← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း(၂၁၁)

လူသားဝိညာဉ်ဖြစ်ပါစေ သို့မဟုတ် သားရဲဝိညာဉ်ဖြစ်ပါစေ ၎င်းတို့က ခရမ်းရောင်ရေကန်ထဲသို့ ဝင်ရောက်သွားပြီးလျှင် ခရမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းခံရလိမ့်မည်။ ထိုအခါ မူလက ရုန်းကန်နေသော ဝိညာဉ်များက တဖြည်းဖြည်း ငြိမ်သက်သွားကြလိမ့်မည်။ ထို့နောက် ၎င်းတို့က အခြေခံအသွင်ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံကြလိမ့်မည်။ သို့သော်လည်း စက်ကရာသည် ထိုအပြောင်းအလဲ၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မှုကို မသိထားပေ။ သူသိသည်မှာ ထိုသို့ပြောင်းလဲမှုက သူ့အတွက် ကောင်းမွန်သောအရာ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ခရမ်းရောင်ဘုရင်အမှတ်အသားဆီမှာ ကိုယ်ပိုင်အသွင်ပြောင်းလဲမှု ရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်များကို သူစုပ်ယူလိုက်သည့်အခါတိုင်း ခရမ်းရောင်ဘုရင်အမှတ်အသားက ပိုပြီးသန်စွမ်းလာပြီး ကြီးထွားလာကြောင်း သူခံစားရမိသည်။ ထိုခံစားမှုက အလွန်ထူးဆန်းသည်။ ယင်းကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။

ထို့ပြင် သူက ခရမ်းရောင်ဘုရင်အမှတ်အသားကို ဝိညာဉ်များ စုပ်ယူရန်မှလွဲ၍ တခြားနေရာများတွင် အသုံးမပြုနိုင်ပေ။

မြစိမ်းကုချင်းသည် ခရမ်းရောင်ရေကန်ထဲသို့ ဝင်ရောက်သွားပြီးနောက် ခရမ်းရောင်ရေကန်ပေါ်မှာ တိုက်ရိုက် မျောလွင့်သွားသည်။ ယင်း၏ မျက်နှာပြင်ပေါ်မှာ သိပ်သည်းသော အစိမ်းရောင်အလင်း ရှိသည်။ ကုချင်းထံမှ ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်က ခရမ်းရောင်ဘုရင်အမှတ်အသားမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ယင်းက ဝမ်းနည်းခြင်းသွေးကြောမှ ထွက်ပေါ်နေသော ဝမ်းနည်းမှုစွမ်းအင်ကို အဆက်မပြတ် ဖိနှိပ်နေသည်။ ထို့ပြင် ခရမ်းရောင်ရေကန်ထဲမှ ခရမ်းရောင်ချီက အပေါ်သို့ မြှောက်တတ်သွားပြီး မြစိမ်းကုချင်းထဲသို့ ဝင်ရောက်သွားသည်။ ကုချင်းသည် ခရမ်းရောင်ချီကို မငြင်းဆန်ပေ။ ယင်းက ခရမ်းရောင်ချီကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်။

ထူးဆန်းသော ထိုမြင်ကွင်းက သီရှီထျန်ကို အနည်းငယ် မျက်မှောင်ကြုတ်စေသည်။ သို့သော်လည်း သူက ယင်းကို အများကြီး ဂရုမစိုက်နေပေ။ မြစိမ်းကုချင်း သူ့ကို ဒုက္ခမပေးသရွေ့ ယင်းက ခရမ်းရောင်ချီကို စုပ်ယူနေပါစေ ပြဿနာမရှိပေ။ ထို့ပြင် ခရမ်းရောင်ရေကန်ထဲမှာ ခရမ်းရောင်ချီက အဆုံးမဲ့စွာ ရှိသည်။ မြစိမ်းကုချင်း၏ စုပ်ယူမှုက ခရမ်းရောင်ချီကို မကုန်ခမ်းစေနိုင်ပေ။

“ အခု ဝမ်းနည်းခြင်းသွေးကြောကို ယာယီဖိနှိပ်နိုင်သွားပြီ… ဒါပေမဲ့ အဲ့ဒါကို အပြည့်အဝ ဖြေရှင်းဖို့ ငါဘယ်လိုလုပ်ရမလဲ… ပြီးတော့ နှောင်းပိုင်းအဆင့် မိစ္ဆာသားရဲနယ်ပယ်ကို ငါရောက်သွားတဲ့အခါ ဒုတိယမိစ္ဆာသွေးကြောကို ဖွဲ့စည်းရလိမ့်မယ်… အဲ့ဒီအခါကျရင်ရော နောက်ထပ် စိတ်ခံစားမှုတစ်မျိုးကို မိစ္ဆာသွေးကြောထဲ ပေါင်းထည့်ရဦးမှာလား ”

သီရှီထျန်သည် သူ့မျက်စိအရှေ့မှ လက်ရှိပြဿနာကို ဖြေရှင်းပြီးနောက် အနာဂတ်အကြောင်း စတင်စဉ်းစားလိုက်သည်။ ပထမဆုံး သူစဉ်းစားလိုက်သည်မှာ သူ၏ အနာဂတ် ကျင့်ကြံခြင်းအကြောင်း ဖြစ်၏။

ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို ဖွဲ့စည်းပြီးနောက် သူသည် ဤလောက၏ ဝမ်းနည်းခြင်းစွမ်းအင်ကို အာရုံခံနိုင်သွားသည်။ ထို့ပြင် ဝမ်းနည်းခြင်းစွမ်းအင်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်ကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။

သို့သော်လည်း ဝမ်းနည်းခြင်းသွေးကြောကို သူဖွဲ့စည်းလိုက်သည့်အတွက် ယခင်သူကျင့်ကြံခဲ့သော “ ကျားဟိန်းသံကျင့်စဉ် ”ကို ဆက်လက် ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။ ယင်းကို သူစွန့်လွှတ်ရလိမ့်မည်။

အကယ်၍ သူက နောက်ထပ် တိုးတတ်ချင်သည်ဆိုလျှင် မူလကျင့်ကြံခြင်းလမ်းစဉ်ထက် အများကြီး ပိုခက်ခဲသော ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရလိမ့်မည်။ မည်သို့ဖြစ်ပါစေ ရှေးခေတ်ကတည်းက မည်သူမှ လိုအင်ဆန္ဒစွမ်းအင်ကို မစုပ်ယူနိုင်ခဲ့ပေ။

အကယ်၍ လိုအင်ဆန္ဒစွမ်းအင်ကို စုပ်ယူနိုင်သည်ဆိုလျှင် အနာဂတ်မှာ မည်သို့သူကျင့်ကြံရမည်နည်း။ သူက ယင်းကို မိစ္ဆာချီအဖြစ် သန့်စင်ရမည်လော သို့မဟုတ် လိုအင်ဆန္ဒစွမ်းအင်အဖြစ် စုဆောင်းရမည်လော။ အဖြေကို သူမသိပေ။ သူက ကျင့်ကြံရန် လမ်းစပျောက်သွားသည်။ ထိုပြဿနာသည် ယခု သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။

ထို့ပြင် အနာဂတ်မှာ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို မည်သူမှ လမ်းညွှန်ပြသပေးနိုင်လိမ့်မည် မဟုတ်ချေ။ သူက အရာအားလုံးကို ကိုယ့်ဘာသာ စူးစမ်းရှာဖွေရလိမ့်မည်။

သို့သော် အကယ်၍ သူအောင်မြင်သွားလျှင် ရှေးခေတ်ကတည်းက တစ်ခါမှ မရှိခဲ့ဖူးသော ကျင့်ကြံခြင်းလမ်းစဉ်အသစ် ဖွင့်လှစ်သွားလိမ့်မည်။ ထို့ပြင် ထိုကျင့်ကြံခြင်းလမ်းစဉ်အသစ်ကို သူတစ်ဦးတည်းသာ လျှောက်လှမ်းနိုင်လိမ့်မည်။

ထို့ပြင် ရွေးချယ်စရာက သူ့အရှေ့မှာ ရှိပြီးပြီ ဖြစ်သည်။

ပထမမိစ္ဆာသွေးကြောကို ဖွဲ့စည်းသွားပြီးနောက် သူ၏ ကျင့်ကြံခြင်းက အလယ်အလတ်အဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ ရောက်ရှိသွားသည်။ အကယ်၍ နောက်တစ်ဆင့်သို့ သူတတ်လှမ်းသွားလျှင် နှောင်းပိုင်းအဆင့် မိစ္ဆာသားရဲနယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်။ သူ့ဆီမှာ ကျင့်ကြံသူအလောင်းများ ရှိနေသည်ဆိုလျှင်ပင် မိစ္ဆာချီစုဆောင်းသော လုပ်ငန်းစဉ်ကို နှစ်ဝက် သို့မဟုတ် တစ်နှစ်ကြာအောင် လုပ်ဆောင်ရလိမ့်မည်။

ထို့နောက် ဒုတိယမိစ္ဆာသွေးကြောကို သူဖွဲ့စည်းရလိမ့်မည်။ ထိုအခါကျလျှင် မည်သို့သူလုပ်ဆောင်မည်နည်း။

ယင်းက ခက်ခဲသော ရွေးချယ်မှု ဖြစ်သည်။

အကယ်၍ သူက လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲသို့ ပေါင်းထည့်ရန် ရွေးချယ်မည်ဆိုလျှင် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်က မူလလမ်းစဉ်နှင့် လုံးဝ သွေဖယ်သွားလိမ့်မည်။ သူက ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော လမ်းစဉ်ကို လျှောက်လှမ်းရလိမ့်မည်။

အကယ်၍ သူက ပုံမှန်မိစ္ဆာသွေးကြောကို ဖွဲ့စည်းမည်ဆိုလျှင် ရှေးခေတ်မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်က ဘာမှပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

ရွေးချယ်စရာနှစ်ခုတွင် တစ်ခုက အဖြေမရှိသေးသောအရာ ဖြစ်ပြီး အခြားတစ်ခုက ဥပမာများစွာ ရှိပြီးသောအရာ ဖြစ်သည်။ ထိုရွေးချယ်မှုက သူ့အတွက် အလွန်အရေးကြီးသည်။ ယင်းက သူ၏ အနာဂတ်ကျင့်ကြံခြင်းလမ်းစဉ်ကို အဆုံးအဖြတ်ပေးနိုင်သည်။

“ လိုအင်ဆန္ဒစွမ်းအင်ကို ကျင့်ကြံဖို့ ငါရွေးချယ်လိုက်မယ်ဆိုရင် မိစ္ဆာသွေးကြောတစ်ခု ဖွဲ့စည်းတဲ့အခါတိုင်း လိုအင်ဆန္ဒစွမ်းအင်တစ်မျိုးကို မိစ္ဆာသွေးကြောထဲ ပေါင်းထည့်ပေးရလိမ့်မယ်… မိုးမြေကြားမှာ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုး ရှိတယ်… စုစုပေါင်း ဆယ့်သုံးခု ရှိတယ် ”

“ ဒါပေမဲ့ လိုအင်ဆန္ဒစွမ်းအင်ကို မိစ္ဆာသွေးကြောထဲ ပေါင်းထည့်လိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ လိုအင်ဆန္ဒက ပေါက်ကွဲထွက်လာလိမ့်မယ်… အဲ့ဒါက အရမ်းအန္တရာယ်များတယ်… ခြေတစ်လှမ်းမှားသွားတာနဲ့ ငါက အဆုံးမဲ့တဲ့ လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားလိမ့်မယ် ”

သီရှီထျန်က စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ လောလောဆယ် သူဆုံးဖြတ်ချက်မချနိုင်သေးပေ။ မည်သို့ဖြစ်ပါစေ ယင်းက အလျင်စလို ဆုံးဖြတ်ရမည့်အရာ မဟုတ်ပေ။

“ ထားလိုက်ပါတော့… အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စကို အခုတွေးပူနေတာ ဘာအကျိုးမှမရှိဘူး… အခု အရေးကြီးဆုံးက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဝမ်းနည်းမှုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ… ဝမ်းနည်းခြင်းစွမ်းအင်ရဲ့ သက်ရောက်မခံရဖို့ ဘယ်လိုလုပ်ရမလဲ ငါအဖြေရှာရမယ်… ပြီးတော့ ချင်မိသားစုထဲ ဝင်ရောက်ဖို့ နည်းလမ်းတစ်ခု ငါစဉ်းစားရမယ်… ကျန်တာတွေကိုတော့ အနာဂတ်မှာ ဖြည်းဖြည်းချင်း ငါအဖြေရှာသွားမယ် ”

သူက ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ အနက်ရောင်ဝတ်စုံက ယခု အပေါက်အပြဲများစွာဖြင့် ဆုတ်ပြဲနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာများစွာ ရှိနေသည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် မြစိမ်းကုချင်းကို သူ့လက်ဖြင့် ထိလိုက်သည့်အခါ ထိုဒဏ်ရာများက သူ့ဘာသာ ပြန်သက်သာသွားသည်။

ယခု သူ့ခန္ဓာကိုယ်၏ အတွင်းအပြင်က အားလုံးအဆင်ပြေသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ သေးငယ်သော ဒဏ်ရာတချို့သာ ကျန်ရှိတော့သည်။

သီရှီထျန်သည် ထိုမျှဒဏ်ရာလောက်ကို စာမဖွဲ့ပေ။ ဤသို့ ဆိုရိုးစကားရှိ၏။ ယောင်္ကျားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များက ဂုဏ်ယူဖွယ်အမှတ်အသားများ ဖြစ်သည်။ အမာရွတ်များသည် ယောင်္ကျားတစ်ယောက်၏ သဘာဝဆွဲဆောင်မှု ဖြစ်သည်။ သူက အမျိုးသမီးမဟုတ်ပေ။ သို့ဖြစ်လေရာ သူ့ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်များ ကျန်ရစ်ခဲ့မည်ကို မည်သို့ကြောင့် စိုးရိမ်နေမည်နည်း။

သူက ဝတ်စုံနက်အသစ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ဤနေရာက ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ကြောင်း သူရှာတွေ့သွားသည်။ မြစိမ်းကုချင်းကို သူသိမ်းဆည်းလိုက်သည့်အခါ ဤနေရာမှာ မည်သည့်အဖိုးတန်ပစ္စည်းမှ မကျန်ရှိတော့ပေ။ သို့သော်လည်း ယင်းက အံ့ဩစရာ မဟုတ်ပေ။ အကယ်၍ ဤနေရာမှာ အဖိုးတန်ပစ္စည်းများရှိသည်ဆိုလျှင် ချင်မိသားစုက ယင်းတို့ကို အစောကြီးကတည်းက သိမ်းဆည်းသွားလောက်၏။

မည်သို့ကြောင့် သူတို့က အပြင်လူများကို ရတနာများ ပေးမည်နည်း။

“ တစ်လပြည့်တော့မယ်… အပြင်ထွက်သွားဖို့ အချိန်ကျပြီ ”

သူက အင်္ကျီလက်နှစ်ဖက်ကို လှုပ်ခါလိုက်သည်။ သူက ရေကန်ပေါ်မှ ကျောက်တုံးကြီးများကို ဖြတ်လျှောက်သွားပြီး အခြားတစ်ဖက်ပေါ်သို့ မြန်ဆန်စွာ ခြေချလိုက်သည်။ သူက အစောနက သူဝင်လာခဲ့သော လမ်းကြောင်းအတိုင်း ပြန်ထွက်သွားသည်။

သူက ဤနေရာသို့ မည်သို့ဝင်လာခဲ့ကြောင်း မှတ်မိနေဆဲပင်။ သူက မှတ်ဉာဏ်ထဲမှ လမ်းကြောင်းအတိုင်း ပြန်သွားမည်ဆိုလျှင် အပြင်သို့ အလွယ်တကူ ထွက်သွားနိုင်လိမ့်မည်။ အဆုံးမဲ့သော လှိုဏ်ခေါင်းဝင်္ကပါထဲမှာ လမ်းပျောက်သွားမည်ကို သူစိုးရိမ်ရန် မလိုပေ။ သူက အရှေ့သို့ မြန်ဆန်စွာ လျှောက်သွားသည်။ လမ်းလျှောက်သွားနေစဉ် လှိုဏ်ခေါင်းမည်မျှကို သူဖြတ်ကျော်သွားခဲ့ကြောင်း မသိတော့ပေ။ သူက တစ်နာရီထက်ပိုကြာမြင့်စွာ လမ်းလျှောက်သွားသည်။

နောက်ဆုံးလှိုဏ်ခေါင်းကို သူဖြတ်ကျော်သွားသည့်အခါ အလွန်ကျယ်ပြောသော မြင်ကွင်းတစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ပုံရိပ်အများအပြားက သူ၏ မျက်လုံးအရှေ့မှာ ထွက်ပေါ်လာကြသည်။

“ ဝှစ်… ဝှစ် ”

သူ့အရှေ့မှ ပုံရိပ်များသည် ဝူဝူဒီနှင့် တခြားကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှ မည်သူမှ လှိုဏ်ခေါင်းထဲသို့ ခြေမချဝံ့ကြပေ။ သူတို့က အထဲဝင်ပြီးလျှင် အပြင်သို့ အသက်ရှင်လျက် ပြန်မထွက်နိုင်မည်ကို စိုးရိမ်နေကြသည်။ ကုချင်းဘုံက မည်မျှရက်စက်ကြမ်းတမ်းကြောင်း သူတို့အားလုံး လက်တွေ့ မြင်ပြီးကြပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် အသက်ကို အလောင်းအစား မပြုလုပ်ဝံ့ကြချေ။ အကယ်၍ သူတို့က ခြေတစ်လှမ်း မှားယွင်းသွားမည်ဆိုလျှင် ဤနေရာမှာ အသက်ဆုံးရှုံးသွားနိုင်သည်။

သို့သော်လည်း သူတို့က အနောက်ဆုတ်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူတို့အားလုံးက လှိုဏ်ခေါင်းကိုးခု၏ အရှေ့မှာ ရပ်နေကြပြီး တိတ်တဆိတ် စဉ်းစားနေကြသည်။ သူတို့က လမ်းကြောင်းအမှန်ကို ရှာတွေ့ရန် မျှော်လင့်နေကြသည်။

သို့ဖြစ်၍ စက်ကရာ၏ ရုတ်တရက် ထွက်ပေါ်လာမှုက လူတိုင်း၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ စူးရှတောက်ပသော အကြည့်များက စက်ကရာအပေါ်သို့ စုပြုံကျရောက်လာသည်။

“ အို ဘုရားရေ… သီမျိုးရိုးနဲ့ အရူးကောင်က အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲကနေ တကယ်ကြီး ပြန်ထွက်လာနိုင်တယ် ”

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ဒီဝင်္ကပါက အခက်ခဲဆုံးအဆင့်ဖြစ်တဲ့ လှိုဏ်ခေါင်းကိုးခုဝင်္ကပါလေ… သူက ဘယ်လိုလုပ် အပြင်ပြန်ထွက်လာနိုင်တာလဲ… အရူးက တကယ်အရူးပဲ… အရူးတွေပဲ ရူးမိုက်တဲ့ အရာတွေကို လုပ်ပြနိုင်တယ် ”

“ ဒီဝင်္ကပါထဲမှာ မြစိမ်းကုချင်းကို ဖုံးကွယ်ထားလောက်တယ်… အခု သူက ဝင်္ကပါထဲကနေ ပြန်ထွက်လာပြီဆိုတော့ မဟုတ်မှလွဲရော မြစိမ်းကုချင်းကို သူရသွားပြီလား ”

ချက်ချင်းဆိုသလိုပင် အံ့ဩသော စကားသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း လူတိုင်းက သူ့ကို စူးစမ်းလိုသော အကြည့်ဖြင့်သာ ကြည့်နေကြသည်။ မည်သူမှ သူ့အနားသို့ မချဉ်းကပ်သွားဝံ့ကြချေ။

ထျန်းရေကန်ပေါ်မှာ မကောင်းဆိုးဝါးဝိညာဉ်များဖြင့် စက်ကရာတိုက်ခိုက်ခဲ့သော မြင်ကွင်းက သူတို့၏ စိတ်ထဲမှာ ရှင်းလင်းထင်ရှားနေဆဲပင်။ သူ၏ ရူးသွပ်သော အကြည့်နှင့် ရိုင်းစိုင်းကြမ်းကြုတ်သော တိုက်ခိုက်မှုများက အမှန်တကယ် ကြောက်စရာကောင်းသည်။ သူက အနောက်ဆုတ်မည့်အစား အသေခံတိုက်ခိုက်သွားမည့် လူစားမျိုးဖြစ်သည်။ ထို့ကြောင့် သူတို့က စက်ကရာကို မြင်သွားသောအခါ အလိုအလျောက် ထိတ်လန့်တုန်လှုပ်သွားကြသည်။

မှန်ပေသည်။ သူတို့က စက်ကရာကို ကြောက်ရွံ့ကြသည်။

အကြောက်တရားသည် မသေမျိုးကျင့်ကြံသူများထံမှာ မဖြစ်ပေါ်သင့်သောအရာ ဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ကြောက်ရွံ့စိတ်က ဤနေရာမှာ ရှိနေကြသော ကျင့်ကြံသူအများစု၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သူတို့က စက်ကရာကို သူတို့ရန်မပြုနိုင်သော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း မြင်နိုင်လိမ့်မည်။ အထူးသဖြင့် သူတို့က စက်ကရာကို ထွင်းဖောက်မမြင်နိုင်သည့်အခါမှာ ဖြစ်သည်။ ဤသည်မှာ မြူခိုးထုက စက်ကရာ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည့်အလားပင်။

ဝူဝူဒီက သီရှီထျန်ကို မြင်သွားသောအခါ ဖော်ရွေစွာ ပြုံးလိုက်သည်။ သူက စိတ်ရင်းမှန်ဖြင့် ပြောသည်။

“ အကိုသီက တကယ်အံ့ဩစရာပဲ… အခက်ခဲဆုံး အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲကနေ ပြန်ထွက်လာနိုင်တယ်… ကျုပ် ဝူဝူဒီက ခင်ဗျားကို မလေးစားဘဲ မနေနိုင်ပါဘူး… တကယ်လို့ အနာဂတ်မှာ အခွင့်အရေးရှိမယ်ဆိုရင် ကျုပ် ခင်ဗျားနဲ့ ပညာဖလှယ်ချင်ပါတယ် ”

ဝူဝူဒီသည်လည်း သီရှီထျန်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အနည်းငယ် အံ့ဩသွားသည်။

သီရှီထျန်က လူတိုင်းထက်အရင် လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့သည်။ သူတို့အုပ်စု လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည့်အခါ သီရှီထျန်ကို မမြင်ရတော့ပေ။ ရှင်းလင်းစွာပင် သီရှီထျန်က အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူက သီရှီထျန်၏ ရဲစွမ်းသတ္တိအပေါ် မချီးကျူးဘဲ မနေနိုင်ပေ။

အခန်း(၂၁၂)

“ သိုင်းပညာကျင့်ကြံသူလား ”

သီရှီထျန်က ဝမ်းနည်းခြင်းအရှိန်အဝါကို ထုတ်လွှတ်နေဆဲပင်။ သူက ယင်းကို အပြည့်အဝ မဖိနှိပ်နိုင်ပေ။ တစ်ခုကံကောင်းသည်မှာ ထိုဝမ်းနည်းခြင်းအရှိန်အဝါက သူ့အပေါ် မည်သည့်သက်ရောက်မှုမှမရှိဘဲ သူ၏ မိစ္ဆာအရှိန်အဝါကို ဖုံးကွယ်ပေးနေသည်။

ထို့ကြောင့် ဝမ်းနည်းခြင်းအရှိန်အဝါ၏ ဖုံးကွယ်ပေးမှုအောက်မှာ သူက မိစ္ဆာအရှိန်အဝါကို အပြည့်အဝ မထုတ်လွှတ်သေးသရွေ့ မည်သူမှ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီကို အလွယ်တကူ အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က ဝမ်းနည်းခြင်းကိုသာ အာရုံခံမိကြလိမ့်မည်။ ထိုသို့အခြေအနေမျိုးမှာ ယင်းကို ဘေးထွက်ကောင်းကျိုးဟု ဆိုရမည်။

သူ့မှာ ဝူဝူဒီအပေါ် အမြင်ကောင်းတချို့ ရှိသည်။ တစ်ဖက်လူက ဉာဏ်များသူမဟုတ်ဘဲ ပွင့်လင်းသူ ဖြစ်သည်။ ထိုသို့လူမျိုးသည် မိတ်ဆွေဖွဲ့ရန် သင့်တော်သည်။ သို့သော်လည်း ယခုအချိန်မှာ သူက စကားအများကြီး မပြောပေ။

“ ကျုပ် ဝူဟန်ကလည်း အကိုသီလို ပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်… တကယ်လို့ ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် ကုချင်းဘုံကနေ ထွက်သွားပြီးတဲ့အခါ ကျုပ်တို့သုံးယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အတူတူ တွေ့ဆုံကြရအောင်… ကျုပ်တို့တွေ စားရင်းသောက်ရင်း ရင်းရင်းနှီးနှီး စကားပြောကြတာပေါ့ ”

ရွှေဝူဟန်သည်လည်း အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ဖော်ရွေစွာ ပြုံးလိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူ၏ အပြုံးထဲမှာ ရိုးသားစစ်မှန်မှုပါဝင်ကြောင်း မည်သူမဆို အာရုံခံနိုင်ပေသည်။ လူအများစုသည် ရွှေဝူဟန်ကဲ့သို့ လူမျိုးကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ချေ။

ဝူဝူဒီနှင့် ရွှေဝူဟန်သည် မြစိမ်းကုချင်းကို သီရှီထျန် ရသွားသလော စိတ်မဝင်စားကြချေ။ သူတို့က မိတ်ဆွေဖွဲ့ရန်သာ ပြောကြသည်။

“ ဟွန့် ”

သို့သော်လည်း တခြားလူများက သူတို့ကဲ့သို့ တွေးကြလိမ့်မည်ဟု မဆိုနိုင်ပေ။ သီရှီထျန်ကို စိုက်ကြည့်လိုက်သည်နှင့် လုကျီလင်း၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။

“ ဝူဝူဒီနဲ့ ရွှေဝူဟန်က မင်းကို မြင့်မြင့်တွေးထားလို့ မမေးရဲကြဘူး… ဒါပေမဲ့ ငါကတော့ မင်းကို မကြောက်ဘူး… ဒီလှိုဏ်ဂူက ကုချင်းဘုံရဲ့ အလယ်ခေါင်မှာ တည်ရှိတယ်… ဒါ့အပြင် မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ ကုချင်းအသံက ဒီနေရာကနေ ထွက်ပေါ်လာတာ ဖြစ်တယ်… တကယ်လို့ ငါ့အထင်မမှားရင် မြစိမ်းကုချင်းက ဒီလှိုဏ်ခေါင်းဝင်္ကပါထဲမှာ ရှိရမယ်… မင်းတစ်ယောက်တည်း လှိုဏ်ခေါင်းဝင်္ကပါထဲ ဝင်သွားပြီး ဘာမှမဖြစ်ဘဲ ပြန်ထွက်နိုင်ခဲ့တယ်… ဒီတော့ မြစိမ်းကုချင်းက မင်းလက်ထဲမှာလား ”

သူ၏ လေသံက ဖော်မပြနိုင်အောင် ထက်ရှသည်။ သူပြောလိုက်သော စကားလုံးတစ်လုံးစီက ချွန်ထက်သော မြားတစ်စင်းသဖွယ် သီရှီထျန်ဆီသို့ ပျံသန်းသွားဟန် ရ၏။ သူ၏ လေသံထဲမှာ မောက်မာထောင်လွှားမှုလည်း ရှိ၏။ ဤသည်မှာ သူက အစေခံတစ်ယောက်ကို စကားပြောနေသည့်အလားပင်။ သူ၏ မေးခွန်းထဲမှာ ယဉ်ကျေးမှု လုံးဝ မပါရှိပေ။ အထက်စီးဆန်မှုသာ ရှိ၏။

ချက်ချင်းဆိုသလိုပင် သီရှီထျန်၏ မျက်လုံးထဲ၌ လွှမ်းမိုးဗိုလ်ကျသော အလင်းရောင် ထွက်ပေါ်လာသည်။

လုကျီလင်းကို သူကြည့်လိုက်စဉ် ဝူဝူဒီနှင့် ရွှေဝူဟန်မှလွဲ၍ တခြားကျင့်ကြံသူများကိုလည်း ဝေ့ဝိုက်ကြည့်လိုက်သည်။ သူတို့ထဲမှ အများစုက လုကျီလင်း၏ မေးခွန်းကို ကြားပြီးနောက် သူ့ကို အာရုံစိုက်လာကြောင်း သီရှီထျန် မြင်သွားသည်။ ထို့ပြင် သူတို့၏ မျက်လုံးထဲမှာ မျှော်လင့်သောအကြည့် ရှိသည်။ သူတို့က ထိုမေးခွန်းကို အလွန်စိတ်ဝင်စားကြောင်း ထင်ရှားပေသည်။

မြစိမ်းကုချင်းသည် အမှန်တကယ် သူ့လက်ထဲမှာ ရှိသည်။ သို့သော်လည်း ယင်းကို တခြားလူများအား ထုတ်ပြောရန် သူမတုံးသေးပေ။ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကို သူမဖွဲ့စည်းခင်ကဆိုလျှင် မြစိမ်းကုချင်းကို ချင်မိသားစုဆီသို့ သူပေးအပ်လိမ့်မည်။ သို့သော်လည်း ယခု သူ့ခန္ဓာကိုယ်ထဲမှ အန္တရာယ်ကို ဖိနှိပ်ထားရန် မြစိမ်းကုချင်း၏ အကူအညီကို သူလိုအပ်နေသည်။ သို့ဖြစ်၍ သီရှီထျန်သည် မြစိမ်းကုချင်းက သူ့လက်ထဲမှာ ရှိနေကြောင်း ချင်မိသားစုကို အသိမပေးနိုင်ပေ။ တခြားလူများကိုလည်း ထို့အတူပင်။

သီရှီထျန်သည် ကိုယ်သေတွင်း ကိုယ်တူးရအောင် မတုံးပေ။ လုကျီလင်းကို စိုက်ကြည့်လိုက်သည့်အခါ အေးစက်စက်အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

" မင်းက ဘယ်သူလဲ… မင်းက ငါ့ကို မေးခွန်းမေးရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ… မြစိမ်းကုချင်းကို ငါရတာ မရတာက မင်းနဲ့ဘာဆိုင်လဲ… တကယ်လို့ အဲ့ဒါကို ငါရခဲ့တယ်ဆိုရင်တောင် ဘာလို့ မင်းကို ပြောပြရမှာလဲ ”

သူစကားပြောလိုက်သည်နှင့် အလွန်သန်စွမ်းသော လွှမ်းမိုးဗိုလ်ကျမှုအရှိန်အဝါက သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ အထိန်းအချုပ်မဲ့စွာ ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါက တောင်ကြီးတစ်တောင်နှယ် လေးလံပြီး လုကျီလင်းပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။ ယင်းက သားရဲဘုရင်တစ်ပါး၏ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါ ဖြစ်သည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အရှင်သခင်အနေဖြင့် သူ၏ အရှိန်အဝါထဲမှာ ကြီးမြတ်မှု အလိုအလျောက် ကိန်းအောင်းနေသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က အလွန်မြင့်မားသော တောင်တစ်လုံးအဖြစ် ပြောင်းလဲသွားဟန် ရ၏။ နိမ့်ကျသော သတ္တဝါများသည် သူ့ကို မော်ကြည့်ရုံသာ တတ်စွမ်းကြသည်။ သူတို့က သူနှင့် ပခုံးချင်းယှဉ်ရန် အရည်အချင်းမပြည့်မီကြချေ။

လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါ၏ သုံးပုံနှစ်ပုံက လုကျီလင်းပေါ်သို့ ဖိကျသွားသည်။ ကျန်တစ်ပုံသည်တော့ တခြားကျင့်ကြံသူများဆီသို့ ပျံ့နှံ့သွားသည်။ ထိုအရှိန်အဝါဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အခါ ကျင့်ကြံသူများက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။

ဝူဝူဒီနှင့် ရွှေဝူဟန်သည်ပင် မျက်လုံးဝင်းလက်သွားကြသည်။ သီရှီထျန်ကို ကြည့်သော သူတို့၏ အမြင်က ထပ်မံ ပြောင်းလဲသွားသည်။ ယင်းက ယခင်ကနှင့် လုံးဝခြားနားသွားသည်။

ဝူဝူဒီ၏ နှလုံးသားထဲမှ သူရဲကောင်းဝိညာဉ်က နိုးကြားလာသည်။ သူက စိတ်ထဲမှာ ရေရွတ်လိုက်သည်။

‘ ကောင်းတယ်… အရမ်းကောင်းတယ်… သီရှီထျန်က ငါ့အတွက် ပြိုင်ဘက်ကောင်းပဲ… သူ့ရဲ့ အရှိန်အဝါလေးနဲ့တောင် ငါ့ရဲ့ တိုက်ပွဲဆန္ဒကို နိုးကြားစေတယ်… ငါသူနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှာရမယ်… မဟုတ်ရင် ငါ့တစ်ဘဝလုံး နောင်တရနေလိမ့်မယ် ’

ရွှေဝူဟန်သည်လည်း တိတ်တဆိတ် တွေးလိုက်သည်။

‘ အဲ့ဒီအရှိန်အဝါက အရှင်သခင်တစ်ပါး ဒါမှမဟုတ် ဘုရင်တစ်ပါးပိုင်ဆိုင်တဲ့ အထွတ်အမြတ် ဩဇာအာဏာပဲ… သူက ဘုရင်တစ်ပါးမဟုတ်ရင်တောင် ရာထူးကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမယ်… အခုလောလောဆယ် အဲ့ဒီအရှိန်အဝါက အားနည်းနေသေးပေမဲ့ အဲ့ဒါက ငါ့အဖေနဲ့ နှိုင်းယှဉ်နိုင်တယ်… သူ့ရဲ့ သရုပ်က သာမန်မဟုတ်ဘူး ’

‘ အဲ့လိုပုဂ္ဂိုလ်တစ်ဦးနဲ့ မိတ်ဆွေဖွဲ့ရတာ ထိုက်တန်ပါတယ်… သူက ငါ့ရဲ့ ရေလနန်းတော်ကို အကူအညီပေးနိုင်တယ် ’

တခြားလူများက ယင်းကို မသိနိုင်သော်လည်း ထိုအရှိန်အဝါက မည်သည်ကို ဆိုလိုကြောင်း ရွှေဝူဟန် ကောင်းကောင်း နားလည်သည်။ ယင်းက သာမန်ပုဂ္ဂိုလ်များ ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ လူအများ၏ အထက်မှာ ရပ်တည်နိုင်သော အရှင်သခင်များသာလျှင် ထိုသို့အရှိန်အဝါကို ပိုင်ဆိုင်နိုင်ကြသည်။ တခြားလူများက ယင်းကို မတုပနိုင်ကြပေ။

သူ့အပေါ်သို့ ကျဆင်းလာနေသော ဖိအားကို ခံစားမိသောအခါ လုကျီလင်း၏ အမူအရာက ပြောင်းလဲသွားသည်။ ကြီးမားလေးလံသော တောင်ကြီးတစ်တောင်က သူ့ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရက် ကျဆင်းလာကြောင်း သူခံစားမိသွားသည်။ ထိုအရှိန်အဝါက အလွန်ကြီးမားလေရာ သူက အသက်ရှူရ ခက်ခဲသွားသည်။

“ ချွင် ”

သို့သော်လည်း သူက သိုင်းပညာကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထိုမျှကြီးမားသော ဖိအားအောက်မှာ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ လျှင်မြန်ကြမ်းကြုတ်သော ဓားဆန္ဒ ပေါ်လျှိုးလာသည်။ ထိုဓားဆန္ဒက တောင်ကို နှစ်ခြမ်းခွဲပစ်နိုင်သည့်အလား အလွန်ထက်ရှသည်။ ဓားဆန္ဒက မြန်ဆန်စွာ ပေါ်လျှိုးလာပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်မှ ဖိအားကို ခုခံတားဆီးလိုက်သည်။ ယင်းက အပြည့်အဝ မခုခံပေးနိုင်သော်လည်း သူ့ကို သီရှီထျန်၏ အရှေ့မှာ ဆက်ရပ်နိုင်စေရန် ပံ့ပိုးပေးသည်။

“ ဟွန့်… ဘာလို့လဲ ဟုတ်လား… ဘာလို့လဲဆိုတော့ ငါ့ရဲ့ ရွှမ်ရှင်းဓားဂိုဏ်းက ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လို့ပဲ… ဘာလို့လဲဆိုတော့ ငါ့ဆရာက ရွှမ်ရှင်းဓားဂိုဏ်းရဲ့ မဟာအကြီးအကဲဖြစ်လို့ပဲ… ဘာလို့လဲဆိုတော့ ငါလုကျီလင်းက ရွှမ်ရှင်းဓားဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လို့ပဲ ”

လုကျီလင်း စကားတစ်ခွန်း ပြောလိုက်သည့်အခါတိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားဆန္ဒက ပိုပြီးထက်ရှလာပြီး အားကောင်းလာသည်။ သူ၏ ကျောရိုးသည်ပင် ဓားတစ်ချောင်းကဲ့သို့ ဖြောင့်မတ်လာသည်။ သူက မောက်မာထောင်လွှားသော မျက်နှာအမူအရာဖြင့် သီရှီထျန်ကို အထင်သေးစွာ ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာ ဘဝင်မြင့်သော အမူအရာရှိသည်။

" မင်းက နောက်ကွယ်က ဂိုဏ်းကို ဘယ်လိုမှီခိုရမလဲဆိုတာပဲ သိတဲ့ ငချွတ်လေးပဲ… ကိုယ့်ထက် ပိုသန်မာတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ခံအင်အားကို မှီခိုဖို့ပဲ သိတယ်… အဲ့လိုကောင်တွေက သူရဲဘောကြောင်တဲ့ ငကြောက်တွေထက် ဘာမှမပိုဘူး ”

သီရှီထျန်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။

" မင်းအနောက်မှာ ဂိုဏ်းရှိတော့ရော ဘာဖြစ်လဲ… မင်းငါ့ကို ရန်လာစရင် ငါသီရှီထျန်ဆိုတဲ့ကောင်က မင်းကို ပုရွက်ဆိတ်လေးလို သတ်ပစ်မယ် ”

သီရှီထျန်က နောက်ဆုံးစကားကို ပြောလိုက်သည့်အခါ အေးစက်စက်လေပြေက လှိုဏ်ဂူထဲမှာ တိုက်ခတ်သွားဟန် ရ၏။ ယင်းက အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်ကို ဖြစ်ပေါ်စေသည်။

ချလွင်… ချလွင်… ချလွင်…

သူ၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည့်အခါ အနက်ရောင်လခြမ်းကွေးဓားနှစ်ဆယ်က သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ချက်ချင်း ဖွဲ့စည်းသွားသည်။ ဓားသွားတစ်ခုစီက ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေမည့် အအေးဓာတ်နှင့် အလွန်စူးရှသော အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်နေသည်။

မဟူရာလခြမ်းကွေးဓားနှစ်ဆယ်က သီရှီထျန်၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ နိမ့်ချည်မြင့်ချည် ရွေ့လျားနေကြသည်။ ယင်းတို့က မိစ္ဆာချီမှ ဖွဲ့စည်းသွားသော မိစ္ဆာမြူနှင်းဓားသွားများ ဖြစ်ကြသည်။ သို့သော်လည်း ယင်းတို့က ယခင်နှင့်မတူဘဲ အနည်းငယ် ထူးခြားနေသည်။ ယင်းတို့က ယခင်ကဲ့သို့ မိစ္ဆာအရှိန်အဝါကို မထုတ်လွှတ်နေပေ။ ယင်းအစား ဝမ်းနည်းခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ အကယ်၍ သေချာမစစ်ဆေးလျှင် ထိုဝမ်းနည်းမှုထဲမှာ မိစ္ဆာချီပုန်းကွယ်နေကြောင်း အာရုံခံမိလိမ့်မည် မဟုတ်ချေ။

သီရှီထျန်သည် ကျင့်ကြံသူအများကြီး၏ အရှေ့မှာ သူ၏ မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်ရန် ညံ့မထိုင်းပေ။ သူက မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာတစ်ကောင်ဖြစ်ကြောင်း မည်သို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ရမည်နည်း။ သို့မဟုတ်လျှင် သူက ဤနေရာမှ အသက်ရှင်လျက် ထွက်သွားရန် ခဲယဉ်းသွားလိမ့်မည်။ ထို့ကြောင့် သူက မိစ္ဆာမြူနှင်းဓားသွားများကို မဖွဲ့စည်းခင် ယင်းတို့ကို ဝမ်းနည်းခြင်းအရှိန်အဝါဖြင့် အရင်ဦးစွာ ဖုံးအုပ်ခဲ့သည်။ ဝမ်းနည်းခြင်းအရှိန်အဝါ၏ ဖုံးကွယ်ပေးမှုကြောင့် သူ၏ မိစ္ဆာအရှိန်အဝါက ထုတ်ဖော်မခံရတော့ချေ။

မိစ္ဆာမြူနှင်းဓားသွားများသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း လုကျီလင်းဆီသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။ ယင်းတို့က နည်းနည်းမှ တုံ့ဆိုင်းမနေပေ။ ဓားသွားနှစ်ဆယ်စလုံးက တစ်ပြိုင်နက် ပျံသန်းသွားကြသည်။ ယင်းတို့က လုကျီလင်း၏ ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ပစ်မှတ်ထားလိုက်ကြသည်။ သီရှီထျန်က လုကျီလင်းကို တစ်ခါတည်းဖြင့် အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်နေဟန် ရသည်။

သူ့အား ဆန့်ကျင်သူများက သေချာပေါက် သေဆုံးရမည်။ သို့မဟုတ်လျှင် အနာဂတ်မှာ အဆုံးမဲ့သော ပြဿနာများက သူ့ဆီသို့ ရောက်လာလိမ့်မည်။

လုကျီလင်းက သူ့အပေါ် မနာလိုစိတ်ရှိပြီး ရန်ငြိုးထားနေကြောင်း မည်သို့ကြောင့် သီရှီထျန် မမြင်နိုင်ဘဲ နေမည်နည်း။ လက်ရှိ လုကျီလင်းက သူ့အတွက် ဘာမှမဟုတ်ပေ။ သို့သော်လည်း အကယ်၍ သူက လုကျီလင်းကို ယနေ့ လွှတ်ပေးလိုက်မည်ဆိုလျှင် ဂိုဏ်းဆီသို့ သူပြန်ရောက်သွားသည့်အခါ ပိုပြီးအစွမ်းထက်သော အကြီးအကဲများ ထွက်လာနိုင်လောက်၏။ ယင်းက သူ့အတွက် အန္တရာယ်များသည်။ မသေမျိုးကျင့်ကြံခြင်းလောက၏ ဂိုဏ်းများက ထိုသို့လုပ်ဆောင်လေ့ရှိကြောင်း သူသိသည်။

အငယ်မနိုင်သည့်အခါ အကြီးများ ထွက်လာခြင်းက ထုံးစံဖြစ်သည်။

အခန်း(၂၁၃)

“ မင်းက ငါ့ကို အရင်တိုက်ခိုက်ရဲတယ်လား ”

အနက်ရောင်အလင်းတောက်ပသော မိစ္ဆာမြူနှင်းဓားသွားများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားကြောင်း လုကျီလင်း မြင်သွားသောအခါ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက အမြန်လက်ဆန့်ထုတ်လိုက်ပြီး သူ၏ ကျောနောက်မှ ရှေးဟောင်းဓားကို ဖမ်းဆုပ်လိုက်သည်။

သူက မောက်မာထောင်လွှားသော်လည်း ရွှမ်ရှင်းဓားဂိုဏ်း၏ လက်ရွေးစင်ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ ခေသူမဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက အတုအယောင်မဟုတ်ပေ။

သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းဓားက ဓားအိမ်ထဲမှ ထွက်လာသည်။

“ ဓားတစ်သောင်းပညာရပ် ”

သူ၏ ခန္ဓာကိုယ်က ထက်ရှသော ဓားဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ဓားရောင်က ဝင်းခနဲ လင်းလက်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေဝိညာဉ်စွမ်းအားက ဓားချီအဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းဓားထဲသို့ တိုးဝင်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ဓားပုံရိပ်တစ်သောင်းက သူ၏ အနောက်မှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ဓားများသည် အသွင်သဏ္ဍာန် တူညီကြသည်။ ရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားပုံရိပ်တစ်သောင်းက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်ကြပြီး ကာကွယ်ပေးလိုက်သည်။

“ ထန်… ထင်… ထန်… ထင်… ”

မိစ္ဆာမြူနှင်းဓားသွားများ၏ တိုက်ခိုက်မှုအောက်မှာ လုကျီလင်း၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော ဓားပုံရိပ်များက တစ်ခုပြီးတစ်ခု ပြိုကွဲသွားကြသည်။ ဓားချီက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားပြီး လှိုဏ်ဂူနံရံနှင့် ဝင်ဆောင့်သွားသည်။

ဤလှိုဏ်ဂူက အမှန်တကယ် ထူးဆန်းသည်။ ဓားချီက အလွန်အားကောင်းသော်လည်း လှိုဏ်ဂူနံရံက နည်းနည်းမှ မပျက်စီးသွားပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားပုံရိပ်တစ်သောင်းက ပြိုကွဲသွားကြသည်။ ထို့အတူ မိစ္ဆာမြူနှင်းဓားသွားများသည်လည်း မြန်ဆန်စွာ လွင့်ပြယ်သွားကြသည်။

နောက်ဆုံးမှာ ဓားသွားတစ်လက်သာ ကျန်ရှိတော့သည်။ ထို့သော်လည်း ယင်း၏ အလင်းရောင်က မှေးမှိန်နေသည်။ ဤသည်မှာ လခြမ်းကွေးဓားက အချိန်မရွေး ပျက်စီးသွားနိုင်ဟန် ရ၏။ ဓားသွားက အရှေ့သို့ ချက်ချင်း ပျံသန်းသွားသည်။ “ ရွှတ် ”ဟူသော မြည်သံနှင့်အတူ နက်ရှိုင်းသော ဓားဒဏ်ရာက လုကျီလင်း၏ ဘယ်လက်ပေါ်မှာ ထွက်ပေါ်လာသည်။ သွေးက ရေပန်းသဖွယ် အပေါ်သို့ မြှောက်တတ်သွားသည်။

“ ဒီနေ့ ရန်ကြွေးကို ငါလုကျီလင်း ဘယ်တော့မှမမေ့ဘူး ”

နက်ရှိုင်းသော မုန်းတီးမှုက လုကျီလင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အထူးသဖြင့် သူ၏ ဘယ်လက်ပေါ်မှ ဓားဒဏ်ရာကို ကြည့်လိုက်သည့်အခါ အမုန်းတရားက ပိုပြီးနက်ရှိုင်းလာသည်။ သူက ရှေးဟောင်းဓားကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။ သူက သီရှီထျန်နှင့် အသေအကြေတိုက်ခိုက်ရန် ပြင်လိုက်သည်။

“ ခဏနေပါဦး… ဒီဟာက ကိစ္စသေးသေးလေးပါ… ခင်ဗျားတို့နှစ်ယောက်စလုံးက လူငယ်ပါရမီရှင်တွေပါ… ဘာဖြစ်လို့ ကိစ္စသေးသေးလေးအတွက် အသေအကြေတိုက်ခိုက်ကြမှာလဲ… အဲ့ဒါက မထိုက်တန်ပါဘူး ”

ထိုအခိုက်အတန့်မှာ ပုံရိပ်တစ်ခုက စက်ကရာနှင့် လုကျီလင်း၏ အလယ်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို သွေးဆောင်ဖျောင်းဖျသည်။ ထိုသူက လက်ထဲမှာ ယပ်တောင်တစ်ချောင်း ကိုင်ထားသည်။

မှန်ပေသည်။ သူက ရွှေဝူဟန်မှလွဲ၍ တခြားလူမဟုတ်ပေ။

“ ဟဲ ဟဲ… ကောင်လေးရွှေ ပြောတာ မှန်တယ်… မင်းတို့နှစ်ယောက်စလုံးက အနာဂတ်မှာ ထွန်းတောက်လာကြမယ့် ကြယ်ပွင့်လေးတွေပါ… ဘာလို့ ဒီနေရာမှာ တစ်ယောက်ကိုတစ်ယောက် သတ်ပစ်ဖို့ ကြိုးစားမှာလဲ ”

ဤအခိုက်အတန့်မှာ ရွှေဝူဟန်တစ်ယောက်တည်း ကြားဝင်စွက်ဖက်လာခြင်း မဟုတ်ပေ။ စက်ကရာသည် ရွှေဝူဟန်၏ အကြံပြုမှုကို လျစ်လျူရှုနိုင်သည်။ သို့သော်လည်း ဒုတိယစကားသံ ထွက်ပေါ်လာသည့်အခါ လှိုဏ်ဂူထဲမှ ကျင့်ကြံသူအားလုံး တစ်ပြိုင်နက် တုန်ယင်သွားကြသည်။ စက်ကရာက မျက်မှောင်ကြုတ်လိုက်ပြီး သူထုတ်လွှတ်ထားသော အရှိန်အဝါကို ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

လှိုဏ်ဂူဝင်ပေါက်တွင် ပုလွေတစ်ချောင်းကိုင်ထားသော အဖိုးအိုတစ်ယောက်က မတ်တတ်ရပ်နေသည်။ သူက လှိုဏ်ဂူထဲမှ ကျင့်ကြံသူအားလုံးကို ပြုံးပြလျက် ကြည့်နေသည်။ ထိုအဖိုးအိုကို ဤနေရာမှ ကျင့်ကြံသူအားလုံး ရင်းနှီးကြသည်။ ထိုအဖိုးအိုသည် ချင်မိသားစု၏ ပုလွေပညာရှင်နှစ်ယောက်အနက် တစ်ယောက်ဖြစ်သော အကြီးအကဲရှောင် ဖြစ်သည်။

“ အားလုံးပဲ… ကုချင်းဘုံရဲ့ အပြင်ပိုင်းနယ်မြေနဲ့ အတွင်းပိုင်းနယ်မြေထဲမှာ မင်းတို့ရှိနေတာ နှစ်ဆယ့်ကိုးရက်ရှိသွားပြီ… မနက်ဖြန်ဆိုရင် နောက်ဆုံးကန့်သတ်ချက်ဖြစ်တဲ့ တစ်လပြည့်ပြီ… မင်းတို့တွေ တစ်ခုခုဖြစ်နေမှာစိုးလို့ မိသားစုခေါင်းဆောင်က ငါ့ကို အထဲစေလွှတ်လိုက်တာ… ငါက မင်းတို့တွေကို ကုချင်းဘုံထဲကနေ ပြန်ခေါ်ထုတ်သွားပေးမယ်… ကောင်လေးသီ မြစိမ်းကုချင်းကို ရခဲ့လား မရခဲ့ဘူးလားဆိုတာတော့ ကုချင်းဘုံရဲ့ အပြင်ကို ရောက်ရင် မင်းတို့သိလိမ့်မယ် ”

အကြီးအကဲရှောင်က ပြုံးလျက် ပြောသည်။ သို့သော်လည်း သူက စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

‘ တော်သေးတယ်… ငါအချိန်မီသွားလို့ပေါ့… ကုချင်းဘုံထဲမှာ တစ်ခုခုဖြစ်နေလောက်တယ်လို့ ခေါင်းဆောင် မှန်းဆနိုင်ခဲ့တာ ကံကောင်းတယ်… သွေးတိမ်ဂိုဏ်းက ဟိုကောင်လေး ငါတို့ရဲ့ ကုချင်းဘုံထဲမှာ သေသွားခဲ့တာ အတော်လေး ဒုက္ခများနေပြီ… တကယ်လို့ အဲ့ဒီနှစ်ယောက် တိုက်ခိုက်ကြပြီး တစ်ယောက်ယောက် သေသွားမယ်ဆိုရင် ပိုပြီးဒုက္ခများလိမ့်မယ် ”

ချင်မိသားစုသည် မည်သည့်ရန်သူကိုမှ မကြောက်သော်လည်း အလဟဿ မတိုက်ခိုက်ချင်ကြပေ။

“ မင်းတို့က ဒီနေရာအထိ ရောက်လာနိုင်ကြတယ်ဆိုတော့ ဒီခရီးစဉ်မှာ အကျိုးအမြတ်အများကြီး ရရှိခဲ့မယ်လို့ ငါယုံကြည်တယ်… ဘာမှမစိုးရိမ်ပါနဲ… ချင်မိသားစုက အစကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ… ကုချင်းဘုံထဲမှာ မင်းတို့ရှာတွေ့ခဲ့တဲ့ အခွင့်အလမ်းတွေက မင်းတို့အပိုင်ပဲ… ချင်မိသားစုက ပြန်သိမ်းယူမှာ မဟုတ်ဘူး ”

“ ကောင်းပြီ… အားလုံးပဲ ငါ့အနောက်ကနေ လိုက်ခဲ့ကြပါ… ပုံရိပ်ယောင်တံခါးကို ဖြတ်ပြီး ဒီကနေ ထွက်သွားကြမယ် ”

အကြီးအကဲရှောင် ထိုသို့ပြောလိုက်သည့်အခါ လှိုဏ်ဂူထဲမှ လူအများစုက ချက်ချင်း ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က တန်ဖိုးကြီးမားသော လက်နက်သန္ဓေသားများကို ရရှိခဲ့သော်လည်း ယင်းတို့ကို ချင်မိသားစုက ပြန်သိမ်းသွားမည်ကို စိုးရိမ်နေကြသည်။

သို့ဖြစ်၍ အကြီးအကဲရှောင်က အာမခံချက် ပေးလိုက်သည့်အခါ သူတို့က ပျော်ရွှင်သွားကြသည်။ ထိုလက်နက်သန္ဓေသားများကို သူတို့ပိုင်ဆိုင်နိုင်မည်ဆိုလျှင် ကုချင်းဘုံထဲမှာ သူတို့တွေ့ကြုံခဲ့သော အန္တရာယ်များက ထိုက်တန်ပေသည်။

“ ဟွန့် ”

လုကျီလင်းက သီရှီထျန်ကို စိုက်ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်လုံးထောင့်ထဲမှာ နက်ရှိုင်းသော အမုန်းတရား ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူက သီရှီထျန်ကို အနာဂတ်မှာ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

စက်ကရာသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက အကြီးအကဲရှောင်ကို လေးနက်စွာ ကြည့်လိုက်သည်။ အကယ်၍ အကြီးအကဲရှောင်သာ ရုတ်တရက် ဝင်မစွက်ဖွက်ခဲ့လျှင် ယနေ့ လုကျီလင်းကို သူသတ်ဖြတ်ရန် ယုံကြည်မှုအပြည့်ရှိသည်။ ယခုအခြေအနေအရ ရန်သူတစ်ယောက်ကို သူမွေးမြူမိသွားဟန် ရ၏။

“ လုကျီလင်း… ”

သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် ပြောလိုက်သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးလာသည်။ နောက်တစ်ကြိမ် သူတွေ့ဆုံသည့်အခါ တစ်ဖက်လူကို ဤလောက၌ အရှင်မထားရန် စိတ်ဆုံးဖြတ်လိုက်သည်။

လုကျီလင်းက သေးငယ်သော ကိစ္စကိုပင် အငြိုးအတေးထားတတ်သူဖြစ်ကြောင်း သီရှီထျန် မြင်နိုင်သည်။ ထို့ပြင် သူက အဆူးရှိနေလျှင် ချက်ချင်း နုတ်ပစ်ရသည်ကို သဘောကျသည်။ အကယ်၍ လုကျီလင်းသာ ရွှမ်ရှင်းဓားဂိုဏ်းဆီသို့ ပြန်ရောက်သွားပြီး အကြီးအကဲတချို့ထံ အကူအညီတောင်းမည်ဆိုလျှင် သူက သားရဲတစ်သောင်းဂိုဏ်းအပြင် နောက်ထပ် ဂိုဏ်းကြီးတစ်ဂိုဏ်းကို ရင်ဆိုင်ရလိမ့်မည်။

ယင်းက လက်ရှိ သူ့အခြေအနေအပေါ် ဖိအားဖြစ်စေရုံသာမက တောင်ပိုင်းမြေရိုင်းဒေသ၏ မိစ္ဆာမျိုးနွယ်စုအပေါ်သို့လည်း အန္တရာယ်ကျရောက်စေနိုင်သည်။

ထိပ်တန်းအဆင့် ဂိုဏ်းတစ်ဂိုဏ်းသည် အလွန်သန်စွမ်းသည်။ ယင်းက လက်ရှိတောင်ပိုင်းမြေရိုင်းဒေသ ရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာမျိုးနွယ်စုက အင်အားကြီးထွားဆဲ အခြေအနေမှာသာ ရှိသည်။ အကယ်၍ ဂိုဏ်းကြီးတစ်ဂိုဏ်းက သူတို့ကို လာရောက်တိုက်ခိုက်မည်ဆိုလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရလိမ့်မည်။

ထို့ပြင် သီရှီထျန်၏ အရှေ့မှာ မဟာရန်သူ ရှိနေသည်။ ယင်းက သားရဲတစ်သောင်းဂိုဏ်း ဖြစ်သည်။ သားရဲတစ်သောင်းဂိုဏ်းသည် ရွှမ်ရှင်းဂိုဏ်းထက် အားမနည်းချေ။

သူတို့က အလွန်မြင့်မားသော တောင်ကြီးများ ဖြစ်ကြသည်။ လက်ရှိ သီရှီထျန်က သူတို့ကို မော်ကြည့်ရုံမျှသာ တတ်စွမ်းပေသည်။

“ စွမ်းအားရှာရမယ်… မြန်နိုင်သမျှမြန်မြန် စွမ်းအားရှာရမယ်… ဒီတစ်ကြိမ် ချင်မိသားစုထဲ ငါဝင်ရောက်ဖို့ နည်းလမ်းတစ်ခု ရှာဖွေရမယ် ”

သီရှီထျန်က မျက်လုံးတောက်ပသွားသည်။ အတွေးများစွာက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကြီးမားသော ဖိအားက သူ့အပေါ်သို့ ကျဆင်းလာနေသော်လည်း သူမကြောက်ပေ။ သူလိုအပ်နေသည်မှာ အချိန်ဖြစ်သည်။

အကယ်၍ သူ့မှာသာ အပြင်လောက၏ အချိန်စီးဆင်းမှုကို အဆပေါင်းများစွာ ပိုမြန်ဆန်စေနိုင်မည့် နတ်ဘုရားလက်နက်တစ်ခုရှိမည်ဆိုလျှင် သူက မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ နှစ်တစ်ထောင်ကြာအောင် တံခါးပိတ်ကျင့်ကြံလိမ့်မည်။ တံခါးပိတ်ကျင့်ကြံခြင်းမှ သူပြန်ထွက်လာသည့်အခါ အရာအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိမ့်မည်။

ကံမကောင်းစွာပင် ယင်းက အိမ်မက်လှလှတစ်ခုသာ ဖြစ်၏။ တကယ့်လက်တွေ့တွင် ထိုသို့ရတနာမျိုး မရှိပေ။ အကယ်၍ ရှိသည်ဆိုလျှင်ပင် ယင်းက သူ၏ လက်ရှိစွမ်းအားဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။

အကြီးအကဲရှောင်၏ ရောက်လာမှုကြောင့် ကုချင်းဘုံထဲမှ သူတို့၏ ခရီးစဉ်က အဆုံးသတ်သွားသည်။ သို့သော်လည်း မည်သူမှ ယင်းကို မငြင်းဆန်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ထဲမှ မည်သူမှ အဆုံးမဲ့လှိုဏ်ခေါင်းဝင်္ကပါထဲသို့ ခြေမချဝံ့ကြချေ။ အထူးသဖြင့် ယင်းက အခက်ခဲဆုံးဖြစ်သော လှိုဏ်ခေါင်းကိုးခုဝင်္ကပါ ဖြစ်သည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

တစ်စုံတစ်ယောက်သည် ဝင်္ကပါထဲသို့ ဝင်ရောက်သွားပြီးလျှင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် မသေချာပေ။

သူတို့က ဤနေရာမှာ ဆက်နေမည်ဆိုလျှင်ပင် မည်သူမှ ဝင်္ကပါထဲသို့ မဝင်ရောက်ဝံ့ကြပေ။ ထို့ကြောင့် ယခု ထွက်သွားခြင်းက အကောင်းဆုံး ရလဒ်ဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူတို့တစ်ယောက်စီက တန်ဖိုးကြီးမားသော လက်နက်သန္ဓေသားများကို ရရှိပြီးကြပြီ ဖြစ်၏။ သို့ဖြစ်လေရာ မည်သို့ကြောင့် မသေချာသောအရာအတွက် ကိုယ့်အသက်ကို စွန့်စားရမည်နည်း။

သူတို့အားလုံးက ရိုသေကျိုးနွံစွာ နာခံကြသည်။

အကြီးအကဲရှောင်နောက်သို့ သူတို့လိုက်သွားသည့်အခါ မကြာမီ ပုံရိပ်ယောင်တံခါးကို မြင်တွေ့သွားကြသည်။ ပုံရိပ်ယောင်တံခါးသည် အသက်သွင်းထားပြီးသား ဖြစ်၏။ တစ်စုံတစ်ယောက်က အထဲဝင်သွားသည်နှင့် ကုချင်းဘုံထဲမှ ထွက်သွားနိုင်လိမ့်မည်။ သူတို့အားလုံးသည် အဝင်မှာကတည်းက ယင်းကို တွေ့ကြုံခဲ့ကြသည်။ သို့ဖြစ်၍ သူတို့ကို လမ်းညွှန်ပေးရန် မလိုပေ။ တစ်ယောက်ပြီးတစ်ယောက်က ပုံရိပ်ယောင်တံခါးထဲသို့ ဝင်ရောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့အုပ်စုက ကုချင်းဘုံထဲမှ ထွက်သွားကြသည်။

ကုချင်းဘုံအပြင်ဘက် ယဇ်ပလ္လင်အရှေ့တွင် ချင်မိသားစုခေါင်းဆောင် ချင်ရွှမ်း၊ ကိုတိုမီနှင့် တခြားချင်မိသားစုဝင်များက ယဇ်ပလ္လင်ကို စိုက်ကြည့်နေကြသည်။ သူတို့က ထူးဆန်းသော တုံ့ပြန်မှု ထွက်ပေါ်လာမည်ကို မြင်ချင်နေကြဟန် ရ၏။

ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်က ပုံရိပ်ယောင်တံခါးထဲမှ ထွက်လျှောက်လာကြသည်။ သို့သော် ယဇ်လ္လင်သည် ယခင်အတိုင်း ဆက်ရှိနေပြီး ဘာမှမပြောင်းလဲသွားပေ။

ချင်ရွှမ်းနှင့် တခြားလူများက စိတ်ပျက်သွားကြသည်။

" ဝီး "

ခန့်ညားတင့်တယ်သော ဝတ်စုံဖြူဝတ် လူငယ်တစ်ယောက်က အပြင်သို့ ထွက်လျှောက်လာသည်။ ရုတ်တရက်ဆိုသလို ယဇ်ပလ္လင်ပေါ်မှာ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းတန်း၏ အနောက်မှာ အဝါရောင်အလင်းတန်းက ထွက်ပေါ်လာသည်။ အဖြူရောင်နှင့် အဝါရောင်သည် ယဇ်ပလ္လင်ပေါ်မှာ အပြန်အလှန် ယှက်ထွေသွားကြသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် အလင်းရောင်နှစ်ခုက ယဇ်ပလ္လင်ထဲသို့ လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ဆုတ်သွားကြသည်။

“ နှစ်ရောင်လား… ကြည့်ရတာ ရေလနန်းတော်ရဲ့ ရွှေဝူဟန်က ဓမ္မရတနာသန္ဓေသားတစ်ခုကို ရရှိခဲ့တဲ့ပုံပဲ… ဒါပေမဲ့ အဲ့ဒါက မြစိမ်းကုချင်းမဟုတ်ဘူး… မြစိမ်းကုချင်းကို အာရုံခံမိရင် ယဇ်ပလ္လင်က အရောင်ခုနစ်ရောင် ထုတ်လွှတ်ပေးလိမ့်မယ် ”

ချင်ရွှမ်းသည် ယဇ်ပလ္လင်ပေါ်မှ အလင်းရောင်ကို ကြည့်နေရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်သည်။ သူက နောက်ထပ် မပြောတော့ပေ။

ထိုယဇ်ပလ္လင်သည် ပုံရိပ်ယောင်တံခါးကို ဖွင့်လှစ်ပေးနိုင်ရုံသာမက ကုချင်းဘုံထဲမှ ပြန်သယ်လာသော လက်နက်သန္ဓေသား၏ အဆင့်အတန်းကိုလည်း အကဲဖြတ်ပေးနိုင်သည်။ အစောနက ထွက်ပေါ်ခဲ့သော အရောင်နှစ်ရောင်သည် ဓမ္မရတနာအဆင့် လက်နက်သန္ဓေသားကို ရည်ညွှန်းသည်။ ထိုသို့လက်နက်သန္ဓေသားသည် အမှန်တကယ် တန်ဖိုးကြီးမားသည်။ တစ်စုံတစ်ယောက်က ယင်းကို သန့်စင်လိုက်မည်ဆိုလျှင် အစွမ်းထက်သော ဓမ္မရတနာတစ်ခုကို ပိုင်ဆိုင်သွားလိမ့်မည်။

သို့သော်လည်း မြစိမ်းကုချင်းနှင့် နှိုင်းယှဉ်လျှင် ယင်း၏ တန်ဖိုးက မပြောပလောက်ပေ။ ယင်းတို့ကြားမှ ကွာခြားမှုက မိုးနှင့်မြေကြီးကဲ့သို့ပင်။

All Chapters