်ယောက်ထံမှ အသုံးဝင်သော သတင်းအချက်အလက်တချို့ ရရှိနိုင်ရန် မျှော်လင့်နေသည်။

ယင်းကို ကြားသောအခါ ရွှေဝူဟန်နှင့် ဝူဝူဒီက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရယ်လိုက်ကြသည်။

" အကိုသီ အဲ့ဒီအတွက် ခင်ဗျားဘာမှစိတ်မပူပါနဲ့… ကျုပ်တို့က အခုချက်ချင်း သွားမယ်လို့ မပြောပါဘူး… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေလို အခွင့်အရေးကြီးကို ကျုပ်တို့က ဘယ်လက်လွှတ်ခံပါ့မလဲ… ကျုပ်အမြင်မှာ ကျုပ်တို့သုံးယောက်ရဲ့ လက်ရှိစွမ်းအားက မလုံလောက်သေးဘူး… ဒါကြောင့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ပြီးဆုံးသွားတဲ့အခါ ကျုပ်တို့တွေ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဆီ ဝင်ရောက်နိုင်ဖို့ တံခါးပိတ်ကျင့်ကြံကြမယ်… ကျုပ်တို့ရဲ့ အင်အားက အလုံအလောက် သန်မာလာမှပဲ အရိုးမြှုပ်ကုန်းမြေဆီ သွားကြမယ် ”

ယင်းကို ကြားသောအခါ သူနားလည်မှုလွဲနေကြောင်း သီရှီထျန် ချက်ချင်း နားလည်သွားသည်။ သူတို့က အရိုးမြှုပ်ကုန်းမြေဆီသို့ ယခုချက်ချင်း သွားရောက်ရန် မစဉ်းစားထားပေ။ မည်သို့ဖြစ်ပါစေ အရိုးမြှုပ်ကုန်းမြေသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်ပင် အသက်ဆုံးရှုံးနိုင်သော တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

အကယ်၍ သူတို့က ယခုချက်ချင်း သွားရောက်မည်ဆိုလျှင် သူတို့သည်လည်း ထိုနယ်မြေထဲမှာ အရိုးစုများ ဖြစ်လာကြလိမ့်မည်။ ထို့ကြောင့် သူတို့က အရိုးမြှုပ်ကုန်းမြေဆီသို့ မသွားရောက်မီ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ဆီသို့ အရင်ဝင်ရောက်ရန် ကျင့်ကြံကြရမည်။ သို့မှသာ သူတို့၏ အောင်မြင်နိုင်ခြေနှင့် အသက်ရှင်နိုင်ခြေက ပိုများလိမ့်မည်။

သီရှိထျန်နှင့် တခြားနှစ်ယောက်သည် ငါးထပ်မြောက်မှာ စားရင်းသောက်ရင်း စကားပြောနေကြသည်။ နောက်ဆုံးမှာ သူတို့သုံးယောက်သည် ဆယ်နှစ်ကြာပြီးနောက် ပြန်တွေ့ဆုံကြပြီး အရိုးမြှုပ်ကုန်းမြေဆီသို့ အတူတူ သွားရောက်ရန် ကတိပြုလိုက်ကြသည်။

သူတို့နှင့် စကားပြောပြီးနောက် သီရှီထျန်သည် ကောင်းကင်မိစ္ဆာနယ်မြေအကြောင်း ပိုသိသွားသည်။ အနည်းဆုံးတော့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မည်သည့်နေရာမှာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သူသိသွားသည်။ ထို့ပြင် သူက ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတများကိုလည်း သိရှိသွားသည်။

သီရှီထျန်က တောတောင်ထဲမှာ ကြီးပြင်းလာသူဖြစ်ကြောင်း ရွှေဝူဟန်နှင့် ဝူဝူဒီ နားလည်သွားပြီးနောက် သူတို့သိထားကြသော ကျင့်ကြံခြင်းလောက၏ ဗဟုသုတများကို ပြန်လည်ဝေမျှပေးသည်။ ယင်းက သီရှီထျန်အတွက် အတော်လေး အကျိုးရှိသည်။

မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကတွင် ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေတည်နယ်ပယ် ကျင့်ကြံသူများကို အများဆုံး မြင်တွေ့ရ၏။ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည်တော့ ပညာရှင်များ ဖြစ်ကြသည်။ သူတို့က ကိုယ်ပိုင်အင်အားစုတစ်ခု တည်ဆောက်နိုင်ကြသည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများသည်တော့ တန်ခိုးရှင်များ ဖြစ်ကြသည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ်ထက် ပိုပြီးမြင့်သော ကျင့်ကြံသူများ မရှိကြခြင်း မဟုတ်ပေ။

ဝိညာဉ်သန္ဓေတည်နယ်ပယ်အထက်မှ ကျင့်ကြံသူများသည် အပြင်လောကကို စိတ်မဝင်စားကြချေ။ သူတို့က အမြဲတစေ တံခါးပိတ်ကျင့်ကြံနေကြသည်။ မိုးမြေတုန်လှုပ်စေနိုင်သော အရေးကြီးကိစ္စမရှိလျှင် သူတို့က အပြင်လောကသို့ ထွက်ပေါ်လာခဲသည်။

ထို့ကြောင့် မျက်မှောက်ခေတ်၏ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူများက အသန်မာဆုံး ဖြစ်ကြသည်။ သူတို့ကို တန်ခိုးရှင်များဟု ခေါ်ဆိုခြင်းက အဓိပ္ပာယ်မဲ့ မဟုတ်ပေ။

သူတို့သည် ညဉ့်နက်သည်အထိ စကားပြောကြသည်။ ထို့နောက် သီရှီထျန်သည် စားသောက်ဆိုင်ထဲမှာ နောက်ထပ် ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကုချင်းချိုင့်ဝှမ်းဆီသို့ သူပြန်သွားရလိမ့်မည်။

ကိုတိုမီက မည်သည့်အချိန်မှာ သူ့ကို ကုချင်းလာသင်ပေးမည်ဖြစ်ကြောင်း သူမသိထားလေရာ အိမ်ထဲမှာ အမြဲတမ်း ရှိနေခြင်းက သူ့အတွက် ပိုပြီးကောင်းလိမ့်မည်။

သီရှီထျန်သည် ရွှေယွဲ့စားသောက်ဆိုင်ထဲမှ ပြန်ထွက်လာပြီးနောက် လမ်းထဲမှာ တိတ်တဆိတ် လမ်းလျှောက်နေသည်။ သူက လမ်းလျှောက်နေရင်း သူ့ဘာသာ တွေးတောလိုက်သည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ညမြောက်ကျွန်းမှာ ဖွင့်လှစ်လိမ့်မယ်… ဒါပေမဲ့ ညမြောက်ကျွန်းက ဘယ်နေရာမှာလဲ ငါမသိဘူး… ကြည့်ရတာ ညမြောက်ကျွန်းအကြောင်း ငါမေးဖို့ အခွင့်အရေးတစ်ခု ရှာရလိမ့်မယ် ”

သီရှီထျန်က သူ့ဘာသာ ရေရွတ်လိုက်သည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ တည်နေရာကို သူသိသွားသော်လည်း ခရမ်းရွှေကုန်းမြေအကြောင်း အနည်းအကျဉ်းသာ သူသိထားသည်။ သူ့မှာ မြေပုံအကြမ်းတစ်ခုပင် မရှိပေ။ မည်သို့ဖြစ်ပါစေ ညမြောက်ကျွန်း၏ နာမည်ကို သူသိထားမှတော့ ယင်းကို ရှာဖွေရန် မခက်ခဲနိုင်ပေ။ ထို့နောက် သူက မသေမျိုးကျင့်ကြံခြင်းလောက၏ လက်ရှိအခြေအနေကို စဉ်းစားလိုက်သည်။

မျက်မှောက်ခေတ်တွင် ဝိညာဉ်သန္ဓေတည်နယ်ပယ်အထက်မှ ကျင့်ကြံသူများသည် အပြင်သို့ မထွက်လာကြတော့ချေ။ ယင်းက မိစ္ဆာမျိုးနွယ်စုအတွက် ကောင်းမွန်သောကိစ္စ ဖြစ်သည်။ အကယ်၍ သူက ဤအခြေအနေကို အသုံးချပြီး တစိုက်မတ်မတ် ကျင့်ကြံသွားမည်ဆိုလျှင် အနာဂတ်မှာ အလုံအလောက် သူသန်မာလာရန် အခွင့်အရေးရရှိသွားလိမ့်မည်။ ထိုအချိန်မှ မသေမျိုးကျင့်ကြံသူများက မိစ္ဆာမျိုးနွယ်စု၏ အင်အားကို သတိပြုမိသွားလျှင် သူတို့ဘာမှတတ်နိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် မိစ္ဆာမျိုးနွယ်စုက လူသားမျိုးနွယ်နှင့် တန်းတူရပ်နိုင်သွားလိမ့်မည်။ သို့မဟုတ် လူသားမျိုးနွယ်ထက် ပိုပြီးသာလွန်သွားလိမ့်မည်။

ဤကာလက သူ၏ အင်အားကို တိုးမြှင့်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သီရှီထျန် နားလည်သွားသည်။ ထို့ကြောင့် သူ့နှလုံးသားထဲမှာ ပြင်းပြသော စွမ်းအင်တောင့်တမှု ဖြစ်ပေါ်လာသည်။

သူက လမ်းလျှောက်နေရင်း တွေးတောနေသည်။ တဖြည်းဖြည်း သူက မြို့ဂိတ်တံခါးနားသို့ ရောက်ရှိသွားသည်။

ထိုအခိုက်အတန့်မှာ မြို့ဂိတ်တံခါး၏ အပြင်ဘက်တွင်၊ ကုချင်းချိုင့်ဝှမ်းဆီသို့ ဦးတည်နေသော လမ်းကြောင်းပေါ်၌ ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦးက အမှောင်ထုထဲမှာ ပုန်းကွယ်နေသည်။ သူက မြို့ဂိတ်တံခါး၏ ဦးတည်ရာဆီသို့ အမြဲတစေ စောင့်ကြည့်နေသည်။

သူ၏ လက်ထဲမှာ သွေးနီရောင်ချိတ်ကောက်နှစ်ခုကို ကိုင်ထားသည်။ ယင်းတို့ကို ချိတ်ကောက်ဟု ခေါ်သော်လည်း အမှန်မှာ ယင်းတို့က ကျောက်ဆူးနှင့် ပိုပြီးဆင်တူသည်။ ချိတ်ကောက်၏ အသွားက အေးစက်စက်အလင်း တောက်ပနေပြီး အလွန်ပြင်းထန်သော သွေးညှီနံ့ရှိသည်။

သို့သော်လည်း ထိုသွေးညှီနံ့က ချိတ်ကောက်ထဲမှာသာ သိပ်သည်းနေသည်။ ယင်းက အပြင်သို့ မပျံ့နှံ့သွားပေ။ အမှောင်ထုထဲတွင် သွေးနီရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ အဝေးမှ ကြည့်လျှင် ယင်းက မကောင်းဆိုးဝါးတစ်ကောင်နှင့် ဆင်တူသည်။

အမှောင်ထုထဲမှာ မတ်တတ်ရပ်နေသော ထိုပုဂ္ဂိုလ်သည် အခွင့်အရေးကို ချောင်းမြောင်းနေသော မြွေဟောက်တစ်ကောင်နှင့် ဆင်တူသည်။ သူက ရန်သူအလာကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေဟန် ရ၏။ သူက မည်သည့်အသံမှ မထုတ်ဖော်ပေ။

သို့သော်လည်း သူက ချက်ကောင်းကို မြင်သည်နှင့် အမိအရတိုက်ခိုက်လိမ့်မည်။ သူက ပစ်မှတ်ကို တစ်ချက်တည်း အသေသတ်ပစ်မည့် လူစားမျိုးဖြစ်သည်။ ထိုသို့လူမျိုးက အလွန်ကြောက်စရာကောင်းသည်။ သူက လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သော ပညာရှင်ဖြစ်သည်။ သူက ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။

“ သူထွက်လာပြီ ”

အကယ်၍ တစ်စုံတစ်ယောက်က သူ့အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုလျှင် ပုံရိပ်တစ်ခုက မြို့တံတိုင်းအပေါ်မှ ခုန်ပျံလာနေကြောင်း မြင်ရလိမ့်မည်။ ထိုပုံရိပ်က သူ၏ ဦးတည်ရာဆီသို့ လျှောက်လာနေသည်။

မြို့တံတိုင်းအပေါ်မှ ခုန်ပျံလာသူသည် ကုချင်းချိုင့်ဝှမ်းဆီသို့ ပြန်သွားနေသော စက်ကရာမှလွဲ၍ တခြားမဟုတ်ပေ။ မြို့တံတိုင်းက သိုင်းလောကထဲမှ သိုင်းပညာရှင်များကိုပင် မတားဆီးနိုင်လေရာ မိစ္ဆာတစ်ကောင်ဖြစ်သော သူ့ကို မည်သို့တားဆီးနိုင်မည်နည်း။ သူက နန်းမြို့တော်ထဲမှ မြန်မြန် ထွက်သွားသည်။ သူက အရှေ့သို့ ကြည့်လိုက်ပြီး အမှောင်ထုထဲသို့ လျှောက်သွားသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ၏ ခြေထောက်က ရုတ်တရက် ရပ်တန့်သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို သူစစ်ဆေးကြည့်လိုက်သည့်အခါ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဝတ်စုံနက်ပုံရိပ်သည် သစ်ပင်ကြီးတစ်ပင်၏ အနောက်မှာ ပုန်းအောင်းနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်အရှိန်အဝါမှ မရှိပေ။ သူက အရှိန်အဝါအားလုံးကို ပြန်ရုပ်သိမ်းထားသည်။ သူက သီရှီထျန်ကိုပင် ကြည့်မနေပေ။ သူက သက်မဲ့ကျောက်တုံးတစ်တုံးသဖွယ် အသက်မရှူနေပေ။ ထို့ကြောင့် စက်ကရာ၏ မိစ္ဆာအာရုံက သူ့ကို ဖြတ်သန်းသွားသည့်အခါ မည်သည့်ထူးခြားမှုကိုမှ အာရုံမခံမိပေ။ ဤသည်မှာ သူက သာမန်ကျောက်တုံးတစ်တုံးကိုသာ အာရုံခံမိသွားသည့်အလားပင်။

“ ဘယ်လိုဖြစ်တာလဲ… ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိပါဘူး… ဒါဆို ငါဘာလို့ စိတ်မသက်မသာ ခံစားနေရတာလဲ ”

သီရှီထျန်က နေရာမှာ ရပ်လိုက်သည်။ ထူးဆန်းသော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောနက ဤနေရာကို သူဖြတ်လျှောက်သွားတော့မည့်အချိန် သူ့နှလုံးသားထဲမှာ စိတ်မသက်မသာဖြစ်မှု ထွက်ပေါ်လာသည်။ ထိုခံစားချက်က ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အတိတ်မှာ သူသည် ထိုသို့အတွေ့အကြုံမျိုးကို တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ရရှိခဲ့ဖူးသည်။ ထိုအချိန်တွင် ရှောင်ပိုင်က သေဘေးနှင့် တွေ့ကြုံနေခဲ့သည်။

ယခု သူက ထိုသို့ခံစားချက်မျိုး ထပ်မံ ရရှိလာသည်။ ထို့ပြင် ယင်း၏ အနောက်မှာ ကြီးမားသော အန္တရာယ်ခံစားမှုက လိုက်ပါလာသည်။ ဤသည်မှာ အန္တရာယ်ကပ်ဘေးတစ်ခုက သူ့ထံသို့ ချဉ်းကပ်လာနေသည့်အလားပင်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်အားလုံးကို ထောင်မတ်သွားစေသည်။

ထို့ကြောင့် သူက ချက်ချင်း ရပ်တန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်အပြောင်းအလဲမှ သူရှာမတွေ့ပေ။

“ မဟုတ်မှ… ငါ့ရဲ့ အမျိုးအနွယ်တစ်ယောက်ယောက် အန္တရာယ်ကြုံနေတာများလား… အဲ့ဒါကြောင့် ငါ့နှလုံးသားက ဂနာမငြိမ်ဖြစ်နေတာလား ”

စက်ကရာ၏ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်သော အမူအရာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ ထိုခံစားချက်က ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းနှစ်ခု ရှိသည်။ တစ်ခုက သူအန္တရာယ်ကြုံတွေ့တော့မည့်အခါ ဖြစ်သည်။ ဒုတိယတစ်ခုက သူ၏ အမျိုးအနွယ်များ သို့မဟုတ် မိတ်ဆွေတစ်ယောက် အန္တရာယ်ကြုံတွေ့နေသည့်အခါ ဖြစ်သည်။ ယခု သူက မည်သည့်အန္တရာယ်မှ အာရုံမခံမိလေရာ သူ၏ အမျိုးအနွယ်တစ်ယောက် အန္တရာယ်ကြုံနေသည်ဟု သီရှီထျန် ထင်မှတ်သွားသည်။

“ ဘယ်သူဖြစ်နိုင်မလဲ ”

သီရှီထျန်က တိတ်တဆိတ် ခန့်မှန်းလိုက်သည်။ သူ၏ ကျားဖြူမေမေနှင့် ညီလေးက သားရဲတစ်သောင်းဂိုဏ်းထဲမှာ ဖမ်းဆီးခံထားရသည်။ အကယ်၍ သူတို့က တကယ်အန္တရာယ်ကြုံနေလျှင်ပင် သူအာရုံမခံမိနိုင်ပေ။ မည်သို့ဖြစ်ပါစေ အဝေးမှ ရေက ရေငတ်နေသူကို မကယ်တင်နိုင်ပေ။ သို့ဆိုလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ရှောင်ပိုင်က အန္တရာယ်ကြုံနေခြင်းလော။ သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်း ဖယ်ရှားလိုက်သည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ပိုင်ဟူက ကာကွယ်စောင့်ရှောက်ပေးနေသည်။ ပိုင်ဟူ၏ စွမ်းရည်အရ မည်သည့်အန္တရာယ်မှ မဖြစ်ပေါ်နိုင်ပေ။

သူက တစ်ခဏကြာ စဉ်းစားပြီးသော်လည်း တိကျသော အဖြေကို မရှာတွေ့သေးပေ။ နောက်ဆုံးမှာတော့ သူက ထိုသံသယကို သူ့နှလုံးသားထဲမှာ မြှုပ်နှံလိုက်သည်။ သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ သို့သော်လည်း သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်မှာ အမြဲတမ်း ရှိနေသည်။ သူက အရှေ့သို့ လျှောက်သွားနေရင်း သတိကြီးကြီးထားလိုက်သည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ မိစ္ဆာချီက မြစ်တစ်စင်းနှယ် စီးဆင်းသွားသည်။ သူ၏ ကြွက်သားများက ကျစ်လစ်သွားသည်။ သူ၏ အရေပြားအောက်တွင် မရီဒျန်များက နဂါးများသဖွယ် လူးလွန့်သွားကြသည်။ သူက အထွတ်အထိပ် အခြေအနေမှာ အသင့်ပြင်ထားလိုက်သည်။

အခန်း(၂၂၅)

“ ဖတ်… ဖတ်… ”

သူက စည်းချက်ညီစွာ လမ်းလျှောက်သွားသည်။ သူ၏ ခြေတစ်လှမ်းနှင့် ခြေတစ်လှမ်းသည် အကွာအဝေးတူညီကြသည်။ သူက တည်ငြိမ်စွာ ဆက်လျှောက်သွားသည်။

“ တစ်ခုခုတော့ မှားနေတယ်… ဟုတ်တယ်… တစ်ခုခုမှားနေပြီ ”

အရှေ့သို့ ခြေတစ်လှမ်း တိုးသွားတိုင်း စက်ကရာ၏ နှလုံးခုန်သံက ပိုပြီးကျယ်လောင်လာသည်။ သားရဲဘုရင်တစ်ပါး၏ ပင်ကိုယ်ဗီဇက မကြာခင် အန္တရာယ်ကျရောက်လာတော့မည်ဟု သူ့အား သတိပေးနေသည်။ ယင်းက သူ၏ အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသော အန္တရာယ်ကပ်ဘေး ဖြစ်သည်။

ထိုသို့နားလည်သွားသောအခါ သူက ချက်ချင်း အနောက်ပြန်ဆုတ်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ အနောက်သို့ လှည့်လိုက်ပြီး အစောနက သူထွက်လာခဲ့သော နန်းမြို့တော်ဆီသို့ အမြန်ပျံသန်းသွားသည်။ သူက အရူးအမူး ပျံသန်းသွားလေရာ သူ၏ အလျင်က လျှပ်စီးပမာ မြန်ဆန်သွားသည်။

“ ကျစ် ”

အနောက်သို့ သူလှည့်လိုက်ပြီး ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် သွေးနီရောင်အလင်းတန်းတစ်ခုက အမှောင်ထုထဲမှ ပျံသန်းထွက်လာပြီး သီရှီထျန်၏ နောက်ကျောဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ယင်း၏ အလျင်က လျှပ်စီးတန်းပမာ မြန်ဆန်၏။

ထိုတိုက်ခိုက်မှုက အလွန်တိတ်ဆိတ်ပြီး ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အလင်းတန်း ဖြတ်သန်းသွားနေစဉ် လေသည်ပင် တိတ်ဆိတ်နေသည်။ ယင်းက အမှန်တကယ် ထူးဆန်းအံ့ဖွယ်ကောင်းသည်။

အကယ်၍ သီရှီထျန်သာ နည်းနည်း သတိပေါ့ဆခဲ့မည်ဆိုလျှင် သူ၏ နောက်ကျောက သွေးနီရောင်အလင်းဖြင့် တိုက်ရိုက် ထိုးဖောက်ခံရလိမ့်မည်။

သို့သော်လည်း သီရှီထျန်မှာ မည်သူနည်း။ သူက မြန်ဆန်စွာ ပြေးနေစဉ် သူ့နောက်စေ့မှာ မျက်လုံးရှိနေသည့်အလား ခန္ဓာကိုယ်ကို လေထဲမှာ ရပ်လိုက်ပြီး ဘေးသို့ အမြန်တိမ်းရှောင်လိုက်သည်။ သူ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်ပြီး ချောမွေ့သည်။ တစ်ဆက်တည်းမှာ သူက မြေကြီးပေါ်သို့ ပြန်ဆင်းလိုက်ပြီး ရုတ်တရက် အနောက်လှည့်လိုက်သည်။

ထိုအခါ မူလက သူ့နောက်ကျောဆီသို့ ဦးတည်လာနေသော သွေးနီရောင်အလင်းက ခန္ဓာကိုယ်အစား သူ၏ ဘယ်ဘက်လက်မောင်းကို ထိမှန်သွားသည်။

“ ရွှတ် ”

သူ၏ ရုပ်ခန္ဓာကိုယ်သည် သိုင်းပညာကျင့်ကြံသူတစ်ယောက်ထက် မလျော့ပေ။ သို့သော်လည်း သွေးနီရောင်အလင်းတန်း၏ တိုက်ခိုက်မှုကြောင့် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။ သွေးက လေထဲသို့ ပန်းထွက်သွားသည်။ သို့သော်လည်း သီရှီထျန်က ယင်းကို ဂရုမစိုက်နိုင်ပေ။

သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို အမြန်ထုတ်လိုက်သည်။ သူက နတ်ဆိုးကုချင်းကို ဘယ်လက်ဖြင့် ကိုင်ထားရင်း ကုချင်းကြိုးများကို သူ၏ ညာလက်ဖြင့် အကြမ်းပတမ်း တီးခတ်လိုက်သည်။

“ တင်… တင်… တုန်… တုန်… ”

သာယာနာပျော်ဖွယ်မကောင်းသော ကုချင်းအသံက ပရမ်းပတာ ပျံ့လွင့်သွားသည်။ နောက်အခိုက်အတန့်မှာ လေထဲ၌ လခြမ်းကွေးအသံဓားတစ်လက် ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။

“ ထန် ”ဟူသော သတ္ထုချင်းထိခတ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သွေးနီရောင်အလင်းတန်းက လေထဲ၌ တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာ ယင်း၏ အသွင်သဏ္ဍာန်က ရှင်းလင်းထင်ရှားသွားသည်။ ယင်းက သွေးနီရောင်ချိတ်ကောက်တစ်ခု ဖြစ်သည်။ နောက်အခိုက်အတန့်မှာ သွေးနီရောင်ချိတ်ကောက်က အနောက်သို့ ပြန်ဆုတ်သွားသည်။ ငါးပေအကွာအဝေး၌ လက်တစ်ဖက်က သွေးနီရောင်ချိတ်ကောက်ကို ဖမ်းယူလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝတ်စုံနက်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက အမှောင်ထုထဲမှ ထွက်ပေါ်လာပြီး သီရှီထျန်၏ အရှေ့မှာ ရပ်လိုက်သည်။ ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

“ ကောင်းလိုက်တဲ့ အရှောင်အတိမ်း… ကောင်းလိုက်တဲ့ ဓမ္မလက်နက်… ဒါပေမဲ့ ငါနားမလည်နိုင်တာတစ်ခုက ဒီလောက် ငါဖုံးကွယ်ထားတာ မင်းငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ ”

ဝတ်စုံနက်ပုဂ္ဂိုလ်သည် သီရှီထျန်ကို ဖမ်းဆီးရန် ဤနေရာမှာ စောင့်ဆိုင်းနေသော ဝမ်ထောင်မှလွဲ၍ တခြားမဟုတ်ပေ။

ဝမ်ထောင်သည် ဒဏ်ရာရသွားသော သီရှီထျန်၏ ဘယ်လက်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာ သူက သီရှီထျန်၏ မျက်နှာကို ကြည့်လိုက်သည်။

လေထဲမှာ ထိုသို့တိမ်းရှောင်ရန် မလွယ်ကူကြောင်း သူသိသည်။ ထို့ကြောင့် သူက သီရှီထျန်ကို အလေးအနက် ထားလိုက်သည်။

သီရှီထျန် အနောက်လှည့်၍ ထွက်ပြေးသွားသည့်အချိန်မှာ ဝမ်ထောင်သည် ရွေးချယ်စရာမရှိဘဲ စတင်တိုက်ခိုက်လိုက်ရသည်။ သီရှီထျန်က အစွမ်းကုန်သုံး၍ ထွက်ပြေးနေဟန် ထင်ရသော်လည်း အမှန်မှာ သူက ရန်သူကို အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်သူတိုက်ခိုက်လာသည့်အချိန် သူက လေထဲမှာ ရပ်၍ အမြန်တိမ်းရှောင်နိုင်ခဲ့သည်။

ထိုအချက်ကို သုံးသပ်မည်ဆိုလျှင် သီရှီထျန်က ထိုမျှအချိန်တိုလေးအတွင်းမှာ အကြံအစည်အများကြီး စီစဉ်နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။ သူက အစကတည်းက ထွက်ပြေးရန် ဆန္ဒမရှိပေ။ ယင်းအစား အမှောင်ထဲ၌ ပုန်းအောင်းနေသော ရန်သူကို တမင်မျှားခေါ်ထုတ်ချင်သည်။

“ မင်းဘယ်သူလဲ… ငါမင်းကို တစ်ခါမှမမြင်ဖူးဘူး… ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူး… မင်းဘာလို့ ငါ့ကို ချောင်းမြောင်းလုပ်ကြံတာလဲ ”

သီရှီထျန်က နှလုံးခုန်မြန်လာသည်။ ဝမ်ထောင်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက အေးစက်သွားသည်။ အစောနက သူ့နှလုံးသားက သူ့ကို အဆက်မပြတ် သတိပေးနေခဲ့သည်။ ထို့ကြောင့် သူသည် တုံ့ဆိုင်းမနေဘဲ “ ချုံကို ရိုက်၍ မြွေထုတ်သော ” ဗျူဟာကို အသုံးပြုလိုက်သည်။

သူမျှော်လင့်ထားသကဲ့သို့ပင် အမှောင်ထဲမှာ ပုန်းအောင်းနေသော ရန်သူက အပြင်သို့ ထွက်လာသည်။ သူက တစ်ဖက်လူကို စစ်ဆေးကြည့်လိုက်လေရာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ကြောင်း ရှာတွေ့သွားသည်။ သူ၏ ခန့်မှန်းမှုမမှားလျှင် ထိုလူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်ရမည်။

“ ငါက ဝမ်ထောင်… သွေးတိမ်ဂိုဏ်းက တပည့်တစ်ယောက်ပဲ… မင်းမှာ ငါနဲ့ ဘာရန်ငြိုးမှမရှိဘူးဟုတ်လား ”

ဝမ်ထောင်က နှာခေါင်းရှုံ့လိုက်သည်။

“ ချင်မိသားစုရဲ့ သတိုးသားလောင်း ရွေးချယ်ပွဲမှာ မင်းတွေ့ဆုံခဲ့တဲ့ ရွှဲယင်ရီကို မင်းမေ့သွားပြီလား… ဒါဆို ငါမင်းကို ပြန်အသိပေးလိုက်မယ်… သူက ငါ့ရဲ့ ဂိုဏ်းတူညီလေးပဲ… တကယ်လို့ ငါ့အထင်မမှားရင် ဂိုဏ်းတူညီလေးက မင်းရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့တာဖြစ်ရမယ် ”

ယင်းက အနည်းငယ် ထူးဆန်းသည်။ ဝမ်ထောင်က ရွှဲယင်ရီအကြောင်း ပြောနေစဉ် သူ့လေသံထဲမှာ မည်သည့်ဒေါသမှ၊ မကျေနပ်မှုမှ မပါရှိပေ။ ယင်းအစား တည်ငြိမ်မှုသာ ရှိ၏။ ဤသည်မှာ သူက ရွှဲယင်ရီ၏ သေဆုံးမှုကို ဘာမှမခံစားရသည့်အလားပင်။

“ ရွှဲယင်ရီလား ”

ယင်းကို သီရှီထျန်ကြားသောအခါ ဤကပ်ဘေးက မည်သည့်နေရာမှ စတင်ခဲ့ကြောင်း သူနားလည်သွားသည်။ သို့သော်လည်း ယင်းကို သူကိုယ်တိုင် ဝန်ခံရသည်အထိ မတုံးပေ။ သူက မထူးမခြားနား ပြောသည်။

“ ဟွန့်… မင်းက အပြစ်လွှဲချဖို့ တစ်ယောက်ယောက် ရှာနေတာလား… စိတ်မကောင်းပါဘူး… မင်းမှာ ငါသီရှီထျန်ကို သတ်ဖို့ အရည်အချင်းမရှိဘူး… ဒီလောကမှာ ငါ့ကိုယ်ငါကလွဲရင် ဘယ်သူမှ ငါ့အသက်ကို မနုတ်ယူနိုင်ဘူး… မင်း သေလိုက်စမ်း ”

သီရှီထျန်၏ မျက်လုံးထဲမှ အလင်းက စူးရှလာသည်။ သူ၏ အတွေးတစ်ချက်ကြောင့် မိစ္ဆာမြူနှင်းဓားသွားများက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ချက်ချင်း ဖွဲ့စည်းသွားကြသည်။ ယင်းတို့က စုစုပေါင်း နှစ်ဆယ်ကျော်သည်။ မိစ္ဆာမြူနှင်းဓားသွားများသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားသွားကြသည်။

ယင်းတို့က လေထဲမှာ ကခုန်လှုပ်ရှားနေကြရင်း သူ၏ သေကွင်းသေကွက်နေရာများကို ကာကွယ်ပေးလိုက်ကြသည်။

“ သွားစမ်း ”

သီရှီထျန်က ကျယ်လောင်စွာ အော်လိုက်သည်။ မိစ္ဆာမြူနှင်းဓားသွားနှစ်ဆယ်ထဲမှ ဓားသွားဆယ်ခုက ဝမ်ထောင်ဆီသို့ ချက်ချင်း ပျံသန်းသွားကြသည်။ ထို့ပြင် သူက ကြုံရာကျပန်း မတိုက်ခိုက်ခဲ့ပေ။ မိစ္ဆာမြူနှင်းဓားသွားဆယ်လက်က ဝမ်ထောင်၏ ခန္ဓာကိုယ်တစ်ခုလုံးထံသို့ ဦးတည်သွားနေကြသည်။ ယင်းတို့က ဝမ်ထောင်၏ လွတ်လမ်းအားလုံးကို ချိပ်ပိတ်လိုက်သည်။

ထိုနည်းဖြင့်ဆိုလျှင် သူက မိစ္ဆာမြူနှင်းဓားသွားများကို တိမ်းရှောင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ နေရာမှလည်း ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။

ဓားသွားတစ်ခုစီက ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ ဓားသွားများ ဖြတ်သန်းသွားနေစဉ် လေထုက ပိုင်းဖြတ်ခံလိုက်ရသည်။ လေထဲ၌ “ ရွှီး ရွှီး ”ဟူသော မြည်သံများ ထွက်ပေါ်လာသည်။

သီရှီထျန် ပိုပြီးသန်မာလာသည်နှင့်အမျှ မိစ္ဆာမြူနှင်းဓားသွားများက ပိုပြီးအားကောင်းလာသည်။ ယခု ထိုမိစ္ဆာမြူနှင်းဓားသွားများက အလယ်အလတ်အဆင့် ကာကွယ်ရေးဓမ္မလက်နက်တစ်ခုကိုပင် ဖြတ်တောက်နိုင်စွမ်းရှိသည်။ မိစ္ဆာမြူနှင်းဓားသွားများ၏ တိုက်ခိုက်မှုက မိုးကြိုးသွားပမာ မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သည်။

လေထဲ၌ မိစ္ဆာမြူနှင်းဓားသွားများ ဖြတ်သန်းသွားနေစဉ် သတ်ဖြတ်ခြင်းအရှိန်အဝါက အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။

“ ဟွန့် ”

ဝမ်ထောင်က နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အေးစက်စက်အပြုံး ထွက်ပေါ်လာသည်။ သူ၏ ဘယ်လက်ထဲမှ သွေးနီရောင်ချိတ်ကောက်က လေထဲသို့ ပျံသန်းသွားသည်။ ချိတ်ကောက်သည် တုန်ယင်သွားပြီး မရေမတွက်နိုင်သော သွေးနီရောင်အလင်းတန်းများအဖြစ် လျှို့ဝှက်ဆန်းကြယ်စွာ ကွဲထွက်သွားသည်။ ယင်းတို့က လေထဲ၌ အတူတကွ ယှက်ထွေသွားကြပြီး သွေးပိုက်ကွန်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ဤသည်မှာ ယင်းက ငါးဖမ်းတော့မည့်အလားပင်။

မကြာမီ သွေးပိုက်ကွန်က မြန်ဆန်စွာ ဖြန့်ကြက်သွားပြီး သူ့ထံသို့ ဦးတည်လာနေသော မိစ္ဆာမြူနှင်းဓားသွားများကို ဖုံးအုပ်လိုက်သည်။

“ ဖီ… ဖီ… ဖီ ”

သီရှီထျန်၏ မိစ္ဆာမြူနှင်းဓားသွားများထဲမှာ အားကောင်းသော ခွန်အား ကိန်းအောင်းနေသည်။ သို့သော်လည်း ဆန့်ကျင်ဘက်အနေနှင့် သွေးပိုက်ကွန်က ရေကဲ့သို့ သိမ်မွေ့ညင်သာသည်။ ဤသည်မှာ အမာဓာတ်က အပျော့ဓာတ်နှင့် တွေ့ဆုံသွားသည့်အလားပင်။

ချက်ချင်းဆိုသလိုပင် မိစ္ဆာမြူနှင်းဓားသွားများထဲမှာ ကိန်းအောင်းနေသော ခွန်အားက လွင့်ပြယ်သွားသည်။ တစ်ချိန်တည်းမှာ သွေးပိုက်ကွန်က သွေးချီအမျှင်တန်းတချို့ကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က မိစ္ဆာမြူနှင်းဓားသွားများထဲသို့ တိုးဝင်သွားကြသည်။ သွေးချီအမျှင်တန်းများ၏ လွှမ်းမိုးမှုအောက်မှာ ဓားသွားများက အံ့ဖွယ်ကောင်းစွာ စတင်ပြိုကွဲသွားကြသည်။

ထိုသွေးချီအမျှင်တန်းများထဲမှာ အလွန်အားကောင်းသော ယိုယွင်းတိုက်စားမှု ရှိသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဓားသွားဆယ်ခုစလုံး ယိုယွင်းတိုက်စားခံလိုက်ရသည်။ ထို့ပြင် သွေးပိုက်ကွန်က မပျောက်ကွယ်သွားပေ။ ယင်းက သီရှီထျန်ထံသို့ ဆက်လက် ပျံသန်းသွားသည်။

“ မင်းကများ ငါသီရှီထျန်ကို သတ်ချင်တယ်… အဲ့လောက်လွယ်မယ်တဲ့လား ”

သီရှီထျန်၏ ခန္ဓာကိုယ်က အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါနှင့်အတူ သားရဲဘုရင်တစ်ပါး၏ ရက်စက်ကြမ်းကြုတ်မှုလည်း ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသားက အပြင်းအထန် လှုပ်ခါသွားသည်။ ဤသည်မှာ ဘုရင်အမှတ်အသားက အပြင်ဘက်သို့ ခုန်ထွက်လာတော့မည့်အလားပင်။

“ ဂရား ”

သူ၏ အတွေးတစ်ချက်ကြောင့် သန့်စင်သော မိစ္ဆာချီက သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစံအိမ်ထဲမှ တိုးထွက်လာသည်။ မိစ္ဆာချီသည် သူ၏ မရီဒျန်များထဲမှာ ဖြတ်သန်းစီးဆင်းပြီးလျှင် လည်ချောင်းဆီသို့ ဆန်တတ်လာသည်။

အထူးလျှို့ဝှက်နည်းလမ်းအောက်တွင် မိစ္ဆာချီက သူ၏ လည်ချောင်းထဲမှာ လှည့်ပတ်သွားသည်။ မိစ္ဆာချီက အထွတ်အထိပ်အခြေအနေထိ စုဝေးသွားသည့်အခါ စက်ကရာ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။

သူက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

“ ဝေါင်း ”

ကျားဟိန်းသံသည် ကြောက်မက်ဖွယ်ကောင်းပြီး လွှမ်းမိုးဗိုလ်ကျသည်။ ထိုဟိန်းသံထဲမှာ သားရဲဘုရင်တစ်ပါး၏ မောက်မာထောင်လွှားမှု အရှိန်အဝါလည်း ပါရှိ၏။ သီရှီထျန်၏ ခြေဖဝါးအောက်မှ မြေကြီးက အပြင်းအထန် တုန်ခါသွားသည်။ ဤသည်မှာ မြေနဂါးတစ်ကောင်က အလွန်ကျယ်လောင်သော ကျားဟိန်းသံကြောင့် လူးလွန့်လှုပ်ခါသွားသည့်အလားပင်။

မြေကြီးက ပြင်းထန်စွာ တုန်ယင်နေစဉ် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများ ထွက်ပေါ်လာသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာရှိသော ကျောက်တုံးများ၊ သစ်ပင်များနှင့် တခြားအရာများက ချက်ချင်း တုန်ယင်သွားကြပြီး ပေါက်ကွဲသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အရာအားလုံးက ဖုန်မှုန့်ဖြစ်သွားကြသည်။

All Chapters